Monday, December 26, 2011

သံသရာစမ်းရေ (အပိုင်း ၅)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

စိတ်ရင်းမိတ်ဆွေ၊ ရှားသလေ….

အပေါင်းအသင်း…တဲ့။ သူငယ်ချင်း…တဲ့။ မိတ်ဆွေ…တဲ့။ အဆွေခင်ပွန်း…တဲ့။ ဘော်ဒါ….တဲ့။ ဘော်ဒါဘော်ဂျွတ် ဆိုတာတောင်ပါသေး။ အရက်မူးသမားချင်းကျတော့ သယ်ရင်း….တဲ့။ တရားသမားချင်းကျတော့ ကလျာဏမိတ္တ…တဲ့။ ရဲဘော်ရဲဘက်…တဲ့။ ယောက်ဖရေ…ယောင်းမရေ…ဆိုတာလည်းရှိရဲ့။ ဒါတောင် မေ့နေတဲ့ ဝေါဟာရတွေ ရှိသေးတယ်။ အင်္ဂလိပ်စကား Friend ကို မြန်မာလိုပြန်ရင် ရတဲ့ ဝေါဟာရတွေပြောပါတယ်။ မြန်မာတွေ ခင်တတ်မင်တတ်ပုံများ ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီး ဝေါဟာရတွေ အတော်များပါတယ်။

လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ဘက်တီးရီးယားပဲဖြစ်ဖြစ် အသိုင်းအဝန်းဆိုတာ ရှိတယ်။ အခြွေအရံဆိုတာရှိတယ်။ အခြွေအရံဆိုတဲ့ စကားလုံးကို နှိမ့်ချပြီးခေါ်တယ်လို့ အထင်ရောက်တာမျိုးလည်း ရှိတတ်ကြတယ်။ ခြွေမှ ရံတယ် လို့လည်း ဆိုကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝန်းကျင်ဆိုတာရှိတယ်။ ကိုယ့်ထက် ဂုဏ်အားဖြင့်၊ သီလအားဖြင့်၊ ပညာအားဖြင့် ကြီးမြတ်တဲ့ဝန်းကျင်လည်း ရှိတယ်။ ကိုယ်နဲ့တန်းတူရည်တူတွေလည်း ရှိတယ်။ လေးလေးစားစား တန်ဖိုးထားရတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ ကိုယ့်ထက်နိမ့်ပါးသူတွေနဲ့ကျတော့လည်း ဖေးမရတယ်။ ဝေမျှရတယ်။



ဒီနေရာမှာ စကားစပ်မိလို့ မဆီမဆိုင် ထည့်ပြောရရင် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့ဆိုတာ လွယ်တယ်မထင်လေနဲ့။ အဓိပ္ပါယ်သဘောတရားချင်း တူပေမဲ့ လေယူလေသိမ်းနဲ့ အသုံးအနှုန်းပေါ်မူတည်ပြီး တခြားအဓိပ္ပါယ်တစ်မျိုး ဆောင်သွားတတ်တယ်။ အဲဒါကြောင့် တချို့လူတွေကို စကားပြောမတတ်ဘူး လို့ မှတ်ချက်ချကြတာ နေမှာပါပဲ။ အပြောမတတ်တော့ ဆဲသလို…တဲ့။ ဝေါဟာရတွေကိုကျော်ပြီး စိတ်ရင်းကို မြင်တတ်သူတွေ၊ စိတ်ရင်းကို ပြတတ်သူတွေအတွက်တော့ ဝေါဟာရတွေရဲ့ အနှောက်အယှက်က နည်းနည်းသက်သာမှာပဲ။ တချို့က စိတ်ရင်းထက် စကားလုံးတွေ ပေါ်မှာ အထအနကောက်ပြီး လိုရင်းမရောက်သူတွေ တွေ့ရလွန်းလို့။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်ပါ။ ပြောလိုက်ရင် ဘုဂလန့်တွေ၊ တည့်တိုးကြီးတွေ အတော်များတယ်။ နားဝင်ချိုအောင် မပြောဘူး။ ဒါပေမဲ့ အဲဒါကိုပဲ တစ်တိုင်းပြည်လုံး  ချစ်ကြရတယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေဆို ခုထိနားထောင်လို့မဝ၊ နားထောင်ရင်းနဲ့တောင် ကျက်သည်းထကြရတယ် မဟုတ်လား။ ဒါသူ့စိတ်ရင်း စေတနာက သူ့ကိုယောင်ပြန်ဟတ်တာပဲလေ။ ဘယ်လောက်ပဲ အပြောကောင်းကောင်း၊ စေတနာမကောင်းရင် လုပ်ရပ်လည်းကောင်းမှာ မဟုတ်ဘူးပေါ့။ အပြောတော့ချိုပါရဲ့….၊ လက်က ယုတ်မာနေရင် ဘယ်လိုလုပ်မလဲ။ အဲဒါမျိုးကိုလည်း အပြောချို လက်တိုလို့ မြန်မာစကား ရှိပြန်ရော။ စီးပွားရေးလောကမှာ အတွေ့ရများတဲ့ အကျင့်တစ်မျိုးပေါ့။ ဒါဆိုရင်လည်း ကိုယ့်စေတနာ ကိုယ့်အကျိုးပေး၊ ကိုယ့်သမိုင်း ကိုယ်ရေးမှာပဲ မဟုတ်လား။

တစ်ခါတစ်ရံ ပြောသူက ဘာရယ်မဟုတ်ပြောပြီး ထွက်သွားရော၊ သူ့စိတ်ထဲ ဘာမှရှိမှာ မဟုတ်ဘူး။ အမှတ်တမဲ့ ပြောသွားတာလေးကို တစ်ဘက်နားထောင်တဲ့လူရဲ့ အားနည်းချက်၊ သိမ်ငယ်စိတ်နဲ့ တိုက်ဆိုင်သွားတဲ့အခါ နှလုံးသွင်းမမှန်တဲ့အခါ ပူပြင်းရပြန်တာပေါ့။ ဒေါသတွေ ဖြစ်ရပြန်တာပေါ့။ တရားသဘောအရပြောရရင် ကြောက်တယ်ဆိုတာ ဒေါသစိတ်ကြောင့်ပါ။ ဒေါသနဲ့ ကြောက်စိတ်က တွဲနေတာ။ ဒေါသကြီးတာ ကြောက်တတ်လို့။ ကြောက်တော့ ကာကွယ်ဖို့ ကြိုးစားတယ်။ ကိုယ်က အနိုင်ရမှ နေသာထိုင်သာရှိတယ်။ နိုင်ပြီးရင် ရှုံးမှာကို ကြောက်ပြန်ရော။ ပြီးရင် ဂလဲ့စားချေချင်၊ ပြန်ပြီးချေပချင်လေတော့ စဉ်းစားရင်း စဉ်းစားရင်း အကုသိုလ်စိတ်တွေ တဖွားဖွားပေါ်နေတော့တာ။

