Tuesday, November 4, 2014

ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၆)





 နောက်တစ်ခါကျတော့ ပွဲ မဟုတ်တော့ဘဲ Tiong Beru MRT ကို လာခဲ့ပါ…. ဆွေးနွေးစရာ ရှိလို့ လို့ ဆိုလာပါတယ်။ ဒါနဲ့ပဲ MRT နားက KFC ဆိုင်မှာ ကျနော်နဲ့ ကျနော့ သူငယ်ချင်းလင်မယားရယ်၊ သူတို့ရဲ့ topline က ပုဂ္ဂိုလ်ရယ် တွေ့ကြပါတယ်။

"ကဲ…. အခုထိတော့ ကျနော်တို့ business ကို မရှင်းတာ ဘာရှိသေးလဲ… မရှင်းရင် မေးနော်… အားမနာနဲ့…."

"အင်း…. ခုထိတော့ နားလည်ပါတယ်…. တစ်ခုပဲ…. ဈေးရောင်းစရာလည်း မလိုဘူးဆိုတော့ ကျနော် ဘာလုပ်ရမှာလဲ… အဲဒါ မရှင်းသေးဘူး…."

စာရွက်တစ်ရွက်ကို စားပွဲပေါ် တင်လိုက်ရင်း ဘော့ပင်နဲ့ စ ပြီး ခြစ်ရင်း ရှင်းပြပါတယ်။

 

"အခုခေါ်တာ အဲဒါ ပြောဖို့ပဲလေ…. ကျနော်တို့ ဆီမှာ member ဝင်ဖို့ S$14000 စပြီး မ တည်ရမယ်… ဒါပေမဲ့ အဲဒီ ပိုက်ဆံကို ကျနော်တို့ ကုမ္ပဏီက အလကားမယူပါဘူး…. Product S$15000 ဖိုး free ပြန်ပေးမယ်….. ပြီးရင် လုပ်ရမဲ့ အလုပ်က နောက်ထပ် member ၃ ယောက် ထပ်ရှာရုံပဲ….. ၃ ယောက်ပဲ… ပိုရှာစရာ မလိုဘူး…. ၃ ယောက် ရရင် အရင်းကျေပြီ…. အဲဒီ ၃ ယောက်က နောက်ထပ် ၃ ယောက်စီ ထပ်ရှာတဲ့အခါ အမြတ် စ ရပြီပေါ့…. ကိုယ်ကတော့ သူတို့အဲလို ထပ်ရှာနိုင်အောင် ဖိဖိစီးစီး အကူအညီပေး တွဲခေါ်ရမယ်…. တခြား MLM တွေလို ပေါ်ကနေ ထိုင်နေလို့တော့ မရဘူး…. Downline တွေကို ဂရုစိုက်ရမယ်…. ကျနော် အခုလုပ်သလိုပေါ့…. သူတို့ လင်မယားကို ကျနော်ဆင်းကူနေတာပဲလေ…."

ပြောပြီးတော့ ၃ ယောက်သား ကျနော့မျက်နှာကို အကဲခတ်နေကြပါတယ်။ လစာ s$610 သာရတဲ့ WP သမားလေး ကျနော် ဒီ amount ကို ကြားရင် စိတ်လှုပ်ရှားသွားမယ်လို့ ထင်ပုံ ပေါ်ပါတယ်။ ကျနော် သိလိုက်ပါတယ်။ တကယ်တမ်း စိတ်လှုပ်ရှားနေတာ ကျနော့သူငယ်ချင်း လင်မယား ဖြစ်လိမ့်မယ် ဆိုတာကိုပါ။ ဒုတိယ စိတ်လှုပ်ရှားမှာက သူတို့ ဆရာသမားပဲ ဖြစ်ပါလိမ့်မယ်။

