Wednesday, April 18, 2012

သံသရာစမ်းရေ (အပိုင်း ၇)

ကမ္ဘာမခြား မ နဲ့ ကျား

သံသရာစမ်းရေကို ဆက်မရေးဖြစ်ဘဲ ချော်တောငေါ့သွားလိုက်တာ တော်တော်ကြာသွားပါပြီ။ သံသရာစမ်းရေရဲ့ ရည်ရွယ်ချက်က ကျွန်တော့်သမီးနဲ့ ပတ်သက်ပြီး ရေးတာပေမဲ့ တကယ်တော့ သားပဲမွေးမွေး သမီးပဲမွေးမွေး တွေးသင့်တယ်၊ စဉ်းစားသင့်တယ်လို့ ထင်ရတာလေးတွေကို စဉ်းစားမိသလောက် လက်လှမ်းမီသလောက် ရေးတာပါ။ တွေးမိသလို ရေးကြည့်တာပါပဲ။ အခုနေ တွေးတဲ့ အတွေးတွေကို မေ့မသွားအောင် တို့ထိမှတ်သားထားတဲ့ သဘောလည်း ပါ ပါတယ်။ အတွေး ဒိုင်ယာယီလေးတစ်ခုပေါ့။

ယောကျင်္ားလေး၊ မိန်းကလေး ကွဲပြားမှုကြောင့် အတွေးအခေါ် အနေအထိုင် သင်ကြားပေးရတဲ့အခါ ကွဲပြားမှုတချို့ ရှိတာလောက်ကလွဲရင် အများကြီးကွာလှတယ်လို့ ကျွန်တော်မထင်ပါ။ သားပဲမွေးမွေး၊ သမီးပဲမွေးမွေး စဉ်းစားဉာဏ်ရှိအောင်၊ လူကောင်းတစ်ယောက် ဖြစ်အောင် မွေးရတာချင်း အတူတူပါပဲ။ ဒီခေတ်က သမီးမွေးတဲ့ မိဘတွေသာ ပူပန်ရတဲ့ခေတ်မဟုတ်ပါ။ သားမွေးထားလည်း ကြောက်ရတာပါပဲ။
အရင်တုန်းကတော့ ယောကျင်္ားလေးပဲ… ထောင်အပြင် တန်းမရှိဘူးလို့ ပြောကြပါတယ်…..။ သူတို့ပြောတဲ့ တန်းဆိုတာ ပြည့်တန်ဆာတန်းကို ဆိုလိုတာပါခင်ဗျ။ ယောကျင်္ားလေးဆိုတာ လွန်ရောကျွံရော ထောင်ကျရုံပေါ့၊ ပြည့်တန်ဆာတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အဲဒီစကားကို ခုထိ ကိုးကားနေသူတွေ ခုခေတ်မှာ အဲဒါမှန်သေးရဲ့လားလို့ မေးပါရစေ။ အရင်တုန်းက ယောကျင်္ားလေးနဲ့ မိန်းကလေး ယှဉ်ရင် မိန်းကလေးက နစ်နာတယ်ပေါ့။ နာမည်ပျက်တာ၊ ကိုယ်ဝန်ရှိနိုင်တာ… စသဖြင့်ပေါ့။ ပတ်ဝန်းကျင်ကလည်း ယောကျင်္ားလေး မယားငယ်ယူတာနဲ့ မိန်းကလေး လင်ငယ်နေတာပေါ်မှာ သဘောထားချင်းမှ မတူတာ။ မဟုတ်တာလုပ်ဖို့ ယောကျင်္ားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေတာကိုး။


