Thursday, December 27, 2012

သံသရာစမ်းရေ (အပိုင်း-၉)


အပေါ်စီးမှ ကြည့်ခြင်း

 အပိုင်း-၈ မှာ Overview ကြည့်ခြင်းရဲ့ အရေးပါပုံကို ပြောချင်တာ။ တရုတ်တွေရဲ့ ယင်နဲ့ယန်သဘောမှာတော့ အမြင့်ကနေပြီး အနိမ့်ကို ကြည့်ရမတဲ့ဗျ။

ဆရာအော်ပီကျယ် ပြောတာကတော့ တောင်တက်သမားတွေ တောင်ပေါ်တက်တယ်ဆိုတာ အဲဒီနေရာကို လိုချင်လို့ မဟုတ်ဘူး။ အဲဒီက မြင်ရတဲ့ မြင်ကွင်းကို ကြည့်ချင်တာ။ မတူတဲ့ မြင်ကွင်းကို မြင်ချင်တာ… လို့ ဆိုပါတယ်။ ဒါဆိုလည်း ရဟတ်ယာဉ်နဲ့ တက်ကြည့်ပေါ့လို့တော့ စကားမကပ်ပါနဲ့။ အောက်ခြေကနေ တက်လာရတဲ့ တစ်ဆင့်ချင်းရဲ့ မြင်ကွင်းကို ခင်ဗျား ရဟတ်ယာဉ်ပေါ်က မြင်နိုင်မှာတဲ့လား။

ပြောပြလိုက်ဦးမယ်။ လုပ်ငန်းခွင်ထဲမှာ အောက်ခြေရာထူးကနေ တစ်ဆင့်ချင်း တက်လာရတဲ့ အရာရှိနဲ့ မိုးပေါ်ကကျသလို စ ကတည်းက အရာရှိဘဝနဲ့ ဝင်လာတဲ့ သူ…. အမြင်ချင်း တူမယ်များ ထင်လို့လား။ ကျွန်တော်ဆိုလိုတာက အောက်ခြေက တက်လာတဲ့ အရာရှိမှ ကောင်းတယ်… ချက်ချင်းဖြစ်လာတဲ့ အရာရှိက မကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ ယေဘူယျအားဖြင့် အဲဒီအရာရှိ နှစ်ယောက်ရဲ့ အမြင်အယူအဆဟာလည်း မတူကြပါဘူး။ အောက်ခြေမြင်ကွင်းကို ကိုယ်တိုင်မြင်ဖူးသူနဲ့ ပြောပြလို့၊ စာအုပ်ထဲပါလို့ ကြားဖူးသင်ဖူးသူ မတူပါဘူး။

ဆင်ဆိုတာ နှာမောင်းကြီးနဲ့၊ နားရွက်ကြီးနဲ့ ဘယ်လိုအကောင်ကြီးပါလို့ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ တိရိစ္ဆာန်ရုံထဲ လက်တွေ့ခေါ်သွားပြီး ပြလိုက်တာနဲ့တော့ သဘောပေါက်ပုံချင်း မတူပါဘူး။ ချွင်းချက်အနေနဲ့တော့ လူတွေရဲ့ သဘောသဘာဝက ပြောရတော့ ခက်ပါတယ်။ နိမ့်ပါးတဲ့အချိန် ခံစားရတဲ့ ခံစားမှုတွေအပေါ် လူတစ်ယောက်နဲ့တစ်ယောက် ယူပုံချင်း မတူပါ။ တချို့က ကိုယ်အမြင့်ကို ရောက်လာတဲ့အခါ နိမ့်ပါးစဉ်က ကိုယ်ခံစားရသလို သူများကို မခံစားစေချင်ဘူး။ တချို့က ကိုယ့်တုန်းက ခံထားရတာ။ ကိုယ်အလှည့်ရောက်ရင်လည်း လုပ်မှာပဲ ဆိုတဲ့ သဘောမျိုး ရှိတာ။ ဒါကြောင့် အောက်ခြေက လာပေမဲ့ အမြင့်ရောက်လာတဲ့အခါ ဇီးသီးသည် မဗျိုင်းလို ဘဝမေ့သူတွေလည်း မရှားပါဘူး။ ဒါတွေကိုက လူ့သဘောပဲလေ။

ထားပါတော့ဗျာ။ ပညာရေးအကြောင်းကနေ ဘေးထွက်သွားမှာစိုးလို့ စောစောကဟာလေး ပြန်ဆက်ပါဦးမယ်။ ဆိုလိုချင်တာက ဘဝလမ်းကြောင်းကို ရှာတဲ့နေရာမှာလည်း လမ်းကြောင်းတွေရဲ့ overview ကို ကြည့်နိုင်အောင် အရင်လုပ်သင့်တယ်လို့ ပြောချင်တာ။ အဲဒီအတွက် ထိုက်သင့်တဲ့ အချိန်တစ်ခုတော့ ပေးဆပ်ရမှာပေါ့ဗျာ။ ဘဝတစ်ခုလုံးအတွက်ကိစ္စဆိုတော့ စိတ်ဝင်စား၊ စိတ်ရှည်ရတယ်။ ဒါပေမဲ့ ဘဝဟာ အချိန်အကန့်အသတ် ရှိလေတော့ ထိုက်သင့်တဲ့ အချိန်အတွင်း ကောင်းမယ်ထင်တာကို ရွေးချယ်ရမှာပါပဲ။ အဲဒီလိုမှ မဟုတ်ရင် ရွေးလွန်းလို့ ဘာမှမရလိုက်တဲ့ အပျိုကြီး လူပျိုကြီးများလိုပဲ အချိန်လွန်မှ ဆွဲမိဆွဲရာဆွဲယူတော့ ပေါက်ကရနဲ့ ညားသလိုတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါကြောင့် ဘဝလမ်းကြောင်းကို ကြုံသလို ရေစုန်မျောလိုက်တာနဲ့ အကုန်လုံး စိတ်တိုင်းမကျဘဲ အချိန်ဖြုန်းခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုတော့ ဆင်ခြင်ရလိမ့်မယ်။
ဆက်ပြောရရင် မြန်မာပြည်မှာ GTI တက်ရတာနဲ့ စင်ကာပူမှာ Poly တက်ရတာ ဘာကွာသလဲလို့ မြင်သလို ပြောကြည့်ပါ့မယ်။