ကျနော်လား….. ဘာမှ မဖြစ်ပါဘူး…. ဖြစ်စရာလည်း မရှိဘူး….. ငွေ amount များများကြားလို့ လန့်ဖျတ်တတ်တဲ့ လူစားမျိုးထဲမှာ ကျနော်မပါ ပါဘူး။ သူ့ဟာသူ တစ်သောင်းခွဲ မကလို့ ၁၀ သိန်းခွဲပဲ ဖြစ်ဖြစ် ကျနော်ပေးမှ ဖြစ်မဲ့ကိစ္စကို ဘယ်တော့မှ စိတ်မလှုပ်ရှားတတ်ပါဘူး။ ပြီးတော့ ပေးစရာလည်း ရှိမှ မရှိတာ။ ကိုယ့်မှာ မရှိတဲ့ပိုက်ဆံအတွက် ဘာ စိတ်ပူစရာမှ မရှိတဲ့အတွက် ဘယ်လိုမှကို မနေတာ။ 

သို့သော် ကျနော်တို့က ဈေးမရောင်းခိုင်းပါဘူး ဆိုသည့် စကားကိုတော့ သဘောပေါက်သွားသည်။ ဟုတ်သည်…. ဈေးမရောင်းခိုင်းတာတော့ အမှန်။ ဒေါ်လာတစ်သောင်းလေးထောင်ဖိုး ဝယ်ခိုင်းခြင်းသာ ဖြစ်သည်။ ဒါကိုပင် ပိုက်ဆံကို အလကားမယူ…. ပစ္စည်း တစ်သောင်းခွဲဖိုး အလကား ပြန်ပေးပါသည်ဟူသတတ်။ တစ်ခုတော့ စိတ်ထဲမှာ အံ့သြမိခဲ့တာ ရှိပါသည်။ ကျနော့ကဲ့သို့ S$610 စား အလုပ်သမားတစ်ယောက်ဆီက S$14000 ညှစ်ထုတ်နိုင်လိမ့်မယ်လို့ သူတို့ စဉ်းစားကြတာကို ဖြစ်သည်။

ကျနော်လည်း ပါးစပ်ထဲက အအေးကို မျိုချရင်း စဉ်းစဉ်းစားစားနဲ့ သူတို့ကို ကြည့်လိုက်ပါတယ်။ ကျနော့ သူငယ်ချင်းက ဘယ်လိုသဘောရလဲ…. တဲ့။

"အင်း…. ဟုတ်ပါပြီ…. ဒါပေမဲ့ ငါအခု စဉ်းစားနေတာ အဲဒီ သောင်းလေးထောင်ကို ငါ ဘယ်က ရမှာလဲ ဆိုတာပဲ……."

"ဟာ… ကျနော်တို့ သဘောကျတာ အဲဒီစိတ်ဓါတ်ပဲ…. တကယ်လို့သာ လက်လျော့လိုက်တဲ့ စကားထွက်လာရင် ကျနော်တို့က ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး…. ဒီမှာတင် ပြီးပြီ….. ဒါဆို တစ်သောင်းခွဲရှိရင် တကယ် လုပ်မှာပေါ့… ဟုတ်လား…"


"လက်ထဲ တစ်သောင်းခွဲရှိလို့ကတော့ လုပ်ပြီးသားပဲ …. ဘယ်လို ရမှာလဲသာ ပြော…."


"OK…. အဲဒါဆို စိတ်မပူပါနဲ့... အခု နောက်တစ်ဆင့် ကျနော်တို့ စဉ်းစားကြည့်ရအောင်…."


ပြောပြောဆိုဆို နောက်ထပ် စာရွက်တစ်ရွက်ကို ထုတ်ပြီး ချရေးပါတယ်။


"အလုပ်က Union မှာ ပိုက်ဆံချေးရင် ဘယ်လောက်ရနိုင်မယ် ထင်သလဲ…"


"S$1500 လောက်တော့ ရမှာပေါ့….."


