Wednesday, November 6, 2013

မိမိကိုယ်ကို နှိမ့်ချခြင်း




 မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတာ တရားအားထုတ်တဲ့ သူတွေအတွက် မရှိမဖြစ်အကျင့်တစ်ခုပါ။ ရိုးသားခြင်းရဲ့ ပြယုတ်တစ်ခုလို့လည်း သွယ်ဝိုက်ပြီး ဆိုနိုင်ပါတယ်။ မာန်တွေ ခံနေရင် တရားမရပါဘူး။ ရိုးသားမှု မရှိရင်လည်း တရားမရပါဘူး။ မာန်မာနကြီးသူဟာ နာယူလွယ်တဲ့စိတ် မရှိနိုင်ပါဘူး။ ဒါဆိုရင် တရားရဖို့ ဝေးသထက် ဝေးနေဦးမှာပါ။

ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုတာကို တလွဲအဓိပ္ပါယ် ပေါက်နေသူတွေ များတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့စွာနဲ့ ငါက ညံ့တယ်၊ သုံးမရဘူးလို့ ဆိုလိုရာ မရောက်သလို ကိုယ့်ရဲ့ အားသာချက်၊ ထူးချွန်တဲ့ အချက်တွေကို မျက်ကွယ်ပြုခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်အရည်အချင်းကို ထုတ်ဖေါ်ပြသခြင်းဟာ အပြစ် မဟုတ်သလို ရှိကိုရှိရမဲ့ အကျင့်တစ်ခုပါ။ တကယ်နားလည် တတ်ကျွမ်းစွာ ပြောဆိုမှုဟာ ကြွားဝါတာ မဟုတ်ပါ။ ကိုယ့်ထက်သိသူ တတ်သူများကို ချဉ်းကပ်ဆည်းပူးတာဟာ ကောင်းတဲ့ကိစ္စဖြစ်သလို ကိုယ့်လောက်မသိသူတွေကို ဝေမျှခြင်းဟာလည်း နတ်လူနှစ်သက်စရာ ဖြစ်ပါတယ်။

တကယ်တော့ မိမိကိုယ်ကိုယ်နှိမ့်ချခြင်းဟာ သူတစ်ပါးကို အလေးအမြတ်ပြုခြင်း ဖြစ်ပါတယ်။ သေတဲ့အထိ မပြီးဆုံးနိုင်တဲ့ သင်ယူမှုတွေအတွက် စိတ်ကို အသင့်ပြင်ခြင်း (သို့) ဖွင့်ထားတဲ့ စိတ်အခြေအနေ တစ်ခုပါ။ မိမိရဲ့ တတ်ကျွမ်းနားလည်မှုတွေအတွက် မထောင်လွှား မကြွားဝါဘဲ ရိုးသားတဲ့ စိတ်လို့လည်း ဆိုနိုင်ပါတယ်။ မြန်မာလူမျိုးတွေထဲမှာတော့ အဲဒီစကားကို အဓိပ္ပါယ်တလွဲကောက်သူတွေက တတ်ကျွမ်းနားလည်သူတွေရဲ့ စကားကို ကြားရတဲ့အခါ ကိုယ့်ကိုယ်ကို ဖေါ်တယ်ဆိုပြီး စွပ်စွဲတတ်ကြတာမို့ အသိဉာဏ်ပိတ်ရာ အယူလွဲမှုတစ်မျိုး ဖြစ်နေတတ်ပါတယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုပြီး ထက်ထက်မြက်မြက် လုပ်စရာရှိတာတွေကို မလုပ်ကြဘဲ ဆင်ခြေပေးလို့ နေတတ်ပါသေးတယ်။