အခုတော့….. ယောကျင်္ားလေးချင်း လက်ထပ်ကြတဲ့ ခေတ်ကြီးမှာ၊ Gay အခွင့်အရေးဆိုပြီး အော်နေကြတဲ့ ခေတ်ကြီးမှာ၊ ယောကျင်္ားပြည့်တန်ဆာဆိုတာ မထူးဆန်းတော့တဲ့ ခေတ်ကြီးမှာ၊ ကိုယ်ဝန်ဆိုတာ ဆေးတွေဝါးတွေနဲ့ တားဆီးလို့ ရနေတဲ့ခေတ်ကြီးမှာ၊ အပျိုစင်ဘဝကို အတုဖန်တီးလို့ ရနေတဲ့ ခေတ်ကြီးမှာ၊…….. အရင်တုန်းက ဟောင်းနွမ်းနေတဲ့ စကားလုံးတွေ အယူအဆတွေကို စဉ်းစဉ်းစားစား ပြောကြရင် ကောင်းမယ်ထင်တာပါပဲ။ အရင်တုန်းက မုဒိန်းမှုဆိုတာ ယောကျင်္ားလေးက မိန်းကလေးကို အနိုင်ကျင့်တဲ့အမှုလို့ပဲ နားလည်ထားပါတယ်။ အခုတော့ ယောကျင်္ားအချင်းချင်းရော၊ မိန်းမ အချင်းချင်းရော၊ ယောကျင်္ားလေးက မိန်းကလေးကို၊ မိန်းကလေးက ယောကျင်္ားလေးကို…… အို…. ပတ်လည်ကို ရှုပ်နေတာခင်ဗျ။ ကဲ…. မွေးထားတာ ယောကျင်္ားလေးဆိုပြီး စိတ်ချလက်ချ နေလို့ဖြစ်ပါသေးသလား။ အစမှာ ပြောခဲ့တဲ့ ထောင် ဆိုတာရော…..၊ ထောင်ကျရင် ထောင်ပဲကျတာလား…. ဘာတွေဖြစ်သေးလဲ… ဖတ်ကြည့် မေးကြည့်ကြပါဦး။ မိန်းကလေး မုဒိန်းကျင့် ခံရတာနဲ့ ယောကျင်္ားချင်း မုဒိန်းကျင့်ခံရတာ ဘယ်ဟာပိုဆိုးလည်းဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါရဲ့။ ဒါတွေအားလုံးကို အဆင်ပြေပြေကာကွယ် တားဆီးနိုင်ဖို့ဆိုတာ ကိုယ်ကျင့်တရားကောင်းအောင် သင်ကြားဖို့ လိုပါသဗျာ။ 

လူမျိုးနဲ့ ဘာသာ


မိန်းကလေးမွေးထားမိတဲ့ မိဘတစ်ယောက်အနေနဲ့ ပြောရရင် သတိထားစရာတစ်ခုကို ပြောချင်ပါတယ်။ ကစ်ဆင်းဂျားကို မော်စီတုန်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တရုတ်ပြည်မှာ မိန်းကလေးတွေ အရမ်းပေါလို့ အမေရိကန်ကို တင်သွင်းချင်ပါတယ် ဆိုပဲ။ ကစ်ဆင်းဂျားကတော့ ထူးခြားတဲ့ကမ်းလှမ်းမှုတစ်ခု အနေနဲ့ မှတ်ထားလိုက်ပါ့မယ်လို့ပဲ ပြန်ပြောခဲ့သတဲ့။ အခုတော့ အဲဒီမိန်းကလေးတွေ ပေါလှပါချီရဲ့ဆိုတဲ့ တရုတ်ပြည်ကြီးလည်း ယောကျင်္ားလေးနဲ့ မိန်းကလေးကွာဟချက်က ၂း၁ ဖြစ်နေပြီလို့ ဆိုပါတယ်။ ယောကျင်္ားလေး ၂ ယောက်မှာ မိန်းကလေး တစ်ယောက်နှုန်းပေါ့ဗျာ။ အဓိက ကတော့ တရုတ်ပြည်ရဲ့ တစ်အိမ်ထောင်တစ်ယောက် လူဦးရေထိန်းချုပ်ရေး ပေါ်လစီကြောင့်ပါ။ လူဦးရေ အဆမတန်များတဲ့ တရုတ်ပြည်မှာ အဲဒီလိုမှ မထိန်းရင်လည်း လူဦးရေ ပေါက်ကွဲမှုကြောင့် ဒုက္ခဖြစ်စရာတွေ အများကြီးရှိတာကိုး။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ယောကျင်္ားလေးကိုသာ တန်ဖိုးထားတဲ့ ဓလေ့ထုံးစံကြောင့် မိန်းကလေးဆိုရင် မမွေးတော့ဘဲ သတ်ပစ်ကြတာတွေ များလေတော့ အခုလို ကျား မ အချိုးမညီတဲ့ ပြဿနာတွေ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ ရှင်းပါတယ်။ လူပျိုကြီးတွေ များလာမှာပေါ့။ အဲဒီများလာတဲ့ လူပျိုကြီးတွေအတွက် ဖြေရှင်းစရာ နည်းလမ်းကလည်း ကိုယ်ကျိုးစီးပွားလောက်ပဲ ကြည့်တတ်တဲ့ တရုတ်ပြည်အတွက် သိပ်မခက်ပါဘူး။ အနားမှာ ဆင်းရဲနေတဲ့ တိုင်းပြည်လေးတွေ ရှိပေတာပဲ။ သတို့သမီး ဝယ်ပေးလိုက်ရုံပေါ့။ ဝ တို့မှာ ပိုက်ဆံရှိတယ်လေ။ 

