Monday, December 17, 2012

သံသရာစမ်းရေ (အပိုင်း-၈)


(သမီးလေးကြီးလာရင် ဖတ်ဖို့ ရည်စူးပြီး ရေးတာမို့ မိဘနဲ့ သားသမီး သံသရာသဘောရယ်၊ စမ်းရေလို အေးတဲ့ မိဘမေတ္တာရယ်ကို ရည်ညွှန်းပြီး သံသရာစမ်းရေလို့ နာမည်ပေးခဲ့ပါတယ်။  သမီးလေးတစ်ယောက် ရလာတော့ ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေသီချင်းလေးကို ခံစားမိတာလည်း ပါတာပေါ့။ အခုဒီ post ထဲက ဒီခေတ်ရဲ့ ကလေးတွေ အကြောင်းဟာ သမီးလေး ဖြတ်ရမဲ့ ဒီခေတ်အကြောင်းပဲ မဟုတ်လား…..)


လမ်းလျှောက်ရင်း လမ်းပျောက်သူများ

ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ဆီကို မြန်မာပြည်က ညီလေးတစ်ယောက် ဖုန်းဆက်ပါတယ်။ အဲဒီညီလေးကြောင့်ပဲ သံသရာစမ်းရေ ကို ဆက်ရေးဖြစ်တာပါ။ ဒီကလေးက ကျွန်တော့်ညီဝမ်းကွဲတစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ပြဿနာက လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်း ဒီပြဿနာပါပဲ။ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ ညီလေးက ၁၀ တန်းကို ဂုဏ်ထူး ၃ ခုနဲ့ အောင်ထားသလို GTC Civil နဲ့ တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့သူငယ်ချင်းကတော့ ဘာသာစုံဂုဏ်ထူးလို့ ဆိုပါတယ်။ ထူးချွန်တဲ့ လူငယ်တွေပါ။ သူတို့ကိစ္စ၊ သူတို့ပြဿနာက အခုလက်ရှိ လူငယ်တွေ အများစု ကြုံနေရတဲ့ ပြဿနာဖြစ်နေတာရယ် ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ အကြောင်းဖြစ်နေတာရယ်ကြောင့် ဒီပြဿနာနဲ့ ပါတ်သက်လို့ မြင်မိတွေးမိတာလေးတွေ စုစည်းပြီး ရေးလိုက်ရင် သူတို့လို ကလေးမျိုးတွေအတွက်လည်း စဉ်းစားစရာအချက်အလက်လေးတွေ ရနိုင်မယ်ထင်လို့ ဘလော့ဂ်ပေါ် တင်လိုက်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က လူတတ်ကြီးလုပ်၊ ဆရာလုပ်တယ်လို့ မထင်စေချင်ပါ။ သူတို့ထက်စာရင် ဘဝမှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးလို့ အဲဒီအမှားတွေကရတဲ့ သင်ခန်းစာလေးတွေကို ဝေမျှပေးတာပါပဲ။ သူ့အကြောင်းမပြောခင် လိုအပ်မယ်ထင်လို့ ကျွန်တော့်ညီရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။

