Wednesday, September 14, 2011

တီထွင်ဖန်ဆင်း ကြုံသလိုရှင်း

 “မင်းက Electronic နဲ့ ကျောင်းတက်နေတာဆိုတော့ TV ပြင်တတ်ပလားကွ……”

ကျွန်တော့်လို AGTI (EC) ကျောင်းသား အတော်များများ ဒီမေးခွန်းမျိုး အမေးခံရလေ့ ရှိပါတယ်။ တော်တော်ဂွကျတဲ့ မေးခွန်းမျိုးပါပဲ။ ပြန်ရှင်းပြဖို့ဆိုရင်လည်း တော်တော်ရှည်ရှည်ဝေးဝေး ရှင်းရမဲ့ကိန်းဗျ။ ကျွန်တော် TV ပြင်တတ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းက Yes or No ပြင်တတ်တယ် မပြင်တတ်ဘူး ဖြေရုံနဲ့ ပြီးမဲ့ မေးခွန်းမျိုးမဟုတ်။ ပြင်တတ်ပါတယ်လို့ ပြောပြန်ရင်လည်း ကျွန်တော့် ဒီပလိုမာကြီးက TV ပြင်တဲ့ ဒီပလိုမာကြီး ဖြစ်သွားဖို့ရှိနေပါတယ်။ အီလက်ထရွန်းနစ် အင်ဂျင်နီယာဆိုတာ TV, Video, အသံချဲ့စက်ပြင်တာကိုး…လို့ အဓိပ္ပါယ်ပေါက်သွားမှာပေါ့ဗျာ။ မပြင်တတ်ဘူး ပြောပြန်တော့ “ဟင်…မင်းတို့ ၃ နှစ်တောင် သင်ရပြီး ဒါလေးတောင် မလုပ်တတ်ဘူးလား……” လို့ အပြောခံရပြန်ရော။

“ကျွန်တော်တို့တက်နေတာ TV ပြင်တဲ့ သင်တန်း မဟုတ်ဘူးဗျ… TV, Video ပြင်ချင်ရင် TV, Video ပြင်တဲ့ သင်တန်းတွေသွားတက်…၆ လ သင်ရင် ပြင်တတ်တယ်…” လို့ ဘုတောတော့ ကြီးကျယ်ရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကြည့်တဲ့အပြင်
ကျောင်းသားတွေ အလကား…ဘာမှလည်းမတတ်ဘူး…TV လေးတောင် မပြင်တတ်ဘူး… ဆိုတဲ့ နောက်ဆက်တွဲလေးနဲ့ပါ ချီးမွမ်းသွားသေးတာ။ တယ်လေ……….

ကျွန်တော် ၉ တန်း ကျောင်းသား ဘဝလောက်တုန်းက အိမ်မှာ TV, Video ပြင်ပါတယ်။ စ တုန်းကတော့ မရည်ရွယ်ပါဘူး။ အိမ်က စက်ဘီးမီးကို ဒိုင်နမိုနဲ့ မဟုတ်ဘဲ ဘက်ထရီနဲ့ ထွန်းဖို့ ကလိရင်း ရေဒီယို၊ ကက်ဆက် အတိုအစတွေ လျှောက်ပြင်ရင်း လုပ်တတ်လာတာပါ။ လူတွေကလည်း ပျက်တဲ့နောက်တော့ လွှင့်ပစ်ရမဲ့အတူတူဆိုပြီး ကျွန်တော်ကလိဖို့ ကုန်ကြမ်းတွေ လာလာပေးကြပါတယ်။ ကံကောင်းတဲ့အခါ ပစ္စည်းတွေက ပြန်ကောင်းသွားပါတယ်။ နောက်တော့ Multi meter ပေါက်စလေးတစ်လုံး၊ ခဲဂေါက်တစ်လက်နဲ့ အီလက်ထရွန်းနစ် စာအုပ်တွေဝယ်ဖတ်ပြီး ပြင်တော့တာပါပဲ။ စာအုပ်ထဲကဟာ မရှင်းတဲ့အခါ ကျွန်တော့် ဆရာတစ်ယောက်ဆီ ချဉ်းကပ်ရပါတယ်။ ဆရာက ကျောင်းဆရာဘဝကနေ ထွက်ပြီး အီလက်ထရွန်းနစ်ဆိုင်ဖွင့်ထားတာပါ။

