Sunday, November 20, 2011

သံသရာစမ်းရေ (အပိုင်း ၃)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)



  လွန်ခဲ့တဲ့ (၁၀) စုနှစ် နှစ်ခုလောက်အထိက ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က အချိန်တစ်ခုကြာပြီးမှ သိရတာပါ။ ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုတာ အချက်အလက်တွေ လိုပါတယ်။ ဟိုတုန်းကတော့ အချက်အလက်တစ်ခုရဖို့ တော်တော်အားထုတ်ရပါတယ်။ အချက်အလက် စုံနိုင်သမျှ စုံအောင် စုဆောင်းရတာ အဲဒီတုန်းက ပြဿနာပါ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် အချိန်တစ်ခု ပေးရပါတယ်။ ဒါကြောင့် အဲဒီခေတ်ကို ဗဟုသုတခေတ် လို့ ပြောတာပါ။ အခုချက်ချင်းဖြစ် အခုသိတာမျိုးကျတော့ ဗဟုသုတမဟုတ်တော့ဘဲ သတင်းဖြစ်လာပါတယ်။ အခုတော့ ကမ္ဘာ့ ဘယ်နေရာမှာ ဘာလေးပဲဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး သိချင်ရင် သိနိုင်တဲ့ခေတ်ပါ။ ဖြစ်သရွေ့၊ ပျက်သရွေ့ အချိန်မရွေး သိနိုင်နေပါပြီ။ ဖြစ်ပျက်ပြောင်းလဲတာတွေ မြန်ဆန်သလောက် သိနိုင်တဲ့ နည်းပညာကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်နေတာပါ။ ဒါကြောင့် သတင်းနည်းပညာခေတ်လို့ ဆိုတာပါပဲ။ ဒီနေ့ ဟော့ (Hot) နေတဲ့ သတင်းတစ်ပုဒ်ဟာ နောက်နေ့မှာ တန်ဖိုးရှိချင်မှ ရှိတော့မှာပါ။


အကျိုးအပြစ်ဆိုတာကတော့ အမြဲတွဲနေတာပါပဲ။ အင်တာနက်နဲ့ မီဒီယာတွေကနေ တစ်ချိန်လုံး ပစ်ပေါက်နေတဲ့ သတင်းတွေ၊ အချက်အလက်တွေထဲမှာ မှားတာတွေလည်းများ၊ မှန်တာတွေလည်းများ လှတာမို့ ရွေးချယ်စိစစ်ဖို့ ခက်ခဲလာတာဟာ ဒီကနေ့ ကျွန်တော်တို့တွေ၊ ကျွန်တော်တို့ မျိုးဆက်တွေ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာပါပဲ။ သတင်းတွေ ပေါက်ကွဲ၊ စူးစမ်းရှာဖွေမှုတွေ အတောမသတ် တိုးတက်မြန်ဆန်တဲ့ နေရာမှာ ဖန်ဆင်းရှင်တွေ၊ ဘုရားသခင်တွေတောင် ရပ်တည်ဖို့ ခက်လာတာကို တွေ့နိုင်ပါတယ်။ ကောင်းကင်ဘုံတွေ၊ ငရဲတွေလည်း သံသယနဲ့ ကြည့်ခြင်း ခံလာရပါတယ်။ လူတွေ ပိုပြီးမြင်လာ ပိုသိလာတာနဲ့အမျှ အစဉ်အလာ အမှန်ဆိုပြီး လက်ခံခဲ့တဲ့ အရာတွေ မျက်ခုံးလှုပ်လာပါတယ်။ ဥပမာအားဖြင့် ငယ်ငယ်တုန်းက အလယ်တန်းမှာ သင်ရတဲ့ ဂြိုလ်ကြီး (၉) လုံးက ပလူတိုဂြိုလ်တောင် ဂြိုလ်စာရင်းက ပြုတ်သွားပါတယ်။ အခုတော့ ဂြိုလ်ကြီး (၈) လုံးပဲ ကျန်ပါတော့တယ်။ ဟိုတုန်းက ပြဿနာက အချက်အလက်တစ်ခုရဖို့ ခက်တာ။ အခု ပြဿနာက နည်းပညာတိုးတက်ပြီး အချက်အလက်တွေ ပေါများလွန်းလို့ ဘယ်ဟာ အမှန်မှန်း မသိတော့တဲ့ ပြဿနာ၊ ဘယ်ဟာက ကိုယ့်အတွက်တကယ် အသုံးတည့်တယ် မတည့်ဘူး ခွဲခြမ်းစိတ်ဖျာရတာ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတဲ့ခေတ်ပါ။ မယုံရင် Google Search မှာ တစ်ခုခုလေး ရိုက်ထည့်ကြည့်ပါ။ အတောမသတ်တဲ့ data တွေ တပြုံတမကြီး ထွက်လာပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်တကယ်လိုချင်တဲ့ data ကို ရွေးချယ်တတ်ဖို့ဆိုတာ အတွေ့အကြုံမရှိရင် သေပြီဆရာပဲ။