ဖေါက်ထွက်စဉ်းစား ပြဿနာများ

အမေ့ အစ်ကိုရဲ့ သားဆိုပေမဲ့ ကျွန်တော့်ဦးလေးက အသက်ကြီးမှ အိမ်ထောင်ကျပြီး ရတာဆိုတော့ ဒီကောင်က ကျွန်တော့်ထက် အသက် ၂၀ နီးပါး ငယ်နေတာ။ အမျိုးတွေထဲမှာ သူ့ရဲ့ ထူးခြားမှုတစ်ခုက အခြားညီအစ်ကို မောင်နှမတွေနဲ့ မတူဘဲ အကျင့်စရိုက်အတော်များများမှာ ကျွန်တော်နဲ့ လာတူနေတာပါပဲ။ သူများကို စဉ်းစားစရာတွေပေးပြီး တွန်းတတ်တယ်။ ဂျောက်တွန်းတာကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ရွေ့အောင်ကြိုးစားသလို သူများကိုလည်း ရွေ့စေချင်တဲ့စိတ် ရှိတာ။ လူအများစုက ပြဿနာမဖြစ်ရင် ကျေနပ်နေကြတဲ့ အချိန်မှာ သူက ပြဿနာမဖြစ်တာနဲ့ ကျေနပ်နေရမှာလားဆိုပြီး ဖေါက်ထွက်စဉ်းစားလို့ ပြဿနာကို ကွန်ပျူတာနဲ့ နှိပ်ရှာတတ်သူပါ။ လူအများစု ဟိုလိုလုပ်ရင် သူက ဒီလိုရော လုပ်လို့မရနိုင်ဘူးလားလို့ တွေးတတ်ပါတယ်။ တစ်ခုခုကို လုပ်နေရင်း၊ ဒါမှမဟုတ် လမ်းတစ်ခုကို လျှောက်နေရင်း ဘာကြောင့်လုပ်နေရတာလဲ….. ဘာကြောင့် လျှောက်နေရတာလဲ… ဆိုတာမျိုး ရပ်တန့် စဉ်းစားတတ်တဲ့ လူငယ်တစ်ယောက်ပေါ့။ သူနဲ့ ကျွန်တော်နဲ့ အဓိက ကွာခြားမှုက အသက်ချင်းကွာလို့ အတွေ့အကြုံကွာနေသေးတာ ပါပဲ။ အခြေခံတွေးပုံတွေးနည်း၊ စဉ်းစားပုံ စဉ်းစားနည်းတွေမှာ ကျွန်တော့်ညီဟာ အံ့သြစရာ ကောင်းလောက်အောင် ကျွန်တော်နဲ့ တူပါတယ်။ သူ ကျွန်တော့်အသက်အရွယ်မျိုး ရောက်လာရင် ကျွန်တော့်ထက် အများကြီး အပုံကြီး သာမှာ သိပ်ကို သေချာပါတယ်။

သူ့ကို PIEC မှာ ကျောင်းထားရာကနေ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အတန်းကျောင်း ပြန်ပြောင်းထားရတော့ ပုံမှန်ကလေးတွေထက် နှစ်တန်းငယ်ပြီး ကျောင်းဝင်ခွင့်ရပါတယ်။ ဒါကြောင့် သူနဲ့ ရွယ်တူ သူ့သူငယ်ချင်းတွေထက် သူက နှစ်တန်းနောက်ကျနေသလို ဖြစ်နေတာပါ။ ဒါပေမဲ့ အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့ရလေတော့ အင်္ဂလိပ်စာအပါအဝင် ဘာသာရပ်အတော်များများမှာ ကျွန်တော့်တုန်းကလို မဟုတ်ဘဲ ထူးချွန်နိုင်တဲ့ ကလေးမျိုးပါ။ ကျွန်တော်ကတော့ ကြွားပြောရရင် ကျောင်းစာမှာ ဘယ်တုန်းကမှ မထူးချွန်ခဲ့ပါ။ အလွတ်ကျက်ရတဲ့ ပညာရေးကို စိတ်ထဲမှာ စောဒကတက်နေခဲ့မိတာလည်း ပါတာပေါ့။

ထိထိရောက်ရောက် ပြတ်ပြတ်သားသား စောဒကတက်ရင်လည်း ဘီလ်ဂိတ်စ်တို့၊ စတိဖ်ဂျော့တို့လို ကျောင်းထွက်ပြီး အပြင်ပညာရေးနဲ့ စီးပွားရေးလုပ်ဖြစ်တာမျိုးတွေ ဖြစ်ချင်ဖြစ်မှာ ပေါ့နော့။ ဒီလိုပြတ်သားပြီး ဒီလိုအောင်မြင်ဖို့ဆိုတာက သိပ်ချောင်တဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ မဖြစ်နိုင်တာ မဟုတ်ပေမဲ့ ကိုယ်ကြီးပြင်းလာရတဲ့ ဝန်းကျင်နဲ့ အခြေခံကလည်း လိုသေးတယ်။ အဲဒီလိုကလည်း မပြတ်သား၊ ဝါးတားတား ဇဝေဇဝါနဲ့ အူကြောင်ကျား လုပ်လိုက်တာ အခုလို ဟိုမရောက် ဒီမရောက် အင်ဂျင်နီယာဘဝနဲ့ တစ် နေတော့တာပါပဲ။ ကျွန်တော်တို့ဆီက ပညာရေးက ငယ်ငယ်ကတည်းက ဘယ်လောက်လုပ်လုပ်၊ ဘယ်လိုကြိုးစားကြိုးစား ၁ဝတန်းမှာ တစ်ခုခု ဖြစ်လိုက်ရင် ပွဲသိမ်းသွားရော မဟုတ်လား။ အဲဒီလိုနည်းနဲ့ တစ်ကယ့်အချက်ကျမှ အူကြောင်ကျား ထ လုပ်တဲ့ ကျွန်တော်၊ ၁ဝတန်းကို အောင်ရုံနဲ့ ပွဲပြတ်ခဲ့တာပါပဲ။ တစ်ကယ့်အချိန်ကျမှ ကျန်းမာရေးကလည်း ဖေါက်၊ အတွေးကလည်း ဂေါက် ခဲ့လေတော့ ဒီလိုပေါ့လေ။

