အင်္ဂလိပ်စကား Debate ကို စကားရည်လုခြင်းလို့ လူသိများပါတယ်။ စကားစစ်ထိုးတယ်လို့လည်း သုံးကြပါတယ်။ အချေအတင်ပြောသည်။ ငြင်းခုံဆွေးနွေးသည်။ ဆင်ခြင်သုံးသပ်သည်… စသဖြင့်လည်း ဘာသာပြန်ပါတယ်။ လမ်းပြကြယ်စာကြည့်တိုက်က ဒီဘိတ်ပွဲလေးတစ်ခုလုပ်တော့ ပြောတာလေးတစ်ခုကို ပြောပြပါရစေ။ ကျွန်တော် မသွားဖြစ်ပါဘူး။ သွားတဲ့ သူငယ်ချင်းက ပြန်ပြောပြတာလေးကို မှတ်မိသလို ဖေါက်သည်ချချင်ပါတယ်။
Debate ဆိုပေမဲ့ စကားရည်လုတယ်လို့ မသုံးချင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အလုခံခဲ့ရတာ ကြာပါပြီ…တဲ့။ စကားနိုင်လည်း မလုချင်ပါဘူး။ အနိုင်ခံခဲ့ရတာ ကြာလှပြီမို့လို့ပါ..တဲ့။ အဓိက က ကိုယ်မြင်တဲ့ အမြင်၊ ကိုယ်တွေးတဲ့ ရှုထောင့်နဲ့ သူမြင်တဲ့ အမြင်၊ သူမြင်တဲ့ရှုထောင့် ဖလှယ်တဲ့ သဘောပါ..တဲ့။ အဓိက ကတော့ debate တစ်ခု လုပ်တဲ့အခါ ပြောသူနှစ်ဖက်စလုံးက ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေ မှန်တယ်လို့ ယုံကြည်တာကို အထောက်အထား အချက်အလက်တွေနဲ့ တင်ပြတာပါပဲ။ နားထောင်တဲ့လူတွေ အနေနဲ့ မတူညီတဲ့ အယူအဆဘက်နှစ်ဘက်ကို တစ်ထိုင်တည်း နားထောင်ခွင့် ရတဲ့အတွက် အလွန်အကျိုးများပါတယ်။ လူဆိုတာ ကိုယ်ထင်ရာအမှန်ဆိုတဲ့ အစွဲလေးက သဘာဝကျစွာ ရှိတတ်စမြဲမို့ တစ်ဘက်က ကိုယ်နဲ့ အယူအဆတူရင် ထောက်ခံအားပေးသလို တစ်ဘက်က ပြန်လည်ချေပတာကို ကြားရတဲ့အခါ ကိုယ်မသိသေးတာတွေ၊ ကိုယ်မမြင်သေးတာတွေကို သတိထားမိစေပါတယ်။ ဒီလိုနည်းနဲ့ အစွန်းရောက်မှုတွေကို မျှခြေတစ်ခု ဖြစ်သွားစေပါတယ်။ ဒီလိုပါပဲ… debate ဆင်နွှဲနေသူတွေကိုယ်တိုင်လည်း သြော်… ဒါကတော့ ငါမတွေးမိတဲ့ ရှုထောင့်ပါလား… ဒါကတော့ မဟုတ်သေးဘူး… စသဖြင့် စဉ်းစားနိုင်သလို လက်မခံရင်လည်း လက်မခံနိုင်ကြောင်း အကျိုးအကြောင်းနဲ့ ရှင်းလင်းထုချေရပါတယ်။
Management မှာတော့ Brainstorming ဆိုတဲ့ စုပေါင်းဆွေးနွေးမှုက အလွန်အရေးပါ ပါတယ်။ ဆရာကျော်ဝင်းကတော့ ဦးနှောက်မုန်တိုင်းဆင်ခြင်းလို့ သုံးပါတယ်။ ဖြစ်နေတဲ့ပြဿနာတွေတင်မကဘဲ ဖြစ်မလာသေးတဲ့ကိစ္စတွေအတွက်ပါ မုန်တိုင်းဆင်ဆွေးနွေးအဖြေရှာကြပါတယ်။ အဘိဓါန်မှာတော့ ပြင်းပြင်းထန်ထန် ခေါင်းခြင်းရိုက် အဖြေရှာနည်းလို့ ဘာသာပြန်ပါတယ်။
