Thursday, November 29, 2012

ပေါ့ပေါ့ပါးပါး အူကြောင်ကြား

ဆရာလုပ်တဲ့ post မျိုးတွေ ရေးဖို့ ကျွန်တော်စိတ်မဝင်စားပါ။ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရရှိနေတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေ၊ တွေးမိတောမိတာလေးတွေကို ဝေမျှဖို့သာ ရေးတာပါပဲ။ ငါ့စကားနွားရ ဆိုတဲ့ post ကို ရေးတော့ responsibility ဆိုတဲ့ တာဝန်ယူမှုအကြောင်းကို ရေးခဲ့ပါတယ်။ ကိုယ်စကားကိုယ် တာဝန်မယူတဲ့အကျင့်နဲ့ ပါတ်သက်လို့ မြင်သလို ရေးမိတာပါပဲ။ အခုတစ်ခါ ကျွန်တော်တို့ ရွှေပြည်ကြီးက သတင်းထောက်တွေ သမတကြီးဦးသိန်းစိန်ကို ထိုင်ကန်တော့ကြတဲ့ ကိစ္စ facebook မှာ ဖတ်မိပြန်တော့ ဘယ့်နှာကြီးပါလိမ့်လို့ တွေးမိပါတယ်။ facebook ရဲ့ ထုံးစံအတိုင်း ဝေဖန်ကြ၊ ဆဲကြ၊ ပြန်ဖြေရှင်းကြ၊ မှန်တယ်ထင်တဲ့လူနဲ့ မှားတယ်ထင်တဲ့လူတွေ online မှာ ရန်ဖြစ်ကြတာပေါ့ ခင်ဗျာ။ အဲဒီကိစ္စ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း responsibility နဲ့ တစ်ဆက်တည်းဖြစ်တဲ့ role ဆိုတာလေးကို ဆွေးနွေးမိကြပါတယ်။ အဲဒီကနေ ပြောမိကြတာလေးတွေကို မေ့မသွားချင်တာနဲ့ ဒီ post ကို ရေးဖြစ်တာပါပဲ။


Role ဆိုတဲ့ စကားကို မြန်မာလို အနီးစပ်ဆုံး အတိုချုံးပြီး တာဝန်ယူရတဲ့ အဆင့်… လိ့ု ပြောရင် နီးစပ်မယ် ထင်တယ်။ Responsibility ကျတော့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားတွေပေါ့။ အဲဒီတော့ Role and Responsibilities လို့ပြောရင် အဆင့်အလိုက် တာဝန်ယူမှုတွေပဲ။ မန်နေဂျာက မန်နေဂျာတာဝန်ဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ပြီး အရာရှိတွေ၊ အလုပ်သမားတွေက ကိုယ့်ကျရာတာဝန်ကို ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူ အကောင်အထည်ဖေါ်ကြရတာ လုပ်ငန်းတစ်ခုရဲ့ သာမန်သဘာဝတစ်ခုပါ။ ဒါပေမဲ့ အသင်းထဲက ကစားသမားတွေ အကြောင်းအမျိုးမျိုးနဲ့ အထုတ်ခံရလို့ပဲဖြစ်ဖြစ် ကစားပွဲအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဂိုးသမားကိုယ်တိုင် ရှေ့တန်းတက်ကန်ရတဲ့ ဘောလုံးပွဲလို ကိစ္စမျိုးတွေလည်း တခါတရံ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တခါတရံ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးပါ။ မန်နေဂျာကိုယ်တိုင် အလုပ်သမားအလုပ်ကို ဝင်လုပ်ရတာမျိုးတွေပေါ့။ အမြဲတမ်း အဲဒီလို ဖြစ်နေရင်တော့ ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှု စနစ်တွေကို ပြန်ပြီး သုံးသပ်ရတော့မှာပါ။