ကျောင်းဆရာရယ် ဘုန်းဘုန်းရယ်

မြန်မာပြည်မှာ GTI တက်တော့ သင်ရိုးညွှန်းတမ်း တစ်ခုပြောင်းဖို့ မလွယ်ပါ။ သင်ကြားရတာကလည်း အခြေခံတွေ များပါတယ်။ ပြီးတော့ တစ်နှစ်တာလုံး ဒီဘာသာရပ်တွေကိုပဲ တောက်လျှောက်သင်ရတာပါ။ သင်ရိုးကို ခေတ်မီအောင် ပြုပြင်ဖို့ အခြေအနေမပေးဘူးလို့ပဲ တိုတိုပြောပါရစေ။ ကျွန်တော်တို့ရဲ့ ဆရာတွေဆိုတာကလည်း ဒီလစာလေးနည်းနည်းနဲ့ ကြိုးစားရပ်တည်ပြီး သင်ကြားနေကြရတာပါ။ နဂိုချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာပြီး ဝါသနာအရ ကျောင်းဆရာအလုပ်ကို လုပ်နေတဲ့ ဆရာဆရာမတွေကတော့ အိိတ်စိုက်ပညာရေး လုပ်ကြရပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် သင်ထောက်ကူလေးတွေ တတ်နိုင်သမျှ ခင်းကျင်းပြီး သင်ကြားပေးပါတယ်။ ဒီလို ဆရာတွေနဲ့ တွေ့ရတဲ့ ကျောင်းသားတွေကတော့ ကံထူးရှင်တွေပါပဲ။ အစိုးရရဲ့ ပံ့ပိုးမှုက အားနည်းလွန်းလေတော့ ဖြစ်သလို ခရီးရောက်အောင် ကြိုးစားကြရပါတယ်။ သူတို့ သင်ကြားပေးလိုက်တဲ့ ကျွန်တော်တို့တွေသာ ကျောင်းပြီးလို့ လုပ်ငန်းခွင်တွေထဲရောက် ဖြစ်ထွန်းကုန်ကြပေမဲ့ ဆရာတွေမှာတော့ ဒုံရင်းပါပဲ။ ပိုပြီး ဆိုးတာက ကျောင်းဆရာအလုပ်ဟာ ဝင်ငွေကနည်း၊ ဒါပြီးရင်း ဒါ နေရတာဆိုတော့ ဒီအလုပ်ကို မျိုးဆက်မပျက်အောင် လက်ဆင့်ကမ်းရတာက အခက်ခဲဆုံးပါပဲ။ 

ဆရာတွေရဲ့ ဘဝက ဘုန်းကြီးတွေလိုပဲဗျ။ ဘုန်းဘုန်းတွေကို ကြည်ညိုသော်ငြား အများစုကတော့ ခဏတဖြုတ်ကလွဲရင် ဘုန်းကြီးဝတ်မလားဆို ဟင့်..အင်း...ပဲ။ နေရဲဘူးဗျ။ နေနိုင်ဘူးဗျ။ စကားကပ်ပြီး ဝိနည်းနဲ့ မညီတဲ့ ကိုယ်တော်တွေကို လက်ညိုးမထိုးပါနဲ့ဗျာ။ သင်္ကန်းဝတ်ထားကတည်းက ဝိနည်းဆိုတာနဲ့ အကြုံးဝင်ပါတယ်။ မလိုက်နာရင် ဘာဖြစ်မလဲဆိုတော့ အာပတ်သင့်တာပေါ့ဗျ။ ဝိနည်းအကြောင်း နည်းနည်းပါးပါး လေ့လာဖူးရင် အာပတ်တွေရဲ့ အပြစ်ရောက်ပုံ အဆင့်ဆင့်နဲ့ ပြင်းထန်ပုံကို ခန့်မှန်းမိပါလိမ့်မယ်။ ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ရင် ဘုန်းကြီးစည်းကမ်းနဲ့ အရေးယူခံရမှာပါ။ လူတွေ ထောင်ကျတာထက် ဘုန်းကြီးအာပတ်က ပိုဆိုးပါသဗျ။ ဖြေလို့ရတဲ့ အာပတ်ဆို ဖြေကြတာပေါ့ဗျာ။ ဖြေလို့မရတဲ့ အာပတ်ကျတော့ အကျိုးနည်းကြတာပေါ့လေ။ ဘုန်းကြီးကျောင်းတွေမှာ ညဘက်ဆို စုပြီး အာပတ်ဖြေကြရပါတယ်။ တော်ရုံ အာပတ်အသေးစားတွေက ပြေပါတယ်။