တစ်ခါ ရခိုင်ဘက်ကို ကြည့်ပြန်တော့ ဘင်္ဂလားတွေပြဿနာက တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ရာ ဘာသာတရားတွေထဲမှာ သူတို့ဘာသာကလည်း ထူးထူးခြားခြားလို့ ပြောရလောက်အောင် တစ်မျိုးဗျ။ သူတို့ ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ပုံက ကျန်တဲ့ ဘာသာတရားတွေအတွက် တော်တော်အနှောက်အယှက် ဖြစ်လောက်တယ်လို့ ပြောရမယ်ထင်တယ်။ လူမျိုးတိုင်းမှာ မျိုးချစ်စိတ်ဓါတ်နဲ့ ဇာတိမာန်ဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးမှ မြတ်တယ်၊ ကျန်တဲ့လူမျိုးတွေက မမြတ်ဘူး ဆိုရင်တော့ အစွန်းရောက် အမျိုးသားရေးဝါဒမျိုး ဖြစ်လာပါပြီ။
ထိုနည်းတူစွာပဲ…. ကိုယ်ကိုးကွယ်ရာ ဘာသာတရားပေါ်မှာ လွတ်လပ်စွာ ကိုင်းရှိုင်းနိုင်ကြပါတယ်။ ဒါပေမဲ့ အတင်းအကြပ် ဇွတ်တရွတ်ကြီး အတင်းယုံခိုင်းတာမျိုး၊ ဝေဖန်ခွင့်မရှိ ပြောဆိုခွင့်မရှိ၊ ကိုယ့်ဘာသာက လွဲရင် ကျန်တာအားလုံး မိစ္ဆာဒိဌိဆိုတာမျိုးကျတော့ ဘယ်လိုကြီးမှန်းကို မသိပါဘူး။ ပိုဆိုးတာက သူတို့ဘာသာဝင်နဲ့ လက်ထပ်ရင် သူတို့ဘာသာထဲ ဝင်ကို ဝင်ရမယ်ဆိုတာကြီးက ဒီဘာသာကို ကျန်တဲ့ဘာသာဝင်တွေက ရန်သူလို မြင်လာစေပါတယ်။ တရားဟောဆရာတွေကပဲ အစွန်းရောက်တာလား…. ဘာသာရေးအဆုံးအမကိုကပဲ တစ်ခုခုမှားယွင်းနေတာလား…. ဘာသာဝင်တွေဆိုတာကတော့ တရားဟောတဲ့ လူဆိုရင် လေးစားတာပဲလေ။ ဘာပဲဖြစ်ဖြစ် လေးစားရင် လိုက်နာတာပဲ မဟုတ်လား။ ဘာလဲတော့ သေသေချာချာ မသိပါ။ 

