Thursday, December 27, 2012

သံသရာစမ်းရေ (အပိုင်း-၉)


အပေါ်စီးမှ ကြည့်ခြင်း

 အပိုင်း-၈ မှာ Overview ကြည့်ခြင်းရဲ့ အရေးပါပုံကို ပြောချင်တာ။ တရုတ်တွေရဲ့ ယင်နဲ့ယန်သဘောမှာတော့ အမြင့်ကနေပြီး အနိမ့်ကို ကြည့်ရမတဲ့ဗျ။

ဆရာအော်ပီကျယ် ပြောတာကတော့ တောင်တက်သမားတွေ တောင်ပေါ်တက်တယ်ဆိုတာ အဲဒီနေရာကို လိုချင်လို့ မဟုတ်ဘူး။ အဲဒီက မြင်ရတဲ့ မြင်ကွင်းကို ကြည့်ချင်တာ။ မတူတဲ့ မြင်ကွင်းကို မြင်ချင်တာ… လို့ ဆိုပါတယ်။ ဒါဆိုလည်း ရဟတ်ယာဉ်နဲ့ တက်ကြည့်ပေါ့လို့တော့ စကားမကပ်ပါနဲ့။ အောက်ခြေကနေ တက်လာရတဲ့ တစ်ဆင့်ချင်းရဲ့ မြင်ကွင်းကို ခင်ဗျား ရဟတ်ယာဉ်ပေါ်က မြင်နိုင်မှာတဲ့လား။

ပြောပြလိုက်ဦးမယ်။ လုပ်ငန်းခွင်ထဲမှာ အောက်ခြေရာထူးကနေ တစ်ဆင့်ချင်း တက်လာရတဲ့ အရာရှိနဲ့ မိုးပေါ်ကကျသလို စ ကတည်းက အရာရှိဘဝနဲ့ ဝင်လာတဲ့ သူ…. အမြင်ချင်း တူမယ်များ ထင်လို့လား။ ကျွန်တော်ဆိုလိုတာက အောက်ခြေက တက်လာတဲ့ အရာရှိမှ ကောင်းတယ်… ချက်ချင်းဖြစ်လာတဲ့ အရာရှိက မကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ ယေဘူယျအားဖြင့် အဲဒီအရာရှိ နှစ်ယောက်ရဲ့ အမြင်အယူအဆဟာလည်း မတူကြပါဘူး။ အောက်ခြေမြင်ကွင်းကို ကိုယ်တိုင်မြင်ဖူးသူနဲ့ ပြောပြလို့၊ စာအုပ်ထဲပါလို့ ကြားဖူးသင်ဖူးသူ မတူပါဘူး။

Monday, December 17, 2012

သံသရာစမ်းရေ (အပိုင်း-၈)


(သမီးလေးကြီးလာရင် ဖတ်ဖို့ ရည်စူးပြီး ရေးတာမို့ မိဘနဲ့ သားသမီး သံသရာသဘောရယ်၊ စမ်းရေလို အေးတဲ့ မိဘမေတ္တာရယ်ကို ရည်ညွှန်းပြီး သံသရာစမ်းရေလို့ နာမည်ပေးခဲ့ပါတယ်။  သမီးလေးတစ်ယောက် ရလာတော့ ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေသီချင်းလေးကို ခံစားမိတာလည်း ပါတာပေါ့။ အခုဒီ post ထဲက ဒီခေတ်ရဲ့ ကလေးတွေ အကြောင်းဟာ သမီးလေး ဖြတ်ရမဲ့ ဒီခေတ်အကြောင်းပဲ မဟုတ်လား…..)


လမ်းလျှောက်ရင်း လမ်းပျောက်သူများ

ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ဆီကို မြန်မာပြည်က ညီလေးတစ်ယောက် ဖုန်းဆက်ပါတယ်။ အဲဒီညီလေးကြောင့်ပဲ သံသရာစမ်းရေ ကို ဆက်ရေးဖြစ်တာပါ။ ဒီကလေးက ကျွန်တော့်ညီဝမ်းကွဲတစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ပြဿနာက လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်း ဒီပြဿနာပါပဲ။ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ ညီလေးက ၁၀ တန်းကို ဂုဏ်ထူး ၃ ခုနဲ့ အောင်ထားသလို GTC Civil နဲ့ တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့သူငယ်ချင်းကတော့ ဘာသာစုံဂုဏ်ထူးလို့ ဆိုပါတယ်။ ထူးချွန်တဲ့ လူငယ်တွေပါ။ သူတို့ကိစ္စ၊ သူတို့ပြဿနာက အခုလက်ရှိ လူငယ်တွေ အများစု ကြုံနေရတဲ့ ပြဿနာဖြစ်နေတာရယ် ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ အကြောင်းဖြစ်နေတာရယ်ကြောင့် ဒီပြဿနာနဲ့ ပါတ်သက်လို့ မြင်မိတွေးမိတာလေးတွေ စုစည်းပြီး ရေးလိုက်ရင် သူတို့လို ကလေးမျိုးတွေအတွက်လည်း စဉ်းစားစရာအချက်အလက်လေးတွေ ရနိုင်မယ်ထင်လို့ ဘလော့ဂ်ပေါ် တင်လိုက်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က လူတတ်ကြီးလုပ်၊ ဆရာလုပ်တယ်လို့ မထင်စေချင်ပါ။ သူတို့ထက်စာရင် ဘဝမှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးလို့ အဲဒီအမှားတွေကရတဲ့ သင်ခန်းစာလေးတွေကို ဝေမျှပေးတာပါပဲ။ သူ့အကြောင်းမပြောခင် လိုအပ်မယ်ထင်လို့ ကျွန်တော့်ညီရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။

Monday, December 3, 2012

စကော့ချ် ကြက်ဥကြော် (Scott or Scotch Egg)




လေးသောစာများကို အသာချ၍ ပေါ့ပေါ့ပါးပါး ဝါးတီးများအကြောင်း ကဏ္ဍအသစ်တစ်ခု ဖွင့်လိုက်ပါသည်။ ဝါးတီးသည် လူနှင့်တည့်ပါသည်။ ကန်တော်ကြီးဟော်တယ်တွင် ချက်ကြီး သင်တန်းတက်စဉ်က သင်ကြားခဲ့ဖူး၍ ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်သော စကော့ချ်ကြက်ဥကြော်ကို တင်ဆက်လိုက်ပါသည်။

ပါဝင်သောပစ္စည်းများ (Ingredients)

၁။ ကြိတ်ထားသောဝက်သား                ၁ပေါင်ခွဲ
စိန်ခလုတ်ဆိုတာ ဒီလိုဟာ....
၂။ ကြက်ဥပြုတ်                                ၁၂ လုံး
၃။ ခေါက်ထားသော ကြက်ဥ                 ၁ လုံး
၄။ ဆား၊ ငရုတ်ကောင်း (သကြား၊ အချိုမှုန့်)        သင့်ရုံ 
၅။ ဂျုံမှုန့် သို့မဟုတ် ကော်မှုန့်                 ၄ ဇွန်း
၆။ ပေါင်မုန့်အမှုန့်                                 အနည်းငယ် 
(ပေါင်မုန့်ကို စိန်ခလုတ်နှင့် တိုက်ချပါက ပေါင်မုန့်အမှုန့် မွမွလေးများ ရပါသည်။)

Thursday, November 29, 2012

ပေါ့ပေါ့ပါးပါး အူကြောင်ကြား

ဆရာလုပ်တဲ့ post မျိုးတွေ ရေးဖို့ ကျွန်တော်စိတ်မဝင်စားပါ။ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရရှိနေတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေ၊ တွေးမိတောမိတာလေးတွေကို ဝေမျှဖို့သာ ရေးတာပါပဲ။ ငါ့စကားနွားရ ဆိုတဲ့ post ကို ရေးတော့ responsibility ဆိုတဲ့ တာဝန်ယူမှုအကြောင်းကို ရေးခဲ့ပါတယ်။ ကိုယ်စကားကိုယ် တာဝန်မယူတဲ့အကျင့်နဲ့ ပါတ်သက်လို့ မြင်သလို ရေးမိတာပါပဲ။ အခုတစ်ခါ ကျွန်တော်တို့ ရွှေပြည်ကြီးက သတင်းထောက်တွေ သမတကြီးဦးသိန်းစိန်ကို ထိုင်ကန်တော့ကြတဲ့ ကိစ္စ facebook မှာ ဖတ်မိပြန်တော့ ဘယ့်နှာကြီးပါလိမ့်လို့ တွေးမိပါတယ်။ facebook ရဲ့ ထုံးစံအတိုင်း ဝေဖန်ကြ၊ ဆဲကြ၊ ပြန်ဖြေရှင်းကြ၊ မှန်တယ်ထင်တဲ့လူနဲ့ မှားတယ်ထင်တဲ့လူတွေ online မှာ ရန်ဖြစ်ကြတာပေါ့ ခင်ဗျာ။ အဲဒီကိစ္စ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း responsibility နဲ့ တစ်ဆက်တည်းဖြစ်တဲ့ role ဆိုတာလေးကို ဆွေးနွေးမိကြပါတယ်။ အဲဒီကနေ ပြောမိကြတာလေးတွေကို မေ့မသွားချင်တာနဲ့ ဒီ post ကို ရေးဖြစ်တာပါပဲ။


Role ဆိုတဲ့ စကားကို မြန်မာလို အနီးစပ်ဆုံး အတိုချုံးပြီး တာဝန်ယူရတဲ့ အဆင့်… လိ့ု ပြောရင် နီးစပ်မယ် ထင်တယ်။ Responsibility ကျတော့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားတွေပေါ့။ အဲဒီတော့ Role and Responsibilities လို့ပြောရင် အဆင့်အလိုက် တာဝန်ယူမှုတွေပဲ။ မန်နေဂျာက မန်နေဂျာတာဝန်ဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ပြီး အရာရှိတွေ၊ အလုပ်သမားတွေက ကိုယ့်ကျရာတာဝန်ကို ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူ အကောင်အထည်ဖေါ်ကြရတာ လုပ်ငန်းတစ်ခုရဲ့ သာမန်သဘာဝတစ်ခုပါ။ ဒါပေမဲ့ အသင်းထဲက ကစားသမားတွေ အကြောင်းအမျိုးမျိုးနဲ့ အထုတ်ခံရလို့ပဲဖြစ်ဖြစ် ကစားပွဲအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဂိုးသမားကိုယ်တိုင် ရှေ့တန်းတက်ကန်ရတဲ့ ဘောလုံးပွဲလို ကိစ္စမျိုးတွေလည်း တခါတရံ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တခါတရံ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးပါ။ မန်နေဂျာကိုယ်တိုင် အလုပ်သမားအလုပ်ကို ဝင်လုပ်ရတာမျိုးတွေပေါ့။ အမြဲတမ်း အဲဒီလို ဖြစ်နေရင်တော့ ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှု စနစ်တွေကို ပြန်ပြီး သုံးသပ်ရတော့မှာပါ။

Tuesday, November 13, 2012

ငါ့စကားနွားရ

ဘယ်သူ ဘယ်လိုထင်ထင်၊ ဖြစ်ချင်ရာဖြစ်၊ ထင်ချင်ရာထင်၊ ငါပြောတာအမှန် တစ်ထစ်ချဆွဲမှတ်ပြီး ပြောချင်ရာပြောခြင်းကို ငါ့စကားနွားရလို့ ပြောလေ့ရှိကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပြောတဲ့စကားပေါ်မှာ    တာဝန်ယူမှုမရှိတဲ့ သဘောကိုပါ တွေ့နိုင်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ ရေးခဲ့ဖူးတဲ့ လမ်း ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်မှာ တရုတ်နိုင်ငံရဲ့ လက်ရှိဖြေရှင်းရမဲ့ ပြဿနာဟာ သီလနဲ့ သိက္ခာပြဿနာအမျိုးအစားတွေ ဖြစ်မှာပဲလို့ ရေးခဲ့ဖူးပါတယ်။ အခု ပြောင်းလဲမှုတွေ ကြမ်းနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဖြေရှင်းရမဲ့ ပြဿနာတွေထဲက တစ်ခုကတော့ တာဝန်ယူမှု လို့ ပြောရင် ရနိုင်မယ်ထင်ရဲ့။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေကလည်း ငါ့စကားနွားရ ပြောချင်ရာတွေပြောတယ်။ တာဝန်ယူမှု မရှိတဲ့ ပေါက်ကရတွေ အများကြီးကို အစိုးရ၊ အာဏာပိုင်၊ နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကို နာမည်ပေးထားသူတွေက ပြောခဲ့ကြပါတယ်။ ခေါင်ကစလို့ ပြောချင်ရာပြောလိုက်ကြတာ အဆင့်ဆင့်ကူးစက်ပြီး တစ်နိုင်ငံလုံးနီးပါး တာဝန်ယူမှုမပါတဲ့ လေကြီးမိုးကြီး အကျင့်တွေ စွဲကုန်ပါလေရောဗျ။ အဲဒါနဲ့ တစ်ဆက်တည်း သူများကို လွယ်လွယ်ကူကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေပါ စွဲလာကြပါရော။ ရေဘူးပေါက်တာ မလိုချင်သူများ လက်စွမ်းပြ အုပ်ချုပ်လိုက်ကြတာ နောက်ဆုံးတော့ တစ်ချိန်က ယဉ်ကျေးလှပါချည်ရဲ့ ဆိုတဲ့ ရွှေမြန်မာများ မျိုးဆက်နဲ့ ချီပြီး တာဝန်ယူမှုဆိုတာ မကြားဖူး၊ ကတိတည်တဲ့သူ ဆိုတာ မမြင်ဖူးလောက်အောင် ဖြစ်ကုန်ကြပါတော့တယ်။ တာဝန်ယူတဲ့သူ၊ ကတိတည်တဲ့သူကိုတောင် လှောင်စရာ ပြောင်စရာ သနားစရာ သတ္တဝါလို မြင်လာကြတော့တယ်။ ခေတ်ကလည်း လူလိမ်တွေ၊ ပေါင်းစား ညာစား ကပ်စား လျက်စားတွေ ကြီးပွားတဲ့ ခေတ်ဖြစ်သွားတော့တာကိုး။ ဂွင်စကား ပြောမှ လူရာဝင်တာကိုး ခင်ဗျ။
ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့သူတွေ ဘေးရောက်တဲ့ ခေတ်ကြီး ဖြစ်သွားတာ မျက် မြင်ကိုယ်တွေ့ပါ။ နှိပ်စက်ခံရတဲ့ ပြဿနာသာ မရှိရင် မြန်မာပြည်မှာ ထောင်ကျတာ ကြောက်စရာ  မကောင်းပါဘူးဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ လူကောင်းတွေ ထောင်ထဲရောက်ပြီး မဟုတ်တာလုပ်တဲ့ လူဆိုးလူမိုက်တွေက အပြင်မှာ ခန့်ခန့်ကြီး စံစားနေကြလို့ပေါ့ဗျာ။ ဘိန်းလေးနည်းနည်း လက်ဝယ်မိရင် သေဒဏ်ခင်ဗျ။ ဘိန်းကို ကွန်တိန်နာနဲ့ တိုက်ရင် အစိုးရပိုင်းက ပုဂ္ဂိုလ်များကတောင် လေးလေးစားစား ဦး တပ်ခေါ်ရတာခင်ဗျ။ နိုင်ငံပိုင်သတင်းစာမှာတောင် တလေးတစား ဖေါ်ပြရတာပေါ့ခင်ဗျာ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အစွယ်အပွားတွေ သွားတဲ့လာတဲ့အခါ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုတာ သူတို့နဲ့ မဆိုင်ဘူးတဲ့ ဗျ။ ဥပဒေအထက်က ဆရာများပေါ့။ ပြောမဲ့သာ ပြောရတာပါ…… အဲဒီအချိန်မှာ ဥပဒေဆိုသဟာလည်း မရှိပါဘူး။

