Wednesday, October 19, 2016

Shipyard Vs Construction (အပိုင်း ၆)


PPE (Personal Protective Equipment)

Project အစတွင် ရောက်လာသော အလုပ်သမားများကို သင်္ဘောကျင်းမှလာသော အရှိန်မကုန်သည့် ကျနော်က Safety ကို သေသေချာချာ ကြပ်မတ်ပါသည်။ ကျနော်တို့ အလုပ်သမား ငှားရမ်းသော ကုမ္ပဏီများကို email ပို့စဉ်ကတည်းက လွှတ်လိုက်သော အလုပ်သမားအားလုံး PPE (Personal Protective Equipment) အပြည့်အစုံ ပါရမည်ဟု သတိပေးထားပြီးသား ဖြစ်သည်။

သို့သော် တကယ် ရောက်လာသည့်အခါ အလုပ်သမားက မေ့လာခြင်း၊ မမေ့လည်း မေ့တယ်ပြောခြင်း၊ သူတို့ ကုမ္ပဏီက ဝယ်မပေးခြင်း၊ ယူလာသော PPE များမှာ စုတ်ပြတ်နေခြင်းများနှင့် တိုးပါတော့သည်။ ပြဿနာမှာ ကျနော်တို့ကလည်း အချိန်နှင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် သူတို့ကို လက်မခံဘဲ ပြန်လွှတ်လျှင် ကျနော်တို့ အလုပ်မပြီးသည်က တစ်ကြောင်း၊ Main Con ကို လူ ဘယ်နှစ်ယောက် လာပါမည်ဟု အာမခံထားရခြင်းက တစ်ကြောင်း၊ ကိုယ့်မှာ ရှိသည့် PPE ငှားပေးပြီး လုပ်စေပြန်တော့လည်း ညနေအပြန်တွင် ပြန်မအပ်ဘဲ ယူသွားကြခြင်းက တစ်ကြောင်း၊ နောက်နေ့ ထို အလုပ်သမားက မလာဘဲ လူပြောင်းသွားပြန်ခြင်းက တစ်ကြောင်း၊ ကျနော်တို့ ကိုယ်တိုင်လည်း Store Man ဟူ၍ သတ်သတ်မှတ်မှတ် မထားနိုင်ခြင်းက တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် အလုပ်သမားများရဲ့ Safety က လက်တွေ့တွင် အခက်အခဲ အများကြီး ရှိနေခြင်းဖြစ်သည်။

 ရောက်လာသော အလုပ်သမားကို PPE မပြည့်စုံ၍ ပြန်လွှတ်လိုက်လျှင်လည်း ကျနော်အတွက် တစ်ရက်စာ လူလျော့သွားတာသာ ရှိမည်။ သူတို့ ကုမ္ပဏီက ထို အလုပ်သမားကို တခြား Site သို့ ပို့လိုက်မည်သာ ဖြစ်သည်။ Construction လောကမှာ အလုပ်သမားလိုအပ်ချက်က အမြဲရှိနေသည်သာ။ Site တစ်ခုက အလုပ်နည်းသွားလည်း တစ် Site မဟုတ် တစ် Site က အလုပ်များနေတတ်စမြဲ။ ကျနော်တို့ ကုမ္ပဏီကိုယ်တိုင်လည်း တစ်ပြိုင်နက်တည်း Site ၂ ခုကို ကန်ထရိုက်ယူထားသည် ဖြစ်ရာ တစ်ခါတစ်ရံ အလုပ်နည်းနည်း နည်းသည့် Site က အလုပ်သမားတွေကို အလုပ်များသည့် Site ဆီ ပို့ရတာမျိုးတွေ ရှိသည်။

