Monday, November 17, 2014

ဓါးလိုလူ



ကျနော့အမေဘက်က ကျနော်နဲ့ အဘေးတော်တဲ့ ဘကြီးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ဘကြီးဦးလုံး တဲ့။ စကားတတ်သလောက် စကားကပ်တယ်။ စကားကပ်သလောက် အငြင်းသန်တယ်ဗျ။ တစ်ခါကျတော့ အိမ်ရှေ့မှာ ထိုင်နေရင်းနဲ့ ရှေ့က ဖြတ်သွားမိတဲ့ သူ့သားမက်ကို လှမ်းခေါ်တယ်။

"ဟဲ့ကောင်… လာဦး…"

ယောက္ခမအကျောကို သိတဲ့ သားမက်ကလည်း စိတ်ထဲမှာ အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတော့ ခပ်လန့်လန့်နဲ့ ပြန်ထူးတယ်။

"ဘာလဲ… အဖေရ…"


"လာစမ်းပါကွာ… တရားအကြောင်း နည်းနည်းဆွေးနွေးချင်လို့….."

သားမက်ကလည်း ကျီးကြည့်ကြောင်ကြည့်နဲ့ ဘယ်လို လစ်ထွက်ရမလဲ ကြံတယ်။ သိနေတယ်လေ။ တစ်ခုခုတော့ ကပ်တီးကပ်ဖဲ့ လုပ်တော့မယ်ဆိုတာ။ ခက်တာက လောလောဆယ်တော့ ဘယ်မှလည်း ပြေးရမဲ့ပုံ မပေါ်။ ဘကြီးဦးလုံးလို လူမျိုးက သူပြောချင်ရာပြောတာ နားထောင်မဲ့လူဆိုလို့ကတော့ လိုအပ်ရင် ရေနွေးကြမ်းတိုက်ပြီး ပြောမှာ။ လွတ်သွားမှာစိုးလို့။ သူ့သားမက်ကတော့ သူ့အတွက် ငယ်နိုင်ကိုး။

  "သိဒတ္ထမင်းသား တောထွက်တာ ဘာစီးပြီး ထွက်တာတုန်း…. ကွ..."


"ဟာဗျာ… အဖေကလည်း.. ကလေးတောင် သိတယ်… မြင်းစီးပြီး ထွက်တာပေါ့ဗျ….."


"မဟုတ်ဘူးကွ…. တကယ်တော့ နတ်တွေက ကျွဲကို မြင်းယောင်ဆောင်ထားတာ….."

သားမက်လည်း ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်း မသိတော့ဘဲ ဘကြီးဦးလုံး ပြောသမျှ နားထောင်လိုက်ရတော့တယ်။

နောက်တစ်ခါ ခံရတာက ကျနော်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ကြယ်တွေ၊ လတွေ၊ နက္ခတ်တာရာတွေကို စိတ်ဝင်စားတတ်တယ်။ အမေရိကန်က နာဆာ အကြောင်းကို ၄ တန်းကျောင်းသား ဘဝကတည်းက စာကြည့်တိုက်မှာ လိုက်ရှာဖတ်တတ်တယ်။ တစ်နေ့တော့ တောက အလည်ရောက်နေတဲ့ ဘကြီးဦးလုံးရှေ့မှာ ကစားနေရင်း ဘကြီးရှေ့မှာမှ ကံဆိုးစွာနဲ့ လပေါ်ကို လူသားတွေ အခြေချတဲ့အကြောင်း သွား အာ မိလေတယ်။ တောကဘကြီးဆိုတော့လည်း ကိုယ့်လောက်ခေတ်မမှီလောက်ဘူးဆိုပြီး ကလေးပီပီ သိတာလေး ကြွားတာပေါ့လေ။


 "အခုဆို လ ပေါ်ကို လူတွေတောင် ရောက်နေပြီ ဘကြီးရဲ့…."


"ဟုတ်လို့လားကွာ….. မဖြစ်နိုင်တာ…. ငါတော့ မယုံပါဘူး…."


"ဟာ… အဘကလည်း…. ဂြိုလ်တုသတင်းမှာတောင် ဒီလောက် ပါနေတာတွေ မတွေ့ဘူးလား….."