ပြဿနာအစ ဘာကြောင့်...

အခုလည်း ကျွန်တော့်ညီလေးက သူ့သူငယ်ချင်းတွေကို ဒီလိုပဲ တွေးစရာတွေ သွားပေးပုံ ရပါတယ်။ သူတို့မှာ ဒီလိုမျိုး လမ်းပျောက်နေမှန်း၊ လမ်းရှာရကောင်းမှန်း သိတာကို ချီးကျူးရုံမက ဝမ်းသာရပါတယ်။ ပြီးတော့ သူတို့လို ကလေးတွေ များလာရင် ကျွန်တော်တို့ရဲ့ နောင်လာမဲ့မျိုးဆက်အတွက် ကောင်းခြင်းတွေ ဖြစ်တော့မှာပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် ဘာကြောင့်ဆိုတဲ့ အဖြေရှိရပါမယ်။ ဘာရယ်မဟုတ် လုပ်ရင် ဘာရယ်မဟုတ်တွေပဲ ဖြစ်မှာပေါ့။ အကြောင်းကောင်းမှ အကျိုးကောင်းမှာပါ။ နိုင်ငံခြား သွားချင်တယ်။ ဘာကြောင့်လဲ။ ကွန်ပျူတာ သင်ချင်တယ်။ ဘာကြောင့်လဲ။ အင်္ဂလိပ်စာ သင်ချင်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်ဆိုလိုတာ နိုင်ငံခြားသွားတာ၊ ကွန်ပျူတာသင်တာ၊ အင်္ဂလိပ်စာ သင်တာ မကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ ဘာကြောင့်ဆိုတာကို နားလည်ဖို့ ပြောတာပါ။

အဲဒီ ဘာကြောင့်…ဘာကြောင့်…..  Why?....Why?... တွေ ဆင့်ကဲဆင့်ကဲ မေးခြင်းဟာ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ ကိုယ့်လမ်းကြောင်း ကိုယ်ရှာဖို့ အထောက်အပံ့ အများကြီး ပေးပါသဗျာ။ နို့မို့ရင် သူများယောင်တိုင်း လိုက်ယောင်တဲ့ အဆင့်ကနေ တက်မှာ မဟုတ်ပါ။ တချို့ကတော့ သူများယောင်တိုင်း ယောင်တယ်ဖြစ်မှာစိုးလို့ သူများနဲ့ မတူအောင် တမင်အားထုတ် လုပ်ကြတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်မြင်သလို ပြောရရင် ဒါလည်း အစွန်းတစ်မျိုးပါပဲ။ ကိုယ့်ရွေးချယ်မှုဟာ သူများနဲ့ တူချင်တူမယ်။ တူချင်မှလည်း တူမယ်။ လိုက်တုတာ မဟုတ်ဖို့၊ အကျိုးသင့် အကြောင်းသင့် ဖြစ်ဖို့လိုတာပါပဲ။ အဓိက က ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရင်၊ ကိုယ်တွေးတာနဲ့ သဟဇာတ ဖြစ်ရင်၊ မှန်တယ်လို့ ယုံကြည်ရင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဖြစ်ရင် ပြီးတာပါပဲ။ သူများယောင်လို့ လိုက်ယောင်တာ မဖြစ်ဖို့သာ အရေးကြီးတာ။