ဒါပေမဲ့ မြန်မာတွေဟာ လေးစားမှုကို အင်မတန်ငတ်မွတ်ကြတယ်လို့ ဆိုပါရစေ။ အလွန် အလေးစားခံချင်တဲ့ ပုဂ္ဂိုလ်တွေကို မြင်ဖူးကြမှာပါ။ ငယ်ငယ်ကတည်းက လူကိုလူလို မဆက်ဆံတဲ့ ဖိနှိပ်မှုတွေနဲ့ချည်း ယဉ်ပါးလာရတဲ့ ဒီလူမျိုးအတွက် လေးစားမှုငတ်မွတ်ခြင်းဟာ သူတို့ရဲ့ အသွေးအသားထဲထိ ရောက်လို့နေပါတော့တယ်။ တစ်ဆက်တစ်စပ်တည်းမှာပဲ သူတစ်ပါးကို လေးစားရမှာ ဝန်လေးသူတွေ ဖြစ်လာကြပြန်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ လေးစားခံရမှုဆိုတာ သူတို့ မက်မောတဲ့ အရာဖြစ်နေလေတော့ သူတစ်ပါးကိုလည်း လွယ်လွယ်မပေးချင်ဘူးပေါ့။ အဲဒီကနေ တစ်ဆင့်တက်တော့ မစ္ဆရိယစိတ်များတဲ့ သဘောကို ဆောင်လာကြပါရော။ ကိုယ်မရနိုင်တဲ့ အရာတစ်ခုကို သူတစ်ပါးဆီမှာ တွေ့ရတဲ့အခါ မနာလိုဘူးပေါ့။ ငါ့လို အရည်အချင်းမရှိဘဲနဲ့ ဒင်းက ရနေပါလားဆိုတဲ့ မာန်မာနကပါ မစ္ဆရိယကို ကူညီပံ့ပိုးပြီး အတ္တမီးထိုးပြန်တော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက်နဲ့ ရင်ထဲမှာ သာသနာကွယ်ကြရပြန်တယ်။
ဒီလိုနည်းနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အရည်အချင်းရှိသူကို နေရာမပေးဘဲ ဆွဲချတတ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုကျတော့ စိတ်ထဲမှာ ကြိတ်ပြီး ဘဝင်တွေလေဟပ်လို့၊ အများရှေ့မှာတော့ နှိမ့်ချသယောင် နေရခြင်းဟာ ရိုးသားခြင်း မမည်ပါဘူး။
မြတ်စွာဘုရားရှင်က ဘုရားဖြစ်ပြီလို့ ဝန်ခံတော်မူတာဟာ ကြွားဝါတာ၊ ပလွှားတာ မဟုတ်ဘူးဆိုတာကို လက်ခံတယ်ဆိုရင် ဒီလိုလေး ပြောကြည့်ပါ့မယ်။ တကယ်လုပ်ပြီးခဲ့ပြီဆိုရင် ဒါဟာ ကြွားဝါတာ မဟုတ်တော့ပါဘူး..လို့။

ကျွန်တော် သင်္ဘောကျင်းမှာ အလုပ်လုပ်စဉ်က အရာရှိတွေအတွက် Appraisal form ကို ကာယကံရှင်အရာရှိတွေ ကိုယ်တိုင် ဖြည့်ကြရပါတယ်။ နားလည်အောင် လွယ်လွယ်ပြောရရင်တော့ ကိုယ်ဘယ်လောက် အလုပ်လုပ်တယ် တော်ပါတယ် ဆိုတာကို ကိုယ်ဖါသာ ရေးရတယ် ဆိုပါတော့။
အဲဒီမှာတင် ကိုယ့်ကိုယ်ကိုဖေါ် မသူတော် နဲ့ ယဉ်ပါးလာတဲ့ ကျွန်တော်တို့ မြန်မာတွေ တိုင်ပတ်ပါတော့တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုး ဘယ်လို ဖြတ်ရမှန်း မသိကြတော့ပါ။ ကျွန်တော်တို့က သူတစ်ပါးကို တန်ဖိုးဖြတ်တဲ့ အကျင့်စွဲလာခဲ့လေတော့ ကိုယ့်တန်ဖိုးကိုယ်ပြောရမယ်လည်း ဆိုရော ပြဿနာက စ ပါတော့တယ်။ ရာထူးတိုးဖို့ ပြောရမယ်ဆို သာတောင်ဆိုးပါသေးတယ်။ ကိုယ်ဟာ ဘာကြောင့် ဒီရာထူးနဲ့ ထိုက်တန်ပါတယ်ဆိုတဲ့ အကြောင်း ပြောရတဲ့အခါ မြန်မာတွေခင်မျာ အဲဒီလို ပြောရင်ပဲ ကဲ့ရဲ့ခံရတော့မလို၊ ကိုယ့်ကွယ်ရာမှာ လှောင်ကြတော့မလို ခံစားကြရပါတယ်။ တကယ်လည်း မြန်မာအချင်းချင်း အဲဒီလို ကိစ္စမျိုးဟာ မဆန်းပါဘူး။ အဲဒါကြောင့် မြန်မာတွေ အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်ပေးသမျှ ယူကြတာ များပါတယ်။ ဒါဟာ ကိုယ့်တန်ဖိုးကို နားမလည်ချင်းရဲ့ အကျိုးဆက်တစ်ခု ဆိုပါတော့။