ဒါကြောင့် ဘုန်းကြီးတွေ ဝိနည်းနဲ့ မညီဘူး… ဘာဖြစ်တယ်… ညာဖြစ်တယ်နဲ့ ကိုယ့်အကုသိုလ် ကိုယ်ရှာနေကြသူတွေ မြင်ရတာ ရင်ထဲမကောင်းပါ။ ခင်ဗျားတို့ မြင်တာထက် မြင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာ့ဝန်ထမ်းတွေဗျ။ ခင်ဗျားတို့ ကဲ့ရဲ့ပြစ်တင်တာ၊ သံဃာ့မဟာနာယကအရေးယူတာထက် ပြင်းထန်တိကျတဲ့ ဝိနည်းတွေက ရှိပြီးသား၊ သက်ရောက်ပြီးသားပါ။ သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ် မလုပ်တာ အသင့်မြတ်ဆုံးပါ။ ဒီလိုပြောလို့ မျက်စိစုံမှိတ် ကိုးကွယ်ရမှာလားလို့ ပြောရင် ဗုဒ္ဓဘာသာဟာ ဒီမိုကရေစီရှေ့ဆောင်ဗျ။ အမှန်အမှားကို သိရမယ်။ ဝေဖန်ရမယ်။ ပိုင်းခြားရမယ်။ ဒါပေမဲ့ ကိုယ်တိုင်က လေ့လာမှု၊ စိတ်ဝင်စားမှု၊ ဗဟုသုတရှိဖို့ လိုပါသဗျာ။ မျက်ကန်း ကိုးကွယ်ဖို့ မလိုသလို သူများပြောသံကြား ဆိုသံကြား ကိုယ်သိတာလေး ပိစိကွေးနဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြစ်တင်ဝေဖန်တာမျိုး မလုပ်ရင် လုံလောက်နေပါပြီ။ 

ဘုန်းကြီးတွေကို ပြောဆိုနေသူတွေ ဘယ်လောက်များသိလို့ ပြောနေကြပါလိမ့်ဗျာ။ ကိုယ့်ဘာသာကို ဘာသာခြားတွေ အထင်သေးမှာစိုးတဲ့ စေတနာနဲ့ ပြောကြပေမဲ့ အကျိုးထက် အပြစ်များပါသဗျ။

ဒီလိုပါပဲ….. ဆရာတွေကိုတော့ လေးစားပါရဲ့။ ကျောင်းဆရာလုပ်မလားဆိုရင်တော့ ကျွန်တော့်လို အင်….အန်… နဲ့ ခွေးအကြီး လှည်းနင်းသလို ဖြစ်ကုန်တာ အများစုပါ။
ကျောင်းပြီးလာတဲ့ ကျောင်းသားတွေထဲက ထူးချွန်သူတွေကို ကျောင်းဆရာပြန်လုပ်ချင်အောင် စည်းရုံးရတာ မလွယ်ပါ။ စာညံ့တဲ့ကောင်တွေ ဆရာပြန်လုပ်ဖို့ ကျတော့လည်း အဆင်မပြေဘူးလေ။ ထူးချွန်တဲ့သူကလည်း ဒီ ဝင်ငွေနည်းတဲ့ အလုပ်ထက် ငွေများများရမဲ့ ဘက်ကိုသာ ပြေးချင်ပေမပေါ့။ အဲဒီတော့ ဆရာမလောက်တဲ့ ပြဿနာက ကျောင်းတိုင်း ကြုံရတဲ့ ပြဿနာပါပဲ။ GTI လို BE လို အသက်မွေးမှုအတတ်ကို တိုက်ရိုက်သင်တဲ့ ကျောင်းတွေအတွက် ဆရာက ပိုရှားတာပေါ့ခင်ဗျာ။ သင်ရိုးကလည်း အခြေခံထဲက မထွက်နိုင်လေတော့ ကျွန်တော်တို့ မြန်မာကျောင်းသားတွေအများစုက အခြေခံကိုတော့ ရေရေလည်လည် ပိုင်ကြပါတယ်။ ဒါဟာ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ယှဉ်ရင် နောက်ဆုံးပေါ် Update အပိုင်းတွေမှာ အားနည်းသော်ငြား တစ်ဖက်ကကြည့်ရင် ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်ပါ။ အခြေခံကို ကျေညက်ထားတော့ နိုင်ငံရပ်ခြားရောက်လို့ ပညာသင်ခွင့်ရပြီဆိုရင် မြန်မာတွေ ထူးချွန်တော့တာပါပဲ။ (ကျွန်တော်မပါ....)

