Saturday, April 7, 2012

ရင်ခုန်နှစ်ဦး သည်တန်ခူး

နိုင်ငံခြား ရောက်နေသော သူများထဲမှ တော်ရုံသင့်ရုံ မြန်မာစိတ်ပျောက်သူ အချို့ပင် သင်္ကြန်နားနီးလျှင်တော့ မြန်မာစိတ်နည်းနည်း ပြန်ပေါ်လေ့ရှိပါသည်။ သို့သော် ခွက်ကပ်နှင့်မူး ဆိုသလို ပျော်မဲ့သာ ပျော်ရသည်။ ပျော်စရာမကောင်းတော့သော သင်္ကြန်ကို ဘဝင်မကျစွာနှင့် ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးရှိရော့မည်ထင်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ တကယ်ပျော်စရာကောင်းသော သင်္ကြန်ကို သိမှီလိုက်သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်သည် အလွန်ပျော်ဖို့ကောင်းလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ကြသည်။ လူတန်းစားအလွှာ မရွေး၊ တောရော မြို့ပါမကျန် ပျော်ရသည့် သင်္ကြန်ပါ။ သင်္ကြန်မရောက်မီကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်တွေက နေရာအနှံ့ရနေခဲ့သည်သာ။ ရေပြွတ်တွေ၊ ရေခွက်လှလှလေးတွေ၊ သင်္ကြန်ပန်းကုံးလေးတွေ ရောင်းကြတာကို ဈေးတကာ နေရာတကာမှာ တွေ့နိုင်သည်။ သင်္ကြန်တစ်လလုံး မြန်မာ့ရုပ်မြင်သံကြားမှ သင်္ကြန်အကများ ထုတ်လွှင့်ပေးသည်။ ရန်ကုန်သင်္ကြန်နှင့် မန္တလေးသင်္ကြန် အပြိုင်နွှဲကြသည်။ သို့သော် သင်္ကြန်နှင့် ပါတ်သက်လျှင် မန္တလေးသည် ရန်ကုန်ထက် သာ ပါသည်။ အများအားဖြင့် ရန်ကုန်သင်္ကြန်ထက် စည်ကားသည်သာ ဖြစ်သည်။