ကျွန်တော် ၁၀ တန်းအောင်တော့ GTI ဝင်ခွင့် လျှောက်ပါတယ်။ Electronic ကိုပဲ ဦးစားပေး လျှောက်တာပေါ့ဗျာ။ အဲဒီအချိန်မှာ ကိုယ်ကလည်း ဒီပညာကို အတော်စိတ်ဝင်စားနေပြီကိုး။ ဒီပညာနဲ့ပဲ မုန့်ဖိုးပဲဖိုးလေးကလည်း ရနေပြီလေ။ ဒါပေမဲ့ ဝင်ခွင့်စာမေးပွဲဖြေတော့ နယ်သွားရမှာစိုးတာနဲ့ ကျောင်းအဓိက ထားလျှောက်ပါတယ်။ ဝင်ခွင့်အောင်တော့ အင်းစိန်မှာတက်ခွင့်ရပေမဲ့ ဘာသာရပ်ကတော့ ဦးစားပေးတင်တဲ့ Electronics and Communication (EC) မရဘဲ Machine Tools and Design (MT) နဲ့ တက်ခွင့်ရပါတယ်။ အဲဒီတုန်းကတော့ GTI ဆို အင်းစိန်မှ ဆိုတဲ့ အစွဲကလည်းရှိသေးတာ။ ပြီးတော့ နယ်ဆိုတာလည်း ကိုယ်မရောက်ဖူး မနေဖူးတဲ့ အရပ် ဘာမှန်းညာမှန်းမသိ မသွားချင်ဘူးပေါ့ဗျာ။ အဲဒီတုန်းက Major ပြောင်းချင်ရင် ကိုယ်လိုချင်တဲ့ ဘာသာရပ်ကိုပြောင်းပြီး နယ်သွားတဲ့နည်းရယ်၊ အင်းစိန်မှာ ပထမနှစ်ပြီးအောင်တက်ပြီးမှ ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ပထမနှစ်ကနေ ပြန် စ တက်ရတဲ့နည်းရယ်ဆိုပြီး နှစ်နည်းရှိတယ်ဗျ။ ဒုတိယနည်းက တစ်နှစ်တော့ အချိန်ပုပ်တာပေါ့ဗျာ။ ဒါပေမဲ့ အင်းစိန်မှ အင်းစိန်ဆိုတဲ့ ကျွန်တော့်လို သူငယ်နာမစင်တဲ့ ကျောင်းသားတွေအတွက်ရယ်၊ မိသားစု အခြေအနေအရ ဘယ်လိုမှ နယ်မသွားနိုင်တဲ့ ကျောင်းသားတွေ အတွက်ကတော့ ဒုတိယနည်းက အဆင်ပြေပါတယ်။

