Wednesday, November 2, 2011
သံသရာစမ်းရေ (အပိုင်း ၁)
(အမှန်ကတော့ ဒီအကြောင်းအရာကို တစ်ပုဒ်တစ်ပုဒ်နဲ့ ရေးထားတာ အတော်များနေပါပြီ။ ဒါပေမဲ့ တစ်ပိုင်းချင်းစီပဲ တင်သွားပါ့မယ်။ အမှားအယွင်း နည်းနိုင်သမျှ နည်းဖို့ရယ်၊ စာအများကြီး တစ်ခါတည်းဖတ်ရတာထက် တစ်ခါတစ်ရံ အပိုင်းလိုက် အကန့်လိုက် ဖတ်ရတာ ပိုကောင်းလို့ပါပဲ။)
အသင်စာရှုသူ
စာရှုသူဟာ စင်ကာပူမှာ အလုပ်လုပ်ရင်း အခြေကျနေသူလား။
ဇနီးသည်ကရော သင်နဲ့အတူ စင်ကာပူမှာပဲလား။
လူမမယ် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်လောက်များ မရှိဘူးလား။
တကယ်လို့များ အခြေအနေတူမယ်ဆိုရင် ဒီစာစုလေးကို ပိုပြီးစိတ်ဝင်စားနိုင်မယ်ထင်တာပါပဲ။ မရှိသေး၊ မသိသေးသူတွေနဲ့ စိတ်ကူးလေး တယဉ်ယဉ် အစီအစဉ်လေး တပြင်ပြင် ဖြစ်နေသူတွေအတွက်တော့ တွေးစရာလေးတစ်ခုပေါ့။ တကယ်တော့ စင်ကာပူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပြင်ရောက်နေသူတွေ အများစု ကြုံနေရတဲ့ ပြဿနာပါ။ နိုင်ငံရပ်ခြားမှာ အနေကျ၊ အခြေချ၊ လုံးဝသဟဇာတ ဖြစ်နေသူများအတွက် မရည်ရွယ်ပါခင်ဗျာ။ ဒီအကြောင်းအရာဟာ လူတွေအများကြီး ရေးကြပြောကြပြီးသားပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပါပဲ။ ဒီစာစုလေးကလည်း ကျွန်တော်ကြုံရတာလေးတွေ ပေါ်မူတည်လို့ ဉာဏ်မီသလောက် တွေးမိသလောက် နောက်ဆုံးနားက ရှုထောင့်လေးတစ်ခုပါပဲ။ မှန်တဲ့အတိုင်း ပြောရရင် ကျွန်တော့်ဖာသာ ကျွန်တော် လက်လှမ်းမှီတဲ့ အချက်လေးတွေ စုဆောင်းဖတ်ရှုရင်း စဉ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှလိုက်ခြင်းအားဖြင့် အကျိုးမယုတ်တန်ရာလို့ တွေးမိတာနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပါ။ ဝေမျှခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။ ကြိုက်တာယူ၊ မကြိုက်တာ မယူနဲ့ပေါ့ဗျာ…နော်။ အမြင်ကတ်ပြီး comment နဲ့ ဆော်ပလော်တီးမသွားရင်ပဲ ကျေးဇူးတင်ပါကြောင်း။
မျှော်လင့်ခြင်းရဲ့ အစ
ကျွန်တော့်သမီးလေးရခါစ ပေါ့။ အခြေအနေအရ ဇနီးသည်နဲ့ ရက်သားလေးပဲရှိသေးတဲ့ သမီးကို မြန်မာပြည်မှာထားခဲ့ပြီး ကျွန်တော် စင်ကာပူကို ပြန်လာခဲ့ပါတယ်။ စင်ကာပူရောက်တော့ ဇနီးနဲ့ သမီးကို လွမ်းတာနဲ့ ညဘက်တွေ ကောင်းကောင်းအိပ်မရပါဘူး။ အဲဒါနဲ့ ရင်ထဲမှာရှိတဲ့ စကားလေးတွေကို စာစီရင်း facebook မှာ ရေးမိတဲ့ စာတိုလေးတစ်ပုဒ်ကို ပြန်ဖေါ်ပြပါရစေလား။ ကျွန်တော့်ရဲ့ ပထမဆုံး online မှာ ရေးဖြစ်တဲ့ စာလို့ လည်းပြောနိုင်ပါတယ်။ ခေါင်းစဉ်ကိုလည်း 2011 ထူးခြားမှု၊ မိဘ နဲ့ Google Earth လို့ ပေးခဲ့ပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။ ဖတ်ဖူးတဲ့ သူငယ်ချင်းတွေ ကျော်ဖတ်ကြဗျာ..နော်။