မန္တလေးသူ မန္တလေးသားများကလည်း မန္တလေးသင်္ကြန်နှင့် ပါတ်သက်လျှင် အလွန်ဂုဏ်ယူ ဝ့ံကြွားကြသည်။ မဏ္ဍပ်တွေ အပြိုင်ဆောက်ကြသည်။ မဏ္ဍပ်တွေဆိုတာ လည်လို့မဆုံးအောင် များလှသည်။ ရပ်ကွက်များတွင် တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင်အဆိုင် စတုဒီသာကျွေးကြသည်။ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေးကတော့ တစ်အိမ်နဲ့တစ်အိမ် ဝေနေကျ သင်္ကြန်အစားအသောက်တွေ ဖြစ်သည်။ တစ်နေကုန် ကားကြီးကားငယ်တွေဖြင့် ရေပက်ခံထွက်ကြသည်။ ညနေဆိုလျှင် ရန်ကုန်၊ မန္တလေး မြို့တော်ဝန်မဏ္ဍပ်တွေမှာ အလှပြယာဉ်တွေ တန်းစီပြသ ပြိုင်ပွဲဝင်ကြသည်။ မြို့တော်ဝန်မဏ္ဍပ်မှာ ညဉ့်နက်သည်အထိ အဆိုအကတွေဖြင့် ဖျော်ဖြေကြသည်။ အမေက အိမ်မှ သစ်သားထိုင်ခုံအသေးလေး ယူလာ၍ ကျွန်တော်တို့မိသားစု ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်မှာ ညဉ့်နက်သည်အထိ ပြိုင်ပွဲဝင် အဆိုအကတွေကို ကြည့်ကြသည်။ သံချပ်တွေ ထိုးတာတွေ ကြည့်၍ ရယ်ကြသည်။ သံချပ်ဖြင့် အစိုးရ၏ လွတ်ကွက်ဟာကွက်များကို ထောက်ပြသည်။ ခါးပိုက်နှိုက်လောက်က လွဲ၍ ဘာမှသိပ်ကြောက်စရာ မလိုခဲ့သည့် အချိန်တွေ ဖြစ်ခဲ့သည်။ ကြံ့ခိုင်ရေးတွေ၊ စွမ်းအားရှင်တွေ မရှိ။ မြောက်ဥက္ကလာအဝင် တံတားဖြူအနီးမှ ညဉ့်နက်ချိန်ပြန်လာသော ကားများကိုမှ စောင့်ကာ ရေခဲရေနှင့် ဖြန်းတတ်သောသူတစ်စုကိုလည်း လွမ်းမိပါသည်။ တစ်နေကုန် လျှောက်လည်ထား၍ ပင်ပန်းကာ ကားပေါ်အိပ်ငိုက်လာသူတို့ လန့်ဖြန့်ကာနိုး၍ အသံစုံအော်ကြသည်မှာ ရယ်စရာကောင်းလှသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်ထဲတွင် ဆရာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်ရွတ်ကြသည့် အချိန်တွင် ခရာဆူးရှာရခြင်း၊ တမာရွက်၊ အုန်းရွက်များ တစ်အိမ်နှင့်တစ်အိမ် ကူးလူးတောင်းယူကြရသည်များကို မှတ်မိပါသည်။ ပရိတ်တရားပွဲပြီး၍ ညရောက်သည်နှင့် မကောင်းဆိုးဝါး နှင်သည့်အနေနှင့် သံပုံးတီးရသည့် အချိန်ကား ကျွန်တော်တို့ ကလေးများအတွက် သင်္ကြန်နောက်ဆုံးပိတ် အပျော်ဆုံးအလုပ်ပင်တည်း။

ဤကဲ့သို့ ပျော်စရာအပေါင်းနှင့် ပြည့်စုံသောမြန်မာတို့၏ အတာသင်္ကြန်သည် အာဏာရှင်စနစ် အရိုးရင့်လာပြီးသည်၏ နောက်တွင် နိုင်ငံရေးအပြောင်းအလဲတချို့နှင့်အတူ ပျော်စရာအပေါင်း ဆိတ်သုဉ်းသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သံချပ်သံတွေ တိတ်ဆိတ်နေသော သင်္ကြန်သည် အကောင်သာရှိ၍ ဝိဉာဉ်မရှိသော ဖုတ်သွင်းသင်္ကြန်သာဖြစ်သည်။ ဝေဖန်ရေးကို မနှစ်သက်သူများက မဖြစ်မနေ မကောင်းတတ်၍ ခွင့်ပြုပေးထားသော မဏ္ဍပ်တချို့သာ ကျို့တို့ကျဲတဲ ရှိသော သင်္ကြန်သည် နာမည်ခံသာဖြစ်လျက် မြန်မာပြည်သူများ ဖြတ်သန်းခဲ့ရသော မွန်းကြပ်သည့် သင်္ကြန်များသည် များပြားလှဘိတောင်း။

ပြီးခဲ့သည့် အချိန်များကို သင်္ကြန်ရှုထောင့်မှ တိုင်းတာ၍ သုံးသပ်ကြည့်ရသည်ရှိသော် ၁၉၉၃-ခုနှစ် သင်္ကြန်တွင် ထူးထူးခြားခြား ရေဘူဖောင်းဖြင့်ထုသည့် အလေ့အထတော်တော် ဆိုးဆိုးရွားရွား ဖြစ်ခဲ့သည်။ ခါတိုင်းနှစ်များတွင်လည်း ရေဘူဖောင်းပြဿနာ အထိုက်အလျောက် ရှိခဲ့ပါသည်။ သို့သော် ၎င်းနှစ်တွင် ထူးထူးခြားခြားဟု ဆိုရလောက်အောင် များပြားခဲ့သည်။ ရေဘူဖောင်းမှန်၍ မျက်စိကန်းသူ၊ နားပင်းသွားသူတွေ အတော်များခဲ့သည့်နှစ် ဖြစ်သည်။

