Tuesday, September 30, 2014

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )





ဒီ Blog လေးကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးတွေသာ တင်ဖို့ ရည်ရွယ်သည်။ သူတစ်ပါးစာတွေကို နှစ်သက်လျှင်တောင်မှ ကိုယ်ပိုင်အတွေးနှင့် ပြန်ရေးပြီး ရည်ညွှန်းကိုးကားအနေနှင့် ထည့်ရေးသည်။ အခုတော့ ကျနော့ Blog လေးလည်း ကျနော့ Cloud လေး ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ တချို့သော Facebook  က စာလေးတွေက၊ ဂျာနယ်ဆောင်းပါးတွေက ကောင်းလွန်းလှသည်။ ပြန်ဖတ်လျှင် အသိတိုးသည်။ မမေ့သင့်တဲ့ ဘဝ သင်ခန်းစာတွေ ဖြစ်သည်။ သမီးလေး စာတွေ ဖတ်တတ်လာလျှင် ဖတ်စေချင်သည်။ အဲဒီအချိန်ကျ ဒီစာတွေ ပြန်ရှာလို့ မရမှာ စိုးသည်။ ကွန်ပျူတာထဲမှာ MS Words နှင့် သိမ်းထားတာတွေကလည်း ပြန်လိုချင်လျှင် Facebook လိုပင် တော်တော်ရှာရခက်သည်။ File Management က အမြဲ ပြန်လုပ်နိုင်သည်မဟုတ်။ မှားဖျက်တာ၊ HDD ပျက်တာတွေက ရှိသေးသည်။ ဒီလိုနှင့် ကျနော့ Blog လေးပေါ်တွင် ကောင်းနိုးရာရာလေးများကို Backup အနေနှင့် သိမ်းမိပါသည်။


အခုလည်း ဆရာ မောင်သာချိုရဲ့ 7Days News ဂျာနယ်ပါ ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ဆောင်းပါးလေးကို ပျောက်ဆုံးမခံနိုင်သောကြောင့် Backup လိုက်ရပါသည် ခင်ဗျား...။



ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း
မောင်သာချို




(တစ်)

ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘဝဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

“တိုက်စစ်”တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင် ပညာရေးလောကနှင့်တိုက်စစ် ဘာဆိုင်လို့တုံးဟု ဆန္ဒစောသူတို့က မေးနိုင်ပါသည်။ ရေလည်အောင် ရှင်းပြပါရစေဦး။
စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည်စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိ ဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက “တိုက်စစ်”။
ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်းလိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေ ရထားပြီး တစ်ခုတည်းသော ဘာသာ၌ အလွန်ည့့ံဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာ ရထားသည်ဟု ဆိုပါသည်။

ဤတွင် ဆရာ၊ ဆရာမကြီးအချို့တို့ သံသယဖြစ်ကာ ထိုညံ့ဖျင်းစုတ်ပြတ်သည့် အဖြေလွှာကို ထုတ်ကြည့်ရာ ခေါင်းနားပန်းကြီးသွားကြရသည်ဟု ဆိုပါသည်။
အကြောင်းမှာ အလွန်တရာ အဆင့်အတန်းမြင့်သည့် အင်္ဂလိပ်စာအရေးအသားဖြင့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားကြောင်း တွေ့လိုက်ရသောကြောင့်ဟု ဆိုပါသည်။ သို့ဖြင့် ထိုအဖြေလွှာ စစ်ဆေးသည့် နည်းပြဆရာမကို ခေါ်ရပါသည်။ ဘယ်လိုစစ်ဆေးသလဲ မေးရပါသည်။ ဆရာမကလည်း ရိုးရိုးသားသားပဲ ဖြစ်ပါသည်။ မည်သည့်ပယောဂ တစ်စုံတစ်ရာမှ မရှိပါ။