၂၀၁၁ ၏ ဇွန်လ ၁၆ ရက်နေ့ (ကြာသာပတေးနေ့) သည် အာရှနိုင်ငံများတွင် နည်းနည်းထူးပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတစ်ချို့မှ လအပြည့်ကြတ်သည်ကို မြင််ကြရသည်။ ကောင်းသောကြတ်ခြင်းဟုလည်း ဝေဒကဝိများ ရေးကြပြောကြသည်ကို မြင်ရကြားရပါသည်။ နယုန်လပြည့်နေ့လည်း ဖြစ်ပေရာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ထူးခြားသည့်နေ့တစ်နေ့ ဖြစ်ပြန်သည်။ ကျွန်တော့်အတွက်မူကား အထူးခြားဆုံးသော နေ့တစ်နေ့ဖြစ်တော့သည်။ အကြောင်းမှာ ထိုနေ့ထူး၏ မနက် ၅း၂၈ တွင် ကျွန်တော်၏ သမီးလေးကို မွေးဖွားသန့်စင်သောကြောင့် ဖြစ်ပေသည်။ အေးမြသည့် မေတ္တာ၏ အမှတ်သင်္ကေတ ဖြစ်သော ၅၂၈ သည် သမီး၏ စိတ်နေသဘောထားပေါ် သက်ရောက်ပါစေသတည်း။
ခွဲစိတ်ခန်းထဲမှ ထွက်လာသော ဆရာဝန်ကြီး၏ “ မအိအိမွန်ရဲ့မိသားစု ရှိပါသလား” ဟူသော မေးသံနှင့်အတူ သားသမီးနေရာမှ မိဘရာထူးကို ချက်ချင်းတိုးသွားသဖြင့် ဘဝင်မြင့်သွားသော ကျွန်တော်သည် ခြေလှမ်း ၅ လှမ်းစာမျှရှိသော ခွဲစိတ်ခန်းအဝသို့ အပြေးသွားလေသည်။ ကျွန်တော့်နောက်မှ ကပ်ရက်ပါလာသည်က အဖေ နဲ့ အမေ။
ဆရာဝန်ကြီး၏ လက်ထဲမှ တောင့်တာင့်လေး ထုတ်ထားသော အနှီးထုတ််ထဲတွင် သမီးလေးသည် မျက်လုံးလေးပွင့်လျှက် ဟိုဟိုဒီဒီအသံကြားရာဆီ လိုက်ကြည့်နေခဲ့သည်။ နဖူး နှင့် နားရွက်ကလေးများ အတော်ဖုံးသည််အထိ ရှည်လျားသော ဆံပင်ကလေးများနှင့် သမီးသည် ကျွန်တော့်အတွက်တော့ ဘဝဖြစ်သည်။ ထူးခြားလှသည်။
ကမ္ဘာပေါ်တွင် ကလေးတွေအများကြီးရှိကြပါသည်။ ကျွန်တော့်သမီးသည်လည်း ကလေးများထဲမှ ကလေးတစ်ယောက်သာပါ။ ဘာများ ထူးလို့နည်း ဟု စောဒက တက်နိုင်ပါသည်။ ဟုတ်ကဲ့… ခင်ဗျားတို့ အတွက် မထူးတာ ကျွန်တော် နားလည်ပါသည်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်ရှိ အထူးဆုံးသော အရာအားလုံးထက် ထူးပါသည်။ အမြင်ကတ်တော် မူကြပါ။
ထူးတာကိုမှ တကူးတက စိတ်ဝင်စားသော သူများကို ကျွန်တော် တစ်ခုပြောချင်ပါသည်။ ထူးခြားမှုဆိုတာ ဝေးဝေးရှာစရာ မလိုပါ။ သစ်စေ့လေးမှ သစ်ပင်ကြီး ဖြစ်လာတာ၊ ကြက်ဥလေးမှ ကြက်ကလေး ပေါက်လာတာ၊ သားပိုက်ကောင်ရဲ့ ဗိုက်မှာ ကလေးအတွက် အိတ်ကလေးပါလာတာ၊ သက်ရှိတစ်ခုရဲ့ ခန္ဓာကိုယ် ထဲမှာ နောက်ထပ် သက်ရှိလေး တစ်ခု အသက်ရှုနေတာ…။ ဒါတွေဟာ သဘာဝရဲ့ထူးခြားမှုတွေပေါ့။
ကျွန်တော်ပြောချင်တဲ့ ထူးခြားမှုဆိုတာ ဒါပါပဲ။ ကလေးတိုင်းရဲ့ မိဘတွေအတွက်တော့ သူတို့ရဲ့ကလေးတွေဟာ ထူးခြားမှာပေါ့။