ကုမ္ပဏီတွေမှာ အစည်းအဝေး တွေ လုပ်ကြပါတယ်။ အစည်းအဝေးဆိုတာ ပြောသမျှနားထောင်၍ ခိုင်းသမျှနာခံရာဟု မှတ်ယူထားလျှင်တော့ ကျွန်တော်ပြောချင်တဲ့ အစည်းအဝေးဆိုတဲ့ အဓိပ္ပါယ်နဲ့ လွဲကောင်းလွဲနေနိုင်ပါတယ်။ တကယ့် အစည်းအဝေးရဲ့ အနှစ်သာရက အပြန်အလှန်ပြောဆိုဖို့၊ တစ်ဘက်သဘောထားတွေကို နားထောင်ဖို့၊ အဖြေမှန်ရှာဖို့သာ ဖြစ်ပါတယ်။ အရည်မရ အဖတ်မရ တောင်စဉ်ရေမရ ရောက်ရာပေါက်ရာ လျှောက်ပြောနေတဲ့ အစည်းအဝေးမျိုးနဲ့ ရည်ရွယ်ချက်ရှိရှိ ထိထိရောက်ရောက် ဖြစ်အောင်လုပ်တဲ့ အစည်းအဝေးတွေ အတော်များများကို ကျွန်တော်တက်ဖူးပါတယ်။
ဗလာချည် ခေါ်ဖြဲတဲ့ အစည်းအဝေးတွေလည်း ရှိတာပေါ့ခင်ဗျာ။ တက်ရောက်လာသူအားလုံး ဘာမှပြောခွင့်မရှိဘဲ တစ်ယောက်တည်းကချည်း တစ်ဖက်သက် လွှတ်ချင်ရာတွေ လွှတ်တဲ့အစည်းအဝေးတွေကတော့ ခဏခဏကြုံရပါတယ်။ စိတ်ထဲမှာ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ…ဘာညာ… ဟန်ပြ အခွင့်အရေးမျိုးလေးတွေလည်း ပေးတတ်ကြပါသေးရဲ့။ တကယ်ပြောရင် မကြိုက်ပါဘူး။ မကြိုက်မှန်းကို အစည်းအဝေးလာသူများကလည်း သိကြတာပါပဲ။ မကြိုက်ရုံတင်မဟုတ်ဘဲ နောက်ဆက်တွဲလေးတွေ ပါလာဦးမှာဆိုတော့ ပြောချင်တာလေးတွေ မျိုချပြီး ပြန်လာခဲ့ရတာပါပဲ။ ကိုယ့်ကံကြမ္မာက သူ့လက်ထဲမှာကိုး။ တစ်ခါတစ်ရံကျတော့လည်း အားလုံးရှေ့မှာ ကိုယ့်လူကြီးကို အရှက်ခွဲသလို ဖြစ်မှာစိုးလို့ မြန်မာပီပီ အားနာပါးနာ မျိုသိပ်လိုက်ရတာမျိုးတွေလည်း ရှိသပေါ့။ သူတို့ကလည်း ဝတ္တရားအရ မေးသာမေးတာပါ… တကယ့် feedback အစစ်အမှန်ကို ရင်ဆိုင်ဝံ့တဲ့ သတ္တိမျိုးမရှိတဲ့ လူကြီးတွေက မြန်မာတွေထဲမှာ အများသားကလား။
အဲဒီလို အောက်လက်ငယ်သားတွေအပေါ် လူကြီးတွေက မိုက်ကြေးခွဲတဲ့ အစည်းအဝေးမျိုးကတော့ ကျွန်တော်ပြောချင်တဲ့ အစည်းအဝေးအမျိုးအစားထဲမှာ အကျုံးမဝင်ပါခင်ဗျား။
တကယ်တော့ အစည်းဝေးတွေဟာ အယူအဆမတူညီတဲ့ လူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကျိုးစားတဲ့နေရာတွေပါ။ မတူတဲ့လူတွေ ပူးပေါင်းတယ်ဆိုတာ အပြန်အလှန်လေးစားမှုလေး ရှိရပါတယ်။