Tuesday, November 13, 2012

ငါ့စကားနွားရ

ဘယ်သူ ဘယ်လိုထင်ထင်၊ ဖြစ်ချင်ရာဖြစ်၊ ထင်ချင်ရာထင်၊ ငါပြောတာအမှန် တစ်ထစ်ချဆွဲမှတ်ပြီး ပြောချင်ရာပြောခြင်းကို ငါ့စကားနွားရလို့ ပြောလေ့ရှိကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပြောတဲ့စကားပေါ်မှာ    တာဝန်ယူမှုမရှိတဲ့ သဘောကိုပါ တွေ့နိုင်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ ရေးခဲ့ဖူးတဲ့ လမ်း ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်မှာ တရုတ်နိုင်ငံရဲ့ လက်ရှိဖြေရှင်းရမဲ့ ပြဿနာဟာ သီလနဲ့ သိက္ခာပြဿနာအမျိုးအစားတွေ ဖြစ်မှာပဲလို့ ရေးခဲ့ဖူးပါတယ်။ အခု ပြောင်းလဲမှုတွေ ကြမ်းနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဖြေရှင်းရမဲ့ ပြဿနာတွေထဲက တစ်ခုကတော့ တာဝန်ယူမှု လို့ ပြောရင် ရနိုင်မယ်ထင်ရဲ့။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေကလည်း ငါ့စကားနွားရ ပြောချင်ရာတွေပြောတယ်။ တာဝန်ယူမှု မရှိတဲ့ ပေါက်ကရတွေ အများကြီးကို အစိုးရ၊ အာဏာပိုင်၊ နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကို နာမည်ပေးထားသူတွေက ပြောခဲ့ကြပါတယ်။ ခေါင်ကစလို့ ပြောချင်ရာပြောလိုက်ကြတာ အဆင့်ဆင့်ကူးစက်ပြီး တစ်နိုင်ငံလုံးနီးပါး တာဝန်ယူမှုမပါတဲ့ လေကြီးမိုးကြီး အကျင့်တွေ စွဲကုန်ပါလေရောဗျ။ အဲဒါနဲ့ တစ်ဆက်တည်း သူများကို လွယ်လွယ်ကူကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေပါ စွဲလာကြပါရော။ ရေဘူးပေါက်တာ မလိုချင်သူများ လက်စွမ်းပြ အုပ်ချုပ်လိုက်ကြတာ နောက်ဆုံးတော့ တစ်ချိန်က ယဉ်ကျေးလှပါချည်ရဲ့ ဆိုတဲ့ ရွှေမြန်မာများ မျိုးဆက်နဲ့ ချီပြီး တာဝန်ယူမှုဆိုတာ မကြားဖူး၊ ကတိတည်တဲ့သူ ဆိုတာ မမြင်ဖူးလောက်အောင် ဖြစ်ကုန်ကြပါတော့တယ်။ တာဝန်ယူတဲ့သူ၊ ကတိတည်တဲ့သူကိုတောင် လှောင်စရာ ပြောင်စရာ သနားစရာ သတ္တဝါလို မြင်လာကြတော့တယ်။ ခေတ်ကလည်း လူလိမ်တွေ၊ ပေါင်းစား ညာစား ကပ်စား လျက်စားတွေ ကြီးပွားတဲ့ ခေတ်ဖြစ်သွားတော့တာကိုး။ ဂွင်စကား ပြောမှ လူရာဝင်တာကိုး ခင်ဗျ။
ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့သူတွေ ဘေးရောက်တဲ့ ခေတ်ကြီး ဖြစ်သွားတာ မျက် မြင်ကိုယ်တွေ့ပါ။ နှိပ်စက်ခံရတဲ့ ပြဿနာသာ မရှိရင် မြန်မာပြည်မှာ ထောင်ကျတာ ကြောက်စရာ  မကောင်းပါဘူးဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ လူကောင်းတွေ ထောင်ထဲရောက်ပြီး မဟုတ်တာလုပ်တဲ့ လူဆိုးလူမိုက်တွေက အပြင်မှာ ခန့်ခန့်ကြီး စံစားနေကြလို့ပေါ့ဗျာ။ ဘိန်းလေးနည်းနည်း လက်ဝယ်မိရင် သေဒဏ်ခင်ဗျ။ ဘိန်းကို ကွန်တိန်နာနဲ့ တိုက်ရင် အစိုးရပိုင်းက ပုဂ္ဂိုလ်များကတောင် လေးလေးစားစား ဦး တပ်ခေါ်ရတာခင်ဗျ။ နိုင်ငံပိုင်သတင်းစာမှာတောင် တလေးတစား ဖေါ်ပြရတာပေါ့ခင်ဗျာ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အစွယ်အပွားတွေ သွားတဲ့လာတဲ့အခါ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုတာ သူတို့နဲ့ မဆိုင်ဘူးတဲ့ ဗျ။ ဥပဒေအထက်က ဆရာများပေါ့။ ပြောမဲ့သာ ပြောရတာပါ…… အဲဒီအချိန်မှာ ဥပဒေဆိုသဟာလည်း မရှိပါဘူး။

ဆရာကြီးဦးဝင်းတင် ပြောသလို ပြောရရင် ထောင်ကလွတ်တယ်ဆိုတာ ထောင်လေးထဲကထွက်ပြီး ထောင်ကြီးထဲရောက်လာတာပဲ ရှိတာပါ။ အပြင်မှာလည်း ထောင်လိုပါပဲ။ မြန်မာပြည် တစ်ပြည်လုံး ထောင် ပါပဲတဲ့။