ဆရာကြီးဦးဝင်းတင် ပြောသလို ပြောရရင် ထောင်ကလွတ်တယ်ဆိုတာ ထောင်လေးထဲကထွက်ပြီး ထောင်ကြီးထဲရောက်လာတာပဲ ရှိတာပါ။ အပြင်မှာလည်း ထောင်လိုပါပဲ။ မြန်မာပြည် တစ်ပြည်လုံး ထောင် ပါပဲတဲ့။

၂၀၀၂ ခုနှစ်မှာ စင်ကာပူကို ကျွန်တော် စ ရောက်ပါတယ်။ သင်္ဘောကျင်း အလုပ်သမားလေးအဖြစ်နဲ့ပေါ့ခင်ဗျာ။ အဲဒီတုန်းက ကိုယ့်နိုင်ငံက သိက္ခာမရှိတဲ့ အချိန်ဆိုတော့ ကျွန်တော်များမှာ ဘယ်သွားသွား မျက်နှာ ငယ်ရပါတယ်။ မျက်နှာငယ်ရတယ်ဆိုတာက ကျွန်တော်တို့ရဲ့ တစ်သက်လုံး ကြိုးစားပမ်းစား သင်ခဲ့ရတဲ့ ပညာအရည်အချင်းတွေ ဘာတစ်ခုမှ အသိအမှတ်ပြု မခံရတာပါ။ အသိအမှတ်သာ အပြုမခံရတာ၊ နိုင်ငံခြားထွက်မယ်ဆိုရင် ကျွန်တော်တို့အစိုးရကို လျော်ရတာ AGTI လက်မှတ်က ၂ သိန်းခွဲပါ။ BE လက်မှတ်က ၂ သောင်းခွဲ…တဲ့ဗျ။ ထူးထွေသည့် အံ့ရာသော်ပဲ။ ကျွန်တော့်ရဲ့ AGTI လက်မှတ်ကြီးရော၊ လက်ထောက်အင်ဂျင်နီယာ လုပ်ခဲ့တဲ့ အတွေ့အကြုံရော ဘာတစ်ခုမှ အသိအမှတ်ပြု မခံရဘဲ အေးဂျင့်နဲ့ ကုမ္ပဏီက စီစဉ်တဲ့အတိုင်း ပညာအရည်အချင်း အလယ်တန်းအဆင့်နဲ့ Work Permit လျှောက်လို့ လစာ $၄၅၀ စား အလုပ်သမားလေး အဖြစ်နဲ့ စ ခဲ့ရပါတယ်။ WP အတွက် စင်ကာပူ အလုပ်သမားဝန်ကြီးဋ္ဌာနကို သွားတော့ ဝင်ဝင်ချင်းပဲ အပေါက်ဝက စောင့်နေတဲ့ ဝန်ထမ်းက မင်္ဂလာပါလို့ နှုတ်ဆက်သဗျ။ ကျွန်တော်တို့ အဖွဲ့က အကုန် မြန်မာတွေချည်းပဲကိုး။ ကျွန်တော်တို့ အားလုံးအံ့သြသွားသလို အားလုံးရဲ့ မျက်နှာတွေမှာ အပြုံးကိုယ်စီ လက်သွားကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရင် ကျွန်တော်တို့ဆိုတာ သူတို့အနေနဲ့ ကြည့်ရင် သူတို့နိုင်ငံကို အလုပ်လာလုပ်တဲ့ အလုပ်ကြမ်းသမားလေးတွေ။ မြန်မာမျက်စိနဲ့ ကြည့်ရင် ဘာမှ လေးစား  လောက်စရာ ရှိတာမဟုတ်။

ဒါပေမဲ့ သူတို့တာဝန်ကို သူတို့ အကောင်းဆုံး      လုပ်ကြတာပါ။ လက်ဗွေနှိပ်တော့လည်း တယုတယပါပဲ။ ဘာမှ အကြမ်းပတမ်း ပြောတာ ဆက်ဆံတာ မရှိပါ။ လက်ဗွေနှိပ်ပြီး လှည့်ထွက်မယ်လုပ်တော့ အဲဒီအမျိုးသမီးကြီးက ပြုံးပြီး ကျေးဇူးတင်ပါတယ် လို ့ မြန်မာလို လှမ်းပြောတော့ လှည့်ပြီး နှုတ်ဆက်ခဲ့ပါ  သေးတယ်။ သူတို့ မျက်လုံးထဲမှာ ကျွန်တော်တို့ကို အထင်သေးတဲ့ အရိပ်အယောင် မတွေ့ခဲ့ရပါ။ အံ့သြစရာ ကောင်းလိုက်လေ။
ကျွန်တော်တို့ ဘာကြောင့်အဲဒီလောက် အံ့သြရသလဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အခုထိ  ကြုံခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံ အစိုးရရုံးဆိုတာ ဒါမျိုးမှ မဟုတ်ဘဲဗျာ။ ရုံးသွားရင် အဟောက်ခံရ၊ ကားစီးရင် စပါယ်ရာက ဟောက်လိုက်၊ ဆေးရုံသွားရင် လုံခြုံရေးက ဟောက်လိုက်၊ ဧည့်စာရင်းတိုင်ရင် ရဝတရုံးက ဆိုက်ကားသမား တဖြစ်လဲ စာရေးဆိုတဲ့ အကောင်က ဟောက်လိုက်၊ ကိုယ့်အိမ်ထဲ ကိုယ်နေရင်လည်း မရပါဘူး။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ညဉ့်နက်သန်းခေါင် အိပ်ယာက နှိုးပြီး ဟောက်သွားသေးတာ။ ဘာမှလည်း ပြန်မပြောရဲပါဘူး။ လူ့တန်ဖိုးဆိုတာ ရှိကိုမရှိခဲ့တာ။ ကျွန်တော်တို့ လေးစားရတဲ့ ကျွန်တော့်ဆရာ   တစ်ယောက်ကို ကားပေါ်မှာ စပါယ်ရာက မိုက်ရိုင်းစော်ကားပြောဆိုနေတာ မြင်တော့ ရင်ထဲမှာ မကောင်းဘူး။ ဟောက်ဟိန်းနေတဲ့ သူနဲ့ အဟောက်အဟိန်း ခံနေရတဲ့သူ နှစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို ရင်ထဲမှာ တွက်ချက်ကြည့်ခဲ့ဖူးတယ်။ ဒီစပါယ်ရာနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနေတဲ့ ဆရာ။ ကြီးကြီးကျယ်ကျယ် ပြောရရင် စပါယ်ရာဆိုတာ ဝန်ဆောင်မှု ပေးရမဲ့သူ.... ခရီးသည်ဆိုတာ ဝန်ဆောင်မှုကို စားသုံးသူ။ ဖြစ်နေတာက ပြောင်းပြန်။ စားသုံးသူက ပြန်ကြောက်နေရတဲ့ အဖြစ်။ ဒီအကောင်က ဒီလိုဘာဖြစ်လို့ ပြောခွင့်ရှိနေရတာတုန်း။ ခွေးရူးနဲ့ ခွေးကောင်း ဆိုပြီး ခွေးဥပမာပေးကြတာတော့ ကြားဖူးပါရဲ့။ ဒီခွေးရူးကို ရိုက်မသတ်သင့်ဘူးလား။ စဉ်းစားရင်းနဲ့ ဘယ်တွေ ရောက်ကုန်မှန်းကို မသိတော့ပါဘူးဗျာ။ မျက်စိထဲမှာတော့ ကြည့်နေရင်းနဲ့ ဒီစပါယ်ရာပုံက နှုတ်သီးပဲ ချွန်လာသလိုလို၊ အမြီးပဲကုတ်နေသလိုလို ထင်တာပါပဲ။ ကိုယ်ကိုယ်တိုင်လည်း အမြီးထွက်လာသလားပဲ။ သေချာတာတော့ တစ်ခုခု မှားနေတာပါပဲ။

အလုပ်လျှောက်လွှာလေးတစ်စောင် ရိုက်စရာရှိလို့ ဘားလမ်းထဲက ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ        သွားရိုက်ခိုင်းခဲ့ဖူးတယ်။ ရေးထားတဲ့ စာတန်းက ရိုက်ချင်စရာ။ စာလုံးပေါင်းမှားလျှင် ပိုင်ရှင်၏ တာဝန်သာ ဖြစ်သည်… တဲ့။ အဲဒါတောင် မှားပေါင်းထားသေးတာ။ အဲဒီတုန်းက အခုလိုသာ ဖုန်းကင်မရာတွေ ပေါပေါများများ ရှိနေရင် အဲဒီ မတော်တလျော်တွေ facebook ပေါ် တင်မိမှာ သေချာတယ်။ တကယ်တော့ ကွန်ပျူတာစာစီလုပ်တဲ့သူဆိုတာ ဒီအလုပ်မှာ သူက professional ပဲ။ အလုပ်အပ်သူက မှားရင်တောင် သူက ထောက်ပြဖို့ တာဝန်ရှိပါတယ်။ အဘိဓါန်ဆိုတာ ကိုင်ရကောင်းမှန်းတောင် သိရဲ့လား မသေချာပါဘူး။ မျက်နှာကျောတွေက တင်းတင်းနဲ့ မှားလို့ ပြန်ရိုက်ခိုင်းရင်တောင် ဒင်းတို့က မကြည်မလင် ဆူဆူဆောင့်ဆောင့် လုပ်ချင်သေးတာဗျ။ မှားတာကလည်း တစ်ခါပြင် တစ်ခါမှားပဲ။ စာရွက်တစ်ရွက်မှာ စာလုံးပေါင်းအမှားတွေက အများကြီးဗျ။ တကယ်တော့ ဒါဟာ မြန်မာပြည်က တာဝန်ယူမှု အားနည်းတဲ့ ဝန်ဆောင်မှု     လုပ်ငန်းတွေအတွက် ဥပမာအသေးလေး တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို ဝန်ဆောင်မှုမျိုးတွေနဲ့ သွားလို့ကတော့ ဝက်ဝက်တွေ ကွဲကြဦးမှာ အသေအချာပေါ့ခင်ဗျာ။

  ၂၀၀၇ ခုနှစ်မှာ အိမ်ထောင်ပြုဖို့ မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ၆ နှစ်လောက် စင်ကာပူမှာ လုပ်လာခဲ့တဲ့ ကျွန်တော် အမိမြေကို ပြန်ရောက်တော့ စိတ်ထဲက မှတ်ချက်ချမိတာ ထူးအိမ်သင်သီချင်းလေး နဲ့ပေါ့….. အရင်အတိုင်း ပဲလို့။    ဟုတ်တယ်….. နေရာတစ်ခု၊ လူတစ်ယောက်ဟာ နှစ်တွေအကြာကြီး ခွဲသွားပြီးလို့ ပြန်မြင်ရတဲ့အခါ တစ်ခုခုတော့   ထူးခြားသင့်တယ် မဟုတ်လားဗျာ။ ဝေးသွားခဲ့တာ ကြာပြီ    ဖြစ်တဲ့ မြန်မာပြည်ဟာ လွန်ခဲ့သော ၆ နှစ်နဲ့ ဘာမှ ထူးခြားမလာခဲ့ပါ။ အရင်က ခပ်သေးသေး ရှိခဲ့တဲ့ မြောက်ဥက္ကလာက ချိုင့်ခွက်တွေ ပိုကြီးလာတာတော့ သတိထားမိတယ်။ ဒါပေမဲ့ပေါ့ဗျာ…. စင်ကာပူက လူတစ်ယောက် ဥပမာပေးသလိုပါပဲ…. မြန်မာပြည်က မယားကြီးနဲ့ တူသတဲ့။ စင်ကာပူကတော့ မယားငယ်နဲ့ တူသတဲ့။ မယားငယ်ရဲ့ ရင်ခွင်ထဲမှာ ဘယ်လိုပဲ ပျော်နေပေမဲ့ အချိန်တန်တော့ မယားကြီးဆီ ပြန်ချင်တာပဲ..တဲ့။ သူ့ဟာသူ အသက်ပဲကြီးကြီး၊ ဘာပဲဖြစ်နေနေ မယားကြီးကိုတော့ မပစ်နိုင်ဘူးဆိုပဲ။ ဟုတ်မဟုတ်တော့ မိန်းမ တစ်ယောက်မက ရှိတဲ့သူတွေသာ မေးကြည့်ကြပေတော့ဗျို့။ အနော်တော့ တိဘူးဂျ။

လက်မှတ်ထိုးဖို့ တရားရုံးကို ရောက်တော့ စာရေးမလေးက ဘွဲ့ရလေးပါပဲ။ ဒါပေမဲ့ဗျာ…. အလုပ်လုပ်ပုံက ထုံထုံမှိုင်းမှိုင်း လေးလေးကန်ကန် လုပ်ချင်သလိုလို မလုပ်ချင်သလိုလို…. မြင်ရတာ အားမရပါဘူးဗျာ။    တရားသူကြီးက ကျွန်တော့်အမေရဲ့ သူငယ်ချင်းပါ။ ကျွန်တော့် အဒေါ်လို ဖြစ်နေတဲ့ အန်တီပါပဲ။ သူ့စာရေးမက ဗျာ… လက်ထပ်စာချုပ်ပေါ်မှာ လက်နှိပ်စက်ရိုက်လာလိုက်တာ များလိုက်တဲ့ အမှားအယွင်းတွေဗျာ။ တကယ်တော့ အများကြီး ရိုက်ရတာလည်း မဟုတ်ပါဘူး။ လက်ထပ်စာချုပ်မှာ အားလုံးက အဆင်သင့် ရေးထားပြီးသားပါ။ သတို့သားနာမည်၊ သတို့သမီးနာမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်… ဘာညာလောက်ပဲ ထပ်ရေးရတာပါ။ အဲဒါလေးကိုပဲ မှားမှားပြီး ရေးနေတာ ၃ ခါလောက် မှားပြီးမှ မှန်ပါတယ်။ သူ  ပေါက်ကရတွေ မှားရိုက်ထားတဲ့ စာချုပ်တွေတော့ ဖြဲပစ်လိုက်ရတာပေါ့ဗျာ။ ပြောတော့လည်း ပြောပြောပဲဗျ။    အေးဆေးပဲ။ စင်ကာပူမှာ သွားသွက်သွက်၊ စားသွက်သွက်၊ လုပ်သွက်သွက် လုပ်လာခဲ့တဲ့ ကျွန်တော်၊ သူတို့ကို အပြစ်တင်ရမှာလား…. အားကျရမှာလား… မဝေခွဲတတ်တော့ပါ။ စိတ်မရှည်ဘဲ အူထဲ အသည်းထဲက     ကျလိကျလိ ဖြစ်လာတာတော့ အမှန်ပါ။

မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး Top Ten ဝန်ကြီး ၁၀ ယောက်ထဲမှာ အပါအဝင်ဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးက ပြောတယ်။ မြစ်ဆုံဆည်နဲ့ ပါတ်သက်လို့ပေါ့။ မြန်မာပြည်မှာ လျှပ်စစ်အကြောင်း သူ့ထက်သိတဲ့သူ မရှိတော့ဘူး…တဲ့။ ဒီလောက် ပိုလျှံနေတဲ့ လျှပ်စစ်တွေ ရောင်းစားရမှာပေါ့…တဲ့။ ပြောစမ်းဟဲ့… ပေါက်ကရ။ ဝန်ကြီးတဲ့ဗျာ။ အဲဒီလို တာဝန်ယူမှုမရှိတဲ့ ပေါက်လွတ်ပဲစားတွေ လျှောက်ပြောပြီး ရှက်ရကောင်းမှန်းလည်း မသိ။ ကိုယ့်စကားကို တာဝန်ယူတဲ့ ခေါင်းဆောင်သာဆို ရှက်လွန်းလို့ ထွက်ရုံရှိတာပဲ။ အခုတော့ တာဝန်ယူမှုဆိုတာ ဘာမှန်းမသိတဲ့ အရူးက ဝန်ကြီးဖြစ်နေတော့ ရှက်ရကောင်းမှန်းလည်း သိပုံမရပါဘူး။     ထင်ရှားကျော်ကြားတဲ့ ငါ့စကားနွားရ ဝန်ကြီး ပါပဲ။ နောင်အခါ ဖယောင်းတိုင်အကြံပေးလို့ နာမည်ကြီးလာမဲ့  အလောင်းအလျာပုဂ္ဂိုလ်ကလည်း တစ်စခန်း ထ ပါသေးတယ်။ ပြည်သူတွေကို ရူးပါတယ်လို့ ပြောတဲ့ မစ္ဆရိယအမတ်ကြီးက တစ်မျိုး၊ အားလုံးသိပြီးသားတွေမို့ ထပ်မပြောတော့ပါဘူး။ ဆိုလိုချင်တာက တာဝန်ယူမှုဆိုတာနဲ့ ကင်းကွာခဲ့တာ ကြာပြီဖြစ်လေတော့ အခု (ဘာပဲပြောပြော) အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ၊ ရာထူးတွေရဲ့နောက်မှာ တာဝန်ယူမှုတွေ ပါလာတဲ့အခါ….. တာဝန်မဲ့တဲ့ စကားတွေ ပြောနေကျအတိုင်း ပြောမိတဲ့အခါ အရှက်တွေ ကွဲကြရတာ အတော်လေး စိပ်လာတာကို တွေ့နေရပါတယ်။