အစက ပြောခဲ့တာကို ပြန်ဆက်ပါ့မယ်။ ဖုန်းထဲမှာ ပြောပြတာက သူအခု GTC (Civil) နဲ့ တက်နေပါတယ်…တဲ့။ တက်နေရင်းနဲ့ ဖီးလ်မလာတော့ဘူး ပြောရမှာ ပေါ့ဗျာ။ လမ်းပျောက်သလို ခံစားလာရတာပေါ့။ ငါဘာကြောင့် ဒါတွေ လုပ်နေတာလဲ။ ငါ တကယ် ဖြစ်ချင်တာ ဘာလဲ ပေါ့။ ဒါများ အခုမှ တွေးရသလားလို့ အပြစ်တင်ချင်တဲ့ သူတွေရှိရင် ပြောလိုက်ချင်တယ်။ ဒါမျိုး လူတိုင်းတွေးတယ်၊ သိတယ်မထင်နဲ့။ သေသာသွားရော၊ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း မသိတဲ့သူတွေ အပုံကြီး။ သူတို့မှာ မကျေနပ်ချက်တွေကလည်း သေတဲ့အထိ များမှများ။ ဘာကြောင့်လည်းဆိုတော့ သူတို့ တကယ်မလုပ်ချင်တဲ့ အလုပ်တွေကိုပဲ တစ်သက်လုံး လုပ်လာခဲ့လေတော့ မကျေမနပ်တွေ များနေတာ ဘာဆန်းမလဲလေ။


ရှာဖွေလေ တွေ့ရှိလေ

အခု ဒီညီလေးရဲ့ ပြဿနာက သူ့ကိုယ်သူ ရှာတွေ့ဖို့ ကြိုးစားတာ။ ကျွန်တော်တို့ဆီက ပညာရေးမှာ ၁ဝတန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ရင် အမှတ်အလိုက်ခွဲတဲ့ ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်းမှ မယူရင်ဘဲ အရူးလိုလို၊ အနှမ်းလိုုလို ထင်တာ။ GTI ဝင်ခွင့် အမှတ်ကောင်းရင် Civil ယူမှ ဆိုတာမျိုး။ သူတို့အခေါ် လိုင်းကောင်းတွေပေါ့လေ။ အဲဒီလိုနည်းနဲ့ လိုင်းကောင်းဆိုတာကြီးတွေကို ယူရော။ ပြီးတော့ ကိုယ်တကယ် စိတ်ဝင်စားတာက ဒါမဟုတ်မှန်း သိလာရော။ အများစုကတော့ မထူူူးပါဘူးဆိုပြီး ဆက်သွားလိုက်တာပါပဲ။ အနည်းစုသော၊ လူဖြစ်ကျိုးနပ်ချင်သူများသာ ငါဘာဆရာဝန်လဲ.... ငါဘာအင်ဂျင်နီယာလဲ.... ငါဘာလဲ.... ငါဘယ်လဲ.... တွေးတတ်ကြပါတယ်။ အခုလည်း သူမေးတာက ဘာလုပ်ရရင် ကောင်းမလဲ… ပေါ့လေ။ ကျွန်တော်က ပြန်မေးပါတယ်။ သားကရော ဘာလုပ်ချင်တာလဲ…. စဉ်းစားထားသလောက် ပြောကြည့်ပါဦး…… ဆိုတော့
ကွန်ပျူတာကို စိတ်ဝင်စားတယ်…တဲ့။ နည်းပညာနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်…တဲ့။ ကျွန်တော်က ထပ်မေးပါတယ်။ ကွန်ပျူတာကို စိတ်ဝင်စားတာလား…. ကွန်ပျူတာနဲ့ ပတ်သက်တဲ့ နည်းပညာကို စိတ်ဝင်စားတာလား….. လို့။

