အနုပညာဆိုတဲ့ စကားလုံးက စာလုံးလေး ၄ လုံးထဲပေမဲ့ သူ့အကြောင်းပြောရင် အတော်ကျယ်ပြန့်တဲ့ ကိစ္စပါ။ အနုပညာတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ စိတ်ထဲမှာ ရှိသမျှနဲ့ ကျွန်တော့ကိုယ်ပိုင် ခံစားမိသမျှ စိတ်ကူးပေါက်ရာ အနုပညာအကြောင်း နည်းနည်းတို့ထိချင်တာနဲ့ ဒီစာကို ရေးပါတယ်။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝလောက်တုန်းက နွေရာသီကျောင်းပိတ်ရက်တိုင်း သင်တန်းတစ်ခုမဟုတ်တစ်ခု တက်ရပါတယ်။ တစ်ခုသော နွေကျောင်းပိတ်ရက်မှာ ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ကျွန်တော့ကို အမေက YMCA မှာဖွင့်တဲ့ ပန်းချီသင်တန်းကို ပို့ပါတယ်။ အခု ပန်းချီဆရာမလေး ချောအိသိမ်းရဲ့ အဖေ ဦးမောင်မောင်သိမ်းက ကျွန်တော်တို့ ဆရာပေါ့။ အဲဒီကတည်းက ဆရာ့ကျေးဇူးနဲ့ အလင်းအမှောင်၊ အနီးအဝေးသဘော၊ မျဉ်းတွေရဲ့ အလှ၊ ကောက်ကြောင်းတွေရဲ့ အလှကို ခံစားတတ်ခဲ့ပါတယ်။