အခြေခံပိုင်သော ဂျပိုး (ကြမ်းပိုး) များ

ဥပမာပြောရရင် ကျွန်တော် GTI တက်တော့ Electronics and Communication  ဘာသာရပ်ကို ယူပါတယ်။ အဲဒီမှာ သင်ကြားရတာက Vacuum Tube လို့ ခေါ်တဲ့ လေဟာမီးလုံးတွေနဲ့ ဆားကစ်ပတ်လမ်းတွေကို သင်ရပါတယ်။ အဲဒီ လေဟာမီးလုံးတွေဆိုတာ ထရန်စစ္စတာတွေ မပေါ်မီခေတ်ဦးက သုံးခဲ့တဲ့ ပစ္စည်းတွေပါ။ တော်ရုံလူ မမြင်ဖူးတော့ပါဘူး။ အဲ…. ကျွန်တော်တို့ သင်ရတာ အဲဒီဆားကစ်ပတ်လမ်းတွေပါ။ အဆင့်မြင့်တွေ မပါဘူးလားဆိုတော့ ပါ ပါတယ်။ ဒါပေမဲ့ နည်းပါးသလို စာမေးပွဲမှာ မေးရင်လည်း စောစောက လေဟာမီးလုံးတွေပါပဲ။ ဟိုးအစဉ်အဆက်ဆရာတွေက Star သုံးပွင့်ပြပြီး စာမေးပွဲအတွက် အရေးကြီးအကြောင်းအရာအဖြစ် ပေးခဲ့ရင် ကျွန်တော်တို့ အလှည့်မှာလည်း Star သုံးပွင့် ပြခိုင်းပြန်တာပါပဲ။ ကျွန်တော်ဆိုလိုတာက အပြင်မှာ ရှာဖို့တောင် မလွယ်တော့တဲ့ ပစ္စည်းမျိုးတွေအကြောင်းကို အခြေခံအဖြစ် သင်ချင်သင်ပါ။ ဒါပေမဲ့ တကယ့်လက်တွေ့နယ်ပယ်မှာ တွင်ကျယ်နေတဲ့ ပစ္စည်းတွေ အကြောင်းကို ကျောင်းသားတွေရဲ့ ခေါင်းထဲမှာ တစ်ပါတည်း ပါသွားအောင် သင်ကြားသင့်တယ်။ ခေတ်မီတဲ့ မေးခွန်းမျိုးတွေ မေးသင့်တယ်လို့ ထင်တာပါပဲ။ ကျွန်တော်နားမလည်တဲ့ တခြားရည်ရွယ်ချက် တစ်ခုခုတော့ ရှိချင်လည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ မှန်တဲ့အတိုင်း ပြောရရင် အဲဒီတုန်းက စာမေးပွဲအတွက် အရေးကြီး Star သုံးပွင့် ပုစ္ဆာတွေဟာ ကျွန်တော့်အင်ဂျင်နီယာဘဝမှာ သိပ်အသုံးမတည့်လှပါ။ စာမေးပွဲအတွက် ဘယ်တုန်းကမှ အရေးမကြီးခဲ့သော်ငြား စိတ်ဝင်စားလို့ လေ့လာခဲ့မိသည်များသာ အကျိုးပေးတာပါပဲ။

ကျွန်တော်ကလည်း စိတ်မဝင်စားရင် ဘယ်လိုမှ ကိုယ့်ကိုယ်ကို တွန်းမရတဲ့ အစားထဲမှာ ပါလေတော့ GTI မှာ ကျွန်တော်ဟာ လက်တွေ့ပိုင်း အတွေ့အကြုံနဲ့ ပတ်သက်လို့ လူသိများသော်ငြား စာမေးပွဲမှာတော့ မထူးချွန်ခဲ့ပါ။ နောက်ထပ်ပြဿနာက ဆရာတွေအများစုက ကျွန်တော်တို့ ပထမနှစ်တက်စဉ်တုန်းက သူတို့က နောက်ဆုံးနှစ်ကျောင်းသားတွေဗျ။ ကျွန်တော်တို့ နောက်ဆုံးနှစ်ရောက်တော့ သူတို့က ဆရာဖြစ်နေပါပြီ။ အတွေ့အကြုံနည်းတာကို အပြစ်ပြောတာ မဟုတ်သလို ဆရာတွေကို စော်ကားတာ မဟုတ်ရပါ။ ကျောင်းတွေရဲ့ သဘောက စာဂျပိုးဆိုရင် ထူးချွန်တာသဘာဝပါ။ Acedamic ပညာရေးမှာတော့ ဒါဟာ ပြဿနာမရှိလှပါ။ ဒါပေမဲ့ အင်ဂျင်နီယာကျောင်းမှာ ကျတော့ လက်တွေ့သဘောကလည်း အရေးကြီးပါတယ်။  

သီအိုရီနဲ့ စာမှာ ထူးချွန်တဲ့ ကျောင်းသားအများစုကလည်း လက်တွေ့ပိုင်းမှာ အားနည်းရှာပါတယ်။ အကုန်လုံး ထူူးချွန်ဖို့ဆိုတာကလည်း မလွယ်ပဲကိုးလေ။

သီအိုရီချည်းပဲကျတော့ အကျိုးလိုပါပဲ။ လက်တွေ့ချည်းပဲကျတော့လည်း အကန်းလိုပါပဲ။ တကယ်တော့ ဒီနှစ်ခု ပေါင်းစပ်မှ ပြည့်စုံတာမျိုးပါ။ ကျွန်တော်အပါအဝင် ကျောင်းသားအချို့က နဂိုကတည်းက TV, Video ပြင်တာလို လက်တွေ့နယ်ပယ်က လာကြသူတွေ ပါ ပါ တယ်။ အဲဒီမှာတင် ကျွန်တော်တို့ ဆရာလေးတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြဿနာ တက်ရှာကြပါတော့တယ်။ ကျွန်တော့်လို ကျောင်းသားမျိုးက သိချင်လို့ မေးခွန်းတစ်ခု မေးလိုက်ရင် သူတို့ကို ထောက်တယ်၊ ပညာစမ်းတယ်ဆိုတာမျိုး ထင်ကြပါရောဗျ။ တချို့ဆရာမလေးတွေက ပွင့်ပွင့်လင်းလင်းပဲ သူအကုန်မသိဘူးလို့ ပြောရှာပါတယ်။ တချို့ကကျတော့ ကျွန်တော့်ကို မမေးရဲအောင် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံပေါ့ဗျာ။ နည်းအမျိုးမျိုးနဲ့ ဟန့်တော့တာပါပဲ။