ကျွန်တော် ၁၀ တန်းကျောင်းသားဘဝလောက်မှာ အဖေက ဆရာကိုတာရဲ့ ဖြန့်ထွက်တွေးခြင်းစာအုပ်ကို လက်ဆောင်ပေးပါတယ်။ အဲဒီမှာ မှတ်မိနေတာက ဒီဘိုးနိုးရဲ့ ဦးထုပ်ခြောက်လုံးစဉ်းစားနည်းပါ။ သိပြီးသူတွေအတွက် ကလေးကစားစရာ ဖြစ်နေပေမဲ့ မိချောင်းမင်း ရေခင်းပြခြင်း မဟုတ်ရပါပဲ အကျဉ်းချုံးလေး နည်းနည်းလောက် ဝေမျှပါရစေ။ ဦးထုပ်ဆိုတာကတော့ ခေါင်းကို စွပ်တဲ့အရာမို့ စဉ်းစားခြင်းကို ထိန်းချုပ်ပြီး လမ်းကြောင်းတဲ့သဘောလို့ အဓိပ္ပါယ်ပေါက်ပါတယ်။
ဦးထုပ်အဖြူဆောင်းကြစို့ လို့ ပြောလိုက်ရင် အစည်းအဝေးလာတဲ့သူတွေအားလုံး ငြင်းတာခုန်တာ မလုပ်ဘဲ အားလုံးရထားတဲ့ အချက်အလက်တွေကို အဖြူထည် စဉ်းစားတင်ပြကြဖို့ပါ။
ဦးထုပ်အနီတွေးမယ်လို့ ဆိုလိုက်တာနဲ့ ကိုယ်ထင်သလို၊ ခံစားရသလို လွတ်လွတ်လပ်လပ် ပြောနိုင်ကြပါတယ်။ I think……လို့ု ပြောတာကို လုံးဝလက်မခံသော ဆရာများ သတိပြုဖို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ထင်မြင်ချက်တွေဟာ အရေးပါ ပါတယ်။
ဦးထုပ်အနက်လို့ ပြောလိုက်တာနဲ့ မှားနိုင်တဲ့ ကိစ္စတွေ၊ မအောင်မြင်နိုင်တဲ့ ကိစ္စတွေ၊ အဆိုးတွေကို ဦးတည်တွေးကြဖို့ပါ။
ဦးထုပ်အဝါလို့ ဆိုရင် အကောင်းမြင်တာလေးတွေ၊ အောင်မြင်ဖို့ ဖြစ်နိုင်ရာခြေတွေကို ဝိုင်းတွေးကြဖို့ပါပဲ။
ဦးထုပ်အစိမ်းဆိုရင် စိမ်းစိမ်းစိုစို ကြီးထွားလာမဲ့သဘော၊ နောက်ထပ်ဖွံ့ဖြိုးလာမဲ့သဘော၊ နည်းလမ်းအသစ်တွေ ရှာကြဖွေကြဖို့ပါပဲ။
ဦးထုပ်အပြာကျတော့ ကောင်းကင်ပြာပြာကို သတိရပါ…တဲ့။ ခြုံငုံတွေးဖို့၊ ထိန်းကွပ်အဖြေထုတ်တဲ့ အပိုင်း၊ အစီအစဉ်ချတဲ့ အပိုင်းပေါ့။ ဆွေးနွေးခဲ့သရွေ့ စဉ်းစားထားသရွေ့ တွေးထားသရွေ့ကို ပြန်ပြီး သုံးသပ်တဲ့အပိုင်းပါ။ အဲဒါမှ အဖြေတစ်ခု မရသေးရင် ရှေ့ဦးထုပ်တွေထဲက လိုအပ်မဲ့ ဦးထုပ်ကို ပြန်ဆောင်းကြရမှာပေါ့။
ကျွန်တော် ၉ တန်းလောက်တုန်းက စာကြီးပေကြီးတွေ မမီမကန်းလျှောက်ဖတ်ရင်း ငြင်းရခုန်ရတာ အတော်ဝါသနာ ပါဖူးပါတယ်။ အဲဒီတုန်းက စာဖတ်တာကလည်း ငြင်းရင်ခုန်ရင် အနိုင်ရဖို့အဓိကဆိုတော့ အထောက်အထားရဖို့၊ စကားလုံးကြီးကြီးတွေ သုံးနိုင်သရွေ့ သုံးနိုင်ဖို့လောက် ရည်ရွယ်တာကိုး။ တစ်ဘက်သားကို စကားနဲ့ နှိပ်ကွပ်ရတဲ့အပေါ် အလွန်အရသာတွေ့တာကလား။ သူများက ကိုယ့်ကို နိုင်သွားရင်လည်း တနုံ့နုံ့နဲ့ တင်းလို့မဆုံးတော့။ သူ့ကို နိုင်မဲ့ အထောက်အထားတွေ ထပ်ရှာရ၊ မှတ်ရသေးသဗျ။ ကိုုယ်ပြောခဲ့တာတွေ ကိုယ်ပြန်စဉ်းစား။