 အကြောင်းမှာ ရေဘူဖောင်းထဲ ရေခဲတုံးထည့်ထုခြင်း၊ ဘူဖောင်းဝယ်မရလျှင် ပလတ်စတစ်အိတ်ထဲ ရေထည့်၍ ထုခြင်းများကြောင့် သင်္ကြန်သည် အရုပ်ဆိုးအကျည်းတန်ခဲ့ရသည်။ တွေ့ကရာ မြောင်းရေများဖြင့် ပက်ကြခြင်းကြောင့် အနာရောဂါဖြစ်သူများလည်း ရှိခဲ့ကြသည်။ သတိပြုမိသည့် အချက်မှာ ဤနှစ်အနည်းငယ်အတွင်း လူတွေ၏ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးသွားကြသည့် ကိစ္စဖြစ်ပါသည်။ ဆက်စပ်၍ တွေးကြည့်လျှင် တွေးစရာတွေ အများကြီး ရှိပါသည်။ နောက်ပိုင်း နောက်ပိုင်းများတွင် ကျွန်တော်တို့ မြန်မာတွေ၏ ကိုယ်ချင်းစာတရားမဲ့မှုတွေကို အံ့သြစရာအဖြစ် များစွာတွေ့ခဲ့ရပါသည်။ ယဉ်ကျေးပါသည်၊ ကြင်နာတတ်ပါသည်ဆိုသော ဗုဒ္ဓဘာသာ မြန်မာတွေ မျိုးဆက်နှင့်ချီ၍ ဗြဟ္မစိုရ်တရားတွေ ဆင်းရဲလာသည်နှင့်အမျှ စာရိတ္တတွေပါ ချွတ်ချုံကျလာကြတာ ငြင်းနိုင်စရာ မရှိသောသမိုင်းများ ဖြစ်သည်။ 