Learning In Life

မအူပင်နည်းပညာတက္ကသိုလ်အသစ်
ဘုရားပေးပေး၊ ကျမ်းပေးပေးပါဗျာ။  GTI ကို လာတက်စဉ်ကတည်းက ကျွန်တော်မသိတာတွေကို သိရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာခဲ့တာပါ။ တကယ်သိချင်လို့ မေးမိတာပါ။ ဆရာဆိုရင် ကိုယ့်ထက်ငယ်ငယ် ကြီးကြီး လေးစားပြီးသားပါ။ သူတို့ကို အတွေ့အကြုံနည်းလို့ဆိုပြီး မခန့်လေးစား မလုပ်မိရိုး အမှန်ပါ။ ဒါပေမဲ့ ဆရာမတွေခင်မျာ လူကောင်လေးတွေက သေးသေး၊ သူတို့ကို မခန့်လေးစား လုပ်မှာစိုးလို့ ရင်ဖုံးအကျီကြီးဝတ်၊ မျက်နှာကို အတင်းတင်းပြီး လူကြီးပုံ ဖမ်းနေရရှာတာ တကယ်ကို မလွယ်လှပါဗျာ။ ကျွန်တော့်အနေနဲ့တော့ ဆရာဟာ ဆရာပါပဲ။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးကြောင့် ခင်မျာများ လူကြီးယောင်ဆောင်နေတာကို စိတ်မသက်မသာနဲ့ မြင်ရတာ ကျဉ်းကြပ်မိတာတော့ ဝန်ခံပါတယ်။ ပြောစရာလေးတစ်ခုက ကျွန်တော်ကလည်း ငယ်သေးတဲ့ အချိန်ဆိုတော့ ပုံစံက ထောင့်မကျိုးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကို အချို့သော ဆရာများ ကြည့်မရတာ မပြောလည်း သိခဲ့ပါရဲ့…. ဟီး…ဟီး…

အဲဒီတော့ အမောင်ကျောင်းသား GTI မှာ ကျောင်းတက်တာ ဘာများရသတုန်းလို့ ဆိုရင် "အခြေခံပိုင် သချင်္ာနိုင် အောင်လက်မှတ်နဲ့ အနာဂတ်နဲ့ ……." လို့ ပြောရမှာပါပဲ။ GTI အောင်လက်မှတ်ကြောင့် အင်ဂျင်နီယာလမ်းကြောင်းပေါ် ခြေချခွင့်ရခဲ့ပါတယ်။ ပညာအားဖြင့်တော့ အခြေခံပိုင်းတွေ တော်တော်ရခဲ့တယ် ပြောရမှာပဲ။
ဒီလိုနဲ့ ပြည်တွင်းမှာ ကုမ္ပဏီ ၃ ခုလောက်ပြောင်း၊ အတွေ့အကြုံလေးရ၊ စင်ကာပူကို ရောက်လာ၊ ကျောင်းသားပိုးက မကုန်လေတော့ Poly ဆက်တက်ပါတယ်။ Learning In Life လို့ ဆိုတယ်မဟုတ်လား။ သင်ယူခြင်းကို ရပ်လို့မရပါ။ ဒါပေမဲ့ Poly ဆင်း ကျောင်းသားတွေကို မေးကြည့်ပါ။ မညာတမ်း ဝန်ခံရရင် ကျောင်းပြီးတဲ့အခါ ဘာသာရပ်ခေါင်းစဉ်တွေတောင် အကုန်အလွတ်မရပါ။ အများစုက ဘာတွေသင်မိမှန်း မမှတ်မိတော့ပါ။ ဒါဖြင့် Poly က ဘာတွေသင်ပါသလဲ။

Poly က သင်ရိုးတွေက ကျွန်တော်ဆီကလို မဟုတ်။ သိပ်မထူသော သင်ရိုးညွှန်းတမ်းထဲမှာ link တွေ၊ အညွှန်းတွေ၊ Web site address တွေ ပါ ပါတယ်။ ဘယ် Web site မှာ ဘာကိုရှာ၊ ဘယ်စာအုပ်ထဲမှာ ဘာကိုကြည့်… ဆိုတာမျိုးတွေပါ။ အကြောင်းအရာ တစ်ခုရဲ့ အခြေခံကို သင်ကြားပါတယ်။ ဒါပေမဲ့ သူ့အခြေခံက ကျွန်တော်တို့ဆီလို မများလှပါ။ ပြီးတော့မှ ဆက်လက်လေ့လာဖို့ရာ လမ်းညွှန်တွေကို ပေးပါတယ်။ သင်ကြားရာမှာလည်း လိုအပ်ရင် White board ပေါ်မှာ ရေးပြတွက်ပြပေမဲ့ သီအိုရီလို ဟာမျိုးတွေ၊ ပုစ္ဆာတွေကိုတော့ ပရိုဂျက်တာနဲ့ပဲ ထိုးပြသွားတာမို့ ဘောပေါ်မှာ စာရေးပြသလို အချိန်မကုန်တာကြောင့် ကျွန်တော်တို့ဆီက ကျောင်းတွေနဲ့ သင်ရိုးတူရင်တောင် သင်ကြားချိန် နည်းသွားမှာပါ။ သင်ကြားပေးတဲ့ ဆရာများကလည်း ကျွန်တော်တို့ ဆရာတွေလို မဟုတ်ပြန်ပါဘူး။ ကျွန်တော်တို့ဆီကလို ပီတိမစားပါ။ ဟမ်ဘာဂါ စားပါတယ်…. အဲလေ….

