Wednesday, November 30, 2011
သံသရာစမ်းရေ (အပိုင်း ၄)
(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)
မျဉ်းတစ်ကြောင်း
 ဟိုးရှေးရှေးတုန်းက ပညာရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့တော့ သူ့ရဲ့ မှုးမတ်တွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးပါသတဲ့။ ပျဉ်တစ်ချပ်ပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲလိုက်သတဲ့။ (ဟိုတုန်းက White Board တွေ Marker တွေ မရှိသေးတော့ ပျဉ်ချပ်ပေါ့ဗျာ။) ပြီးတော့မေးတယ်။ အဲဒီ မျဉ်းကို မဖြတ်ဘဲနဲ့ တိုသွားအောင် လုပ်ပြနိုင်ရင် ဆုတော်လာဘ်တော်တွေ ပေးမယ် ဆိုပဲ။ အမတ်တွေလည်း အမျိုးမျိုးစဉ်းစားပေမဲ့ သိဘူးပေါ့ဗျာ။ နောက်ဆုံး အငယ်ဆုံးအမတ်ငယ်တစ်ယောက်က ထ လာပြီး အဲဒီမျဉ်းရဲ့ဘေးမှာ ကပ်လျက် မျဉ်းအရှည်တစ်ချောင်း ဆွဲလိုက်သတဲ့။ အဲဒါနဲ့ မဖြတ်ဘဲတိုသွား သတဲ့ (ဘုရင်ကြီးရဲ့ မျဉ်းကို ပြောတာ။)
ဟုတ်ကဲ့။ ပုံပြင်လေးက ဒီမျှပါပဲ။
ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ရင်ထဲမှာ မျဉ်းတစ်ကြောင်းစီတော့ ရှိကြစမြဲပါ။ ကျွန်တော်ပြောချင်တဲ့ မျဉ်း ဆိုတာ ကျွန်တော်တို့ သိထားတဲ့ အသိတရား၊ ဗဟုသုတ နဲ့ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ စံ တစ်ခုကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ကြတဲ့ မျဉ်းတွေကလည်း အတိုအရှည် မတူကြပါဘူး။ အဲဒီ မျဉ်းတစ်ကြောင်းကို ကျွန်တော်တို့ ဘယ်လိုသုံးသလဲ သိလား။
လူတစ်ယောက်နဲ့ တွေ့ပြီ၊ စကားပြောပြီ ဆိုပါတော့။ ပြောနေတဲ့ တစ်ချိန်ထဲမှာပဲ စိတ်ထဲက မျဉ်းနဲ့တိုင်းပါတယ်။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူနဲ့တွေ့ရင် ဆရာတင်လိုက်ပါတယ် သို့မဟုတ် လေးစားမိပါတယ်။ သူမျဉ်းက ကိုယ့်မျဉ်းထက် ရှည်လေတော့ ကိုယ့်မျဉ်းလည်း မဖြတ်ပဲတိုသွားတယ်ပေါ့ဗျာ။ ကိုယ့်လောက် မတတ်မသိတဲ့လူနဲ့တွေ့တော့ ဆရာလုပ်လိုက်ပါတယ် သို့မဟုတ် ဝေမျှလိုက်ပါတယ်။ သူ့မျဉ်းက ကိုယ့်လောက်မရှည်ဘဲကိုး။ ဒီတစ်ခါတော့ သူများတိုတဲ့အလှည့်ပေါ့ဗျာ။ ဒါကလည်း စိတ်ထားတတ်ဦးမှ။ တချို့က တစ်မျိုးဗျ။ ကိုယ့်ထက်တော်ရင် ဆွဲချလိုက်မယ်၊ ကိုယ့်ထက်ညံ့ရင် ဖမ်းနှိမ်ထားလိုက်မယ် ဆိုတဲ့ လူတွေလည်းရှိတာပဲ။ သူများ ကိုယ့်ထက်တော်တာ တတ်တာ သာတာကို လက်မခံချင်တဲ့ မနာလိုစိတ်၊ မကောင်းတဲ့ စိတ်တွေပေါ့ဗျာ။ ဒါပေမဲ့ တကယ့်ဘဝထဲမှာ လူတွေအများစုဟာ ဒီနေရာမှာ ကိုယ့်ထက်တော်လိုက်၊ ဟိုနေရာမှာ ကိုယ့်ထက်ညံ့လိုက် ဖြစ်နေတာများတယ်ဗျ။ အဲဒီတော့ လူတစ်ယောက်နဲ့ ပါတ်သက်ရင် မျဉ်းတွေက ကဏ္ဏတစ်ခုချင်းစီအလိုက် တက်လိုက်ကျလိုက်နဲ့ Graph တစ်ခု ဖြစ်နေတော့တာ။ လူတစ်ယောက်တည်းကိုပဲ ဆရာဖြစ်လိုက် တပည့်ဖြစ်လိုက် ပေါ့ဗျာ။