ကိုယ့်စကားကို ရှေ့နောက်မညီမှာကလည်း ကြောက်ရသေးတယ်လေ။ ပြီးတော့ သူများ ကိုးကားပြီးတာတွေထပ်ပြီး ကိုးကားမိမှာကလည်း စိုးရသေး။ တချို့ သူများစကားလုံးတွေ ကိုယ့်ကိုယ်ပိုင်လိုလို ယူသုံးတာတွေလည်း ရှိရဲ့။ အဲဒီတုန်းထဲက debate ပွဲအသေးလေးတွေ မကြာခဏ ကြုံခဲ့ရ၊ နွှဲခဲ့ရတယ်ဆိုပါတော့။ အဲဒီလိုနဲ့ ကျောင်းစာကို စိတ်မဝင်စား၊ လေကြီးမိုးကြီးတွေနဲ့ စာအုပ်အကြီးကြီးတွေကြားမှာ နစ်မျောလိုက်တာ စာမေးပွဲပါကျရော။ အရွယ်နဲ့ ဖတ်တဲ့စာ၊ ပြောတဲ့စကားမမျှတော့ bottle neck ဖြစ်ပြီး ဂိန်ဆို ခွေးကျ ကျတာပေါ့ခင်ဗျ။ အဖေ့တောင် ကိုယ့်လောက်တတ်တယ် ထင်တာမဟုတ်ဘူးရယ်။
စာမေးပွဲကျတာတောင် လေက လျှော့တာမဟုတ်ဘူး။ ကျောင်းစာဆိုတာ ဘာအရေးကြီးလို့တုန်း။ တကယ်စဉ်းစားတတ်တဲ့ ဉာဏ်ကမှ အရေးကြီးတာဘာညာ လုပ်သေးတာ။
အဲဒီတုန်းက ပြောတာတွေက မဟုတ်တာတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့နဲ့ ကင်းကွာသလို မှန်သောစကားတွေပေမဲ့ ကျွန်တော်အလွဲသုံးခဲ့တာကို ပြောချင်တာ။ တန်ဖိုးရှိတဲ့ စာအုပ်တွေ၊ အသိပညာတွေကို လေ့လာဖတ်ရှုပေမဲ့ လူအထင်ကြီးအောင်၊ ငြင်းနိုင်ခုန်နိုင်အောင်လောက်သာ ရည်ရွယ်ပြီး မိုက်မဲခဲ့တာကို ပြောတာပါ။ ကိုယ်ပြောလိုက်လို့ တစ်ဖက်သား နလန်မထူနိုင်လေ စိတ်ထဲမှာ တခွိခွိနဲ့ ကြိတ်ပြီးကျေနပ်လေလေ။ ပြန်တွေးရင် ရှက်မိပါရဲ့။
အခု ကျွန်တော့အသက် ၃၈ နှစ် ပြည့်ပါတော့မယ်။ အခုလည်း ကျွန်တော်ဖတ်သော၊ သိမ်းထားသော စာအုပ်များမှာ ၉ တန်းတုန်းက ဖတ်ခဲ့ရတဲ့ စာအုပ်အမျိုးအစားတွေ အများကြီးရှိနေဆဲပါ။ ဒါပေမဲ့ မြင်ပုံမတူတော့ဘူး။ ယူပုံ မတူတော့ဘူး။ ဒါပါပဲ။ လူတွေရဲ့ ထူးခြားမှုက အမြင်ပြောင်းတာနဲ့ ဘဝကလည်း ပြောင်းတာပါပဲ။ facebook ဖတ်တဲ့အခါ တချို့လူတွေ ပြောကြရေးကြတာကို မြင်တဲ့အခါ ရယ်ချင်ပါတယ်။ ပြီးတော့ သနားပါတယ်။ ပြီးတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ ရယ်ချင်တာက ကျွန်တော် ၉ တန်းကျောင်းသားတုန်းကနဲ့ တူလို့ပါ။ သနားတာက သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ အင်အားတွေကို အကျိုးမဲ့ ငြင်းခုန်ခြင်းနဲ့ ဖြုန်းတီးနေကြလို့ပါ။ စိတ်မကောင်းတာက နှစ်ပေါင်းများစွာ ပညာရေးရိုက်ချိုးခံရမှုရဲ့ အကျိုးဆက်အဖြစ် ကိုယ့်စကားကို တာဝန်ယူရကောင်းမှန်းမသိဘဲ သူတစ်ပါးကို အပြစ်ရှာတဲ့နေရာမှာသာ ကျွမ်းကျင်ပြီး ထိထိရောက်ရောက် လုပ်ချင်ကိုင်ချင်တဲ့ လူတွေက နည်းနေတာပါ။
အငြင်းအခုန်တွေကိုလည်း ကျွန်တော်တတ်နိုင်သရွေ့ ရှောင်ဖြစ်ပါတယ်။
ကျွန်တော်တို့လူမျိုးမှာ ညှိနှိုင်းဆွေးနွေး အဖြေရှာတတ်တဲ့ ယဉ်ကျေးမှုမျိုး ထွန်းကားဖို့ တော်တော်စောင့်ရဦးမှာပါ။ ဒီလိုယဉ်ကျေးမှုမျိုးက သဘောထားကြီးမှ ဖြစ်တာမျိုး။ သဘောထားကြီးဖို့ဆိုတာ သူတစ်ပါးကို လေးစားတတ်မှ ဖြစ်တာမျိုး။ အများစုက ငါထင်တာမှ အမှန်၊ တချို့က သူများဒါဆို ငါက ဟိုဟာ… ဆိုတာမျိုးတွေ။ တစ်ကြောင်းဆွဲတွေနဲ့ တရွတ်ဆွဲတွေက များနေတာပါပဲ။ ကျွန်တော့အနေနဲ့ ဒီလူကို လွှမ်းမိုးလိုက်ရလို့လည်း ဘာမှထူးခြားစရာမရှိ၊ စကားအနိုင်ရလို့လည်း ဘာအကျိုးအမြတ်မှ မရှိ။ အမုန်းပွားရုံသာ အဖတ်ထင်မဲ့ကိစ္စတွေဆို လက်ရှောင်ပါတယ်။ ဘေးနားလာပြီး အစဆွဲနေမှန်းသိလည်း ဆိတ်ဆိတ်နေတတ်အောင်နဲ့ စိတ်ကိုထားတတ်အောင်သာ ကျင့်ထားရပါတယ်။ မတရားတာကို မတရားဘူးလို့ ပြောရမယ်… ဆိတ်ဆိတ်နေတာဟာ မတရားမှုကို အားပေးတာနဲ့ အတူတူပဲဆိုတဲ့ သဘောဟာ ထိထိရောက်ရောက် ပြောဆိုတာမျိုးကို ဆိုလိုတာပါ။ စကားအနိုင်ရရုံ ပြောခိုင်းတာ မဟုတ်ပါ။
ကျွန်တော်တို့ လူမျိုးက စကားပြောရင် သူတစ်ပါးကို ချောင်ပိတ်ပြီး ပြောချင်တယ်။ တစ်ဖက်သား နလန်မထူအောင် ဒါမှမဟုတ် မှားပါတယ်လို့ ဝန်ခံအောင်၊ ပြောစရာစကားတွေ ကုန်သွားအောင်၊ အရှက်တွေ ကွဲအောင်၊ အရှုံးပေးသွားသည်အထိ ပြောချင်တာ။ တကယ်တော့ ဒီလို သူတစ်ပါးကို ထွက်ပေါက်မပေး၊ အပြတ်အသတ် နိုင်ချင်တာ၊ အပြတ်ရှင်းချင်တာ၊ အပြုတ်တိုက်ချင်တာ၊ နှိပ်ကွပ်ချင်တာဟာ ပြောရမယ်ဆို အာဏာရှင်စိတ်ဓါတ်ပါ။ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုအနိုင်ကျင့်တဲ့ အာဏာရှင်ဆိုတာကို တိုက်နေ၊ ဆန့်ကျင်နေကြရင်းက ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ရင်ထဲမှာ ဒီစနစ်က ကူးယူရှင်သန်မှန်းမသိ ရှင်သန်နေတဲ့ သဘောပါပဲ။