သူ ဘယ်လောက်တော်ပါတယ်လို့ ကိုယ်က ပြောရရင် တော်သေး… အခုဟာက ကိုယ်တော်တာ ကိုယ်ပြောရမယ်ဆိုတော့ တညိုးကြီး ဖြစ်ကုန်ပါရော။ ဒါပေမဲ့ တကယ့်တကယ်ကျတော့လည်း သူတစ်ပါး ကိုယ့်ထက်သာတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ချီးကျူးတဲ့ အလေ့အထဟာ မြန်မာတွေမှာ အင်မတန်ရှားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်နဲ့ မတိမ်းမယိမ်းဆိုရင် ငါက သူ့ထက်သာတယ်ဆိုတဲ့ အခံစိတ်ရှိနေလို့ပါ။ တကယ်လို့ ကိုယ့်ထက်သိသိသာသာ မနှိုင်းမယှဉ်သာအောင် သာနေပြီဆိုရင် မသိချင်ယောင် ဆောင်ပါတယ်။ သူတစ်ပါး ကိုယ့်ထက်သာတာကို ဘာမှမဟုတ်သလို ဟန်ဆောင်တော့တာပါပဲ။ မနာလိုအားကြီးတဲ့သူဆို မကောင်းတဲ့စိတ် အားကြီးတဲ့သူဆိုရင် မကောင်းကြံတာ၊ ချောက်ချတာပါ ပါလာပါတော့တယ်။ အဆိုးဆုံးက အမှန်တဝက်ရောနေတဲ့ အမှားကို အသုံးချတာပါပဲ။ အသိဉာဏ်နည်းသူများအဖို့ အမှန်တရားကနေ သွေဖီသွားတော့တာပါပဲ။

ဒါပေမဲ့ ကိုယ်ကနည်းနည်းသာနေတယ်လို့ ထင်တဲ့အခါ အတင်းကို အဲဒီအကြောင်း စကားမရှိ စကားရှာပါတယ်။ ပြီးရင် ဘာမှ အရေးမကြီးတဲ့ပုံနဲ့ ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးတတ်တဲ့ အလေ့အထကို လူအတော်များများမှာ တွေ့ရပါတယ်။ လူမျိုးတိုင်းမှာ အနည်းနဲ့အများ တွေ့နိုင်ပေမဲ့ မြန်မာတွေက နည်းနည်းပိုတယ်လို့တောင် ပြောနိုင်ပါရဲ့။ ဒါကလည်း အကြောင်းသိနေလို့ ထင်ပါရဲ့လေ။
ကိုယ့်ကို သူများက တန်ဖိုးဖြတ်တာကျတော့လည်း နည်းတယ၊် မတန်ဘူး ထင်ပြန်ရော။ ဒါဖြင့် ကိုယ့်ကိုယ်ကို ဈေးဖြတ်ဖို့ ဆိုပြန်တော့လည်း မဖြတ်တတ်ပြန်ဘူး။ ပြီးတော့ ဈေးနှုန်းပြောရုံနဲ့လည်း ပွဲပြီးတာ မဟုတ်။ ဘာကြောင့် ဒီလောက်တန်ပါတယ်ဆိုတာကို အကျိုးနဲ့အကြောင်းနဲ့ ဆီလျှော်အောင် ပြောရတာဆိုတော့ ပို ဆိုး…။