"ဟုတ်ပြီ….. S$14000 - S$1500….. နောက်ထပ်ရော…. အိမ်ကမှာရင် ဘယ်လောက် ရနိုင်မယ်ထင်လဲ…"


"အိမ်မှာကတော့ သိပ်များများ မရှိဘူးဗျ…… အလွန်ဆုံး S$1000 လောက်ပဲ ရမှာ….."


"ရတယ်…. ပြဿနာမရှိဘူး…. နည်းနည်း များများ ရနိုင်မယ် ထင်သလောက်ပဲ ပြော… သူငယ်ချင်းတွေ ဆီကရော…."


"ရလှ S$500 ပေါ့ဗျာ…"


"ရတယ်လေ… အခုကိုပဲ S$14000 – (S$1500 + S$1000 + S$500) ဆိုတော့ S$11000 ပဲ ကျန်တော့တယ်…. အဲဒီထဲက S$4000 ကို ခဏမေ့ထားလိုက်….."


"ဘာဖြစ်လို့လဲ…"


" မေ့ထားလိုက်ပါ….. အဲဒါက နောက်မှ တစ်ကိစ္စ…. အေးဆေးထားလို့ ရတယ်…. ခေါင်းထဲက ဖယ်ထားလိုက်…. အဲဒီတော့ S$11000 – S$4000 ဆိုတော့ S$7000 ပဲ ကျန်တော့တယ်….. စဉ်းစားကြည့်ပါဦး…. နောက်ထပ် ရနိုင်တာ ရှိသေးလား…."


"လောလောဆယ်တော့ မပေါ်တော့ဘူးဗျ….."


"OK…. ပြဿနာ မရှိဘူး….. အခု ကျနော်တို့ ချရေးထားတဲ့အတိုင်း အရင် ဖြစ်မဖြစ် စ ကြိုးစားကြည့်ကြတာပေါ့…. အဆင်ပြေတယ် မပြေဘူး နောက်ထပ် ၅ ရက်လောက်ဆို သိရပြီ ထင်တယ်နော်….. အဲဒီတော့မှ ထပ်တွေ့ကြမယ်လေ….."




ဒီနည်းကိုတော့ ကျနော်သဘောကျသည်။ ငွေကြေး အခက်အခဲဖြစ်လာသည့်အခါ ခေါင်းအေးအေးနှင့် အခုလို ချရေးပြီး စဉ်းစားတဲ့အခါ လမ်းစတွေ ထွက်လာသည်။ အသက်ရှုပေါက်တွေ မြင်လာရသည်။ မျှော်လင့်ချက်တွေ ပြန်ရလာနိုင်သည်။ ဒီတစ်ချက်ကတော့ အတော်တန်သည့် သင်ခန်းစာတစ်ခုကို သင်ယူလိုက်နိုင်သည်ဟု ဆိုရမည်။ ကျနော့်လို ဒုက္ခ မရောက်ဖူးသူများ ဒီနည်းရဲ့ တန်ဖိုးကို သဘောပေါက်မည် မထင်ပါ။ ကျနော့အတွက်တော့ အလွန်တန်ဖိုးရှိပါသည်။ မည်သို့ပင်ဆိုစေ.... မဖြစ်နိုင်သလောက် ထင်ရသည့် အခက်အခဲကြီးသည် စာရွက်ပေါ်တွင် တစ်ထိုင်တည်းနှင့် ဖြစ်နိုင်ရာချေအဆင့်သို့ ရောက်သွားသည် မဟုတ်လော။ တကယ်လုပ်မှသာ မလွယ်ပေမဲ့ စိတ်အင်အားကို ဖြစ်စေတာတော့ အမှန်။ အားလျော့ချင်စိတ်ကို မျှော်လင့်ချက်နှင့် နှိုးဆွစေနိုင်တာတော့အမှန်။