ချိုလွန်းတာရယ်၊ ခါးလွန်းတာရယ်ဟာ အဝင်ဆိုးတာချင်း အတူတူပါပဲ။ ဘာမှမရှိတာထက်စာရင် ရွေးစရာများတာက တော်သေးတယ်လို့ ထင်ရပေမဲ့ တကယ့်တကယ် ရွေးစရာများလွန်းပြန်ရင် အချိန်အရမ်းကုန်ပါတယ်။ အရွေးမမှားအောင် ဂရုစိုက်ရင်း နောက်ဆုံးဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ ခက်တာက အဲဒါတွေကို စိတ်တိုင်းကျ စိစစ်ဖို့ ကျွန်တော်တို့မှာ အချိန်မရတာပါပဲ။ အချက်အလက်တွေ၊ နည်းပညာတွေ တိုးလာပေမဲ့ အချိန်ဆိုတဲ့ လူ့သက်တမ်းကျတော့ ပြောရလောက်အောင် တိုးမလာပါ။ တိုးမလာဘဲ တိုလာတယ်တောင် ထင်မိပါတယ် (သက်တမ်း..)။ Stress တွေကလည်း များတယ်လေ။  လောလောလတ်လတ် တစ်နေ့ကတင် ကျွန်တော်တို့ အလုပ်က Top Management Level က ပုဂ္ဂိုလ်ကြီးတစ်ယောက် သူ့ထက်ရာထူးကြီးတဲ့ ဆရာ့ဆရာကြီးတစ်ပါးက ဆူလိုက်ပူလိုက်တာ အဆူခံနေရင်း ရုတ်တရက်လဲကျ မာလကီးယားသွားပါတယ်။ နှလုံးရောဂါအခံရှိတော့ Stress ဆောင့်တက်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ သေသွားရရှာတာပါ။ ခေတ်ကိုက အလိုလိုနေရင်း မောနေရတဲ့ ခေတ်ဗျ။ ရုပ်ပိုင်းဆိုင်ရာတွေ  တိုးတက်သလောက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ချို့တဲ့လာတဲ့ခေတ်ခင်ဗျ။

အဲဒီတော့ ဖန်ဆင်းရှင်တွေ၊ ဘုရားသခင်တွေတောင် မနည်းရပ်တည်နေရတဲ့ခေတ်မှာ ကျွန်တော်တို့ မျိုးဆက်သစ်မာတာပိတုများလည်း ဇဝေဇဝါတွေ ဖြစ်လာတော့တာ မဆန်းပါဘူး။ ကြည့်နေရင်းနဲ့ကို မမြင်တော့တာ။ ပြေးနေရင်းနဲ့ကို နောက်ကျကျန်ခဲ့တာ။ မယုံရင် ကျွန်တော့်လို မိဘအသစ်ကျပ်ကျွတ်လေး ဆယ်ယောက်လောက်ကို နည်းနည်းလောက် ဆာဗေး (Servay) လုပ်ကြည့်ပါလား။ မင်းရဲ့ သားလေး ဒါမှမဟုတ် သမီးလေးကို ဘယ်လိုဖြစ်စေချင်သလဲ..လို့ မေးကြည့်ပါ။ (ဘလော့ဂ် ထဲ ထည့်ရေးမယ်လို့တော့ မပြောနဲ့ပေါ့ဗျာ..) ကျွန်တော်မေးကြည့်တဲ့ (၁၀) ယောက်မှာ (၁၀) ယောက်စလုံးက ခပ်ဆင်ဆင်ဖြေတာကို တွေ့ရပါတယ်။ သဘောတရားတူတာကတော့ သူတို့ရဲ့ကလေးတွေကို “ ဘယ်လိုဖြစ်ရမယ်လို့တော့ မရှိပါဘူး။ သူကြိုက်တဲ့လမ်း သူ့ဟာသူ ရွေးပါစေ။ ကလေးတွေက ကိုယ်ဖြစ်စေချင်သလို ဖြစ်တာမဟုတ်ဘူး။ သူ့ဗီဇနဲ့ သူလာတာ။ အတင်းအကျပ် လုပ်လို့ မရဘူး”…တဲ့ဗျ။

