Tuesday, June 25, 2013

လူကြီးလူကောင်း



 Facebook သုံးသည့်အခါတိုင်း “Don’t show your emotion” ဆိုသည့် စီမံခန့်ခွဲမှုသင်တန်းတစ်ခုမှ သင်ကြားချက်ကို မကြာခဏဆိုသလို အမှတ်ရမိသည်။ မာယာ = တစ်မျိုးတစ်မည် အယောင်ဆောင်ခြင်း၊ ပရိယာယ် ဆိုသည့် ငယ်ငယ်တုန်းက အော်ကျက်ခဲ့သည့် မြန်မာစာ ခက်ဆစ်စကားလုံးတစ်ခုကိုလည်း သတိရသည်။ တို့ကတော့ ဘွင်းဘွင်းပဲ ဆိုသည့် တချို့သောသူတို့၏ ပြောစကားကိုလည်း ကြားယောင်မိပါသည်။ လူကြီးလူကောင်းဆန်တယ်ဆိုတာ တကယ်တော့ ဟန်ဆောင်ကောင်းတာကို ပြောတာကွ ဆိုသည့် မိတ်ဆွေတစ်ယောက်၏ စကားကိုလည်း ဆင်ခြင်မိသည်။ ဤစကားလုံးများ၊ အနှီအကြောင်းအရာများကို စဉ်းစားမိသည့်အခါတိုင်းလည်း စိတ်ထဲတွင် တွေးစရာတွေ တသီတတန်းကြီး ပေါ်လာမြဲဖြစ်သည်။

ရိုးသားခြင်းနှင့် ပွင့်လင်းခြင်းကို တန်ဖိုးထားသော မြန်မာ့လူအဖွဲ့အစည်းတွင် ဟန်ဆောင်ခြင်းကို မကောင်းမှုနှင့် တွဲလျက်နားလည်နေကြတော့သည်။ အမှန်အားဖြင့် ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းသိမ်းခြင်းကို ကွဲပြားစွာ နားမလည်ခြင်း ဖြစ်ပါလိမ့်မည်။ မလိုလျှင် ဟန်ဆောင်သည်ဟု စွတ်စွဲလျက် လိုလျှင် ထိန်းသိမ်းသည်…၊ လူကြီးလူကောင်း ဆန်သည်ဟု အမျိုးမျိုး လှည့်ပတ်ပြောဆိုတတ်ခြင်းကလည်း နားလည်မှုလွဲစရာ အကြောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ ကျွန်တော်ယခု ပြောလိုသည်မှာ စကားတတ်တိုင်း လှည့်ပတ်ပြောဆိုသော ဝေါဟာရများအကြောင်းကို ဘေးဖယ်လျက် မိမိကိုယ်ကို ထိန်းသိမ်းခြင်းနှင့် မရိုးမသား လှည့်ဖျားပြောဆို ဟန်ဆောင်ခြင်း၊ ရိုးသားပွင့်လင်းခြင်းနှင့် မထိန်းသိမ်းနိုင်ခြင်း၏ ပင်ကိုယ်သဘော ကွဲပြားမှုနှင့် ပါးလွှာသောစည်းကို ပြောလိုရင်းဖြစ်ပါသည်။