ဒီလိုပါ။ ကျွန်တော်တို့ဆီက လူငယ်အများစု ကိုယ့်ကိုယ်ကို မကွဲတာက အဲဒါပါပဲ။ ကွန်ပျူတာဆိုတဲ့ စက်က သုံးချင်ရာသုံးလို့ ရတဲ့ စက်မျိုးပါ။ နှိပ်လိုက်သရွေ့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ချင်ရာ ဖြစ်စေတဲ့ စက်မျိုးဆိုတော့ လူကြီး၊ လူငယ်၊ ကျား မ မရွေး သုံးစွဲသူတိုင်း နှစ်သက်ကြသည်လို့ ပြောရမဲ့ စက်မျိုးပါ။ သူသူကိုယ်ကိုယ် သဘောကျမှာပါပဲ။ ဒါပေမဲ့ ဒါဟာ ကွန်ပျူတာသုံးရတာကို သဘောကျနှစ်သက်တာသာ ဖြစ်ပြီး နည်းပညာဖန်တီးမှုပေါ်မှာ စိတ်ဝင်စားတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ပြီးတော့ ကွန်ပျူတာဝေါဟာရတွေက အရမ်းလှပါတယ်။ ပြောရတာ ပါးစပ်အရသာ ရှိပါတယ်။ အဲဒီတော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ နည်းပညာဝေါဟာရလှလှတွေကို အားရပါးရပြောရင်း ကိုယ့်ကိုယ်ကို တော်တော်သိနေ တတ်နေပြီလို့ အထင်ရောက်လာတတ်လို့ပါ။ ဒါနဲ့ပဲ ကွန်ပျူတာနည်းပညာကို ကိုယ်လျှောက်ရမဲ့လမ်းလို့ မပြောနိုင်ပါဘူး။ ကွန်ပျူတာက ဘယ်ပညာရပ်နဲ့ မဆိုတွဲဖက်ရမဲ့ မရှိမဖြစ် ပညာမျိုးပါ။ Bio သမားလည်း IT နဲ့ တွဲမှ ပိုပြီး ထိရောက်ပါတယ်။ အင်ဂျင်နီယာလည်း ကွန်ပျူတာသုံးရပါတယ်။ ကျောင်းသားလည်း ကွန်ပျူတာ၊ ဆရာတွေလည်း ကွန်ပျူတာ၊ နိုင်ငံအုပ်ချုပ်သူလည်း ကွန်ပျူတာ….. ဘယ်သူမဆို၊ ဘယ်နယ်ပယ်ကမဆို ကွန်ပျူတာနဲ့ တွဲဖက် ပေါင်းစပ်မှ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မှာပါ။ IT ကို တွဲဖက်ရတဲ့ ရည်ရွယ်ချက်က သက်သာဖို့ မဟုတ်ပါ။ ပိုကောင်းအောင် လုပ်ဖို့ရယ်ပါ။

ဗဟုသုတနဲ့ အသက်မွေးအတတ်

ဒီနေရာမှာ Knowledge နဲ့ Professional ရဲ့ ဆက်စပ်မှု၊ ကွာခြားမှုနဲ့ အရေးပါမှုကို ပြောချင်ပါတယ်။
ဗဟုသုတ (Knowledge) ဆိုတာ လေ့လာရင် လေ့လာသလောက် လူတစ်ယောက်မှာ အများအပြားရှိနိုင်သလို စိတ်ဝင်စားမှုပေါ် မူတည်လို့ လေ့လာနိုင်မှု နယ်ပယ်နဲ့ အတိုင်းအဆကို သတ်မှတ်လို့ မရစကောင်းပါ။ ဖြစ်ချင်သလို ဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲအကြောင်းက စလို့ ဂြိုဟ်တွေ၊ နက္ခတ်တွေအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်း…. စသဖြင့်ပေါ့လေ။ အမျိုးမျိုးသော စိတ်ဝင်စားမှုတွေ ရှိနိုင်ပါတယ်။ စိတ်ဝင်စားရင် ဝင်စားသလောက် လေ့လာနိုင်၊ သိနိုင်တာပါပဲ။ Knowledge Society လို့ ပြောနိုင်တဲ့ခေတ်ကြီးမှာ အမျိုးမျိုးအပြားပြားသော စိတ်ဝင်စားစရာတွေက မရေမတွက်နိုင်အောင် များလှသလို အင်တာနက်ဆိုတာကြီးက သိချင်တတ်ချင်စိတ်တွေကို အရောက် တွန်းပို့နိုင်စွမ်းရှိပါတယ်။