ဒါပေမဲ့ ဒီလိုမထူးခြားသော ကလေးတွေထဲက ကလေးတစ်ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့ဘူးသည်။ အိုင်းစတိုင်း ဖြစ်ခဲ့ဘူးသည်။ တစ်ချိန်ချိန်မှာ ကမ္ဘာကို ကိုင်လှုပ်နိုင်သော ကလေးတစ်ယောက်ယောက်ကတော့ ခေတ်တိုင်းမှာ မွေးခဲ့သည်ပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ကလေးတွေရော မဖြစ်နိုင်ဘူးဟု မည်သူပြောနိုင်အံ့နည်း။
ကျွန်တော်ကတော့ ကျွန်တော့် သမီးလေးကမ္ဘာကို ကိုင်လှုပ်နိုင်ဖို့ ကမ္ဘာလုံး တစ်လုံး Popular မှ ဝယ်ထားပါသည်။ သမီးက Digital ကမ္ဘာလုံးမှ ဆိုလျှင်လည်း Google Earth ကို Install လုပ်ထားပါသည်။
ကိုသက် (၀၆.၀၇.၂၀၁၁)
ဒါပါပဲ။ ဒါလေးပါပဲ။ စိတ်ထဲမှာ ခံစားရတာတစ်ခုကို ရေးတာပေမဲ့ စာကိုအဆုံးသတ်ခါနီးမှ နောက်တီးနောက်တောက် လုပ်တတ်တဲ့အကျင့်က ပေါ်တာတာနဲ့ ပေါက်ကရနည်းနည်းရေးပြီး အဆုံးသတ်လိုက်တာပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော့်စိတ်ထဲမှာ သမီးကိုလွမ်းတာရယ်၊ သမီးလေးရလာတဲ့အပေါ်မှာ ပျော်ရွှင်ပီတိဖြစ်တဲ့စိတ်နဲ့အတူ ဖြစ်လာတဲ့ မျှော်လင့်ချက်အသစ်တွေ၊ စိတ်ကူးတွေ ခံစားချက်တွေ အားလုံးရောပြွန်းနေခဲ့တာပါ။ ဒီစာလေးဟာ ဘာရယ်မဟုတ် စိတ်ပြေလက်ပျောက် ရေးခဲ့တာလေးပေမဲ့ လောလောလတ်လတ် ဖြစ်လာတဲ့ မိဘအသစ်ကျပ်ချွတ်တစ်ယောက်ရဲ့ ခံစားမှုနဲ့ မျှော်လင့်ချက်ကို ပြောတတ်သလို ပြောကြည့်တဲ့ စာတိုလေးတစ်ပိုဒ်ပေါ့။ ကျွန်တော့် မျှော်လင့်ခြင်းခရီးသည်ဘလော့ဂ်ရဲ့ အစ ဆိုရင်လည်း မမှားပါဘူး။
အကျိုးကနောက် အကြောင်းကအရင်
မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တာတွေဆိုတာ အကျိုးတရားကို အရင်မျှော်ကြည့်တာမျိုးပါ။ အဲဒီအကျိုးတွေဖြစ်ဖို့ ဘယ်လိုအကြောင်းတွေ လုပ်ရမယ်ဆိုတာက ပြောသလောက် လွယ်တဲ့ကိစ္စမဟုတ်ပါ။ အပြောင်းအလဲတွေ အရမ်းကြမ်းတဲ့ အခုခေတ်မှာ နောင်ဘာဖြစ်ချင်တယ်လို့ ပြောရတာ ၂၀ ရာစုတုန်းကထက် ပိုပြီးရှုပ်ထွေးပါတယ်။ အရင်တုန်းက ကျွန်တော်တို့ မိဘတွေက ကျွန်တော်တို့ကို ဆုံးမတဲ့အခါ “ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဆိုက်ကားသမားလေး ဖြစ်ပါစေ…. စစ်သားလေးဖြစ်ပါစေ… သူနာပြုလေး ဖြစ်ပါစေ.. လို့ မမှန်းဘူး.. တဲ့။ အားလုံးကတော့ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီး၊ ဆရာဝန်ကြီး ဖြစ်စေချင်တာပဲ…တဲ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဆိုက်ကားပြင်တဲ့လူနဲ့ အင်ဂျင်နီယာ၊ စစ်သားနဲ့ စစ်ဗိုလ်၊ ဆရာဝန်နဲ့ သူနာပြု… ဘယ်ဟာက ပိုများသလဲ”…တဲ့။ ဖြစ်စေချင်တာနဲ့ ဖြစ်လာတဲ့ အချိုးကွာဟမှုကို ပြောချင်တာပါ။ ဒါက ၂၀ ရာစု Role Model ဥပမာလို့ ပြောနိုင်မယ် ထင်ပါတယ်။