ဆိုကရေးတီးပြောခဲ့သော စကားတစ်ခွန်း ရှိပါသည်။ တစ်ရံရောအခါ ဆိုကရေးတီးသည် တပြည့်တပန်းများနှင့် စကားပြောနေခိုက် အင်္ဂဝဇ္ဇာဆရာတစ်ယောက်က ဆိုကရေးတီးကို ကြည့်လျက် မှတ်ချက်ပြုသည်မှာ ဆိုကရေးတီးသည် တဏှာရာဂအလွန်ထူပြောလျက် လောဘသက္ကာယ အားကြီးလိမ့်မည် ဟူ၏။ ဆိုကရေးတီး၏ ရုပ်ရည်မှာ ကြမ်းတမ်းသောကြောင့် ဤသို့လျှင် မှတ်ချက်ပြုပုံ ရပါသည်။ ဆိုကရေတီး၏ တပြည့်များလည်း အင်္ဂဝဇ္ဇာဆရာအား ဒေါသထွက်ကြပါသည်။ ထိုအခါ ဆိုကရေးတီးက ပြောသောစကားမှာ မင်းတို့သူ့ကို ဒေါသမထွက်ကြနဲ့…. တကယ်တော့ သူလည်း မမှားဘူး…. အမှန်တကယ်လည်း အဲဒီစိတ်တွေ ငါ့မှာ ရှိတယ်…. ဒါပေမဲ့ ငါ့အသိဉာဏ်နဲ့ ငါ့ကိုယ်ငါ ထိန်းသိမ်းထားတာကြောင့် မင်းတို့မသိရတာ…. ဟူသတတ်။

ဤနေရာတွင် သတိပြုစေလိုသည်မှာ ထိန်းသိမ်းနိုင်မှု ဖြစ်သည်။ ဤသည်ကို ဟန်ဆောင်မှုဟု ကမ္မည်းတပ်၍ မရနိုင်ပါ။ စိတ်ထဲရှိသည့်အတိုင်း ပြောသူ၊ လုပ်သူတိုင်းကို ဟန်ဆောင်မှုကင်းသူ၊ ရိုးသားသူဟု သတ်မှတ်ရမည်ဆိုလျှင် သူခိုးဓမြများ၊ လူသတ်သမားများ၊ မုဒိမ်းသမားများသည် ဟန်ဆောင်မှုကင်းသူများဟု ဆိုနိုင်ပါမည်လော။ ရိုးရိုးသားသား ခိုးစားပါသည်။ ဟန်ဆောင်မှုကင်းစွာ သတ်ချင်စိတ်ပေါက်လာသည့်အတိုင်း သတ်လိုက်သည်….. စိတ်ထဲက လုပ်ချင်လာသည့်အတိုင်း ရိုးသားပွင့်လင်းစွာ မုဒိမ်းကျင့်လိုက်သည် ဆိုပါစို့။ စာရှုသူ လက်ခံနိုင်ပါမည်လား။

လူသားနှင့် တိရိစ္ဆာန်ကွာခြားမှုများတွင် စဉ်းစားဆင်ခြင်နိုင်ခြင်းနှင့် ထိန်းသိမ်းနိုင်ခြင်းလည်း ပါ ပါသည်။ သားတစ်ကို ချထားရင် ကျားကတော့ စားမှာပဲ…. ဆိုသည့်စကားသည် မထိန်းသိမ်းနိုင်သူတို့၏ တာဝန်မဲ့စကား၊ တိရိစ္ဆာန်ဆန်သော ဆင်ခြေဟုသာ ကျွန်တော်သတ်မှတ်ပါသည်။ ကိုယ်တွေက ဆည်ဝကဗျိုင်းပဲ… ဘာလာလာ စားမှာပဲ…. ဆိုသူများလည်း စဉ်းစားဆင်ခြင်ကြဖို့ ဖြစ်သည်။ ထိန်းသိမ်းနိုင်ခြင်းသည် သီလဖြစ်သည်။ ကိုယ့်ကိုယ်ကို တာဝန်ယူမှုပါသည်။ သို့ဖြစ်ရာ မည်သည့်အရာသည် ထိန်းသိမ်းရမည့်အရာနည်း… မည်သည့်အရာ မည်သို့သောကိစ္စသည် ပွင့်လင်းရမည့် ကိစ္စဖြစ်သနည်း။