ပြောချင်တာက စိတ်ရင်းသဘောထားကို တန်ဖိုးထားပြီး မြင်တတ်ဖို့ပါ။ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘနဲ့ သားသမီး၊ လင်နဲ့မယား စကားလုံးတွေကြောင့် အဆင်မပြေဖြစ်ကြသူတွေ၊ လက်စားချေကြသူတွေ၊ တနုံ့နုံ့ခံစား အမုန်းပွားကြသူတွေကို မြင်ရတာ ပူလောင်လှတယ် မဟုတ်လား။ ပြောတာတွေ၊ စကားလုံးတွေ၊ ပုံကြီးချဲ့တာတွေ ဘေးဖယ်ပြီး ဒီလူဟာ ငါ့ကိုဂျောက်ချချင်တဲ့စိတ်၊ ဒုက္ခပေးချင်တဲ့စိတ် ရှိနိုင်သလားလို့ တွေးကြည့်။ ပြောရဲပါတယ်။ ၉၀% က အထအနကောက်ပြီး ဖြစ်ကြတာ။
မိတ်ဆွေကောင်းဆိုတာ ကိုယ့်အကြောင်းအကုန်သိပြီးတာတောင် ကိုယ့်ကိုဆက်ပြီးချစ်ခင်နေတဲ့သူ..တဲ့။ ကိုယ်အဆင်ပြေနေစဉ်မှာ ပျောက်သွားတတ်ပြီး လိုအပ်တဲ့အချိန်မှာ ပေါ်လာတတ်…သတဲ့။ မိတ်ဆွေနဲ့ပါတ်သက်တဲ့ ဖွင့်ဆိုမှုလေး တစ်ချို့ပါ။

မိတ်ဆွေဆိုတာနဲ့ ပါတ်သက်ရင် အိုစမာဘင်လာဒင်နဲ့ ဆဒမ်ဟူစိန်တောင် မတူကြဘူး။ သူတို့လုပ်ရပ်တွေ မှားတာမှန်တာ ဘာသာရေးတွေ ကို ပြောချင်တာမဟုတ်ဘူး။ အိုစမာဘင်လာဒင်မှာ သူ့အတွက်အသေခံမဲ့လူတွေ အများကြီး ရှိခဲ့တာ။ ကူညီမဲ့လူတွေများလို့ အမေရိကန်လို နိုင်ငံတောင် ဘယ်လောက်ကြာကြာ ရှာခဲ့ရတယ် ဆိုတာ အားလုံးအသိပဲ။ ဟူစိန်ကျတော့ ထွက်ပြေးလို့ ဘယ်လောက်မှတောင် မကြာလိုက်ဘူး။ မြေကြီးထဲမှာ ကြွက်လိုအောင်းပြီး နောက်ဆုံး အဖမ်းခံလိုက်ရတာပဲ မဟုတ်လား။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်လို့ ပြောချင်တာပါ။

အခု ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေအားလုံးဟာ ကျွန်တော်တို့ငယ်စဉ်ကတည်းက နားလည်ခဲ့တဲ့ မိတ်ဆွေဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ပေါ်မှာ အတိုချုံးပြီး ပြောကြည့်တာပါ။ အတိုချုံးဆိုတဲ့အတိုင်း အကုန်မပါ ပါဘူး။ အနီးစပ်ဆုံး လိုရင်းရောက်အောင် တတ်နိုင်သမျှ ရေးလိုက်တာပါ။ သေချာတာတစ်ခုက ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ အပေါင်းအသင်း ပါတ်ဝန်းကျင်ဆိုတာ အကောင်အထည်ရှိတယ်။ ခင်ကြမင်ကြတယ်။ သူငယ်ချင်းဆိုတာနဲ့ မျက်စိထဲမှာ ပုံဖေါ်လို့ရတယ်။ မျက်နှာဆိုတာ ရှိတယ်ဗျာ။ ပေါင်းရင်းသင်းရင်း ပါတ်သက်တဲ့ အတိုင်းအတာပေါ်မူတည်ပြီး ခင်မင်ရင်းနှီးမှု အဆင့်တွေ ကွာကြတယ်။
ကဲ….. ကျွန်တော်တို့ သားသမီးတွေရဲ့ မိတ်ဆွေတွေကရော……


ဒီဂျစ်တယ်မိတ်ဆွေ….

အရင်တုန်းက၊ သိပ်မကြာသေးခင်ကအထိ အဆက်အသွယ်မပြတ် သူငယ်ချင်းအယောက် ၁၀၀-၁၅၀ လောက်ရှိတဲ့လူဆိုတာ ဆရာကြီးလို့ပြောလို့ရတယ်။ တော်တော် ပေါင်းတတ်သင်းတတ် ဝင်ဆန့်တဲ့သူပေါ့။ အဲဒီထက်များတဲ့သူဆိုရင် Celebrities ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စီးပွားရေးသမားဖြစ်၊ ဒါမှမဟုတ်ရင် နိုင်ငံခေါင်းဆောင်ဖြစ်ပါမှပါပဲ။ အဲဒီထဲမှာမှ မိတ်ရင်းဆွေရင်းဆိုတာ လက်ချိုးရေလို့ရတယ်။ မိတ်ဆွေစစ်ဆိုတာ ရှားတယ်လို့ ဆိုစမှတ်ပြုကြရတယ်။

အခုတော့ Celebrities တွေ မဟုတ်ပါဘဲ အပေါင်းအသင်း မိတ်ဆွေတွေ ထောင်ချီပြီး ရှိတဲ့လူတွေ များနေပါပြီ။ တစ်ခုပဲ ပြောစရာရှိတယ်။ အများစုက တစ်ယောက်နဲ့ တစ်ယောက် အပြင်လောကမှာ မြင်ဘူးကြတာ မဟုတ်ဘူး။ facebook မျိုးဆက်တွေပေါ့။ Social Network တွေ၊ Chat Room တွေကနေ ရင်းနှီးကြတာ။ မျက်နှာမမြင်ရတိုင်း လျှာအရိုးမရှိ လွမ်းပြဆွေးပြနေတဲ့သူတွေလည်း မနည်းလှပါဘူး။ အိမ်ထောင်ရေးမှာ သုံးနှစ်သုံးမိုးသမီးရည်းစားဘဝနဲ့ လေ့လာညှိနှိုင်း စဉ်းစားချင့်ချိန်ပြီးမှ ယူတယ်ဆိုတာ ဒီခေတ်မှာ ကြားဖူးကြတော့မှာတောင် မဟုတ်ဘူး။

အဲဒီ သုံးနှစ်သုံးမိုးတွေက တစ်ခေတ်ဗျ။ သုံးနှစ်သုံးမိုးတွေရဲ့ နောက်မျိုးဆက်တွေကျတော့ မင်းကိုငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ခေတ်။ ဘိုဘိုဟန်တို့ခေတ်။ ရေရေလည်လည်မိုက်တယ် ဆိုတဲ့ခေတ်။ အဲဒီနောက်ကျတော့ ဖေဖေ၊ မေမေတွေ မှားတဲ့ခေတ်။ မယုံရင် အဲဒီကာလက မြန်မာဗွီဒီယိုတွေ ကြည့်။ ဖေဖေမှားပါတယ် သားရယ်…တို့၊ မေမေ မှားပါတယ်သမီးရယ်…တို့ ခဏခဏကြားရတယ်။ အဲဒါ သိပ်အဝေးကြီး မဟုတ်သေးဘူး။ အိန္ဒြာကျော်ဇင် ပေါ်ပြီ (ရုပ်ရှင်လောကကို စ ဝင်တယ်လို့ ပြောတာ)။