"ဟ…. ဒါလောက်ကတော့ နိုင်ငံခြား ရှပ်ရှင်တွေမှာ လုပ်ရိုက်ပြတာ မတွေ့ဖူးဘူးလား…."


"ဟာ… အဘကလည်း…. အဲဒါက ရုပ်ရှင်လေ… ဒါက တကယ်…."


"အဲဒါ တကယ့်ဟာလို့ မင်းကို ဘယ်သူပြောလဲ….. လုပ်ရိုက်ပြတာပါကွာ….. မဖြစ်မှ မဖြစ်နိုင်တာ…"

ပြောရမယ်ဆိုရင်တော့ ကျနော်လည်း ဘကြီး ယုံအောင် ဘယ်လို ပြောရမှန်း မသိတာနဲ့ သူပြောတာတွေပဲ ပြူးတူးကြောင်တောင်နဲ့ နားထောင်လိုက်ရတော့တယ်။ ဒါတောင် အဲဒီတုန်းကရုပ်ရှင်တွေက Thor လောက် မမြင့်သေးလို့။ နို့မို့ရင် နတ်ပြည်ကိစ္စပါ ငြင်းရလောက်တယ်။

ဆရာကြီး မင်းသိင်္ခက ရေးဖူးတယ်။ မြန်မာပြည်မှာ မုန့်ဟင်းခါးဟင်းရည် အဆစ်တောင်းသောက်တာ သူ့ဘကြီးက စ တာဆိုပဲ။ ဘယ်သူကမှ သုတေသနလုပ်ထားလည်း မရှိ၊ သမိုင်းထဲ ပါတဲ့ ကိစ္စလည်း မဟုတ်လေတော့ ငြင်းလို့လည်း မရဘူးလေ။

တစ်ခါတစ်ရံ လူတွေနဲ့ စကားပြောတဲ့အခါ တစ်ဘက်က ပြောနေတာ မဟုတ်မှန်းသိတယ်။ သိပေမဲ့ အခြေအနေအရ ပြန်ပြီး ငြင်းဖို့ ခုန်ဖို့ မဖြစ်နိုင်တာကြောင့် မဟုတ်မှန်း သိသိကြီးနဲ့ ငြိမ်နေလိုက်ရတာမျိုး လူတိုင်းနီးပါး ကြုံဖူးကြပါလိမ့်မယ်။

ဒါပေမဲ့ ပြန်မငြင်းတိုင်း ယုံကြည်လက်ခံနေတာ မဟုတ်ဘူးဆိုတာကိုတော့ အကင်းပါးတဲ့ စကားပြောသူတစ်ယောက်ဆို နားလည်ပါတယ်။ တချို့အတ္တကြီးတဲ့သူတွေကတော့ အဲဒီလို ဖိပြော၊ ချောင်ပိတ်ပြောရတာကို အရသာ တွေ့နေတတ်ပါတယ်။ အဲဒီ အပေါ်မှာပဲ တလွဲမာန ဖြစ်လာတတ်ပါတယ်။ မရင့်ကျက်တဲ့သဘော၊ တရားသဘောနဲ့ ပြောရရင် မောဟဖုံးတဲ့ သဘောပါပဲ။ ဒါမျိုးက လူကြီး၊ လူငယ် မရွေးဖြစ်နိုင် ကြုံနိုင်ပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်က အကျိုးနဲ့ အကြောင်းနဲ့ အကိုးအကားနဲ့ ကိုယ့်ရဲ့ ထင်မြင်ပြောဆိုချက်ဟာ မဟုတ်ကြောင်း ငြင်းဆိုသွားရင် နောက်ဆုံး မနိုင်လို့သာ လျော့ပေးလိုက်ရတယ်။ စိတ်ထဲမှာ မကျေမချမ်း ဖြစ်နေတတ်ပါတယ်။ နောက်တစ်ကြိမ် အနိုင်ရဖို့ အစဆွဲဖို့ အခွင့်အရေးကို စောင့်နေတော့တာပါပဲ။ ဒါမျိုးတွေဟာ ကျနော်တို့ ခင်ဗျားတို့ရဲ့ နိစ္စဒူဝ ဝန်းကျင်မှာတင် မြင်နေကျမြင်ကွင်းတွေပါ။ တစ်ခါတစ်ရံ ကျနော်တို့ ကိုယ်တိုင် အဲဒီလို ဖြစ်နေတတ်တာကို တွေ့လည်း သတိထားမိနိုင်ပါသေးတယ်။