လူတစ်ယောက်ကို ကိုယ့်ထက်သာတယ်၊ မသာဘူး၊ တော်တယ်၊ မတော်ဘူး ဆိုတာတွေကို ဆုံးဖြတ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း နည်းနည်းတော့ သိမှရတယ်။ မျဉ်းတစ်ကြောင်းတော့ ရှိမှဖြစ်မယ်။ လူဆိုတာ ကိုယ်နဲ့နှိုင်းတာ ချည်းပါပဲ။ ဒါမကောင်းတဲ့ကိစ္စ၊ ရှက်စရာ ကိစ္စမဟုတ်ပါဘူး။ ကိုယ်နဲ့နှိုင်းပြီး မစဉ်းစားလို့ ဘယ်သူနဲ့ နှိုင်းရမှာတုန်း။ ကိုယ်နဲ့နှိုင်း မရိုင်း ဆိုတဲ့စကားဟာ တကယ်တော့ မကောင်းတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ အရှိတရားတစ်ခုပါ။ မြန်မာစကားဟာ ဝေါဟာရအလွန်ကြွယ်တဲ့ ဘာသာစကားတစ်ခုပါ။ စကားလုံးတိုင်းမှာ အဓိပ္ပါယ်တွေ များပါတယ်။ ဒါကို အလွဲသုံးပြီး လိုရာဆွဲပြောတာဟာ အင်မတန်အန္တရာယ်များပါတယ်။ စင်ကာပူက ကျောင်းတွေမှာ ဆရာကပြောတယ်။ မေးစရာရှိရင် မေးပါ.. တဲ့။ မေးဖို့ဆိုတာ ကိုယ်ကလည်း လေ့လာထား၊ သိထားတာရှိမှ လိုအပ်တာကို မေးနိုင်မှာပေါ့။ ဘာတစ်ခုမှ မသိထားဘဲ Zero Knowledge နဲ့ ဘာသွားမေးမလဲ။ အဲဒါကြောင့် ဘာလုပ်လုပ်၊ ဘာကို ဆုံးဖြတ်ဆုံးဖြတ် သိထားတဲ့ စံ လေးတစ်ခု၊ မျဉ်းလေးတစ်ကြောင်းတော့ ရှိမှဖြစ်မယ်။ အဲဒီ မျဉ်းလေးကလည်း သင့်တော်တဲ့ အတိုင်းအရှည်တော့ ရှိရမှာပဲ။ မျဉ်းတိုတိုလေးနဲ့… သို့မဟုတ် အမြင်တိုတို အတွေးတိုတိုနဲ့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေဆိုတာ ရေရှည်မှာ အကျိုးထက် အပြစ်များမှာပဲ… လို့ ပြောရင် မမှားလောက်ဘူး ထင်ပါတယ်။
အတွေးဈေးဖြတ်ခြင်း
စကားစပ်မိလို့ ပြောရရင် ကိုယ်လုပ်မဲ့အလုပ်၊ ကိုယ်တွေးတဲ့အတွေးနဲ့ ဆုံးဖြတ်ချက်တွေကို တန်ဖိုးဖြတ်တတ်ဖို့လည်း လိုပါတယ်။ တစ်ရာ လောက်တန်တဲ့ ကိစ္စအတွက် တစ်ရာဖိုးလောက်ပဲ အချိန်ယူသင့်ပါတယ်။ တစ်ရာဖိုးလောက်ပဲ စဉ်းစားသင့်ပါတယ်။ တစ်ထောင် တန်ကိစ္စကို တစ်ထောင်ဖိုး စဉ်းစားရ တွေးရမှာပါ။ တစ်ရာ တန်ကိစ္စကို တစ်ထောင် ဖိုးလောက် စဉ်းစားနေရင်လည်း ဘာမှ လုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ မလိုအပ်ဘဲ အချိန်ကုန် လူပန်းပါတယ်။ အဲဒီလိုပါပဲ… တစ်ထောင် တန်ကိစ္စကို တစ်ရာ ဖိုးပဲ စဉ်းစားမယ်ဆိုရင် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ ဖြစ်လာပါလိမ့်မယ်။ ဘယ်ကိစ္စမဆို ပေါ့ပေါ့တန်တန် တွေးလေ့ လုပ်လေ့ရှိသူကို လူတွေကအပြစ်ပြောလေ့ ရှိပါတယ်။ ဒါပေမဲ့ သတိထားသင့်တာတစ်ခုက ဆန့်ကျင်ဘက်အနေနဲ့ အကုန်လုံးကို လိုက်လေးနက်နေတဲ့လူတွေ အများကြီးတွေ့ဘူးပါတယ်။ အဲဒါလည်း မကောင်းပါဘူး။ ကိစ္စသေးသေးလေးလည်း သူ့မှာ အကြီးကြီးဖြစ်ချင်ဖြစ်နေတာ။ ရေရှည်ကို မျှော်ကြည့်တတ်တာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ဘယ်အရာမဆို လွန်ကဲရင် မကောင်းပါဘူး။
ဖြစ်သင့်တာထက်ပိုပြီး တွေးလွန်းတာ၊ လေးနက်လွန်းတာကျတော့ စိုးရိမ်ကြီးတယ်လို့ပဲ ပြောရမှာပါ။ အတွေးလွန်တယ်ဆိုတာမျိုးပေါ့။ အချက်အလက်တွေ အလျှံပါယ်ရနိုင်တဲ့ ခေတ်မှာ အတွေးလွန် အလွန်တွေးသူတွေအတွက် အဲဒါဟာ အန္တရာယ်တစ်မျိုးပါပဲ။ အစိုးရိမ်လွန်သူအတွက် ဒေတာအချက်အလက်တွေ အများကြီးရနေတာဟာ ဆုံးဖြတ်ချက်တစ်ခုချဖို့ ချီတုံချတုံ ဇဝေဇဝါ ဖြစ်စေပါတယ်။ ဆုံးဖြတ်ချက်လမ်းကြောင်းကို သွေဖီသွားစေပါတယ်။ ကိုယ့်အတွက် တကယ်လိုအပ်မဲ့ ဒေတာမမာဏနဲ့ အမျိုးအစားကို ရွေးချယ်သတ်မှတ်နိုင်ဖို့ အရေးကြီးပါတယ်။