အဲဒီနောက်တော့ နိုင်ငံအခြေအနေအရ နိုင်ငံခြားသွားပြီး အလုပ်လုပ်ရတာတွေ ပုံမှန်ဖြစ်လာတယ်။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တယ်ဆိုတာ၊ နိုင်ငံခြားပြန်ဆိုတာ ကျွန်တော်တို့ငယ်ငယ်က ရှားရှားပါးပါးဗျ။ အခုတော့ ဘယ်မိသားစုကိုမေးမေး၊ အနည်းဆုံး တစ်ယောက်လောက်တော့ အပြင်ရောက်နေတာ များတာပါပဲ။ သူများတိုင်းပြည် သွားအလုပ်လုပ်ရတယ်ဆိုတာ ကိုယ့်တိုင်းပြည်လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ နေဝင်မိုးချုပ် ကြိုးစားနိုင်မှ တော်ကာကျတယ်။ အဲဒီတော့ အိမ်ထောင်ပြုဖို့၊ မိန်းမပိုးဖို့ ဆိုတဲ့ကိစ္စတွေက စီးပွားရေးခေါင်းစဉ်အောက်မှာ ဦးစားပေးမရရှာပါဘူး။ အင်တာနက်ဆိုသဟာလည်း လွန်ခဲ့တဲ့ ၉ နှစ်လောက်အထိက ဒီလောက်တွင်ကျယ်သေးတာ မဟုတ်ဘူး။ အဲဒီတော့ ဖေဖေ၊ မေမေတို့ စီစဉ်တာကို နာခံပါ့မယ်…ပေါ့ (မနာခံရင်လည်း မိုးလင်းမိုးချုပ် အလုပ်လုပ်နေရတာနဲ့ မျိုးတုန်းသွားနိုင်တယ်။ ဒါမျိုးကျ အင်မတန် လိမ်မာတာ..)။

အဲဒီခေတ်ကနေ အခုမျက်စိအောက်မှာတင် facebook တို့၊ chat room တို့ကနေ ချစ်ကြကြိုက်ကြလိုက်ကြတာတွေ ဖြစ်လာတာ (မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါခင်ညာ…)။ အဲဒီမျိုးဆက်ကနေ နောက်ပိုင်း ဖြစ်ပျက်ပြောင်းလဲတာတွေက မြန်လွန်းတော့ မျက်စေ့ကို လည်နေတော့တာပဲ။

အံ့သြစရာကောင်းတာက အဲဒီ online ကနေ ဖြစ်ကြတဲ့ ကိစ္စတွေမှာ မိဘတွေကိုယ်တိုင် ပါဝင်သဘောတူနေကြတဲ့ အချက်ပဲ။ ကျွန်တော်မြင်ဖူးတာ၊ ကျွန်တော့်အသိုင်းအဝန်းမှာတင် (၁၀) ခုလောက် ရှိနေပြီ။ ဖတ်ဖူး မှတ်ဖူးတာလည်း မနည်းတော့ဘူး။ online မှာ တွေ့တဲ့ချစ်သူကို ယုံမိလို့ ဘာဖြစ်သွားတာ ညာဖြစ်သွားတာ… အို.. စုံလို့ပါပဲ။ ကျွန်တော်စဉ်းစားကြည့်တယ်။ ငါသမီး၊ ငါ့နှမ ဆိုရင် အဲဒီလိုနည်းနဲ့ အိမ်ထောင်ဘက်ရှာတာကို ငါဘယ်လို သဘောထားရမလဲ…လို့။ ဒါမှမဟုတ် အဲဒီလို online ကတွေ့တဲ့ မိန်းကလေးတစ်ယောက်ကို ငါကိုယ်တိုင်ဆိုရင်ရော ဘယ်လိုသဘောထားမိမလဲ…လို့။ ကျွန်တော် ကဲ့ရဲ့တာ မဟုတ်ရပါ။ မှားတယ် မှန်တယ် မပြောဝံ့ပါ။ ဒါပေမဲ့ဗျာ…… အပြင်မှာ ဘာမှအကြောင်းမသိ မတွေ့ဖူးတဲ့ online ကနေ သိတဲ့လူတစ်ယောက်ကို အိမ်ထောင်ဘက်အဖြစ် စဉ်းစားဝ့ံတာ နည်းတဲ့သတ္တိတော့ မဟုတ်လှဘူး။ ပုံမှန်အားဖြင့်တော့ Webcam ကနေ မြင်ရတယ်ဆိုတာ ကိုယ်တစ်ပိုင်းဗျ။ တစ်ပိုင်းချင်းစီ ပြနေကြတာတွေတော့ မသိဘူးဗျာ။ အဲဒါကို အဲဒီအဆင့်ရောက်တယ်ဆိုတာ ကျွန်တော်တို့လို ဟိုမရောက်ဒီမရောက်တွေအတွက်တော့ အဆန်းပဲဗျို့။ ဒီခေတ်မိဘတွေ ကပဲ ခေတ်မီကြတာလား။ ကလေးတွေကို မနိုင်တာလား။ မိဘတွေကိုယ်တိုင်က ဒါကို မှန်တယ်လို့ လက်ခံကြတာလား။ နိုင်ငံစီးပွားရေးကြောင့်လား။ လူ့ကျင့်ဝတ်တန်ဖိုးတွေ ကျလာတာလား။ ဒါမှမဟုတ် တန်ဖိုးတွေ ပြောင်းသွားတာလား။ ဒါမှမဟုတ် အဲဒါတွေအားလုံးကြောင့်ပဲလား။ အဲဒါခေတ်လား။
နောက်ဆုံးတော့ ငါကိုက တုံးတာပဲနေမှာပါလေလို့ပဲ တွေးမိပါတယ်။ အခုထိလည်း ကျွန်တော့်စိတ်ထဲမှာ ဒီကိစ္စက ဇဝေဇဝါပါပဲ။ ဒါကို မှန်ကန်တဲ့ နည်းလမ်းလို့ ကျွန်တော်လက်မခံနိုင် ဖြစ်နေတာတော့ အမှန်ပါ။ အလုပ်ထဲမှာ ကျွန်တော့်ဆီက ဝန်ထမ်းငယ်တွေဆီကနေ မကြာခဏအဲဒီ online ဇာတ်လမ်းတွေ ကြားရတတ်ပါတယ်။ ကြားရတိုင်းလည်း စိတ်မသက်မသာ ဖြစ်မိပါတယ်။ သူတို့အချင်းချင်း ပြောနေကြတာတွေ ကြားရတာနဲ့တင် အီလည်လည်ကြီး ခံစားရပါတယ်။ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို မြင်နေရပါတယ်။ ကျွန်တော်တို့ရှေ့မျိုးဆက်တစ်ခုဟာ မျိုးဆက်သစ်တွေကို သင်ကြားပေးတဲ့နေရာမှာ အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းလောက်ကိုသာ အဓိကထားခဲ့ပြီး ကျင့်ဝတ်ပိုင်း သင်ကြားပေးမှု အားနည်းခဲ့တယ်လို့ ခံစားရပါတယ်။ လူမှန်ရင် စောင့်စည်းရမဲ့ လူ့ကျင့်ဝတ် ရှိရပါတယ်။ မကောင်းမှုပြုရမှာကို ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ် မရှိ၊ ဘာသာတရားမရှိဘဲ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ပဲ ရွေ့နေတဲ့ မျိုးဆက်တစ်ခုကို မျက်စိအောက်မှာ အရှင်လတ်လတ်မြင်နေရတာ စိတ်ပျက်စရာကောင်းသလို စိတ်မကောင်းဖြစ်စရာ ကောင်းလှပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း လက်လှမ်းမီသလောက် ကိုယ်သိတာလေး ဝေမျှရုံ၊ စောင်းပါးရိပ်ချည် သွယ်ဝိုက်ဆုံးမ သတိပေးရုံ ကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ အလိုက်အထိုက်ပဲ နေရတာပါပဲ။ ကိုယ်ကျင့်တရားအကြောင်းပြောရင် ခေတ်နောက်ပြန်ဆွဲတယ်လို့ မြင်နေကြတဲ့ခေတ်မှာ ကျွန်တော်ဘာများတတ်နိုင်ဦးမှာလဲလေ။