ဒီကြားထဲ ကူလီကူမာ လုပ်ရတာတွေကလည်း ရှိသေးသည်။ မနက် Meeting မှာ Manpower (အလုပ်သမားအင်အား) မဖြစ်မနေ ပြဖို့အတွက် ဟိုဘက် Site ကို ကားနောက်ကျလို့ဟု ပြောကာ ဒီဘက် Site မှာ လူလာပြတာမျိုးတွေ ရှိသေးသည်။ ပြီးမှ အလုပ်ကနေ အလျိုလျိုထွက်ကာ လော်ရီက တစ်နေရာက စောင့်နေပြီး ဟိုဘက် Site ကို ပို့ကြသည်။ ဟိုဘက် Site က မန်နေဂျာက အဆဲခံပြီး အရူးကွက်နင်းကာ စောင့်နေရသည်။ ဒါမျိုးက ကျနော်တို့ကလည်း ကျနော်တို့ Main Con ကို လုပ်တတ်သလို ကျနော်တို့ရဲ့ Sub ကန်ထရိုက် ကုမ္ပဏီတွေကလည်း ကျနော်တို့ကို လုပ်တတ်သည်။ ဒါကြောင့် Construction မှာ Follow Up and Monitoring က အလွန် အရေးကြီးသည်။ တစ်ချိန်လုံး လိုက်ကြည့်၊ မသင်္ကာလျှင် လူပြန်စစ်ရသည်။ အလုပ်ပေးလိုက်ပြီး လွှတ်ထားလို့ မရ။
 

(အားမရလို့ ရှေ့ဆက်ပြီး စကားပြောဟန်နဲ့ ရေးပါရစေ။)

ဒီလောက်ဆိုရင် ကျနော် ဘာကြောင့် အလုပ်သမားတွေအတွက် Safety ပြည့်စုံအောင် လုပ်လို့ မရတာကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ Construction Accident ရှင်းရပုံလေး ပြန်မဆက်မီ Shipyard Accident အတွေ့အကြုံလေးတစ်ခု ပြောပြပါရစေ။

*********************************************
သင်္ဘောကျင်းမှာ လုပ်နေတုန်း တစ်ရက်ပေါ့။

FPSO Project တစ်ခု။ အလုပ်တွေက အသည်းအသန် တွန်းနေရချိန်။

ကိစ္စတစ်ခုနဲ့ သင်္ဘောပေါ်ကနေ အောက်ကိုဆင်းမလို့ လျှောက်လာတုန်း Deck ပေါ်ကို ဝုန်း ဆို တစ်ခုခု ပြုတ်ကျတဲ့ အသံကြားလို့ သွားကြည့်မိတယ်။ တခြားဋ္ဌာနက အရာရှိတစ်ယောက်နဲ့ Supervisor တစ်ယောက်လည်း ရောက်လာကြတယ်။ အလုပ်သမားတစ်ယောက် ငြမ်းပေါ်က ပြုတ်ကျတာ။ ဒါပေမဲ့ သူက ဘာမှ မဖြစ်သလိုပဲ ချက်ချင်း ထ ပြီး အေးအေးဆေးဆေးပဲ စကားပြောနေပါတယ်။ အဲဒါနဲ့ သူ့ Supervisor ကလည်း "မင်း… ဘာဖြစ်သွားသေးလဲ.." ဆိုတော့ သူက "ဘာမှ မဖြစ်ဘူး… ရပါတယ်…" တဲ့။ ရယ်ရယ်မောမော ပဲ။ သူ့ Supervisor က မယုံသလိုနဲ့ ငါ့ကို လမ်းလျှောက်ပြစမ်း.. ဆိုတော့လည်း လျှောက်တာ အဖြောင့်ပဲဗျ။


Shipyard တွင် သင်္ဘော Propeller ပြင်ဆင်နေခြင်းကို ဤသို့တွေ့ရသည်

တစ်ခါက ကျနော့ကို Shipyard Safety မန်နေဂျာက အင်တာဗျူးပါတယ်။ အကြောင်းက Safety Department အတွက် လူလိုလို့ ရှိတဲ့ အလုပ်သမားတွေထဲက ဖြစ်နိုင်လောက်မဲ့ လူတွေကို HR က တစ်ဆင့် ရွေးချယ်ပြီး ခေါ်ဗျူးတာပါ။ အဲဒီတုန်း ကျနော်က အလုပ်သမားအဆင့်ပဲ ရှိပါသေးတယ်။ ပထမတော့ အင်တာဗျူးမှန်းလည်း မသိပါဘူး။ HR က ခေါ်လို့ သွားတာပါပဲ။

