Tuesday, March 7, 2017

ခံစစ် (သို့) လုပ်ငန်းခွင် နိုင်ငံရေး (အပိုင်း ၁)


စစ်တုရင် ကစားသည့်အခါ အဖြူဘက်ကို တိုက်စစ်ဟု ခေါ်၍ အမဲကို ခံစစ်ဟု ခေါ်သည်။ အဓိက ကွာခြားချက်က အဖြူမှ စတင် ရွေ့ရသော ကစားပွဲစည်းမျဉ်းကြောင့် ဖြစ်သည်။ အဖြူဘက်မှ စတင်၍ ရွေ့ခြင်းကို ရည်ရွယ်၍ တိုက်စစ်ဟု ခေါ်ခြင်း ဖြစ်သည်။ လက်ဦးမှုရသည့်ဘက်ဟု ဆိုကြပါစို့။ အမဲဘက်မှ ကစားသူက တစ်ကွက်နောက်ကျ ရွေ့သောကြောင့် ခံစစ်ပြင်သည်ဟု ခေါ်သည်။
ဒါက စစ်တုရင်ပွဲတစ်ခုရဲ့ စည်းမျဉ်းနဲ့ သဘော။
တကယ်တော့ တိုက်စစ်နဲ့ ခံစစ် ကွာဟမှုက တစ်ကွက်တည်းသာ ဖြစ်သည်။ ထိုတစ်ကွက်အသာကြောင့်ပင် တိုက်စစ်နဲ့ ခံစစ်ဟူ၍ ကွဲပြားရသည်။ 

မှတ်မှတ်ရရ ၂၀၀၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် စင်ကာပူကို သင်္ဘောကျင်းလျှပ်စစ်အလုပ်သမားဘဝဖြင့် စတင်ခြေချခဲ့ရသည်။ ရောက်ရောက်ခြင်း Low Levee အတွက် သင်္ဘောကျင်းတွင် ဝရိန်သင်တန်း တစ်လတက်ပြီး အောင်မြင်သည်။ သို့သော် ထိုအချိန်က Keppel သင်္ဘောကျင်း၏ Multi Skill Scheme အရ ဝရိန်သင်တန်းကို နောက် ၂ လနီးပါး တက်ရသည်။ ပြီးတော့ Job Training အဖြစ် Cutting ဖြတ်တဲ့သင်တန်း၊ ကရိန်း Signal သင်တန်း၊ ငြမ်းဆင်သင်တန်း စသဖြင့် သင်္ဘောကျင်းလုပ်ငန်းသင်တန်းများကို အစုံတက်ရသည်။ သို့သော် ကျနော်ကတော့ နည်းနည်းထူးပြီး ကရိန်း Signal (Rigger Training) နှင့် Cutting Training ကို မတက်လိုက်ရဘဲ Multi Skill အောင်လက်မှတ် ရခဲ့သည်။ ဖြစ်ပုံက…