နေရာတိုင်းမှာ ချွင်းချက်တော့ရှိစမြဲမို့ online ကနေ အဆင်ပြေသွားသူတွေလည်း ရှိမှာပါပဲ။ ဒါပေမဲ့ ရာခိုင်နှုန်းအတော် နည်းနည်းလေးပါ။ ကျွန်တော်အရင်တစ်ခါ ပြောခဲ့သလိုပါပဲ။ ရာခိုင်နှုန်းနည်းနည်းလေးထဲမှာ ကိုယ်ပါမယ်လို့တွေးတာဟာ စွန့်စားလွန်းရာကျပါတယ်။ လူဆိုတာ သူများ ထီ ပေါက်ရင် ငါလည်းပေါက်နိုင်တယ်လို့ တွေးပေမဲ့ သူများ ကားတိုက်ခံရရင် ငါလည်း တိုက်ခံရနိုင်တယ်လို့ တွေးတာမှ မဟုတ်ဘဲလေ။ အခု ပိုပိုဆိုးလာတာက online ကနေ အီစီကလီလုပ်ကြရင်း Webcam ကနေ ဖေါ်ကြချွတ်ကြ အဆင့်ထိ ဖြစ်လာတဲ့ ကိစ္စပါ။ ယောကျင်္ားလေးတွေကလည်း Webcam ကနေ မျက်နှာမြင်ရလို့ပဲဖြစ်ဖြစ်၊ ဒီအတိုင်း chat တာပဲ ဖြစ်ဖြစ် အလကားရမနည်းသဘောမျိုးနဲ့ သားပြောမယားပြော စော်ကားမော်ကား ပြောကြသလို အခြေအနေပေးရင် နောက်တစ်ဆင့်တက်လို့ Webcam ကနေ ပြခိုင်းပါတယ်။ ပြတဲ့လူကလဲ ပြတယ်ခင်ဗျ။ ဘာရည်ရွယ်ချက်လည်းတော့ ဉာဏ်မမီပါဘူး။ အဲလိုပြမှ ယောကျင်္ားရမယ်လို့ ယုံကြည်နေတာလားတော့ မသိပါ။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။ ရလာဒ်ကတော့ online က မြန်မာ porn site တွေမှာ မြန်မာမလေးတွေရဲ့ Web Cam အခန်းကဏ္ဍ တိုးတက်လာတော့တာပါပဲ။ မမြင်ချင်၊ မကြားချင်မှ အဆုံးပါဗျာ။ သူတို့တွေရဲ့ မိဘမောင်ဘွားတွေသာတွေ့ရင် ဘယ်လိုများနေကြမလဲလို့ တွေးမိပါတယ်။ ကျွန်တော်မြင်တာတော့ အရှက်အကြောက်နည်းလာတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးဆိုတာပါပဲ။

အဲဒီ မိန်းကလေး၊ ယောကျင်္ားလေးတွေရဲ့ အဖေအမေတွေဟာ ဘယ်လိုလူတွေဖြစ်မလဲလို့လည်း မကြာခဏတွေးမိပါတယ်။ သိပ်ရိုးသားကြလို့များလား။ ခေတ်အပြောင်းအလဲ၊ နည်းပညာ အပြောင်းအလဲတွေ သိပ်ကြမ်းလွန်းလို့ မျက်ချည်ပြတ်သွားကြတာလား။ ငါ့သား ငါ့သမီးလေး ကွန်ပျူတာသုံးတာ ကျွမ်းကျင်နေပြီဆိုပြီး ဂုဏ်ယူနေကြမှာလား။ ကျွန်တော် မသိပါဘူး။
သေချာတာတစ်ခုကတော့ အပြောင်းအလဲဆိုတာ သိပ်ကြမ်းရင် shock ရ တတ်ပါတယ်။ တဖြည်းဖြည်းချင်း ပြောင်းလဲတာဟာ မဟုတ်ဘဲ ရုတ်တရက်ပြောင်းတဲ့ ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတစ်ခု သိပ်အသားမကျခင် နောက်အပြောင်းအလဲတစ်ခု ဆက်တိုက်လာတာကို လှိုင်း လို့ တင်စားပြီး ပြောကြပါတယ်။ တစ်ခုပြီးမှ တစ်ခု ပြောင်းတာမဟုတ်ဘဲ လှိုင်းတစ်လုံးနဲ့ တစ်လုံး ဆင့်ကာဆင့်ကာ တိုက်ချလိုက်တဲ့အခါ ကိုယ်ခံအားမကောင်းတဲ့သူတွေ လွင့်စင်သွားရတာပါပဲ။
ကျွန်တော်တို့ရဲ့ မျိုးဆက်ဟာ ဟိုမရောက် ဒီမရောက် ထိန်းရသိမ်းရခက်တဲ့ တကယ့်စပ်ကူးမတ်ကူးမျိုးဆက်ကြီးပါဗျာ။ သူတို့နောက်မျိုးဆက်ကျရင်တော့ အပြောင်းအလဲလှိုင်းတွေနဲ့ အဆင်ပြေပြေနေသွားတတ်တဲ့ မျိုးဆက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်သမ္မတကြီးအိုဘားမားက သူ့သမီးတွေကို facebook ပေးမသုံးပါဘူး…တဲ့။ တွေးစရာသတင်းလေးပါ။