အရင်တုန်းက တစ်ဖက်သတ် ပြောချင်ရာပြော၊ တစ်ဖက်ကို ဘာမှ ပြောခွင့်ပေးထားတာ မဟုတ်တော့ ပြောတိုင်း တင့်တယ်ခဲ့သမျှ အခုလည်းကျရော facebook ပေါ် ရောက်လိုရောက်၊ မီဒီယာမှာ ပါလိုပါနဲ့ ရယ်စရာလိုလို၊ စိတ်ပျက်စရာ လိုလိုပါပဲ။ နောက်တော့လည်း စနစ်တွေ အသားကျသွားတဲ့အခါ အဆင်ပြေသွားမှာ ပေါ့လေ။ အခု လောလောဆယ်မှာတော့ ဒီပြဿနာက နိုင်ငံတိုးတက်ရေးမှာ အကြီးအကျယ် အနှောက်အယှက် ဖြစ်နေမှာပါ။

ကျွန်တော်တို့ မြန်မာတွေမှာ မြင်နေကျ စိတ်ဓါတ်တစ်ခုက ရာထူးကိုသာ မြင်တယ်။ ရာထူးရဲ့ နောက်က တာဝန်ယူမှု ဆိုတာကို မမြင်တာပါ။ ရာထူးကြီးကြီး ရချင်တယ်။ အဲဒီ ရာထူးကို မှီပြီးတော့ ရမဲ့ အကျိုးခံစားခွင့်ကို မြင်တယ်။ ယူရမဲ့ တာဝန်ကို မမြင်ဘူး။ ဘယ်အခွင့်အရေးမဆို တာဝန်ယူမှု ဒါမှမဟုတ် ပြဿနာ နဲ့ တွဲပြီး လာတာပါပဲ။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်သူတွေ ဆိုလည်း ဒီပြဿနာကို ကြုံရပါတယ်။ နိုင်ငံခြားမှာ ရှာတဲ့လူက ဘယ်လိုရှာရတယ် မသိဘူး…. မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမက ကြွားဖို့ ဝါဖို့ ပိုက်ဆံပဲ တွင်တွင်တောင်းနေတယ် ဆိုတာမျိုးတွေဟာ ဒီသဘောမကင်းပါဘူး။ ဘေးပါတ်ဝန်းကျင်ကလည်း နိုင်ငံခြားသွားနေတယ်ဆို အဆင်ပြေတယ်ချည်း မှတ်တော့တာပါပဲ။ အလွယ်တကူ ရနေတယ်များ ထင်သလား မသိပါ။ မနာလိုတွေဖြစ်ကြ၊ စောင်းကြ၊ မြောင်းကြ၊ ပြိုင်ကြ၊ ဆိုင်ကြတာတွေကလည်း ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လူမျိုးက အဆိုးဆုံးလို့ ထင်တာပါပဲ။ မိသားစုဝင် အချင်းချင်းလည်း အဲဒီလိုပါပဲ။ ချမ်းသာတဲ့သူဆို မဟုတ်တာလုပ်လို့ ချမ်းသာတယ်ချည်း ထင်တာကလည်း ပါ ပါသေးတယ်။ သူဘယ်လို ကြိုးစားခဲ့ရတယ်၊ သူဘယ်လို လုပ်ခဲ့ရတယ် ဆိုတာကို မြင်တတ်တဲ့သူက တကယ့်ကို နည်းနည်းကလေးပါ။

တစ်ခုခု ဖြစ်ရင် ကိုယ်ကိုယ်တိုင်လည်း ဘာမှမလုပ်တတ်ပေမဲ့ လက်တွေ့လုပ်နေရတဲ့ သူတွေအပေါ်     နားလည်မပေးနိုင်ဘဲ ထစ်ကနဲရှိ သူတစ်ပါးကို လွယ်လင့်တကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေကလည်း တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူ့နေရာမှာ ငါဆိုရင်ရော… ဆိုတဲ့ အတွေးလေး တစ်ချက်လောက်  ဝင်ရင်တောင် အဲဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်မယ်မထင်ပါ။ အခုတော့ facebook မှာ ကြည့်လိုက်ပါ။ comment တွေမှာ သူတစ်ပါးကို နစ်နစ်နာနာ ပြစ်ပြစ်နှစ်နှစ် ပြောဆိုနေတဲ့ မိမဆုံးမ ဖမဆုံးမတွေကို အများကြီး တွေ့ရပါလိမ့်မယ်။ ဆဲဆိုနေလိုက်ကြတာလည်း မိုးကိုမွှန်နေတာပါပဲ။ facebook ဟာ အများသူငါ  ကြည့်နေတဲ့ နေရာဆိုတာကို သတိထားရပါမယ်။ မောင်နဲ့ နှမ၊ သားနဲ့ အမိ မကြားဝံ့မနာသာတွေကို အားရပါးရ ပြောဆိုရေးသားနေသူတွေ ဆိုတာ စောစောက ကျွန်တော်ပြောခဲ့တဲ့ တာဝန်ယူမှု ဆိုတာနဲ့ ကင်းဝေးနေတဲ့ မျိုးဆက်တွေပါပဲ။ စာလုံးပေါင်းတွေ မှားချက်ကတော့ မြန်မာစာကို ချစ်တဲ့ မြန်မာတစ်ယောက်အနေနဲ့ ပြောရရင် မြင်ရတာ ရင်ထဲတကယ် မကောင်းပါ။ စုတ်ပြတ်နေတဲ့ စာလုံးပေါင်းတွေကို ကြည့်ပြီး    ငါတို့ဘာသာစကားတော့ သွားပါပြီလို့ကို တွေးမိပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားရင်တော့ မြန်မာစာကို အထင်သေးတဲ့ မြန်မာတွေလက်ချက်ရယ်၊ ဖြစ်ချင်ရာဖြစ် ကြုံသလို ဖြစ်သလို ရေးချင်သလို ရေးနေတဲ့ မြန်မာပျက်တွေရယ်ကြောင့် မြန်မာစာဟာ အနှေးနဲ့ အမြန်ပျက်စီးဖို့ သေချာသလောက် ရှိနေပါပြီ။

 


သူများကို အပြစ်ပြောရတာ၊ ဝေဖန်ရတာက လွယ်ပါတယ်။ ကိုယ်တိုင် ရင်ဆိုင်ကြည့်ရင် မလွယ်တာကို သိပါလိမ့်မယ်။ ကျွန်တော်တို့ ပြောတဲ့ စကားဆယ်ခွန်းနဲ့ ခေါင်းဆောင်တစ်ယောက် ပြောတဲ့ စကားတစ်ခွန်း တာသွားပုံချင်း မတူနိုင်ပါဘူး။ အဲဒါကို လူတတ်ကြီးလုပ်ပြီး ပြောဆိုရေးသားနေသူတွေကိုလည်း အင်တာနက်မှာ အများကြီး တွေ့ရပါတယ်။ တစ်တိုင်းပြည်လုံးက လူတွေအားလုံးကို ငတုံးတွေ၊ သနားစရာတွေ၊ သူတို့မှ မပြောရင် မပြရင် ဘာမှ မမြင်နိုင်တော့တဲ့ အကန်းတွေလိုမျိုး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားနာမည်ခံ ပြည်ပရောက် အချို့လည်း သတိထားသင့်နေပါပြီလို့ ပြောချင်လှတယ်။ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်ရေးခွင့်၊ ပြောခွင့် ရှိရမှာပါ။ ဒါတွေကြောင့်လည်း ဒီမိုကရေစီဆိုတာကို တောင်းကြတာပါပဲ။ ဒါပေမဲ့ မင်းကို ငါက ငပေါလို့ ယုံကြည်လို့ ရေးတယ်ကွာ…. ဆိုရင်တော့ ဒါဟာ ယုံကြည်မှု မဟုတ်တော့ဘဲ သူတစ်ပါးကို တိုက်ခိုက်တာပါပဲ။ ယုံကြည်မှု နာမည်တပ်ပြီး ပေါက်လွတ်ပဲစား လျှောက်ပြောနေ၊ ရေးနေလို့တော့ မဖြစ်ပါ။ အပြောခံရသူဖက်က ပြန်လည်ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိတဲ့အပေါ်မှာ အခွင့်အရေးယူပြီး မီဒီယာအားကိုး အနိုင်ကျင့်တာမျိုးတွေလည်း ရှောင်ရှားသင့်ကြပါပြီ။

ဒီဘလော့ဂ်မှာ ရွှေရောင်ခြင်္သေ့များဆိုတဲ့  post တစ်ခုကိုလည်း တင်ခဲ့ဖူးပါတယ်။ ခြင်္သေ့မြို့တော်လို့ ခေါ်တဲ့ စင်ကာပူမှာ ရွှေမြန်မာများ တိုးပွားလာတဲ့ အကြောင်းကို ရေးခဲ့တာပါ။ နောက်ဆုံး မြန်မာပြည်ကြီး တကယ်ပြောင်းလဲသွားခဲ့ရင် ခြင်္သေ့ကြီး ရွှေရောင်ပျယ်မှာပဲလို့ ရေးခဲ့ပါတယ်။ အခုတော့ ခြင်္သေ့ကြီး တကယ်ရွှေရောင် ပျယ်လာမဲ့ သဘောကို တွေ့နေရပါပြီ။ ကျွန်တော့် အသိအကျွမ်းတွေထဲမှာတင် PR  အပ်ပြီး မြန်မာပြည် အပြီးပြန်မဲ့သူတွေ တစ်နေ့တစ်ခြား ကြားလာရပါပြီ။ အယူအဆတွေ ယုံကြည်မှုတွေ အမျိုးမျိုးကွဲပြားနေတဲ့ ကြားကပဲ မြန်မာပြည် အပြီးပြန်တဲ့သူတွေ၊ ပြန်မဲ့သူတွေကို တွေ့နေရပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြင်စရာရှိတဲ့ စိတ်အခြေခံတွေကို အရင် ပြင်ဖို့ လိုလာပါပြီ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား အကျင့်တွေနဲ့ နိုင်ငံတကာ စီးပွားရေးထဲကို ဝင်တိုးရင်တော့ အရှက်တွေ ဗြန်းဗြန်းကွဲကြရဦးမှာပါ။


ကျွန်တော်မြင်သလို ပြောရရင် ကျွန်တော်တို့တွေ အာဏာရှင်စနစ်ကို ရွံ့မုန်းကြပေမဲ့ ကိုယ့်လက်ထဲ အာဏာလေး၊ လုပ်ပိုင်ခွင့်လေး ၂ ကျပ်ဖိုးလောက် ရောက်လာရင်ကို ၂၀၀ ဖိုးလောက်       အာဏာပြချင်စိတ်တွေ ရှိနေကြတုန်းပဲလို့ ထင်တာပါပဲ။     အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အာဏာရှင်စိတ်ဓါတ်တွေ  ကိန်းနေတုန်းပဲလို့ ခံစားရပါတယ်။ အာဏာရှင်တွေဟာ တွေ့ဆုံဆွေးနွေးရေးတို့၊ ညှိနှိုင်းအဖြေရှာရေးတို့၊ သူတစ်ပါးအမြင် ရှုထောင့်ကနေ ဝင်စဉ်းစားတာတို့ဆိုတဲ့ ယဉ်ကျေးမှုမျိုး မရှိပါဘူး။ ညှိနှိုင်းတယ်ဆိုကတည်းက အပေးအယူ အလျှော့အတင်း ရှိတာ သဘာဝပါ။ ကိုယ့်ဘက်က တစ်ခုလောက် လျှော့ပေးလိုက်ရတာနဲ့ ဒါဟာ အရှုံးပေးတာပဲ၊ ရန်သူကို ဒူးထောက်တာပဲ ဆိုပြီး ဆတ်ဆတ်ခါနေသူတွေက အများစု ဖြစ်နေပါတယ်။  ကျွန်တော်တို့ လူမျိုးအများစု ဆွေးနွေးညှိနှိုင်းတတ်တဲ့အကျင့် ဆင်းရဲနေတာကို   ကြည့်ရင် သိသာပါတယ်။ မြန်မာတွေရဲ့ ပြဿနာဖြေရှင်းနည်းဟာ အမြစ်ပြတ်ချေမှုန်းရေးသာ များပါ     တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတာ အာဏာရှင်ရဲ့ သဘောပါပဲ။ အစိုးရကစလို့ အောက်ခြေလူတန်းစားအထိ စိမ့်ဝင်ထိုးဖေါက် အမြစ်တွယ်နေတာ အာဏာရှင်စိတ်ဓါတ်ပါ။ ခေတ်ကြီး တကယ်ပြောင်းဖို့ဆိုရင် ကိုယ့်ကိုယ်ကို တာဝန်ယူတတ်ဖို့၊ ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်ဖို့ လိုသလို သူတစ်ပါးရဲ့   အခွင့်အရေးကို လေးစားတတ်ဖို့၊ ကိုယ့်အမြင် ကိုယ့်အယူအဆကို ဖေါ်ထုတ်တတ်သလို သူတစ်ပါးရဲ့ အမြင်အယူအဆကိုလည်း နားထောင်တတ်ဖို့၊ နားလည်မှုရှိဖို့၊ မတူတာလေးတွေကို ညှိနှိုင်း အဖြေရှာတတ်ဖို့ လိုမယ်ထင်တာပါပဲလို့ တွေးမိတာလေး ရေးကြည့်လိုက်ပါတယ်ခင်ဗျာ…..။ ဘယ်သူ့ကိုမှ ဆရာလုပ်တာ မဟုတ်ရပဲ ကိုယ့်ကိုယ်ကို သတိပေးခြင်းက အဓိက ဖြစ်ပါကြောင်းနဲ့ လွန်တာရှိ ဝန္တာမိပါ………….