 ပြီးတော့ ရှိပါသေးတယ်။ သားသမီးဆိုတာ ရွံ့ရုပ်ကလေးလိုပဲ..တဲ့။ လိုချင်တဲ့ပုံ သွင်းလို့ရသတဲ့။ အားလုံးကတော့ မင်းသားရုပ်ကလေးတွေ၊ မင်းသမီးရုပ်ကလေးတွေ ဖြစ်အောင် ထုဆစ်ကြတာပဲ…တဲ့။ ဒါပေမဲ့ ထုဆစ်ရင်း ထုဆစ်ရင်း တဖြည်းဖြည်း ဘီလူးပုံ ပေါက်လာတာကို သတိမထားမိတတ်ကြဘူး…တဲ့။ နောက်ဆုံး အစွယ်ပြူးပြူးဘီလူးရုပ် ပီပီပြင်ပြင်တွေ့တော့မှ ကြောက်လန့်တကြား ဖြစ်ကြတာ…တဲ့။ ကျွန်တော့် မိဘများရဲ့ ဆုံးမစကား တချို့ပါ။ ခုထိ မှန်နေဆဲ၊ ခေတ်မီနေဆဲ စကားတွေ ရှိသလို တချို့ဟာတွေလည်း ခုခေတ်နဲ့ ဘောင်မဝင်တော့တာတွေ၊ အခြေအနေ အချိန်မခါချင်း မကိုက်ညီတော့တာတွေလည်း ရှိပါတယ်။
အခုခေတ်မှာ အခြေအနေတစ်ခုကို ကြည့်ပြီး ကောက်ချက်ဆွဲပြောဖို့ တော်တော်ခက်နေပါပြီ။ ရည်ရွယ်ချက်တွေ၊ ဖြစ်ချင်တာတွေကလည်း အရင်လို ဆရာဝန်၊ အင်ဂျင်နီယာလောက် ရိုးရိုးရှင်းရှင်း မဟုတ်တော့။ စစ်ဗိုလ်ကြီးလည်း အားကျစရာ မကောင်းတော့။ (ချဉ်စရာကောင်းတယ်လို့ မဆိုလိုပါ။) အများစုအနေနဲ့ ပြောတာပါ။ အခုလည်း ဆရာဝန်အိပ်မက်၊ အင်ဂျင်နီယာ အိပ်မက်၊ စစ်ဗိုလ်ကြီး အိပ်မက် မက်နေဆဲ လူတွေ အများကြီး ရှိပါတယ်။ ကဲ့ရဲ့တာ မဟုတ်ပါ။ အားလုံး ကိုယ်နှစ်သက်ရာ အိပ်မက်တွေကို ဖက်တွယ် အိပ်စက်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ဆိုလိုတာ ဒီခေတ်အိပ်မက်တွေက ကြာကြာမခံဘဲ မကြာခဏ အိပ်မက်က လန့်နိုးကြရတာကို ပြောချင်တာပါ။ ကိုယ်က လိုချင်လွန်းလို့ ရင်းနှီးပေးဆပ်မှုတွေ အများကြီးနဲ့ ရယူရတဲ့ အရာတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုဟာ တကယ့်တကယ် ရလာတဲ့အချိန်ကျမှ ကိုယ်တကယ်လိုချင်တာ ဒါမဟုတ်ပါလားလို့ သိလိုက်ရတဲ့ အဖြစ်ဟာ ဘယ်လောက်များ ကြေကွဲစရာ ကောင်းလိုက်ပါသလဲ။ ဒါကြောင့် ဘဝမှာ ရည်မှန်းချက်မမှားဖို့ အရေးကြီးပါတယ်။ ရည်မှန်းချက် မရှိတဲ့လူဟာ တက် မပါတဲ့ လှေလိုပါပဲ။ မျောချင်ရာမျော၊ ရောက်ချင်ရာရောက်နဲ့ နောက်ဆုံး သေသာသွားရော ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ ဖြစ်နေမှာပါ။ အဲဒါကိုမှ မိုက်တယ်ထင်ရင်လည်း ပြီးရောပေါ့ဗျာ။
အင်းစိန်ကို သွားချင်တဲ့ လူတစ်ယောက်ဟာ တောင်ဥက္ကလာ သွားတဲ့ကားကို ချောင်လို့တက်စီးတယ် ဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ အင်းစိန်ကားကိုပဲ ချောင်သည်ဖြစ်စေ ကြပ်သည်ဖြစ်စေ စီးရမှာပါပဲ။ အင်းစိန်သွားချင်တာကို တောင်ဥက္ကလာကား တက်စီးတယ်ဆိုရင် စိတ်မှကောင်းသေးရဲ့လားလို့ မေးရမဲ့ပုံပါပဲ။ ကားမှားစီးတာ၊ တိုက်ရိုက်မသွားဘဲ ဟိုကဒီက လှည့်ပတ်သွားတယ် ဆိုတာ အချိန်ရှိရင်တော်ပါရဲ့။ အချိန်မရှိတဲ့လူအတွက်တော့ အကျိုးယုတ်စရာတွေ ရှိပါတယ်။ ဒီခေတ်ကြီးမှာ အရှားဆုံးကလည်း အချိန် ပါပဲ။ ကြိုးစားတဲ့လူအတွက် ပြောတာပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ဘယ်သွားချင်မှန်းမသိ ရောက်ရာပေါက်ရာ ကြုံရာကားတက်စီးနေတာ ဆိုရင်တော့လည်း မပြောတတ်ဘူးလေဗျာ။ ကျွန်တော်မြင်သလိုပြောရင် အဲလိုလူမျိုးတွေ ပိုများလာတယ်လို့တောင် ထင်မိပါတယ်။ ဘာကိုရည်ရွယ်ရမှန်းမသိ၊ မိဘကလည်း ဘာကိုဘယ်လို လမ်းကြောင်းပေးရမှန်းမသိ၊ ကလေးကလည်း မသိ၊ လူကြီးကလည်း မသိ၊….. မသိ၊….. မသိ။