အတွေးလွန်တဲ့ သူတွေဆိုတာ ယေဘူယျအားဖြင့်တော့ အကောင်းဆုံးကိုမှ လိုချင်တယ်ဆိုတဲ့ လူစားမျိုးတွေ များပါတယ်။ အကောင်းဆုံးကို လိုချင်တာနဲ့ ဒေတာတွေအလျှံပါယ်ရနေတာဟာ သူတို့အတွေးတွေ အလွန်အကျွံဖြစ်ဖို့ အားပေးနေသလိုပါပဲ။ အကောင်းဆုံးဆိုတာ ဒီခေတ်ကြီးမှာ ပြောရခက်သားပဲလေ။ အခု လူကြိုက်အများဆုံးလို့ ပြောနိုင်တဲ့ iPhone ဗျာ။ မကြာခင်မှာပဲ သူ့ထက်ကောင်းတဲ့ Version တွေ ထွက်လာဦးမှာပါ။ ဒီ ဖုန်းက အကောင်းဆုံးမို့ ဒီဖုန်းထက်ကောင်းတာ မထွက်တော့ဘူး… လို့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဓိက က ရောင့်ရဲတတ်ဖို့နဲ့ လက်တွေ့ကျတာကို စဉ်းစားတတ်ဖို့ လေ့ကျင့်ရမှာပါပဲ။ အကောင်းဆုံးမှ လိုချင်သူတွေအတွက် ဥပမာတစ်ခု ပေးပါ့မယ်။
လမ်းလျှောက်တာထက် ကားစီးတာက ပိုမြန်တယ်ဆိုတာ လူတိုင်းသိတယ်ဗျာ။ ကားထက် လေယာဉ်ပျံက ပိုမြန်တယ်ဗျာ။ ဒါ အမှန်ပဲ။ အဲဒီတော့ အကွာအဝေးတစ်ခု ပြောကြည့်မယ်။ သွားချင်တာက စင်ကာပူမှာဆိုရင် Boon Lay ကနေ Clementi ပေါ့ဗျာ။ ရန်ကုန်မှာဆိုရင် ရွှေဂုံတိုင် ကနေ ဆူးလေပေါ့ဗျာ။ အမြန်ဆုံးသွားချင်တယ်ဆိုပါတော့။ အဲဒါဆိုရင် ကား (စင်ကာပူမှာဆိုရင် MRT ကိုပါ ထည့်စဉ်းစားရမှာ) နဲ့ လေယာဉ်ပျံ ဘယ်ဟာစီးရင် ကောင်းမလဲ။ ကျွန်တော်ပြောချင်တာက ကားတွေ၊ MRT တွေ၊ လေယာဉ်ပျံတွေ မဟုတ်ဘူး။ ကောင်းတယ်ဆိုတိုင်း လိုအပ်ချင်မှ လိုအပ်မှာလို့ ပြောချင်တာ။ နှစ်မိုင် သုံးမိုင်လောက် ခရီးလေးကို လေယာဉ်ပျံနဲ့ သွားမယ်ဆိုရင် တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာမှားနေသလဲတော့ မသိဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ ကောင်းသထက်ကောင်းတဲ့ ရွေးချယ်စရာတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ သူ့အိုးနဲ့ သူ့ဆန် တန်ရုံ လုပ်တာကောင်းတယ်။ ကောင်းတယ်ဆိုတိုင်း လိုက်လုပ်နေစရာ မလိုသလို လမ်းလျှောက်သင့်တဲ့ ခရီး လမ်းလျှောက်သွား၊ ကားစီးသင့်တဲ့ ခရီး ကားစီးသွား၊ လေယာဉ်ပျံနဲ့ သင့်တော်တဲ့ခရီး လေယာဉ်ပျံနဲ့ သွားတာကောင်းပါတယ်။
ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆို ကွန်ပျူတာလိုက်ဝယ်ပေးပါဆိုလို့ လိုက်သွားပါတယ်။ Speed ကို 2GHz ထက် မနည်းတာ ဝယ်ပေးပါလို့ ပြောလာတယ်။ ကျွန်တော်က မေးတယ်။ ဘာတွေ သုံးမှာတုန်းဆိုတော့ ဓါတ်ပုံကြည့်မယ်၊ သီချင်းနားထောင်မယ်၊ ဗွီဒီယို ကြည့်မယ်၊ အင်တာနက်သုံးမယ်၊ Chat Room ပြောမယ်လေ…တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ပြောလိုက်တယ်။ နောက်ဆုံးနှစ်ခု ကယ်ပေလို့။ အင်တာနက်နဲ့ Chat Room ပါလို့ပေါ့ကွာ။ နို့မို့ရင် DVD Player လေးတစ်လုံး ဝယ်လိုက်ရင် ပြီးပြီ…. လို့။ ကွန်ပျူတာကမှ စက်ဖွင့်လိုက်ရင် စောင့်နေရသေး။ DVD Player ဆို မစောင့်ရဘူး။ ဈေးလည်း သက်သာတယ်။ အိမ်က TV နဲ့ တွဲလိုက်ရုံပဲ…လို့။ ဘာလုပ်မလဲဗျာ။ ဒီလောက်ကလေးသုံးဖို့တော့ 2GHz CPU ကြီး အားနာစရာ။ ဒါဟာ အပိုဖြုန်းတာပဲ။ ကောင်းတယ်ဆိုတိုင်း သင့်၏ မသင့်၏ လေး ထည့်စဉ်းစားဖို့ပါ။