၂၀၀၂ ခုနှစ်မှာ စင်ကာပူကို ကျွန်တော် စ ရောက်ပါတယ်။ သင်္ဘောကျင်း အလုပ်သမားလေးအဖြစ်နဲ့ပေါ့ခင်ဗျာ။ အဲဒီတုန်းက ကိုယ့်နိုင်ငံက သိက္ခာမရှိတဲ့ အချိန်ဆိုတော့ ကျွန်တော်များမှာ ဘယ်သွားသွား မျက်နှာ ငယ်ရပါတယ်။ မျက်နှာငယ်ရတယ်ဆိုတာက ကျွန်တော်တို့ရဲ့ တစ်သက်လုံး ကြိုးစားပမ်းစား သင်ခဲ့ရတဲ့ ပညာအရည်အချင်းတွေ ဘာတစ်ခုမှ အသိအမှတ်ပြု မခံရတာပါ။ အသိအမှတ်သာ အပြုမခံရတာ၊ နိုင်ငံခြားထွက်မယ်ဆိုရင် ကျွန်တော်တို့အစိုးရကို လျော်ရတာ AGTI လက်မှတ်က ၂ သိန်းခွဲပါ။ BE လက်မှတ်က ၂ သောင်းခွဲ…တဲ့ဗျ။ ထူးထွေသည့် အံ့ရာသော်ပဲ။ ကျွန်တော့်ရဲ့ AGTI လက်မှတ်ကြီးရော၊ လက်ထောက်အင်ဂျင်နီယာ လုပ်ခဲ့တဲ့ အတွေ့အကြုံရော ဘာတစ်ခုမှ အသိအမှတ်ပြု မခံရဘဲ အေးဂျင့်နဲ့ ကုမ္ပဏီက စီစဉ်တဲ့အတိုင်း ပညာအရည်အချင်း အလယ်တန်းအဆင့်နဲ့ Work Permit လျှောက်လို့ လစာ $၄၅၀ စား အလုပ်သမားလေး အဖြစ်နဲ့ စ ခဲ့ရပါတယ်။ WP အတွက် စင်ကာပူ အလုပ်သမားဝန်ကြီးဋ္ဌာနကို သွားတော့ ဝင်ဝင်ချင်းပဲ အပေါက်ဝက စောင့်နေတဲ့ ဝန်ထမ်းက မင်္ဂလာပါလို့ နှုတ်ဆက်သဗျ။ ကျွန်တော်တို့ အဖွဲ့က အကုန် မြန်မာတွေချည်းပဲကိုး။ ကျွန်တော်တို့ အားလုံးအံ့သြသွားသလို အားလုံးရဲ့ မျက်နှာတွေမှာ အပြုံးကိုယ်စီ လက်သွားကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရင် ကျွန်တော်တို့ဆိုတာ သူတို့အနေနဲ့ ကြည့်ရင် သူတို့နိုင်ငံကို အလုပ်လာလုပ်တဲ့ အလုပ်ကြမ်းသမားလေးတွေ။ မြန်မာမျက်စိနဲ့ ကြည့်ရင် ဘာမှ လေးစား  လောက်စရာ ရှိတာမဟုတ်။

ဒါပေမဲ့ သူတို့တာဝန်ကို သူတို့ အကောင်းဆုံး      လုပ်ကြတာပါ။ လက်ဗွေနှိပ်တော့လည်း တယုတယပါပဲ။ ဘာမှ အကြမ်းပတမ်း ပြောတာ ဆက်ဆံတာ မရှိပါ။ လက်ဗွေနှိပ်ပြီး လှည့်ထွက်မယ်လုပ်တော့ အဲဒီအမျိုးသမီးကြီးက ပြုံးပြီး ကျေးဇူးတင်ပါတယ် လို ့ မြန်မာလို လှမ်းပြောတော့ လှည့်ပြီး နှုတ်ဆက်ခဲ့ပါ  သေးတယ်။ သူတို့ မျက်လုံးထဲမှာ ကျွန်တော်တို့ကို အထင်သေးတဲ့ အရိပ်အယောင် မတွေ့ခဲ့ရပါ။ အံ့သြစရာ ကောင်းလိုက်လေ။
ကျွန်တော်တို့ ဘာကြောင့်အဲဒီလောက် အံ့သြရသလဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အခုထိ  ကြုံခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံ အစိုးရရုံးဆိုတာ ဒါမျိုးမှ မဟုတ်ဘဲဗျာ။ ရုံးသွားရင် အဟောက်ခံရ၊ ကားစီးရင် စပါယ်ရာက ဟောက်လိုက်၊ ဆေးရုံသွားရင် လုံခြုံရေးက ဟောက်လိုက်၊ ဧည့်စာရင်းတိုင်ရင် ရဝတရုံးက ဆိုက်ကားသမား တဖြစ်လဲ စာရေးဆိုတဲ့ အကောင်က ဟောက်လိုက်၊ ကိုယ့်အိမ်ထဲ ကိုယ်နေရင်လည်း မရပါဘူး။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ညဉ့်နက်သန်းခေါင် အိပ်ယာက နှိုးပြီး ဟောက်သွားသေးတာ။ ဘာမှလည်း ပြန်မပြောရဲပါဘူး။ လူ့တန်ဖိုးဆိုတာ ရှိကိုမရှိခဲ့တာ။ ကျွန်တော်တို့ လေးစားရတဲ့ ကျွန်တော့်ဆရာ   တစ်ယောက်ကို ကားပေါ်မှာ စပါယ်ရာက မိုက်ရိုင်းစော်ကားပြောဆိုနေတာ မြင်တော့ ရင်ထဲမှာ မကောင်းဘူး။ ဟောက်ဟိန်းနေတဲ့ သူနဲ့ အဟောက်အဟိန်း ခံနေရတဲ့သူ နှစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို ရင်ထဲမှာ တွက်ချက်ကြည့်ခဲ့ဖူးတယ်။ ဒီစပါယ်ရာနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနေတဲ့ ဆရာ။ ကြီးကြီးကျယ်ကျယ် ပြောရရင် စပါယ်ရာဆိုတာ ဝန်ဆောင်မှု ပေးရမဲ့သူ.... ခရီးသည်ဆိုတာ ဝန်ဆောင်မှုကို စားသုံးသူ။ ဖြစ်နေတာက ပြောင်းပြန်။ စားသုံးသူက ပြန်ကြောက်နေရတဲ့ အဖြစ်။ ဒီအကောင်က ဒီလိုဘာဖြစ်လို့ ပြောခွင့်ရှိနေရတာတုန်း။ ခွေးရူးနဲ့ ခွေးကောင်း ဆိုပြီး ခွေးဥပမာပေးကြတာတော့ ကြားဖူးပါရဲ့။ ဒီခွေးရူးကို ရိုက်မသတ်သင့်ဘူးလား။ စဉ်းစားရင်းနဲ့ ဘယ်တွေ ရောက်ကုန်မှန်းကို မသိတော့ပါဘူးဗျာ။ မျက်စိထဲမှာတော့ ကြည့်နေရင်းနဲ့ ဒီစပါယ်ရာပုံက နှုတ်သီးပဲ ချွန်လာသလိုလို၊ အမြီးပဲကုတ်နေသလိုလို ထင်တာပါပဲ။ ကိုယ်ကိုယ်တိုင်လည်း အမြီးထွက်လာသလားပဲ။ သေချာတာတော့ တစ်ခုခု မှားနေတာပါပဲ။