 သင်တန်း အစီအစဉ်အရ သင်္ဘောကျင်းအတွင်းရှိ လုပ်ငန်းအတော်များများကို နည်းနည်းစီ လိုက်လုပ်ရသည်။ Electrical Workshop မှာ ၂ ရက်၊ ငြမ်းဆင် (Staging Department) မှာ ၂ ရက်၊ Hull and Welding Department မှာ ၂ ရက်… စသဖြင့်။ ရောက်ခါစက Hull ဆိုတာ ဘာမှန်းမသိသဖြင့် အဘိဓါန်လှန်ကြည့်ရသည်။ ဟားလ် လို့ အသံထွက်သလား ဟူးလ် လို့ ထွက်သလားပင် မသိ။
အနှီ Hull Department က Workshop မှာ ကျနော်တို့ လက်တွေ့ (Job Training) လုပ်ကြတော့ အလုပ်သမား In-Charge မလေးအဖိုးကြီးက ကျနော် အပါအဝင် အလုပ်သမား ၂ ယောက်ကို Welding Machine Power Board ဆင်ခိုင်းသည်။ အဖိုးကြီးက တပ်ဆင်ရမည့် ပစ္စည်းများ၏ အတိုင်းအထွာများကို စာအုပ်လှန်ကြည့်နေစဉ်မှာပင် မြန်မာပြည်မှာ လျှပ်စစ်သမားလုပ်လာသော ကျနော်က အတိုင်းအထွာများကို ခန့်မှန်းပြီး တန်းပြောလိုက်တော့ အဖိုးကြီး အံ့အားသင့်သွားသည်။
မင်းဘယ်လို တိုင်းလိုက်တာလဲဆိုတော့ ကျနော့ လက်မ တစ်ဆစ်သည် တစ်လက်မနှင့် ညီကြောင်း၊ ပေတံ အခက်အခဲရှိသည့် အခါမျိုးတွင် အကြမ်းအားဖြင့် လက်မအဆစ်ဖြင့် ခန့်မှန်းကြောင်း ပြောပြတော့ အဖိုးကြီးက ရယ်ရယ်မောမောနှင့် ခေါင်းကိုပုတ်ပြီး ချီးကျူးတာကို ကျနော်မမေ့။ နောက်တော့ သူ့ကို ကျနော်က အန်ကယ်ရာမန် ဟု ခေါ်ပါသည်။

တပ်ဆင်ရမည့် ပစ္စည်းတွေကို Store မှ သွားထုတ်ရသည်။ ကျနော်နှင့် အတူလုပ်သူတိုင်းက လိုသမျှ Store က သွားသွားထုတ်ကြသည်။ ကျနော်က ပထမဆုံးဆင်သည့် Power Board အပြီးမှာ ပစ္စည်းစာရင်းကိုပါ ဝါယာကြိုး အရှည်မှအစ မှတ်ထားလိုက်သည်။ အလားတူ နောက်တစ်ခု ဆင်ခိုင်းတော့ Store ကိုသွားပြီး ပစ္စည်းစာရင်းကိုပြလိုက်သည်။ အဲဒါတွေ တစ်ခါတည်း အကုန်ထုတ်ပေးပါ ဆိုတော့ Store Man တွေ မျက်လုံးပြူးသွားသည်။ ဘယ်သူမှ ဒါမျိုး လုပ်လေ့လုပ်ထ မရှိဘဲကိုး။ အားလုံးက လိုမှ ထ ထ ပြီး လာယူသူတွေ။
Store Man တွေနဲ့ ကျနော် အပြန်အလှန်ဖြစ်နေကြတုန်း Supervisor ရောက်လာသည်။ ဖြစ်နေတာကို အကြောင်းစုံသိတော့ ကျနော့ စာရင်းစာရွက်ကို ယူကြည့်ပြီး Store Man တွေကို ပြောလိုက်သည်က
သူ့ကို Store ထဲ ပေးဝင်ပြီး သူလိုချင်တာ မှန်သမျှ ပေးလိုက်ပါ… တဲ့။

အပြင်လူ ဝင်ခွင့်မရှိသော Store ထဲကို အခုမှ ရောက်လာသည့် အလုပ်သမားအသစ်ကို စိတ်ကြိုက်မွှေခွင့် ပေးလိုက်တော့ Store Man တွေရော တခြားအလုပ်သမားတွေရော အံ့သြကြသည်။ ပိုပြီး စိတ်ဝင်စားကြတာက နောင် ကျနော့ Supervisor ဖြစ်လာမဲ့ အဲဒီ Mr Ganesan ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်သမားတွေအပေါ် အင်မတန် ကြီးကြီးကျယ်ကျယ် ကိန်းကြီးခန်းကြီး နိုင်သလောက် တင်းကြပ်တဲ့ စည်းကမ်းနဲ့ မာကျောတဲ့ မျက်နှာထားပိုင်ရှင် ဖြစ်နေလို့ပါ။

