အပိုင်း (၁) မှာ စကားနဲ့ လက်ဆင့်ကမ်းတာရဲ့ ပြဿနာတချို့ကို ပြောခဲ့ပါတယ်။ အပိုင်း (၂) မှာတော့ MLM ရဲ့ အစ ကနဦးအကြောင်းနဲ့ ဈေးကွက်ရှာပုံ ပြဿနာကို အနည်းအကျဉ်းသဘော တင်ပြခဲ့ပါတယ်။
အခုလည်း ဒီဈေးကွက်ရှာပုံကိုပဲ နည်းနည်းလောက် ဆက်ပြီး မြင်သလိုပြောကြည့်ပါ့မယ်။ ဒီကိစ္စက အဓိက ပြဿနာထဲမှာ ပါသမို့ အကုန်မရေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ရေးလိုက်တာပါ။
လွဲခြင်း အခြေခံ
လူတစ်ဦးနဲ့ တစ်ဦး စကားလက်ဆင့်ကမ်းတယ် ဆိုရာမှာ အပိုင်း (၁) မှာ ပြောခဲ့သလို နားလည်မှု လွဲမှားနိုင်တဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ လူဆိုတာ စကားတစ်ခုကို လက်ဆင့်ကမ်းရာမှာ ပုံမှန်နားကြားလွဲတာ၊ နားလည်မှုလွဲတာ အပြင် ကြည်ညိုသဒ္ဒါကြောင့်ပဲ ဖြစ်စေ၊ အမုန်းစိတ်အခံ ရှိရင်ဖြစ်စေ၊ လောဘကြောင့် ဖြစ်စေ၊ ဒေါသကြောင့် ဖြစ်စေ၊ နှစ်သက်မှု၊ မနှစ်သက်မှုတွေကြောင့်ဖြစ်စေ လိုရင်လိုသလို မလိုရင်မလိုသလို စကားကို လိုတိုးပိုလျော့ ပြောတတ်တာ ဓမ္မတာပါ။ ဒါတောင် ဘာသာစကား တူမှပါ။ ဘာသာစကားမတူသူဆီက ကြားရတဲ့စကားဆိုရင် ပိုဆိုးပါတယ်။ ကိုယ့်စိတ်ထဲ မရှင်းတဲ့အချက် သူတစ်ပါးကို ပြန်ပြောတဲ့အခါ ကိုယ်ထင်သလို ဆီလျော်အောင် ဘာသာပြန် ပြောတတ်ကြပါသေးတယ်။