HR အရာရှိက မေးတယ်။ “မင်းနိုင်ငံမှာ ဘာနဲ့ ကျောင်းပြီးတာလဲ…” တဲ့။ ဂုဏ်ယူစွာနဲ့ ဖြေလိုက်ပါတယ်။

ငါက AGTI Electronic Diploma ရထားတာပါလို့။ ကျနော်တို့ခေတ်မှာ ကျနော့ အောင်လက်မှတ်က ကျနော့ကို ဆွဲမခေါ်နိုင်တာကို သတိပြုစေချင်ပါတယ်။ ကိုယ်က အောင်လက်မှတ်ကို အသုံးဝင်လာအောင် ကိုယ့်ဟာကိုယ်ပဲ ကြိုးစားရပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုပြီးမှ ကိုယ့်အောင်လက်မှတ်ကို အသိအမှတ်ပြုတာပါ။

ကျနော်တို့ စင်ကာပူထွက်တော့ ရတာနဲ့ ထွက်ကြရတာကိုး။ ပါမစ်ထဲမှာ ကျနော့ပညာအရည်အချင်းက အလယ်တန်းလို့ပဲ ရေးထားတာလေ။

“အဲဒါဆိုရင် မနက်ဖြန် မနက် ရ နာရီခွဲ HR ကို လာခဲ့ပါ… ရှိတဲ့ အောင်လက်မှတ်တွေ၊ CV တွေပါ ယူခဲ့ပါ…” တဲ့။

စိတ်ထဲကတော့ ဇဝေဇဝါနဲ့ နောက်တစ်နေ့ မနက် HR ကို သွားပါတယ်။

အခန်းထဲ ဝင်တော့မှ အင်တာဗျူးမှန်း ရိပ်မိတာပါ။ အထဲမှာ Safety မန်နေဂျာရယ် HR မန်နေဂျာရယ် ထိုင်နေပါတယ်။

"အောင်လက်မှတ်နဲ့ စာရွက်စာတမ်းတွေ ပေးတော့ များလှချေလား…" တဲ့။

ကျနော် ရယ်ပြီး ပြောလိုက်ပါတယ်။

"အောင်လက်မှတ် ၁၅ ခု ရှိလို့ ဒီနှစ် လစာ ၁၅ ဒေါ်လာ တိုးတယ်လေ…" လို့။

ကျနော်က ရယ်ကာမောကာ ပြောပေမဲ့ HR မန်နေဂျာ မျက်ခုံးနည်းနည်းပင့်လိုက်တာကို သတိထားမိပါတယ်။ အမှန်တော့ တမင် ပြောတာပါပဲ။ ကျနော်တို့ သင်္ဘောကျင်းမှာ အလုပ်သမားတွေ ထောင်ချီပြီး ရှိနေတာမို့ HR Department အနေနဲ့ လူတိုင်းကို မသိနိုင်ပါဘူး။ အခုလို ရှားရှားပါးပါး ကြုံတဲ့အခိုက် သိစေချင်တာလေးတွေကို ပြောရတာပါပဲ။

Safety Manager က ကျနော့ စာရွက်စာတမ်းတွေကို ကြည့်ပြီး အင်တာဗျူး စ ပါတယ်။
“ငါတို့ Safety Department ကို ဘယ်လို မြင်သလဲ…”  တဲ့။

အလုပ်သမားရဲ့ အမြင်ကို feedback တောင်းတဲ့ မေးခွန်းပါ။ ကျနော်ကလည်း စ စချင်း ဆောက်နဲ့ ထွင်းပါတယ်။

“ဦးတည်ချက် နည်းနည်းလွဲနေတယ် ထင်တာပဲ…” လို့။

ဒီတစ်ခါ မျက်ခုံးပင့်သွားတာက မန်နေဂျာ ၂ ယောက်စလုံးပါ။ HR မန်နေဂျာက
“အဲလို မပြောရဘူးလေ…” တဲ့။