Supervisor အဆင့်လောက်များလို့ တွေးနေပါသလား။

သူက Supervisor ပေမဲ့ ရာထူးတိုးပေးတာကို မယူဘဲ တမင်သက်သက် Supervisor ဘဝနဲ့ နေတာဖြစ်သလို Yard ထဲမှာ Management အထိ အရာရောက်တဲ့ နာမည်ကြီး စူပါခင်ဗျ။ Workshop ကိုတောင် Ganesan Workshop လို့ ဝရိန်စာလုံးနဲ့ ပုံဖေါ်ပြီး တရားဝင်တပ်ခွင့်ရထားတဲ့ စူပါ ပါ။ အားလုံးက Hull Shop (သို့) Welding Shop လို့ မခေါ်ဘဲ Ganesan Workshop လို့ပဲ သိကြပါတယ်။
အဲဒီပုဂ္ဂိုလ်ရဲ့ အရေးပေးခြင်းကို ခံရတဲ့ အလုပ်သမားအသစ်ကို စိတ်ဝင်စားကြရော ဆိုပါတော့။ ကျနော် အလုပ်လုပ်နေတဲ့ နေရာကို သူလာလာကြည့်ပါတယ်။ ကျနော်တို့ လူသစ်တွေရဲ့ ဘဝကလည်း မျက်စိသူငယ် နားသူငယ်နဲ့ Training Center မှာကတည်းက မြင်သမျှလူကို ကြောက်နေရတဲ့ဘဝဆိုတော့ ကိုယ့်ကို သဘောကျပုံပေါ်ရင် ဝမ်းသာရသည်ပေါ့။ ၆ လ ပြည့်လို့မှ သူတို့သဘောမကျရင် မြန်မာပြည် ပြန်ပို့မယ် ပြောထားတော့ ဒီ စမ်းသပ်ကာလ ၆ လ က ကျနော်တို့အတွက် အသက်တမျှ အရေးကြီးသည် မဟုတ်ပါလား။

ကျနော်က အစကတည်းက GTI အီလက်ထရွန်းနစ်၊ မြန်မာပြည်မှာ ကိုယ့်ရာထူးက လက်ထောက်အင်ဂျင်နီယာ… စလုံးကို ရရာနဲ့ ထွက်ကြရတဲ့ခေတ်မှာ ကျနော့ WP ထဲက ပညာအရည်အချင်းက အလယ်တန်း။ လစာကလည်း ဆယ်တန်းအောင်၊ ဆယ်တန်းမအောင်၊ ပညာအရည်အချင်း ဘာဖြစ်နေနေ အားလုံး SGD450 နှင့် တန်းညှိခံထားရသည် ဆိုပေမဲ့ စိတ်ထဲမှာတော့ အစွမ်းပြဖို့ အခွင့်အရေးကို ချောင်းနေမိသည်။ ငါ့ရဲ့ တကယ့်ဘဝအမှန်သည် အလုပ်သမားအဆင့်မဟုတ် ဆိုသည်ကို အမြဲ နှလုံးသွင်းထားသည်။ ငါနဲ့ ထိုက်တန်တဲ့ အဆင့်ကို ရောက်အောင် ပြန်သွားရမယ်ဟု သန္တိဋ္ဌာန်ချထားပြီးသား။ သို့သော် အများအမြင်မှာ အမြင်ကပ်မခံရအောင်တော့ သတိထားသည်။

ပညာမဲ့နဲ့ ပညာတတ် အခြေအနေတစ်ခုမှာ တန်းညှိခံရသည့်အခါ အလွန်နေတတ် ထိုင်တတ်ဖို့ လိုသည်။ ပညာတတ်လည်း မင်းနဲ့ ငါနဲ့ အတူတူပဲ… မင်းပညာက ဘာများအသုံးဝင်လို့တုန်း… မင်းလည်း SGD450 ငါလည်း SGD450 ဆိုသည့် အနေအေထား။ တစ်ခုခု ပြောလိုက်သည်နှင့် ဒီကောင်က ကြီးကျယ်လို့… ဆိုတာမျိုး မြင်သွားနိုင်သည်ကို ကျနော် သိသည်။ ထိုစဉ်တုန်းက ပြောနေကျ လက်သုံးစကား ရှိသည်။
မင်းဟာမင်း ရွာမှာ ဘာကောင်ကြီး ဖြစ်နေနေ၊ ဒီရောက်ရင် အလုပ်သမားပဲ… SGD450 ပဲ… တဲ့။
အဲဒါကို လက်ခံပြီး ရလာတဲ့အခြေအနေမှာ အသားကျအောင် ကြိုးစားရသည်။ သို့သော် စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်မသွားအောင် တစ်ချိန်လုံး မီးထိုးထားရသည်။