စာဖတ်တဲ့ မိဘ၊ စာဖတ်တဲ့ ကလေး

ဆရာအော်ပီကျယ် ပြောပြတဲ့ သူဂျပန်သွားတုန်းက အတွေ့အကြုံလေးတစ်ခုကို ဖေါက်သည်ချပါရစေ။ သူဂျပန်မှာ စာအုပ်တွေတော်တော်များများ ဝယ်ဖြစ်ပါတယ်..တဲ့။ မြန်မာပြည်ကို ပြန်ခါနီးတော့ စာအုပ်တွေကအရမ်းများနေရော..တဲ့။ လေယာဉ်ပေါ်ကို သယ်ခွင့်ရှိတဲ့ ပမာဏအားလုံးက စာအုပ်တွေနဲ့တင် ပြည့်နေတာပေါ့။ အဲဒါနဲ့ သူ့အဝတ်အစားတွေကို မနက်စောစောထပြီး ကားမှတ်တိုင်က အမှိုက်ပုံးတွေထဲ လိုက်ထိုးထည့်ပစ်ခဲ့ရတယ်..တဲ့။ တစ်နေရာတည်း အများကြီးထည့်လို့မဖြစ်တော့ နည်းနည်းစီလိုက်ထည့်ပြီး လွှင့်ပစ်ခဲ့ရတယ်..တဲ့။ ရန်ကုန်လေဆိပ်ကို ရောက်တော့ စစ်ဆေးတဲ့ပုဂ္ဂိုလ်များက ဘာမှပါမလာဘဲ စာအုပ်တွေချည်းပါလာတဲ့ ဆရာအော်ကို စာအုပ်တွေအများကြီး ဘာလုပ်ဖို့လဲလို့ မေးပါတယ်..တဲ့။ ပြန်ရောင်းစားဖို့လို့ ထင်တာလည်းဖြစ်မှာပေါ့လေ။ ဆရာပြန်ပြောတာက ခင်ဗျားတို့ကလည်း စာအုပ်တွေပဲသယ်လာလို့ ကျွန်တော့်ကို အံ့သြတယ်။ ကျွန်တော်ကလည်း စာအုပ်ကို ဘာလုပ်ဖို့လဲမေးတဲ့ ခင်ဗျားတို့ကို အံ့သြတယ်။ စာအုပ်ပါဆိုမှ… ဖတ်ဖို့ပေါ့ဗျ… လို့ ဘုတောခဲ့တယ်..တဲ့။

မျိုးရိုးလိုက်တဲ့ အမူအကျင့်တွေမှာ စာဖတ်ခြင်းလည်း ပါ ပါတယ်။ စာဖတ်တဲ့ မိဘကမွေးတဲ့ကလေး စာဖတ်ဝါသနာပါဖို့ ၈၀% သေချာပါတယ်။ အခုလို ဗရမ်းဗတာ သတင်းအချက်အလက်တွေ၊ မိဘတွေ ပြတ်ကျန်ခဲ့တဲ့ နည်းပညာနဲ့ media တွေကနေ ပစ်ပေါက်သ၍ကို စာအုပ်တွေနဲ့ ကာတာဟာ လက်တွေ့အကျဆုံးပါ။ အမှားအမှန် စစ်ထုတ်ပိုင်းခြားဖို့ဆိုတာ စာဖတ်တဲ့ ဦးနှောက်တစ်ခုရဲ့ ပုံမှန်အလုပ်ပါ။
ဒီခေတ်က မိဘတွေ ခေတ်မီဖို့ အတော်လိုတဲ့ ခေတ်ပါ။ ဖြစ်နိုင်ရင် သားသမီးတွေ အရွယ်အတိုင်းအတာ တစ်ခုထိ မိဘက ရှေ့ကနေ ပြေးနိုင်နေဖို့ လိုပါတယ်။ သူတို့ရဲ့ မျက်စိ၊ နားကို ပိတ်ပင်ဖို့ မဟုတ်ဘဲ မိဘကသူတို့ထက် သိနေဖို့၊ လေ့လာနိုင်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်လှပါ။ အမြဲတမ်းလည်း လိုက်မသိနိုင်ပါ။ အရင်ခေတ်ကလို အခန်းတံခါးပိတ် သော့ခတ်သိမ်းတဲ့ ခေတ်လည်းမဟုတ်တော့ပါ။ သူတို့လေးတွေနဲ့ ထပ်ချပ်မကွာ ပါမှာက သူတို့ရဲ့ဦးနှောက်ပါ။ အဲဒီဦးနှောက်ကလေးတွေထဲမှာ ထိုက်သင့်တဲ့ အသိတရား၊ ဗဟုသုတနဲ့ စဉ်းစားဉာဏ်ရှိနေခဲ့မယ်ဆိုရင် ဘယ်နေရာသွားသွား စိတ်ချရမှာပါ။ စာဖတ်ခြင်းက သူ့ဦးနှောက်ကို အမြဲ upgrade လုပ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဟာ အသိဉာဏ်ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။

အိမ်တိုင်း​​မှာ အသိဉာဏ်ရင့်​​ကျက်တဲ့​​သူ တစ်​​ယောက်စီသာ ရှိ​​နေမယ်ဆိုရင် သူ့​​အိမ်ကြီး​​ပွား​​တိုး​​တက်ဖို့​​

သူ့​​ဘာသာ ကြိုး​​စား​​လိမ့်​​မ​​ပေါ့​​ ……..တဲ့။ နောက်တစ်ခုက သူများ​​အား​​မကိုး​​ပဲ ကိုယ့်​​ဒူး​​ကိုယ်ချွန်

ကြီး​​ပွား​​ချမ်း​​သာလိုတဲ့​​လူငယ်​​တွေအတွက်​​တော့​​ အသိဉာဏ်တိုး​​​အောင် စာ​​တွေဖတ်သင့်​​ပါတယ် လို့

 ပြောလိုက်ပါရ​​စေ ….. တဲ့။

လူထုအသံ Online ဂျာနယ်က ဆောင်းပါးရှင် စိုးမင်းရဲ့ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် ဆောင်းပါးထဲက မှတ်မိနေတာလေးပါ။