ဒါပေမဲ့ ဘယ်လိုမဖြစ်စေချင်ဘူး ဆိုတာလေးတွေတော့ ရှိကြတယ်။ အမျိုးမျိုးလည်း ကွဲကြပါတယ်။ အဲဒီ ဆာဗေးက အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျွန်တော်ပြောချင်တာလေးတစ်ခုက မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီး အောင်မြင်တာ၊ ကြီးပွားတာ၊ စိတ်ချမ်းသာတာပဲ မြင်ချင်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါကြောင့် သားသမီးအပေါ် တစ်စုံတစ်ရာ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်စေချင်တာ သဘာဝကျတဲ့ ကိစ္စပါ။ တစ်ခုလေးပဲ နားလည်ရမှာက ထန်းလျက်နဲ့ အချိုကုန်တာမျိုး မဖြစ်စေဖို့ပါ။ ကိုယ်မြင်တဲ့ အကောင်းဆုံးဆိုတာ ကိုယ်ကြည့်နိုင်သလောက် မြင်နိုင်သလောက်ထဲက အကောင်းဆုံးပဲ ဖြစ်မှာပါ။ တကယ်အကောင်းဆုံးဆိုတာ ဟုတ်ချင်မှ ဟုတ်မှာ။ အခုခေတ် ရည်မှန်းချက်ဆိုတာ အရင်တုန်းကလို တစ်ခုခုကို အသေဆုပ်ထားတာမျိုး ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ အခြေအနေအချိန်အခါပေါ် မူတည်ပြောင်းလဲနိုင်ပါတယ်။ ဒါကို ရည်မှန်းချက်မခိုင်မာတာ၊ ကြုံရာလျှောက်လုပ်နေတာမျိုးနဲ့ မရောထွေးဖို့ လိုပါတယ်။ အဲဒါကို နားမလည်ပဲ ငါမိဘဆိုတဲ့မာန်နဲ့ကိုယ်ဖြစ်ချင်တာကို ဇွတ်တရွတ် လုပ်ခိုင်းတာ၊ ကိုယ်သိတာလေးနဲ့ ကလေးကို အတင်းအကျပ် တွန်းတာဟာ မိုက်မဲတာပါပဲ။ တစ်ခါတစ်ရံ မိဘတွေဟာ သူတို့ကိုယ်သူတို့ချစ်တာနဲ့ ကလေးကို ချစ်တာ ကွဲပြားပုံမရပါ။ သူတို့ထင်တဲ့ အောင်မြင်မှုဆိုတာတွေဟာ ကလေးအတွက် ငရဲ ဖြစ်ချင်ဖြစ်နေမှာ ဆိုတာကို ခေါင်းထဲထည့်ထားဖို့ လိုပါတယ်။ ကလေးကို ငရဲပေးတဲ့ မိဘ၊ ကျွန်မသားက အတန်းထဲမှာ အဆင့် (၁) ရတယ်လို့ ကြွားဝါဖို့ ကလေးကို စာအတင်းလုပ်ခိုင်းတာဟာ သားသမီးကို ချစ်ရာရောက်ရဲ့လား ဆိုတာ စဉ်းစားဖို့လိုပါတယ်။

ငါမိဘ… ငါပြောတာလုပ်… မင်းကအဖေလား…ငါကအဖေလား..တွေ လုပ်ရမဲ့ခေတ် မဟုတ်တော့ပါ။ အဆင့်တစ်မရလို့ကတော့ သေပြီသာမှတ်.. ဆိုတဲ့ နည်းတွေ အလုပ်မဖြစ်တော့ပါ။ ဒါတွေက အထူးသဖြင့် မြန်မာမိဘတွေ သုံးတဲ့အလွယ်ဆုံး နည်းတွေပါ။ လူဆိုတာ သူများကို ဟိုလိုလုပ်ပါလား… ဒီလို လုပ်ပါလား.. ပြောရတာ အရမ်းလွယ်ပါတယ်။ ကိုယ်တိုင်သာ အဲဒီလို လုပ်ခဲ့ရင် ဒီနေ့ ဒီအချိန်မှာ ဒီ့ထက် အောင်မြင်နေမှာ ပေါ့ဗျာ.. နော်။ ပြောရတဲ့လူအတွက် အရမ်းလွယ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ လောကမှာ ကိုယ်အောင်မြင်ဖို့ ကိုယ်ပဲ ကြိုးစားရပါတယ်။