ပြီးတော့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည် (Data Analysis Speed) ကို တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ သင့်လျှော်တဲ့ ဒေတာကို သင့်လျှော်တဲ့ အချိန်အတွင်း စဉ်းစားသုံးသပ်၊ မှန်နိုင်ရာချေများရင် လက်ခံလိုက်ရုံရှိတာပါပဲ။ အကောင်းဆုံး ဆုံးဖြတ်ချက်၊ ၁၀၀% မှန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ဖို့ဆိုတာကတော့ ခက်သားပဲလေ။
 ကျွန်တော်ပြောချင်တာက ဒီခေတ်မှာ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခု ရွေးချယ်ရတာ၊ ဆုံးဖြတ်ချက်တစ်ခု ချရတာ မလွယ်ဘူး လို့ပြောချင်တာပါ။ ဒါလေးပြောဖို့ကို ဒီလောက် အရစ်ရှည်ရသလားလို့ ပြောရင်လည်း ခံရမှာပဲ။
အရွယ်နဲ့ အသိ
လူဆိုတာ သူ့အရွယ်နဲ့သူ့အသိတရား မျှ တ ရင်ကောင်းတယ်ဗျ။ အချက်အလက်တွေ၊ သတင်းတွေ၊ ဒေတာတွေကတော့ နေရာစုံက အဆက်မပြတ် ပစ်ပေါက်နေမှာပဲ။ ဒီနေရာမှာ လူနဲ့ ကွန်ပျူတာ အလုပ်လုပ်ပုံချင်း တူတာလေးကို ပြောပြချင်ပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ အလုပ်လုပ်ပုံမှာ အသွင်းယူနစ် (Input Devices) တွေဖြစ်တဲ့ ကီးဘုတ်တို့၊ မောက်စ်တို့၊ Optical Drive တို့ စ တာတွေက ဝင်လာတဲ့ ဒါမှမဟုတ် သွင်းလိုက်တဲ့ ဒေတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်တော်တဲ့ အမြန်နှုန်း (CPU speed) ရှိရတယ်။ လူလိုဆိုရင်တော့ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းပါပဲ။ လောလောဆယ် သုံးမဲ့ Program တွေ၊ ဒေတာတွေ ကို အဆင်သင့်ဖြစ်အောင် ထောက်ပံ့ပေးဖို့ RAM လို့ခေါ်တဲ့ မှတ်ဉာဏ်ယူနစ်ရှိရတယ်။ လူတစ်ယောက်ဟာ ကိစ္စတွေ အများကြီး သူ့ခေါင်းထဲမှာ ရှိမှာ ဖြစ်ပေမဲ့ လောလောဆယ် လုပ်နေတဲ့ လုပ်ငန်းတစ်ချို့ကိုပဲ အာရုံစူးစိုက်နိုင်ပါတယ်။ လိုအပ်မှသာ ကျန်တဲ့ ကိစ္စတွေကို အစဖေါ်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာ Operation System လို့ခေါ်တဲ့ Platform Program ရှိရတယ်။ အဲဒီ Platform Program ဟာ လူတစ်ယောက်အတွက်တော့ ဗီဇ၊ ပါရမီ၊ ငယ်ဘဝအခြေခံ နဲ့ မိသားစု နောက်ခံတွေနဲ့ သဘောတရားအတူတူပါပဲ။ ကွန်ပျူတာဟာ ဘယ်လို အသုံးချပရိုဂရမ်ကိုမဆို Operation System ပေါ်မှာပဲ တင်ပြီး အလုပ်လုပ်တာပါပဲ။ လူတွေလည်း ဒီလိုပါပဲ။ ဘယ်လိုကိစ္စမျိုးကိုမဆို သူ့မှာ ရှိပြီးသား အခြေခံတွေနဲ့ပဲ စဉ်းစားတာပါပဲ။