First Semester မှာ တွေ့ခဲ့ရတဲ့ ဆရာမလေးတစ်ယောက်ကို နမူနာပြောပြပါရစေ။ အဲဒီဆရာမလေးက ငယ်ငယ်ပဲ ရှိပါသေးတယ်။ လည်ပင်းမှာ ဘော့ပင်လေးတစ်ချောင်း ဆွဲထားပါတယ်။ သူပြောတာက မင်းတို့ ပိုက်ဆံတွေ အများကြီးပေးထားလို့ ငါတို့လည်း လာသင်ရတာပဲ။ အဲဒီတော့ တန်အောင်ယူ။ မသိတာ၊ မရှင်းတာရှိရင် မေးပါ။ ရအောင် ဖြေရှင်းပေးဖို့ ငါတို့တာဝန်ပဲ… တဲ့။ တစ်ခါကျတော့ ကျွန်တော်က မသိတာတစ်ခု မေးပါတယ်။ သူ ချက်ချင်းမဖြေဘူး။ သူ မသေချာတာတစ်ခုကို မသင်ဘူး။ မေးခွန်းကို ပြန်ပြောပါ.......တဲ့ ဆိုပြီး ရေးမှတ်သွားတယ်။ ပြီးတော့ အိမ်ကို ဘယ်အချိန်လောက် ပြန်ရောက်မလဲ…တဲ့။ တကယ်လည်း အိမ်ပြန်ရောက်ရုံရှိသေးတယ်… ဖုန်းခေါ်တော့တာပါပဲ။ အခုမှ ရောက်တာဆိုတော့ ကွန်ပျူတာရှေ့ရောက်ရင် အဆင်သင့်ဖြစ်ရင် သူ့ဆီကို  miss call ပေးလိုက်။ သူပြန်ခေါ်မယ်..တဲ့။ အဲဒါနဲ့ အဆင်သင့်ဖြစ်တော့ ဖုန်းနဲ့ပဲ အဲဒီမေးခွန်းကို ရှင်းပါတယ်။ ကျောင်း Web site ထဲက ကျောင်းသားတစ်ယောက်ချင်းစီအတွက် သီးခြားပေးထားတဲ့ Web page ထဲမှာ အဖြေက ရောက်နေပါပြီ။ ကျန်တဲ့ ကျောင်းသားတွေပါ လေ့လာနိုင်အောင်လည်း တင်ပေးထားပြီးပါပြီ။ ဖုန်းထဲကနေ တစ်ခုချင်းစီကို ပြေလည်အောင် ရှင်းပြသွားပါတယ်။
မေးချင်တာရှိရင် ကြောက်စရာ မလိုပါ။ ရှက်စရာ မလိုပါ။


စံချင်းတော့မတူ

Ngee Ann Polytechnic, Singapore
ကျွန်တော်တို့ဆီက ဆရာတစ်ယောက်ရဲ့ စံပေတံနဲ့တိုင်းရင် ငွေစကားပြောတဲ့အတွက် ကျွန်တော်တို့ ဆရာတွေလောက် မမြင့်မြတ်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာလည်း ကျောင်းဆရာလောကရဲ့ ပိုက်ဆံပြဿနာတွေ၊ ကျူရှင်တွေ၊ လာဘ်စားမှုတွေ၊ အလှုခံတွေကိစ္စ ဒင်းကြမ်းဖြစ်နေတာပါပဲ။ အပြစ်ပြောစရာတော့ မရှိပါ။ ဗိုလ်ချုပ်မျိုးညွန့်ပြောသလို တပြည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏ ကတော့ နားထောင်ကောင်းရုံကြီးပါဗျာ။ သူ့ဟာသူ စားပါလားလို့ သောက်မြင်ကပ်ကပ်နဲ့ ပြောရမှာပဲ။ ဆရာကတော့ ပီတိကို စားချင်စားပြီး နေနိုင်ကောင်း နေနိုင်မှာပေါ့ဗျာ။ ဒါပေမဲ့ ဆရာတွေအားလုံးက အပျိုကြီး၊ လူပျိုကြီးတွေမှ မဟုတ်ဘဲ၊ သူတို့ကို မှီခိုနေတဲ့ သူတို့မိသားစုတွေ ရှိသေးတာပေါ့ဗျ။ တစ်မိသားစုလုံး ပီတိတွေစားပြီး နေကြရမယ်ဆိုတာကတော့ဗျာ…………. ထပ်ပြောလိုက်ဦးမယ်…. ကြိုက်ရင် ကိုယ့်ဟာကိုယ်စား…..ဒါပဲ။

စင်ကာပူဆရာတပြည့် ဆက်ဆံရေးမှာ ကျွန်တော်တို့ဆီကလောက် လေးစားမှုတွေ မများပါ။ ဆရာလာလို့လည်း ပြေးကြိုတာမျိုး မရှိပါ။ Semester တစ်ခုပြီးခါနီးရင် ဆရာတွေကို ကျောင်းသားတွေက အမှတ်ပေးရတဲ့ စနစ်ရှိပါတယ်။ ကျောင်းသားရေးရာက အတန်းထဲကို လာပြီး ပုံစံစာရွက်တွေ ပေးပါတယ်။ ဆရာက အတန်းအပြင်ကို ထွက်ပေးရပါတယ်။ ပေးရမဲ့ အချက်တွေပေါ် ကြည့်ပြီး အမှတ်လေးတွေ ခြစ်ပေးရုံပါ။ ထွေထွေထူးထူး ပြောစရာရှိလည်း ရင်ထဲရှိတဲ့အတိုင်း ရေးလွှတ်လိုက်လို့ ရပါတယ်။ ပြီးတာနဲ့ တစ်ခါတည်း ပြန်သိမ်းသွားတာပါ။ ကျောင်းသားတွေ ပေးတဲ့အမှတ်ပေါ် မူတည်ပြီး ဆရာတွေရဲ့ ဘောနပ်စ် အခြေအနေကို ထိန်းထားတာပါ။ ၃ နှစ်လောက်ဆက်တိုက် ကျောင်းသားတွေ မကြိုက်တော့ဘူးဆိုရင် အဲဒီဆရာရဲ့ အခြေအနေက သိပ်မကောင်းတော့ပါ။