Safety မန်နေဂျာက HR မန်နေဂျာကို လက်ကာပြပြီး
“ဆက်ပြောပါ… ဘယ်လို လွဲတာလဲ…” တဲ့။

စလုံးမှာ ချစ်ဖို့ကောင်းတာ အဲဒါပါပဲ။ တကယ် အမှန်အကန် feedback ပေးရင် သေသေချာချာ နားထောင်တတ်တဲ့ အကျင့်ကို ကုမ္ပဏီအတော်များများမှာ သေသေချာချာ ပေါ်လစီချပြီး လုပ်ထားကြတာ များပါတယ်။

ကျနော် ပြောလိုက်တယ်။

“တစ်ခုပဲ မေးကြည့်ချင်တာပါ…. Safety Officer တွေ အနေနဲ့ အလုပ်သမားတွေကို အန္တရာယ်ကင်းစေချင်တာလား… ဖမ်းချင်တာလား….” ဆိုတော့

“အန္တရာယ်ကင်းစေချင်တာပေါ့… သူတို့ကို ဖမ်းပြီး ဒဏ်ရိုက်တယ် အရေးယူတယ်ဆိုတာ သူတို့ ပိုက်ဆံကို လိုချင်လို့ သူတို့ကို ဒုက္ခရောက်စေချင်လို့မှ မဟုတ်ဘဲ…” တဲ့။

“အင်း… ဒါပေမဲ့ ငါတို့ဆီက Safety Officer တော်တော်များများက ဖမ်းဖို့လောက်ပဲ အာရုံရှိတယ်လို့ ငါထင်တယ်… ဘာကြောင့်လဲဆိုတော့ တချို့ အလုပ်သမားတွေဟာ အဖမ်းခံရလို့သာ ခံရတာ… ဘာကြောင့် အဖမ်းခံရတယ်ဆိတာ သေသေချာချာ မသိကြဘူး… Safety Officer ဟာ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြဖို့ အလုပ်သမားက သူ့အမှားကို မြင်သိ လက်ခံတဲ့ထိ ပြောပြဖို့ တာဝန်ရှိတယ်လေ…”

“ဟုတ်တာပေါ့.. မင်းပြောတာ ငါလက်ခံပါတယ်… ငါတို့လည်း ပြောထားတာပါပဲ… ဒါပေမဲ့ ငါတို့ လိုသေးတာ ဖြစ်မယ်…” တဲ့။



ဥပမာတစ်ခုကိုလည်း ပြောပြလိုက်ပါတယ်။ စင်ကာပူက လမ်းတွေမှာ ကားမောင်းရင် Over speed ဖမ်းတဲ့ ကင်မရာတွေကို သတိထားရပါတယ်။ သတိထားရတယ် ဆိုပေမဲ့ သူတို့က ကင်မရာတပ်ထားတဲ့ နေရာမရောက်ခင်ကတည်းက ဆိုင်းဘုတ်ကြီးနဲ့ ထင်ထင်ရှားရှား ရေးပြီး သတိပေးထားတာပါ။ ဆိုလိုတာက ဒီနေရာရောက်ရင် အန္တရာယ်ရှိလို့ အရှိန်လျှော့စေချင်တာ။ ဖမ်းချင်တာ မဟုတ်ဘူး။ အဲဒီလို သတိပေးထားတာကိုမှ ဇွတ်မောင်းရင်လည်း ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ တစ်ခုခု မဖြစ်ရင်တောင် ချလံကတော့ အိမ်ရောက်လာမှာပဲ။

မြန်မာပြည်မှာ ကျတော့ Over speed  ကင်မရာကို မမြင်အောင်ထောင်၊ ကားထဲက ချိန်ထားပြီး ရဲက ခိုးကြောင်ခိုးဝှက် ချောင်းဖမ်းတာ မဟုတ်လား။ သူက အန္တရာယ် ကင်းစေဖို့လို့ ပြောပေမဲ့ ဖမ်းရဖို့ လိုရင်း။ အရေးယူရဖို့ လိုရင်း။ ရည်ရွယ်ချက် မတူဘူး။

သူတို့ နိုင်ငံရဲ့ ကောင်းကွက်ကို ညွှန်းလိုက်တော့ ကြိုက်တာပေါ့လေ။ လေပေးဖြောင့်သွားတာပေါ့။