ကွန်ပျူတာရဲ့ ဖြေရှင်းနိုင်စွမ်းထက် ပိုတဲ့ ဒေတာတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အခါ ကွန်ပျူတာဟာ ရပ်သွားတတ်ပါတယ်။ အဲဒါကို ဟမ်း (Hang) တယ်လို့ ခေါ်တာပါပဲ။ ပုလင်းလည်ပင်း ပြဿနာ (Bottle neck) လို့လည်း ခေါ်ပါသေးတယ်။ ပုလင်းလည်ပင်းဆိုတာ လည်ပင်းသိမ်တဲ့ အဝကျဉ်းကျဉ်း ပုလင်းထဲကို သင့်တော်တဲ့ ဘောလုံးလေးတွေ တစ်လုံးစီထည့်ရင် ဝင်ပါတယ်။ အတင်း ပြွတ်သိပ်ရိုက်ထည့်ရင် တစ်လုံးမှ မဝင်နိုင်တော့တာကို တင်စားပြီးပြောတာပါ။ လူကို ကွန်ပျူတာလို ပြောမယ်ဆိုရင် အာရုံငါးပါးက ဝင်လာတဲ့ ဒေတာတွေ၊ အချက်အလက်တွေ၊ ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒါမှမဟုတ် သင့်တင့်အောင် နှလုံးသွင်းလက်ခံဖို့ဆိုတာ သူ့အရွယ်နဲ့သူ သင့်တော်တဲ့ ရင့်ကျက်မှုမျိုးရှိရတယ်။ မနိုင်မနင်း မမျှမတ ပြဿနာတွေ၊ ဒေတာတွေနဲ့ တွေ့တဲ့အခါ လူလည်း ဟမ်း (Hang) တာပါပဲ။ ကွန်ပျူတာ ဟမ်းသွားရင် Restart လုပ်ရတယ်။ လိုအပ်ရင် အဆင့်မြှင့်တင်မှု (Upgrade) လုပ်ရပါတယ်။ လူလည်း ဒီလိုပါပဲ။ ခေါင်းရှင်းတတ်ရတယ်။ Stress တွေကို ရှင်းထုတ်တတ်ရတယ်။ Refresh လုပ်တတ်ရတယ်။ လိုအပ်ရင် အတွေးအခေါ်တွေ ပြောင်းရတယ်။ အသစ်တွေကို လေ့လာရတယ်။ ခေတ်နဲ့အညီ အတွေးအခေါ်တွေ၊ နည်းပညာတွေ Upgrade မလုပ်ရင် ကွန်ပျူတာအိုကြီးလိုပါပဲ။ ခဏခဏ ဟမ်းပါလိမ့်မယ်။ learning in life လို့ ခေါ်ပါတယ်။ အဆက်မပြတ် သင်ယူခြင်းပေါ့။
ကွန်ပျူတာနဲ့ မစိမ်းသူတွေအတွက်တော့ ကျွန်တော်ဆိုလိုတာကို ပိုပြီးနားလည်လွယ်ပါလိမ့်မယ်။ ကျွန်တော့်ဘဝမှာ Speed နဲ့ Data မမျှတလို့ ဟမ်းသွားခဲ့ဖူးတာလေး ပြောပြချင်ပါသေးတယ်။
စာရူးပေရူး
ကျွန်တော် (၉) တန်းတုန်းကပေါ့ဗျာ။ အဖေက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေရတဲ့ အချိန်။ အမေက အတော်အလုပ်များတဲ့ အစိုးရဌာနတစ်ခုက ဝန်ထမ်း လုပ်နေရတဲ့ အချိန်ပေါ့။ ပြောရရင်တော့ အဖေရော အမေရော ကျွန်တော့်ကို ကောင်းကောင်းမကြည့်နိုင်တဲ့ အချိန်။ ကျွန်တော်တက်တဲ့ကျောင်းက ဗိုလ်တထောင် အ.ထ.က (၆)။ စိန်ပေါလ် ဆိုပြီး လူသိများပါတယ်။ ယောကျင်္ားလေးကျောင်း ခင်ဗျ။ မိန်းကလေးဆိုလို့ ဆရာမတွေပဲ ရှိတာ။ အဲဒီဆရာမတွေကလည်း ယောင်္ကျားလေးတွေကိုချည်း ထိန်းရတာဆိုတော့ ခပ်ကြမ်းကြမ်းတွေ များတာပါပဲ။ ယောကျင်္ားလေးတွေချည်း ရှိတဲ့ကျောင်းဆိုတော့ ဂျော်တကီးတွေလည်း တော်တော်များတယ်ဗျ။ လောကမှာ အဖိုနဲ့ အမ သူ့ဝန်းကျင်နဲ့သူ သဘာဝကျကျရှိတာကောင်းတယ်ဗျ။ အဲဒီလိုမရှိရင် သဘာဝမကျတဲ့ ကိစ္စတွေပေါ်လာတတ်တာ ထုံးစံပဲလေ။ ယောင်္ကျားလေးကျောင်းမှာ မိန်းမစိတ်ပေါက်နေတဲ့ ကျောင်းသားတွေရှိသလို ကျွန်တော်တို့ ကျောင်းနဲ့ လမ်းဟိုဘက်ဒီဘက်က ဗိုလ်တစ်ထောင် အ.ထ.