ဗုဒ္ဓဘာသာမှာတော့ တရား ဆိုတာ တရားဂုဏ်တော် ၉ ပါးနဲ့ ပြည့်စုံလို့သာ တရားလို့ ခေါ်တာကိုး။ တရားဆိုတဲ့အတိုင်း မတရားတာ တစ်ခုမှ မပါ ပါဘူး။ သူများကို အတင်းစည်းရုံးရမယ်လို့လည်း မပါ ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေက သူများကို တိုက်ခိုက်တယ်ဆိုတာ ဗုဒ္ဓဘာသာအကြောင်း ထဲထဲဝင်ဝင် လေ့လာမှု မရှိတာရယ်၊ နိုင်ငံရေး ပယောဂတွေ စနက်တွေကြောင့်ရယ်သာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်လို့ စာရွက်ပေါ်မှာရေးထား၊ မှတ်ပုံတင်မှာ ရေးထား၊ ရင်ဘတ်မှာ စာဆွဲထားတိုင်း ဗုဒ္ဓဘာသာဖြစ်ချင်မှ ဖြစ်မှာပေါ့ဗျာ။ ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာလို့ကတော့ ဘာပြဿနာမှ ဖြစ်စရာမရှိပါဘူး။ ဗုဒ္ဓဘာသာ နာမည်ခံပြီး ဘုန်းကြီးတွေခေါင်း ရိုက်ခွဲနေရင် ဘယ်လိုလုပ်ပြီး ဗုဒ္ဓဘာသာလို့ နာမည်တပ်ရမလဲဗျာ။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာမှ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်မှာပါ။ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုလည်း မေတ္တာတရားသာ ရှေ့ထားတာမို့ ဘယ်ဘာသာဝင်နဲ့မှ ရန်ဖြစ်ဖို့ မရှိပါ။ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်ရာမရှိပါဆိုတာ အတင်းအကြပ် အကြောင်းအကျိုးမခိုင်လုံဘဲ ကိုးကွယ်ဖို့ မဟုတ်ပါ။ တန်ခိုးရှင်၊ ကယ်တင်ရှင်မို့လို့ လည်း မဟုတ်ပါ။ အားလုံး အကြောင်းနဲ့ အကျိုးဆက်စပ်ပြီး နားလည်ဖို့ အားထုတ်ရပါတယ်။ ဒီနေရာမှာ ဘုရားဟောတွေကို ဟိုတစ်ကွက် ဒီတစ်ကွက် ထုတ်နှုတ်ပြီး မပြောချင်ပါ။

 ဘာသာရေးလို နက်နဲကျယ်ဝန်းပြီး သိမ်မွေ့တဲ့ ကိစ္စတွေမှာ အဲဒီလို ဟိုတစ်ကွက် ဒီတစ်ကွက် ထုတ်နှုတ်တာဟာ တော်တော် အန္တရာယ်များပါတယ်။ ထုတ်နှုတ်တဲ့လူရဲ့ ဉာဏ်အတိမ်အနက်ပေါ် မူတည်ပြီး ထွက်လာတဲ့ အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်ပါတယ်။ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ လေ့လာခြင်းကသာ ထိုက်သင့်တဲ့ အကျိုးကျေးဇူးကို ရနိုင်မှာပါ။ လိုချင်သလို ဆွဲထုတ်ပြီး သုံးသပ်ချက်တွေထုတ်၊ ဝေဖန်ချက်တွေပေး၊ ရေးချင်ရာတွေ ရေးကြတာဟာ အပြည့်အစုံမလေ့လာရသေးတဲ့သူတွေ၊ လေ့လာရမှာ ပျင်းသူတွေကို လမ်းမှားကို ပို့စေပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာကို ပုတ်ခတ်ချင်တဲ့လူအတွက် ဘာကြောင့်ဆိုတာကို မလေ့လာ မဆင်ခြင်ဘဲ ဘုမသိ ဘ မသိနဲ့ ရုပ်ထုကို ကိုးကွယ်တယ်တို့…၊ အုတ်ပုံကို ကိုးကွယ်တယ်တို့ လျှောက်ပြောတာမျိုးပါ။ စ ကတည်းက မလိုမုန်းထားစိတ်နဲ့ လေ့လာတာဖြစ်တဲ့အတွက် အမှန်ကို မြင်မှာလည်း မဟုတ်ပါဘူး။ အဲဒီလိုမျိုး စကားအနိုင်ရဖို့၊ သူတစ်ပါးရဲ့ ယုံကြည်မှုကို နှိမ့်ချထိုးနှက်ချင်တဲ့ စိတ်တွေနဲ့ လေ့လာတာ၊ ပြောတာ ဆိုတာတွေဟာ ယဉ်ကျေးသူတွေရဲ့ အလုပ်မဟုတ်ပါဘူး။
 ဒါကြောင့် ထုတ်နှုတ်ကိုးကားတယ်ဆိုရင်လည်း သေသေချာချာလေး စဉ်းစားပြီးမှ ရေးတာပြောတာ ကောင်းပါတယ်။ ကိုယ်ရေးလိုက်လို့ ကိုယ်ပြောလိုက်လို့ တစ်ဘက်သူမှာ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ သိချင် လေ့လာချင်စိတ်ပေါက်သွားတယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ။