ဒါပေမဲ့ poly က ဆရာတိုင်း ဒီလိုချည်းပဲတော့ မဟုတ်ပါ။ မြန်မာပြည်က ဆရာမျိုးတွေလည်း ရှိတာပါပဲ။ ကျောင်းသားအပေါ်မှာ ငွေကြေးကြောင့်၊ တာဝန်ကြောင့် မဟုတ်ဘဲ တကယ့်ကို စေတနာအပြည့်နဲ့ သင်ကြားပေးတဲ့ ဆရာတွေလည်း စင်ကာပူက Polytechnic မှာ ရှိပါရဲ့။ ကျွန်တော်ပြောတာက အဲဒီလို ချွင်းချက်တွေမပါ၊ ယေဘူယျဖြစ်နေတဲ့ သဘောကိုသာ ဆိုလိုပါတယ်။ ကျောင်းသားနဲ့ဆရာ online ဆက်ဆံရေးကတော့ တောက်လျှောက်ရှိပါတယ်။ ကျောင်းသားတိုင်းကိုလည်း အင်တာနက်ရှိသလား၊ ဖုန်းရှိသလား… ဘယ်သူကမှ မမေးပါ။ ရှိပြီးသားလို့ပဲ သတ်မှတ်ပါတယ်။ ကျောင်းသားမှန်ရင် ရှိကိုရှိရမယ်လို့ ပြောရမလား၊ လူမှန်ရင် ကွန်ပျူတာတွေ အင်တာနက်တွေ ရှိမှာပဲလို့ Auto တွေးသလားတော့ မသိပါ။ စင်ကာပူမှာတော့ ဒီအတိုင်းပါပဲ။ ကြိုက်သလို ဝေဖန်ပါ။ ကျွန်တော်ကတော့ ပညာရေးစနစ် ၂ ခုစလုံးရဲ့ အားနည်းချက် အားသာချက်ကို မြင်အောင်ကြည့်ပြီး နှစ်ခုစလုံးကို ကြိုက်ပါသဗျ။ အားလုံး တစ်မျိုးကောင်း၊ တစ်မျိုးမကောင်းပါပဲ။

အဲဒီတော့ စင်ကာပူက Polytechnic မှာ ဘယ်လိုတွေ သင်ပေးသလဲလို့ မေးရင် အခြေခံမှစလို့ နောက်ဆုံးပေါ် နည်းပညာတွေအထိ သင်ပါတယ်။ သင်ရိုးကလည်း နှစ်စဉ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ စနစ်သစ်ဆိုရင် ကြောက်တတ်တဲ့ မြန်မာပြည် ကျောင်းသားရောဂါလည်း တစ်ခါတည်း အမြစ်ပြတ်သွားပါတယ်။ သင်ရိုးအပြောင်းအလဲကို စနစ်သစ်လို့ ပြောရင် poly မှာ နှစ်တိုင်း တစ်ခုမဟုတ်တစ်ခု အသစ်ပါ ပါတယ်။ ကျွန်တော်တို့ဆီလို လုံးလုံးကြီး ပြောင်းပြစ်တာမျိုးတော့ ရှားပါတယ်။ အမြဲတမ်းတော့ ပြောင်းနေတာပါပဲ။ နည်းနည်းချင်း ပြောင်းပြောင်းပြီး Update လုပ်သွားတဲ့ သဘောဆိုတော့ ပြောင်းမှန်းမသိ ပြောင်းသွားတဲ့ သဘောပါပဲ။ ဒါပေမဲ့ အားလုံးသော ပညာရပ်များကို အစလေးတွေပဲ ဆွဲပေးထားခဲ့ပြီး ဆက်လေ့လာဖို့က ကျောင်းသားရဲ့ အလုပ်ပါ။ ဆရာတွေရဲ့အလုပ်က သိချင်အောင် စ ပေးထားခဲ့ပြီး သိချင်တာတစ်ခုကို ဘယ်လိုရှာရတယ်၊ ပညာဆိုတာ ဘယ်မှာရှိတယ်လို့ သင်တာပါပဲ။ ပုံသေနည်းတွေ မေးခွန်းစာရွက်နောက်မှာ ပေးထားတဲ့အတွက် အလွတ်ကျက်ဖို့ မလို၊ ခိုးချဖို့ မလိုပါ။

အဲဒီတော့ မြန်မာပြည်မှာ အခြေခံကို အမုန်းသင်လာရတဲ့ ကျွန်တော်တို့လို GTI ကျောင်းသားတွေ အတွက်ကတော့ poly ကို သာသာယာယာ အောင်မြင်နိုင်ပါသဗျ။ ထူးချွန်ချင်ရင်တော့ အားထုတ်ကြိုးစားရမှာ ပေါ့ဗျာ။ အောင်ဖို့ကတော့ မခက်လှပါ။ 
 