တကယ်တော့ ကိုယ့်တန်ဖိုးကို ဟုတ်တိုင်းမှန်ရာ သိတဲ့သူသာလျှင် နှိမ့်ချခြင်း ဆိုတာကို နားလည်သူပါ။ ကိုယ်တော်တာ ကိုယ်တတ်တာနဲ့ သူတစ်ပါးကို နှိမ့်နှိမ့်ချချ ပြောစရာမလို။ ကိုယ်က သာတယ်ဆိုတိုင်း အနိုင်ယူချင်တာ လူကြီးလူကောင်းစိတ် မဟုတ်ပါ။ ဒါကြောင့် မိမိကိုယ်ကိုယ် နှိမ့်ချခြင်းဟာ ပြည့်ဝသူ၊ သဘောထားကြီးသူတွေရဲ့ စိတ်နေသဘောထားတစ်ခုလို့ ဆိုရင် မမှားပါဘူး။
အဲဒါကြောင့် မိမိကိုယ်ကိုယ် နှိမ့်ချခြင်းဆိုရာမှာ အဓိပ္ပါယ်တလွဲတွေးလို့ ကိုယ့်တန်ဖိုးကို လျော့မတွက်ဖို့ လိုသလို သူတစ်ပါးကို လေးစားမှုပေးဖို့ လိုပါတယ်။

အမှန်တကယ် နားလည်တတ်ကျွမ်းသူတွေက ပြောလာတဲ့အခါ ကိုယ်လိုက်မမီတာနဲ့ ဒီလူတွေဟာ ကိုယ့်ကိုယ်ကိုဖေါ်တာပဲဆိုပြီး မသူတော်စာရင်း အစောတလျင် မသွင်းမိဖို့ သတိချပ်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်မှာ တကယ်ရှိတဲ့သူအတွက် ဝေမျှခြင်းဟာ သူ့အတွက် သိပ်နစ်နာစရာ အကြောင်းမရှိပေမဲ့ အဲဒီဝေမျှမှုကို တန်ဖိုးနားမလည်သူအတွက်တော့ အခန့်မသင့်ရင် ဘဝနဲ့ချီပြီး နစ်နာဆုံးရှုံးရတတ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တန်ဖိုးနားလည်သူအတွက်တော့ မသိသူကျော်သွား သိသူဖေါ်စားပါပဲ။ ကိုယ့်အတွက် ပြောနေမှန်းမသိ သူ့အတွက် ပြောနေမှန်းမသိသူတွေ အများကြီးကို တွေ့ကြုံခဲ့ဖူးလို့ပါပဲ။