ထမ်းတင်သူများနှင့် တွေ့ဆုံခြင်း

ကလေးတွေစာဖတ်ဝါသနာပါဖို့ မိဘတွေစာဖတ်ဖို့ လိုပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ တစ်ခေါက် မြန်မာပြည်ပြန်တုန်းက ဆရာအော်ပီကျယ်နဲ့ ကျောက်မြောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ အဲဒီမှာ ထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူကြိုက် မကြိုက် မသိလို့ သူ့နာမည်တော့ မပြောတော့ပါဘူး။ ထူးခြားတာကတော့ သူ့မှာခြေချောင်း လက်ချောင်းလေးတွေ တစ်ဘက်ကို (၆) ခုစီ ပါနေတာပါပဲ။ သူတို့ အမျိုးတွေ အားလုံးနီးပါး အဲဒီအတိုင်းပဲလို့ သိရပါတယ်။ အဲဒီလို ခန္ဓာကိုယ်ထူးခြားမှုတင် မကသေးပါဘူး။ စိတ်ဓါတ်ရေးရာလည်း ထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ သူမြင်တာတော့ ခုနောက်ပိုင်းမျိုးဆက်တွေ စာဖတ်အား အရမ်းနည်းပါသတဲ့။ မိဘက စာမဖတ်တော့ ကလေးတွေလည်း မဖတ်ကြတော့ဘူးပေါ့..တဲ့။ ဒီအထိတော့ သူနဲ့ကျွန်တော် အတူတူပါပဲ။ မတူတာက ကျွန်တော်က အပြောပဲရှိပြီး သူကအဲဒီပြဿနာကို လက်တွေ့ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဖြေရှင်းဖို့ ကြိုးစားတာပါပဲ။ စာအုပ်တွေ ဈေးကြီးလာပြီး လူတွေစားဝတ်နေရေး ကြပ်တည်းတာလည်း အကြောင်းတစ်ခု ဖြစ်မယ်လို့ သူကတွေးပါတယ်။ ဝါးတီးကိစ္စပဲ စဉ်းစားနေရတဲ့ လူတွေမှာ စာဖတ်ဖို့ ဘယ်စိတ်ဝင်စားမလဲလေ။ စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ လက်လှမ်းမီရင်တော့ နည်းနည်းဖတ်လာကြမယ်လို့ သူကတွေးပါတယ်။ အဲဒါကြောင့် သူက တာဝန်ယူမဲ့လူရှိရင် သေသေချာချာစိစစ်ပြီး စာကြည့်တိုက်လေးတွေ ဖွင့်ပါတယ်။ စာအုပ်ဆိုင်ဖွင့်ချင်လို့ သူ့ကိုဆက်သွယ်လာရင်လည်း အကူအညီပေးပါတယ်။ ဒါပေမဲ့ ကလေးတွေကို အခမဲ့ငှားရမယ်ဆိုတဲ့ စည်းကမ်းထားပါတယ်…တဲ့။ သူက စာပေအသိုင်းအဝိုင်းကဆိုတော့ စာအုပ်တွေ အဆက်မပြတ်ဖို့ သူတတ်နိုင်ပါတယ်…တဲ့။

ဆရာအော်ပီကျယ်ကလည်း ပြောတာလေးလည်း ဖေါက်သည်ချပါရစေဦး။ ကျွန်တော်တို့လို GTI လက်မှတ်၊ Poly လက်မှတ်လောက်ကလေး ရှိတဲ့လူတွေတောင် ကိုယ့်ရှိတဲ့လက်မှတ်လေးကိုင်ပြီး ရေကြည်ရာမြက်နုရာ သွားပြီးစီးပွားရှာနေကြချိန်မှာ ဆရာအော်ပီကျယ်လို ဟားဘတ်တက္ကသိုလ်ကနေ MBA နဲ့ ပြီးထားတဲ့ လူတစ်ယောက်ဟာ ပြည်တွင်းမှာနေပြီး ကာတွန်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာနဲ့ ပါတ်သက်လို့ မေးကြည့်မိပါတယ်။ အင်တာဗျူးတစ်ခုမှာ သူဖြေခဲ့တာကိုလည်း ကျွန်တော်ခုထိ မှတ်မိနေတုန်းပါ။ အဲဒီတုန်းက သူ့ကို အင်တာဗျူးတဲ့သူက မေးတယ်။ ဘာလုပ်ဖို့ MBA တက်တာလဲ..တဲ့။ ကာတွန်းဆွဲဖို့ပါလို့ သူဖြေခဲ့ပါတယ်။ တောင်တက်တဲ့ သူလိုပါပဲ..တဲ့။ တောင်တက်သမားတွေ တောင်ပေါ်တက်ကြတာ အဲဒီနေရာကို ရောက်ချင်တာထက် အပေါ်ကကြည့်ရတဲ့ မြင်ကွင်းကို ကြည့်ချင်တာပါလို့ သူကပြောပါတယ်။ မတူတဲ့ မြင်ကွင်းကို ကြည့်ချင်တာ..တဲ့။

ဟားဘတ်တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း ကာတွန်းဆရာအနေနဲ့ပဲ လျှောက်တာပါပဲ…တဲ့။ ဒါပေမဲ့ ရွေးချယ်တဲ့အဖွဲ့က ၁ဝမဲ/ ၁ဝမဲနဲ့ အရွေးခံခဲ့ရပါတယ်..တဲ့။ ကျွန်တော်က ဆရာဘာဖြစ်လို့ ပြည်တွင်းမှာနေတာလဲလို့ မေးတော့ နေတာထိုင်တာ ရိုးကုပ်တဲ့ဆရာက ကွမ်းစားရင်း ဖြေပါတယ်။ လေးလံတဲ့ ဝန်တစ်ခုကို အပေါ်ရောက်အောင်တင်တဲ့အခါ အပေါ်ကနေ ဆွဲတင်တဲ့နည်းဟာ တော်ရုံတန်ရုံဝန်လောက်ပဲ အဆင်ပြေပါတယ်…တဲ့။ တကယ်လေးတဲ့ ဝန်တစ်ခုကို တင်တော့မယ်ဆိုရင် အောက်ကနေပုခုံးထမ်းတင်မှသာ ထိရောက်နိုင်မယ်…လို့ ဆိုပါတယ်။ ဒါကြောင့် သူပြည်တွင်းမှာပဲနေပြီး ကြိုးစားနေတာပါ…တဲ့။

ဒီနေရာမှာ အံ့သြစရာ သူရဲကောင်းတစ်ယောက်ကတော့ ဆရာ့ဇနီးပါ။ မိန်းမတွေရဲ့ ပင်ကိုယ်သဘောက စားချင်၊ သုံးချင်၊ ဝတ်ချင်၊ ပြိုင်ချင်၊ ဆိုင်ချင် တာပါပဲ။ ပြိုင်စရာမရှိ မှန်ထဲကြည့်ပြီး တစ်ယောက်တည်း သဘောကျချင်ကျ၊ မကျချင်ရင် ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်တိုင်းမကျ ဖြစ်နေတာမျိုးဗျ။ ဆရာအော်ပီကျယ်လို ပညာတတ်တစ်ယောက်ရဲ့ ဇနီးဆို သာတောင်တွေးလို့ ရနိုင်ပါရဲ့။ သူ့ယောကျင်္ားသာ ကိုယ့်စီးပွားကိုယ် ရှာရင် ဘာပြောကောင်းမလဲ။ အခုတော့ သာမာန်သူလိုကိုယ်လိုလောက်ပဲ၊ ပုံမှန်ပဲ။ ဘာမှ ကြွားကြွားဝါဝါမရှိ။ ကျောက်မြောင်းထဲက ကုဋေကြွယ်လက်ဖက်ရည်ဆိုင်ဘေးက လက်ဖက်ရည်အရသာကောင်းတဲ့ ဆိုင်သေးသေးလေးမှာ ခုံပုလေးနဲ့ထိုင်ပြီး လက်ဖက်ရည်သောက်နေတတ်တာ ဆရာပါပဲ။ အများအားဖြင့်တော့ သူ့ဘေးမှာ ထိုင်ပြီး တဟားဟားတဝါးဝါး လုပ်နေတတ်တာ ပန်းချီဦးဧရာ ပါ။ တစ်ခါတစ်ရံ တခြားစာပေလောကကလူတွေ ရှိတတ်ပါတယ်။