“ပြီးတော့ ဥပဒေတွေ စည်းကမ်းတွေဆိုတာ များလေ ကောင်းလေလို့ ငါ မယုံဘူး…” ဆိုတော့ HR မန်နေဂျာလည်း အတော် စိတ်ဝင်စားလာပုံ ပေါ်ပါတယ်။ ဒီတစ်ခါတော့ သူကပါ ထောက်ခံ ဆွေးနွေးပါတယ်။ ဒီကိစ္စတော့ နောက်မှ ကျနော် ထပ်ရေးပါဦးမယ်။

ထားပါတော့။ အတိုချုပ်ပြောရရင် မလိုအပ်တဲ့ စည်းကမ်းတွေနဲ့ ထုတ်သမျှ စည်းကမ်းတွေဟာ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း ရှိသင့်တယ်။ အလုပ်သမားတွေကို စည်းကမ်းထုတ်ရုံတင် မဟုတ် ရည်ရွယ်ချက်ကိုပါ နားလည်အောင် ရှင်းပြသင့်တယ်လို့ ပြောပစ်ခဲ့တယ်။

မန်နေဂျာ ၂ ယောက်စလုံး အညိုဝတ် သာမာန်အလုပ်သမားတစ်ယောက်ဆီက ဒါမျိုး စကား ကြားရမယ်လို့ ထင်ထားပုံ မပေါ်ပါဘူး။ အကျိုးဆက်ကတော့ နောက်တစ်နေ့မှာပဲ HR Department က ကျနော့ကို သူတို့ Department ပြောင်းလာစေချင်တယ်ဆိုပြီး ကျနော့ Section မန်နေဂျာကို အကြောင်းကြားပါတယ်။ ကျနော့ မန်နေဂျာလည်း ကျနော့ကို လာတွေ့ပြီး တခြား Department ကို မပြောင်းစေချင်ကြောင်း၊ လာမဲ့နှစ်ကျရင် ရာထူးတိုးပေးမယ် ဆိုတဲ့အကြောင်းပြောပြီး လစာ ထပ်တိုးပေးလို့ အဲဒီနှစ်က လစာ ၂ ခါ တိုးခဲ့ပါတယ်။ မများလှတဲ့ ပမာဏပေမဲ့ မင်းက ငါ့ကို တန်ဖိုးထားရင် ငါကလည်း တန်ဖိုးထားရမှာပေါ့ ဆိုပြီး အဲဒီလစာတိုးကို ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်။ အမှန်တော့ Safety Officer ဖြစ်တော့မလို့ ခင်ဗျ။

ဒါလေးကို ပြောပြတာက ကြွားဝါချင်လို့ မဟုတ်ပါဘူး။ ကုမ္ပဏီကို ဘယ်လိုပြန်ဖြဲလိုက်တာတို့ ဘာတို့ ကိုယ်ရည်သွေးတဲ့သဘောလည်း မဟုတ်ရပါ။ အဖွဲ့အစည်းတချို့ လုပ်ရင်းကိုင်ရင်း ရည်ရွယ်ချက် ပျောက်သွားတတ်တဲ့သဘောကို ပြောချင်တာပါ။