အဲဒီနေ့က KFC ကနေ လမ်းခွဲလာတော့ သူတို့တွေ ရင်ခုန်စွာနဲ့ အပျော်တဝက် ဖြစ်နေလိမ့်မယ်ဆိုတာကို နောက်ပိုင်း ပြန်စဉ်းစားမိပါတယ်။ ကျနော့မှာတော့ ခေါင်းပေါ်မှာ အထုပ်ကြီး တစ်ထုပ်နဲ့ ပေါ့။ လူ ၃ ယောက် ရှာရုံနဲ့ S$14000 ပြန်ရမတဲ့။ လူ ၃ ယောက်ဆိုတာ သိပ်ခက်မယ်တော့ မထင်။ ပြောရရင်တော့ အချဉ် ၃ ကောင် ရှာဖို့။ ကျနော့ ခေါင်းထဲမှာ ဝေခွဲမရ၊ လက်မခံနိုင်ခြင်းတွေနဲ့ အမြန်သူဌေးဖြစ်ချင်စိတ် (လောဘ) က လွန်ဆွဲနေခဲ့တယ်။ သေချာတာ တစ်ခုကတော့ သူတို့ product ဆိုတာ ကျနော့ ခေါင်းထဲမှာ မရှိတာ အမှန်။ Quality ကောင်းတာတွေ မကောင်းတာတွေ ကျနော် စိတ်မဝင်စား။ သူတို့ တစ်ဖွဲ့လုံးလည်း ဘယ်သူမှ သူတို့ ကုမ္ပဏီထုတ် ပစ္စည်းတွေကို စိတ်ဝင်စားကြမည် မထင်။ အားလုံး ၃ ယောက် ရရေး….. ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရဖို့ နောက်လူ ၃ ယောက်။ ဒါပဲ။

တကယ်တော့ သူတို့ ကုမ္ပဏီထုတ်ပစ္စည်းဆိုတာ ဟန်ပြသာ ဖြစ်သည်။ နာမည် တပ်ရုံသာ ဖြစ်သည်။ ဘာကုမ္ပဏီတုန်းဆို အမွှေးဆီထုတ်သော ကုမ္ပဏီဟု ပြောရရုံသာ ဖြစ်သည်။ တကယ်တော့ ကမ္ဘာနှင့်အဝှမ်း ဖြစ်နေသည့် လေထုညစ်ညမ်းမှုကို အနှီအမွှေးဆီပုလင်းလေး မီးရှို့ရုံ၊ ရှုဆေးရှုရုံမျှနှင့် တိုက်ဖျက်နိုင်မည် ဆိုခြင်းကား ယုတ္တိမတန်သော လိမ်လည်ခြင်းသာဖြစ်သည်။ အမွှေးတိုင်နှင့် သဘောတူသော အမွှေးဆီရိုးရိုးအနေနှင့် လူမခန့်မှာ သေချာသဖြင့် အဖုံးကို ရွှေဖြင့်လုပ်ကာ လုပ်ငန်းကို လူအထင်ကြီးအောင် ကြီးကျယ်ပြခြင်းသာ ဖြစ်သည်။ အဖုံးကို ရွှေဖြင့်လုပ်သည့်အတွက် အမွှေးဆီသည် ဘာမှ ထူးခြားလာမည်မဟုတ်။ တကယ်တော့ သူတို့ လုပ်သည့်အလုပ်သည် Game တကာ့ game တွင် ပညာအပါဆုံးသော Money Game ကို ကစားနေကြခြင်းသာ ဖြစ်သည်။