မြတ်စွာဘုရားလက်ထက်က သိစ္စကပုရဗိုဇ်ဟာ အဲဒီလို လူစားမျိုးပါပဲ။ စကားအရာ ပါးနပ်လိမ်မာလွန်းလို့ ဘယ်သူမှ သူနဲ့ ဝါဒရေးရာ မပြိုင်နိုင်ကြပါဘူး။ ဘယ်လောက်အထိ စကားတတ်၊ စကားကပ်လိုက်သလဲဆို အောင်ခြင်းရှစ်ပါးမှာ ထည့်သွင်းထားရတာကိုသာ ကြည့်ပါ။ တကယ်တော့ စကားအနိုင်ရအောင် ပြောတတ်တာ၊ စကားပြော ကျွမ်းကျင်တာပါ။ ဒါပေမဲ့ သူပြောတာတွေဟာ မမှန်ဘူးဆိုတာ ဘုရားရှင်နဲ့ တွေ့တော့မှ ရှင်းတော့တာပါပဲ။ နောက်ဆုံး ဘယ်လိုမှ မပြောနိုင် မငြင်းနိုင်တာတောင် ဆရာသမားက ဝန်မခံပါဘူး။ ပေကပ်ကပ်လုပ်နေလို့ တော်တော်ပြောယူရပါတယ်။

နောက်တစ်ယောက် စကားအရာ ကျွမ်းကျင်သူကတော့ မိလိန္ဒမင်းကြီးပါ။ မိလိန္ဒမင်းကြီးရဲ့ စကားနဲ့ နှိပ်စက်ချက်ကတော့ သူ့နိုင်ငံထဲမှာ ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းတွေပါ နေလို့မရလောက်အောင် ပါပဲ။ အတော် လက်ပေါက်ကပ်တဲ့ ဘုရင်ကြီးပါ။ ဒါပေမဲ့ ပါရမီနဲ့ကို လက်ပေါက်ကပ်တာဆိုတော့ ဘယ်သူမှ ယှဉ်မရပါဘူး။ နောက်ဆုံး ရှင်နာဂသိန်နဲ့ တွေ့မှပဲ ကျွတ်ပါတော့တယ်။ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်ရဲ့ အမေးအဖြေတွေဟာ ဗုဒ္ဓဘာသာမှာ ကျမ်းတစ်စောင် အဖြစ်နဲ့တောင် ကျန်ခဲ့ပါတယ်။

ဆိုလိုတာက စကားအနိုင်ရရုံနဲ့ ကိုယ်ထင်တာ အမှန်လို့ မဆိုနိုင်ပါဘူး။ စကားတတ်တိုင်း စကားကပ်လို့ ရပေမဲ့ တကဲ့ ပကတိအမှန်တရားက အမှန်တရားပါပဲ။ ဓမ္မဟာ ဓမ္မ၊ အဓမ္မဟာ အ ဓမ္မ ပါပဲ။ ကြမ်းပိုး (ဂျပိုး) ကို လိပ်ဖြစ်အောင် ပြောတတ်သူတွေ သတိထားသင့်ပါတယ်။