သူတစ်ပါးကို အထင်သေးခြင်းဟာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း မည်ပါတယ်။ ဒါပေမဲ့ ဒီစိတ်အခြေအနေတွေဟာ လူတစ်ယောက်မှာ အမြဲတမ်းတရံမလပ် ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အချက်တစ်ခု၊ စကားတစ်ခွန်းကို အထအနကောက်ပြီး လူတစ်ယောက်ကို ကောက်ချက်လွယ်လွယ် မချမိဖို့တော့ သတိထားသင့်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကျွမ်းကျင်မှုချင်း၊ အာရုံဝင်စားမှုချင်း မတူတဲ့အတွက် တချို့ကိစ္စတွေမှာ လူတစ်ယောက်ဟာ ခေါင်းဆောင်ဖြစ်နိုင်သလို နောက်တစ်နေရာမှာ နောက်လိုက် ဖြစ်ကောင်း ဖြစ်နေမှာပါ။ တချို့က နေရာတိုင်းမှာ ခေါင်းဆောင်ပဲ လုပ်ချင်ပါတယ်။ နောက်လိုက်လုပ်ရတဲ့အခါ ကောင်းကောင်း မလိုက်တော့ပါဘူး။ တချို့ကလည်း နောက်လိုက်ပဲလုပ်ပြီး ခိုင်းသမျှလုပ်လို့ အေးအေးပဲ နေမယ်ဆိုသူများ ရှိပါတယ်။ ဒါကတော့ သူ့စရိုက်နဲ့ သူပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ မြန်မာတွေကတော့ ခေါင်းဆောင်လုပ်လိုသူ များပါတယ်။ ပတ်မကြီးထိုးဖေါက်ချင်တဲ့သူတွေ များလှတဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေထဲမှာ ကိုယ့်အရည်အချင်းကို မှန်မှန်ကန်ကန် မသုံးသပ်တော့ဘဲ အတင်းကို ခေါင်းဆောင်လုပ်ချင်သူတွေ များပါတယ်။ ဘာကြောင့်ပါလဲ။
ကျွန်တော့်အယူအဆကတော့ မွေးကတည်းက လူ့အခွင့်အရေး မရှိဘဲ လူကိုလူလို မဆက်ဆံတဲ့ စံနစ်ရဲ့ ဆိုးမွေဖြစ်တဲ့ လေးစားမှုကို မက်မောခြင်းပါပဲ။ ဒီအချက်ဟာ အာဏာရှင်တွေ ပေါက်ဖွားဖို့ အကြောင်းတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ကျွန်တော် အရင်တစ်ခါ ရေးဖူးသလိုပါပဲ။ ကားစပါယ်ရာက ဟောက်တော့လည်း ခံရတယ်။ ရဝတစာရေးက ဟောက်တော့လည်း ခံရတယ်။ တံခါးစောင့်က ဟောက်တော့လည်း မျက်နှာချို သွေးရတယ်။ အဆိုးဆုံးက အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ သူတွေမှန်း သိသိကြီးနဲ့ အဲဒီပုဂ္ဂိုလ်တွေဆီမှာ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ တောင်းရတဲ့ ကိစ္စမျိုးပါပဲ။

ပညာတတ်တွေ မျက်နှာအောက်ချပြီး နေရတဲ့ နိုင်ငံ ဘယ်မှာလာပြီး တိုးတက်ပါလိမ့်မလဲ။ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုလောက် ပြောပြပါရစေဦး။ ရန်ကုန်တိုင်းအတွင်းက လျှပ်စစ်ဋ္ဌာနတစ်ခုကို စစ်တပ်က အရာရှိတစ်ယောက် ပြောင်းလာတယ်။ လူတွေ မီးမရတာကို မီတာမတပ်လို့ လို့ ထင်တော်မူတယ်။ ဘယ်နှစ်လအတွင်း မီတာတွေ အပြီးတပ်ရမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ထရန်စဖေါ်မာတွေက ခံနိုင်ရည် ရှိရဲ့လား။ လျှပ်စစ်ပေးဝေမှုက လုံလောက်မှု ရှိရဲ့လား။ ဘာမှလည်း နားမလည်။ နားလည်အောင်လည်း မကြိုးစား။ နားလည်တဲ့လူက ပြောရင်လည်း အမျက်တော်က ရှ သေး။ နောက်ဆုံးမတော့ ပြည်သူလူထုခင်မျာ မီတာတွေ ငုတ်တုတ်ကြီး တပ်ပြီး ငုတ်တုတ်ကြီး မှောင်နဲ့မဲမဲထဲမှာ နေကြရတာပေါ့ခင်ဗျာ။ သူတို့ပဲသိ သူတို့ပဲ တတ်ထင်နေတဲ့ အဖွဲ့အစည်းကလူတွေ အုပ်ချုပ်ရေးအပေါ်ရောက်လာတော့ ဒီလိုနည်းနဲ့မှ ဒီတိုင်းပြည် မပျက်ရင် ဘယ်တော့မှ မပျက်တော့ဘူးပေါ့ခင်ဗျ။