သူတို့ ကစားသ၍ ကုမ္ပဏီကတော့ ဘာမှ မတန်သည့် အမွှေးဆီပုလင်းများကို လူတစ်ယောက်ဝင်တိုင်း S$14000 ဖိုး ရောင်းနေရမည်သာ။ ပြန်ပေးသည် ဆိုသည့် ပိုက်ဆံကလည်း အမှန်အားဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်နေခြင်းသာ။ နောက်ထပ် စကားပြောရင်း ကုမ္ပဏီ၏ နောက်ခံ စီးပွားရေးအတိုင်ပင်ခံ ရှေ့နေအဖွဲ့မှာ လီကွမ်ယု၏ ဇနီးဦးစီးသော ရှေ့နေအဖွဲ့ဟု သိလာရသည်။ တစ်ခုခု မကျေနပ်၍ တရားဥပဒေကြောင်းအရ ရင်ဆိုင်စရာ ရှိလျှင် သူတို့ဘက်မှ အသာစီးယူထားပြီးသား ဖြစ်မည်မှာ သေချာသလောက် ရှိနေသည့် သဘောပင်။ အလွန်ကျိန်းသေသည့် အချက်မှာ ဤသူများသည် ဥပဒေကိုလည်း အကြံပေးများနှင့် အသေအချာလေ့လာပြီး သူတို့ဘက်ကို သူတို့ လုံအောင် စံနစ်တကျ စီမံပြီးမှ လက်တစ်လုံးခြား လုပ်ကြခြင်း ဖြစ်သည်။

ကျနော့ သူငယ်ချင်း အမျိုးသမီးလေးကတော့ အစ်ကိုကလည်း…. တကယ်တော့ ၃ ယောက်ဆိုတာ ဘာမှ ခက်တာမဟုတ်ဘူး…. အခု ညီမတို့တောင် ဝင်ပြီး တစ်လအတွင်း ၂ ယောက် ရနေပြီ။ အစ်ကို ပါရင် ၃ ယောက် ပြည့်ပြီ….. ဟု ဆိုလာသည်။


ကျနော့ စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကို သေသေချာချာ ရလိုက်သည်က ဒီစကားကြောင့်ပင် ဖြစ်သည်။ သူတို့တွင် အခြား ၂ ယောက် ရှိပြီး ဆိုပါက သူတို့နှင့် ကျနော် အတူတူလိုက်နေသည့် ပွဲပေါင်းများစွာတွင် ဤလူ ၂ ယောက်နှင့် တွေ့ကို တွေ့ရမည် ဖြစ်သည်။ ယခုမူ သူတို့နှင့် ကျနော်၊ ကျနော်နှင့် သူတို့သာ ရှိသည်။ ဘယ်သူမှ လာပြီး ဖက်လှည်းတကင်း နှုတ်ဆက်တာ မတွေ့ရ။ ကျနော် သူတို့ကို သံသယဝင်လာသည်။ တစ်ပိုင်းကလည်း အလွန်ခင်သော မိတ်ဆွေတွေ ဖြစ်နေသဖြင့် သံသယ မဝင်ရက်ပါ။ ပိုဆိုးသည်က ကျနော်နှင့် ဤမိန်းကလေးသည် ကုမ္ပဏီတစ်ခုတည်း လုပ်နေကြသော လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်နေခြင်းကြောင့် union မှ ပိုက်ဆံချေးသည့် ကိစ္စ ကို သူရော ကျနော်ရော နားလည်သည်။ ပြီးတော့ သူက စင်ကာပူ PR ၊ ကျနော်က WP သာ ဖြစ်သည်။ union မှာ ပိုက်ဆံချေးလျှင် PR သို့ Singaporean အာမခံသူ ၂ ယောက်  sign ထိုးပေးရမည် ဖြစ်ရာ သူထိုးပေးပါမည်ဟု ဆိုလာသည်။ ကျနော့မှာ ညှပ်ပူး ညှပ်ပိတ် အခြေအနေ။

ကျနော့်အဒေါ်ကို ကျနော် သတိရသည်။ ကံကောင်းချင်တော့ အဒေါ်က ဖုန်းဆက်လာသည်။

"သားရေ…. အန်တီ့ ဘော်ဒါတွေ ရောက်နေလို့… မနက်ဖြန် sentosa လိုက်ပို့ပေးပါလား…."


"ဟာ…. ရတာပေါ့ အန်တီရ…. လာခဲ့မယ်လေ…."