ကိုယ့်အယူအဆ၊ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကို ပြန့်ပွားအောင်လုပ်တယ်ဆိုတာ ကိုယ်မှန်တယ်ထင်တဲ့ ဒါမှမဟုတ် မှန်တယ်လို့ သေသေချာချာသိတဲ့ အမှန်တရားတစ်ခုကို ကိုယ်ကဲ့သို့ သိစေချင်တဲ့ စေတနာဆန္ဒနဲ့ ဝေမျှဆွေးနွေးတာပဲ ဖြစ်သင့်ပါတယ်။ အတင်းအကြပ် ခြိမ်းခြောက်ပြီး ကိုးကွယ်ခိုင်း၊ အတင်းပြောင်းခိုင်းတာဟာ မတရားမှု၊ အနိုင်ကျင့်မှုပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ သူတို့က ဆိုပါသေးတယ်။ တော်တော်ဂွကျတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘာသာပြောင်း ကိုးကွယ်ချင်ရင် မတားပါဘူး။ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ သူတို့ တိုင်းပြည်တွေမှာလို ဘာသာပြောင်းရင် သေဒါဏ်ဆိုတာမျိုး မရှိပါဘူး။ ကျောက်တုံးနဲ့ ထုသတ်တာ မရှိပါဘူး။ ဘယ်လိုလူတွေရဲ့ ဘယ်လိုလောဂျစ်မျိုးနဲ့မဆို ဒါတွေဟာ လူ့အသိုင်းအဝန်းမှာ ဘယ်လိုမှ မရှိသင့်တော့တဲ့ ကိစ္စတွေပါ။ အဲဒါတွေဟာ ဘာသာတရားတစ်ခုရဲ့ အဆုံးအမစစ်စစ် တကယ်ဖြစ်နေတာဆိုရင် နားလည်ပေးနိုင်ဖို့ တော်တော်ခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပေါ်ယံကြောနည်းနည်းလောက်ပဲ သိတာမို့ တကယ်ပဲ ဒါတွေဟာ သူတို့ဘာသာတရားမှာ ရှိနေသလား မသိရိုး အမှန်ပါ။
တကယ်တော့ တရား သို့မဟုတ် ဓမ္မဆိုတာ ဘုရားကဟောလို့ မှန်တာမဟုတ်ပါ။ မှန်နေတာတွေကို ဘုရားက ဟောတာပါ။ သာမာန်လူတွေရဲ့ ဉာဏ်နဲ့ မမှီလို့ မမြင်နိုင်တဲ့ အမှန်တရားတွေကို ဘုရားကဟောပြတာပါပဲ။