အလုပ်လျှောက်လွှာလေးတစ်စောင် ရိုက်စရာရှိလို့ ဘားလမ်းထဲက ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ        သွားရိုက်ခိုင်းခဲ့ဖူးတယ်။ ရေးထားတဲ့ စာတန်းက ရိုက်ချင်စရာ။ စာလုံးပေါင်းမှားလျှင် ပိုင်ရှင်၏ တာဝန်သာ ဖြစ်သည်… တဲ့။ အဲဒါတောင် မှားပေါင်းထားသေးတာ။ အဲဒီတုန်းက အခုလိုသာ ဖုန်းကင်မရာတွေ ပေါပေါများများ ရှိနေရင် အဲဒီ မတော်တလျော်တွေ facebook ပေါ် တင်မိမှာ သေချာတယ်။ တကယ်တော့ ကွန်ပျူတာစာစီလုပ်တဲ့သူဆိုတာ ဒီအလုပ်မှာ သူက professional ပဲ။ အလုပ်အပ်သူက မှားရင်တောင် သူက ထောက်ပြဖို့ တာဝန်ရှိပါတယ်။ အဘိဓါန်ဆိုတာ ကိုင်ရကောင်းမှန်းတောင် သိရဲ့လား မသေချာပါဘူး။ မျက်နှာကျောတွေက တင်းတင်းနဲ့ မှားလို့ ပြန်ရိုက်ခိုင်းရင်တောင် ဒင်းတို့က မကြည်မလင် ဆူဆူဆောင့်ဆောင့် လုပ်ချင်သေးတာဗျ။ မှားတာကလည်း တစ်ခါပြင် တစ်ခါမှားပဲ။ စာရွက်တစ်ရွက်မှာ စာလုံးပေါင်းအမှားတွေက အများကြီးဗျ။ တကယ်တော့ ဒါဟာ မြန်မာပြည်က တာဝန်ယူမှု အားနည်းတဲ့ ဝန်ဆောင်မှု     လုပ်ငန်းတွေအတွက် ဥပမာအသေးလေး တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို ဝန်ဆောင်မှုမျိုးတွေနဲ့ သွားလို့ကတော့ ဝက်ဝက်တွေ ကွဲကြဦးမှာ အသေအချာပေါ့ခင်ဗျာ။

  ၂၀၀၇ ခုနှစ်မှာ အိမ်ထောင်ပြုဖို့ မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ၆ နှစ်လောက် စင်ကာပူမှာ လုပ်လာခဲ့တဲ့ ကျွန်တော် အမိမြေကို ပြန်ရောက်တော့ စိတ်ထဲက မှတ်ချက်ချမိတာ ထူးအိမ်သင်သီချင်းလေး နဲ့ပေါ့….. အရင်အတိုင်း ပဲလို့။    ဟုတ်တယ်….. နေရာတစ်ခု၊ လူတစ်ယောက်ဟာ နှစ်တွေအကြာကြီး ခွဲသွားပြီးလို့ ပြန်မြင်ရတဲ့အခါ တစ်ခုခုတော့   ထူးခြားသင့်တယ် မဟုတ်လားဗျာ။ ဝေးသွားခဲ့တာ ကြာပြီ    ဖြစ်တဲ့ မြန်မာပြည်ဟာ လွန်ခဲ့သော ၆ နှစ်နဲ့ ဘာမှ ထူးခြားမလာခဲ့ပါ။ အရင်က ခပ်သေးသေး ရှိခဲ့တဲ့ မြောက်ဥက္ကလာက ချိုင့်ခွက်တွေ ပိုကြီးလာတာတော့ သတိထားမိတယ်။ ဒါပေမဲ့ပေါ့ဗျာ…. စင်ကာပူက လူတစ်ယောက် ဥပမာပေးသလိုပါပဲ…. မြန်မာပြည်က မယားကြီးနဲ့ တူသတဲ့။ စင်ကာပူကတော့ မယားငယ်နဲ့ တူသတဲ့။ မယားငယ်ရဲ့ ရင်ခွင်ထဲမှာ ဘယ်လိုပဲ ပျော်နေပေမဲ့ အချိန်တန်တော့ မယားကြီးဆီ ပြန်ချင်တာပဲ..တဲ့။ သူ့ဟာသူ အသက်ပဲကြီးကြီး၊ ဘာပဲဖြစ်နေနေ မယားကြီးကိုတော့ မပစ်နိုင်ဘူးဆိုပဲ။ ဟုတ်မဟုတ်တော့ မိန်းမ တစ်ယောက်မက ရှိတဲ့သူတွေသာ မေးကြည့်ကြပေတော့ဗျို့။ အနော်တော့ တိဘူးဂျ။