ဟားဘတ်တက္ကသိုလ်အတွေ့အကြုံကို ကျွန်တော်က အတော်စိတ်ဝင်စားပါတယ်။ မြန်မာလူမျိုးထဲမှာ အဲဒီလို ပညာတတ်တွေ ကျွန်တော်မသိတဲ့ အသိုင်းအဝန်းတွေမှာ ရှိချင် ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော့်ဝန်းကျင်မှာ အရှင်လတ်လတ်မြင်ဖူးတာတော့ ဆရာတစ်ယောက်ပဲရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို မေးတဲ့အခါ ကြွားဝါတဲ့သဘော၊ ကြီးကြီးကျယ်ကျယ် ပုံစံမျိုး သေးသေးကလေးတောင် ဆရာ့မျက်ဝန်းထဲမှာ မတွေ့ရဖူးပါဘူး။ ဆရာအော်ပီကျယ် အခုလိုတွေ လုပ်နိုင်ဖို့ဆိုတာ ဇနီးသည်ရဲ့ နားလည်မှုမပါဘဲနဲ့ လုပ်ဖို့ခဲယဉ်းပါတယ်။ နားလည်မှုမရှိတဲ့ အိမ်ရှင်မနဲ့ဆို အိမ်ထောင်မပြိုကွဲဘူးပဲထား…၊ အိမ်တွင်းရေး အဆင်မပြေ၊ စိတ်ညစ်စိတ်ရှုပ်နေတဲ့ ဦးနှောက်တစ်ခုနဲ့ အများအတွက် အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခဲယဉ်းပါတယ်။ ဆရာ့သားသမီးတွေလည်း ဒီအတိုင်းပါပဲ။ တကယ်ကို လိမ်မာကြပါတယ်။ ဟော့ဟော့ရမ်းရမ်း တစ်ယောက်မှ မပါသလို အတန်းပညာမှာလည်း ထူးချွန်ကြပါတယ်။
ဆရာဟာ သူစိတ်ဝင်စားတဲ့ လူမှုရေးလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ရင်း လူတွေကို ထမ်းတင်နေတာပါပဲ။ ကလေးတွေ စာမဖတ်တာ၊ မိဘတွေ မဖတ်လို့။ စာမဖတ်တဲ့ မျိုးဆက်တွေလက်ထဲကို ရောက်သွားတဲ့ တိုင်းပြည်ဟာ အသိတရားရှိတဲ့ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းတစ်ခု ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ အဲဒီအချက်ကို ကျွန်တော်တို့ရဲ့ ဟီးရိုးလူရွှင်တော်ကြီးကိုဇာဂနာကလည်း ထောင်ထဲက ထွက်လာပြီး မကြာသေးခင်ကပဲ ပြောပါသေးတယ်။ “ထူးဆန်းတာတစ်ခုက ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားဆိုသူ တော်တော်များများ ဟာ စာမဖတ်ဘူးဗျ”…တဲ့။ နားလည်တဲ့လူအတွက်တော့ ဒါဟာစိုးရိမ်စရာပါ။ တိုင်းပြည်အတွက် လုပ်နေတဲ့သူတွေ မျက်စိမကန်း၊ နားမထိုင်းကြဖို့ လိုတယ်လို့ ပြောတာပါပဲ။

မြန်မာလို မပြောသော မြန်မာများ

ဒီလောက်ဆို စာဖတ်တဲ့ကိစ္စ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလောက်ပါပြီ။ ဒါကြောင့် ကျွန်တော့် သမီးလေးကို မြန်မာစာ နဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်စေချင်ပါတယ်။ ဖြစ်နိုင်ရင် ဘာသာစကားတွေကို စိတ်ဝင်စားစေချင်ပါတယ်။ ခံစားမှုနဲ့ အသိအလိမ္မာအတွက် မြန်မာစာကို ကျွမ်းကျင်ရပါ့မယ်။ နည်းပညာအတွက် အင်္ဂလိပ်စာကို ကျွမ်းကျင်ရပါ့မယ်။ ကျန်တာတွေကတော့ ခေတ်နဲ့အညီ လိုက်လျောညီထွေပါပဲ။ တခြားဘာသာစကားတွေ သင်ယူရင်း မြန်မာစာကို အထင်သေးတာ၊ မြန်မာလူမျိုးကို အထင်သေးတာ လုံးဝမဖြစ်စေချင်ပါဘူး။ သမီးနဲ့ ကျွန်တော်တို့ မိဘတွေ ဘာသာစကား ကွဲနေလို့မဖြစ်ပါဘူး။

လောလောလတ်လတ် စင်ကာပူမှာကို မကြာခဏမြင်နေရ၊ ကြားနေရတာ အဲဒီပြဿနာပါ။ မိသားစုထဲမှာ မြန်မာလို ရယ်စရာပြောလို့မှ မရယ်တတ်တဲ့ကလေးတွေ။ What do you mean? What is it? တွေချည်း ပြန်မေးနေလို့ မိသားစု ပျော်ပျော်ပါးပါး ရယ်ရမဲ့ကိစ္စ မရယ်ရတော့ပါ။ ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ language တစ်ခုကို သုံးပြီး ဆက်သွယ်တယ်ဆိုတာ နားလည်အောင်ပြောရုံ၊ အလုပ်လုပ်ရုံအတွက်တော့ ပြဿနာမရှိပါ။ ခံစားချက်တစ်ခုကို ဖေါ်ပြပြီ၊ ပြောပြီဆိုရင်တော့ ဝေါဟာရတွေကို သူ့နေရာနဲ့သူ နေရာတကျ ပြောတတ်ဖို့လိုလာပါပြီ။ နိုင်ငံခြားစကားတစ်ခုကို ကိုယ့်မိခင်ဘာသာစကားပြောသလို ပြောနိုင်နေတဲ့ မိသားစုတွေမှာတော့ ဒီပြဿနာရှိချင်မှ ရှိမှာပါ။ ကလေးကို smile…smile…cry…cry… လောက်နဲ့ ထိန်းနေတဲ့ မိဘတွေ နည်းနည်းလောက် တွေးဖို့လိုပါတယ်။ နှိမ်ပြောတာ မဟုတ်ပါ။ သချင်္ာလို ဘာသာရပ်မျိုးကို ကျွမ်းကျင်ဖို့ဆိုတာ language တစ်ခုကို လေ့လာရသလောက် မခက်ပါ။ သချင်္ာမှာ ၂ နှစ်လီ ၄ ဆိုတာကို ငါလူကြီးမို့လို့ ၂ နှစ်လီ ၅ လို့ အမိန့်ထုတ်လို့ မရပါဘူး။ ၂ x ၂ = ၄ ဆိုတာ ဘယ်သူမှ ပြင်လို့ မရပါ။ အင်္ဂလိပ်စာကို မိခင်စကားဖြစ်လို့ ပြောတတ်တဲ့ အင်္ဂလိပ်လူမျိုးတွေအားလုံးတောင် ရှိတ်စပီးယားလို မရေးတတ်ပါ။ မြန်မာစာမှာ လူတိုင်း မောင်ထင်လို မရေးတတ်ပါ။ သိပ္ပံမောင်ဝ မဖြစ်ကြပါ။ ဂျူးလို ရေးတတ်ဖို့ မလွယ်ပါ။ ခံစားချက်တစ်ခု၊ ကိုးကွယ်မှုတစ်ခုလို စိတ်ပိုင်းဆိုင်ရာ သိမ်မွေ့တဲ့ ကိစ္စတွေကို အရောက်ပို့တဲ့နေရာမှာ ကိုယ့်မိခင်ဘာသာစကားလောက် ဘယ်ဟာမှ မကောင်းပါ။ အင်္ဂလိပ်စကားပြောတဲ့ဝန်းကျင်မှာ ကြီးပြင်းရတဲ့ ကလေးတစ်ယောက် အင်္ဂလိပ်လို ပြောတတ်တာ ဘာများအထင်ကြီးစရာ ကောင်းလို့တုန်းဗျာ။