ကျွန်တော်တို့လူမျိုးက အိမ်ထောင်ရေးတွင် ဖြစ်စေ၊ မိတ်ဆွေချင်း ဆက်ဆံရေးတွင်ဖြစ်စေ စိတ်ရင်းနှင့် ဆက်ဆံသော ဆက်ဆံရေးမျိုးကို တန်ဖိုးထားသည်။ သို့သော် ထိုစိတ်ရင်းသည် မေတ္တာကို အခြေခံသော၊ တစ်နည်းအားဖြင့် အကျိုးလိုလားမှုပေါ် အခြေခံသော စိတ်ရင်းဖြစ်သင့်ပါသည်။ ကျွန်တော့် မိတ်ဆွေအချို့အကြောင်းကို ဥပမာပေးပါရစေ။ ကျွန်တော့်တွင် မိတ်ဆွေ ၁၀ ယောက် ရှိသည် ဆိုပါစို့။ အသေအချာ စဉ်းစားကြည့်ပါက ကျွန်တော်၏ သူတို့ ၁၀ ယောက်အပေါ် ထားသော သဘောထားသည် ၁၀ မျိုး ဖြစ်ပါသည်။ သဘာဝကျစွာပါပဲ.... သူတို့က ကျွန်တော့်အပေါ် ထားရှိသော သဘောထား အမြင်သည်လည်း ၁၀ မျိုး ဖြစ်ပါလိမ့်မည်။

ယေဘူယျအားဖြင့် အပေါ်ယံကျော ဆက်ဆံသော မေးထူးခေါ်ပြော မိတ်ဆွေများနှင့် ဆက်ဆံရာတွင် သူတို့အမြင် သူတို့ဝေဖန်ချက်များသည် ကျွန်တော့်အတွက် လိုချင်ယူ၊ မလိုချင် ဖယ်လိုက်ရုံသာ ဖြစ်သည်။ ကျွန်တော့်မိတ်ဆွေအရင်းအချာများ၏ ထင်မြင်ချက်၊ ဝေဖန်ချက်များကိုမူ လျစ်လျူမရှုဝ့ံပါ။ သူတို့က ကျွန်တော့်အကျိုးစီးပွားအတွက်ဆိုလျှင် အမုန်းခံပြောမည့်သူတွေ။ နားဝင်ချိုဖို့မလို၊ ကျွန်တော့်အပေါ်ထားသည့် သူတို့ရင်ထဲက မေတ္တာ စေတနာကို ကျွန်တော်ခံစား၍ရသည်။ ဤကဲ့သို့ စိတ်ရင်းနှင့် ဆက်ဆံ၍ရသော မိတ်ဆွေများနှင့် တွေ့သည့်အခါ စိတ်ထဲတွင် လုံခြုံသလို ခံစားရသည်။ သံသယကင်းခြင်းသည် ပွင့်လင်းဖို့အခြေခံဖြစ်သည်။
 စင်ကာပူမှ စံမံခန့်ခွဲမှု သင်တန်းတစ်ခုကို တက်တော့ ဆရာက Don’t show your emotion ကို ပြောသည်။ ဆိုလိုသည်က မင်းစိတ်ခံစားမှုကို မပြပါနဲ့ ဟူလို။ ဤသည်မှာ အောင်မြင်ရေးအတွက် အဓိက သော့ချက် ဖြစ်သည်ဟု ဆိုသည်။ သို့ဆိုလျှင် ပွင့်လင်းမှုမရှိ၊ ဟန်ဆောင်ရမည်ဟု ဆိုလိုပါသလား… ဟန်ဆောင်ခြင်းသည် အောင်မြင်ရေးအတွက် အဓိက သော့ချက်တဲ့လား……။ ကိုယ်တို့က ရိုးသားတယ်… ဘွင်းဘွင်းပဲ… ကို သဘောကျတတ်သော မြန်မာလူမျိုးတစ်ယောက်အနေနှင့် ကျွန်တော့် စိတ်ထဲက complain တက်ပါသည်။ ဆရာက ဆက်ပြောပါသည်။ မင်းရဲ့ စိတ်ခံစားမှုကို ပြလိုက်တာနဲ့ မင်းမျက်နှာ တစ်ချက် ပျက်လိုက်တာနဲ့ သွားပြီသာ မှတ်လိုက်တော့ဟု ဆိုသည်။ တစ်ဖက်က ဘယ်လိုပဲပြောပြော၊ ဘာတွေပဲ ဖြစ်နေနေ မျက်နှာမပျက်ရဘူး… ဒီလို နေရတယ်ကွ… ဟု ဆိုတာ မျက်နှာကို ပြုံးပြပါသည်။