တခါတရံ မျှော်လင့်ချက်မဲ့သလို စိတ်ဓါတ်ကျသလို ခံစားရတာ အကြိမ်ကြိမ်။ မီးမထိုးလို့ မဖြစ်။ အဆင်ပြေအောင် နေတာက သက်သက်၊ ကိုယ့်ကိုယ်ကို အဆင့်နှိမ့်ပစ်တာက သက်သက်ဖြစ်သည်။ စိတ်ဓါတ်ကို မသေအောင် ထားရပါသည်။

ရထားတဲ့ အခြေအနေကို ကိုယ်နဲ့ ထိုက်တန်တယ်ထင်ရင် ကျေကျေနပ်နပ်နဲ့ တသားတည်းကျအောင် ကြိုးစား… ကိုယ်နဲ့ မထိုက်တန်ဘူးထင်ရင် သိပ်အသားမကျစေနဲ့ ဆိုသည့်မူကို ကျနော်က ဆွဲကိုင်သည်။ သို့မှသာ ရုန်းထွက်ဖို့ ခွန်အားရှိမည် မဟုတ်ပါလား။ လူတွေရဲ့ သဘောက နေလို့ရသ၍ နေ နေတတ်သည်။ ရုန်းထွက်ဖို့ မကြိုးစားချင်။

ဆိုလိုသည်မှာ လက်ရှိအလုပ်အခြေအနေအရ ဆင်းရဲချင် ဆင်းရဲမည်.. ညစ်ပတ်ချင် ညစ်ပတ်မည်။ တကယ် အသားကျအောင် နေပါက အလုပ်ကစုတ်၊ လူကစုတ် ဖြစ်မည်သာ။ ကြည့်လိုက်သည့်သူ မျက်စိထဲမှာ ဒီလူနှင့် ဒီအလုပ် အံဝင်ခွင်ကျဟု မြင်သည်။ စိတ်ထဲမှာ ထူးထူးခြားခြား မဖြစ်။ ကျနော်က အဖြစ်မခံနိုင်။ အလုပ်သမားပေမဲ့ သပ်သပ်ရပ်ရပ် နေသည်။ အဝတ်အစား အသုံးအဆောင် စျေးကြီးကြီး ဝယ်ဝတ်တာနှင့် သပ်သပ်ရပ်ရပ် နေခြင်းက တခြားစီဖြစ်သည်။ ကျနော့ကို ကြည့်လိုက်လျှင် အလုပ်သမားတစ်ယောက် ပြောပုံဆိုပုံနှင့် မတူအောင် နေသည်။ တည်တည်ကြည်ကြည်နှင့် အရာရှိလို စကားပြောပါသည်။ အခြောက်တိုက် ဘဝင်မြင့်ပုံမျိုး မဖြစ်အောင်တော့ သတိထားသည်။
စလုံးတွေရဲ့ မျက်စိထဲမှာ ကျနော်တို့သည် သူတို့မလုပ်ချင်သည့် အလုပ်တွေကို လာလုပ်နေရသည့် အလုပ်ကြမ်းသမားတွေသာ ဖြစ်သည်။ ထို့ကြောင့် အထင်သေး အမြင်သေးနှင့် ကြည့်တာ ဆက်ဆံတာကိုလည်း သည်းခံရသည်။ သို့သော် ထိုအခြေအနေများသည် ကျနော့စိတ်ဓါတ်ကို မရိုက်ချိုးနိုင်ခဲ့ပါ။