 ကျနော်တို့ ရည်ရွယ်တာ ဘာလဲ။ ဘာကို ဦးတည်ပြီး ဘာကို လိုချင်တာလဲဆိုတာကို အဖွဲ့အစည်းရဲ့ ဦးဆောင်သူတွေဟာ သေသေချာချာ နားလည်ရပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အပေါ်မှာ ပြောခဲ့တဲ့ နံရိုးကျိုးတာကို ကြိတ်မှိတ်ခံပြီး ကံကောင်းလို့ မသေတဲ့ အလုပ်သမားလို မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။
************************
လုပ်ရင်း ကိုင်ရင်း လူတွေနဲ့ စကားပြောကြည့်ပါ။ ဘဝတွေ ဖြတ်သန်းနေရပုံတွေကို သဘောပေါက်လာလိမ့်မယ်။ တချို့လူတွေပါးစပ်က လွယ်လွယ်လေး သူများကို အပြစ်တင်ချင်တာ။ ဒီလို မလုပ်ပါနဲ့လို့ ပြောထားရက်နဲ့ လုပ်တာကိုး… သေမှာပေါ့… ဆိုတဲ့ အရာရှိတွေ အများကြီး ကျနော် တွေ့ဖူးပါတယ်။ အပေါ်ကနေ လေလေးနဲ့ မလုပ်ဘဲ အခက်အခဲကို တကယ် သေသေချာချာ ဆင်းကြည့်စမ်းပါ။ အလုပ်သမားရဲ့ အလုပ်ကို ကိုယ်တိုင် ဝင်လုပ်ဖို့ ပြောတာ မဟုတ်ပါဘူး။ မြင်အောင်ကြည့်ဖို့၊ ကြားအောင် နားထောင်ဖို့နဲ့ ခံစားတတ်ဖို့ ပြောချင်တာပါ။ ကိစ္စအများစုဟာ ခင်ဗျားတို့ ပြောသလောက် မလွယ်တာကို တွေ့ရပါလိမ့်မယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ငြမ်းများကို ဤသို့ တွေ့ရသည်

နောက်တစ်ချက်က အလုပ်သမားဟာ ယေဘူယျအားဖြင့် အလုပ်သမားအမြင်ပဲ ရှိပါတယ်။ ကိုယ်လို မတွေးတတ်ရကောင်းလား၊ မသိရ ကောင်းလား အပြစ်ပြောဖို့ထက် နားလည်အောင် ရှင်းပြ ဖေးမခြင်းသာလျှင် ရေရှည်မှာ အကျိုးရှိမှာပါ။ ကိုယ်လိုတွေးပြီး ကိုယ်လို နားလည် ကိုယ်လို လုပ်နိုင်နေတဲ့နောက်တော့ ကိုယ့် နေရာဖယ်ပေးလိုက်ဖို့ပဲ ရှိတော့တာပေါ့လေ။ လတ်တလောမှာတော့ ရှင်းပြရတာဟာ ဒဏ်ရိုက်လိုက်တာလောက် မလွယ်သလို စိတ်မရှည်ချင်စရာ ကောင်းပါတယ်။ ဒါပေမဲ့ လူတွေပေါ်မှာ၊ လုပ်ဖေါ်ကိုင်ဘက်တွေပေါ်မှာ၊ အလုပ်ပေါ်မှာ စေတနာလေးထားပြီး ကိုယ်ချင်းစာတရားလေးနဲ့ လုပ်ကြည့်ပါ။

အလုပ်ကို အန္တရာယ်ကင်းကင်း အောင်အောင်မြင်မြင်နဲ့ သတ်မှတ်ချိန်အတွင်း ပြီးသွားဖို့က ရည်မှန်းချက် အန္တိမ ပန်းတိုင်ပါ။ အဲဒါကို အကောင်အထည်ဖေါ်ကြတဲ့အခါ...

 ဆဲဆို အော်ဟစ် အာဏာတွေပြပြီး လုပ်ကြမလား…

မလိုအပ်တဲ့ ဖိအားတွေကို တတ်နိုင်သလောက် ဖယ်ထုတ်၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖေးမပြီး လုပ်ကြမလား….

ဒါဟာ ရွေးချယ်မှုပါပဲ။ ဦးဆောင်သူတွေ၊ မန်နေဂျာတွေရဲ့ တစ်ဦးချင်း ရွေးချယ်မှုပါပဲ။

ကျနော်လား။ တတ်နိုင်ရင်တော့ ကျနော့လူတွေ ချွေးတစ်စက်မှ မထွက်ဘဲ သက်တောင့်သက်သာနဲ့ အလုပ်တွေ ပြီးနိုင်မယ်ဆို သာတောင်ကြိုက်သေးတယ်။ ဘာကြောင့် မကြိုက်နိုင်ရမလဲ။ မလိုအပ်ဘဲ ချွေးတွေသံတွေ တလုံးလုံးနဲ့ ပေပွ စုတ်ပြတ်နေမှ အလုပ်လုပ်တယ် ထင်တဲ့ ရူးကြောင်ကြောင် အမျိုးအစားထဲမှာ ကျနော် မပါဘူး။