နောက်တစ်နေ့ Sentosa ကို အဒေါ့်သူငယ်ချင်းတွေနှင့် သွားကြသည်။ နေရိပ်တစ်ခုမှာ အဒေါ်နှင့် အတူ ထိုင်တော့ စကားပြောကြသည်။

"အန်တီ့ကို ကုမ္ပဏီက လူအနေနဲ့ စကားပြောချင်တာ မဟုတ်ဘူး….. တူဝရီးချင်း ကိုယ့်အဒေါ်အနေနဲ့ ပြောချင်တာ….."


"အေး… ပြော…."


"အန်တီ တစ်လကို ၂ သောင်းခွဲ ရတယ်ဆိုတာ တကယ်လား…. ဘယ်လို ရတာလဲ…. သားကို ရှင်းပြ…"


"အဲဒါက ဒီလိုပါဟယ်…. ကိုယ့်ကိုယ်ပိုင် ပိရမစ်တစ်ခု ရရင် diamond အဆင့် ရတာ သားသိတယ် မဟုတ်လား…." 

(အဆင့် သတ်မှတ်ချက်ကို ကျနော် သေသေချာချာ မမှတ်မိပါ… Diamond ဟုသာ ဆိုကြပါစို့… Diamond အောက်က ပိရမစ်မှာ member ဘယ်နှစ်ယောက် ပါမှန်းလည်း ကျနော် မမှတ်မိပါ.... အတော်တော့ များပါသည်.... မှတ်မိသလောက်တော့ ဤကိစ္စအတွက် ကျနော့အဒေါ် ဒေါ်လာသိန်းဂဏန်း သုံးခဲ့ပါသည်...)


"အင်း… သိတယ်…"


"အန်တီက အဲဒီ Diamond ကို တန်းဝယ်လိုက်တာ သားရဲ့…"


"ဟမ်… ဘယ်လို…"


"ဒီလိုဟယ်…. သူတို့ပုံစံက ၃ ယောက်ရှာလို့ရရင် ကိုယ့်အရင်း ပြန်ရတယ်လို့ ဆိုတယ်မဟုတ်လား…. အဲဒီတော့ 3 buy 1 free ဆိုတဲ့ သဘော ဖြစ်မနေဘူးလား….."


"အင်း….."

"ဆိုလိုတာက diamond အဆင့်တစ်ယောက်ရဲ့ အောက်မှာ ရှိရမဲ့ ဒီ ပိရမစ်အငယ်တစ်ခုကို အန်တီက ဝယ်လိုက်တာ….. အန်တီ့မှာ member တကယ် မရှိသေးဘူး….. ၃ စုဝယ် တစ်စု free ပုံစံနဲ့ဆိုတော့ အကုန်ပေးရတာတော့ မဟုတ်ဘူးပေါ့…… အဲဒီ တစ်ခုလုံးကို ဝယ်ပြီးတော့မှ အန်တီ့ဖါသာ အန်တီ လူရှာပြီး အန်တီ့ အစုတွေကို ထုတ်ရောင်းတာပေါ့…… အဲဒီ အစု တစ်ခုစီက ရမဲ့ ပိုက်ဆံကိုလည်း ရတာပေါ့… ဒါပေမဲ့ တကယ် ရနေတာတော့ မဟုတ်ဘဲ စာရင်းထဲမှာ ရနေတာပေါ့… သဘောပေါက်လား…..အခု သားသူငယ်ချင်းတွေက လေးထောင်ကို အရေးမကြီးဘူး.... ခဏထားလိုက်လို့ ပြောတာကလည်း တခြားမဟုတ်ဘူး... သားဆီက သူတို့အတွက် ရ ရမဲ့ ဝေစုကို ဆိုင်းထားလိုက်တာ.... ဒါပဲ..."

"သြော်… သဘောပေါက်ပြီ.... အန်တီက အကြီးကြီး လုပ်လိုက်တာကိုး…."