Professional လို့ဆိုတဲ့ အသက်မွေးဝမ်းကျောင်းပညာရဲ့ သဘောကကတော့ အိမ်ထောင်ပြုသလိုပါပဲ။ ဒီလမ်းကို ရွေးမိပြီဆိုရင် မလျှောက်လို့ မရတော့ပါဘူး။ မကြိုက်လို့ လမ်းကြောင်းပြန်ရွေးခွင့် ရတဲ့လူတွေဆိုတာက ရှိတော့ရှိတယ်…. ရှားပါတယ်။ ကံထူးသူ အနည်းစုသာ ဘဝကို ဂငယ်ကွေ့ ပြန်ကွေ့ဖို့ အခွင့်အရေးနဲ့ အချိန်ကို ရကြတာပါ။ အများစုကတော့ တည်မိတဲ့ဘုရား လဒ (လင်းတ) ပင်နားနား ဆိုတာမျိုး… လျှောက်မိတဲ့နောက်တော့ မထူးပါဘူးဆိုပြီး ဆက်လျှောက်ရတော့တာပါပဲ။ အဓိကအချက်ကတော့ အချိန်ပါပဲ။ အချိန်ဆိုတာ အသက်အရွယ်၊ ဘဝပဲ မဟုတ်လား။ အချိန်ကုန်သွားတယ်ဆိုတာ အရွယ် လွန်သွားတာ၊ အရွယ်လွန်တယ်ဆိုတာ ဘဝကုန်သွားတာပဲပေါ့။ နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားတဲ့အချိန်မှာ လွန်သွားပြီ။ ဒါပါပဲ…။ ဒါနဲ့ပဲ ဘဝကို မကျေမနပ်နဲ့ ပြီးဆုံးလိုက်ရတဲ့လူတွေ များနေတာပေါ့။

အသက်မွေးတဲ့ ပညာရဲ့ သဘောကိုက မဖြစ်မနေ သိအောင်ကြိုးစားရပါတယ်။ စိတ်ဝင်စားတာ ပါသလို စိတ်မဝင်စားတာတွေလည်း သိအောင်လုပ်သင့်ရင် လုပ်ရပါတယ်။ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်သင့်ရင် လုပ်ကို လုပ်ရပါတယ်။ အဲဒီတော့ လမ်းကြောင်းတစ်ခုကို လျှောက်မိတဲ့အခါ ကိုယ်ရဲ့တကယ့် ဆန္ဒအမှန်နဲ့ ကင်းကွာလွန်းရင် လျှောက်ရတာ မပျော်တော့ဘူး။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို စိတ်ဝင်စားအောင်၊ လုပ်ချင်အောင် မတွန်းနိုင်ရင် ကျွန်တော်တို့ ရွေးမိတဲ့ Professional လမ်းကြောင်းဟာ အဖတ်ဆယ်မရအောင် မှားတော့တာပါပဲ။ အထူးသဖြင့် ရည်မှန်းချက် ကြီးသူတွေ လမ်းမှားတစ်ခုကို လျှောက်မိပြီဆိုရင် သူတို့ကိုယ်သူတို့ ခွင့်မလွှတ်နိုင်အောင် ဖြစ်တတ်ကြတယ်။ သာမာန်လူတွေအနေနဲ့ သူတို့ကို နားလည်ပေးဖို့ ခက်ပါတယ်။ သာမာန်လူတွေရဲ့ အတွေးကတော့ ဒါမရလည်း ဘာဖြစ်လဲ…. ဆိုတာမျိုးပါ။ ကြုံသလို ရေစုန်မျောရတာက ကြိုးစားပြီး လမ်းဖေါက်၊ ရုန်းကန်ပြီး လျှောက်ရတာထက်တော့ သက်သာမှာပါပဲ။ ဒါပေမဲ့ တကယ့်ကျေနပ်မှု အစစ်ကိုတော့ လိုချင်တာ တကယ်ရသူများသာ ရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့စိတ်ဝင်စားမှုဟာ Knowledge လောက် စိတ်ဝင်စားတာလား။ Professional အဆင့်လောက်ထိ ပြင်းပြင်းပြပြ စိတ်ဝင်စားတာလား ဆိုတာကို ခွဲသိဖို့ အရေးကြီးတယ်လို့ ပြောလိုရင်းပါ။ Knowledge ဟာ ကိုယ့်ရဲ့ လူနေမှုဘဝမှာ သက်ရောက်မှု ရှိသလို ကိုယ့်ရဲ့ အသက်မွေးမှု (Professional) ကိုလည်း အထောက်အပံ့ ပေးပါလိမ့်မယ်။ ဒါပေမဲ့ ပိုပြီးကောင်းဖို့ ပိုပြီးပြည့်စုံဖို့သာ ဖြစ်ပြီး မဖြစ်မနေ သိရမဲ့ဟာလို့တော့ ပြောလို့ မရပါဘူး။ သဘောက ကျွန်တော် ဘလော့ဂ်ရေးတတ်တယ်။ စင်္ကြဝဠာကြီးအကြောင်း၊ နက္ခတ်တာရာတွေအကြောင်း စိတ်ဝင်စားတယ်။ နိုင်ငံရေးအကြောင်း တောပြောတောင်ပြော ပြောတတ်တယ်။ ပန်းချီတွေအကြောင်း ဖတ်ထားမှတ်ထားတာလေးတွေ ရှိတယ်။ 