ယုံကြည်မှုဆိုတာ အတင်းလုပ်လို့ မရပါ။ ယုံလောက်တဲ့ အကြောင်းရှိတယ်လို့ ထင်ရင် ယုံမှာပါပဲ။ အဲဒီမှာမှ လေ့လာအားနဲ့ ဗီဇ၊ ဉာဏ်ရည်တွေပေါ် မူတည်ပြီး လေးနက်တဲ့ အတိုင်းအတာ ကွဲပြားဦးမှာပါ။ ငါ့ကို ယုံရမယ်၊ မယုံရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဒုက္ခပေးမယ် ဆိုတာမျိုးကတော့ သိပ်မစဉ်းစားတတ်သေးတဲ့ ကလေးတွေရယ်၊ ကလေးဦးနှောက်နဲ့ လူကြီးတွေရယ်ကိုပဲ လုပ်လို့ရမှာပါ။ ဒါဟာ ဘာသာရေးမှ မဟုတ်ပါဘူး၊ နိုင်ငံရေး လူမှုရေး စီးပွားရေး နယ်ပယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ ယုံကြည်မှုဆိုတာ သားအမိချင်းတောင် အလွယ်တကူ မပေးပါဘူး။

ဒါပေမဲ့ ဆင်းရဲမွဲတေမှုရောဂါရနေသူတွေအတွက် ပညာ၊ ဗဟုသုတ၊ ဘာသာရေး ဆိုတာတွေဟာ စားဝတ်နေရေးရဲ့ နောက်မှာ မှေးမှိန်နေမှာ အမှန်ပါ။ ဘာသာရေးအသိတွေ၊ ပညာ ဗဟုသုတတွေ လေ့လာဖို့၊ စာဖတ်ဖို့အတွက် အချိန်လည်းရှိမှာ မဟုတ်သလို စဉ်းစားတွေးခေါ်တတ်ဖို့ ဆိုတာလည်း တော်တော်ခဲယဉ်းမှာ မလွဲပါဘူး။ အဲဒီက မွေးလာတဲ့ မျိုးဆက်ကလည်း ပညာအသိ ဆင်းရဲမှာ အသေအချာပေါ့ခင်ဗျာ။ ဒီလိုနည်းနဲ့ အသိပညာ ကိုယ်ခံအားမကောင်းတဲ့ ကျွန်တော်တို့နိုင်ငံက မျိုးဆက်သစ် အမျိုးကောင်းသမီးလေးတွေအတွက် လူကုန်ကူးတဲ့ ကိစ္စကြီးပေါ်လာပါရော။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ လူမှုရေး နယ်ချဲ့မှုတွေ၊ ဘာသာရေး နယ်ချဲ့မှုတွေ များလာပါရောဗျ။ တရုတ်ကတစ်မျိုး၊ ကုလားကတစ်ဖုံ ရန်သူတွေ ပတ်လည်ဝိုင်းလာပါတော့တယ်။ လက်နက်တွေနဲ့ ပစ်တာခတ်တာနယ်ချဲ့တာထက် အဲဒီလို အနုနည်းနဲ့ နယ်ချဲ့တာတွေ များသထက်များလာတဲ့ ခေတ်ကြီးပါ။ ကြောက်စရာ တော်တော်ကောင်းပါတယ်။