 
ဝုန်းဝုန်းဒိုင်းဒိုင်း ပေါ်လီ

Semester တစ်ခုကို ၆ လ ကြာပါတယ်။ ပုံမှန်အားဖြင့် ဘာသာရပ် ၃ ခုပါ။ ၆ လကို ဘာသာရပ် ၃ခုဆိုတော့ တစ်နှစ်ကို ၆ ခုပေါ့။ တစ်နှစ်စာ ပြန်ပြီး ချိန်လိုက်ရင် ကျွန်တော်တို့ဆီက ဘာသာရပ် ၆ ခုကို တစ်နှစ်လုံး သင်ပြီး သူတို့က ၆ လ၊ ၃ ဘာသာ နှစ်ဖြတ် သင်တာပါပဲ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ တစ်ဘာသာကျရင် တစ်နှစ်လုံး ပြန်တက်ပေရော့။ ၆ ခုလုံး ပြန်ဖြေရလေတော့ တစ်ခုခု အတိမ်းအစောင်းဖြစ်သွားရင် အရမ်းနစ်နာပါတယ်။ poly မှာတော့ ကျတဲ့ဘာသာကို နောက် Semester မှာ ပြန်တွဲယူလိုက်ရုံပါပဲ။ ၃ ဘာသာ တက်ရမဲ့အစား ၄ ဘာသာ ဖြစ်သွားတာပေါ့။ တစ်နှစ်တည်းဟူသော အချိန်ကို အလဟဿ အကုန်ခံစရာ မလိုပါ။ ကျွန်တော်တို့ဆီမှာ ကျောင်းစဖွင့်ကာစ ရက်တွေဆိုတာ စာသိပ်မသင်ပါ။ ကျောင်းဖွင့်ဖွင့်ချင်းဆို တစ်ခါတစ်ရံ သွားမတက်ဖြစ်ကြပါ။ poly မှာတော့ စ တက်တဲ့နေ့ စာမေးပွဲ စ စစ်ပါတယ်။ ဘာတွေသင်လို့ ဘာတွေစစ်မှာတုန်းလို့ မမေးပါနဲ့။ တကယ်စစ်ပါတယ်။ အပတ်စဉ် စာမေးပွဲ မရှိတာ ရှားပါတယ်။ ပြီးတော့ တစ်လတက်ပြီးတာနဲ့ Mid test စစ်ပါတယ်။ ပြီးတာနဲ့ နောက်တစ်လတက်၊ ပြီးရင် နောက်တစ်လ စာမေးပွဲကြီးပါပဲ။ ယားလို့ ကုတ်ချိန်မရှိပါဘူး။ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ တစ်တန်းပြီးတာပါပဲ။ ၆ လတစ်တန်းဆိုပေမဲ့ တကယ်တော့ ၄ လကျော်ကျော်ဆို တစ်တန်းပြီးပါတယ်။ အောင်စာရင်းထွက်ဖို့ တစ်လလောက်ကြာပါတယ်။ ပြီးရင် နောက်တစ်လမှာ ကျောင်းပြန်တက်ရတာပါပဲ။

ဤတွင် မြန်မာပြည်က GTI/GTC များနဲ့ စင်ကာပူက polytechnic များ ဘာကွာသလဲ ဆိုတာကို အကျဉ်ချုံးတင်ပြ၍ ပြီးပါပြီခင်ဗျာ။ အခြားအချက်များ ရှိသေးပေမဲ့ လက်ညောင်းပြီမို့ ရပ်ပါပြီဗျ။ ကြုံရင် ရေးချင်တာလေးတွေ ရှိပါသေးရဲ့။ အခုတော့ ကျွန်တော့်ညီလေးနဲ့ သူငယ်ချင်းတွေအတွက် စဉ်းစားစရာလေးများ အချိန်မှီပေးလိုရင်းက အဓိကမို့ နောက်ထပ် အပိုင်း-၁၀ ကျမှ ရေးပါဦးမယ်။

နောက်ဆက်တွဲ

အခုလောလောဆယ် ကြားရတာကတော့ ဒီ post ထဲက ကျွန်တော့်ညီရဲ့ သူငယ်ချင်း လမ်းပျောက်နေတဲ့ ညီလေးဟာ GTC မှာ စာမေးပွဲ ကျတယ်ဆိုလား ကြားရပါတယ်။ အဲဒါကို သူ့အိမ်က မိဘများက သူ့ ကွန်ပျူတာကိုသိမ်း၊ ဘယ်မှ ပေးမသွားတော့ဘဲ စာအတင်းလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။ 

သြော်...... သူ့ခင်မျာ လမ်းပျောက်နေပါတယ်ဆိုမှ မျက်စိတွေ နားတွေ သွားပိတ်ကြသကိုးလို့ တွေးမိရင်း စိတ်မကောင်း ဖြစ်ရပါတယ်။ သနားစရာ ကလေးတွေပါ။ မိဘတွေရဲ့ ပူပန်မှုကို နားလည်ပေမဲ့ လုပ်ပုံကိုင်ပုံ လမ်းလွဲနေသလို မြင်ရပါတယ်။ ကိုယ့်ကလေးက မကြိုးစားတဲ့ ကလေးလား.......၊ လမ်းရှာနေတာလား ဆိုတာကို နားလည်အောင် မကြိုးစားဘဲ မကူညီတဲ့အပြင် လမ်းပျောက်ရကောင်းလားလို့ အပြစ်ပေးနေသလို ဖြစ်နေလေတော့ ဒီထက်မက ဖြစ်နိုင်တဲ့ ကလေးကို တော်ရုံ သူများဝန်ထမ်းဘဝလောက်နဲ့ ရပ်သွားအောင် လုပ်နေသလို ပါပဲလို့ ထင်မြင်မိပါကြောင်းဗျ။

(သရုပ်ဖေါ်ပုံများကို  Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...