(အမှန်ကတော့ ဒီအကြောင်းအရာကို တစ်ပုဒ်တစ်ပုဒ်နဲ့ ရေးထားတာ အတော်များနေပါပြီ။ ဒါပေမဲ့ တစ်ပိုင်းချင်းစီပဲ တင်သွားပါ့မယ်။ အမှားအယွင်း နည်းနိုင်သမျှ နည်းဖို့ရယ်၊ စာအများကြီး တစ်ခါတည်းဖတ်ရတာထက် တစ်ခါတစ်ရံ အပိုင်းလိုက် အကန့်လိုက် ဖတ်ရတာ ပိုကောင်းလို့ပါပဲ။)
အသင်စာရှုသူ
စာရှုသူဟာ စင်ကာပူမှာ အလုပ်လုပ်ရင်း အခြေကျနေသူလား။
ဇနီးသည်ကရော သင်နဲ့အတူ စင်ကာပူမှာပဲလား။
လူမမယ် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်လောက်များ မရှိဘူးလား။
တကယ်လို့များ အခြေအနေတူမယ်ဆိုရင် ဒီစာစုလေးကို ပိုပြီးစိတ်ဝင်စားနိုင်မယ်ထင်တာပါပဲ။ မရှိသေး၊ မသိသေးသူတွေနဲ့ စိတ်ကူးလေး တယဉ်ယဉ် အစီအစဉ်လေး တပြင်ပြင် ဖြစ်နေသူတွေအတွက်တော့ တွေးစရာလေးတစ်ခုပေါ့။ တကယ်တော့ စင်ကာပူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပြင်ရောက်နေသူတွေ အများစု ကြုံနေရတဲ့ ပြဿနာပါ။ နိုင်ငံရပ်ခြားမှာ အနေကျ၊ အခြေချ၊ လုံးဝသဟဇာတ ဖြစ်နေသူများအတွက် မရည်ရွယ်ပါခင်ဗျာ။ ဒီအကြောင်းအရာဟာ လူတွေအများကြီး ရေးကြပြောကြပြီးသားပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပါပဲ။ ဒီစာစုလေးကလည်း ကျွန်တော်ကြုံရတာလေးတွေ ပေါ်မူတည်လို့ ဉာဏ်မီသလောက် တွေးမိသလောက် နောက်ဆုံးနားက ရှုထောင့်လေးတစ်ခုပါပဲ။ မှန်တဲ့အတိုင်း ပြောရရင် ကျွန်တော့်ဖာသာ ကျွန်တော် လက်လှမ်းမှီတဲ့ အချက်လေးတွေ စုဆောင်းဖတ်ရှုရင်း စဉ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှလိုက်ခြင်းအားဖြင့် အကျိုးမယုတ်တန်ရာလို့ တွေးမိတာနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပါ။ ဝေမျှခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။ ကြိုက်တာယူ၊ မကြိုက်တာ မယူနဲ့ပေါ့ဗျာ…နော်။ အမြင်ကတ်ပြီး comment နဲ့ ဆော်ပလော်တီးမသွားရင်ပဲ ကျေးဇူးတင်ပါကြောင်း။