ဒီတော့ ကျွန်တော်တို့ သားသမီးတွေ မလိုအပ်ဘဲ အချိန်မကုန်ဘဲနဲ့ မပင်ပန်းဘဲနဲ့ သူတို့လိုချင်တဲ့ (ကျွန်တော်တို့ လိုချင်တာ မဟုတ်ပါ) ပန်းတိုင်ကို မြန်မြန်ဆန်ဆန် ရောက်စေဖို့ ထောက်ပံ့ပေးရမှာ ကျွန်တော်တို့ မိဘတွေရဲ့ တာဝန်ပါ။
ပန်းတိုင် သို့မဟုတ် ရည်မှန်းစရာ၊ အားကျစရာ Role Model တွေကလည်း အခုခေတ်မှာ များလွန်းလှပါတယ်။ အခု ဒါကောင်းပေမဲ့ တော်တော်ကြာ ကောင်းချင်မှ ကောင်းတာမျိုးကိုး။ အခု မှန်နေပေမဲ့ ခဏနေ မှားချင်မှားသွားတာမျိုး။ အဲဒီတော့ ဘယ်ဟာကိုတော့ ကျိန်းသေပေါက် အမြဲမှန်တယ်လို့ ပြောမရတော့ပါ။ အယူအဆတစ်ခုကို အသေဖက်တွယ်ထားလို့ မရနိုင်တာတော့ သေချာပါတယ်။ အဲဒီမှာတင် “ကလေးက သူ့ဗီဇနဲ့ သူဗျ၊ ကိုယ်ကလုပ်လို့ ရတာမဟုတ်ဘူး”… လို့ တွင်တွင်ပြောတော့တာပါပဲ။ မဟုတ်ဘူးလို့ မငြင်းပါဘူး။ ဒါပေမဲ့ တချို့က ကလေးလမ်းကြောင်းလွဲသွားရင် သူ့အပြစ်ဖြစ်မှာစိုးလို့ ကြိုကန်နေတဲ့ မိဘမျိုးတွေ တွေ့နေရလို့ပါဗျ။ ကလေးရဲ့ ဗီဇဆိုတာဟုတ်တယ်။ ဒါပေမဲ့ ဝန်းကျင်ဆိုတာ ဘယ်နားသွားထားမလဲ။ မြစ်က သူ့ဟာသူ စီးချင်ရာစီးနေတာလို့ ပြောတဲ့ ဝန်ကြီးလိုပဲ။ တာဝန်မယူရဲတိုင်း ပေါက်ကရတွေ လျှောက်ပြောပြီး ပေါက်လွတ်ပဲစားလွှတ်ထားရအောင် ဒါက အခကြေးငွေယူပြီး ဝန်ထမ်းလုပ်စားနေတဲ့ ကိစ္စမျိုးမဟုတ်ဘူးခင်ဗျ။ ဟိုလူ့လွှဲချ ဒီလူ့လွှဲချ လုပ်ရမဲ့ ကိစ္စမျိုးလည်း မဟုတ်ပါ။ ကိုယ့်ကလေးနဲ့ ပါတ်သက်ပြီး အပြစ်ပြောခံရစရာရှိလည်း ခံလိုက်ပေါ့ဗျာ။ ဘယ်သူမပြု မိမိမှုမို့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိဖို့ ကောင်းပါသဗျာ။
ဗီဇသန်တဲ့ ကလေးဆိုတာက ရှိတော့ရှိတယ်၊ ရှားတယ်ဗျ။ ကျွန်တော်တွေ့ဘူးတဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဆို အဲဒီကလေးကို ကိုယ်ဝန်ရှိကတည်းက ခိုးချင်တာဗျို့။ ဘယ်လိုမှကို မအောင့်နိုင် မအီးနိုင် ခိုးချင်တာ။ သူများအိမ် သွားလည်ရင် အနည်းဆုံး မီးခြစ်လေးဖြစ်ဖြစ် ခိုးလိုက်ရမှ။ နောက်မှ ခင်ပွန်းသည်က မျက်နှာပူပူနဲ့ တောင်းပန်ပြီး ပြန်ပေးရတာ အကြိမ်ကြိမ်။ နောက်ဆုံး ချော်လဲပြီး ကိုယ်ဝန်ပျက်ကျသွားမှပဲ ပြီးသွားတော့တယ်။ ပြောရရင်တော့ ပျက်ကျသွားမှပဲ ဟင်း.. ချရတော့တယ်ဗျို့။ ကိုယ့်ရင်သွေး၊ ကိုယ့်သားသမီး ပျက်စီးတာကို ဝမ်းသာရတဲ့ မိဘအဖြစ်ကို တွေးကြည့်ကြဗျာ။ အဲဒါ အကုသိုလ်ဗျ။ ဒီကလေးဘက်က ကြည့်ရင်လည်း ဘယ်လောက်အကုသိုလ်ကြီးတဲ့ ကလေးလဲဗျာ။ အမေ့ဝမ်းထဲမှာတင် သေရရှာတယ်။ အပြင်တောင် မရောက်လိုက်ဘူး။ သေတာကိုလည်း ကြားသူတိုင်းကလည်း တော်ပါသေးရဲ့လို့ မှတ်ချက်ချခံရတဲ့ ဘဝဗျာ။ ဒါမျိုးကတော့ ချွင်းချက်ထားဗျာ။ ဒါပေမဲ့ ကလေးတိုင်း အဲလို ဖြစ်နေတာ မဟုတ်ဘူးလေ။