ဒါပေမဲ့ပေါ့ဗျာ..။ ရွှေပြည်ကြီးရဲ့ အစိုးမရတဲ့ ဥပဒေတွေ ထုံးစံအတိုင်းပေါ့ခင်ဗျာ..။ ကျွန်တော့် အလှည့်ကျတော့မှ ဘာသာရပ်ပြောင်းတာတွေ ခွင့်မပြုတော့ဘူးလို့ ဖြစ်ပါရောဗျ။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း ဒါမှဒါဆိုတဲ့လူစား။ ကျွန်တော်စိတ်မဝင်စားတဲ့ ပညာရပ်ဆို ဘယ်လိုသင်သင် မတတ်ဘူးဗျ။ ဒါနဲ့ စက်စိုက်သက် (စက်မှု စိုက်ပျိုး နဲ့ သက်မွေးပညာ ဦးစီးဌာန) ကို သွားပြီး အရေးဆိုရပါတယ်။ နယ်ပို့ချင်လည်းပို့ပါ…လိုချင်တဲ့ ဘာသာရပ်တော့ ပြောင်းပေးပါ..ပေါ့။ တစ်နှစ်လည်း အောက်ခံရဦးမယ်ဗျာ…အဲဒါကို စဉ်းစားဦးမယ်..ဘာညာနဲ့ ဈေးကိုင်နေသေးတာ။ ကဲဗျာ…အဲဒါဆိုလည်း THS (စက်မှု အထက်တန်းကျောင်း) သာ ပို့လိုက်ပါတော့… လိုချင်တဲ့ ဘာသာရရင်ပြီးရော ဆိုပြီး ပြောတော့မှ မအူပင်GTI ကို EC (Electronics and Communication) ဘာသာရပ်နဲ့ ပြောင်းခွင့်ရခဲ့ပါတယ်။ ပထမနှစ်ကနေတော့ ပြန်တက်ရတာပေါ့ဗျာ။

ဆိုလိုတာက ကိုယ်နှစ်သက်တဲ့ ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခုအတွက် လွယ်လွယ်လေးရွေးချယ်ခဲ့ ရခဲ့တာ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ အဲဒီလို လူမျိုးကို အ စ မှာ ပြောခဲ့တဲ့ မေးခွန်းမျိုးလာမေးတော့ တင်းတာပေါ့ဗျ။ ဒီမေးခွန်းဟာ ဘာကိုပြနေသလဲဆိုတော့ ကျွန်တော်တို့ဆီက လူတွေအများစုမှာ Electronic ဆို TV, Video၊ အသံချဲ့စက်ပြင်တာ၊ Mechanical ဆို ကားပြင်တာ (ကားဝပ်ရှော့) လို့ ထင်နေကြတာဗျ။ အဲဒါတွေ မပြင်တတ်ရင် ဘာမှမတတ်ဘူးလို့ ပြောချင်ကြတာဗျို့။ အင်ဂျင်နီယာနဲ့ စက်ပြင်ဆရာ အတူတူလို့ ရောထွေးပြီးနားလည်နေကြတာ။

Engineer ဆိုတာ မီးရထားစက်ခေါင်း မောင်းတဲ့သူလို့ ဟိုးပဝေဿဏီက အဓိပ္ပါယ်ဖွင့်ခဲ့ကြပါသတဲ့။ အခုတော့ အဲဒီအဓိပ္ပါယ်နဲ့ အရမ်းဝေးတဲ့ ဖွင့်ဆိုမှုတွေဖြစ်ကုန်ပါပြီ။ Engineer ဆိုတာ အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးသူလို့ ဆိုပါတယ်။ သိပ္ပံပညာရပ်၊ သချင်္ာပညာရပ်၊ တီထွင်ဖန်ဆင်းတာတွေနဲ့ ဆိုင်သတဲ့။ နဂိုရှိတာထက် ပိုကောင်းတဲ့ နည်းပညာတွေဖန်တီးပြီး  ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်တဲ့သူတွေတဲ့။ ဒီဇိုင်းအသစ်တွေ၊ တည်ဆောက်ပုံတွေ၊ နည်းစနစ်သစ်တွေကို အန္တရာယ်ကင်းကင်းနဲ့ သင့်လျှော်တဲ့ ကုန်ကျစရိတ်ဘောင်ထဲကနေ ဖန်တီးတတ်ကြတယ်တဲ့။

တကယ့်တကယ် Engineer ဆိုတဲ့ ဝေါဟာရရဲ့ ဇာစ်မြစ်က လက်တင်ဘာသာ Ingenerare ကနေ လာတာတဲ့။ အဓိပ္ပါယ်ကတော့ ဖန်တီးခြင်း (ဝါ) တီထွင်ခြင်း (To create) လို့ ဆိုပါတယ် ခင်ဗျား။

ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်က ရှေ့လူတို့ လုပ်ခဲ့သမျှ ထပ်လိုက်လုပ်တတ်စေဖို့ မဟုတ်။ အသစ်အသစ်သော အရာများကို ဖန်တီးနိုင်စေဖို့ ဖြစ်တယ်တဲ့ဗျ။ ထုံးစံအတိုင်း ဘယ်သူပြောခဲ့တာလဲ မမှတ်မိတော့ပါ။ ငယ်ငယ်တုန်းကဖတ်ခဲ့ပြီး အခုထိ မှတ်မိနေတာလေးတစ်ခုကို ဖေါက်သည်ချတာပါ။

ဆက်ပြီးတော့ Mechanist ဆိုတဲ့ စက်ပြင်ဆရာ အကြောင်းလေး ပြောပါရစေ။ Mechanist ဆိုတာ ကိုတော့ စက်ပြင်ဆရာလို့ လွယ်လွယ်ကူကူ အဓိပ္ပါယ်ဖွင့်ပါတယ်။ စက်ကိရိယာတွေကို ဆင်တယ် ပြင်တယ်ပေါ့ဗျာ။ သေချာတာတစ်ခုကတော့ ထွင်တာ၊ အသစ်အသစ်တွေ ဖန်တီးတာမပါ ပါဘူး။ ဒါဟာ အင်ဂျင်နီယာနဲ့ မက္ကင်းနစ်ရဲ့ အဓိက ကွာခြားမှုပါပဲ။ မက္ကင်းနစ်ရဲ့ အာရုံစိုက်မှုဟာ ယေဘူယျအားဖြင့် ဘာဖြစ်တယ် (What?) နဲ့ ဘယ်လိုပြင်မလဲ (How?) ပေါ်မှာပဲ ရှိပါတယ်။

အင်ဂျင်နီယာတစ်ယောက်ရဲ့ ချဉ်းကပ်ပုံကတော့ အဲဒီနှစ်ချက်အပြင် ဘာကြောင့် ဖြစ်တယ် (Why?) ဆိုတာကို ပိုပြီးအာရုံစိုက်တတ်ပါတယ်။ ပြီးရင် ဒီအားနည်းချက်ကို ဘယ်လိုကုစားရမလဲ ဆိုတဲ့ idea မျိုး သူ့မှာ ရှိပါတယ်။ အဲဒီ Why? တွေဟာ တီထွင်မှုတွေအတွက် အရေးကြီးတဲ့ မေးခွန်းအမျိုးအစားပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းတွေဟာ အင်ဂျင်နီယာတစ်ယောက်အတွက်တော့ ပိုကောင်းအောင် လုပ်ဖို့အတွက်၊ ဒီဇိုင်းအသစ်တွေ ဖန်တီးဖို့အတွက် ကုန်ကြမ်းအတွေးစတွေ ပါပဲ။