ဆင်းရဲခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းသည် တိုက်ရိုက်ပတ်သက်သည်ဟု ကျွန်တော်ယုံကြည်သည်။ ဆင်းရဲသားအများကို သိမ်းကြုံးစော်ကားလိုခြင်း မဟုတ်သလို ချမ်းသာသူများကို ကိုယ်ကျင့်တရားကောင်းသူများဟု လှေနံဓါးထစ် ကောက်ချက်မဆွဲစေလိုပါ။ ယေဘူယျအားဖြင့် စား၊ ဝတ်၊ နေရေး ဟူသော တကယ့်လက်တွေ့ တို့တာဝန်အရေး ၃ ပါးတွင် စားဖို့ပင် အနိုင်နိုင်ဖြစ်နေရသူအဖို့ အသိအလိမ္မာရရာ ရကြောင်းတည်းဟူသော စာဖတ်ခြင်း၊ လေ့လာဆွေးနွေးခြင်းအတွက် အဘယ်မှာလျှင် အချိန်ပေးနိုင်အံ့နည်း။ ဗဟုသုတ ဟူသည် စားစရာလော....၊ ပညာရှာပြီး ဘယ်မှာ ပေါင်လို့ရမည်နည်းဟု မေးလိမ့်မည်။ နောက်ဆုံး ကိုယ့်အိမ်မှာ မရှိသော ဆိုဖာဆိုသည့်ဟာကြီးကို ကားပေါ်မှာ တွေ့သည့်အခါ အထဲမှာ ဘာရှိသနည်းဟု သိချင်သဖြင့်သော်လည်းကောင်း၊ အသည်းယား၍သော်လည်းကောင်း လက်သည်းနဲ့ ထိုး၊ ဓါးဖြင့် လှီးတာ ဘာဆန်းသနည်း။ မွန်းကြပ်နေသူအဖို့ ဆိုဖါကို ဓါးနဲ့လှီးခြင်းသည် သူ့အတွက် ငွေကုန်ကြေးကျ မများသော စိတ်ထွက်ပေါက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ ကျွန်တော်တို့ပင် ထုတ်ပိုးရာတွင်သုံးသော လေဘူဖောင်းလေးများကို တစ်ဖေါက်ဖေါက် ဖေါက်ရခြင်းကို အရသာတွေ့တတ်သေးရာ စိတ်ထွက်ပေါက် အမျိုးမျိုးရှိနိုင်ခြင်းကို နားလည်ပေးနိုင်ပါသည်။ ဘဝကို မကျေမနပ် အမြဲဖြစ်နေသူအနေနှင့် ဖျက်လိုဖျက်ဆီးစိတ္တဇက အမြဲရှိနေနိုင်ပါသည်။ ဤသို့သောသူများကို ပိုက်ဆံပေးမည်၊ ထမင်းကျွေးမည်၊ လူတွေကို တုတ်ကလေးနဲ့ ရိုက်သတ်ပေးရုံပဲ၊ ရာဇဝတ်မှုအတွက် ဘာမှမဖြစ်နိုင်ဟု အာမခံလိုက်သောအခါ တစ်ခါမှ မကြားဘူးသော သမိုင်းတွေကို မြင်ရဖတ်ရပါတော့သည်။ ဤအကြောင်းတရား တစ်ခုတည်းကြောင့် မဟုတ်သော်ငြား သမိုင်းရိုင်းများ၏ အကြောင်းရင်းထဲတွင် ဆင်းရဲခြင်းသည် အကြောင်းတစ်ခု မဖြစ်နိုင်ဟု ဆိုနိုင်ပါမည်လား။ ဆင်းရဲခြင်း ဘယ်ကလာဟု ဆင့်ကာဆင့်ကာ ဆက်စဉ်းစားလျှင် မိုး ဘာလို့ရွာ၊ ဖါးအော်လို့ရွာ၊ ဖါးဘာလို့အော်၊ မြွေကိုက်လို့အော် ဆိုတာမျိုးတွေ ဖြစ်ကာ မျှော်လင့်ခြင်းခရီးသည်၏ မူလလမ်းကြောင်းမှ သွေဖီသွားတော့မည်ဖြစ်၍ အကျယ်မပြောလိုတော့။

မြင်ရသလောက်တော့ တဖြည်းဖြည်းနှင့် သင်္ကြန်သည် ဘီယာ၊ အရက်ပွဲတော်ကြီး ဖြစ်မှန်းမသိဖြစ်လာရုံမက ဘေးက ပေါက်ဖေါ်ကြီးရဲ့ အရည်အသွေးမမီသော ပစ္စည်းတွေ အစွံထုတ်ရာ ပွဲတော်ကြီးဖြစ်လာသည်။ ကိုယ်ကျင့်တရားအကြောင်းပြောလျှင် နားခါးလာသော မျိုးဆက်တစ်ခုသည် မူးယစ်လာသောအခါ လူမှုရေးဖေါက်ပြန်မှုတွေကိုပါ အဖော်ခေါ်လာတော့သည်။

 တစ်ဘက်စောင်းနင်း ထိန်းချုပ်မှုများ၏အောက်တွင် လွတ်လပ်မှု၏ သရုပ်သကန်ဖြစ်သော သံချပ်ဆိုတာလည်း မရှိနိုင်တော့။ အမှန်တရားတွေ၊ သစ္စာတရားတွေ ပျောက်ကွယ်စ ပြုလာသည်။ အမှားတွေကြာလျှင် အမှန်လို ဖြစ်လာစမြဲမို့ အမှန်တရားတွေ ခေါင်းငုံ့သွားခဲ့တာ နှစ်ပေါင်း ၂၀ ကျော်သွားခဲ့ပါသည်။ အစပျိုးနှစ် ၂၆ နှစ်ကို နှုတ်၍ ပြောခြင်း ဖြစ်ပါသည်။