(ကျွန်တော့်စာ ကျွန်တော် တာဝန်ယူပါတယ်….။ အမြင်မတော်ရင် ဆုံးမနိုင်ပါတယ်ခင်ည။)



(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)


Sunday, October 21, 2012

ပင်လယ်ပြာနဲ့ဘဲငန်း



ဘဝင်မြင့်နေတဲ့ ဘဲငန်းတစ်ကောင် လမ်းလျှောက်လာရင်း မြင်းတစ်ကောင် မြက်စားနေတာကို တွေ့တယ်။

ဘဲငန်းက မြင်းကို "မင်းရဲ့အစွမ်းအစ ဘယ်လိုရှိသလဲ" လို့ မေးတယ်။

 မြင်းက "ငါမြန်မြန်ပြေးနိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

ဘဲငန်းက လှောင်သလိုလို ပြောင်သလိုလိုနဲ့ ဂျိန်းစ်ဘွန်းပြုံးပြုံးရင်း "ဒါပဲလား…." တဲ့။

 မြင်းက နည်းနည်းတော့ ဘု သွားတယ်။ ဘာသဘောလဲဆိုတဲ့အထာနဲ့ မြက်စားနေရာက မော့ကြည့်လိုက်တယ်။

ဘဲငန်းက ဆက်ပြောတယ်။ "ငါဆို ကုန်းပေါ်မှာလည်း သွားနိုင်တယ်၊ ရေထဲမှာလည်း ကူးနိုင်တယ်၊ လေထဲမှာလည်း ပျံနိုင်တယ်ကွ … " လို့ ဗလာချီ ခွပ်ထည့်လိုက်တယ်။ စိတ်ထဲကလည်း တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကို တော်တော် ကြည်ညိုသွားတယ်။

မြင်းက နည်းနည်းတော့ တင်းသွားတယ်။ ဒါပေမဲ့ ဒီမြင်းက ဂျန်းတဲလ်မန်းမြင်း၊ စိတ်ထဲကတင်းတာကို မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်တယ်။ ပြီးတော့မှ ပြုံးပြုံးလေးနဲ့ ပြောတယ်။


Monday, October 15, 2012

Red Bull



အလုပ်ဖယ်ရီပေါ်မှ လေးကန်သော ခြေလှမ်းများနှင့် ဆင်းလာခဲ့သည်။ မြန်မာပြည်မှာတုန်းက မနက် ၈ နာရီလောက် ထ ဖို့ကိုပင် စောသေးသည်ဟုဆိုကာ အီ နေတတ်သော ကျွန်တော်သည် စင်ကာပူရောက်၍ အလုပ် စ ဝင်တော့ မနက် ၅း၃၀ ဖယ်ရီပေါ် အရောက်တက်ရသည့်အခါ တော်တော်စိတ်လေပါသည်။ ရး၃၀ မှ စ သော အလုပ်ကို ၅း၃၀ ကတည်းက ဖယ်ရီပေါ် အရောက်တက်ရသည်။ ၆းဝ၀ ထိုးလျှင် အလုပ်ထဲ ရောက်နေကြပြီ။ သို့သော် အလုပ် စ ဖို့ တစ်နာရီခွဲမျှ လိုသေးရကား ကြုံသလို ရသမျှ အိပ်တတ်အောင် လေ့ကျင့်ထားခြင်းသည်သာ ကျွန်တော်တို့အတွက် လုပ်သင့်သော အလုပ်ဖြစ်သည်။ အလုပ်နှင့် အဆောင်ကို မိနစ် ၂၀ ကျော်မျှသာ မောင်းရသော ခရီးစဉ်အတွက် အစောကြီး ထ ခိုင်းသော စင်ကာပူ အလုပ်ရှင်များသည် အတော်အမြင်ကတ်စရာ ကောင်းလှသည်။ စင်ကာပူမှာ အလုပ် လုပ်လာတာ ၁၀ နှစ်သာ ကျော်လာသည်၊ မနက်စောစောထဖို့ အကျင့်ဖြစ်မလာ…။

အဓိက ပြဿနာမှာ ညဘက် အိပ်ချိန်နောက်ကျခြင်းကြောင့် ဖြစ်သည်။ စောစောအိပ်၊ စောစောထခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ကျွန်တော်လည်း သိပါသည်။ သို့သော် မနက် ၅း၃၀ လောက်က ထပြီး အလုပ်သွားဖို့ ပြင်ဆင်ကာ၊ ပုံမှန်အားဖြင့် ညနေ ရး၃၀၊ တခါတရံ ၁၀ နာရီလောက်မှ အိမ်ပြန်ရောက်သော စင်ကာပူတွင် လူစင်စစ်မှ ပုရွက်ဆိတ်လို ကျင့်နေရသော ကျွန်တော်တို့လို ဝန်ထမ်းများမှာ ကိုယ်ပိုင်အချိန်၊ မိသားစုအချိန်ရယ်လို့ မယ်မယ်ရရမရှိလေရကား ကိုယ်စိတ်ဝင်စားရာလေး ဖတ်ဖို့ရှုဖို့၊ ကိုယ့်မိသားစုနှင့် စကားစမြည်ပြောဖို့ အချိန်မှာ အိပ်ချိန်မှသာ ဖဲ့ယူနိုင်ပေသည်တကား။ ထို့ကြောင့် အမြဲလို အိပ်ယာဝင် နောက်ကျသော ကျွန်တော့်မှာ မနက်တိုင်း အိပ်ယာမှ ကြိုးစားပမ်းစား ထ ရသည်ချည်း ဖြစ်သည်။ ဖုန်းထဲမှ မနက်ခင်း နှိုးစက်သံကို အမျိုးမျိုးပြောင်းရသည်။ ယခင်က ကျွန်တော်အလွန် နှစ်သက်သော Once in a life time သီချင်းကို နှိုးစက်သံအဖြစ် ပေးထားလိုက်ရာ နောက်ပိုင်း Once in a life time သီချင်းကို မကြားချင်လောက်အောင် ဖြစ်သွားသည်။ အကြောင်းကား ဤသီချင်းကိုကြားတိုင်း အလုပ်သွားခါနီး အိပ်ချင်မူးတူးထရသော ဖီလင်ကြီးက ဖြစ်ဖြစ်လာသောကြောင့် ဖြစ်လေသည်။ စိတ်နာတယ်…အဟုတ်..။


Sunday, September 9, 2012

အချိန်ခရီးသွားခြင်း


ကြားဖူးနားဝလေးတစ်ခုကို ပုံကြီးနည်းနည်းချဲ့ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အခြားသော အကြောင်းအရာများ၊ ရေးလက်စများ ရှိသော်လည်း ယခုအတောအတွင်း အားလပ်ချိန် ဆင်းရဲနေသောကြောင့် တစ်ခုမှ လက်စမသတ်နိုင်ပါ။ အချို့သော အကြောင်းအရာတို့မှာ အလွတ်သဘောလျှောက်ရေး၍ မရသဖြင့် အထောက်အထားရှာရပါသည်။ စာများများ ဖတ်ရပါသည်။ အေးအေးလူလူ စာထိုင်ဖတ်နိုင်သော ဘဝမဟုတ်သဖြင့် ကြုံသလို ဖတ်ရပါသည်။ အထောက်အထား မရှိပါဘဲ ရေးလိုက်မိ၍ စာဖတ်သူတစ်ယောက်ယောက် အမှတ်မှား အသိမှား ဖြစ်သွားနိုင်သည်ကိုလည်း စိုးရိမ်သဖြင့် post တစ်ခုတင်ဖို့ အတော်အားထုတ်ရပါသည်။

သို့သော် ယခုဤ post သည် ထင်ရာမြင်ရာ ရေးသော post အမျိုးအစား ဖြစ်ခြင်းကြောင့် စကားပလ္လင်ခံနေခြင်း ဖြစ်ကြောင်း၊ ဖတ်မိမှတ်မိသမျှထဲမှ တောင်တစ်စ မြောက်တစ်စ ဆွဲယူဆက်စပ် တွေးတောမိသည်များကို ချရေးမိခြင်းဖြစ်ကြောင်း၊ တချို့သော အကြောင်းအရာများမှာ အထောက်အထားမယ်မယ်ရရ မပြနိုင်သည့်အတွက် မရေမရာအချက်အလက် တချို့အပေါ် မနှစ်သက်ပါက အပြစ်တော်မယူဘဲ ဝေဖန်သုံးသပ်ပေးမည်ဆိုလျှင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။

Friday, August 3, 2012

Philadelphia စမ်းသပ်ချက် (အပိုင်း ၇ မှ ၁၂) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အဆက်အသွယ်ဖြတ်ထားသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် အစမှ အဆုံး အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

Philadelphia စမ်းသပ်ချက် (အပိုင်း ၁ မှ ၆) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ယခုတလော အလုပ်တာဝန်များ များပြားလွန်းသောကြောင့် post အသစ်မရေးနိုင်သေးခင် ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဗဟုသုတအဖြစ် ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် facebook တွင် share ၍ မရသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် ယခုအထိ ရရှိသမျှ အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

Sunday, July 22, 2012

Facebook မရှိတဲ့ ကမ္ဘာ

ကွန်ပျူတာဆိုတဲ့ ပစ္စည်းက တော်တော်ခက်တယ်ဗျ။ သူက ရည်းစားထားတာနှင့် အလားသဏ္ဌာန် တူတယ်။ တူပုံက ဒီလို။

ရည်းစားဆိုတာ မရှိတုန်းက တစ်ယောက်တည်း ကိုယ့်ဖာသာကိုယ် အဆင်ပြေပြေပါပဲ။ ရည်းစားရှိလာတော့ စိတ်တိုင်းတွေကျပြီး OK နေပြန်ပါရော။ ဒါပေမဲ့ ရည်းစားနဲ့ ပြတ်လည်းသွားရော….. သွားရော…။ အရင်က ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းနေတာ အကောင်း။ ရည်းစားရှိပြီး ပြတ်သွားတော့မှ လမ်းသွားရင်လည်း လက်က ဘယ်နားထားရမှန်း မသိ။ ခါတိုင်းလို ဆွဲသွားစရာ၊ ကိုင်ထားစရာက မရှိ (လက်ကို ပြောတာ..)။ ပြဿနာက အဲဒီမှာ စတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကိုယ့်ခြေမကြီးပဲ ကိုယ်ကုန်းကိုက်ရတော့မလိုလို….။ ဟတ်ကော့ကြီးဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ။

ကွန်ပျူတာ ဆိုသဟာလည်း ဒီလိုပဲဟ။ ကွန်ပျူတာမရှိဘဲ နေတုန်းကလည်း ဘာမှမဖြစ်ပါဘူး။ နေ နေတာပဲ။ အဲဒီ ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ပေါင်းလိုက်တော့ ပိုဆိုး..။ အခုတော့ အရင်တုန်းက ကွန်ပျူတာ နဲ့ အင်တာနက် မရှိဘဲ ငါဘယ်လို နေခဲ့ပါလိမ့်လို့ မနည်းပြန်စဉ်းစားနေရတယ်။ အင်တာနက်မရှိဘဲ ကွန်ပျူတာချည်းပဲတောင် အကျင့်က တော်တော်ပျက်တယ်။ စာလေးနည်းနည်းပါးပါး ရေးရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ ဆရာဦးအောင်သင်းက ပြောဖူးတယ်။ လူတစ်ယောက် လက်ရေးမလှဘူးဆိုတာ သူ့မူလတန်းဆရာမ ညံ့လို့...တဲ့။ ကွန်ပျူတာထဲမှာဆို စာလုံးတွေက ပိုလည်းလှတယ်။ လက်ရေးမလှလည်း အကြောင်းမဟုတ်ဘူး။ ဆရာမလည်း အပြောလွတ်တာပေါ့..…. ကွန်ပျူတာထဲမှာ Font တွေလည်း ပြောင်းလို့ရတယ်။ အရောင်တွေလည်း ပြောင်းလို့ရတယ်။ စာရင်းလေး နည်းနည်းပါးပါး ပေါင်းနှုတ်မြှောက်စား လုပ်ရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ Excel နဲ့ဆို အရမ်းလွယ်မယ်နော်။

Thursday, June 28, 2012

လမ်း


လမ်း ဆိုသည်ကို ပါဠိဘာသာဖြင့် မဂ် ဟု ခေါ်သည်။ မဂ္ဂင် (၈) ပါးဟူသည့် ဗုဒ္ဓဘာသာဝင်တို့၏ လျှောက်ရမည့် လမ်း (၈) သွယ်ကို ကြားဖူးကြပါလိမ့်မည်။ လမ်း ဆိုသည်မှာ လျှောက်ရမည့်လမ်း၊ လုပ်ရမည့် နည်းလမ်း စသဖြင့် နေ့စဉ်ဘဝထဲတွင် နေရာမျိုးစုံ၊ အသုံးမျိုးစုံဖြင့် မြင်ကြ၊ ကြားကြ၊ ပြောနေကြသည်ပင်။ အဓိကဆိုလိုရင်း အနက်ကတော့ လိုရာရောက်အောင် အသုံးပြုဖို့သာ။ လျှောက်ရမည့်လမ်းဖြစ်စေ၊ ကျင့်သုံးရမည့် နည်းလမ်းဖြစ်စေ လမ်းဆိုသည်နှင့် မှန်ဖို့လိုသည်။ တစ်နည်းအားဖြင့် သမ္မာမဂ္ဂင် ဖြစ်ဖို့ လိုပါလိမ့်မည်။

လျှောက်ရမည့်လမ်းသည် မှန်ကန်သောလမ်း ဖြစ်မှသာ လိုရာခရီးကို ရောက်မည်ဖြစ်သလို ရည်မှန်းချက်တစ်ခုကို အရောက်သွားရာ၌လည်း မှန်ကန်သော နည်းလမ်းကို ကျင့်သုံးဖို့ လိုပါလိမ့်မည်။ ကမ္ဘာ့နိုင်ငံတိုင်း သူ့တို့နည်း သူတို့ဟန်နှင့် ချမ်းသာအောင် လုပ်ကြပါသည်။ သာယာအောင် လုပ်ကြပါသည်။ သို့သော် မဟုတ်မတရားနည်းနှင့် ချမ်းသာအောင် လုပ်သော နိုင်ငံများသည် ငွေကြေးအားဖြင့် ချမ်းသာလာသော်လည်း တိုင်းသူပြည်သားများ၏ အကျင့်စာရိတ္တများ ချွတ်ချုံကျလာခြင်းကို ဘေးထွက်ဆိုးကျိုးအဖြစ် ရလာမည်မှာ မလွဲပါ။

ဥပမာအားဖြင့် တရုတ်နိုင်ငံကို ကြည့်ပါ။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ချမ်းသာသော အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ တစ်ပြိုင်နက်တည်းမှာပင် တရုတ်တို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်လွန်းသော၊ သိက္ခာမဲ့သည့် နိုင်ငံရေး ပေါ်လစီကိုလည်း တရုတ်၏ ကြွယ်ဝချမ်းသာမှုနှင့် အတူ ရိပ်စားမိကြပါသည်။ ဈေးချိုသော တရုတ်နိုင်ငံမှ ထွက်ကုန်များသည် နိုင်ငံတကာသို့ ပျံ့နှံ့နေသည်မှာ ငြင်းစရာမရှိပါ။ ကျွန်တော့်တို့ နိုင်ငံကဲ့သို့ အင်အားသေးသော နိုင်ငံငယ်များမှ ဆင်းရဲသားလူတန်းစားများအကြားတွင် တရုတ်၏ ဈေးပေါပေါပစ္စည်းများကြောင့် ၂၁ ရာစု နည်းပညာများကို ဈေးချိုချိုနှင့် သုံးနိုင်ကြခြင်းကို ကြံဖန်အကောင်းမြင်ပေးနိုင်ပါသည်။ ရေရှည်တွင်မူ ဤအချိုအချောင်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများက ဒုက္ခလှလှ ပေးမည် ဖြစ်ပါသည်။

Monday, June 18, 2012

အစွဲ


 အိပ်ပျော်နေတုန်း ဘီလူးစီးတယ်ဆိုတာမျိုး အတော်များများ မကြုံဖူးတောင် ကြားဖူးကြပါလိမ့်မယ်။ အဓိက ကတော့ အိပ်ပျော်တဲ့အခါ ကိုယ်နေဟန်ထား မမှန်မှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းတမျိုးမျိုးကြောင့်ဖြစ်စေ၊ နှလုံးကို ဖိထားမိခြင်းလို အကြောင်းမျိုးကြောင့် အိပ်နေတုန်း သတိရသလို မရသလိုနဲ့ တစ်ကိုယ်လုံး လှုပ်မရ အသံမထွက်နဲ့ ချွေးစေးတွေပျံပြီး အတော်အခံရခက်တဲ့ ဝေဒနာမျိုးပါ။ အင်္ဂလိပ်လိုတော့ Sleep Paralysis လို့ ခေါ်ပါတယ်။ အနီးစပ်ဆုံး ပြောရရင်တော့ အိပ်ပျော်နေရာက ရုတ်တရက်နိုးလာပြီး အသိစိတ်ပြန်ဝင်လာပေမဲ့ လှုပ်ရှားမရ ဖြစ်တာမျိုးကို ဘီလူးစီးတယ်လို့ ခေါ်တာပါပဲ။