ဗီဇနဲ့ဝန်းကျင်
အဲဒီတော့… ကျွန်တော်တို့ ကလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ။ ရည်မှန်းချက်ဆိုတာ အရေးကြီးတာတော့ ဟုတ်ပါပြီ။ ဘယ်လို ရည်မှန်းချက်တွေ ဘယ်လို Role Model တွေ ပေးပြီး ကလေးအတွက် ဘာတွေတာဝန်ယူကြမလဲ။ ဗီဇကို ဝန်းကျင်နဲ့ ပြင်ရပါတယ်။ အရမ်းဆိုးမဲ့ကလေးကို နည်းနည်းပဲဆိုးအောင်၊ နည်းနည်းဆိုးမဲ့ ကလေးကို မဆိုးတော့အောင်၊ မဆိုးတဲ့ကလေးကို တော်အောင်တတ်အောင် လိမ်မာအောင် ဝန်းကျင်နဲ့ ပြုပြင်ပေးနိုင်ပါတယ်။ ဘာကြောင့်များ ကလေးကို ကျောင်းကောင်းကောင်းတွေ ထားချင်ကြပါသလဲ။ ကျောင်းကောင်းကောင်းတွေ ထားတိုင်းရော၊ အားလုံး ထူးချွန်ကြလို့လား။ မထင်မရှား ကျောင်းတွေကနေ ထူးချွန်တဲ့ ကလေးတွေ မထွက်ဘူး တဲ့လား။ မဟုတ်ပါ။ သာဓကတွေ အများကြီးရှိပါတယ်။
ဒါပေမဲ့ ရာခိုင်နှုန်း ကွာပါတယ်ခင်ဗျား။ အနည်းစုသော ချွင်းချက်ဖြစ်တဲ့ ကလေးအမျိုးအစားထဲမှာ ကိုယ့်ကလေး ပါမယ်လို့ တွေးတာဟာ စွန့်စားရာ မကျလွန်းဘူးလားခင်ဗျာ။ လူဆိုတာ သင်ယူတတ်တဲ့ အမျိုးခင်ဗျ။ တော်တဲ့ ထူးချွန်တဲ့ ဝန်းကျင်က တော်အောင် ထူးချွန်အောင် လုပ်တဲ့ နည်းလမ်းတွေ အတွေ့အကြုံတွေကို သင်ယူစေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းကောင်းကောင်း ရွေးကြတယ်မဟုတ်ပါလား။ ရည်ရွယ်တဲ့အတိုင်း ဖြစ်တာမဖြစ်တာက တစ်ကိစ္စပါပဲ။
 ဗီဇမကောင်းတဲ့ ကလေးပေမဲ့ တော်ရုံသာမာန် မကောင်းတာလောက်ကတော့ ဝန်းကျင်နဲ့ ထိန်းလို့ရသလို နဂိုဗီဇကောင်းပေမဲ့ ဝန်းကျင်မကောင်းရင်လည်း ပျက်တာပါပဲ။ ကျေးညီနောင်အကြောင်း ငယ်ငယ်က သင်ဘူးတယ် မဟုတ်လား။ ဒီလိုပါပဲ။ မကောင်းသူတွေကြားထဲ သွားထားရင် ကောင်းလာဖို့နဲ့ မကောင်းလာဖို့ ဘယ်ဒင်းက ရာခိုင်နှုန်းများမယ်ဆိုတာ လွယ်လွယ်ကလေး တွေးနိုင်ပါတယ်။ သူ့ဟာသူ ကောင်းနေတာရော မဖြစ်နိုင်ဘူးလားလို့ ပြောရင် ဖြစ်နိုင်ရာချေ တွက်ကြည့်ပေါ့ဗျာ။ ဗီဇက ကောင်းတဲ့ဘက်မှာ သိပ်သန်လို့ ဆိုရင်တောင် ဝန်းကျင်ဖျက်လို့ ကောင်းသင့်သလောက် ကောင်းနိုင်မယ် မထင်ပါဘူး။
