ရည်းစားဆိုတာ မရှိတုန်းက တစ်ယောက်တည်း ကိုယ့်ဖာသာကိုယ် အဆင်ပြေပြေပါပဲ။ ရည်းစားရှိလာတော့ စိတ်တိုင်းတွေကျပြီး OK နေပြန်ပါရော။ ဒါပေမဲ့ ရည်းစားနဲ့ ပြတ်လည်းသွားရော….. သွားရော…။ အရင်က ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းနေတာ အကောင်း။ ရည်းစားရှိပြီး ပြတ်သွားတော့မှ လမ်းသွားရင်လည်း လက်က ဘယ်နားထားရမှန်း မသိ။ ခါတိုင်းလို ဆွဲသွားစရာ၊ ကိုင်ထားစရာက မရှိ (လက်ကို ပြောတာ..)။ ပြဿနာက အဲဒီမှာ စတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကိုယ့်ခြေမကြီးပဲ ကိုယ်ကုန်းကိုက်ရတော့မလိုလို….။ ဟတ်ကော့ကြီးဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ။
ကွန်ပျူတာ ဆိုသဟာလည်း ဒီလိုပဲဟ။ ကွန်ပျူတာမရှိဘဲ နေတုန်းကလည်း ဘာမှမဖြစ်ပါဘူး။ နေ နေတာပဲ။ အဲဒီ ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ပေါင်းလိုက်တော့ ပိုဆိုး..။ အခုတော့ အရင်တုန်းက ကွန်ပျူတာ နဲ့ အင်တာနက် မရှိဘဲ ငါဘယ်လို နေခဲ့ပါလိမ့်လို့ မနည်းပြန်စဉ်းစားနေရတယ်။ အင်တာနက်မရှိဘဲ ကွန်ပျူတာချည်းပဲတောင် အကျင့်က တော်တော်ပျက်တယ်။ စာလေးနည်းနည်းပါးပါး ရေးရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ ဆရာဦးအောင်သင်းက ပြောဖူးတယ်။ လူတစ်ယောက် လက်ရေးမလှဘူးဆိုတာ သူ့မူလတန်းဆရာမ ညံ့လို့...တဲ့။ ကွန်ပျူတာထဲမှာဆို စာလုံးတွေက ပိုလည်းလှတယ်။ လက်ရေးမလှလည်း အကြောင်းမဟုတ်ဘူး။ ဆရာမလည်း အပြောလွတ်တာပေါ့..…. ကွန်ပျူတာထဲမှာ Font တွေလည်း ပြောင်းလို့ရတယ်။ အရောင်တွေလည်း ပြောင်းလို့ရတယ်။ စာရင်းလေး နည်းနည်းပါးပါး ပေါင်းနှုတ်မြှောက်စား လုပ်ရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ Excel နဲ့ဆို အရမ်းလွယ်မယ်နော်။