အမျိုးဂုဏ်စောင့်ထိန်းတယ်တို့ မျိုးချစ်စိတ်ဓါတ်ဆိုတာတို့ကိုလည်း ကလေးအသိနဲ့ လှေနံဓါးထစ် လျှောက်ပြောနေလို့ ရတဲ့ခေတ် မဟုတ်တော့ပါ။ ကိုယ့်အမျိုး ကိုယ်ပြန်ယူနေတာကို အမျိုးဂုဏ် စောင့်ထိန်းတယ် ခေါ်ပါသလား။ မျိုးချစ်စိတ်ဓါတ်ဆိုတာ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့ လူမျိုးကြီးစိတ်ဓါတ်ကို ဆိုလိုပါသလား။ ယဉ်ကျေးတယ်ဆိုတာ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ဖြစ်နေတာကို ဆိုလိုပါသလား။ လိမ်မာတယ်ဆိုတာ ပြောသမျှ ဆိုသမျှ ဘာမှ ပြန်မပြောဘဲ ခိုင်းတဲ့အတိုင်း မြေဝယ်မကျ လုပ်တတ်တာကို ဆိုလိုပါသလား။ ကျွန်တော်တို့ရဲ့ အစဉ်အလာအသိတွေ၊ အမူအကျင့်တွေ၊ စရိုက်တွေကို အဓိပ္ပါယ်တိတိကျကျ သတ်မှတ်ဖို့ လိုလာပါပြီ။ ကျွန်တော်တို့ ကလေးတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကလို လူကြီးပြောသမျှ ဟုတ်မှာပဲလို့ ထင်နေကြမှာ မဟုတ်တော့ပါ။ ကျွန်တော်တို့ ညာလှိုင်းဖြီးဖြန်းပြီး ပြောသမျှကို သူတို့ အင်တာနက်ထဲ ရောက်တဲ့နေ့ ကျွန်တော်တို့ အလိမ်ပေါ်တဲ့နေ့လို့သာ မှတ်ထားလိုက်ပါ။ ကိုယ့်သားသမီးရှေ့မှာ အရှက်မကွဲချင်ရင် အခုကတည်းက မိဘလုပ်စားမဲ့လူတွေ ကြိုတင်ပြင်ဆင်ထားကြပေါ့ဗျာ။

လူမျိုးရေးနဲ့ ပါတ်သက်တဲ့ ကျွန်တော့်သဘောထားအတိုင်းဆိုရင် တရုတ်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ မြန်မာလူမျိုးဆိုတာထက် လူစိတ်ရှိတဲ့ လူ ဖြစ်ဖို့ပဲလိုပါတယ်။ ကိုယ်ချင်းစာတရား၊ ဗြဟ္မစိုရ်တရား ရှိတဲ့လူ၊ ကိုယ်ကျင့်တရားကောင်းတဲ့လူ၊ အရည်အချင်းရှိတဲ့လူ…. စသဖြင့်ပေါ့။ သူ့ဟာသူ ဘာလူမျိုးဖြစ်ဖြစ် တိရစ္ဆာန်စိတ်ပေါက်နေရင်၊ သူများအပေါ်အနိုင်ကျင့်ချင်၊ ယုတ်မာချင်တဲ့လူဆိုရင် လူအသွင်ရှိပေမဲ့ ဘာအထင်ကြီးစရာမှ မရှိတဲ့ လူ့တိရစ္ဆာန်ဖြစ်နေမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေထဲမှာလည်း အဲဒီလို စိတ်ဓါတ်ရှိသူတွေ အများကြီးပါ။ ဒါတွေဟာ ဘုရားရှင်အလိုကျနဲ့ လားလားမှ မပါတ်သက်တဲ့ ယုတ်ညံ့တဲ့ စိတ်တွေပါ။ ဒီလိုပါပဲ။ အခြားကိုးကွယ်ရာ ဘာသာဝင်တွေ ထဲမှာလည်း မပြည့်တဲ့အိုးတွေ အများကြီး ရှိမှာပါပဲ။ ကျွန်တော့်မှာ ခရစ်ယာန်ကိုးကွယ်သူ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ မွတ်စလင်ဘာသာ ကိုးကွယ်တဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ ရှိပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်ကိုတစ်ယောက် အတော်ခင်မင်ကြပါတယ်။ တစ်ခုတော့ ပြောစရာရှိတယ်။ ကျွန်တော်တို့ သူငယ်ချင်း အများစုဟာ ပညာတတ်တွေ ဖြစ်ကြသလို တစ်ဦးရဲ့ အယူအဆကို တစ်ဦးက လေးစားမှု ရှိပါတယ်။ အစွန်းရောက်တာမျိုး သိပ်မရှိကြပါ။ ဘာသာတရားကိုင်းရှိုင်းတာဟာ လိမ်မာယဉ်ကျေးတဲ့ လူတွေရဲ့ အမူအကျင့်ပါ။ အစွန်းရောက်ပြီး ငါနဲ့မတူ ငါ့ရန်သူလုပ်တာ လူမိုက်တွေရဲ့ အလုပ်ပါ။ ဒါကြောင့် ဘာကိုမှ အတင်းအကြပ် အငြင်းအခုန်မလုပ်ဘဲ ဆွေးနွေးနှီးနှောတာဟာ အသိအလိမ်မာတောင် တိုးပါသေးတယ်။