တချို့ကပြောပါတယ်။ ဖြစ်ထွန်းမဲ့ ကလေးက ဘယ်မှာနေနေ ဖြစ်ထွန်းမှာပဲ..တဲ့။ ပျက်စီးမဲ့ ကလေးက ဘယ်မှာနေနေ ပျက်မှာပဲ…တဲ့။ အဲဒါဆိုလည်း ဖြစ်ချင်ရာဖြစ် ပေါက်လွတ်ပဲစားလေး လွှတ်ထားလိုက်ကြပါလားဗျာ။ သူတို့ပြောချင်တဲ့ ကလေးတစ်ယောက်ရဲ့ ဗီဇဆိုတာ မွေးရာပါ အကျင့်စရိုက်ကို ပြောချင်တာ။ တကယ့်တကယ် ကလေးရဲ့ မွေးရာပါအကျင့် စရိုက်ဆိုတာ အမိဝမ်းထဲမှာ ရှိစဉ်ကတည်းက တချို့ကလေးရဲ့ စိတ်ဓါတ်အမူအကျင့်က အမေဖြစ်သူမှာ ထင်ထင်ရှားရှား မြင်ရတတ်ပါတယ်။ စောစောက အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ကလေးမျိုးဆို ဗီဇကိုက ပြင်းလွန်းတော့ မမွေးခင်ကတည်းက ထူးထူးခြားခြားကြီး ပေါ့ဗျာ။ မွေးလာပြီးရင်လည်း အတော်ပြင်ရခက်မဲ့ ကလေးမျိုးဆိုတာ ကြိုတွေးကြည့်နိုင်ပါရဲ့။
သာမာန်ကလေးတွေအတွက်တော့ ယေဘူယျအားဖြင့် မွေးပြီး (၃) လ လောက်အတွင်း သေသေချာချာ စောင့်ကြည့်ရင် သတိထားမိစရာတွေ ရှိတတ်ပါတယ်။
ဘာသာရေးရှုထောင့်ကနေ နည်းနည်းလောက်တင်ပြပါရစေဦး။ ဗုဒ္ဓဘာသာရဲ့ သဘောအရ ရှေးဘဝ ဆိုတာ ရှိပါတယ်။ ရှေးဘဝတွေက ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေ အနည်းအများပေါ်မူတည်ပြီး ကံအကျိုးပေးနဲ့ သင့်လျှော်တဲ့ မိဘဝမ်းထဲမှာ ဝင်စားရပါတယ်။ စကားစပ်မိလို့ ပြောရရင် ချမ်းသာတဲ့ သူတွေမှာ သားသမီးအရနည်းပြီး ဆင်းရဲသားတွေမှာ သားသမီးတွေ တပြုံတမကြီးဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဘာကြောင့်လဲလို့ ပြောရင် တခြားကျန်းမာရေး အကြောင်းပြစရာတွေ ရှိနိုင်ပေမဲ့ ကံအကြောင်းတွေ ရှိတယ် လို့  ပြောကြည့်ပါ့မယ်။ လောကမှာ ကုသိုလ်ပြုသူနဲ့ အကုသိုလ်ပြုသူ အချိုးချရင် ကုသိုလ်ပြုသူက နည်းပါတယ်။ ဒါကြောင့်လည်း အရမ်းချမ်းသာသူတွေမှာ သူတို့ရဲ့ ချမ်းသာမှုကို စံစားထိုက်တဲ့ ကုသိုလ်ရှင် နည်းပါးတာမို့ သူတို့မှာ သားသမီးရဖို့ ခက်ခက်ခဲခဲ ဖြစ်နေရခြင်း အကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
နောက်ပြီးသေခါနီး လောဘစိတ်နဲ့ သေရင် ပြိတ္တာဖြစ်တတ်ပါတယ်။ အစွဲတွေ၊ တက်မက်မှုတွေ ကြောင့်ပေါ့။ ဒေါသစိတ်နဲ့ သေရင် ငရဲရောက်တတ်ပါတယ်။ မောဟစိတ်နဲ့ သေရင် တိရိစ္ဆာန်ဖြစ်တတ်ပါတယ်။ မောဟရဲ့ သဘောက တွေဝေမိန်းမော မသိမှုကြီးစိုးတာကိုး။ သူ့စိတ်သဘာဝအရ သွားတဲ့ လားရာတွေပါပဲ။
ငရဲက လာတဲ့ ကလေးဟာ အလိုလိုနေရင်း ထိတ်လန့်အားငယ်နေရဖို့ များပါတယ်။ တချိန်လုံး ထိတ်လန့်ခြောက်ခြားနေရတဲ့ ဘဝကလာတာကိုး။ ကလေးဆေးရုံမှာ သွားကြည့်ပါ။ ကလေးတွေ ယှဉ်ချထား။ ဘေးမှာ တစ်ခုခု အသံကျယ်ကျယ်ကြားရင် တချို့ကလေးက ဗြဲကနဲ ငိုတော့တာပဲ။ မျက်လုံးကိုက ထိတ်လန့်နေတဲ့ မျက်လုံး။ တချို့ကလေးက အေးအေးလူလူပဲ။ ဂရုကို မစိုက်တာ။
 ပြိတ္တာဘဝက လာတဲ့ကလေးဟာ လောဘကြီးဖို့ များပါတယ်။ တချို့ကလေးက အရုပ်ကလေးတစ်ခုပေးလိုက်တာနဲ့ အတင်းကို ဆုပ်ထားတော့တာ။ ဘယ်လိုမှ ပြန်တောင်းလို့ မရတော့ဘူး။ သူ့ဟာမှ သူ့ဟာအပြင် တခြားကလေးလက်ထဲကဟာလည်း လိုချင်တာပဲ။ အရူးအမူး တွန့်လိမ်ကောက်ကွေးပြီး လိုချင်တော့တာ။ တချို့ကလေးက ပေးရင်ယူထားတယ်။ ပြန်ပေးလိုက်ဆိုလည်း ပြန်ပေးလိုက်တာပဲ။ ကလေးချင်း ဘာတွေများ ကွာလို့ပါလဲ။