ဒါပေမဲ့ ဒါတွေဟာ ကျွန်တော့် Professional မဟုတ်ဘူး။ ဒါတွေနဲ့ ကျွန်တော် အသက်မွေးတာ မဟုတ်ဘူး။ ဒါတွေမသိရင်လည်း ကျွန်တော်အလုပ် လုပ်လို့တော့ ရနေတာပဲလေ။ ဒါပေမဲ့ V= IR ဆိုတာမျိုးကျတော့ ကျွန်တော်မသိလို့ မဖြစ်ဘူး။ Must be ပဲ။ သိကိုသိရမှာ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးနေတဲ့ လူတစ်ယောက် ဖြစ်နေလို့ပေါ့ ခင်ဗျာ။ အဲဒါက ကျွန်တော့် Professional ပါပဲ။

ဥပမာ တစ်ခု ထပ်ပြောပါ့မယ်။ ကွန်ပျူတာမှာ Shortcut လေးတွေ ဟိုဖြတ်ဒီဖြတ်၊ ဟိုပို့ဒီပို့ လုပ်တတ်ရုံနဲ့ ဂရပ်ဖစ်ဒီဇိုင်နာ မဖြစ်ပါဘူး။ ဒီဇိုင်နာတစ်ယောက် ဖြစ်ဖို့ဆိုရင် အလင်းအမှောင်ရဲ့သဘော၊ အနီးအဝေးရဲ့ သဘော၊ မျဉ်းတွေရဲ့ သဘော…. စတဲ့ ပန်းချီအခြေခံတွေကို နားလည်ပြီး တီထွင်တတ်တဲ့ စိတ်ကူးအခြေခံရှိမှ ဒီဇိုင်နာ စစ်စစ် ဖြစ်မှာပါ။ တီထွင်တတ်ဖို့ဆိုတာ ဖေါက်ထွက်တတ်တဲ့ အတွေးအခြေခံမျိုးရှိဖို့ လိုပြန်ပါရော။ ဒါလေးတွေက တကယ့်အခြေခံ လိုအပ်ချက်တွေပါ။

ကွန်ပျူတာသုံးတဲ့လူတွေ များသလို ကွန်ပျူတာအခြေခံ နားလည်သူတွေလည်း များပါတယ်။ ဒါပေမဲ့ ကွန်ပျူတာကို ဘဝတစ်ခုလုံး ပုံအပ်လိုက်စားတဲ့ လူကတကယ်တော့ နည်းပါတယ်။ အခြေခံမှာသာ လူများပေမဲ့ အထက်ပိုင်းရောက်အောင် တက်လာနိုင်တဲ့လူက IT မှာ တကယ့် ဟီးရိုးတွေပါ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတာ ကွန်ပျူတာလား၊ ကွန်ပျူတာနည်းပညာလား ဆိုတာကို ကွဲပြားဖို့ လိုပါတယ်။
ကျွန်တော် AGTI ဆင်းပြီးတော့ ကွန်ပျူတာသင်တန်းတွေ တက်ခဲ့ပါတယ်။ အဲဒီမှာ IT Basic ဆိုတာကို သင်ရပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက Computer ဆိုတာ တွင်ကျယ်ကာစဗျ။ အခုလောက် ပေါပေါများများ ရှိတာမဟုတ်ဘူး။ ကွန်ပျူတာကို အဲယားကွန်းနဲ့ ကော်ဇောနဲ့ ထားကြတဲ့ခေတ်ကိုး။ 