လိုအပ်ချက်မရှိရင် တီထွင်မှုဆိုတာ မရှိဘူး..တဲ့။ ဒါပေမဲ့ လိုအပ်ချက်ရှိတိုင်း ထွင်နေတာတော့ မဟုတ်ပါဘူး။ လူဆိုတာ အမြဲလိုနေတတ်တဲ့ သတ္တဝါမျိုးပါ။ တစ်ခုမဟုတ် တစ်ခုလိုနေတာပါပဲ။ ဒါပေမဲ့ ဒီလိုအပ်ချက်တွေကို ဖြေရှင်းတဲ့နေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေ့အထချင်း မတူကြပါ။ အမေရိကန်တွေ၊ ဂျပန်တွေက စံ ဖြစ်မဲ့ တီထွင်မှုမျိုးတွေ ဖန်တီးပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်ပါတယ်။ တရုတ်လူမျိုးက ရေတိုအကျိုးစီးပွားကို ကြည့်ပြီး အခုချက်ချင်းရမဲ့ အကျိုးအမြတ်ကိုသာ မြင်တတ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေက အလုပ်ဖြစ်ဖို့ လိုရင်း လုပ်တတ်ပါတယ်။ စော်ကားမော်ကား သိမ်းကြုံးပြောလိုခြင်းမဟုတ်ပါ။ အများစုကိုကြည့်ပြီး ကျွန်တော်မြင်သလို ပြောကြည့်တာပါ။ လက်ရှိအနေအထားကိုပဲ ကြည့်ပြောတာလည်း ဖြစ်ပါတယ်။ စင်ကာပူမှာတော့ မစ္စတာဂိုဂျုပ်တောင်က ပြောဖူးပါတယ်။ တီထွင်တတ်တာကို သင်လို့ရသလား..တဲ့။ ကျွန်တော်တို့တော့ စမ်းကြည့်မလို့ ဆိုပြီး စင်ကာပူပညာရေးကို ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာတွေရဲ့ သဘာဝကတော့ အလုပ်ဖြစ်ဖို့ လိုရင်းဆိုတာကို ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီလိုနည်းနဲ့ မြန်မာတွေမှာ Action Man ကို အထင်ကြီးတဲ့ အလေ့အထဖြစ်လာတော့တာပါပဲ။ Action Man ဆိုတာ ပြဿနာတွေကို စနစ်တကျ မဟုတ်ဘဲ ကြုံသလို ရှင်းတတ်သူတွေပါ။ စနစ်တကျမလုပ်တာ ကြာလာတော့ စနစ်တကျလုပ်တဲ့လူဆို အပိုတွေလုပ်တယ်။ မလိုအပ်ပဲ ချဲ့တယ်လို့ ထင်ကြတော့တာ။ ရေရှည်ကို မစဉ်းစားတော့ဘူး။ ဆရာကိုတာပြောသလိုပါပဲ။ မစဉ်းစားတာကြာတော့ မစဉ်းစားတတ်တော့ဘူး။ လက်တွေ့မဆန်ဘူးတောင် မှတ်ချက်ချလိုက်သေးတာ။ ဆရာဦးအောင်သင်းကလည်း “တို့လူမျိုးက စဉ်းစားမလား၊ သေမလားဆို…သေမှာပဲ..တဲ့။ စဉ်းစားရမဲ့ အလုပ်ကို သေရမှာထက် ကြောက်တယ်..” လို့ တစ်သက်စာ မမေ့အောင် နှလုံးသားထဲထိ တိုက်ရိုက်ကို ဆုံးမဖူးပါတယ်။