တကယ်တော့ မဟုတ်မှန်းသိပေမဲ့ ပြန်မငြင်းဘူးဆိုတာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ တချို့က အငြင်းအခုန်လုပ်ရမှာ ဝန်လေးလို့၊ တချို့က စကားပြော သိပ်မတတ်လို့၊ တချို့က မိတ်ပျက်မှာ စိုးလို့၊ တချို့က ကျမ်းကိုးကျမ်းကား သိပ်မရလို့၊ တချို့က ရန်ဖြစ်မှာ စိုးလို့၊ တချို့က ငြင်းရခုန်ရမဲ့သူဟာ ကိုယ့်အထက်က ဖြစ်နေလို့၊ တချို့က ငြင်းခုန်နေလည်း အကျိုးရှိနိုင်ဖွယ်ရာ မမြင်လို့… စသဖြင့် အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ တခါတရံ တစ်ဘက်က ပြောနေတာ မဟုတ်မှန်းတော့ သေသေချာချာ သိတယ်။ ဒါပေမဲ့ အဖြေက ဘာဆိုတာတော့ ကိုယ်လည်း မသိဘူး ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ််။ ဒါကြောင့် ပြန်လည်ခုခံချေပလို့ မရဘဲ ငြိမ်နေလိုက်ရတာမျိုးတွေလည်း ရှိတတ်တာပါပဲ။

အငြင်းအခုန်ကို ဝန်လေးတဲ့ လူစားမျိုးထဲမှာ ကျနော်လည်း ပါ ပါတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်လည်း အခုမှသာ ဝန်လေးသွားတာ။ အရင်က ငယ်တဲ့စိတ်နဲ့ဆိုတော့ စကားနိုင်လုရတာကို အင်မတန် ပျော်တာကလား။ ကျနော်ငယ်ငယ်မှာ အမေက ရှေ့နေလုပ်ခဲ့ဖူးသလို စကားလည်းတတ်၊ ဥပဒေလည်း ကျွမ်းကျင်တော့ တချို့စရိုက်တွေကို အမေ့ဆီက အမွေရတယ်ထင်ပါရဲ့။ အမေကလည်း စကားကို ဆဲတာ၊ ပါးရိုက်တာထက်နာအောင် ပြောတတ်တဲ့ မိန်းမမျိုး။ ကျနော်လည်း အဲဒီအချိန်တုန်းက သူတစ်ပါးကို ချောင်ပိတ်မေးရ ပြောရတာကို ခုံမင်ခဲ့ဖူးတာ ဝန်ခံရမှာပါပဲ။ တစ်ဖက်သား ဘာပြန်ပြောရမှန်းမသိအောင် ပြောလိုက်ပြီးရင် အဲဒီလူရဲ့ မခံချိမခံသာ မျက်နှာကို ကြည့်ပြီး အရသာ ရှိခဲ့ဖူးတယ်။ စာတွေ ဖတ်တဲ့အခါ ငြင်းရင်ခုန်ရင် သုံးဖို့ ပြင်းထန်စူးရှတဲ့ စကားလုံးတွေဆို စိတ်က အလိုလိုမှတ်နေတတ်တာ။ ငြင်းဖို့ခုန်ဖို့ စာဖတ်ခဲ့တယ် ဆိုပါတော့။ နောက်ဘိတ်ဆုံး မနိုင်တော့ရင်တောင် ခင်ဗျားဘက်က ကြည့်တော့ လက်ဖဝါး၊ ကျနော့ဘက်က ကြည့်တော့ လက်ဖမိုး တို့ဘာတို့နဲ့ မနိုင်နိုင်ရာ အရှုံးမပေး ခံငြင်းခဲ့တာ ကျနော်ပါပဲ။

အဖေ့တောင် ကိုယ့်လောက်တတ်တယ် ထင်ခဲ့တာမဟုတ်ဘူးလေ။ ဒါကိုလည်း ဂုဏ်ယူဝ့ံကြွား သာယာခဲ့ဖူးပါသဗျာ။ ကျနော် ၉ တန်းကျောင်းသားဘဝ ဒဂုံ (၁) မှာ တက်တော့ သမ္မတရုံအောက်က လက်ဖက်ရည်ဆိုင်ဟာ စာကြီးပေကြီးဖတ်တဲ့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ စကားကြိုးဝိုင်း ဖြစ်ခဲ့ဖူးတာပေါ့။ ရှင်ဥက္ကဋ္ဌတို့၊ ဆရာပါရဂူတို့၊ ဆိုကရေးတီးတို့ဆိုတာ ကျနော်တို့ရဲ့ ကိုးကွယ်ရာတွေပေါ့။ ဗုဒ္ဓကျမ်းစာတွေ၊ ခရစ်ယာန်ဘိုက်ဘဲလ်တွေ၊ ကိုရာမ်ကျမ်းစာတွေ၊ ဟိန္ဒူအယူဝါဒတွေ ဆိုတာလည်း ကျနော်တို့ရဲ့ မဆုံးနိုင်တဲ့ ငြင်းစရာခုန်စရာ ကုန်ကြမ်းတွေပေါ့။