"အေးပေါ့…. နင့်ဦးလေးက အဲဒါတွေ ဘာမှ သိပ်မသိဘူး….. အန်တီ ပိုက်ဆံရှာနေတာက ဒါ နဲ့လည်း မဟုတ်ဘူး… ဒါနဲ့ ထမင်းစားနေတာလည်း မဟုတ်ဘူး….. ဒါက ပိုက်ဆံပိုလို့ ရင်းထားလိုက်တဲ့ သဘောပဲ….. အခုလာတဲ့ အန်တီတွေကလည်း အန်တီ ရန်ကုန်ကနေ သွားခေါ်လာတာ…. ဟိုဘက်က အန်တီတစ်ယောက်က ညွှန်ကြားရေးမှုးကတော်၊ ဒီဘက်က ရုပ်ရှင်မင်းသမီးရဲ့ ညီမ လေ… သူတို့ကို ဒီခေါ်လာပြီး ရှင်းပြ၊ အန်တီ့အစုတွေ ထုတ်ရောင်းပေါ့….

ပြီးတော့ အန်တီဒီလို ရင်းလိုက်တယ် ဆိုတာကလည်း သားကိုကြီးကို support ပေးတာလည်း ပါတယ်.... (အဒေါ့်ဘက်က တူကို ရည်ညွှန်းမှန်း ကျနော် သိပါသည်..) သူနဲ့ အခု သားတို့ကို ဆွဲခေါ်နေတဲ့တစ်ယောက်နဲ့က ပြိုင်ဘက်တွေ..... သူတို့ ထိပ်ပိုင်းချင်း ဖိုက်နေကြတာ.... အဲဒါကြာင့် အန်တီက ကိုယ့်တူအောက်ကနေ ဒီ ပိရမစ်တစ်ခုကို ဝယ်ပြီး ဝင်လိုက်တာ.... သူလည်း အဆင့်တက်သွားတာပေါ့....."
  
ကျနော် ရှင်းသွားပါပြီ။ ကျနော် ဦးလေးက အရင်က အောက်ဆိုဒ်အလွန်ရတဲ့ နာမည်ကြီး ဝန်ကြီးဋ္ဌာနတစ်ခု အရာရှိကြီး။ ကျနော့်အဒေါ်က တရုတ်မြန်မာ နယ်စပ်မှာ ကြီးပြင်းလာတဲ့ တိုင်းရင်းသူ။ စီးပွားရေး အသိုင်းအဝိုင်းနောက်ခံက အများကြီး။ ဒီ ငွေ ပမာဏလောက်ကို စကားထဲထည့်ပြောစရာ မလိုသည့်သူတွေ။ သူတို့မှာ အနှီ ညွှန်ကြားရေးမှုးကတော်လို ငွေမည်းတွေ ချမ်းသာပြီး ဘာလုပ်ရမှန်းမသိသည့်သူတွေက ရိုက်သတ်လို့ မကုန်။ ဒါကြောင့်လည်း ဒီအလုပ်ကို ဒီလောက်ထိ ရဲရဲတင်းတင်း ရင်းရဲတာဖြစ်သည်။ ကျနော့မှာက တစ်လမှ လစာ S$610 သာရသော သင်္ဘောကျင်းအလုပ်သမားဘဝ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် လကုန်ခါနီး ထမင်းစားဖို့ လိုက်ချေးနေရသည့် သူငယ်ချင်းတွေသာ ရှိသည်။ လစာ ဝင်မည့်ရက်ဆို ATM နား ညအိပ်စောင့်ပြီး ATM card လေး ထိုးထိုးကြည့်နေရသည့် ဘဝတူ သူငယ်ချင်းတွေသာ ရှိသည်။ ကျနော့ အဒေါ်ကို ကျနော် အရမ်းကျေးဇူးတင်သွားသည်။ အလွန်ချစ်ဖို့ ကောင်းသည့် အဒေါ်…… မွှ…မွှ….

သို့သော်…..

(အပိုင်း-၇ ကို မကြာမီ တင်ပေးပါမည်။ သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ 

1 comment:

  1. ဆက်ရေးပါ ဆက်ရေးပါ ဆက်ရေးပါဦး ... :) :) :)

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...