ကျွန်တော်တို့ဆီက ပြည်သူချစ်သော ရုပ်ရှင်မင်းသမီးကြီးတစ်ယောက် ဟောလိဝုဒ်ကို အလည်သွားပြီး ပြန်လာတော့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးသည်။ သူတို့ဆီက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံကို မြင်ရတော့ ကျွန်မရှက်မိပါတယ်…တဲ့။ ကျွန်မတို့က မိတ်ကပ်တွေဖွေးနေအောင်လိမ်း မျက်နှာကို ပြူးပြ ပြဲပြနဲ့ပဲ သရုပ်ဆောင်တတ်တာ… သူတို့က အပိုအလိုမရှိ မျက်လုံးအကြည့်လေး တစ်ချက်နဲ့ သရုပ်ဆောင်တတ်ကြတယ်….။ သူတို့လို ကျွန်မ မလုပ်တတ်ပါဘူူး…တဲ့။

ဖြစ်ရပ်မှန်လေး တစ်ခုပြောပါရစေဦး။ ရန်ကုန်က အဆင့်မြင့်ရုပ်ရှင်ရုံမှာ အသံပိုင်းအင်ဂျင်နီယာအဖြစ် အလုပ်လုပ်စဉ်တုန်းကပါ။ မြန်မာကား နှစ်သက်တဲ့ ပရိသတ်နဲ့ အင်္ဂလိပ်ကား နှစ်သက်တဲ့ ပရိသတ် နည်းနည်းကွာပါတယ်။ အင်္ဂလိပ်ကားလာကြည့်တဲ့ ပရိတ်သတ်က နည်းနည်းငြိမ်ပါတယ်။ မြန်မာကား ပရိတ်သတ်ကတော့ ငမော့စ်ထွက်လာတာနဲ့ ဘာမှ လုပ်မပြရသေးခင် ရယ်ကြတော့တာပါပဲ။ ရယ်စရာရှိလည်း ခွက်ထိုးခွက်လန် ရယ်ကြပါတယ်။ ငိုစရာရှိလည်း တရှုတ်ရှုတ်ငိုကြပါတယ်။ ဇာတ်ဆောင်တွေနဲ့အတူ စီးမျောခံစားရာမှာ မြန်မာကား ပရိတ်သတ်က ပိုပြီးခံစားလွယ်ပါတယ်။ သူတို့က ရုပ်ရှင်ကြည့်ရတာ ပိုတန်တယ် ပြောရမှာပေါ့လေ။ အဲဒီ မြန်မာကား ပရိတ်သတ် အင်္ဂလိပ်ကား လာကြည့်ရင်လည်း သိသာပါတယ်။


Titanic ရုပ်ရှင်ကို မှတ်မိကြဦးမှာပါ။ နာမည်ကြီးသလောက် ကောင်းလေတော့ အင်္ဂလိပ်ကား ပရိတ်သတ်ရော၊ မြန်မာကား ပရိတ်သတ်ရော ဝက်ဝက်ကွဲ အားပေးကြတဲ့ ဇာတ်ကားပါ။ အဲဒီမှာ လီယိုနာဒို နှိပ်စက်ခံရတဲ့ အခန်းမှာ ပရိတ်သတ်ထဲက တောက်ခေါက်သံ အကျယ်ကြီးတစ်ခု ထွက်လာပါတယ်။ တစ်ဆက်တည်းမှာပဲ… ပြန်ထိုးလိုက်ပါလား…. လူပါးဝလို့…. ဆိုတဲ့ ရေရွတ်သံပါ ထွက်လာတော့ လူတွေက လှည့်ကြည့်ကြပါတယ်။ ပရိတ်သတ်ထဲက ငိုသံတွေ၊ ရှိုက်သံတွေကတော့ အဲဒီရုပ်ရှင်မှာ အကြားရဆုံးပါပဲ။