သူက ပို့ချချက်စာအုပ်ကို လက်ကိုင်ထားသော ဆရာမကလေးဖြစ်ပါသည်။ ပို့ချချက်ထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူအကုန်မှတ်မိသည်။ ယခုအဖြေလွှာထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူတစ်ခါမှမတွေ့ဖူး။ သို့ဖြင့် ပို့ချချက်စာအုပ်ကြီးကို ရှေ့တွင်ချကာ တိုက်ကြည့်သည်။ မတူ။ လုံးဝမတူ။ သို့ဖြင့် အမှတ်ကို တော်စွလျော်စွပေးကာ ချထားလိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး၊ ဆရာမကြီးတို့ ရယ်လည်းရယ်၊ မောလည်းမော၊ ထိုဆရာမကလေးကိုလည်း သွန်သင်ဆုံးမကာ ပြန်လည်ပြင်ဆင် စစ်ဆေးပေးခဲ့ကြရကြောင်း ဇာတ်လမ်းပင်ဖြစ်ပါသည်။

“နောက်မှသိရတာက အဲဒီစာဖြေသူက မိဘတွေအလုပ်တာဝန်ကြောင့် ပြည်ပမှာ တော်တော်ကြာကြာ နေခဲ့ဖူးတဲ့သူတဲ့ ...
အင်္ဂလိပ်စာအရေးအသား သိပ်ကောင်းတာ၊ ကျုပ်တို့ဆရာမက ပို့ချချက်စာအုပ်နဲ့တိုက်ပြီး စစ်တာ... မတူတော့ မှားတယ်ထင်တာ။ အဲဒီမှာ ရယ်ရင်းမောရင်း ဆုံးမရတာ နောင်တိုက်မစစ်နဲ့ တိုက်စစ်က အန္တရာယ်များတယ်လို့”

ပါမောက္ခဟောင်းကြီး တဝါးဝါးရယ်နေသည်ကိုကြည့်ကာ ကျွန်တော်လည်း သူ့နောက်က လိုက်ရယ်နေမိပါသည်။ စာအုပ်ကြီးထဲကနဲ့ တူ၊ မတူကို တိုက်ပြီးစစ်လို့ “တိုက်စစ်”တဲ့။ အော် ကျောင်းပရိဝုဏ်အတွင်းက တိုက်စစ်များ။

(နှစ်)

“တိုက်စစ်” အန္တရာယ်က ပညာရေးလောကအတွက် ကြီးလွန်းလှပါသည်။ ၏သည်မလွဲ ပြန်ပြောနိုင်လျှင် လူတော် မပြောနိုင်လျှင် လူညံ့အဖြစ် ဆရာ၊ ဆရာမများကိုယ်တိုင်က သဘောထားနေကြသည်ကို မပြင်ဘဲနှင့်တော့ ဘာမှဖြစ်လာလိမ့်မည် မထင်ပါ။ ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော် ရှိပါသည်ဟူသည့် ၀ါကျကိုပင်လျှင် “ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့၌ရှိသည်”ဟု ပြန်မရေးရဲသော ကလေးတွေကို နေရာတိုင်းမှာ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ဆရာ သို့မဟုတ် ဆရာမက သူရေးပေးတဲ့အတိုင်း မရေးရင် အမှတ်မပေးဘူးဟုဆိုကာ စိုးထိတ်နေကြပါသည်။ ခြေလေးချောင်းသတ္တဝါ သုံးမျိုးကို ဆရာ၊ ဆရာမက ခွေး၊ ကြောင်၊ နွားဟု ရေးပေးထားသည် ဆိုပါတော့။ ကလေးက ဆင်တို့၊ ကျွဲတို့၊ မြင်းတို့၊ ဆိတ်တို့ကို မရေးရဲ။ ရေးလျှင် အမှတ်မရမှာ (သို့မဟုတ်) ဆူမှာ သို့မဟုတ် အငြိုငြင်ခံရမှာကို စိုးထိတ်နေရသည့် အနေအထားဖြစ်ပါသည်။

၀ါကျကလေးများ စကားလုံးကလေးများကိုပင်လျှင် လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ချမရေးရဲမှတော့ အတွေးအခေါ် အယူအဆတွေကို ချပြရဲ၊ တင်ပြရဲဖို့ ဆိုသည်မှာ ဟိုးအဝေးကြီးမှာပါ။

(သုံး)