သင်တန်းမှာ ထုံးစံအတိုင်း WORD နည်းနည်း EXCEL နည်းနည်း POWER POINT နည်းနည်း… ဟိုနည်းနည်း ဒီနည်းနည်း သင်တာပေါ့။ သင်တန်းပြီးတော့လည်း ပြီးသွားတာပေါ့လေ။ အမှန်တကယ် ပေးသင့်တဲ့ message က ကွန်ပျူတာနည်းပညာရဲ့ over view ကို သင်ရမှာပါ။ ကွန်ပျူတာဆိုတာ ဒီလိုတွေ သုံးလို့ရတယ်… သူနဲ့ပတ်သက်ပြီး သီးသန့် လေ့လာချင်ရင် Hardware ဆိုတာ ရှိတယ်။ Software ဆိုတာ ရှိတယ်။ Hardware ကို လေ့လာချင်ရင် A+ ဆိုတာ ရှိတယ်။ Software မှာဆို Programming ဆိုတာရှိတယ်။ Application တွေ ရှိတယ်။ ဒါမှမဟုတ် Networking လို လမ်းကြောင်းမျိုး ရှိတယ်။ စသဖြင့် ဒီလမ်းကြောင်း ဝါသနာပါရင် ဒီလိုလုပ်၊ ဟိုလမ်းကြောင်း စိတ်ဝင်စားရင် ဟိုလိုလုပ်…. ရှေ့ဆက်ရင် တက်လမ်းဘယ်လို ရှိနိုင်တယ်…. အဆင့်မြင့် ဆက်လေ့လာချင်ရင် ဘယ်လိုလေ့လာရတယ်…. ဆိုတဲ့ လမ်းကြောင်းတွေရဲ့ Overview ကို ချပြပြီး သင်တန်းသားတွေကို လမ်းညွှန်ပေးနိုင်သင့်တယ်။ သူတို့ကိုယ်သူတို့ ဘာကိုစိတ်ဝင်စားတယ် ဆိုတာကို ကြည့်တတ်အောင်၊ မြင်တတ်အောင် သင်ကြားပေး၊ မျက်စိဖွင့်ပေးရမှာပါ။ အသုံးချနည်း အမြည်းလေးတွေနဲ့ လမ်းကြောင်းတွေရဲ့ သဘောသဘာဝကို သင်ပေးနိုင်မှ Basic ဆိုတဲ့ အဓိပ္ပါယ်ပေါ်မှာပါ။ သင်တန်းသားတွေကို ဒါပြီးရင် ဘာလုပ်လို့ ရတယ်…. ဘယ်ကို ဆက်လျှောက်နိုင်တယ် ဆိုတာမျိုး ပေးနိုင်သင့်ပါတယ်။ ဆုံးဖြတ်ဖို့က ကာယကံရှင်ရဲ့ ကိစ္စပါ။ 

အခုတော့ စာအုပ်ထဲပါတာကို ပြီးအောင်သင်သွား။ အချိန်တိုအတွင်း ဟိုနည်းနည်း ဒီနည်းနည်း သင်တာဆိုတော့ ကွန်ပျူတာ ကိုင်ဖူးရုံနဲ့ ပြီးသွားတာပါပဲ။ ဘာ message မှ တိတိကျကျ မရလိုက်သူတွေက အများစုပါ။ သင်တန်းပြီးတော့လည်း ဘာလုပ်ရမှန်း မသိပြန်ပါဘူး။ ချက်ချင်းကြီး သိရမယ်လို့လည်း မဆိုလိုပါဘူး။ ဒါပေမဲ့ သိချင်တဲ့သူတွေအတွက် စဉ်းစားစရာလေးတွေ ပေးနိုင်ဖို့ အားထုတ်သင့်လှကြောင်းပါခင်ဗျား။

မပျင်းသေးရင် အပိုင်း-၉ ကို ဆက်ဖတ်ပါ။ မကြာခင် တင်ပေးပါ့မယ်။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...