သရဲခြောက်တယ် ဆိုတာကိုလည်း အမျိုးမျိုးသော လေ့လာချက်တွေ ရှိကြပါတယ်။ ထင်ရှားတဲ့ အယူအဆတစ်ခုကတော့ အသံအောက် အသံလို့ ခေါ်တဲ့ Ultra Low Frequency ကြောင့် ဖြစ်ရတယ်လို့ ဆိုကြတာတွေ ရှိပါတယ်။ လူတစ်ယောက်ရဲ့ နားဟာ ကြိမ်နှုန်း 20Hz ကနေ 20000Hz အတွင်းကိုပဲ ကြားနိုင်စွမ်း ရှိပါတယ်။ 20000Hz အထက် ကြိမ်နှုန်းရှိ အသံမျိုးကို Ultra High Frequency လို့ ခေါ်ပြီး Ultra Sound လို့ လူသိများပါတယ်။ ဆီးကျောက်ခြေတာလိုမျိုး ရောဂါဘယတွေကို ကုသရာမှာ သုံးပါတယ်။

အသံအောက်အသံ (Ultra Low Frequency) ဆိုတာကတော့ လူ့နားနဲ့ မကြားသိနိုင်တဲ့ အလွန်နိမ့်တဲ့ Frequency မျိုးပါပဲ။ 20Hz ထက်နိမ့်တဲ့ အသံပေါ့။ အဲဒီအသံမျိုးကြားရတဲ့အခါ စိတ်မှာ ခြောက်ခြားရုံတင်မက အရိပ်တွေ အကောင်တွေပါ မြင်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ အသံကြိမ်နှုန်းမျိုးကို Frequency of Fear လို့ ခေါ်ပါတယ်။ တခြားအသံတွေ ရှိနေစဉ်မှာ မသိပေမဲ့ တစ်ယောက်ထဲ ရှိတဲ့အချိန် အရမ်းတိတ်ဆိတ်နေတဲ့ ဝန်းကျင်မျိုးမှာ ဒီအသံမျိုး ထွက်နေတဲ့ အရာတစ်ခုခု (ဥပမာ- ပန်ကာအဟောင်း၊ ကျောက်နံရံထဲမှ ရေစိမ့်ကျခြင်း မျိုး) တွေကနေ ထွက်နေတဲ့ ဒီအသံကို နားက ကြားပါတော့တယ်။ ဒါပေမဲ့ သိနိုင်တဲ့ ကြိမ်နှုန်းမျိုး မဟုတ်တဲ့အတွက် အသံရယ်လို့ မသိပါဘူး။ ဒါပေမဲ့ စိတ်မှာ စတင်ခြောက်ခြားလာပြီး မျက်လုံးထဲမှာ အရိပ်တွေပါ ထင်ယောင်ထင်မှားတွေ ဖြစ်လာပါတော့တယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့လေး တစ်ခု ပြောပြပါရစေ။ ကျွန်တော် ၉ တန်းလောက်က ဆိုတော့ ၁၉၉၁ လောက်က ဖြစ်မယ်ထင်တယ်။ အတိအကျကြီးတော့ မမှတ်မိတော့ပါ။ မြောက်ဥက္ကလာ ကြိုးတံတားနားက ရပ်ကွက်သားတွေအခေါ် အလီဘာဘာရပ်ကွက် ဆိုတဲ့ ရတနာကျွန်းရပ်ကွက်ကြီး စ တည်ခါစကပါ။ အဲဒီရပ်ကွက်ကြီး ဘေးက ဖြတ်သွားတာက သုနန္ဒာလမ်းမကြီးပါ။ အဲဒီ လမ်းမကြီးရဲ့ ရေကန်ကြီး ၂ ခု ရှေ့က ကျွန်တော်တို့ အိမ်ပေါ့။ အိမ်က လုံးချင်းသစ်သားအိမ်၊ ပေ ၂၀ x ပေ ၆၀ မြေကွက်ပေါ်မှာ ဆောက်ထားတာ။ ခြံတံခါးနဲ့ အိမ်နဲ့ ၁၅ ပေလောက် ဝေးတယ် ဆိုပါတော့။ အိမ်ရှေ့မှာတော့ ရေချိုးတဲ့ ကျောက်စည်တွေနဲ့ ရေချိုးတဲ့ ကျောက်ပြားကို အိမ်အဝင်လမ်းဘေးမှာ နေရာချထားပါတယ်။

တစ်နေ့ပေါ့ဗျာ။ အမဲအူသုပ် အင်မတန်ကြိုက်တဲ့ ကျွန်တော်ဟာ ညဘက် ၈ နာရီလောက်ကြီး အရင်က ဈ ဈေး (အခုတော့ ရတနာသိင်္ဂီဈေး) မင်းရန်အောင်ရုပ်ရှင်ရုံရှေ့က အမဲအူသုပ်ဆိုင်မှာ သွားအားပေးပါတယ်။ စက်ဘီးလေးနဲ့ ပေါ့။ အဲဒီ အချိန်တုန်းက အီလက်ထရွန်းနစ်ပညာရပ်ကို စပြီး စိတ်ဝင်စားနေချိန်ပါ။ ကျွန်တော့် စက်ဘီးရဲ့ စက်ဘီးမီးက သူများလို ဒိုင်နမိုနဲ့ မဟုတ်ဘူးဗျ။ ဘတ္ထရီခြောက်လို့ ခေါ်တဲ့ Dry Battery နဲ့ ထွန်းထားတာဆိုတော့ ညဘက်မှောင်နေတဲ့အချိန် မီးထိုးထားရင် ဆိုင်ကယ်မီးနီးနီး လင်းတယ်ဗျ။ ငယ်ကလည်း ငယ်သေးတော့ အဲဒါကိုပဲ ကျွန်တော်က ဂုဏ်ယူမဆုံး လုပ်နေတော့တာ။ ပြဿနာက အဲဒီက စ ပါတယ်။

 ဈေးကအပြန်ကျတော့ ခေမာသီလမ်းမကြီးနဲ့ အမှတ် ၃ လမ်းမကြီးဆုံရာ ကန်သာယာနားအရောက်မှာ ကျွန်တော့် စိတ်က ပြောင်းသွားပါတယ်။ ပုံမှန်အတိုင်း ခေမာသီလမ်းကနေ ဆက်နင်းသွားရင်လည်း အိမ်ကို ရောက်ပါတယ်။ ခေမာသီလမ်းက လူလည်းစည်ပါတယ်။ အမှတ် ၃ လမ်းမကြီး အတိုင်း ဆက်သွားပြီး သုနန္ဒာလမ်းနဲ့ ဆုံတဲ့နေရာကနေ ကွေ့သွားရင်လည်း အိမ်ကို ရောက်တာပါပဲ။ ဒါပေမဲ့ လူပြတ်ပါတယ်။ မီးလည်း ပြတ်ပါတယ်။ အဲဒီမှာ ကျွန်တော့်စက်ဘီးမီးကို စမ်းချင်တဲ့ ရောဂါက ထ လာပါတယ်။ မှောင်မှောင်ထဲမှာ ဆိုရင် ဘယ်လောက်ဝေးဝေး လင်းသလဲပေါ့လေ။ ယားတာပေါ့။

အဲဒါနဲ့ မှောင်တဲ့လမ်းကို ရွေးလိုက်တယ် ဆိုပါတော့။ နင်းလာလိုက်တာ အစမှာ ပြောခဲ့တဲ့ အလီဘာဘာရပ်ကွက်နား ရောက်လာပါရော။ အဲဒီရပ်ကွက်က အိမ်တွေ တစ်လုံးစ၊ နှစ်လုံးစ ဆောက်နေကြတဲ့ အချိန်ပေါ့။ မှောင်ထဲမှာ တစ်ဝက်တစ်ပျက် ခြံစည်းရိုးတွေ၊ ငုတ်တွေ ခြုံပင်တွေ ဟိုတစ်စ၊ ဒီတစ်စ တွေ့နေရတယ်။ အဲဒီနားက အရင်က ဓနိတောတွေပဲ ရှိခဲ့တာဗျ။ အတွဲတွေ ချိန်းတွေ့ကြရင်း ကောင်လေးကို ရိုက်၊ ကောင်မလေးကို ဘာညာလုပ်ပြီး စက်ဘီးလု လူသတ်မှုတွေ ဖြစ်ခဲ့ဖူးတဲ့ နေရာပေါ့ဗျာ။ ပြီးတော့ အဲဒီနားက ဥစ္စာစောင့်တွေဘာတွေ ရှိတယ်လို့ နာမည်ကြီးတဲ့ ဘုရားဖြူလေးတစ်ဆူ ရှိသေးတယ်။ အမှောင်ထဲမှာ စက်ဘီးမီးလေး ဖွေးနေတာကို ကြည့်ရင်း အားရနေတဲ့ ကျွန်တော် အဲဒီနားရောက်တော့ ခေါင်းနည်းနည်းကြီးသွားတယ် ထင်တာပါပဲ။ ကြက်သည်းလည်း ထ သွားပါတယ်။ ဒါပေမဲ့ သိပ်အဆိုးကြီး မဟုတ်တော့ စိတ်ထင်တာပဲဆိုပြီး မှန်မှန်ပဲ ဆက်နင်းလာခဲ့ပါတယ်။

ဘဝမှာ အဲဒီအချိန်အထိ သရဲခြောက်မခံရဘူးသေးတော့လည်း ကြောက်ရကောင်းမှန်း သိဘူးပေါ့ဗျာ။ ကြားဖြတ်ပြီး ဗဟုသုတပြောရရင် တစ္ဆေသရဲတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ နူးညံ့ပေါ့ပါးလွန်းလို့ ဝါဂွမ်းများလိုပဲ လွင့်မျောနိုင်တဲ့အပြင် Static Electricity လို့ခေါ်တဲ့ တည်ငြိမ်လျှပ်စစ်ဓါတ် ရှိသတဲ့။ အဲဒါကြောင့် သူတို့ အနားကပ်လာရင် ကျက်သည်းထတာတို့ ခေါင်းမွှေးထောင်တာတို့ ဖြစ်တာတဲ့ဗျ။ လျှပ်စစ်နဲ့ မနီးစပ်သူတွေကို ပြောပြရမယ်ဆိုရင် တည်ငြိမ်လျှပ်စစ်ဆိုတာ ငယ်ငယ်တုန်းက ကျောင်းမှာ ပလတ်စတစ်ပေတံကို ခေါင်းနဲ့ပွတ်ပြီး ကွေးလိုက်ရင် စက္ကူစလေးတွေကို ဆွဲတာမျိုး ဆော့ဖူးကြတယ်မို့လား။ အဲဒါ Static Electricity ပါပဲ။

အိမ်ပြန်ရောက်တော့ စက်ဘီးလေး အိမ်ပေါ်တင်၊ အမေဆူမှာစိုးလို့ ခြေထောက်ကို ဝတ္တရားကျေ ရေနည်းနည်းဆေးပြီး ကျွန်တော့်အခန်းထဲ တန်းဝင်သွားလိုက်ပါတယ်။ ကျွန်တော့်အခန်းနဲ့ အဖေအမေတို့ အခန်းနဲ့က ကပ်ရက်ပါ။ ဒါပေမဲ့ အမေတို့ အခန်းက ကျယ်ပါတယ်။ အမေတို့ အိပ်ယာက တစ်ဘက်ခြမ်းကို ကပ်ထားတာဆိုတော့ ကျွန်တော်နဲ့ အခန်းချင်းကပ်နေပေမဲ့ လှမ်းခေါ်ချင်ရင် တော်တော်ကျယ်ကျယ် အော်မှ ရတာဗျ။ ထားပါတော့ဗျာ။ ပါးစပ်မဆေးဘာမဆေးနဲ့ အခန်းထဲဝင်၊ ခြင်ထောင်ချ၊ ခေါင်းရင်းက ကြိုးဆွဲမီးလေးနဲ့ စာနည်းနည်းဖတ်လိုက်သေးတယ်။ ကျွန်တော်က စာဖတ်ဝါသနာပါတော့ အိပ်ခါနီး စာဖတ်တတ်တယ်ဗျ။ ပြီးတော့ မီးပိတ်ပြီး အိပ်ပါရော။
အိပ်လို့ ပျော်လုပျော်ခင်လေးမှာ…. ရုတ်တရက်… ခြေမကို လက်နဲ့ ကိုင်လှုပ်လိုက်တာဗျ။ အသိသာကြီးဗျာ။ အိပ်ပျော်မလို့ဟာ… နိုးသွားတာပေါ့။ တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရတာနဲ့ မျက်လုံးဖွင့်ပြီး ကုတင်ခြေရင်းဘက်ကို ကြည့်လိုက်မိတယ်။

ညဘက်မီးပိတ်ထားပေမဲ့ တစ်အောင့်လောက်ကြာတာနဲ့ မျက်လုံးက အမှောင်ထဲမှာ ကျင့်သားရသွားတာပါပဲ…။ မြင်ရတာကတော့ သွေးပျက်စရာပါ။ ကောင်မလေးတစ်ယောက်ဗျ။ ဆံပင်က အရမ်းအရှည်ကြီး မဟုတ်ဘူး။ ဝတ်ထားတာ ယောကျင်္ားလေး ရှပ်အင်္ကျီအဖြူရောင် ထင်တာပဲ။ သူက ဘာမှ ပြူးတူးပြဲတဲ လုပ်ပြတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ဗျာ…. မျက်လုံးကို မမြင်ရပေမဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာတော့ အသေအချာပါ။ ဘာပြောကောင်းမလဲ… သတ္တိခဲ ကျွန်တော် ကြုံးအော်တာပေါ့… ဒါပေမဲ့ အသံက ထွက်မလာပါဘူး…၊ တစ်ကိုယ်လုံးလည်း လှုပ်လို့ မရပါဘူး..။ စိတ်ထင် တစ်မိနစ်ကျော်ကျော်လောက် ကြာမယ်ထင်တယ်။ အဲဒီအတိုင်းကြီး ဖြစ်နေတာ။ အဲဒီ တစ်မိနစ်က တစ်ကမ္ဘာလောက် ကြာတဲ့ တစ်မိနစ်ခင်ဗျ။

တစ်မိနစ်ကျော်လောက်ကြာတော့ ကျွန်တော်နည်းနည်း သတိဝင်လာပါတယ်။ အဲဒါနဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းရွတ်ဖို့ ကြိုးစားပါတယ်။ အသံက မထွက်တော့ စိတ်နဲ့ ရွတ်ဖို့ ကြိုးစားပါတယ်။ စိတ်နဲ့တောင် အစ တစ်ချက် ဆိုဖို့ တော်တော်ကြိုးစားရပါတယ်။ နောက်တော့ စပြီး ရွတ်ဆိုပါတယ်။ စိတ်နဲ့ပဲ စည်းချရပါတယ်။ ၂၄ ပစ္စည်း စည်းချတာတော့ သိမှာပါနော်။ ကိုယ့်ခန္ဓာကိုယ်ကို အရင် လွှမ်းခြုံပြီး ရွတ်ရပါတယ်။ ပြီးတော့မှ တစ်ဆင့်တစ်ဆင့် အပြင်ကို ကား ကား သွားရတာပေါ့။ ပဋ္ဌာန်း တစ်ခေါက် ရွတ်ဆိုပြီးချိန်မှပဲ သူကျွန်တော်နဲ့ နည်းနည်းဝေးဝေးကို ရောက်သွားပါတယ်။ လမ်းလျှောက်သွားတာ မဟုတ်ပါ။ ကျွန်တော် အားတက်ပြီး ဆက်ရွတ်ပါတယ်။ အံ့သြစရာ တစ်ခုက အိမ်ရဲ့ အခန်းကန့်ထားတဲ့ နံရံတွေကြောင့် မြင်ကွင်းကွယ်မသွားဘဲ ဆက်မြင်နေရသလို ဖြစ်နေတာပါ။ နောက်ဆုံး သူခြံတံခါးအပြင်ကို ရောက်သွားပါတယ်။ ခြံတံခါး အပြင်ကနေ ကြည့်နေသေးတယ်ဗျ။ ပြီးတော့ သူ ရယ်လိုက်သလား… ဘယ်လို အက်ရှင်မျိုးလို့ ဝေခွဲမရနိုင်တဲ့ အမူအယာတစ်မျိုးလုပ်ပြီး သူပျောက်သွားပါတယ်။