က (၄) လေ။ မိန်းကလေးကျောင်းဗျ။ သူတို့ဆီမှာလည်း ယောင်္ကျားလျှာလေးတွေ ပေါတာပါပဲ။ ဘယ်လိုသိသလဲဆိုတော့ ကျောင်းပေါင်းစုံ အာဇာနည်နေ့ ပန်းချီပြိုင်ပွဲတို့၊ နံရံကပ်စာစောင်တို့ ဘာတို့အတွက် လေ့ကျင့်ကြရင် အဲဒီကျောင်းကို သွားရတယ်ဗျ။ ကျွန်တော်က ပန်းချီလေးဘာလေး နည်းနည်းပါးပါး ဆွဲတယ်။ ကျွန်တော့်ဘဝမှာ ဝါသနာပါပေမဲ့ ဝါသနာအဆင့်မှာတင် တစ်နေတဲ့ဟာတွေထဲမှာ ပန်းချီဆွဲတာ ပါတယ်ဗျ။ ထူးထူးချွန်ချွန်အဆင့်တော့ မရောက်ဘူးပေါ့ဗျာ။ အဲဒီကျောင်းမှာ ပန်းချီသွားဆွဲရင်း သတိထားမိတာတော့ ယောကျင်္ားလေးတွေချည်းပဲဖြစ်ဖြစ်၊ မိန်းကလေးတွေချည်းပဲဖြစ်ဖြစ် စုထားရင် အဲဒီ သဘာဝမကျ၊ ဟိုမရောက် ဒီမရောက်တွေ များလာတော့ပဲ… ဆိုတာလေးပါ။
ကျွန်တော်က (၆) တန်းကနေ (၉) တန်းအထိ ကျောင်းမှာ စံပြခန်းလို့ခေါ်တဲ့ A ခန်းနဲ့ F ခန်းမှာပဲ တက်ခဲ့ရပါတယ်။ ထူးချွန်နိုင်တဲ့ ကျောင်းသားစာရင်းထဲမှာ ပါတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်အမေက ကျွန်တော့့်ကို ထူးချွန်တာ မထူးချွန်တာထက် သဘာဝကျကျပဲ ဖြစ်စေချင်တယ်။ အဲဒီလို စိတ်ဓါတ်ရေးရာ တစ်ခုခုဖြစ်မှာကို ပူတယ်ထင်ပါတယ်။ ဒဂုံ အ.ထ.က (၁) ကို ရွေ့လိုက်ပါရော။ ဒဂုံ (၁) ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၆) ဘာသာ ဂုဏ်ထူးရှင်တွေ အများကြီး မွေးထုတ်ပေးနေတဲ့ကျောင်းဗျ။ ယောကျင်္ားလေးရော မိန်းကလေးရောရှိတဲ့ ကျောင်းပေါ့။ ကျွန်တော့်ဘာသာ ကျွန်တော် စိန်ပေါလ်မှာ စံပြခန်းမှာနေနေ၊ ဘယ်လောက်တော်တော် ကျောင်းသားသစ်ဆိုပြီး နှစ်ကျတွေထားတဲ့ အတန်းထဲထည့်လိုက်ပါရော။ အစ်ကိုကြီးတွေ အစ်မကြီးတွေကြားမှာ အူကြောင်ကြောင်လေး ကျွန်တော်ပေါ့ဗျာ။ ပြောရမယ်ဆိုရင် သူတို့က အပျို၊ လူပျိုတွေ ဖြစ်နေကြပြီကော။ ဟိုမရောက် ဒီမရောက် အငယ်ဆုံးက ကျွန်တော်လေ။ အဲဒီတော့ အငယ်ဆုံးတွေရဲ့ ထုံးစံအတိုင်း အားလုံးက ဝိုင်းသင်၊ ဝိုင်းဆုံးမကြတော့တာပေါ့။ ဟုတ်တာရော၊ မဟုတ်တာရောပေါ့ဗျာ။
ကျွန်တော်က နဂို စာဖတ်ဝါသနာပါတော့ ဝါသနာတူ အစ်ကိုတွေနဲ့ တွဲမိပါရောဗျ။ အဲဒီမှာတင် သူတို့နဲ့ပေါင်းပြီး စာကြီးပေကြီးတွေ ဖတ်တော့တာပါပဲ။ သူတို့ကလည်း ဘယ်ကဘယ်လို ရှာလာကြတယ် မသိပါဘူး။ အဲဒီတုန်းက တကယ့် ရှားပေ့ဆိုတဲ့ စာအုပ်တွေကို ရှာထုတ်လာကြတာ။ ကျွန်တော်မှတ်မိသလောက် ပြောရရင် ဆရာပါရဂူရဲ့ စိတ္တရလေခါ၊ သိဒ္ဓတ္ထ၊ ရှင်ဥက္ကဌရဲ့ လူသေလူဖြစ်၊ ကပ္ပပြဿနာ။ ပြောရရင်တော့ အရှေ့တိုင်းဒဿန၊ အနောက်တိုင်းဒဿန တော်တော်များပါတယ်။ ပြီးရင် သမ္မတရုပ်ရှင်ရုံအောက်က လက်ဖက်ရည်ဆိုင်မှာ ဆုံပြီး ငြင်းကြခုန်ကြပါတယ်။ တစ်ယောက်က ခေါင်းစဉ်တစ်ခုပေးပြီး အားလုံးဝိုင်းဆွေးနွေးကြ ငြင်းကြပေါ့ဗျာ။ အဲဒီလို ငြင်းဖို့ဆွေးနွေးဖို့ အထောက်အထား အကိုးအကားတွေ ရှာရဖတ်ရတယ်။ စကားလုံး အကြီးကြီးတွေနဲ့ ထုနိုင်မှ ဆရာဖြစ်တာကိုး။ မှတ်မှတ်ရရ ကျွန်တော်တို့ ငြင်းကြခုန်ကြတဲ့ ခေါင်းစဉ်တွေထဲမှာ နတ်ပြည်ခြောက်ထပ်ရဲ့ အကျယ်အဝန်းကို ယူဇနာကနေ မိုင်နဲ့ ပြန်တွက်တာတောင် ပါသေးဗျ။ လူ့ပြည်မှာ တစ်သက်၊ နတ်ပြည်မှာ တစ်ခဏလို့ ဆိုလေတော့ လူ့သက်တမ်းတစ်ရာမှာ တစ်ယောက်ပဲ နတ်ပြည်ရောက်တယ်ထား၊ စာထဲမှာပါတဲ့ နတ်ပြည်ရဲ့ အကျယ်အဝန်းနဲ့ ဘယ်လိုဆန့်မလဲ…ပေါ့။ နတ်ပြည်မှာ မြို့သစ်တည်ရမှာလား… ဘာညာပေါ့ဗျာ။ အများအားဖြင့်တော့ အရည်မရ အဖတ်မရတွေ များတာပါပဲ။ ရှေးက ပညာရှိကြီးတွေကို အားကျသပေါ့လေ။ တခြားဟာ ရူးတာထက်စာရင် စာရူးပေရူးက တော်သေးတယ်ပေါ့လေ။ အခုပြန်တွေးရင် ရယ်တော့ အရယ်ရသား။ အဲဒီတုန်းက သူငယ်ချင်းတချို့က ဒဿနိကနဲ့ ကျောင်းဆက်တက်ကြတယ်။ တချို့လည်း နိုင်ငံရေးလောကထဲ ရောက်သွားကြတယ်။ ဂုဏ်ယူပါတယ် သူငယ်ချင်းတို့..။ စာဖတ်တဲ့ နိုင်ငံရေးသမားတွေ များဖို့လိုတယ်။ စာမဖတ်တဲ့ နိုင်ငံရေးသမားတွေလက်ထဲ တို့နိုင်ငံရောက်သွားရင် မကောင်းဘူးလို့ ထင်တာပါပဲ။
တဖြည်းဖြည်းနဲ့ ကျောင်းစာကိုတောင် အထင်မကြီးတော့ဘူးဗျ။ ကျောင်းစာက ရှင်းတယ်ဗျာ။ ဆရာမက ရေးပြတဲ့အတိုင်း အလွတ်ကျက်၊ ပြီးရင် စာမေးပွဲမှာ ပြန်ရေး၊ ဆရာမ ရေးတာနဲ့ စာမေးပွဲ အဖြေလွှာမှာ ရေးတာ တူရင်ပြီးပြီ။ အောင်တာပဲလေ။ သည်၏မရွေးတူရင် ဂုဏ်ထူးပဲ။ ကျွန်တော်တို့ ဖတ်တဲ့စာတွေက တစ်မျက်နှာဖတ်ဖို့ တော်တော်အချိန်ယူရသကိုး။ တွေးရတောရသေးတာ။ ကိုယ့်ကိုယ်ကိုလည်း မဟာအတွေးအခေါ်ပညာရှင်ကြီးလို့ အထင်ရောက်နေတော့တာ။ အချင်းချင်းလည်း ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက် လုပ်ကြတာကိုး။ ကြာတော့ အဖေ့တောင် ကိုယ့်လောက်သိတယ် မထင်တော့ဘူး။ အဲဒါမျိုး အလုပ်ကောင်းလိုက်တာ တွေးခေါ်ပညာရှင်ကြီးတွေ စာမေးပွဲကျရော ဆိုပါတော့။ စိန်ပေါလ် စံပြခန်းက ပြောင်းလာတဲ့ ကျောင်းသားကြီးလည်း ပါသပေါ့။ နောက်တစ်နှစ်တက်တော့ သူငယ်ချင်းတွေ အုပ်စုကွဲသွားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးမကောင်းတာနဲ့ ထပ်ကျပါတယ်။ နောက်ဆုံးတော့ (၆) ဘာသာ ဂုဏ်ထူးရှင်တွေ အထွက်များလို့ နာမည်ကြီးတဲ့ ဒဂုံ (၁) မှာ ကျွန်တော် တစ်တန်းမှ မအောင်ဘဲ ကျောင်းထွက်လိုက်ရပါတယ်။ နောက်တော့ (၉)တန်းကို တိုင်းစစ်နဲ့ အပြင်ဖြေ ဖြေပြီးအောင်ပါတယ်။ နှယ်နှယ်ရရတော့ မထင်နဲ့။ (၉) တန်းကို (၃) ခါဖြေလာတာ…ဟီး..ဟီး။ (၁၀)တန်းတော့ နှစ်ချင်းပေါက်ပါတယ်။ (၁၀) တန်းအောင်တော့ GTI ဝင်ခွင့်ဖြေတယ်။ ဝင်ခွင့်အောင်စာရင်း မထွက်သေးခင် ကန်တော်ကြီးဟိုတယ်မှာ အချက်အပြုတ်နဲ့ သင်တန်းတက်ပြီး အလုပ်ဝင်ပါတယ်။ နောက် GTI ဝင်ခွင့် အောင်စာရင်းထွက်တော့ ဝင်ခွင့်ရ၊ ကျောင်းတက်ပြီး အင်ဂျင်နီယာဖြစ်လာပါတယ်။
ထားပါတော့။ ကျွန်တော်ပြောချင်တာက အဲဒီ (၉) တန်းတုန်းက ဖတ်ခဲ့တဲ့ စာအုပ်တွေကိစ္စပါ။ အဓိက က စာဖတ်တာမကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ စာအုပ်တွေက မကောင်းတာလည်း မဟုတ်ပါ။ အဲဒီစာအုပ်တွေ အားလုံးဟာ ဒဿနပိုင်းမှာ အင်မတန်သြဇာကြီးတဲ့ စာအုပ်တွေပါ။ အဓိကအမှားက ကျွန်တော့်ဦးနှောက်လေး ကောင်းကောင်းမဖွံ့ဖြိုးခင် အချက်အလက် အကြီးကြီးတွေ အတင်းပြွတ်သိပ်ရိုက်ထည့်မိတဲ့ အမှားပါ။ ပြီးတော့ အရမ်းလူရာဝင်ချင်တာလည်း ပါသပေါ့။ နောက်ဆုံးတော့ ဘဝင်ရူးလေး ဖြစ်သွားပြီး အချိန်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတာပါပဲ။ ဒါဟာ မနိုင်မနင်းတွေ ပြွတ်သိပ်ထည့်မိလို့ ဟမ်းသွားတာလို့ မဆိုနိုင်ဘူးလားခင်ဗျား။
