Saturday, September 3, 2011

မွေးနေ့

မွေးတဲ့ အချိန်ကနေ သေတဲ့အချိန်အထိ ကြားကာလကို ဘဝလို့ ခေါ်သတဲ့ဗျ။ အချိန်တစ်ခုတည်းမှာပဲ မွေးတဲ့လူတွေမွေး သေတဲ့လူတွေသေနေကြတာ အတိအကျမပြောတတ်ပေမဲ့ နည်းမှာမဟုတ်ဘူး ဆိုတာလောက်တော့ မှန်းမိပါရဲ့။ သာမန်အားဖြင့်တော့ မွေးနေ့ကို ပျော်ရွှင်စရာဖြစ်ကြစေကြောင်း ဝိုင်းဝန်းဆုတောင်းပေးကြတာ ချစ်စရာကောင်းတဲ့ အလေ့တစ်ခုပါ။

တစ်ချို့ ပိုက်ဆံရှိတဲ့လူတွေကျတော့ ပွဲတွေလမ်းတွေကျင်းပပြီး ပျော်ကြပါတယ်။ မွေးနေ့ကိတ်တွေလှီး၊ သီချင်းတွေဆိုကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြ။ တစ်ချို့က ဘုရားသွား၊ ဘုန်းကြီးကျောင်းသွား၊ အလှုအတန်းလုပ် ကုသိုလ်ယူကြ။ တစ်ချို့က မိဘတွေကို ကန်တော့၊ အလေးအမြတ်ပြုလို့။ မွေးနေ့ဆိုတာ ကိုယ့်ကို မွေးခဲ့တဲ့မိဘတွေရဲ့ ကျေးဇူးကို သတိရအောက်မေ့လို့ အကောင်းဆုံး အချိန်လို့ ပြောရင်ရနိုင်ရဲ့။ သာမန်အချိန်မှာရော မအောက်မေ့ရဘူးလားဆိုတော့.. ဒီလိုတော့မဟုတ်ဘူးပေါ့။ ကျွန်တော်တို့မှာ ပုံမှန်အားဖြင့်တော့ ပူပင်သောကတွေ၊ ပြဿနာတွေနဲ့ ဖုန်းလွှမ်းရုန်းကန်နေရတာ။ ဘဝရဲ့ အနှစ်သာရတွေက ငွေအောက်မှာ စုံးစုံးမြုပ်လို့။ တရားအသိရှိသူတွေရဲ့ မွေးနေ့ကတော့ မရဏာနုဿတိခေါ်တဲ့ သေခြင်းနဲ့ တစ်နှစ်ပိုနီးလာခြင်းပေါ်မှာ တရားသတိနဲ့ ရှုလို့ ပျော်စရာရှာတွေ့မယ်မထင်။ ပိုပြီးအားထုတ်ကြိုးစားဖို့ မှတ်တိုင်တစ်ခုလောက်တော့ ဖြစ်နိုင်ရဲ့။



တချို့လူတွေရဲ့ မွေးနေ့မှာ ကာယကံမြောက် အလေးအမြတ်ပြုစရာ မိဘရယ်လို့မရှိတော့။ တချို့ကတော့ အမိ သို့မဟုတ် အဖ တစ်ဦးသာကျန်။ ကျွန်တော့မှာတော့ ကံကောင်းထောက်မစွာ အခု အသက် ၃၆နှစ် မွေးနေ့ထိ မိစုံဘစုံ ရှိပါသေးရဲ့။ ဘယ်နှနှစ်မြောက်ကျရင် တစ်ပါးတည်းသော မိဘနဲ့ မွေးနေ့ကို ကျော်ဖြတ်ရမလဲ မသိ။ နောက်တော့ ဇနီးနဲ့ သမီး။ ဒါကလည်း သက်တမ်းအရ သွားရင်ပြောတာပါ။ နောက်နေ့တွေ အကြောင်းပြောရအောင် မင်းကိုမင်းသေချာလှချည်လားလို့ ပြောရင်လည်းခံရမှာပဲ။ အခု ကွန်ပြူတာရှေ့ စာထိုင်ရိုက်နေပေမဲ့ ခဏနေရင်ဘာဖြစ်မယ်ဆိုတာတောင် သေချာတာမှမဟုတ်တာပဲ…နော့။