GTI ပြီးလို့ နေပြည်တော်ရုပ်ရှင်ရုံမှာ အသံပိုင်းအင်ဂျင်နီယာအဖြစ်နဲ့ အလုပ်ဝင်တော့ လုံခြုံရေး ဦးအောင်ထွန်းက ကျနော့ကို သတိပေးတယ်။

လူဆိုတာ ကိုယ်တိုင် ဓါး ဖြစ်လာရင် မကောင်းဘူးကွ…. ဓါးဆိုတာ သူများကိုပဲ ခုတ်လို့ရတယ်…. ကိုယ့်ကိုယ်ကို ခုတ်လို့ မရဘူး… တဲ့။

အဲဒီစကားကို ကျနော် အခုထိ မမေ့ဘူး။ ကျနော့်အသက်အရွယ်အရ အတွေ့အကြုံ ဗဟုသုတများလာသည်နှင့်အမျှ သူ့စကားရဲ့ အတိမ်အနက်ကို ပိုပြီးနားလည်လာတယ်။ သူများတွေ အခက်အခဲဖြစ်ရင် နှစ်သိမ့်အားပေးတတ်တဲ့ ကျနော်ဟာ ကျနော်ကိုယ်တိုင် ဒုက္ခရောက်တဲ့အခါတိုင်းမှာ အထီးကျန်သလို ခံစားရတယ်။ မိတ်ဆွေတွေက အားပေးစကားပြောရင်တောင် စိတ်ထဲက သိပြီး၊ နားလည်ပြီးတာတွေ လာပြောနေသလို ခံစားရတော့ ကိုယ့်ရဲ့ စိတ်အနာတရဖြစ်မှုဟာ သက်သာရာ မရဘူး။ အခုတော့ စကားလုံးတွေရဲ့ ထိရောက်မှုထက် သူတို့ရဲ့ ရင်ထဲက မေတ္တာကိုသာ လေးလေးနက်နက် အာရုံပြုတော့တယ်။ အဲဒီအခါမှာ ကိုယ့်ကိုချစ်တဲ့ ခင်တဲ့သူတွေနဲ့ ဘာစကားတစ်ခွန်းမှ မဆိုဘဲ အတူတူထိုင်နေရင်တောင် အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်။ အသက် ၃၀ ကျော်လာပြီးတဲ့ နောက်ပိုင်းမှာ ကျနော်ဟာ တရားဓမ္မဘက်ကို စတင်ပြီး စိတ်ညွှတ်လာခဲ့ပါတယ်။ ကျနော် လေ့လာဖတ်ရှုခဲ့ဖူးတဲ့ စာတွေ၊ အတွေးအခေါ်တွေကို လက်တွေ့ဘဝနဲ့ ချိန်ထိုးကြည့်ရင်း ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင် ယုံကြည်မှု၊ ကိုယ်ပိုင်ဟန်တွေ ဖြစ်လာခဲ့တယ်။ ကိုယ့်တန်ဖိုးကို ကိုယ်သိလာတယ်လို့လည်း ဆိုနိုင်ပါတယ်။