အင်္ဂလိပ်ကား ပရိတ်သတ်နဲ့ မြန်မာကား ပရိတ်သတ် ဘယ်ဒင်းက ပိုများသလဲမေးရင် မြန်မာကားတွေ နည်းပညာ ဘယ်လိုအားနည်းနည်း၊ သရုပ်ဆောင်တာ ဘယ်လိုဖြစ်ဖြစ်၊ ဇာတ်လမ်းက ဘယ်လိုပဲ မွဲပြာပုဆိုးဖြစ်နေနေ မြန်မာကားပရိတ်သတ်က ပိုများတာ ကိုယ်တွေ့မျက်မြင်ပါ။

ပြောချင်တာက ကျွန်တော်တို့ မြန်မာအများစုရဲ့ ထိရှခံစားလွယ်မှုပါ။ emotion ကို ထိန်းသိမ်းမထားကြပဲ ပွင့်ပွင့်လင်းလင်း ခံစားရတာကို ခံစားရတဲ့အတိုင်း ပြပစ်လိုက်တာပါပဲ။ ထိန်းသိမ်းနိုင်သူတွေထက် မထိန်းသိမ်းပဲ လွှတ်ချလိုက်သူတွေက ပိုများပါတယ်။ မြန်မာတွေရဲ့ ပင်ကိုယ်သဘောကိုက တစ်ခုခုကို တာရှည်ဆုပ်ကိုင်မထားဘဲ လွှတ်ချချင်တဲ့ သဘော ရှိတယ်လို့ ဆိုရမှာပါ။ စိတ်ထဲရှိတာကို ပြောလိုက်ရမှ။ လက်ထဲ အမှိုက်စလေး တစ်ခုလောက် ကိုင်ထားပြီး အမှိုက်ပုံးရှာရမှာ စိတ်မရှည်ဘူး။ တွေ့တဲ့နေရာ လွှင့်ပစ်ချင်တာ။ ပါးစပ်ထဲက ကွမ်းတံတွေး၊ ထွေးချင်လာပြီဆို ထွေးလိုက်ရမှ။ အပေါ့အပါးသွားချင်လာရင် သန့်စင်ခန်းမလိုဘူး…. ကြုံတဲ့ ဓါတ်တိုင်ကော့ပန်းပစ်ကြတာကလား။ ဒီ post က စည်းကမ်းအကြောင်း မဟုတ်လို့ စည်းကမ်းဆိုတဲ့ ရှုထောင့်ကို ကျွန်တော် မပြောဘူး။ ခံစားမှုကိုပဲ ပြောချင်တာ။

အဲဒါမျိုးသာ နည်းနည်းလေးမှ သည်းမခံ မအောင့်အည်း မထိန်းသိမ်းကြတာ….။ အယူအဆတစ်ခု ပြောင်းဖို့ကျတော့ အင်မတန်ခက်တဲ့ လူမျိုးဗျ။ တစ်ခုခုကို စွဲမိရင် မလွှတ်တော့ဘူး။ အယူအဆကျ အသေဖက်တွယ်ထားတာ။ ဘာမှ အစွဲမထားရဘူးဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေမို့သာ တော်တော့တယ်။ စွဲချက်ကတော့ လန်ထွက်နေရောပဲ။ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ… ဘာစွဲ… ညာစွဲ… တံဆိပ်စွဲ…. အကုန်စွဲဗျ။ Toshiba ဆို Toshiba ပဲ။ Super coffee ဆို Super မှ Super ပဲ။ အဲဒီတော့ မြန်မာပြည် မားကက်တင်းလောကမှာ တံဆိပ်ဦးတဲ့လူက Ok တာပဲ။ မူလလက်ဟောင်းမှ ကောင်းတယ်ထင်တာလည်း မြန်မာ့ထုံးစံဗျ။ အဲဒီတော့ ဆင်တူယိုးမှားပြဿနာ များတာပေါ့ဗျာ။ တံဆိပ်အသစ်ဆို စမ်းရမှာ ဝန်လေးကြလေတော့ အတုတွေ၊ ဆင်တူယိုးမှားတွေ အလုပ်ဖြစ်တာပေါ့ဗျာ။