သူပျောက်သွားတာနဲ့ ကျွန်တော့်ပါးစပ်က ပဋ္ဌာန်း ရွတ်ဆိုသံ ရုတ်တရက် ထွက်သွားသလို လက်တွေခြေတွေ စ လှုပ်လို့ ရသွားပါတယ်။ အဲဒီနောက်တော့ မောဟိုက်ပြီး ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ ကျွန်တော်ဟာ ခေါင်းရင်းက ကြိုးဆွဲမီးကို တုန်တုန်ယင်ယင်နဲ့ ဆွဲဖွင့်လိုက်ပါတော့တယ်။ မီးလင်းသွားတော့ နည်းနည်းနေသာထိုင်သာ ရှိသွားပေမဲ့ အာခေါင်တွေ ခြောက်နေတော့တာမို့ အခန်းအပြင်က သောက်ရေအိုးဆီသွား၊ ရေတစ်ခွက် ခပ်သောက်ပြီးမှ အကြောက်နည်းနည်း ပြေသွားပါတယ်။ အကြောက်ပြေသွားတော့ အေးအေးမနေသေးပါဘူး။ အိမ်ရှေ့မှန်တံခါးကနေ ခြံစည်းရိုးတံခါးဆီကို ချောင်းကြည့်လိုက်ပါသေးတယ်။ ပါးစပ်ကို ရေနဲ့ဆေး၊ ဘုရားရှိခိုးပြီးတော့ ပြန်ဝင်အိပ်ပေမဲ့ မရတော့ပါဘူး။

စာဖတ်ပြီး အခန်းထဲ ကျီးကြည့်ကြောင်ကြည့် ဟိုကြည့်ဒီကြည့်နဲ့ မနက် ၃ နာရီလောက်မှ အိပ်ပျော်သွားပါတော့တယ်။ မနက်ကျတော့ အိပ်ယာက တော်တော်နဲ့ မနိုးတဲ့ ကျွန်တော့်ကို အမေက လာနှိုးရင်း ဟဲ့သား…အိပ်လှချည်လား ဆိုတော့မှ ညက အဖြစ်ကို ပြန်ပြောပြရပါတယ်။ အဖေနဲ့ အမေက သားရယ်.. နှိုးလိုက်ရောပေါ့…. ဆိုပေမဲ့ အဲဒီအချိန်က နှိုးဖို့ နေနေသာသာဗျာ…။ အခုထိ ပြန်တွေးရင်တောင် အဲဒီခံစားမှုကို လတ်လတ်ဆတ်ဆတ်ကြီး လိုပဲ။ မကြောက်တဲ့အပြင် လန့်တောင်လန့်သေး ဆိုတာမျိုးပေါ့။ ဘာမှ ဆိုးဆိုးရွားရွား လုပ်မပြသွားတာပဲ မယ်မင်းကြီးမကို ကျေးဇူးတင်နေရပါတယ်။

ကျနော်အခု ပြောပြတာကို ယူဆချင်သလို ယူဆနိုင်ပါတယ်။  ဒါမျိုးက ကိုယ်တိုင် ကြုံလိုက်ရပေမဲ့ အခြားတစ်ယောက်ကို ပြန်ပြောပြတဲ့အခါ ယုတ္တိကျကျ ပြောဖို့ ခက်ပါတယ်။ ဟိုလို မဖြစ်နိုင်ဘူးလား၊ ဒီလို မဖြစ်နိုင်ဘူးလားဆိုလည်း ဘယ်လို ပြောရမှန်း မသိပါဘူး။ ဒါကြောင့် Sleep Paralysis လို့ ပြောပြော၊ Ultra Low Frequency လို့ ဆိုဆို ကျနော် မငြင်းပါဘူး။ ကျွန်တော်ကတော့ အိပ်မက်မဟုတ်ဘူးလို့ အခုထိယုံကြည်ဆဲပါ။

နောက်တစ်ခုကတော့ ဘာသာရေး ရှုထောင့်ပါ။

ဗုဒ္ဓဘာသာအရ ၃၁ ဘုံမှာ ပြိတ္တာဘုံဆိုတာ စွဲလန်းစိတ်နဲ့ သေသူတို့ရဲ့ ဘုံဘဝတစ်ခုပေါ့။ ဘာတွေကို စွဲသလဲဆိုတော့ စွဲလန်းစရာတွေက များမှများပေါ့။ အစိမ်းသေ သေလို့ သရဲ (ပြိတ္တာ) ဖြစ်တယ်လို့ ဆိုသူတွေက ဆိုတယ်။ အမှန်တော့ အစိမ်းသေ သေလို့ မဟုတ်ပါ။ အစိမ်းသေ ဆိုတာ သူတစ်ပါးလက်ချက် သို့မဟုတ် မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် သေသွားတာမျိုးပေါ့။ ကြောက်လန့်စိတ်နဲ့ သေတော့ ငရဲ၊ စွဲလန်းစိတ်တွေနဲ့ သေတော့ ပြိတ္တာဖြစ်ရရှာတာပါပဲ။ ရုတ်တရက် မတော်တဆမှုနဲ့သေသူ၊ သူတစ်ပါးသတ်လို့ သေတဲ့သူတွေဆိုတာ နှလုံးသွင်းမှန်မှန်နဲ့ သေဖို့ အခက်သားပဲလေ။ အဲဒီတော့လည်း မကောင်းတဲ့ ဘုံဘဝရောက်ဖို့ အကြောင်းများပေတာပေါ့။ ဒါပေမဲ့ အစိမ်းသေသေတိုင်း သရဲမဖြစ်ပါဘူး။ ဖြစ်ဖို့များတယ်လို့သာ ပြောလို့ရမှာပါ။

ဘုရားဟောမှာ ပေတဝတ္ထုဆိုတာ အထင်အရှား ရှိတာမို့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သရဲတစ္ဆေကို မယုံစရာမရှိပါ။

ဗုဒ္ဓဘာသာဝင် ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်ကြံသူကို ခေါ်တာပါ။ လိုက်နာကျင့်ကြံဖို့ဆိုရင် သိဖို့လိုတာပေါ့။ သိဖို့ဆိုရင် လေ့လာဖို့ လိုတာပေါ့။ အသက်အရွယ်၊ အချိန်အခါ၊ အတွေ့အကြုံအရ ရင့်ကျက်လာသည်နှင့်အမျှ ပိုပိုပြီး သိလာရမှာပေါ့။ သိလာသည်နှင့်အမျှ အေးချမ်းလာရမှာပေါ့။ မြတ်စွာဘုရားက ဟောခဲ့တယ်။ ကာလာမသုတ္တန်မှာ ဘယ်သူပြောပြော၊ ဘယ်ထဲပါပါ၊ ဘယ်လိုဖြစ်ဖြစ် စဉ်းစားချင့်ချိန်ပြီး ယုံရမယ်လို့ အတိအကျဟောခဲ့တယ်။ ပြီးတော့ ဓမ္မသည်ပင် စွဲလန်းဖက်တွယ်ရာမဟုတ်၊ ဖေါင်ကဲ့သို့ သဘောထားရမယ်လို့ ဆိုတယ်။ ဓမ္မသည်ပင် ဖက်တွယ်စွဲလန်းရာ မဟုတ်ရင် အဓမ္မအတွက်တော့ ဆိုဖွယ်ရာမရှိလို့ ဟောကြားခဲ့တာ အထင်အရှားပါ။

တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အများစုမှာ ဗုဒ္ဓဝါဒမဟုတ်တာတွေ ရောပြွန်းရှုပ်ထွေး ကိုးကွယ်နေသူတွေ ဒု နဲ့ ဒေး။ အယုံလွယ်လိုက်ကြတာလည်း များမှများ။ အချို့နေရာတွေမှာဆို ဗုဒ္ဓဘာသာဟာ နာမည်ပဲကျန်တယ်။ ယုံကြည်လက်ခံနေတာတွေက ဗုဒ္ဓဘာသာနဲ့ လားလားမှ မအပ်စပ်တဲ့ ကိစ္စတွေ။ သေပြီးသား အလောင်းကောင်ကြီးကို သရဏဂုံ တင်လို့ မရဘူး၊ သေပြီးရင် သရဏဂုံ အလိုအလျောက် ပျက်ပါတယ်လို့ ဘုရားဟောအတိုင်း ပြောမိတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်တွေကို တိုက်ခိုက်ပါတယ်လို့ အပြောခံရတယ်။ ဒါဆို ဘုန်းကြီးတွေက ဘာလို့ လုပ်ပေးနေသလဲလို့ စောဒက တက်ကြဦးမယ်။ တချို့ အယူအဆတွေက ရိုးရာယုံကြည်မှုတွေ၊ အလေ့အထတွေလို ဖြစ်နေတော့ ပြောပြလည်း သိပ်အကျိုးမထူးတဲ့ ကိစ္စတွေ။

 ပြီးတော့ ဗုဒ္ဓဘာသာမှာ အဓိကအလုပ်ကြီးတွေ ရှိတယ်။ အဲဒီတော့ သိပ်အရေးမကြီးတဲ့ ဓလေ့ထုံးစံတွေကို ပြဿနာအကြီးကြီးတွေ လုပ်ပြီး အချိန်ကုန်မခံတော့တာလည်း ပါမှာပေါ့ဗျာ။ လုပ်ပေးလိုက်လို့ ဘာမှ အပန်းမကြီး၊ ထွေထွေထူးထူး အကျိုးယုတ်စရာမရှိတော့လည်း အရေးအရာလုပ်ပြီး ပုံကြီးချဲ့မနေတော့တာလို့ဆိုရင် မမှားပါဘူး။ ဓလေ့ထုံးစံတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ဘာသာရေးအဆုံးအမတွေ ဆိုတာ ရောရောနှောနှော ဖြစ်ဖို့ အင်မတန်လွယ်တာလားဗျာ။ အဖေတို့ အမေတို့က ကိုးကွယ်ဆိုလို့ ကိုးကွယ်၊ ယုံကြည်ဆိုလို့ ယုံကြည် ဆိုတဲ့ မိရိုးဖလာသမားတွေက အများသားကိုး။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုဟာ လူမျိုးရေး ထုံးစံလား၊ ဘာသာရေး ထုံးစံလား မကွဲတော့ဘူး။ ကွဲကွဲပြားပြား သိအောင်လည်း အားမထုတ်ဘူး။ သိရကောင်းမှန်းလည်း မသိဘူး ဆိုတော့ သူတို့က မွေးလာတဲ့ မျိုးဆက်ကလည်း ဒီအတိုင်းပဲ ခရီးဆက်ပါတယ်။

ဘာသာရေးအဆုံးအမနဲ့ လူမျိုးဓလေ့ထုံးစံကို မကွဲပြားသူတွေ၊ ဘာသာနဲ့ လူမျိုး အတူတူပဲ ထင်နေသူတွေ ရိုက်သတ်လို့ မကုန်ပါဗျာ။

 စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဟာ တစ်ဆက်တစ်စပ်တည်း နီးပါး ဖြစ်ပါတယ်။ ဒါကြောင့် ဝိဉာဉ်ဘဝနဲ့ ၇ ရက် လျှောက်သွားနေတယ်ဆိုတာ မရှိပါဘူးလို့ ပြောမိတယ်။ ရန်လုပ်ခံရပါတယ်။ ဝိသုဒ္ဓိမဂ်မှာ သံဃာတော်တွေကို လူတွေအနေနဲ့ မဝေဖန်သင့်ဘူး ဆိုတဲ့ အကြောင်းပါတယ်လို့ ပြောမိတယ်။ အကြောင်းမဲ့ အခွင့်ထူးခံအနေနဲ့ မဝေဖန်ရဘူးလို့ ဟောတာမဟုတ်။ သာမာန်လူရဲ့ ဉာဏ်နဲ့ အရိယာရဲ့သဘောကို သိဖို့မလွယ်။ သီလရှိသူကို ပြစ်မှားစော်ကားမိရင် သီလရင့်ကျက်ရင် ရင့်ကျက်သလောက် ကိုယ့်မှာ အကုသိုလ် မဖြစ်ပေဘူးလား။ အရိယာပုဂ္ဂိုလ်ကို ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စော်ကားမော်ကား ပြောမိလို့ မဂ်တားဖိုလ်တား အကုသိုလ်ကြီးတွေ ဖြစ်ကုန်မယ်ဆိုရင် သံသရာနဲ့ချီပြီး အကျိုးမနည်းပေဘူးလား။

သို့သော် အလ္လဇီလို့ ကျိန်းသေပေါက် ပြောနိုင်သိနိုင်ရင်တော့ ပြဿနာ မရှိပါဘူး။ ကျနော်တော့ ဒီလိုပဲ ယုံကြည်ပါတယ်။ အလ္လဇီ ဒုဿီလကိုတော့ မျက်စိမှိတ် ကိုးကွယ်ရအောင် ဗုဒ္ဓဘာသာဟာ အကန်းဘာသာမှ မဟုတ်ဘဲဗျာ။ အလ္လဇီကို ကိုးကွယ်မိရင် ကိုးကွယ်တာရဲ့နောက်မှာ ယုံကြည်တာ ပါ ပါတယ်။ ယုံကြည်တာရဲ့ နောက်မှာ လုပ်ဆောင်မှု ပါ ပါတယ်။ အလ္လဇီက ခိုင်းတာကို ယုံယုံကြည်ကြည်နဲ့ လုပ်မိရင်လည်း သံသရာနဲ့ ချီပြီး အကျိုးနည်းဖို့ ရှိပါတယ် ဆိုတာလေးတော့ သတိပြုရပါလိမ့်မယ်။ အဓိက က တော့ အစွန်း ၂ ပါးကို ရှောင်ရင်း ကြိုးစားလေ့လာ ဉာဏ်ရင့်သန်လာအောင် လုပ်ကြရမှာပါ။ စာရဲ့ ရည်ရွယ်ရင်း ပျောက်မှာစိုးလို့ လိုရင်းပဲ ချုံ့ပြောပါ့မယ်။

လူတွေကို ဒါပေမဲ့ ဒါမျိုးတွေ ပြောပြတဲ့အခါ ငြင်းဖို့ခုန်ဖို့ အပေါက်အစပ်ဆွဲ ရန်စခံရတာ များပါတယ်။ သေသေချာချာ လေ့လာကြသလားဆိုတော့ မလေ့လာပါ။ ကြားဘူးနားဝတွေ၊ ဘကြီးဘုန်းကြီး ပြောတာတွေကို ဘုရားဟောထက် ပိုပြီး အလေးအမြတ်ပြုနေတာတွေ များလှပါတယ်။ သွားပြောမိတဲ့ ကျွန်တော့်အပြစ်ပါပဲ။

အစွဲတကားအစွဲထဲမှာ ဘာသာစွဲ၊ လူမျိုးစွဲက အဆိုးဆုံး ဖြစ်မယ်ထင်တယ်။ သေသေချာချာ သိအောင်၊ နားလည်အောင် ကြိုးစားပြီး မျက်ကန်းကိုးကွယ်မှုမျိုး နဲ့ မျက်ကန်းမျိုးချစ်တွေ မဖြစ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ကိုးကွယ်မှု သံသယတွေကို ရှင်းရှင်းလင်းလင်း သိသွားပြီး ဖြေရှင်းနိုင်သွားတဲ့အခါကျမှ သဒ္ဓါစင်ကြယ်ပါတယ်။ စင်ကြယ်တဲ့သဒ္ဓါ ရှိပြီဆိုရင် လိုက်နာကျင့်ကြံဖို့သာ လိုပါတော့တယ်။ သေသေချာချာသိပြီး အကြောင်းအကျိုးနဲ့တကွ ကွဲကွဲပြားပြား နားလည်ယုံကြည်လိုက်နာသူဟာ အစွန်းရောက်သူ မဖြစ်နိုင်ပါဘူး။ ဘာသာတရားကိုင်းရှိုင်းတာနဲ့ အစွန်းရောက်တာဟာ မတူပါဘူး။ ဗုဒ္ဓဘာသာဟာ မစ္ဇျိမဋိပဒါ အလယ်အလတ်လမ်းစဉ် ကိုသာ ကျင့်စဉ်အမှန်လို့ သတ်မှတ်ထားတဲ့ ဘာသာပါ။ ဗုဒ္ဓဘာသာမှန်ရင် အစွန်းမရောက်ပါဘူး။ အစွန်းရောက်ရင်လည်း ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ တရားတွေဟာ ဘာသာဝင်တံဆိပ် ဘာတံဆိပ်ဖြစ်နေနေ အကြာင်းမဟုတ်ပါဘူး။ တရားရဲ့ သဘောက မပြောင်းလဲသွားပါဘူး။ လိုက်နာနိုင်ရင် လိုက်နာနိုင်သလောက် အကျိုးများမှာပါပဲ။

အဲဒီလိုမှ မဟုတ်ဘဲ မျက်ကန်းအစွဲအလန်းတွေနဲ့ ဘဝတစ်ခုပြီးသွားမယ်ဆိုရင်တော့ အပါယ်ကို ရောက်သွားဖို့ များပါတယ်။ ပြိတ္တာဘဝက တကယ်တော့ သနားစရာပါ။ ကျွန်တော့်ဆီ လာလည်သွားဖူးတဲ့ ပြိတ္တာမလေးဟာ အစွဲတစ်ခုခုနဲ့ သေသွားခဲ့ရရှာပြီး အဲဒီဘဝရောက်သွားတာ ဖြစ်မှာပါပဲ။ တစ်ခုခု အကူအညီလိုလို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ အပ္ပါယ်ဘုံသားတွေဆိုတာက အမြဲဒုက္ခဆင်းရဲတွေ ခံစားနေကြရတာ မဟုတ်လားလေ။ အခုလောက်ဆိုရင်တော့ ကျွတ်လွတ်သွားပြီလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွတ်လွတ်သွားပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။

ဒါပေမဲ့ ကြောက်စိတ်ဆိုတာ ဒေါသစိတ်တစ်မျိုးပဲမို့ ဒေါသမကင်းသော ကျွန်တော်တို့လို သတ္တိခဲတွေကတော့……

အင်း…….ကြောက်ဖို့လောက်သာ သတိရတာပါပဲ…….  သြော်… အစွဲ…အစွဲ………..  

(မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ....။)
(တွေ့ခဲ့ဖူးသော သရဲမလေးအား သတိရသောအားဖြင့် ကြောက်ကြောက်နှင့်ရေးသည်။)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။) 

Tuesday, June 12, 2012

မအောင့်နိုင်၍ ရေးမိသည်....


အငြင်းအခုန်လုပ်ရန် ဝန်လေးလှသော ကျွန်တော်သည် ကျွန်တော့်ဘလော့တွင် ဘာသာရေးနှင့် နိုင်ငံရေးကို တတ်နိုင်သရွေ့ လက်ရှောင်ရေးတတ်ပါသည်။ ဤကိစ္စများနှင့် ပတ်သက်၍ ပြောချင်တာရှိလျှင် facebook တွင် သူများရေးပြီးသားကို share တာ လောက်သာ လုပ်လေ့ရှိပါသည်။ facebook နှင့် blog က သဘာဝချင်း မတူတာတွေရှိသည်။ facebook မှာက ကိုယ်ခံစားမိသမျှ၊ စိတ်ထဲရှိသမျှ၊ အရေးပါပါ မပါပါ ဖြစ်ချင်ရာဖြစ် ရေးနိုင်သည်။ အရည်မရ အဖတ်မရများ တိုတိုထွာထွာ ရေးချင်ရာရေးလို့ ရသည်။ facebook အသုံးပြုသူ အများစုကလည်း စာရှည်၊ စာလေးလျှင် သိပ်ဖတ်ချင်သည် မဟုတ်။ ဓါတ်ပုံကြည့်၊ Comment ရေး၊ Share လုပ်လိုက်၊ like နှိပ်လိုက်လောက် လုပ်သူက အများစုဖြစ်သည်။ ပြီးတော့ facebook account ပိုင်ရှင်၏ ကိုယ်ပိုင် စာမျက်နှာ ဖြစ်သည်။ ဝင်ကြည့်ဖို့ တိုက်တွန်းရန်မလိုသလို မကျေနပ်လျှင် ဝင်မကြည့်နှင့်ပေါ့ဟု ပြောနိုင်သည်။ သူ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ပေကိုး။ သူတစ်ပါး facebook စာမျက်နှာပေါ်တက်ပြီး စော်ကားမော်ကား ပေါက်လွတ်ပဲစား ပြောသူများကို block လုပ်ပစ်လိုက်လို့ ရသည်။ အမှိုက်ရှင်းရတာ လွယ်သည်။

ဘလော့ရဲ့ သဘောက facebook နှင့် မတူ။ ပိုက်ဆံမရသော်ငြား တာဝန်ယူမှု ရှိရသည်။ သူက စာအုပ်ထုတ်သည့်သဘောနှင့် သိပ်ကွာသည်မဟုတ်။ သီးသန့် ကန့်သတ်၍ရသည့် လုပ်ဆောင်ချက်များ ရှိသော်လည်း ဘလော့ရဲ့ သဘောသဘာဝကိုက အများဖတ်နိုင် ကြည့်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဘလော့ရေးဖို့ ဝါသနာပါသော်လည်း အငြင်းအခုန်များကို ရှောင်ရှားဖို့ရာ နိုင်ငံရေးနှင့် ဘာသာရေးကို တတ်နိုင်သမျှ လက်ရှောင်ခြင်းဖြစ်သည်။ ကျွန်တော်ပြောသည့် နိုင်ငံရေးမှာ အတိုက်အခံသဘောကိုသာ ပြောခြင်းဖြစ်လျက် လူမှုနိုင်ငံရေး၏ သဘောသဘာဝကိုတော့ ဘယ်လိုမှ ရှောင်ဖို့မဖြစ်နိုင်ပါ။ လူဆိုသည်က နိုင်ငံရေးနှင့် ကင်း၍ မရ။ စား၊ ဝတ်၊ နေရေးတည်းဟူသော တို့တာဝန်အရေးသုံးပါး စစ်စစ်ကြီး ကိုယ်၌က နိုင်ငံရေးပင်တည်း။ အသို့လျှင် ရှောင်၍ ရအံ့နည်း။

ယခုလောလောဆယ် လက်မရှောင်နိုင်ဘဲ လက်ယားလာသည့် အရေးကိစ္စက ရခိုင်ပြည်နယ်သို့ ဝင်ရောက်နေထိုင်နေသော ဘင်္ဂါလီများ၏ လူပါးဝမှု ဖြစ်သည်။ တွေးလေတွေးလေ ဒေါသဖြစ်ရလေ ဖြစ်သည်။ ဤကိစ္စကို အတိုချုံး၍ မှတ်သားထားချင်သည်။ မေ့သွား၍ မဖြစ်သလို နောင်မျိုးဆက်များကို ပြောပြရာ၌ တတ်နိုင်သမျှ တိကျချင်သည်။ မှတ်ဉာဏ်ဆိုတာက အမြဲစိတ်ချရသည်မဟုတ်။

Friday, May 25, 2012

အကြိုက်တူ သူငယ်ချင်းတွေအတွက်

 

အတီးအခတ် ကောင်းကောင်းလေးတွေဆို နှစ်သက်တတ်တဲ့ သူငယ်ချင်းတွေ ကြည့်ရှုနားသောတ ဆင်ကြဖို့ပေါ့။ Dire Straits ရဲ့ Walk of Life သီချင်းလေးပါ။ Walk of Life Version တွေ အများကြီးထဲမှာ ဒီ Live Show ကတော့ အကြိုက်ဆုံးပါပဲ။ ၁၉၉၃ ခုနှစ်က ဆိုခဲ့တာဆိုတော့ ဒိတ်အောက်နေပြီလို့ ဆိုချင်လည်း ဆိုပေတော့...။

Sunday, May 20, 2012

သရဲတစ်ကောင်ရဲ့ပုံတူ

  ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်တဲ့အခါတိုင်း အဖေနဲ့ အမေက ကျွန်တော့်ကို အအားမထားပါ။ လူဆိုသည်က အားလျှင်ယားသော အမျိုးဖြစ်သည်။ မြန်မာစကား အားအားယားယားဆိုတာ အကြောင်းမဲ့ ပေါ်လာခြင်းတော့ မဟုတ်တန်ရာ။ အလုပ်များသောသူအတွက် အားလပ်ချိန်၊ အနားယူချိန်ဆိုတာ အလွန်လိုအပ်သော ကိစ္စဖြစ်သော်လည်း အမြဲတမ်း အားနေခြင်းကတော့ အနားယူခြင်းနှင့် မဆိုင်ပါ။ အား တာသည် နား တာနှင့် မတူပါ။ အား နေသောသူသည် လူကသာ အား နေသော်လည်း စိတ်ဆိုသည်က တစ်နေရာတည်းမှာ အငြိမ်နေချင်သည့်သဘော မရှိလေရကား ဟိုတွေးဒီတွေး အစုံတွေးလေသည်။ ထိုမှတပါး စိတ်သည် အငြိမ်မနေသည့်သဘောအပြင် မကောင်းမှု၌ မွေ့လျှော်သည့် သဘောပါ ရှိခြင်းကြောင့် အားနေသောသူသည် မကောင်းမှုသို့ ဦးတည်ရန် လမ်းများလေသည်။

မကောင်းမှုသို့ မရောက်သည် ရှိစေဦး..၊ ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားက နာသလို၊ ဒီနားက ကိုက်ခဲလာသလို ပြဿနာမရှိ ပြဿနာ ရှာတတ်ပါသေးသည်။ သူများကို ပြဿနာမရှာရလျှင် ကိုယ့်ဘာသာကိုယ် ပြဿနာရှာခြင်းကား အားနေခြင်း၏ ဒုက္ခဖြစ်လေတော့သည်။ အားယားနေသော စိတ်သည် ဤသို့သော သဘောရှိလေ၏။ ထို့ကြောင့် ကျွန်တော်၏ မိဘများသည် ကျွန်တော့်ကို မည်သည့်အခါမျှ အအား မထားကြကုန်။ ထိုမှ စ၍ ကျွန်တော်သည်လည်း အားနေလျှင် မနေတတ်သော ဆင်းရဲဇာတာ ပါလေတော့သတည်း။ အနည်းဆုံးတော့ သူများတွေ အိပ်စက်အနားယူချိန်၌ မအိပ်ဘဲ ဘလော့ဂ်ရေးနေတတ်လေသည်။ မအားသော်ငြား ရသည့်အချိန်ကို လု၍ ယားလေသည်တကား။


Wednesday, April 18, 2012

သံသရာစမ်းရေ (အပိုင်း ၇)

ကမ္ဘာမခြား မ နဲ့ ကျား

သံသရာစမ်းရေကို ဆက်မရေးဖြစ်ဘဲ ချော်တောငေါ့သွားလိုက်တာ တော်တော်ကြာသွားပါပြီ။ သံသရာစမ်းရေရဲ့ ရည်ရွယ်ချက်က ကျွန်တော့်သမီးနဲ့ ပတ်သက်ပြီး ရေးတာပေမဲ့ တကယ်တော့ သားပဲမွေးမွေး သမီးပဲမွေးမွေး တွေးသင့်တယ်၊ စဉ်းစားသင့်တယ်လို့ ထင်ရတာလေးတွေကို စဉ်းစားမိသလောက် လက်လှမ်းမီသလောက် ရေးတာပါ။ တွေးမိသလို ရေးကြည့်တာပါပဲ။ အခုနေ တွေးတဲ့ အတွေးတွေကို မေ့မသွားအောင် တို့ထိမှတ်သားထားတဲ့ သဘောလည်း ပါ ပါတယ်။ အတွေး ဒိုင်ယာယီလေးတစ်ခုပေါ့။

ယောကျင်္ားလေး၊ မိန်းကလေး ကွဲပြားမှုကြောင့် အတွေးအခေါ် အနေအထိုင် သင်ကြားပေးရတဲ့အခါ ကွဲပြားမှုတချို့ ရှိတာလောက်ကလွဲရင် အများကြီးကွာလှတယ်လို့ ကျွန်တော်မထင်ပါ။ သားပဲမွေးမွေး၊ သမီးပဲမွေးမွေး စဉ်းစားဉာဏ်ရှိအောင်၊ လူကောင်းတစ်ယောက် ဖြစ်အောင် မွေးရတာချင်း အတူတူပါပဲ။ ဒီခေတ်က သမီးမွေးတဲ့ မိဘတွေသာ ပူပန်ရတဲ့ခေတ်မဟုတ်ပါ။ သားမွေးထားလည်း ကြောက်ရတာပါပဲ။
အရင်တုန်းကတော့ ယောကျင်္ားလေးပဲ… ထောင်အပြင် တန်းမရှိဘူးလို့ ပြောကြပါတယ်…..။ သူတို့ပြောတဲ့ တန်းဆိုတာ ပြည့်တန်ဆာတန်းကို ဆိုလိုတာပါခင်ဗျ။ ယောကျင်္ားလေးဆိုတာ လွန်ရောကျွံရော ထောင်ကျရုံပေါ့၊ ပြည့်တန်ဆာတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အဲဒီစကားကို ခုထိ ကိုးကားနေသူတွေ ခုခေတ်မှာ အဲဒါမှန်သေးရဲ့လားလို့ မေးပါရစေ။ အရင်တုန်းက ယောကျင်္ားလေးနဲ့ မိန်းကလေး ယှဉ်ရင် မိန်းကလေးက နစ်နာတယ်ပေါ့။ နာမည်ပျက်တာ၊ ကိုယ်ဝန်ရှိနိုင်တာ… စသဖြင့်ပေါ့။ ပတ်ဝန်းကျင်ကလည်း ယောကျင်္ားလေး မယားငယ်ယူတာနဲ့ မိန်းကလေး လင်ငယ်နေတာပေါ်မှာ သဘောထားချင်းမှ မတူတာ။ မဟုတ်တာလုပ်ဖို့ ယောကျင်္ားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေတာကိုး။


Saturday, April 7, 2012

ရင်ခုန်နှစ်ဦး သည်တန်ခူး

နိုင်ငံခြား ရောက်နေသော သူများထဲမှ တော်ရုံသင့်ရုံ မြန်မာစိတ်ပျောက်သူ အချို့ပင် သင်္ကြန်နားနီးလျှင်တော့ မြန်မာစိတ်နည်းနည်း ပြန်ပေါ်လေ့ရှိပါသည်။ သို့သော် ခွက်ကပ်နှင့်မူး ဆိုသလို ပျော်မဲ့သာ ပျော်ရသည်။ ပျော်စရာမကောင်းတော့သော သင်္ကြန်ကို ဘဝင်မကျစွာနှင့် ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးရှိရော့မည်ထင်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ တကယ်ပျော်စရာကောင်းသော သင်္ကြန်ကို သိမှီလိုက်သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်သည် အလွန်ပျော်ဖို့ကောင်းလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ကြသည်။ လူတန်းစားအလွှာ မရွေး၊ တောရော မြို့ပါမကျန် ပျော်ရသည့် သင်္ကြန်ပါ။ သင်္ကြန်မရောက်မီကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်တွေက နေရာအနှံ့ရနေခဲ့သည်သာ။ ရေပြွတ်တွေ၊ ရေခွက်လှလှလေးတွေ၊ သင်္ကြန်ပန်းကုံးလေးတွေ ရောင်းကြတာကို ဈေးတကာ နေရာတကာမှာ တွေ့နိုင်သည်။ သင်္ကြန်တစ်လလုံး မြန်မာ့ရုပ်မြင်သံကြားမှ သင်္ကြန်အကများ ထုတ်လွှင့်ပေးသည်။ ရန်ကုန်သင်္ကြန်နှင့် မန္တလေးသင်္ကြန် အပြိုင်နွှဲကြသည်။ သို့သော် သင်္ကြန်နှင့် ပါတ်သက်လျှင် မန္တလေးသည် ရန်ကုန်ထက် သာ ပါသည်။ အများအားဖြင့် ရန်ကုန်သင်္ကြန်ထက် စည်ကားသည်သာ ဖြစ်သည်။