ကိုယ်ပိုင်ဟန် ဆိုတာက ဒီလိုပါ။ ငယ်ငယ်တုန်းကတော့ ကျနော်တို့ သဘောကျတဲ့သူ၊ လေးစားတဲ့သူ တစ်ယောက်နဲ့ အနီးကပ်နေလိုက်ရင် အဲဒီလူရဲ့ ပြောဟန်၊ ဆိုဟန်၊ လှုပ်ရှားဟန်တွေနဲ့ တူလာတတ်ပါတယ်။ အမူအယာတွေကအစ ပုံတူကူးသလို ကူးယူမိတတ်ပြီး အဲဒီလူနဲ့ တူနေတတ်ပါတယ်။ အသက်ကလေး ရလာတော့ အဲဒီလိုတွေ မရှိတော့ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် အယူအဆတွေနဲ့ပဲ ရှင်သန်တတ်လာပါတော့တယ်။ စာအုပ်တွေ ဖတ်ပေမဲ့ ငြင်းဖို့၊ စကားနိုင်လုဖို့ မဟုတ်တော့ဘဲ ကိုယ်ယုံကြည်ထားတာတွေကို ဝေဖန်ဆန်းစစ်ရင်း ဖတ်တတ်လာပါတယ်။ ကောင်းတာ၊ မှန်တာလေးတွေကို ယူထားပြီး မကောင်းတာတွေကို စွန့်ပစ်ဖို့ ကြိုးစားရင်း အသက်ကြီးလာသည်နှင့်အမျှ ရင့်ကျက်အောင် ကြိုးစားမိလာပါတယ်။

ကိုယ့်တန်ဖိုးကိုယ်သိလာတယ် ဆိုတာက… အရင်တုန်းက ကိုယ့်ကို ချီးကျူးရင် ကြိုက်တယ်။ ဂုဏ်ယူတယ်။ ပီတိ ဖြစ်တယ်။ ကိုယ့်ကို ကဲ့ရဲ့ အတင်းစကား ဆိုတာကြားရင် စိတ်တိုတယ်။ လက်တုန့်ပြန်ချင်တယ်။ မကြိုက်ဘူး။ ဆိုလိုတာက ချီးမွမ်းသံကြားရင် စိတ်ဓါတ်က တက်သွားလိုက်၊ ကဲ့ရဲ့သံကြားရင် စိတ်ဓါတ်က ကျသွားလိုက်နဲ့ ဝန်းကျင်ပေါ် မူတည်ပြီး စိတ်အတက်အကျ ဖြစ်နေတာပါ။ အခုတော့ ချီးကျူးလည်း သိပ်အများကြီး ဝမ်းမသာပါဘူး။ ချီးမွမ်းသံ ကြားတဲ့အခါ ဘဝအတွက် ယုံကြည်မှုလေးတစ်ခု တိုးလာတဲ့ သဘောလောက်တော့ ခံစားရပါသေးတယ်။ ဘဝမှာ ချီးမွမ်းသံတွေ၊ ကဲ့ရဲ့သံတွေ အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပါပြီ။

ကဲ့ရဲ့လို့လည်း ထူးပြီး စိတ်ထဲမှာ မခံစားရပါဘူး။ ကျနော့ကို ၂ ပြားမတန်အောင် ပြောလို့လည်း ၂ ပြားမတန်တဲ့ကောင်ကြီး ဖြစ်မသွားပါဘူး။ ချီးမွမ်း၊ ကဲ့ရဲ့ကြောင့်တော့ ကျနော့တန်ဖိုး ပြောင်းမသွားပါဘူး။ ကျနော့တန်ဖိုးကို ချနိုင်တာလည်း ကျနော်ကိုယ်တိုင်ပါပဲ…. ကျနော့တန်ဖိုးကို တက်အောင် လုပ်နိုင်တာလည်း ကျနော်ကိုယ်တိုင်ပဲလို့ နားလည်သွားတဲ့နောက်တော့ ဘာကိုမှ ရင်မခုန်တော့ပါ။
ပြီးပြည့်စုံတဲ့သူဆိုတာ မရှိနိုင်သလို လူအမျိုးမျိုး စိတ်အထွေထွေရှိတဲ့ လူတွေ လွတ်လပ်စွာကွဲလွဲခွင့် ရှိတယ်လို့ ကျနော်ယုံတယ်။ ယုတ်စွအဆုံး ကျနော့ဇနီးသည်ကိုတောင် ကျနော်နဲ့တူဖို့ ဘယ်တုန်းကမှ စိတ်တောင် မကူးဖူးပါဘူး။ ကျနော်တို့ ညီဖို့လိုတဲ့ကိစ္စတွေမှာ ဆွေးနွေးညှိနှိုင်းတဲ့နည်းကိုပဲ အတတ်နိုင်ဆုံး သုံးပါတယ်။ သူ့ကို လွှမ်းမိုးဖို့လည်း မကြိုးစားမိပါဘူး။ သူ့အရည်အချင်းကို သူသိစေဖို့ အကြံဉာဏ်တွေပဲပေးခဲ့ပါတယ်။

ကျနော့်အယူအဆနဲ့ မတူ… ယုံကြည်ရာ မတူသူတွေကိုလည်း လူတစ်ဦးချင်းစီအလိုက် ဆွေးနွေးလို့ရရင် ဆွေးနွေးပါတယ်။ ငြင်းချင်ခုန်ချင်၊ သူတစ်ပါးကို တိုက်ခိုက်လွှမ်းမိုးချင်စိတ် အခြေခံနဲ့ အစ လာဆွဲရင်တော့ အလယ်အလတ် စကားလေးများနဲ့ သူ့လည်း တိုက်ခိုက်ရာမရောက်အောင်၊ သူလည်း စိတ်ချမ်းသာ ကိုယ်လည်း အေးချမ်းတဲ့ စကားလေးများနဲ့ ရွေးပြောလိုက်တာပါပဲ။ ကျနော်လည်း သူတစ်ပါးကို အနိုင်ယူချင်စိတ် မရှိသလို ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနာတရ ရှိမှာ၊ အကုသိုလ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက်ပါ။
လူတချို့ဟာ ပူပြင်းတယ်။ ခွင့်မလွှတ်တတ်ဘူး။ အနိုင်လိုချင်တယ်။ စကားပြောရင် အထက်စီးလေးက ပြောရမှ နေသာထိုင်သာ ရှိတယ်။ မြတ်စွာဘုရားကတော့ ရှင်းရှင်းပဲ ဟောခဲ့တယ်။ မှန်ပြီး အကျိုးရှိမဲ့စကားကိုသာ ပြော…တဲ့။ အတိအကျ လိုက်နာနိုင်သေးတာတော့ မဟုတ်ပေမဲ့ အသိရှိနေတော့့ ကိုယ့်ကို အစ ဆွဲလာပြီဆို အလိုအလျှောက် သတိထားပြီး ထိန်းသိမ်းပြောတတ်လာတာတော့ အမှန်။




စကားတွေ ပြောကြ၊ အဲဒီ စကားတွေကြောင့် ချစ်ကြ၊ မုန်းကြ၊ ရန်တွေ ဖြစ်ကြ၊ စစ်ပွဲတွေ ဖြစ်ကြ။ စကားတွေက သံသယတွေကိုလည်း ဖြစ်စေတယ်။ တခါတရံ လူတစ်ယောက်နဲ့တစ်ယောက် အယူအဆမတူမှန်း ပါးစပ်က မပြောပေမဲ့ ရင်ထဲက သိပါတယ်။ ဒါပေမဲ့ အကုန်မတူတာတော့ မဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ လုံးဝ မတူပေမဲ့ တချို့ကိစ္စတွေမှာ တူပြန်ရော။ ဒါ လူတိုင်းပါပဲ။ ပုံမှန်ပါ။ အဲဒါကို မတူတဲ့အပိုင်း ပုံကြီးသွားချဲ့ရင် အမုန်းတွေ ဖြစ်လာမှာပေါ့။ တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးအောင် ကြိုးစားရင် တိုးမိ တိုက်မိ ကြတော့မှာပေါ့။ အမှန်နဲ့ အမှားဆိုတာ အမြဲသီးသန့်ကြီးမှ မဟုတ်တာ။ ရောထွေးနေတဲ့ကိစ္စတွေပဲ များတာပါ။ အဲဒီတော့ တူတာလေးတွေ ရှာဖွေပြောဆိုကြရင် ကောင်းတာလေးတွေ ဖြစ်လာမှာပေါ့။

ကျနော်တို့ ဓါးလိုလူတွေ မဖြစ်ဖို့ လိုတယ် မဟုတ်လား။

(သရုပ်ဖေါ်ပုံများကို Google မှ ကူးယူအသုံးပြုပါသည်။)


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...