လက်မှတ်ထိုးဖို့ တရားရုံးကို ရောက်တော့ စာရေးမလေးက ဘွဲ့ရလေးပါပဲ။ ဒါပေမဲ့ဗျာ…. အလုပ်လုပ်ပုံက ထုံထုံမှိုင်းမှိုင်း လေးလေးကန်ကန် လုပ်ချင်သလိုလို မလုပ်ချင်သလိုလို…. မြင်ရတာ အားမရပါဘူးဗျာ။    တရားသူကြီးက ကျွန်တော့်အမေရဲ့ သူငယ်ချင်းပါ။ ကျွန်တော့် အဒေါ်လို ဖြစ်နေတဲ့ အန်တီပါပဲ။ သူ့စာရေးမက ဗျာ… လက်ထပ်စာချုပ်ပေါ်မှာ လက်နှိပ်စက်ရိုက်လာလိုက်တာ များလိုက်တဲ့ အမှားအယွင်းတွေဗျာ။ တကယ်တော့ အများကြီး ရိုက်ရတာလည်း မဟုတ်ပါဘူး။ လက်ထပ်စာချုပ်မှာ အားလုံးက အဆင်သင့် ရေးထားပြီးသားပါ။ သတို့သားနာမည်၊ သတို့သမီးနာမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်… ဘာညာလောက်ပဲ ထပ်ရေးရတာပါ။ အဲဒါလေးကိုပဲ မှားမှားပြီး ရေးနေတာ ၃ ခါလောက် မှားပြီးမှ မှန်ပါတယ်။ သူ  ပေါက်ကရတွေ မှားရိုက်ထားတဲ့ စာချုပ်တွေတော့ ဖြဲပစ်လိုက်ရတာပေါ့ဗျာ။ ပြောတော့လည်း ပြောပြောပဲဗျ။    အေးဆေးပဲ။ စင်ကာပူမှာ သွားသွက်သွက်၊ စားသွက်သွက်၊ လုပ်သွက်သွက် လုပ်လာခဲ့တဲ့ ကျွန်တော်၊ သူတို့ကို အပြစ်တင်ရမှာလား…. အားကျရမှာလား… မဝေခွဲတတ်တော့ပါ။ စိတ်မရှည်ဘဲ အူထဲ အသည်းထဲက     ကျလိကျလိ ဖြစ်လာတာတော့ အမှန်ပါ။

မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး Top Ten ဝန်ကြီး ၁၀ ယောက်ထဲမှာ အပါအဝင်ဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးက ပြောတယ်။ မြစ်ဆုံဆည်နဲ့ ပါတ်သက်လို့ပေါ့။ မြန်မာပြည်မှာ လျှပ်စစ်အကြောင်း သူ့ထက်သိတဲ့သူ မရှိတော့ဘူး…တဲ့။ ဒီလောက် ပိုလျှံနေတဲ့ လျှပ်စစ်တွေ ရောင်းစားရမှာပေါ့…တဲ့။ ပြောစမ်းဟဲ့… ပေါက်ကရ။ ဝန်ကြီးတဲ့ဗျာ။ အဲဒီလို တာဝန်ယူမှုမရှိတဲ့ ပေါက်လွတ်ပဲစားတွေ လျှောက်ပြောပြီး ရှက်ရကောင်းမှန်းလည်း မသိ။ ကိုယ့်စကားကို တာဝန်ယူတဲ့ ခေါင်းဆောင်သာဆို ရှက်လွန်းလို့ ထွက်ရုံရှိတာပဲ။ အခုတော့ တာဝန်ယူမှုဆိုတာ ဘာမှန်းမသိတဲ့ အရူးက ဝန်ကြီးဖြစ်နေတော့ ရှက်ရကောင်းမှန်းလည်း သိပုံမရပါဘူး။     ထင်ရှားကျော်ကြားတဲ့ ငါ့စကားနွားရ ဝန်ကြီး ပါပဲ။ နောင်အခါ ဖယောင်းတိုင်အကြံပေးလို့ နာမည်ကြီးလာမဲ့  အလောင်းအလျာပုဂ္ဂိုလ်ကလည်း တစ်စခန်း ထ ပါသေးတယ်။ ပြည်သူတွေကို ရူးပါတယ်လို့ ပြောတဲ့ မစ္ဆရိယအမတ်ကြီးက တစ်မျိုး၊ အားလုံးသိပြီးသားတွေမို့ ထပ်မပြောတော့ပါဘူး။ ဆိုလိုချင်တာက တာဝန်ယူမှုဆိုတာနဲ့ ကင်းကွာခဲ့တာ ကြာပြီဖြစ်လေတော့ အခု (ဘာပဲပြောပြော) အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ၊ ရာထူးတွေရဲ့နောက်မှာ တာဝန်ယူမှုတွေ ပါလာတဲ့အခါ….. တာဝန်မဲ့တဲ့ စကားတွေ ပြောနေကျအတိုင်း ပြောမိတဲ့အခါ အရှက်တွေ ကွဲကြရတာ အတော်လေး စိပ်လာတာကို တွေ့နေရပါတယ်။