Ganesan Workshop မှာ ရောက်ပြီး ၃ ရက်မြောက်မှာ ဖိလစ်ပင်းအလုပ်သမားတစ်ယောက် Welding စက်တစ်လုံး ပြင်နေတာကို ဘေးမှ ရပ်ကြည့်နေမိသည်။ ခဏနေတော့ မအောင့်နိုင်ဘဲ ဒီစက်က SCR ပျက်နေပုံ ပေါ်တယ်ဟု ပြောလိုက်မိတော့ သူက မော့ကြည့်ရင်း Electronic Board ကို လက်ညိုးထိုးပြတယ်။ မင်းဒါတွေ နားလည်သလား ဆိုတော့ နားလည်ပါတယ်… ငါ မင်းကို ကူရမလား လို့ ပြန်မေးလိုက်တယ်။

သူက အားရဝမ်းသာနဲ့ Supervisor ရုံးခန်းထဲ ဝင်သွားတယ်။ ခဏနေတော့ ကျနော့ကို လာခေါ်ပြီး Mr Ganesan နဲ့ တွေ့ ပေးပါတယ်။ Mr Ganesan ကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ Multi Meter တစ်လုံးပေးပြီး မင်းသုံးတတ်ရင် ယူသုံးပြီး ပြင်ကြည့်လေလို့ ပြောပါတယ်။ အဲဒါနဲ့ ပြင်လိုက်တာ အဲဒီနေ့မှာတင် Welding စက်တွေက Electronic Card ၂ ကတ် ပြန်ကောင်းသွားရော ဆိုပါတော့။

မြန်မာပြည်မှာတုန်းက Circuit Design တွေ ကိုယ်တိုင် ရေးလာတဲ့ အင်ဂျင်နီယာပေပဲ။ ပြောရမယ်ဆိုရင် မြန်မာ့မီးရထားက ခြင်္သေ့ခေါင်း ရထားခေါင်းတွဲတွေရဲ့ Electronic card တွေ၊ TV Video တွေ၊ စက်ရုံတွေက Control တွေ ပြင်လာခဲ့တဲ့ အတွေ့အကြုံတွေက ကျနော့ကို အကျိုးပေးတော့သည်ကိုး။

နောက်နေ့မှာပဲ Mr Ganesan က သူတို့ Hull and Welding Department ကို ပြောင်းမလားလို့ ကျနော့ကို ခေါ်မေးပါတယ်။ ပြောင်းလာမယ်ဆိုရင် ဒီစားပွဲက မင်းအတွက်၊ ဒီ ကွန်ပျူတာလည်း မင်းအတွက်၊ ဒီမှာ ရှိတဲ့ Multi Meter တွေ Tools တွေ အကုန်လုံး မင်းအတွက်ပဲလို့ ပြောပါတယ်။ သူ့ရုံးခန်းထဲမှာ ရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အအေး အကုန် ယူစားနိုင်ကြောင်း၊ အခု ဆက်တက်ရမဲ့ Cutting Training တွေ ကရိန်းသင်တန်းတွေလည်း တက်စရာ မလိုတော့ဘူး လို့ ပြောပါတယ်။
ကျနော်လည်း ခုချိန်မှာ ဘယ်သူ့အဖေခေါ်ရမှန်း မသိတဲ့ဘဝမို့ ဒါမျိုး ကမ်းလှမ်းလာတော့ ဘယ်ငြင်းနိုင်ပါ့မလဲလေ။ Mr Ganesan လည်း Section Manager တွေဆီသွားပြီး ကျနော့ကိစ္စ ပြောပါတော့တယ်။ Electrical Section Manager ဆီသွားပြီး ကျနော့ကို သူတို့ဆီပေးဖို့တောင်းတာနဲ့၊ Hull & Welding Manager ဆီသွားပြီး ပြောတာနဲ့ သူ ဖွလိုက်တာ ကျနော့အကြောင်းက Yard ထဲမှာ ပွ သွားပါတော့တယ်။