လိမ်လိမ်မာမာနေလို့ ပြောဆိုဆုံးမရတာ လွယ်ပါတယ်။ ဒါပေမဲ့ လိမ္မာတယ်ဆိုတာ ဘာပါလဲ။ ဘယ်လိုနေတာကို လိမ္မာတယ်လို့ခေါ်ပါသလဲ။ ဆုံးမနေတဲ့ လူကြီးကိုယ်တိုင်ရော သေသေချာချာနားလည်ပါရဲ့လား။

အကြမ်းဖျင်းပြောရရင် မြန်မာတွေနားလည်တဲ့ လိမ္မာတယ်ဆိုတာ ပြောစကားနားထောင်တာကို ပြောတာပါ။ ပြောစကားနားမထောင်ရင် လူမိုက်ပဲ။ ဘာမှပြန်မပြောဘဲ ငြိမ်ငြိမ်လေးနားထောင်၊ ပြောတဲ့အတိုင်းလုပ်ရင် လိမ္မာတာပဲ။ ပြောတာကို နားမလည်ရင်လည်း ပြန်မေးလို့မရပါ။ ဘာမေးချင်သေးလဲလို့ ပါးစပ်က ပြောပေမဲ့ တကယ်မေးရင် မကြိုက်ကြပါ။ ကျွန်တော်တို့ ငယ်ငယ်က ပညာရေးကတော့ အဲဒီအတိုင်းပါပဲ။ အဲဒီလိုနည်းနဲ့ ထိန်းလိုက်တာ မြန်မာတွေ မျိုးဆက်နဲ့ချီပြီး မေးခွန်းဆင်းရဲသွားပါတယ်။ မရှင်းတာရှိလည်း ပြန်မမေးရဲတော့ပါ။ နားလည်ချင်ယောင်လည်း ဆောင်ပါတယ်။ ပြောလိုက်ရင် မျက်လုံးလေးပြူးပြီး နားထောင်နေပေမဲ့ ဘာမှနားမလည်လိုက်တဲ့လူတွေ မြန်မာမှာ အတော်များပါတယ်။ ကျွန်တော် ပထမဆုံး စင်ကာပူအင်တာဗျူးတစ်ခု သွားတုန်းက အင်တာဗျူးမေးတဲ့ အလုပ်ရှင်က ပြောပါတယ်။ မင်းတို့ မြန်မာတွေရဲ့ Yes ကို ငါအကြောက်ဆုံးပဲ…တဲ့။ ပြောရင်တော့ Yes ပဲ၊ ပြီးရင် တလွဲ…. လို့ ပြောသွားပါတယ်။ အဲဒီပုဂ္ဂိုလ်သေသေချာချာ နားမလည်လို့ပါ။ အမှန်ကတော့ တစ်နိုင်ငံလုံး အဲဒီအတိုင်းပဲဟာ။ ရှေ့ကပြောတဲ့လူက ပြောချင်ရာပြော၊ အခန့်မသင့်ရင် မျက်လုံးဖွင့်ပြီး ကြောင်တောင်အိပ်ပျော်နေတာမျိုးတောင် တွေ့ဘူးပါရဲ့။ ကြာလာတော့ မရှင်းမရှင်းနဲ့ နှစ်ခွအယူအဆတွေကို လက်ခံတာအကျင့် ပါလာပါတယ်။

 ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပေးတဲ့ ဥပမာတစ်ခုကို ပြောပြပါ့မယ်။
ဗုဒ္ဓဘာသာက ကမ္ဘာမြေကြီးရဲ့အောက် ဟိုးအနက်ကြီးမှာ ငရဲပြည်ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်တို့ လက်ခံလိုက်တယ်။ နောက် သိပ္ပံဘာသာရပ်သင်တော့ ကမ္ဘာ့အတွင်းပိုင်းမှာ ကျောက်ရည်ပူတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း လက်ခံတာပါပဲ။ ငရဲပြည်ရဲ့ အကြောင်းကို သေသေချာချာ ဆန်းစစ်ဖို့ မလိုပေဘူးလား။ ဘာသာရေးကဆိုတဲ့ ငရဲပြည်ဟာ ဘယ်လိုဟာမျိုးလဲ။ စကားနဲ့ ဖေါ်ပြတာ ဝေါဟာရမလုံလောက်လို့ ကျွန်တော်တို့ သေသေချာချာ မသိနိုင်တာမျိုးလား။ ကျွန်တော်ဆိုလိုတာ ငရဲပြည်ရှိတယ်၊ မရှိဘူး၊ မှားတယ်မှန်တယ်ကို ပြောလိုခြင်းမဟုတ်ပါ။ အသက်ကြီးတဲ့အထိ ဘာမှဆန်းစစ်ဝေဖန်ခြင်းမရှိဘဲ နှစ်ခွလက်ခံလာတာကို ပြောတာပါ။ ဗုဒ္ဓဘာသာဟာ ဝေဖန်ဆန်းစစ်ပိုင်ခွင့်ရှိတဲ့ အင်မတန် ဒီမိုကရက်ဖြစ်တဲ့ ဘာသာပါ။ မြတ်စွာဘုရားက ကိုယ့်ဉာဏ်နဲ့ စဉ်းစားဖို့ ကာလာမသုတ္တန်မှာ အတိအလင်း ဟောကြားတော်မူပါတယ်။ ဒါပေမဲ့ ဝေဖန်ဆန်းစစ်တယ်ဆိုတာ ကိုယ့်ရဲ့ လေ့လာနိုင်မှု၊ အကြားအမြင်ဗဟုသုတပေါ်လည်း အများကြီးမူတည်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ အကျင့်နဲ့ လက်တွေ့နဲ့ မှပဲ သိနိုင်တာပါ။ ရေကူးနည်းစာအုပ်ဖတ်ရုံနဲ့ ရေမကူးတတ်ပါ။ တစ်ခါတစ်ရံ သီအိုရီနဲ့ လက်တွေ့ ပေါင်းစပ်မှ အလုပ်ဖြစ်တာတွေ ရှိပါတယ်။ သီအိုရီချည်းပဲ အားကိုးနေရင် အကျိုး (ဒုက္ခိတ) နဲ့ တူပါသတဲ့။ လက်တွေ့ချည်းပဲကျတော့ အကန်းနဲ့ တူပါသတဲ့။ သီအိုရီနဲ့ လက်တွေ့ အချိုးညီညီပေါင်းမှ ပြည်စုံတာတွေ အများသားလားဗျာ။

ကိုယ်ဉာဏ်မမီတဲ့ ကိစ္စတွေကို ကိုယ့်အသိဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ အတင်းတိုင်းပြီး ပြောလို့တော့မရပါ။ ကိုယ်ပြောမဲ့ အကြောင်းအရာနဲ့ ထိုက်တန်တဲ့ လေ့လာအားနဲ့ ပေးဆပ်မှုတော့လိုပါတယ်။ ဗုဒ္ဓဘာသာလို တချို့ဟာတွေကို ကိုယ်တိုင်လက်တွေ့ကျင့်ကြံပြီးမှ သိနိုင်တဲ့ဘာသာမျိုးမှာ ပိုဆိုးပါတယ်။ ပြောပြလို့ မရနိုင်တဲ့ စကားလုံးတွေရဲ့ အပြင်ရောက်နေတဲ့ ကိစ္စတွေ ရှိပါတယ်။ သိချင်ရင် ကျင့်ခြင်းသာ အမှန်ဆုံးဖြစ်မှာပါ။ တကယ်ကျင့်သုံးပြီးမှ သိနိုင်တဲ့ကိစ္စတွေကို မကျင့်သုံးကြည့်ဘဲ စကားလုံးတွေနဲ့ သရုပ်ဖေါ်ဖို့ ကြိုးစားကြတဲ့အခါ ရှင်းလေရှုပ်လေ၊ ရှုပ်လေရှင်းလေနဲ့ အငြင်းအခုံတွေဖြစ်ကြ၊ ရန်တွေဖြစ်ကြတာ ကမ္ဘာပေါ်မှာ သမိုင်းတွေနဲ့ ချီပြီးတော့ကို ရှိပါတယ်။ ဘာသာရေးစစ်ပွဲတွေရဲ့ သဘောဟာအဲဒါမျိုးတွေပါပဲ။