မဖြစ်နိုင်လို့ Pressure ပေးတဲ့အခါ မလိုအပ်တဲ့ ဖိအားတွေကို ထိန်းချုပ်ဖို့ဆိုတာ ကျနော့ နည်းလမ်းပါပဲ။ မဖြစ်မနေ ပေးရတဲ့ ဖိအားကို ပေးတယ်။ ရှောင်လွှဲလို့ မရတဲ့ဖိအားကို ပေးတယ်။ ကျနော့ဆီက ကျနော့ကိုယ်ကျနော် ငါဘာကောင်မှန်း သိအောင် ပြတဲ့ ဖိအားမျိုး ကျနော်နဲ့ လုပ်တဲ့သူတွေ ဘယ်တော့မှ မရစေရပါဘူး။

မင်း ဒီကောင့်ကို fxxk စမ်း... မင်း မfxxk ရင် ငါ fxxk မယ်.... ဆိုတဲ့ မန်နေဂျာတွေလည်း တွေ့ခဲ့ရပါတယ်။

အဲဒါကိုပဲ ကျနော်ရဲ့ အုပ်ချုပ်ပုံက ပျော့ပြောင်းလွန်းလို့ အားမရဘူးဆိုတဲ့ ကျနော့အထက်က မန်နေဂျာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော် ပြောချင်တာက ကျနော့ကြောင့် လုပ်ငန်းတွေ နှောင့်နှေးတာ၊ အလုပ် မပြီးတာတွေများ ကြုံဖူးကြသလား… လို့။

ရလာဒ်က သက်သေပဲလေ။ ဒါပေမဲ့ ခံယူပုံချင်း မတူတော့ လုပ်ပုံချင်းလည်း မတူဘူးပေါ့။

ကျနော်က Quantum Electrodynamics နဲ့ ၁၉၆၅- ခုနှစ်မှာ ရူပဗေဒနိုဗယ်ဆု ရခဲ့တဲ့ ပါမောက္ခ

Richard Feynman ကို အင်မတန် သဘောကျတာဗျ။ အဓိက ကျနော် သဘောအကျဆုံး အချက်က လေ့လာမှု အားလုံးကို ပေါ့ပေါ့ပါးပါး လုပ်နိုင်တဲ့ စိတ်ဓါတ်ပါ။ ကျနော်တို့ အားလုံးမှာ ဘယ်သူမှ ကလေးစိတ် မပျောက်ကြပါဘူး။ ငယ်ငယ်က ဂေါ်လီရိုက်ပြီး ကြီးလာတော့ ဂေါက်သီးရိုက်တာပဲ ကွာတာပါ။

ရူပေဗဒပညာရွင္ႀကီး Richard Feynman

Feynman ကတော့ သူ့ရူပဗေဒစမ်းသပ်ချက်တွေကို ကစားနေတဲ့သဘော၊ ဆော့နေတဲ့သဘော မျိုးနဲ့ လုပ်တတ်ပါတယ်။ ဒါကြောင့်လည်း ကစားတဲ့ ပါမောက္ခလို့ နာမည်ကြီးပါတယ်။ အလုပ်လုပ်ရင် မှုန်ကုပ်နေမှ၊ ဖိအားများနေတဲ့ပုံ ပေါက်မှ၊ အရာရှိဖြစ်ရင် မျက်နှာကြီး မာထားမှ၊ ဟိန်းမှ ဟောက်မှ၊ ရူပ်တည်ကြီးနဲ့မှ အောက်လက်ငယ်သား လေးစားမယ် ကြောက်မယ်ဆိုတဲ့ မြန်မာတွေ အယူနဲ့ ကြည့်ရင် Feynman လို လူစားမျိုးဟာ အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်သူလို့ ဆိုရပါ့မယ်။ ဘာဟိတ်ဟန်မှ မရှိ၊ ဘာကိန်းကြီးခန်းကြီးမှ မရှိတဲ့အပြင် အနုပညာကိုပါ ရောင်းတန်းဝင် ပန်းချီဆရာအဆင့် ရောက်တဲ့ထိ စိတ်ဝင်စားသူပါ။ အင်မတန် လူသားဆန်တယ်လို့ ပြောရမလားပဲ။