အရင်တုန်းက တစ်ဖက်သတ် ပြောချင်ရာပြော၊ တစ်ဖက်ကို ဘာမှ ပြောခွင့်ပေးထားတာ မဟုတ်တော့ ပြောတိုင်း တင့်တယ်ခဲ့သမျှ အခုလည်းကျရော facebook ပေါ် ရောက်လိုရောက်၊ မီဒီယာမှာ ပါလိုပါနဲ့ ရယ်စရာလိုလို၊ စိတ်ပျက်စရာ လိုလိုပါပဲ။ နောက်တော့လည်း စနစ်တွေ အသားကျသွားတဲ့အခါ အဆင်ပြေသွားမှာ ပေါ့လေ။ အခု လောလောဆယ်မှာတော့ ဒီပြဿနာက နိုင်ငံတိုးတက်ရေးမှာ အကြီးအကျယ် အနှောက်အယှက် ဖြစ်နေမှာပါ။

ကျွန်တော်တို့ မြန်မာတွေမှာ မြင်နေကျ စိတ်ဓါတ်တစ်ခုက ရာထူးကိုသာ မြင်တယ်။ ရာထူးရဲ့ နောက်က တာဝန်ယူမှု ဆိုတာကို မမြင်တာပါ။ ရာထူးကြီးကြီး ရချင်တယ်။ အဲဒီ ရာထူးကို မှီပြီးတော့ ရမဲ့ အကျိုးခံစားခွင့်ကို မြင်တယ်။ ယူရမဲ့ တာဝန်ကို မမြင်ဘူး။ ဘယ်အခွင့်အရေးမဆို တာဝန်ယူမှု ဒါမှမဟုတ် ပြဿနာ နဲ့ တွဲပြီး လာတာပါပဲ။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်သူတွေ ဆိုလည်း ဒီပြဿနာကို ကြုံရပါတယ်။ နိုင်ငံခြားမှာ ရှာတဲ့လူက ဘယ်လိုရှာရတယ် မသိဘူး…. မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမက ကြွားဖို့ ဝါဖို့ ပိုက်ဆံပဲ တွင်တွင်တောင်းနေတယ် ဆိုတာမျိုးတွေဟာ ဒီသဘောမကင်းပါဘူး။ ဘေးပါတ်ဝန်းကျင်ကလည်း နိုင်ငံခြားသွားနေတယ်ဆို အဆင်ပြေတယ်ချည်း မှတ်တော့တာပါပဲ။ အလွယ်တကူ ရနေတယ်များ ထင်သလား မသိပါ။ မနာလိုတွေဖြစ်ကြ၊ စောင်းကြ၊ မြောင်းကြ၊ ပြိုင်ကြ၊ ဆိုင်ကြတာတွေကလည်း ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လူမျိုးက အဆိုးဆုံးလို့ ထင်တာပါပဲ။ မိသားစုဝင် အချင်းချင်းလည်း အဲဒီလိုပါပဲ။ ချမ်းသာတဲ့သူဆို မဟုတ်တာလုပ်လို့ ချမ်းသာတယ်ချည်း ထင်တာကလည်း ပါ ပါသေးတယ်။ သူဘယ်လို ကြိုးစားခဲ့ရတယ်၊ သူဘယ်လို လုပ်ခဲ့ရတယ် ဆိုတာကို မြင်တတ်တဲ့သူက တကယ့်ကို နည်းနည်းကလေးပါ။