ဒါပေမဲ့ အဲဒါတွေအားလုံး အချည်းနှီးမဖြစ်ခဲ့ပါ။ အဲဒီတုန်းက ဖတ်ခဲ့မှတ်ခဲ့တဲ့ အကျိုးကျေးဇူးဟာ ဒီနေ့အထိ ရှိနေဆဲပါ။ အဲဒီတုန်းက မရင့်ကျက်သေးတဲ့၊ မဖွံ့ဖြိုးသေးတဲ့ ဦးနှောက်လေးရဲ့ မှတ်သားမှုတွေဟာ (၁၀)တန်းအောင်ပြီး GTI တက်နေတဲ့ အချိန်မှာ စ ပြီး တွေးနိုင်လာပါတယ်။ ဘာဖြစ်လို့ (၉) တန်း ကျရသလဲလို့ တွေးရင်း တွေးစရာတွေရလို့ သင်ခန်းစာတွေ ရခဲ့ပါတယ်။ အဲဒီတုန်းက စာအုပ်တွေကို ပြန်ဖတ်မိပါတယ်။ စာအုပ်တွေထဲက ဆိုလိုရင်းတွေကို တွေးမိလာပါတယ်။ တဖြည်းဖြည်းနဲ့ ဘဝမှာ ရင်ဆိုင်လာရတဲ့ လက်တွေ့ပြဿနာတွေနဲ့ စာအုပ်တွေကို ပေါင်းစပ်မိလာတာပါပဲ။ အသက်ကြီးလာသည်နဲ့ အမျှ စာအုပ်စာပေရဲ့ တန်ဖိုးကို တကယ်နားလည်လာသလို စာတွေကိုလည်း ရွေးချယ်ဖတ်ရှုတတ်လာပါတော့တယ်။ အခုချိန်မှာ စာဖတ်တာဟာ ငြင်းဖို့ခုန်ဖို့ မဟုတ်တော့သလို လူအထင်ကြီးအောင် ကြွားဝါဖို့လည်း မဟုတ်တော့ပါဘူး။ စာဖတ်တဲ့ ရည်ရွယ်ချက်လည်း ပြောင်းသွားခဲ့ပါပြီ။ တစ်ခါတစ်ရံ ကိုယ့်ရှေ့မှာ ငြင်းတတ်ခုန်တတ်တဲ့လူတွေ၊ ငြင်းဖို့ခုန်ဖို့ အစဆွဲနေသူတွေ၊ စကားတတ်တိုင်း သူများကို ချိုးချိုးဖဲ့ဖဲ့ပြောချင်သူတွေ၊ စကားလုံး အကြီးကြီးတွေသုံးပြီး ကိုယ်လိုရာဆွဲပြောသူတွေ၊ ကိုယ်ပိုင်စကားလုံး မရှိဘဲ အကိုးအကားတွေချည်း ပြောပြီး လူရာဝင်ချင်တဲ့သူတွေကို တွေ့တဲ့အခါ စိတ်ထဲမှာ မကောင်းသလိုလို ရယ်ချင်သလိုလို ဖြစ်တတ်ပါတယ်။ စိတ်ထဲမကောင်းတာက ဘာမှအရေးမကြီးတာတွေနဲ့ စိတ်ဆင်းရဲခံ အချိန်တွေဖြုန်းနေကြလို့ပါ။ ရယ်ချင်တာက ငါ (၉) တန်းတုန်းက အတိုင်းပဲလို့ တွေးမိလို့ပါ။ အခုလည်း ကျွန်တော်ရင့်ကျက်နေပါပြီ၊ ဆရာကြီး ဖြစ်နေပါပြီလို့ ပြောလိုရင်းမဟုတ်ပါ။ အမှားတွေနဲ့ ပတ်ခြာလည်နေဆဲပါ။ ဒါပေမဲ့ သူများအမှား၊ ကိုယ့်အမှားတွေ တော်တော်များများ အပေါ်မှာစိတ်ကလေး ထားတတ်အောင် ကြိုးစားရင်း သင်ယူနေရတာပါပဲ။ စိတ်ထားတတ်ရင် အနည်းနဲ့ အများအေးချမ်းပါတယ်။ ငြင်းဖို့ခုန်ဖို့တော့ စိတ်မဝင်စားတော့ပါဘူး။
နှိပ်စက်သလေ ဒေတာတွေ
အဲဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ လူကြီးတွေတောင် မနည်းရင်ဆိုင်နေရတဲ့ ဒီလောက်ဗရမ်းဗတာဖြစ်နေတဲ့ ဗြုတ်စဗျင်းတောင်း ဒေတာတွေထဲကို နုနယ်သေးတဲ့ ကျွန်တော်တို့ မျိုးဆက်ကလေးတွေကို  ပစ်ချပြီး သူတို့လမ်း သူတို့ရွေးပါစေ….. ဆိုတာ ချစ်တာလား… နှိပ်စက်တာလား…. ကဲ…ပြော......
(သရုပ်ဖော်ပုံများကို Google မှ ယူသည်။)
2 comments:
    ReplyDelete
  2. ကျေးဇူးပဲ ကိုဝင်းထွန်းရေ။ ကိုဝင်းထွန်းကြီး ပြောမှပဲ ကျွန်တော် စာလုံးပေါင်းမှားနေတာ သတိထားမိတော့တယ်
    ReplyDelete
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...