ပြင်သစ်နိုင်ငံ၌ ပညာသင်ကြားကာ မြန်မာနိုင်ငံမှာ ဟိုတယ်တွေ လာဖွင့်နေသူ သွက်လက်ထက်မြက်သော ရှမ်းသမီးပျိုကလေးတစ်ဦးနှင့် အင်းလေးကန်ဘေးက သူတို့ဟိုတယ်ထဲမှာပင် စကားဝိုင်းဖွဲ့ဖူးပါသည်။ မိုးလေဝသဆရာကြီး ဒေါက်တာဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညိုတို့၊ မနုနုရည်(အင်းဝ)တို့လည်း ထိုမိန်းကလေးကို ကောင်းကောင်းသိပါသည်။

သူက ဆိုကြပါစို့တဲ့။ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး (Victor Hugo)ကို သင်သတဲ့။ ဆရာ၊ ဆရာမက ဗစ်တာဟူးဂိုး (Victor Hugo) ပြောတာကို ကြိုက်၊ မကြိုက် လက်ခံ၊ လက်မခံ မေးသတဲ့။ လက်ခံရင် ကြိုက်ရင် လက်ခံကြောင်း ကြိုက်ကြောင်း ရေး၊ လက်မခံဘူး မကြိုက်ဘူး ဆိုရင်လည်း လက်မခံကြောင်း မကြိုက်ကြောင်း ရေးတဲ့။

ကျွန်တော်တို့ကတော့ မှတ်စုများကိုပင် ရိုက်နှိပ်ထုတ်ဝေကာ ကျောင်းသား၊ ကျောင်းသူများဆီသို့ ရောင်းချဝေငှ ထားလိုက်ပါသေးသည်။ အဲသည့် စာအုပ်ထဲကအတိုင်း ဖြေဆိုကြပေတော့။

ငါရေးချပေးထားတဲ့ ၀ါကျအတိုင်းပဲရေး။ မကွန့်နဲ့။ ငါတွေးပြပေးထားတဲ့အတိုင်းပဲတွေး။ မတွန့်နဲ့။ ငါတွက်ပြပေးထားတဲ့အတိုင်းပဲတွက်။ မညွန့်နဲ့။ ငါခံစားပြထားတဲ့အတိုင်းပဲခံစား။ မလွန့်နဲ့။

ဒါကို ကျွန်တော်က အာဏာ၏အရိပ်ဟု ထင်ပါသည်။ စာသင်ခန်းထဲသို့ အာဏာ၏အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း အခြားသော လောကများနှင့်အတူ ဆွံအကြုံလှီ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရခြင်း ဖြစ်ပါသည်။

အလွတ်ကျက်ထားသည်ကို တစ်သဝေမတိမ်း ပြန်ရွက်ပြ ပြန်ရေးပြသည်ကို Factual Recall ဟု ခေါ်ဆိုရာ ထိုဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ် ဆင်ခြင်ခြင်း၏ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ရန်သူ၊ Decision Making ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ရန်သူ၊ Problem Solring ခေါ် ပြဿနာဖြေရှင်းခြင်း၏ရန်သူပင် ဖြစ်ပါသည်။

စာအုပ်ထဲကအတိုင်း ပြန်ချရေးနိုင်၊ မရေးနိုင် စစ်ဆေးသော “တိုက်စစ်”သည် Factual Recall ပင် ဖြစ်ပါသည်။

ယခုအာဏာ၏အရိပ်ကို ဖယ်ကာ ဒီမိုကရေစီရေးသို့ ရှေးရှုနေသောကာလ၌ ကျောင်းပရိဝုဏ်များအတွင်းတွင် “တိုက်စစ်” ရှိနေသေးသည်ဆိုလျှင် ဆရာ၊ ဆရာမတို့ကိုယ်တိုင်က အာဏာအရိပ်အောက်က မလွတ်မြောက်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ ငါရေးတဲ့ ငါတွေးတဲ့၊ ငါတွက်တဲ့၊ ငါချက်တဲ့အတိုင်း ရေး၊ မရေး၊ တွေး၊ မတွေး၊ တွက်၊ မတွက်၊ ချက်၊ မချက် တိုက်စစ်ကြည့်သော ဓလေ့။

ကျောင်းပရိဝုဏ်တွေထဲမှာ “တိုက်စစ်” ရပ်ပါတော့။ ။


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...