လူတွေလည်း ရိုင်းသထက်ရိုင်းလာတာ သိသာလွန်းလှသည်။ နှမသားချင်း မစာမနာကိစ္စတွေ များလာသည်။ သို့သော် တရားသည် ဒီအတိုင်းတော့ ပစ်မထားပါ။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ အဖိုးအဖွားတွေ လက်ထက်က တစ်ခါမှ မကြားဘူးသော ဖြစ်ရပ်တွေအဖြစ် ပညာတတ် လူငယ်တွေထဲမှ ဓမ္မသူရဲကောင်း ဆရာတော်တွေ အမြောက်အများ ပေါ်ထွက်လာသည်။ တရားစစ် တရားမှန်တွေကို မူရင်းမပျောက်စေပဲ လူငယ်တွေ နားဝင်အောင်၊ လူကြီးတွေ လက်ခံအောင် ဟောကြပြောကြသည်။ ကျွန်တော်တို့ ငယ်ငယ်က လူကြီးတွေနှင့်သာ သက်ဆိုင်သလို နေခဲ့သော တရားပွဲတွေမှာ လူငယ်တွေ နေရာယူလာကြသည်။ စတိတ်ရှိုးပွဲများပင် တရားပွဲလောက် လူမများသည့်ခေတ်ကို ရောက်လာတာကို မျက်စိအောက်တွင် မြင်နေရသည်။ ဓမ္မ နှင့် အဓမ္မ အပြိုင်ဖြစ်လာသည့် ခေတ်ကို ပြန်လည်ရောက်လာခဲ့သည်။ အဓမ္မအားကြီးသဖြင့် ခေါင်းငုံနေခဲ့ရသော ဓမ္မသည် ခေါင်းပြန်ထောင်၍ မတ်မတ်ပြန်ရပ်နိုင်လာခဲ့သည်။    

ယခုနှစ် ၂၀၁၂ သင်္ကြန်ကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း သင်္ကြန်အငွေ့အသက် အစစ်အမှန်တွေ ပြန်ရလာသော တစ်မူထူးသည့် သင်္ကြန် သို့မဟုတ် ပုံမှန်ပြန်ဖြစ်လာသော သင်္ကြန်ဖြစ်ပါသည်။ အသက်ငွေ့ငွေ့သာကျန်သော သံချပ်တွေ ပြန်လည်ရှင်သန်လာသည်။ အမှန်တရားတွေ အတန်အသင့် နလန်ထလာသည်။ မျော်လင့်ချက်တို့ ပြန်လည်ရှင်သန်လာသည်ဟု ဆိုနိုင်သည်။ ဤအပြောင်းအလဲများသည် အချိန်မရွေး နောက်ကြောင်းပြန်သွားနိုင်မှန်း သိကြပါသည်။ 

သို့သော် မည်သို့ပင်ဖြစ်စေ.....

 မျှော်လင့်ချက်ငတ်မွတ်နေတာ ကြာခဲ့ပြီဖြစ်သော ကျွန်တော်တို့အတွက် တစ်ထိတ်ထိတ်နှင့် မရဲတရဲ မျှော်လင့်ရသည်ဖြစ်စေ…. လတ်တလော သက်သာရာ ရစေသော မျှော်လင့်ခြင်းလေးတွေကို ဆုတ်ကိုင် ယစ်မူးခွင့်ရှိသင့်ပါသည်။ 

မည်သို့ပင်ဖြစ်စေ….