Friday, March 30, 2012

Nantong သွား တောလား

Nantong ညရှုခင်း
ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားတောလားကို မဖတ်ဖူးပေမဲ့ ကြားဖူးတယ်။ ကိုတာရဲ့ စိမ်းတဲ့မြေသို့အပြန် ကို ဖတ်တော့ မှတ်မိနေတာ ဘင်္ဂလားသွားတောလား တဲ့ဗျ။ အခြားတောလားတွေလည်း ပါသေးရဲ့။ အဲဒီတော့ ပညာရှိကြီးတွေ စာရေးဆရာကြီးတွေကို မတန်မရာ လိုက်တုတာတော့ မဟုတ်ပေမဲ့ တောလားတစ်ပုဒ်လောက်တော့ ရေးချင်သား။ ခက်တာက ကိုယ်က ကိုယ့်မြန်မာပြည်ထဲတောင် ကျိုက်ထီးရိုးလောက် ချောင်းသာလောက် ရောက်ဖူးတာဆိုတော့ အခက်သားလား။ ဝေးဝေးလံလံဆိုလို့ မူဆယ်၊ နမ့်ခမ်းကနေ တရုတ်ပြည် ဝမ်တိန်လောက်အထိတော့ ၉ တန်းကျောင်းသားအရွယ်လောက်က ရောက်ဖူးပါရဲ့။ ဒါပေမဲ့ ငယ်သေးတာကတစ်ကြောင်း၊ အခုလောက်လည်း ဟိုစပ်စပ်ဒီစပ်စပ် မစပ်စုတတ်သေးတာကလည်းတစ်ကြောင်းမို့ အခုနေပြန်စဉ်းစားတော့ ဘာမှလည်း မမှတ်မိပါဘူး။ လားရှိုးမှာ တစ်ညအိပ်ရတာတော့ မှတ်မိတယ်။ ဒီလောက်ပါပဲ။

အင်းလေးကန်ကြီး ရေတွေခန်းတဲ့သတင်းကြားတော့ စိတ်မကောင်းဘူး။ ငါဖြင့် ရောက်တောင် မရောက်ဖူးသေးဘူး….ခန်းတောင် သွားပြီကိုးလို့ တွေးမိတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ အင်းလေးကန်ကြီးကို အတော်နှမျောမိတယ်။ အခုနေသွားတော့လည်း အရင်လို အလှတွေ ဘယ်ရှိရှာတော့မလဲလေ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ကောင်မလေးကို အသက်ကြီးလို့ ပုံပျက်ပန်းပျက်ကြီးဖြစ်မှ ပြန်တွေ့ရသလို နေမှာပေါ့။ စိတ်မကောင်းစရာကြီး နေမှာပါဗျာ။ သဘာဝပါတ်ဝန်းကျင်ကို နားလည်တန်ဖိုးထားတတ်တဲ့ အချိန်ကျတော့ တော်တော်များများက မသိနားမလည်သူတွေ၊ ကိုယ်ကျိုးရှာ လောဘအိုးတွေ၊ လက်ညှိးထိုး ရောင်းစားသူတွေ လက်ချက်နဲ့ အသက်ငင်နေတဲ့ သဘာဝဝန်းကျင်တွေသာ အများစုဖြစ်နေတော့တာပဲ။

Friday, March 23, 2012

စရိုက်၊ သမိုင်း၊ ခံစားမှု နှင့် The Lady

နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံတွင် အသံပိုင်းအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းခဲ့စဉ်က အချို့ရုပ်ရှင်များကို တစ်ရက် ၅ ပွဲထိုင်ကြည့်နေတတ်သော ကျွန်တော်သည် ရုပ်ရှင်ကြည့်ရတာတော့ အတော်ကြိုက်ပါသည်။ ဝါသနာပါသည်ဟု ဆိုနိုင်ပါသည်။ အလုပ်ပျက် အကိုင်ပျက် ကြည့်တတ်သည်မဟုတ်၍ အရူးအမူးဟုတော့ ဆိုနိုင်မည်မထင်။ ရုပ်ရှင်လောက တချို့ပုဂ္ဂိုလ်များဆီမှ ရုပ်ရှင်ဗဟုသုတ ကြားဘူးနားဝ နည်းနည်းပါးပါးလည်း ရှိသည်ပေါ့။ Tarzan ကာတွန်းကား ရုံမတင်မီ အစမ်းကြည့်ကြစဉ်က ကလေးနှင့် ကျားသစ်ကို foreground, background ဆွဲ၍ အနီးအဝေးပြသည့်အခါ အံ့အားသင့်ရကောင်းမှန်း သိခဲ့သည်။ ရုပ်ရှင်ရိုက်သည့်အခါ ဇာတ်ကောင်တစ်ကောင်ကို မှုန်ဝါးသွားပြီး အခြားဇာတ်ကောင်ကို အထင်ပြခြင်း၊ တဖြည်းဖြည်း ဇာတ်ကောင်ကို မှုန်ဝါးသွားပြီး ရှုခင်းကို အထင်ပြခြင်းမျိုးများကို ကင်မရာမှန်ဘီလူးကို ကစားခြင်းဖြင့် လုပ်ယူ၍ရပါသည်။ သို့သော် ကာတွန်းရုပ်ရှင်ကို အဘယ်သို့လျှင် မှန်ဘီလူးကစား၍ ရနိုင်အံ့နည်း။ ဤကဲ့သို့ ဆွဲပြခြင်းမှာ ထိုစဉ်က အံ့အားသင့်ဖွယ်ရာ တစ်ခုပါ။ ကျွန်တော့်တွင် Hard Disk နှင့် သိမ်းဆည်းထားသော ရုပ်ရှင် ၁၀၀၀ ခန့် ရှိပါသည်။ အကုန်လုံး ကြည့်နိုင်သည်တော့ မဟုတ်ပါ။ သို့သော် အချိန်ရလျှင်တော့ ရုပ်ရှင်ဖြင့်မူးယစ်ခြင်းသည် ခဏတာအားဖြင့် ဘဝအပူများကို မေ့လျော့ပေါ့ပါးစေသည်ကတော့ အမှန်ပါ။

Sunday, March 11, 2012

လိမ်လိုက်ရမလား (အပိုင်း ၂)

ကျွန်တော့်မှာ အတော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ စင်ကာပူရောက်မှ မိတ်ဆွေတစ်ယောက်နဲ့ ဆက်စပ်ပြီး သိကျွမ်းကြတာပါ။ ပညာတတ် တစ်ယောက်ပါပဲ။ အပြောကောင်းချက်ကတော့ တွေ့သမျှလူကို ခင်အောင်မင်အောင် ပြောနိုင်ပါတယ်။ တစ်ခါတွေ့ဖူးပြီးရင် သတိရနေအောင် ပြောတတ်သူပါ။ လူငယ်အချင်းချင်းတွေ့ရင် စကားလုံးကောင်းကောင်း ခပ်မိုက်မိုက်လေးတွေ ရွေးချယ်သုံးတတ်သူပါ။ လူကြီးတွေနဲ့တွေ့ရင်လည်း ဆီလျော်အောင် ပြောတတ်နေတတ်သူ ဖြစ်နေပြန်ပါရော။ တစ်ဘက်သားရဲ့ အခြေအနေအလိုက်အထိုက်ကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ပြီး သင့်လျော်အောင် စကားလုံးစီတတ်သူပါ။ ရုပ်ရည်က ချောချောမောမောထဲမှာ မပါပေမဲ့ ခင်မင်စရာ အပြုံးနဲ့ ဆွဲဆောင်တတ်သူပေါ့။ သူ့ထက်ငယ်တဲ့ လူငယ်တွေဆိုရင် သူပြောသမျှကို ပါးစပ်အဟောင်းသားနဲ့ သဘောတွေအကျကြီးကျအောင် ပြောနိုင်သလို ကောင်မလေးတွေဆိုရင်လည်း သူ့နာမည်ကို ပါးစပ်ဖျားကနေ မချအောင် ပြောတတ်သူပါ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကတော့ သူနဲ့ အသက်ချင်း မတိမ်းမယိမ်းတွေပါ။ ကျွန်တော်နဲ့ ပါတ်သက်ပြီး သူနဲ့ ရင်းနှီးကြသူတွေပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီအချိန်က စကားပြောတဲ့အခါ သူ့အကြောင်းမပါရင် မပြီးဖြစ်ခဲ့ကြတာပါပဲ။

Thursday, March 8, 2012

လိမ်လိုက်ရမလား (အပိုင်း ၁)

သူငယ်ချင်းတစ်ယောက်က ဟာသတစ်ခု ပြောသည်။ သူသည် သူတစ်ပါး အသက်ကိုမသတ်ဘူးပါ။ သူတစ်ပါးဥစ္စာကို မခိုးဘူးပါ။ သူတစ်ပါး သားမယားကိုလည်း မပြစ်မှားဘူးပါ။ သေရည်သေရက်လည်း မသောက်ဘူးပါ...ဟု ဆိုသည်။ တယ်ဟုတ်ပါလားဆိုတော့ တစ်ခုလေးပဲ ပြောစရာရှိသည် တဲ့။ အဲဒါကတော့ လိမ်ပြောတတ်တာလေး တစ်ခုတည်းပါ…တဲ့။ ရှေ့ကပြောခဲ့တာတွေ အားလုံး ဤစကားတစ်ခွန်းတည်းဖြင့် အဟောသိကံ ဖြစ်သွားရသည်။

လူလိမ်မြင်ဘူးသလား ဟု သူငယ်ချင်းတွေကို မေးကြည့်တော့ တချို့က တွေတွေဝေဝေစဉ်းစားပြီး လူတိုင်းအနည်းနဲ့ အများလိမ်ပြောတတ်ကြတာပဲ ဟုဖြေသည်။ တချို့က မှန်ထောင်ကြည့်ပေါ့ဟု ရယ်ကာမောကာ ပြောသည်။ တချို့ကတော့ သူတို့အတွေ့အကြုံတချို့အရ အလိမ်ခံရသည်ဟု ထင်မြင်သောကိစ္စများကို ဝေမျှကြသည်။ သို့သော် သေသေချာချာ နားထောင်ကြည့်လိုက်တော့ များသောအားဖြင့် အသေးစား လိမ်လည်ပြောဆိုမိခြင်းများနှင့် အထင်အမြင်လွဲမှားခြင်းက များပါသည်။
လိမ်ညာကြခြင်း အကြောင်းရင်းများကို လက်လှမ်းမီသမျှ ပြောကြည့်ပါမည်။ တချို့က ကိုယ်ကျိုးစီးပွားအတွက် လိမ်သည်။ တချို့က သူတစ်ပါးကို နစ်နာစေလိုကြောင်း ရည်ရွယ်ချက်ရှိရှိ လိမ်သည်။ တချို့က မိမိကိုယ်မိမိ ကာကွယ်ရန် လိမ်သည်။ တချို့က သူတစ်ပါး ဒုက္ခရောက်မည်စိုး၍ လိမ်သည်။ သူတစ်ပါးအတွက် ကူညီ၍ လိမ်ညာပေးသူများလည်း ရှိသည်။

Monday, January 23, 2012

ကြောက်လိမ့်မယ်လို့ မထင်နဲ့

တစ်နေ့သ၌ စင်ကာပူနိုင်ငံရှိ Bonus အလွန်ကောင်းသည်ဟု နာမည်ကြီးသော သင်္ဘောကျင်းတစ်ခုတွင် ထမင်းစားချိန်ဖြစ်လေရကား ဝန်ထမ်းအများစုမှာ နေ့လည်စာကို ကသုတ်ကရက်စားနေကြလေ၏။ ကသုတ်ကရက်စားရခြင်း အကြောင်းမှာ တစ်နာရီမျှသော ထမင်းစားချိန်အတွင်း တစ်ရေးတစ်မော အိပ်ချင်သေးသောကြောင့် ဖြစ်လေ၏။ သူတို့ထဲမှ အချို့ကား အချိန်ကို စီမံခန့်ခွဲရာ၌ မန်နေဂျာထက်ပင် ထူးချွန်သေး၏။ အနှီတစ်နာရီတည်းဟူသော အချိန်အတွင်း ထမင်းစား၏။ ဝန်ထမ်းများအတွက် အပန်းဖြေစရာပေးထားသော နေရာ၌ ဘိလိယက်ထိုး၏။ ပြီးလျှင် ကာရာအိုကေ တစ်ပုဒ်မျှဝင်ဟဲလိုက်သေး၏။ ပြီးလျှင် တစ်ရေးတစ်မော အိပ်လိုက်သေး၏။ အချိန်တစ်နာရီကို အဖိုးတန်အောင် အသုံးချနိုင်သည့်နေရာ၌ သင်္ဘောကျင်း ဝန်ထမ်းများကို မှီသူရှားပေမည်။

ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။

Friday, January 6, 2012

သံသရာစမ်းရေ (အပိုင်း ၆)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ ဝေမျှသည်ဆိုသည့်အတိုင်း နှစ်သက်သည်များကို ယူ၍ မနှစ်သက်သည်များ၊ အသုံးမတဲ့သည်များကို လွှင့်ပစ်နိုင်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ မည်သူ့ကိုမှ ကဲ့ရဲ့လိုသောသဘော မပါသလို ထိခိုက်နစ်နာစေလိုသော သဘောမပါ ပါ။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း နှင့် မတော်တဆ တိုက်ဆိုင်မှုများရှိခဲ့လျှင် နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

ဒုတိယမြန်မာပြည် ခြင်္သေ့တို့ဆီ
 
ခေတ်ကာလ တောင်းဆိုမှုအရ ကျွန်တော်တို့ လူငယ်တွေအများအပြား ပြည်ပနိုင်ငံတွေကို ထွက်ကြတဲ့ထဲမှာ စင်ကာပူကတော့ ဒုတိယမြန်မာပြည်လို့ ဆိုရလောက်အောင် မြန်မာတွေ များပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စင်ကာပူမြေကို ခြေချခဲ့တာ အခုဆို ၉ နှစ်ကျော် ၁၀ နှစ်နီးပါး ရှိလာခဲ့ပြီကော။ စ စခြင်း Work Permit (WP) ၊ နောက် ၅ နှစ်ကြာတော့ Employeement Pass (EP) ရ ၊ EP နဲ့ တစ်နှစ်မပြည့်ခင် Permanent Resident (PR) ရပါတယ်။

WP ဘဝကနေ လွတ်ဖို့ ကြိုးစားရတာ မလွယ်ပါ။ စင်ကာပူမှာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ လွယ်လွယ်နဲ့တော့ ဘယ်ဟာမှ မရပါ။ WP ကနေ S-Pass, EP ဖြစ်အောင် အပြင်းအထန် ရုန်းကန်ပြီးတော့ PR ရဖို့ လုပ်ရပြန်ရော။ PR မတင်ခင်မှာပဲ ကျွန်တော် မြန်မာပြည်ပြန်ပြီး အိမ်ထောင်ပြုပါတယ်။ PR တင်တော့ ဇနီးသည်ကိုပါ တွဲတင်ပါတယ်။ တင်ပြီး (၃) လ ပြည့်ခါနီးမှာပဲ နှစ်ယောက်စလုံး PR ရခဲ့ပါတယ်။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပျော်ပေမပေါ့။ ဒီအခြေအနေရောက်ဖို့ ကျွန်တော် (၆) နှစ်နီးပါး ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားခဲ့ရသည်ပဲ။ ထမင်းငတ်ခံ ကြိုးစားရတယ်ဆိုတာ အပြောမဟုတ်။ တကယ်ကြီးကို စားစရာမရှိခဲ့ပါ။ ဒါပေမဲ့ ယုံကြည်ချက်နဲ့ ကြိုးစားခဲ့သလို စင်ကာပူမှာ WP နဲ့ စ လာပြီး PR ရတယ်ဆိုတာ ဘဝရဲ့ သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုရလောက်တဲ့ အောင်မြင်မှုမျိုးဆိုတာ စင်ကာပူရောက် ဘဝတူတွေချင်း နားလည်နိုင်ပါလိမ့်မယ်။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...