မြန်မာပြည်ပြန်ပို့လိုက်လို့…ဟင်း…

သမီးက မြန်မာလိုမပြောတတ်ဘူးလေ ဆိုတာကို ဂုဏ်ယူနေတဲ့ ခပ်ရူးရူးမြန်မာမိဘတွေကို တွေ့တဲ့အခါ အတော်စိတ်ပျက်ပါတယ်။ အင်္ဂလိပ်စာ၊ တရုတ်စာကို သင်ရတာနဲ့ မြန်မာစကားက အရေးမပါတော့ဘူးတဲ့လား။ မြန်မာပြည်က ဆင်းရဲတာနဲ့  မြန်မာလူမျိုးမြန်မာစကားတတ်တာ ရှက်စရာဖြစ်သွားသလား။ တချို့ဆို တွေ့ဖူးပါတယ်။ သူ့ကလေးက ကျွန်တော့်ကို မြန်မာလို ပြောနေတာကို ဝင်ပြီးဟန့်တာပါ။ သူတို့မိသားစုထဲမှာလည်း မြန်မာလို ပြောတာပါပဲ။ အဲဒါ ကလေးက မြန်မာလိုပြောတာကို ဘာဖြစ်လို့  ဝင်ဝင်ဟန့်နေမှန်း စဉ်းစားလို့ကို မရပါ။ မြန်မာမိသားစု တစ်စုကို တွေ့ဖူးပါတယ်။ သူတို့ သားသမီးတွေကို ပြောလို့ဆိုလို့ မရတဲ့အခါ မြန်မာပြည် ပြန်ပို့လိုက်မယ်လို့ ပြောလိုက်…သတဲ့။ အဲဒါဆို တိတ်သွားရော…တဲ့။ သြော်…. မြန်မာပြည်ဆိုတာ ကြောက်စရာကြီးပါလား…လို့ ကလေးတွေခေါင်းထဲ ရိုက်ထည့်နေတဲ့ မိဘတွေခင်ဗျ။ ပြီးတော့ အိုဇာတာကောင်းချင်လိုက်တာလည်း သူတို့အပြင်မရှိတော့ဘူး။ အဲဒီမျိုးဆက်တွေ ဘယ်လိုတွေများ ဖြစ်လာကြမလဲ ကျွန်တော်မသိပါဘူး။ တစ်မိသားလုံး အပြောအဆို အလေ့အထက စ အနောက်တိုင်းပုံ ပေါက်နေတဲ့၊ မိခင်ဘာသာစကား နှစ်ခုလို ဖြစ်နေတဲ့ မိသားစုတွေကိုတော့ ဘာမှမပြောလိုပါ။

အခု ဒီ blog လေးကို ရေးနေတာဟာလည်း အဓိက က ကျွန်တော့်သမီးလေး စာဖတ်တတ်လာတဲ့အခါ၊ နားလည်နိုင်တဲ့ အရွယ်ရောက်လာတဲ့အခါ ဖတ်ဖို့၊ ကျွန်တော် သမီးအနားမှာနေပြီး ဆုံးမသွန်သင်ဖို့ အခွင့်အရေးမရခဲ့ရင်တောင် ဒီ blog လေးက အထောက်အပံ့ တစ်စုံတစ်ရာ ဖြစ်ဖို့ ရည်ရွယ်တာပါ။ ပြီးတော့ ခံစားချက်တူသူတွေ ရှိခဲ့ရင်လည်း ဝေမျှရင်း၊ ဆွေးနွေးရင်းပေါ့။ သမီးကို စာဖတ်ဝါသနာပါအောင် ပျိုးထောင်ဖို့အခွင့်အရေးလေးတော့ ရချင်ပါတယ်။ သမီးလေး စာဖတ်ဝါသနာပါပြီး လိမ်မာရေးခြားရှိသွားပြီဆိုရင် ကံတရားရယ်… ကျွန်တော့်ကို ပို့ချင်တဲ့နေရာ ပို့လိုက်ပါ။ ကျွန်တော် နောက်ဆံမတင်းဘဲ သွားပါ့မယ်။ နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီး၊ ပြီးတော့ အပြိုင်အဆိုင် ကြိုးစားနေရတဲ့ ခေတ်ကြီးမှာ မိဘတွေနဲ့ သားသမီးတွေ ရှင်ခွဲ ခွဲနေရတာ အများသားလားဗျာ။ ဒါကြောင့် မအားတဲ့ကြားက ကြိုးစားပြီး ရေးတာပါပဲ။ ကလေးတွေဖတ်ဖို့ အပြစ်ကင်းတဲ့ ပုံပြင်ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်တဲ့စိတ်လည်း ရှိပါတယ်။ ခုထိတော့ တစ်လကို post တစ်ခု၊ နှစ်ခုလောက် နပ်မှန်ဖို့တောင် မနည်းကြိုးစားနေရတာ ကလား။ အရေးထဲ ဘလော့ဂ်က ဘာတွေဖေါက်ပြန်နေတယ် မသိပါဘူး။ တင်လိုက်တဲ့ စာတွေမပေါ်ဘဲ ဘာမှန်းမသိတဲ့ code တွေ ပေါ်ပေါ်နေလို့ တစ်လလုံး အချိန်လုပြီး ဘလော့ဂ်ကို ပြင်နေရသေးတယ်။ စာအုပ်ထဲမှာ ရေးတာကမှ ပျောက်ပျက်သွားဖို့ လွယ်ကူပါသေးတယ်။ အင်တာနက်ဆိုတာကတော့ ပျက်စီးသွားမဲ့ အရိပ်အယောင် ခုထိ မတွေ့ရသေးပါ။ ပိုပြီး တွင်ကျယ်လာဖို့သာ ရှိတယ် မဟုတ်ပါလား။

မိဘတွေ ခေတ်မီရမယ်လေ…..

2 comments:

  1. ကိုသက်ရေ ကြိုက်လို့ ရှယ်လိုက်ပြီ.....

    မဝေ

    ReplyDelete
  2. ကျွှန်တော်လည်း တစ်လောက တိုဘာယို ဘုန်းကြီးကျောင်းသွားသာ မြန်မာမိသားစု တစ်စု တွေ့ခဲ့တယ် မြန်မာတွေကြားလာပြီး အင်္ဂလိပ်လို့တွေ ပြောနေကြသာ သူတို့ဘာသာ ပြောရင် အကြောင်းမဟုတ်ပါဘူး မြန်မာတွေကြားမှာ လာပြောနေသာ နားထောင်လို့ ဘယ်လို့မ အဆင်မပြေဘူး စိတ်ပြတ်စရာတောင် ကောင်းတယ်..

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...