  ဖြတ်ထိုးဉာဏ်ကောင်းတာမှာတော့ ကိုယ့်လူမျိုးက လက်ဖျားခါလောက်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့နည်း မြန်မာ့ဟန်ဆိုတဲ့ စကားလုံး ပေါ်လာတာပါ။ မြန်မာ့နည်း မြန်မာ့ဟန်လို့ ပြောလိုက်တာနဲ့ အလုပ်ဖြစ်အောင်သာ လုပ်ပေတော့…ဘယ်လိုလုပ်လုပ်….ဆိုတဲ့ အဓိပ္ပါယ်မှန်း လုပ်ငန်းခွင်က မြန်မာတိုင်းသိကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့် တစ်ပွဲတိုး အဆင်ပြေအောင်လုပ်တာမျိုးတွေ များပြီး ရေရှည်မှာ အလုပ်ဖြစ်တာ ရှိတော့ရှိတယ်..ရှားတယ် လို့ပြောရမှာပါ။ ဘာကြောင့်လဲဆို စနစ်တကျ တီထွင်မှုကို အားပေးတဲ့စနစ်မျိုး၊ ဝန်းကျင်မျိုးမရှိလို့ပါပဲ။ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး မြန်မာ့နည်း မြန်မာဟန်က ကျဉ်းထဲကြပ်ထဲမှာ တော်တော်တန်ဖိုးရှိပါတယ်။ အရာခပ်သိမ်း မပြည့်မစုံနေလာရတဲ့ လူမျိုးတစ်မျိုးအတွက် မြန်မာ့နည်း မြန်မာ့ဟန်ကို တန်ဖိုးထားသော်ငြား ရေရှည်အတွက် ပြင်ဆင်ရာမှာတော့ ဘက်ပေါင်းစုံက စဉ်းစားရပါလိမ့်မယ်။ မပြည့်စုံတာနဲ့ ဘာမှမရှိတာတော့ မတူပါ။ အီသီယိုးပီးယားလို ဘာမှမရှိရင်တော့ ဒါတွေထည့်ပြောဖို့ကို မလိုတော့ပါ။ ဒါပေမဲ့ ဘယ့်သူ့ဘယ်သူကိုမလည်းှ အပြစ်ပြောစရာတော့ မရှိပါ။ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ စနစ်တစ်ခုအောက်မှာ ကြီးပြင်းလာရတဲ့ မျိုးဆက်ဟာ ဒီလိုပဲ ကျိန်းသေပေါက် ဖြစ်မှာပါ။ မဆန်းပါဘူး။

 မြန်မာတွေမှာ Creativity လို့ခေါ်တဲ့ တီထွင်နိုင်စွမ်း အပြည့်ရှိပါတယ်။ ဒါပေမဲ့ ဟာကွက်တွေ အမြဲရှိတတ်ပါတယ်။ တီထွင်မှုတိုင်းမှာ ဟာကွက်ရှိတာ မဆန်းပါ။ အဲဒီဟာကွက်တွေကို ထောက်ပြပြောဆို အဖြေရှာရှင်းလင်းကြမှသာ ပြည့်စုံတဲ့ တီထွင်မှုတစ်ခုဖြစ်လာမှာပါ။ သို့သော်လည်းပေါ့ဗျာ… Brain Storming လို့ခေါ်တဲ့ ဘက်ပေါင်းစုံက စုပေါင်းဆွေးနွေးအဖြေရှာတဲ့ အကျင့်တော်တော် ဆင်းရဲတာကြောင့်လည်း ပါ ပါတယ်။ ဦးဆောင်တဲ့လူကလည်း ဝေဖန်ရင် မကြိုက်တာရယ်၊ နောက်ကလူတွေကလည်း ကိုယ်မလုပ်ရပြီးရော ဘာဖြစ်ဖြစ် လက်ခုပ်ပဲတီးတတ်တဲ့အကျင့်ရယ်၊ တစ်သက်လုံး လက်ညှိးထောင် ခေါင်းငြိမ့် ပြန်မပြော နားမထောင် လုပ်တဲ့အကျင့်ရယ် ပေါင်းလိုက်တော့ ရှိသမျှ အရည်အချင်းတွေအားလုံး ပလုံ ဆို မြှုပ်သွားတာ ဘာဆန်းမလဲခင်ဗျာ။ ပေါ်ထွက်လာတဲ့ တီထွင်မှုတွေကလည်း ရှေ့ဆက်ဖြစ်ထွန်းမလာတာက များတော့တာပေါ့။ (နောက်ချေးလျှပ်စစ်၊ နွားလျှပ်စစ်ဆိုတာမျိုးကတော့ တစ်မျိုးပေါ့လေ... နွားတွေ ဘယ်လောက်ပင်ပန်းနေတယ် ဆိုတာကိုတောင် ကွန်ပျူတာနဲ့ စစ်ဦးမှာ...တဲ့။ အဲဒီ ကွန်ပျူတာကို ဘယ်လျှပ်စစ်နဲ့ မောင်းမှာလဲတော့ မသိ...။ Backup Battery တွေ ဘာတွေနဲ့ ဖြစ်ချင်ဖြစ်မှာပေါ့...နော့။ ဉာဏ်မမှီဘူးဗျ..။)