တစ်ခုခု ဖြစ်ရင် ကိုယ်ကိုယ်တိုင်လည်း ဘာမှမလုပ်တတ်ပေမဲ့ လက်တွေ့လုပ်နေရတဲ့ သူတွေအပေါ်     နားလည်မပေးနိုင်ဘဲ ထစ်ကနဲရှိ သူတစ်ပါးကို လွယ်လင့်တကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေကလည်း တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူ့နေရာမှာ ငါဆိုရင်ရော… ဆိုတဲ့ အတွေးလေး တစ်ချက်လောက်  ဝင်ရင်တောင် အဲဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်မယ်မထင်ပါ။ အခုတော့ facebook မှာ ကြည့်လိုက်ပါ။ comment တွေမှာ သူတစ်ပါးကို နစ်နစ်နာနာ ပြစ်ပြစ်နှစ်နှစ် ပြောဆိုနေတဲ့ မိမဆုံးမ ဖမဆုံးမတွေကို အများကြီး တွေ့ရပါလိမ့်မယ်။ ဆဲဆိုနေလိုက်ကြတာလည်း မိုးကိုမွှန်နေတာပါပဲ။ facebook ဟာ အများသူငါ  ကြည့်နေတဲ့ နေရာဆိုတာကို သတိထားရပါမယ်။ မောင်နဲ့ နှမ၊ သားနဲ့ အမိ မကြားဝံ့မနာသာတွေကို အားရပါးရ ပြောဆိုရေးသားနေသူတွေ ဆိုတာ စောစောက ကျွန်တော်ပြောခဲ့တဲ့ တာဝန်ယူမှု ဆိုတာနဲ့ ကင်းဝေးနေတဲ့ မျိုးဆက်တွေပါပဲ။ စာလုံးပေါင်းတွေ မှားချက်ကတော့ မြန်မာစာကို ချစ်တဲ့ မြန်မာတစ်ယောက်အနေနဲ့ ပြောရရင် မြင်ရတာ ရင်ထဲတကယ် မကောင်းပါ။ စုတ်ပြတ်နေတဲ့ စာလုံးပေါင်းတွေကို ကြည့်ပြီး    ငါတို့ဘာသာစကားတော့ သွားပါပြီလို့ကို တွေးမိပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားရင်တော့ မြန်မာစာကို အထင်သေးတဲ့ မြန်မာတွေလက်ချက်ရယ်၊ ဖြစ်ချင်ရာဖြစ် ကြုံသလို ဖြစ်သလို ရေးချင်သလို ရေးနေတဲ့ မြန်မာပျက်တွေရယ်ကြောင့် မြန်မာစာဟာ အနှေးနဲ့ အမြန်ပျက်စီးဖို့ သေချာသလောက် ရှိနေပါပြီ။

 


သူများကို အပြစ်ပြောရတာ၊ ဝေဖန်ရတာက လွယ်ပါတယ်။ ကိုယ်တိုင် ရင်ဆိုင်ကြည့်ရင် မလွယ်တာကို သိပါလိမ့်မယ်။ ကျွန်တော်တို့ ပြောတဲ့ စကားဆယ်ခွန်းနဲ့ ခေါင်းဆောင်တစ်ယောက် ပြောတဲ့ စကားတစ်ခွန်း တာသွားပုံချင်း မတူနိုင်ပါဘူး။ အဲဒါကို လူတတ်ကြီးလုပ်ပြီး ပြောဆိုရေးသားနေသူတွေကိုလည်း အင်တာနက်မှာ အများကြီး တွေ့ရပါတယ်။ တစ်တိုင်းပြည်လုံးက လူတွေအားလုံးကို ငတုံးတွေ၊ သနားစရာတွေ၊ သူတို့မှ မပြောရင် မပြရင် ဘာမှ မမြင်နိုင်တော့တဲ့ အကန်းတွေလိုမျိုး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားနာမည်ခံ ပြည်ပရောက် အချို့လည်း သတိထားသင့်နေပါပြီလို့ ပြောချင်လှတယ်။ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်ရေးခွင့်၊ ပြောခွင့် ရှိရမှာပါ။ ဒါတွေကြောင့်လည်း ဒီမိုကရေစီဆိုတာကို တောင်းကြတာပါပဲ။ ဒါပေမဲ့ မင်းကို ငါက ငပေါလို့ ယုံကြည်လို့ ရေးတယ်ကွာ…. ဆိုရင်တော့ ဒါဟာ ယုံကြည်မှု မဟုတ်တော့ဘဲ သူတစ်ပါးကို တိုက်ခိုက်တာပါပဲ။ ယုံကြည်မှု နာမည်တပ်ပြီး ပေါက်လွတ်ပဲစား လျှောက်ပြောနေ၊ ရေးနေလို့တော့ မဖြစ်ပါ။ အပြောခံရသူဖက်က ပြန်လည်ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိတဲ့အပေါ်မှာ အခွင့်အရေးယူပြီး မီဒီယာအားကိုး အနိုင်ကျင့်တာမျိုးတွေလည်း ရှောင်ရှားသင့်ကြပါပြီ။