အစွဲအလန်းများခြင်းနဲ့ ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်တာနဲ့က ဆက်စပ်တယ်ဗျ။ ခံစားမှုကို ရှေ့တန်းတင်တတ်တော့ ထိလွယ်ရှလွယ်တယ်။ အဲဒီလို ထိလွယ်ရှလွယ်တတ်တဲ့စိတ်နဲ့ ထိန်းသိမ်းမထားဘဲ လွှတ်ချတတ်တဲ့ အကျင့်နဲ့ ပေါင်းလိုက်တော့ မှန်၏မှား၏ နညး်နည်းကလေးမှ မစဉ်းစားတော့ဘဲ စကားကို လက်လွတ်စပါယ်ပြောတတ်တဲ့ လူမျိုးဖြစ်လာတာပေါ့ဗျ။ ဟုတ်တယ် မဟုတ်ဘူးတော့ facebook မှာသာ ကြည့်တော့ဗျာ။

အဲဒီလို လူမျိုးတွေကို သူတို့ထိလွယ်ရှလွယ်တဲ့ အားနည်းချက်ပေါ်နင်းပြီး ကစားလိုက်တော့ အထိကရုဏ်းတွေ ဖြစ်ပြီး သေကြ၊ ဒုက္ခရောက်ကြတာပေါ့ဗျာ။ ဘယ်လောက်ပဲ သင်ခန်းစာတွေများများ ခုထိလည်း မြန်မာတွေရဲ့ အတွင်း သရုပ်သကန်ဟာ မပြောင်းလဲသမို့ လှည့်စားချင်တဲ့လူက လွယ်လွယ်ကူကူ ကလေးကွက်တွေ သုံးပြီး ထပ်ကာထပ်ကာ လှည့်စား အနိုင်ယူနေတာပေါ့ခင်ဗျာ။ ကျွန်တော်တို့ လူမျိုးက ဘယ်ဟာမှလည်း ကြာရှည်မှတ်သားထားချင်တဲ့ လူမျိုးမဟုတ်ဘူးလေ။ အဲဒီတော့ သမိုင်းသင်ခန်းစာတွေကို မေ့ပစ်ရာမှာလည်း အလွန်မြန်သဗျ။ မကောင်းတဲ့ဘက်က ပြောရရင် အမှတ်မရှိဘူးဗျ။ ဒီလူကပဲ ဒီပုံစံနဲ့ပဲ ဒီအတိုင်းပဲ ထပ်ကာထပ်ကာ လုပ်လည်း ထပ်ကာထပ်ကာ ခံရတာပါပဲ။ ဒါလည်း မမှတ်ပါဘူး။ နည်းနည်းလောက် ဆွပေး မြှောက်ပေးလိုက်ရင် က ကြပြန်တာပါပဲ။ သနားဖို့လည်းကောင်း၊ ရှက်ဖို့လည်းကောင်းပါတယ်။