အတူလာ အလုပ်သမားတွေထဲမှာ ကျနော်က ဟုတ်တုတ်တုတ်လို ဖြစ်နေတော့တာ။ အဲဒီ Workshop ထဲက အလုပ်သမားတွေကလည်း ကျနော့ကို အားကျကြပေါ့လေ။ Training တောင် မပြီးသေးဘူး။ စားပွဲနဲ့ ကုလားထိုင်နဲ့ ကွန်ပျူတာ နဲ့ ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်နဲ့ Air-Con ခန်းထဲမှာ ခန့်ခန့်ကြီး ဖြစ်နေတော့တာ။ Supervisor ကလည်း ချစ်သလား မမေးနဲ့။ ကျနော့်နာမည်ကို မေးရင် ကျနော်က ကိုသက် (Ko Thet) လို့ ဖြေတယ်။ အဲဒါ မလေးဘာသာစကားမှာ ယောကျ်ားပစ္စည်းကို ခေါ်တဲ့နာမည်နဲ့ တူလို့ဆိုပြီး Workshop တစ်ခုလုံး ကျနော့နာမည်ကို အပြည့်အစုံ ခေါ်ရမယ်လို့ အမိန့်ထုတ်ပါလေရောဗျ။

ကဲ… စင်ကာပူကို ရရာအလုပ်သမားဘဝနဲ့ ထွက်လာပြီး ဒါမျိုးအခွင့်အရေး ရတယ်ဆိုတာ နေတတ်ရင် ကျေနပ်စရာကြီး မဟုတ်လားဗျာ။

တကယ်တော့ ဒါဟာ အခိုက်အတန့် ကျေနပ်စရာသာ ဖြစ်ပြီး နောက်ဆက်တွဲလေးတွေ လာပါတော့မယ်။ ကျနော်အခုလို ဖြစ်တာ ကံကောင်းခြင်းလား… ကံဆိုးခြင်းလား…. မဆိုး မကောင်းများလား…
ဘယ်အနေအထားမှာ ဖြစ်ဖြစ် လုပ်ငန်းခွင် အသစ်တစ်ခုကို ဝင်တဲ့အခါ ဝန်းကျင်အသစ်၊ လုပ်ဖေါ်ကိုင်ဖက် အသစ်တွေနဲ့ တွေ့ရတာ အားလုံးသိတဲ့အတိုင်း ကောင်းတာလည်းရှိ၊ ဆိုတာလည်းရှိ ပေါ့။

ဝန်ထမ်းအသစ်ကို…

တချို့က လက်တွဲခေါ်တယ်။ ဖေးမ တယ်။

တချို့က ပုံစံပေးချင်တယ်။ Senior Junior ပြဿနာတွေ ရှိတယ်။

တချို့ မြင်တာနဲ့ ခင်မင်ပေမဲ့ တချို့က ရုပ်မြင်တာနဲ့ ဘာအကြောင်းမှ မရှိဘဲ ကိုယ့်ကို ရိုက်ချင်နေတာမျိုးလည်း ရှိတယ်။

တချို့က ဆရာကြီး လုပ်ချင်တယ်။ ပါဝါ အာဏာတွေ ပြချင်တယ်။

တချို့က ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့ပြီး အပြစ်ရှာ အပြစ်ပြော Complain တက်ရတာ ဝါသနာပါတယ်။

တချို့က စောင်းပြော မြောင်းပြော မထိတထိ ရိချင်တယ်။

တချို့က စကားပြောရင် ရိုက်ပေါက်… ဒါပေမဲ့ တကယ်သိတော့ အတွင်းစိတ် ဖြူတာမျိုးလည်း ရှိတယ်။

လုပ်ငန်းခွင်ဆိုတာ မတူညီတဲ့ အကျင့်စရိုက်ရှိသူတွေ စုပေါင်းပြီး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖေါ်ရတာမျိုး။

ကိုယ်ပိုင်အတွေ့အကြုံတချို့နဲ့ ရင်းပြီး စဉ်းစားမိသလောက်လေးတွေ ပြောပြဖို့ ရည်ရွယ်ပါတယ်။

(ဆက်ပါရစေ)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...