ဒါပေမဲ့ဗျာ..။ တစ်ခုတော့ သတိထားမိတာ…. သားသမီးအများစုကတော့ ကိုယ့်မွေးနေ့ရယ်၊ ကိုယ့်ချစ်သူ မွေးနေ့ရယ်၊ ကိုယ့်သားသမီးမွေးနေ့ရယ်တော့ အသေမှတ်မိကြပေမဲ့ မိဘမွေးနေ့တော့ မှတ်မိတဲ့လူ အရှားသားပဲ။ ကျွန်တော်ဆိုရင် Stress အရမ်းများလာတဲ့အခါ ကိုယ့်မွေးနေ့ပါ ကိုယ်မေ့သွားတော့တာ။ ပိုက်ဆံရှိတဲ့ လူတွေလို မွေးနေ့ကို တခုတ်တရလုပ်ဖို့လည်း ဘဝကတစ်ခါတစ်ခါ အခွင့်အရေးမပေးပါ။
မွေးနေ့ပွဲကြီးကျင်းပပြီး ဘယ်နှနှစ်လည်းလို့ မပြောချင်တဲ့ လူထူးဆန်းတွေကိုလည်း တွေ့ဖူးပါတယ်။ ငယ်တုန်းကတော့ အဲဒီလိုတွေတွေ့ရင် ကဲ့ရဲ့ချင်တယ်ဗျ။ ကိုယ့်ရဲ့သက်တမ်းမှတ်တိုင်တွေကလည်း အောင်မြင်မှုမှတ်တိုင်တွေ ဖြစ်နေတဲ့အချိန်ဆိုတော့ မာန်လေးကလည်း တက်တက်နဲ့ ဟိုလူ့ အပြစ်ပြော ဒီလူ့အပြစ်ပြော။ ဟိုလူ့စိတ်တိုင်းမကျ၊ ဒီလူ့စိတ်တိုင်းမကျ။ အခု ပြန်တွေးတော့ လူတွေကဘာမှမမှား။ သူတို့သဘော သူတို့ဆောင်ပြီး ဖြစ်နေတာ။ အဲဒါတွေကို လိုက်ပြီးနှလုံးသွင်း အကုသိုလ်ပွားနေတဲ့ ကိုယ့်ရဲ့မပြည့်ဝမှုတွေကို ကိုယ်ပြန်မြင်တော့ ရှက်မိပါရဲ့။

ဘဝကို ကြမ်းကြမ်းတမ်းတမ်း ကြိုးစားဖြတ်သန်းခဲ့ရတဲ့သူ ဆိုတော့ အဲဒီအပေါ်မှာ မာန်တက်ပါတယ်။ ဘယ်လောက်ခက်ခက် ငါလိုချင်ရင်ဖြစ်ရမယ်။ ငါလုပ်နိုင်တယ်ပေါ့။ ငွေရှိတဲ့သူ၊ ပညာတတ်တဲ့သူ၊ အာဏာရှိတဲ့သူမှ မာန်တက်တာမဟုတ်ပါ။ လူဆိုတာမျိုးက ကြံဖန်မာန်တက်တဲ့ အမျိုး။ ငွေမရှိတဲ့ သူမှာလည်း မာန်ရှိတာပဲ။ တစ်ခါတစ်ရံ ပစ္စည်းမဲ့ မာနက သာတောင်ကြောက်ဖို့ ကောင်းသေး။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ အားငယ်နေတဲ့လူအတွက်တော့ မာနဟာ အသက်ကယ်ဆေးပဲ။

အခု ၃၆ နှစ်၊ လူ့သက်တမ်း တစ်ဝက်ကျော်လာတော့ ကျွန်တော့်မှာ ကျွန်တော် လုံးဝမဖြေရှင်းနိုင်တဲ့ ပြဿနာတွေလည်း တွေ့ခဲ့ဖူးပါပြီ။ ကျွန်တော့်ရဲ့ အစွမ်းအစတွေမှာ အကန့်အသတ်တွေ ရှိနေတာကို မြင်လာရပြီ။ လောကဓံတရား (၈) ပါး ဆိုတာကို အနှစ်ချုပ်တော့ ရတာမလို၊ လိုတာမရ ပဲ မဟုတ်လားလို့ ပြောခဲ့တဲ့ ကျွန်တော့် ဘဘရဲ့ တရားသံကို ပြန်ပြီးကြားယောင်တတ်ခဲ့ပါပြီ။ ရင်နဲ့ နားလည်ခဲ့ပါပြီ။ ကျွန်တော်အပင်ပန်း အဆင်းရဲခံခဲ့တာတွေအတွက် ကျွန်တော်ဘာတွေများပြန်ရပါသလဲ။

ကျွန်တော်အနှစ်နှစ်အလလ အိမ်မက်မက်ခဲ့တာတွေလည်း တစ်ချို့ဟာတွေက တကယ်ရတော့ ဘာမှမဟုတ်တဲ့ဟာတွေ။ တစ်ချို့ဟာတွေကတော့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့လို့ စွန့်လွှတ်လိုက်ရပြီ။ တကယ့်တကယ် ရေရေရာရာ ဘာမှသိပ်မရှိလှပါ။ ဒါပေမဲ့ မကျေမနပ်ဖြစ်နေတာတော့ မဟုတ်ပါ။

အထိုက်အလျောက် သင်တင့်အောင်တော့ နှလုံးသွင်းနိုင်ခဲ့ပါပြီ။ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်ဖို့တော့ အဝေးကြီးကျန်ပါသေးသည်။ ဘာပဲဖြစ်ဖြစ်…..

လွန်လေပြီးသော ၃၆ နှစ် ဒီအချိန်မှာ ကလေးတစ်ယောက် လူ့လောကထဲ ရောက်ခဲ့သည်။ ယနေ့ သူသည် သမီးလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်နေခဲ့ပြီ။ သူ့ကို လိုလားသူတွေ၊ မလိုလားသူတွေ ရောပြွန်းနေသော လောကထဲမှာ ရှင်သန်နေဆဲဖြစ်သည်။ သူ့ရင်ထဲမှာ အေးချမ်းမှုတချို့ ရှိသလို ပူလောင်မှုတွေရှိသည်။ လူလောကမှာ ဘယ်လောက်ကြာကြာ ဆက်လက်ရှင်သန်ခွင့် ရမယ်ဆိုတာ သူမသိ။

အချိန်သည် အဆက်မပြတ်ရွေ့နေသည်။ မွေးကြသည်…။ သေကြသည်…။

(ဓါတ်ပုံများကို Google မှယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...