  အခုပြောတဲ့ အင်ဂျင်နီယာနဲ့ မက္ကင်းနစ်ဆိုတာလည်း အသက်မွေးဝမ်းကြောင်း အလုပ်ရာထူးတွေကို မဆိုလိုပါဘူး။ သူတို့ရဲ့ သဘောသဘာဝကိုပဲ ပြောတာပါ။ အင်ဂျင်နီယာတစ်ယောက်ဟာ အခြေအနေ အချိန်အခါနဲ့ လုပ်ပိုင်ခွင့်ပေါ်မူတည်ပြီး မက္ကင်းနစ်အလုပ်တွေ လုပ်နေရတာလည်း ဖြစ်နိုင်သလို အင်ဂျင်နီယာကျောင်းဆင်း မဟုတ်ပေမဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ အတွေးမျိုးနဲ့ လုပ်နိုင်၊ တီထွင်နိုင်ကြသူတွေလည်း အများကြီးပါ။ တကယ်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာတဲ့အခါ၊ အသစ်အသစ်သောအရာတွေနဲ့ နည်းပညာအသစ်တွေကို လူတန်းစားမရွေး လက်လှမ်းမှီ သုံးစွဲလာနိုင်တဲ့အခါ၊ ပြောင်းလဲခြင်းအသစ်တွေနဲ့ ကျွန်တော်တို့ အသားကျလာတဲ့အခါ အမြင်တွေပြောင်း ခေတ်တွေပြောင်းလာတဲ့အခါ အစမှာ ပြောခဲ့တဲ့ ကို့ယို့ကားယားမေးခွန်းတွေ ပျောက်ပျက်သွားပါလိမ့်မယ်။ ကျွန်တော်တို့ကို TV ပြင်တတ်လား…. မမေးကြတော့ဘူးပေါ့ဗျာ။
ကျွန်တော်တို့ ငယ်ငယ်ကတော့ “သားလေးကြီးရင် ဘာလုပ်မလဲ….” လို့မေးတဲ့အခါ ဆရာဝန်ကြီးလုပ်မယ်.. အင်ဂျင်နီယာကြီးလုပ်မယ်…. စစ်ဗိုလ်ကြီးလုပ်မယ်…. လို့ ဖြေတတ်ကြတဲ့ ကလေးတွေ အများကြီးပါ။ ဘာလို့လဲဆို အဲဒီတုန်းက အဲဒါတွေက Role Model တွေကိုး။ အခုတော့ အဲဒီလို ဖြေတဲ့ကလေး မရှိသလောက်ရှားသွားပါပြီ။ ဆရာဝန်၊ အင်ဂျင်နီယာတွေက သူတို့မျက်စိထဲမှာRole Model မဖြစ်တော့။ ဒီပညာသင်ပြီး ဒီပညာနဲ့ လုပ်စားဖို့ အဆင်မပြေတာတွေလည်း များလာတော့ သင်ထားတဲ့ ပညာတွေ အဟောသိကံဖြစ်ကုန်တာလည်း များလာပါပေါ့။ ပညာဆိုတာ သင်ရုံသင်ပြီး အသုံးမချနိုင်ရင်၊ အသုံးချဖို့ အခွင့်အရေးမရရင်၊ အဲဒီလိုဖြစ်တာတွေ ပုံမှန်လိုဖြစ်လာပြီဆိုရင် အဲဒီတိုင်းပြည်အတွက် ရင်လေးစရာတွေ ဆက်တိုက်ဖြစ်လာတော့တာပါပဲ။ ပညာတတ်တွေထက် မင်းသမီး၊ မင်းသားတွေ၊ အဆိုတော်တွေ၊ မော်ဒယ်လ်တွေက သူတို့အတွက် အားကျစရာ အသစ်တွေ ဖြစ်နေတော့တာ။ အလုပ်ဖြစ်နေတာလဲ သူတို့ပဲရှိသလို ဖြစ်နေတာကိုး။

ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့တွေကတော့ ချမ်းသာသူတွေအတွက်ဆို မင်္ဂလာဆောင်မှာ ကြွားဝါစရာအမြီးတစ်ခု အဖြစ်လောက် သဘောထားတာတွေတောင် ကြားလာတွေ့လာရပါတယ်။ စစ်ဗိုလ်ကြီးကတော့ ထားလိုက်ပါတော့ဗျာ။ အလုပ်ဖြစ်ပေမဲ့ အားကျစရာတော့ သိပ်မကောင်းလှတော့ပါဘူး။ ဆရာဦးအောင်သင်း ပြောသလိုပါပဲ။ ပညာတတ်တွေ နောက်ရောက်ပြီး၊ ပညာမဲ့တွေ ရှေ့ရောက်နေရင် ခေတ်ကြီး မတည်ငြိမ်သေးလို့သာ မှတ်လိုက်ပါ… တဲ့။ ဆရာဝန်၊ အင်ဂျင်နီယာတွေကလွဲရင် ပညာတတ်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ရပါ။ ပညာတတ်များ တတ်သည့်ပညာနဲ့ အသက်မမွေးနိုင်ကြတာကို ပြောတာပါ။ ဘွဲ့ရပညာတတ်တစ်ယောက် ဆိုက်ကားနင်းနေတာ သူ့ပညာက တစ်ခုခုချို့ယွင်းနေလို့လား၊ သူက တကယ်စိတ်မဝင်စားဘဲ ဒီပညာကို ဘာရယ်မဟုတ် သင်ခဲ့လို့လား၊ ပညာရေး စနစ်ကြောင့်လား၊ နိုင်ငံရေးလား… ကျွန်တော်နားမလည်ပါ။

တလောကတော့ တွေ့လိုက်တာလေးတစ်ခုတော့ ရှိပါတယ်။ ကလေးတွေ သီချင်းဆိုပြိုင်ကြတဲ့ ပွဲတစ်ခုမှာပေါ့။ အစီအစဉ်တင်ဆက်သူတွေက အရိုင်းနဲ့ ခန့်စည်သူပါ။ သီချင်းဆိုတဲ့ ကလေးက ကလေးမ လေးပါ။ အသက် ၆ နှစ်၊ ၇ နှစ်လောက်ပဲ ရှိပါသေးတယ်။ အရိုင်းက မေးတယ်။ သမီးလေးက အဆိုကောင်းလိုက်တာ…. သမီးလေးကြီးလာရင် ဘာလုပ်မလဲ…လို့ မေးလိုက်တော့ ချစ်စရာသမီးလေးရဲ့ ပြန်ဖြေတဲ့ အဖြေလေးက…..

“ဆရာဝန် အဆိုတော်……..” တဲ့….။

(ဓါတ်ပုံများကို Google မှ ကူးယူသည်။)







2 comments:

  1. အပြည့်အ၀ ခံစားလို့ရတဲ့အတွေးတွေပါ.... civil သမားတွေကို ပန်းရံဆရာတွေနဲ့ သိပ်မကွာသလို မြင်တဲ့အမြင်တွေ၊ EC, EP တွေကို TV ပြင်တာလောက်ပဲ ကြည့်တဲ့အကြည့်တွေရဲ့ နောက်ကွယ်က အတွေးတွေကိုပေါ့....။ အင်း.... အမြင်တွေပြောင်းဖို့လည်းလိုတယ်...။ နောက် အချင်းချင်း ပြန်မလိမ်ဖို့ တတ်ချင်မယောင်ဆောင်ဖို့လည်း လိုမယ်နော်..။ အဲ့ဒါကိုက ကျွန်တော်တို့ ပတ်ဝန်းကျင်ဖြစ်နေခဲ့ မဟုတ်လားလေ..။ anyhow, nice article :) really like it.

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...