တိရိစ္ဆာန်ဘဝကလာတဲ့ ကလေးဟာ တွေဝေငေးမောပြီး သတိမေ့လျော့တတ်တဲ့ ကလေးမျိုးဖြစ်လာနိုင်ပါတယ်။ သုဂတိဘုံတွေက လာတဲ့ကလေးကတော့ ဆန့်ကျင်ဘက်တွေ ဖြစ်မှာပေါ့လေ။ ရဲရင့်တဲ့ကလေး၊ ဉာဏ်ကြီးတဲ့ကလေး၊ သဘောကောင်းတဲ့ ကလေး၊ မိဘကို ဒုက္ခမပေးတဲ့ ကလေးတွေဟာ သုဂတိဘုံတွေက လာတယ်လို့ အကြမ်းဖျင်း ပြောနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကံ ရဲ့ သဘာဝက ဆန်းကျယ်လေတော့ ဘဝတစ်ခုအတွက် သက်ရောက်စေတဲ့ factor တွေ အများကြီး ရှိနိုင်ပါတယ်။ လျှောက်ပြောရင် ဆုံးမယ်မထင်ပါဘူး။
မိဘတိုင်းကတော့ ကိုယ့်ကလေးကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်မှာပေါ့လေ။ ခင်ဗျားကလေးက အပ္ပါယ်လေးဘုံက လာတာဗျလို့ သွားပြောရင် ရိုက်လွှတ်လိုက်လိမ့်မယ်။ စော်ကားမော်ကား ပြောလိုရင်း မဟုတ်ပါ။ ကျွန်တော်လည်း သမီးလေးတစ်ယောက်ရဲ့ အဖေပါပဲ။ သူ့ဟာသူ ဘယ်ဘုံ ဘယ်ဘဝကလာလာ၊ ကျွန်တော်တို့ စဉ်းစားရမှာက အခုကိုယ့်သားသမီးဖြစ်လာပြီဆိုရင် ကိုယ့်သားသမီးရဲ့ အားနည်းချက်၊ အားသာချက်ကို ဂရုစိုက်ဖို့ပါ။ ကျွန်တော်ဆိုလိုတာ ကိုယ့်ကလေးက ထိတ်လန့်အားငယ်တတ်ရင်၊ ကြောက်တတ်ရင် အဲဒါကို အားပေးတဲ့ အပြုအမူမျိုး မလုပ်မိအောင် သတိထားပြီး ရဲရဲရင့်ရင့်ဖြစ်အောင်၊ သတ္တိရှိအောင် သင်ပေးရမှာပါ။  လောဘကြီးတဲ့ကလေးဆိုရင် လောဘမကြီးအောင်၊ ကိုယ်ချင်းစာတရားရှိအောင် အဓိကထား ပြောဆိုဆုံးမရမှာပေါ့။ ဒေါသကြီးတဲ့ ကလေးဆိုရင် စိတ်ရှည်တတ်အောင်၊ သူတစ်ပါးကို နားလည်တတ်အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် အနုပညာတို့၊ ဘာသာရေးတိုနဲ့ပါ တွဲသင် သင့် သင်ရမှာပါ။ မောဟကြီးတဲ့ ကလေးဆိုလည်း ဒီလိုပဲပေါ့။ သတိကောင်းအောင် လေ့ကျင့်ပေးရမှာပေါ့။
ဗီဇကိုချည်း ပုံမချဖို့နဲ့ ကိုယ့်ကလေး၊ ကိုယ့်မျိုးဆက်ပေါ်မှာ တာဝန်မဲ့စကား ပြောတဲ့မိဘတွေ မများလာစေချင်ပါ။ အကောင်းဆုံးကြိုးစားပါရက်နဲ့ ဖြစ်မလာတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ဘဝဆိုတာ ပုံသေတွက်လို့ ရတာမျိုးမှ မဟုတ်တာပဲ။ မနက်ဖန်အကြောင်း ပြောတာတောင် အတော်လွန်နေပြီတဲ့ ဗျို့။ ဒါပေမဲ့ မပြောလို့မှ မရဘဲကိုး.. နော့။ ပြောချင်တာလေးက.....
မိဘကိုယ်တိုင် ဝန်းကျင်ကောင်း ဖြစ်ဖို့ အရေးအကြီးဆုံး ဖြစ်ကြောင်းပါ။
(နောက်မှ ဆက်ပြောမယ်ဗျာ…)
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
1 comment:
    Looking forward to your new posts. Win Tun
    ReplyDelete
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...