ဒါကြောင့် လူမျိုးပဲဖြစ်ဖြစ်၊ ဘာသာပဲဖြစ်ဖြစ် ကျွန်တော့် စံ ကတော့ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိုက်ကယ်အဲရစ်နဲ့ယူတာ ဘာမှ အပြစ်ပြောစရာ မရှိတဲ့ကိစ္စပါ။ မိုက်ကယ်အဲရစ်က ဘယ်လို လူစားမျိုးဆိုတာ သိရင် ဒါဟာဝမ်းသာစရာ၊ လေးစားစရာတောင် ကောင်းပါသေးတယ်။ ဘာသာတရားမှာလည်း ဒီလိုပါပဲ။ ဘာသာတရားတစ်ခုဟာ လူသားတွေရဲ့ အေးချမ်းမှု၊ ချမ်းသာမှုကို ရှေ့ရှုရမဲ့အစား သွေးဆာနေတဲ့ အဆုံးအမတွေကို ဖြန့်ဖြူးနေမယ်ဆိုရင် ဒီဘာသာတရားဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ မအပ်စပ်တော့ပါဘူး။ ဒါပေမဲ့ မူရင်းဘာသာတရားကိုက အဲဒီလို ဖြစ်နေတာလား…၊ ဘာသာဝင်တွေက ဖျက်နေတာလား.. တော့ ကိုယ့်ဘာသာကို ဆုံးဖြတ်သတ်မှတ်ရမဲ့ ကိစ္စတွေပါ။ ဘာသာတရားနဲ့ ဘာသာဝင်ကို ကျွန်တော်က သပ်သပ်စီ မြင်ပါတယ်။ ဥပဒေတိုင်းကို လူတိုင်း လိုက်နာနိုင်တာ မဟုတ်ပါဘူး။ လူကူးမျဉ်းကျားမှာ ကားက ရပ်ပေးရမယ်ဆိုတာနဲ့ ကျွန်တော်တို့ မျက်စိမှိတ်ကူးလို့မှ မရဘဲဗျာ။ မူးလာတဲ့ကားသမား၊ ဘရိတ်ပေါက်လာတဲ့ကားနဲ့ တွေ့ရင် မာလကီးယားသွားမှာပေါ့..နော့။ မူ က မူ၊ လူ က လူ ပါပဲ။

ကျွန်တော်ကတော့ ကျွန်တော့်သမီးလေး ကိုးကွယ်ရာ မမှားအောင် လမ်းညွှန်ပြသဖို့ ကျွန်တော်ကိုယ်တိုင် အချိန်ရရင် တတ်နိုင်သလောက် လေ့လာပါတယ်။ မျက်ကန်းကိုးကွယ်သူလေး မဖြစ်စေဖို့ ကျွန်တော်တို့ မိဘတွေကိုယ်တိုင်မှာပဲ အဓိက တာဝန်ရှိတယ်လို့ သတ်မှတ်ပါတယ်။ မကြာခင်မှာ မေးလာမဲ့ သမီးရဲ့ နှစ်ရှည်အင်တာဗျူးမေးခွန်းတွေကို ဖြေနိုင်ဖို့ အခုကတည်းက ပြင်ဆင်နေပါတယ်။
အင်တာဗျူးတိုင်းဟာ အသိပညာ၊ အတွေ့အကြုံနဲ့ သတိတရားကို ပေးပါတယ်။

သမီးရှေ့မှာ ကျွန်တော် အရှက်မကွဲချင်ပါ…….

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...