ဒီဘလော့ဂ်မှာ ရွှေရောင်ခြင်္သေ့များဆိုတဲ့  post တစ်ခုကိုလည်း တင်ခဲ့ဖူးပါတယ်။ ခြင်္သေ့မြို့တော်လို့ ခေါ်တဲ့ စင်ကာပူမှာ ရွှေမြန်မာများ တိုးပွားလာတဲ့ အကြောင်းကို ရေးခဲ့တာပါ။ နောက်ဆုံး မြန်မာပြည်ကြီး တကယ်ပြောင်းလဲသွားခဲ့ရင် ခြင်္သေ့ကြီး ရွှေရောင်ပျယ်မှာပဲလို့ ရေးခဲ့ပါတယ်။ အခုတော့ ခြင်္သေ့ကြီး တကယ်ရွှေရောင် ပျယ်လာမဲ့ သဘောကို တွေ့နေရပါပြီ။ ကျွန်တော့် အသိအကျွမ်းတွေထဲမှာတင် PR  အပ်ပြီး မြန်မာပြည် အပြီးပြန်မဲ့သူတွေ တစ်နေ့တစ်ခြား ကြားလာရပါပြီ။ အယူအဆတွေ ယုံကြည်မှုတွေ အမျိုးမျိုးကွဲပြားနေတဲ့ ကြားကပဲ မြန်မာပြည် အပြီးပြန်တဲ့သူတွေ၊ ပြန်မဲ့သူတွေကို တွေ့နေရပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြင်စရာရှိတဲ့ စိတ်အခြေခံတွေကို အရင် ပြင်ဖို့ လိုလာပါပြီ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား အကျင့်တွေနဲ့ နိုင်ငံတကာ စီးပွားရေးထဲကို ဝင်တိုးရင်တော့ အရှက်တွေ ဗြန်းဗြန်းကွဲကြရဦးမှာပါ။


ကျွန်တော်မြင်သလို ပြောရရင် ကျွန်တော်တို့တွေ အာဏာရှင်စနစ်ကို ရွံ့မုန်းကြပေမဲ့ ကိုယ့်လက်ထဲ အာဏာလေး၊ လုပ်ပိုင်ခွင့်လေး ၂ ကျပ်ဖိုးလောက် ရောက်လာရင်ကို ၂၀၀ ဖိုးလောက်       အာဏာပြချင်စိတ်တွေ ရှိနေကြတုန်းပဲလို့ ထင်တာပါပဲ။     အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အာဏာရှင်စိတ်ဓါတ်တွေ  ကိန်းနေတုန်းပဲလို့ ခံစားရပါတယ်။ အာဏာရှင်တွေဟာ တွေ့ဆုံဆွေးနွေးရေးတို့၊ ညှိနှိုင်းအဖြေရှာရေးတို့၊ သူတစ်ပါးအမြင် ရှုထောင့်ကနေ ဝင်စဉ်းစားတာတို့ဆိုတဲ့ ယဉ်ကျေးမှုမျိုး မရှိပါဘူး။ ညှိနှိုင်းတယ်ဆိုကတည်းက အပေးအယူ အလျှော့အတင်း ရှိတာ သဘာဝပါ။ ကိုယ့်ဘက်က တစ်ခုလောက် လျှော့ပေးလိုက်ရတာနဲ့ ဒါဟာ အရှုံးပေးတာပဲ၊ ရန်သူကို ဒူးထောက်တာပဲ ဆိုပြီး ဆတ်ဆတ်ခါနေသူတွေက အများစု ဖြစ်နေပါတယ်။  ကျွန်တော်တို့ လူမျိုးအများစု ဆွေးနွေးညှိနှိုင်းတတ်တဲ့အကျင့် ဆင်းရဲနေတာကို   ကြည့်ရင် သိသာပါတယ်။ မြန်မာတွေရဲ့ ပြဿနာဖြေရှင်းနည်းဟာ အမြစ်ပြတ်ချေမှုန်းရေးသာ များပါ     တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတာ အာဏာရှင်ရဲ့ သဘောပါပဲ။ အစိုးရကစလို့ အောက်ခြေလူတန်းစားအထိ စိမ့်ဝင်ထိုးဖေါက် အမြစ်တွယ်နေတာ အာဏာရှင်စိတ်ဓါတ်ပါ။ ခေတ်ကြီး တကယ်ပြောင်းဖို့ဆိုရင် ကိုယ့်ကိုယ်ကို တာဝန်ယူတတ်ဖို့၊ ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်ဖို့ လိုသလို သူတစ်ပါးရဲ့   အခွင့်အရေးကို လေးစားတတ်ဖို့၊ ကိုယ့်အမြင် ကိုယ့်အယူအဆကို ဖေါ်ထုတ်တတ်သလို သူတစ်ပါးရဲ့ အမြင်အယူအဆကိုလည်း နားထောင်တတ်ဖို့၊ နားလည်မှုရှိဖို့၊ မတူတာလေးတွေကို ညှိနှိုင်း အဖြေရှာတတ်ဖို့ လိုမယ်ထင်တာပါပဲလို့ တွေးမိတာလေး ရေးကြည့်လိုက်ပါတယ်ခင်ဗျာ…..။ ဘယ်သူ့ကိုမှ ဆရာလုပ်တာ မဟုတ်ရပဲ ကိုယ့်ကိုယ်ကို သတိပေးခြင်းက အဓိက ဖြစ်ပါကြောင်းနဲ့ လွန်တာရှိ ဝန္တာမိပါ………….

(ကျွန်တော့်စာ ကျွန်တော် တာဝန်ယူပါတယ်….။ အမြင်မတော်ရင် ဆုံးမနိုင်ပါတယ်ခင်ည။)



(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)


လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...