ပညာဆိုတဲ့ ပိုင်းခြားဆင်ခြင်ခြင်းမပါတဲ့ ယုံကြည်ခြင်း (သဒ္ဓါ) ဟာ အန္တရာယ်များလှတယ်။ မျက်ကန်းသဒ္ဓါတရားဟာ အစွန်းရောက်အယူအဆတွေကို မွေးဖွားစေတယ်။ ပညာမရှိရင်၊ သဒ္ဓါမရှိရင် သီလဆိုတဲ့ စောင့်ထိန်းခြင်းဟာ မဖြစ်နိုင်တော့ဘူး။ ပညာဖြစ်ဖို့ သုတဆိုတဲ့ နာကြားခြင်း၊ လေ့လာသင်ယူခြင်းဆိုတာ မရှိမဖြစ်ပေါ့။ လူတွေမှာ တိရိစ္ဆာန်နဲ့ မတူတဲ့ တစ်ချက်က တိရိစ္ဆာန်တွေက မွေးရာပါ သူ့ကိုယ်သူကာကွယ်ဖို့ အစွမ်းတစ်ခုတော့ ပါစမြဲပဲ။ လူကတော့ မွေးရာပါ ဘာမှ မတတ်ဘူး။ ဒါပေမဲ့ သင်ယူနိုင်တဲ့၊ မှတ်သားနိုင်တဲ့၊ သင်ခန်းစာယူနိုင်တဲ့၊ ဆင်ခြင်တွေးတောနိုင်တဲ့ ဉာဏ်ဆိုတာလေးပဲ ပါလာတာ…တဲ့။ စာဂဆိုတဲ့ စွန့်ကျဲခြင်းက လူတွေရဲ့ အတ္တကို၊ အစွဲတွေကို လျော့ချဖို့ အကူအညီပေးတယ်။ အစွဲတွေ ပိတ်ဖုံးနေရင် ပညာဟာ ထိထိရောက်ရောက် အလုပ်မလုပ်နိုင်တော့ဘူး။ ပညာနဲ့သာ ကောင်းမှု မကောင်းမှုတွေကို ပိုင်းခြားနိုင်မှာပဲ။ ဒါမှသာ မကောင်းမှုကို ပြုလုပ်ခြင်းမှ ရှက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ခြင်းမှ ကြောက်ခြင်းဆိုတဲ့ ဟီရိသြတ္တပတရားတွေ ဖြစ်လာမှာ။

ပြီးတော့ စကားကြွယ်တဲ့ လူမျိုးဖြစ်တဲ့အတိုင်း ကိုယ့်ရဲ့မကောင်းမှုကို ကာကွယ်ဖို့ စကားလုံးလှလှတွေကို သုံးပြီး ကာကွယ်တတ်ကြသမို့ လိုတစ်မျိုး မလိုတစ်မျိုး စကားလုံးတွေအောက်မှာ အမှန်တရားက ပျောက်ဆုံးသွားပါတယ်။

အပြုသဘော ဝေဖန်တာနဲ့ စော်ကားမော်ကား ပြောတာ မကွဲပြားဘူး။ စေတနာလို့ ခေါင်းစဉ်တပ် အပုပ်ချတာ မကွဲပြားဘူး။ သတ္တိရှိတာနဲ့ ဆဲရေးတာ မကွဲပြားဘူး။ စည်းရုံးတာနဲ့ အကြပ်ကိုင်တာ မကွဲပြားဘူး။ လွတ်လပ်တာနဲ့ စည်းကမ်းမဲ့တာ မကွဲပြားဘူး။ တင်းတိမ်ရောင့်ရဲတာနဲ့ အပျင်းထူတာ မကွဲပြားဘူး။ ဖေါက်ပြန်တာကို ပွေးတယ်လို့ ပြောတယ်။ ခိုးတာ၊ လိမ်တာကို ဘတ်တယ်လို့ ပြောတယ်။ ကြာလာတော့ အိမ်ထောင်ရေးဖေါက်ပြန်တာတွေက ပုံမှန်လို ဖြစ်လာတယ်။ ခိုးတာတွေ လက်ယဉ်လာတယ်။ အရက်သောက်တာ ယဉ်ကျေးမှု ဖြစ်လာတယ်။ မကောင်းမှုတွေကို ပုံမှန်၊ သာမာန် လို ဖြစ်လာအောင် ပြောကြ လုပ်ကြတယ်။ မဟုတ်တာ လုပ်တဲ့လူဆိုတာ ပါတ်ဝန်းကျင်ကိုလည်း သူ့လိုလုပ်အောင် တိုုက်တွန်းတယ်။ လူတွေအားလုံး သူ့လိုဖြစ်သွားရင် သူ့ရဲ့မကောင်းမှုက မထင်ပေါ်တော့ဘူး။ မထင်ရှားတော့ဘူး။ အားလုံး သူလိုလူတွေ ဖြစ်သွားရင် သူ့ကိုယ်သူ လုံခြုံတယ်လို့ ခံစားရတယ်လေ။
 