Richard Feyman အကြောင်းတော့ You Tube နဲ့ Wiki မှာ ရှာနိုင်သလို ဆရာကိုတာ ကလည်း ကစားတဲ့ ပါမောက္ခ ဆိုပြီး စာအုပ်ထွက်ထားပါတယ်။

ကျနော်ကတော့ Feynman နဲ့ တခြားစီ ဖြစ်သော်ငြား သူ့စိတ်ဓါတ်ကို သဘောကျသမို့ ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါး အလုပ်လုပ်သလို ကျနော်နဲ့ တွဲလုပ်သူတွေကိုလည်း ပေါ့ပေါ့ပါးပါး ဖြစ်စေချင်ပါတယ်။ နောက်တစ်ချက်က စကားအဖြစ်သာ မြင်သာအောင် ပြောရပေမဲ့ တကယ်တမ်း ကျနော့စိတ်ထဲမှာ အထက်အောက် ဆက်ဆံရေး ဆိုတာ မရှိပါဘူး။ အားလုံးဟာ ကိုယ့် Role နဲ့ ကိုယ် Play နေတယ်လောက်ပဲ မြင်ပါတယ်။ အလုပ်သမားတစ်ယောက်ဟာ ရာထူးအနေနဲ့ ကျနော့ထက် ငယ်တယ်လို့ ပြောနိုင်ပေမဲ့ တကယ်တော့ သူက သူ့တာဝန်နဲ့ သူ၊ ကျနော်က ကျနော့တာဝန်နဲ့ ကျနော်ပါပဲ။ တာဝန်ယူထားပဲးချင်း မတူတာကလွဲရင် ငါက အထက် သူက အောက် ဆိုတာမျိုးတွေ ကျနော် သဘောထားလို့ မရပါ။ လုပ်ဖေါ်ကိုင်ဘက်လို့ပဲ မြင်ပါတယ်။

Richard Feyman

ဒါကြောင့် ကျနော်က အလုပ်လုပ်တဲ့နေရာမှာ အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါး ဖြစ်အောင် လုပ်ပါတယ်။ တကယ်တမ်း လုပ်ငန်းခွင် ဖိအားတွေကို သရုပ်ခွဲကြည့်ရင် တကယ် အလုပ်ကြောင့်ရတဲ့ ဖိအားထက် မလိုလားအပ်တဲ့ အပို ဖိအားတွေက များနေတာကို တွေ့ပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ပညာပြတာတွေ၊ ကြပ်တာတွေ၊ အာဏာပြတာတွေ၊ အလွန်အကျွံ လေးစားခံချင်တာတွေကြောင့် ရတဲ့ ဖိအားတွေကို ကျနော်က မလိုလားအပ်တဲ့ဖိအားတွေလို့ သတ်မှတ်ပါတယ်။ တကယ်တော့ လေးစားမှုဆိုတာ လုပ်ယူလို့ မရပါဘူး။ ပြီးတော့ ရင်ထဲ စိတ်ထဲက feedback အမှန်ကို ကျနော်က တန်ဖိုးထားတယ်။ ဒါကြောင့် ကျနော့လူတွေ အမှန်တရားကို ပြောရဲအောင် ပြောတတ်အောင် ထားပါတယ်။

ကျနော်က အမှန်ပြောတာကို လက်မခံရင် အလိမ်ခံရမယ်ဆိုတဲ့ အယူရှိပါတယ်။

နောက်တစ်ပိုုင်းကျမှ ကျနော် ကျင့်သုံးတဲ့ Management အတွေးအခေါ် တချို့နဲ့ အတွေ့အကြုံကို ဆောက်လုပ်ရေး Accident ဖြေရှင်းတဲ့ အတွေ့အကြံုလေးတွေ အကြောင်း မဆက်ခင် ပြောပြဦးမယ်လေ။ 

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...