ဘာလို့နှုတ်နဲ့ ပြောပြမရသလဲလို့ ဆိုလာသူတွေရှိပါတယ်။ ကျွန်တော်တစ်ခုလောက်မေးပါ့မယ်။ ကျွန်တော်တို့ သီချင်းနားထောင်တဲ့ Ear Phone နားကြပ်ကလေးတွေ သိတယ်မဟုတ်လား။ တစ်ချို့က (၅) ဒေါ်လာပဲ ပေးရပါတယ်။ တစ်ချို့က ဒေါ်လာ (၆၀၀) ကျော်၊ (၁၀၀၀) ကျော်တွေအထိ ပေးရပါတယ်။ အသံကြားရတာချင်းအတူတူ ဘာကွာလို့ပါလဲ။ စကားလုံးတွေနဲ့ ပြောကြည့်ပါလား။ အသံအရည်အသွေး ဘယ်လိုကွာတယ်ဆိုတာကို စကားနဲ့ ဘယ်လိုပြောပြော၊ ဘယ်လိုရှင်းရှင်း တကယ်နားထောင်သလို ခံစားရဖို့၊ သိဖို့ မဖြစ်နိုင်ပါဘူး။ အသံ၏ကောင်းခြင်းဆိုတာ ပြောပြလို့မရပါဘူး။

ကိုယ်တိုင်နားထောင်ကြည့်မှသာ သိနိုင်ပါလိမ့်မယ်။ ဒီလောက်ဆိုရင် တစ်ချို့သော အရာတွေဟာ စကားလုံးတွေရဲ့ အပြင်ဘက်မှာ ရှိတယ်ဆိုတာကို သဘောပေါက်လောက်ပါပြီ။ ဒါကြောင့် ဒီလိုကိစ္စတွေမှအပ ကျန်တဲ့ကိစ္စအတော်များများကို စဉ်းစဉ်းစားစားတွေးတောပြီးမှ လက်ခံတာ၊ ပြောတာ၊ လုပ်တာ ပိုကောင်းပါလိမ့်မယ်။

အဲဒီတော့ ကျွန်တော်ပြောချင်တာက သိထားတဲ့အသိတိုင်းကို မျက်ကန်းအသိမဟုတ်ဘဲ အကြောင်းအကျိုးဆက်စပ်စဉ်းစားပြီး နားလည်လက်ခံတတ်ဖို့နဲ့ လိမ္မာတယ်ဆိုတာကို ကိုယ်လိုချင်သလို အတင်းဆွဲပြီး အဓိပ္ပါယ်မဖွင့်ဖို့ သတိပေးချင်တာပါ။ ကျွန်တော်တို့ရဲ့ မျက်ကန်းအသိတွေ၊ မျက်ကန်းလက်ခံတတ်တဲ့ အကျင့်တွေကို ကျွန်တော်တို့ မျိုးဆက်တွေထိ အမွေမပေးသင့်ဘူး ထင်လို့ပါ။

လိမ္မာတယ်ဆိုတာရဲ့ အဓိပ္ပါယ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွင့်ဆိုပုံကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ။ လိမ္မာတယ်ဆိုတာ ဘေးမသီရန်မခပဲ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားတာပါပဲ….တဲ့။ ကျွန်တော့်သမီးလေးကို ကျွန်တော်သင်ပေးချင်တဲ့ လိမ္မာခြင်းဟာ အဲဒါမျိုးပါ။


မိဘဆိုတာ သားသမီးက ရယ်ပဲပြပြ၊ ပြုံးပဲပြပြ သားသမီးရဲ့ ရင်ထဲက ရှိုက်သံကို နားထောင်တတ်ရပါတယ်။ ပျော်ရွှင်မှုကို မျှဝေခံစားတတ်ရပါမယ်။ ငိုနေတယ်ဆိုရင်တောင် ဝမ်းနည်းငိုကြွေးတာလား၊ ပျော်လို့ငိုတာလား၊ တစ်ခုခုခံစားရလို့လား ဆိုတာကို နားလည်ရပါလိမ့်မယ်။ နှလုံးသားထဲက အသံကို နှလုံးသားနဲ့ပဲ နားထောင်လို့ ရပါတယ်။ ကျွန်တော့်သမီးလေးရဲ့ ရင်ထဲက code တွေကို မိဘဖြစ်တဲ့ ကျွန်တော်တို့ နားလည်တတ်အောင် ကြိုးစားရမှာပါ။ မိဘရဲ့ မေတ္တာဟာ code ဖြည်တဲ့ Tools တွေလို့ ထင်တာပါပဲ............

(နောက်တော့ ဆက်ကြသေးတာပေါ့။)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

1 comment:

  1. Appreciate for this sentence: မိဘရဲ့ မေတ္တာဟာ code ဖြည်တဲ့ Tools တွေလို့ ထင်တာပါပဲ

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...