နောက်ဆုံးတော့ လူယုတ်မာတွေက လူမိုက်တွေကို အသုံးချ၊ လောကကို ဖျက်ဆီးကြတယ်။ လူမိုက်ဆိုတာ လူယုတ်မာရဲ့ လက်အောက်ခံပဲလေ။ မကောင်းတာချင်း အတူတူ လူယုတ်မာက ဉာဏ်ပိုကောင်းလို့ လူယုတ်မာဖြစ်တာ။ ဒူလို့ ပိန်းလို့ လူမိုက်ဖြစ်တာပေါ့။ facebook မှာ ရှာကြည့်ပါ။ လူယုတ်မာတစ်စုရဲ့ ဆိုင်းချက်တွေပေါ်မှာ လူမိုက်တွေ အများကြီး က ပြ အသုံးတော် ခံနေရတာ။ နောက်ဆုံးတော့ လူမြင်ကွင်းမှာ မြင်ရတဲ့ လူမိုက်တွေကိုပဲ ဝိုင်းဝန်းပြောကြ…. ကျည်ကွယ်မျက်ကွယ်က လူယုတ်မာတွေ ခါးနှိပ်ပြီး တဟီးဟီးနဲ့ အားရနေမှာပေါ့။

လူမိုက်တွေလောက်သာ မြင်ပြီး ပြောနေတဲ့ ကျွန်တော်တို့လည်း လူမိုက်များပါပဲ။
Don’t show your emotion. ခံစားမှုကို နည်းနည်းလောက်ထိန်းသိမ်း၊ နည်းနည်းလောက် စဉ်းစား…. မကောင်းဘူးလား……… ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ထိန်းသိမ်းတယ်ပြောပြော၊ ဟန်ဆောင်တယ်ဆိုဆို နည်းနည်းလောက်တော့ ပြုပြင်ဖို့ မလိုဘူးလား.....
လူကြီးလူကောင်းတွေက ထိန်းထိန်းသိမ်းသိမ်း ပြောတတ်ကြသတဲ့။ ပညာရှိအမျက် အပြင်မထွက်..တဲ့...။ ပညာရှိချင်ရှိ မရှိချင်နေ စိတ်ထဲဖြစ်လာလို့ကတော့ တယ်လေ... ငါ... လုပ်ထည့်လိုက်ရ.....

(ခင်ဗျား facebook ထဲက အဆိပ်အတောက် ဖြစ်စေတဲ့ Account တစ်ခု နှစ်ခုလောက်ဖြစ်ဖြစ် block ကြည့်ပါလား။ ခင်ဗျားစိတ်တွေ အရင်ကထက် အေးချမ်းလာမှာ အသေအချာပါ… ကျွန်တော်ကတော့ အခုလို တောင်ရောက်မြောက်ရောက် စိတ်ထဲရှိတာတွေ လွတ်ချလိုက်ရတာ နည်းနည်းနေသာထိုင်သာ ရှိသွားတာ အမှန်... ကျွန်တော်လည်း မြန်မာလူမျိုးတစ်ယောက်ပဲလေ......)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...