၂၀၁၂ သင်္ကြန်သည် လွန်ခဲ့သော နှစ်များနှင့်မတူ၊ ငြိမ်သက်နေခဲ့သော သင်္ကြန်ခံစားမှုတို့ ပြန်လည်နိုးကြားလာစေတာတော့ အမှန်ပါ။ နှစ်ပေါင်း ၂၀ ကျော် မြန်မာပြည် သင်္ကြန်ကို သိပ်ပြင်းပြင်းထန်ထန် မလွမ်းခဲ့မိသော ကျွန်တော် ဒီနှစ် သင်္ကြန်တော့ တကယ်လွမ်းပါသည်။ အားလုံးပေါင်း ၁၀ စုနှစ် ၅ ခု စည်းပျက်ကမ်းပျက် ဖြစ်ကတတ်ဆန်း လမ်းမှားပေါ်တွင် ခုတ်မောင်းလာသော ရထားတွဲကြီး ရုတ်တရက် ရပ်တန့်ဖို့ မဖြစ်နိုင်မှန်း ကျွန်တော်သိပါသည်။ သို့သော် အရှိန်လေးနည်းနည်းလျော့ပြီး လမ်းမှန်ပေါ်သို့ ပြန်သွားမည်ဆိုလျှင် ဝမ်းသာလှပါပြီ။ သင်္ကြန်ရေနှင့် အတူ အဆိုးတွေ၊ ညစ်ပတ်နေသောစိတ်တွေ မျောပါသွားပါစေသတည်းဟု ဆုတောင်းမိပါသည်။ မလွယ်မှန်းသိသော်လည်း ကြိုးစားကြရပါလိမ့်မည်။


သင်္ကြန်သည်……
လူငယ်များအတွက် ပုံမှန်အချိန်ထက် လွတ်လပ်ပါသည်။ ထို့ကြောင့်ပင် မွန်းကြပ်နေသော ကျွန်တော်တို့ မျှော်ကြသည်။

သင်္ကြန်သည်....
အသက်ကြီးသူတို့ကို ပြန်လည်နုပျိုစေသည်။

သင်္ကြန်သည်....
သေပြီးသူကို ပြန်ရှင်စေသည်။ သင်္ကြန်ကိုချစ်သော ဇော်ဝမ်းကြီးကို သင်္ကြန်အချိန်ရောက်လေတိုင်း ပြန်လည်ရှင်သန်စေသည်။

သင်္ကြန်သည်...
ပျော်ရွှင်စရာတို့ကို သယ်ဆောင်လာသည်။

သင်္ကြန်သည်...
ကားဘော်ဒီရုံများကို အလုပ်အကိုင်ကောင်းများ ပေးပါသည်။

သင်္ကြန်ရေနှင့် ထိတွေ့ဖို့ ကျွန်တော်တို့အားလုံး ရင်ခုန်စွာနှင့် စောင့်မျှော်နေကြပါသည်။ တစ်နှစ်တာ ဘဝအမောတွေကို သင်္ကြန်ရေနှင့် မျောပစ်ရမည်။

မြန်မာပြည်မှ သင်္ကြန်က လွန်ရောကျွံရော ကျလှ ၄ ရက်မှ ၅ ရက် သာဖြစ်မည်။ ကျွန်တော်တို့ စင်္ကာပူရောက် မြန်မာများကတော့ April တစ်လလုံး တနင်္ဂနွေနေ့တိုင်း သင်္ကြန်ကျပါသည်။

ကျွန်တော်တို့က သင်္ကြန်ကို အဆင်ပြေသလိုကျတော့ တစ်နှစ်တွင်တစ်လပေပ၊ တစ်လတွင် တစ်ရက်တည်း ဆိုသည့် မာနကြီးသည့် ပင်မြင့်စံ ပိတောက်ကလည်း အဆင်ပြေသလို ပွင့်တာမဆန်း။ ရာသီဥတုတွေ ဖေါက်ပြန်တော့ သစ္စာရှိသော ပိတောက်သည်လည်း ပွင့်ချင်သလို ပွင့်သည်ပေါ့။

ငုဝါတွေကတော့ ပိတောက်လို ကပ်စေးမနဲဘဲ ဖေါဖေါသီသီ ပွင့်သည်။ ကျွန်တော်ကတော့ မာနကြီးသော ပိတောက်ထက် ဘယ်သူမှ တန်ဖိုးမထား ဂရုမစိုက်သော်လည်း တစ်ပင်လုံး ဝါထိန်နေအောင်ပွင့်သော ငုဝါကို ပို၍ သဘောကျပါသည်။

ဘယ်သူမှ သတိမပြု၊ အလေးမထားလည်း ကျွန်တော်တို့ တာဝန်ကျေဖို့ လိုပါသည်…….

(သရုပ်ဖော်ပုံများကို Google မှ ယူပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...