နိုင်ငံရပ်ခြားက နိုင်ငံတကာအဆင့် ပညာတွေ သင်လာတဲ့သူ၊ နိုင်ငံတကာ အတွေ့အကြုံတွေ အများကြီးရှိသူ၊ စီမံခန့်ခွဲမှု အတတ်ကို စာတွေ့ရော၊ လက်တွေ့ပါ ကျွမ်းကျင်သူတစ်ယောက်နဲ့ ဘယ်မှ မရောက်၊ ဘာမှမသိတဲ့ စစ်ဗိုလ်သားသမီးတစ်ယောက် ကုမ္ပဏီတစ်ခု အတူတူထောင်ကြတယ် ဆိုပါတော့။ ဘယ်သူက အပေါ်မှာ ရှိသင့်သလဲဆိုတာ ရိုးရိုးလေး စဉ်းစားလို့ ရနိုင်ပါရဲ့။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ပြောင်းပြန် ဖြစ်နေတာကို တွေ့ရပါတယ်။ အတော်များများဆိုရင် ရှယ်ယာပါတာလည်းမဟုတ်၊ ဘာမှ ဝင်လုပ်တာလည်း မဟုတ်ဘဲနဲ့ ကုမ္ပဏီရှယ်ယာကို အရှက်မရှိ ထိုင်ယူနေတဲ့ ဒါရိုက်တာ နာမည်ခံတွေတောင် ရှိပါသေးရဲ့ဗျား။ နာမည်ခံဖို့ အသားလွတ် ပေးထားရတယ်ဆိုကတည်းက ဒီနိုင်ငံရဲ့ စီးပွားရေးကို မြင်ကြည့်ပါတော့ ခင်ဗျား။

ဒီထက် ပိုဆိုးတာက ပညာရေးလောကမှာ ဝင်ရှုပ်တဲ့ကိစ္စပါ။ ကျောင်းသားတွေကို ဘာကြောင့် ကျောင်းသားအခွင့်အရေးလို့ သပ်သပ်ခွဲပြောရသလဲဆိုတာကိုလည်း ကျွန်တော်ရေးဖူးပါတယ်။ ကျောင်းသားဘဝမှာ လူကလည်းငယ်၊ ဉာဏ်ရည်ကလည်း တက်တဲ့အချိန်၊ စီးပွားရေးအရှုပ်အရှင်းတွေ မရှိ၊ ကိုယ်ကျိုးစီးပွားဆိုတဲ့ အနှောင်အဖွဲ့ကလည်း မရှိဆိုတော့ အတွေးအခေါ်က လန်းဆန်းတယ်။ စူးရှတယ်။ ထက်မြက်တယ်။ အသစ်အသစ်သော အရာတွေကို စူးစမ်းတယ်။ ရှာဖွေတယ်။ အမှန်တရားအတွက်၊ ယုံကြည်ချက်အတွက် အသက်နဲ့ ရင်းရဲတယ်။ သာမာန်လူတွေထက် အကြောက်တရားနည်းတယ်။

ဒါကြောင့်လည်း အာဏာရှင်နဲ့ ကျောင်းသားဟာ ကမ္ဘာ့ရန် ဖြစ်ပေတာပေါ့။ တကယ့် ပညာရေးဆိုတာ ရှေ့လူတို့ လုပ်ခဲ့သရွေ့ ထပ်လိုက် လုပ်တတ်စေဖို့ မဟုတ်။ အသစ်အသစ်သော အရာများကို ဖန်တီးရန်သာ။ အဲဒီတော့ ထိုးထွင်းတတ်ဖို့လိုတယ်။ အစဉ်အလာတွေကို ဆန့်ကျင်သင့်ရင် ဆန့်ကျင်ရမယ်။ ဒါဟာ ကျောင်းသားရဲ့ သဘာဝပဲ။ ကျောင်းသားဘဝ ပြီးဆုံးလို့ လုပ်ငန်းခွင်ထဲ၊ စီးပွားရေးထဲ ရောက်သွားရင် လူအများစုဟာ ကြောက်တတ်သွားတော့တယ်။ ကိုယ်ကျိုးစီးပွား ရှိလာပြီ။ ကိုယ်ပိုင် မိသားစု ရှိလာပြီကိုး။ ကျောင်းသားကို သာမာန်ထက် လွတ်လပ်တဲ့ အခွင့်အရေးပေးခြင်း၊ ဦးစားပေးခြင်းအားဖြင့် သူတို့ကို ပုံစံခွက်ထဲ၊ ဘောင်တွေထဲက ခွဲထွက်တဲ့ အတွေးအခေါ်မျိုး၊ တီထွင်ခြင်း၊ ဖန်ဆင်းခြင်းများကို အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကျောင်းသားအခွင့်အရေးရယ်လို့ သပ်သပ်ရှိရခြင်းပါ။ ဒါကြောင့်လည်း လူတွေကို အကြောက်တရားပုံစံခွက်ထဲမှာ ထည့်ပြီး ဖိသိပ်ထားချင်တဲ့ အာဏာရှင်ဟာ ကျောင်းသားကို ရန်သူစာရင်းထဲ ထည့်လိုက်တယ်။ အကြောက်တရားကို ရိုက်ထည့်ဖို့ ကြိုးစားတယ်။

ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က သူသမ္မတ ဖြစ်ချင်တယ်လို့ အမှန်တရားကို ရှင်းရှင်းလင်းလင်း ဘွင်းဘွင်းပြောချလိုက်တော့ မိမိကိုယ်ကို နှိမ့်ချခြင်းကို တလွဲ အဓိပ္ပါယ်ကောက်သူ တစ်ကြောင်းဆွဲများ၊ ကိုယ့်ကိုယ်ကို ဖေါ် မသူတော်ကိုသာ တရားသေစွဲမှတ်ခဲ့သူများ ကျွတ်စီကျွတ်စီ ဖြစ်သွားပါတယ်။ သူတို့တစ်သက်မှာ ဒီလိုရဲရဲဝန့်ဝန့် ဗြောင်ကျကျ ရှင်းရှင်းလင်းလင်း ပြောတာမျိုးကို မကြားဖူးရှာပဲကိုး။ သူတို့ ကြားဖူးတာက အာဏာကို လိုချင်လို့ မဟုတ်ဘဲ မလွှဲမရှောင်သာ နှစ်ပေါင်းများစွာ ထိုင်ခုံက မထတမ်း ကယ်တင်လိုက်ရပါတယ် ဆိုတာမျိုးပဲ ကြားဖူးရှာသကိုး။


ပြောပါရစေ ခင်ဗျား။ ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာဟာ နိုင်ငံတကာမှာ ဘာမှ မဆန်းတဲ့
အမှန်တရားတစ်ခု ဖြစ်သလို လက်ကို လက်ခံရမဲ့ အချက်ပါ။ အရည်အချင်းမရှိဘဲ ပြောနေတဲ့ အဆန်ချောင် စကားလုံးတွေမှ မဟုတ်ဘဲဗျာ။ ကယောင်ကတမ်းနဲ့ တုန့်ပြန်သူများကတော့ အထက်မှာ ရေးပြခဲ့သလိုပါပဲ။ သူတို့ရဲ့ တုန့်ပြန်မှုတွေက လွဲမှားစွာ ကျင့်သုံးခဲ့တဲ့ စံနစ်တစ်ခုရဲ့ သနားစရာကောင်းတဲ့ သားကောင်လေးတွေပါလို့ ဝန်ခံနေသလို ဖြစ်နေတော့တာပါပဲ။

ခေါင်းဆောင်ကောင်း ရှားတဲ့တိုင်းပြည်က တစ်ကမ္ဘာလုံးမှာ အတုမရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ရှာမှရှား ထွက်လာခဲ့ပါတယ်။ ဂုဏ်ယူစရာ မြင်လို့မှ ဂုဏ်မယူတတ်ဘဲ ငါတို့လောက် မသိ၊ မတတ်ထင်နေသူတွေကို မြင်ရတာ ရင်ထဲ မကောင်းစရာပါ။

သဘောထားပြည့်ဝသော၊ မိမိတန်ဖိုးကို မှန်ကန်စွာ အကဲဖြတ်နိုင်သော၊ မိမိကိုယ်ကို နှိမ့်ချနိုင်စွမ်းသော၊ သဘောထားပြည့်ဝသော သူများရဲ့ သာယာဝပြောသော ဗြဟ္မစိုရ်တရားထွန်းကားသော မျိုးဆက်သစ်များရဲ့ တိုင်းပြည်ကြီး ဖြစ်လာပါစေသောဝ်……။

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...