ငါလုပ်ပိုင်ခွင့် ရှိလာတဲ့အခါ ငါခံစားရသလို အခြားလူတွေ မခံစားရပါစေနဲ့ ဆိုတဲ့ စိတ်မျိုးမွေးရမဲ့အစား ငါတောင် ခံထားရသေးတာ ငါ့အလှည့်ကျ တွေ့ကြသေးတာပေါ့….တွေက များပြီး မဆိုင်တဲ့လူတွေပေါ် လက်စားချေသလို ဖြစ်နေတဲ့ အာဏာရှင် ပေါက်စလေးတွေ ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါပဲ။ ကိုယ်က ခံနေရရင်သာ မတရားအလုပ်ခံရပါတယ် ကြုံးအော်နေပြီး ကိုယ်က လုပ်ခွင့်ရပြီလည်းဆိုရော ကျေနပ်ပီတိဖြစ်စွာနဲ့ သူများတွေကို နင်းဖို့ကျိုးစားကြရင်း အာဏာရှင် အသစ်အသစ်တွေ ပေါ်နေရတာ မဟုတ်လားလေ။
တကယ်တော့ လူဆိုတာ မတူတဲ့သဘောကို ရှိတာ၊ မတူညီခွင့်လည်း ရှိတယ်။ ကွဲလွဲလို့ရတယ်။ ဒါပေမဲ့ သူတစ်ပါးအပေါ် လေးစားမှုရှိရပါမယ်။ ငါမှ ငါတွေ များနေရင် ဒီမိုကရေစီလည်း ဝေးပါတယ်။ လူ့အခွင့်အရေးလည်း ဝေးပါတယ်။ ငြိမ်းချမ်းရေးနဲ့လည်း ဝေးပါတယ်။
ကျွန်တော်တို့မှာတော့ သေးသိမ်တဲ့ စိတ်တွေ၊ အနိုင်ယူချင်တဲ့စိတ်တွေ၊ ကျူပင်ခုတ် ကျူငုတ်မကျန်ချင်တဲ့ စိတ်တွေ၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖေါက်ချင်တဲ့စိတ်တွေ၊ မစားရတဲ့အမဲ သဲနဲ့ပက်ချင်တဲ့စိတ်တွေနဲ့ လုံးချာလည်ပြီး နောက်ပြန်ဆွဲနေသူတွေ အများကြီးမှ အများကြီးပါ။ အိမ်ရှင်နဲ့ အိမ်ငှား၊ လင်နဲ့မယား၊ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပြည့်၊ အစိုးရနဲ့ ပြည်သူ… အပြတ်ရှင်းဖို့ ရန်စောင်နေကြတာတွေ၊ ကြိုးစားနေကြတာတွေ မြင်တော့ ရင်မောမိပါရဲ့။
တကယ့်တကယ်မှာ အပြတ်ရှင်းတယ်ဆိုတာ ထင်သလောက် မလွယ်သလို နောက်ဆုံးမတော့ ပြတ်စေချင်တဲ့ဟာတွေ မပြတ်ဘဲ ကြားထဲက ငထွားတွေသာ ခါးနာ၊ ခါးပြတ်ကြရတာပါပဲ။ မြေစာပင်လေးတွေသာ ကြေမွပျက်ဆီးရတာပါပဲ။
ကြိမ်းဝါးသူတွေက ကြိမ်းဝါးနေကြချိန်မှာ ကြားထဲက ပျက်ဆီးသွားတဲ့ ဘဝတွေကတော့ ပြန်မရနိုင်တော့ပါဘူး။ ပြန်မရတဲ့အပြင် အဲဒီလိုအပ်သွားတဲ့ ကွက်လပ်တွေက ဝန်ထုပ်ဝန်ပိုးအသစ်တွေအဖြစ် သယ်သွားကြရဦးမှာပါ။
ကျွန်တော်ကတော့ debate ဆိုတာ စကားရည်လုခြင်းလို့ အဓိပ္ပါယ်ပေါက်နေသရွေ့ ပါဝင်ဆင်နွှဲဖြစ်လိမ့်မည် မထင်ပါ။
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment