Wednesday, September 14, 2016

နိမိတ် (၁)



စာဖတ်သူ… အတိတ်နိမိတ်တွေကို ယုံကြည်ပါသလား။

ကျနော်ကတော့ ၂ မျိုးခွဲ၍ တစ်မျိုးယုံ တစ်မျိုး မယုံဟု ဆိုချင်သည်။ တကယ်တော့ နိမိတ် ဆိုသည်က လက်ရှိဖြစ်ပေါ်နေသော ထူးခြားမှုကိုကြည့်၍ ရှေ့ဘာဖြစ်မည်ဟု ခန့်မှန်းခြင်းဟု အကြမ်းဖျင်း နားလည်သလို အဓိပ္ပါယ်ဖွင့်ကြည့်ပါသည်။ အတိတ် ဆိုတာကျတော့ ဖြစ်ပြီးခဲ့သမျှကို ဆိုလိုခြင်းဖြစ်သော်ငြား အတိတ်ကောက်သည် ဆိုတာကျတော့ အနာဂတ်ကို ခန့်မှန်းသည့်သဘော ဆောင်နေပြန်သည်။ ထားတော့။ နောက်အချိန်ရမှ ပါဠိအဘိဓါန်ကို လှန်ပါတော့မည်။

အခုတော့ လက်ရှိအခြေအနေ ထူးခြားမှုကိုကြည့်၍ ခန့်မှန်းသော သဘောကိုသာ ဦးတည်ပါရစေ။

နေကြတ်ခြင်း၊ ငလျှင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ကြယ်တံခွန် ဥက္ကာပျံခြင်းများကို သဘာဝဟုသာ နားလည်သဖြင့် အဆိုပါ အချက်များပေါ် မူတည်ကောက်ယူသော အတိတ်နိမိတ်များကို ကျနော် ယုံကြည်လေ့ မရှိပါ။ သို့သော် တချို့နိမိတ်များက အကြောင်းအကျိုး ဆက်စပ်မှု ရှိသည်။ ငြင်းလိုက ငြင်းနိုင်ဖို့ ဥပမာတချို့ ပြောပါမည်။ ကျောင်းသားတစ်ယောက် ဂိမ်းကို အရူးအမူးဆော့နေခြင်းသည် ထိုကျောင်းသားအတွက် စာမေးပွဲကျမည့် နိမိတ်ဖြစ်သည်။ ဆိုင်ကယ်ကို အဆန်းထွင်ပြီး စီးတတ်သော ဆိုင်ကယ်သမားအတွက် ဆိုင်ကယ်သည် သေခြင်းဆိုးဖြင့်သေမည့် နိမိတ် ဖြစ်နိုင်သည်။ အလုပ်မှာ ယောင်ဝါးလုပ် ဂိမ်းဆော့နေသော အလုပ်သမားအတွက် ပိုကီမွန်သည် အလုပ်ပြုတ်မည့် နိမိတ် ဖြစ်တန်ရာသည်။


မဖြစ်သေးသော်လည်း ဖြစ်နိုင်ရာချေကို ခန့်မှန်းနိုင်သည်။ သို့သော် ဖြစ်ချင်မှ ဖြစ်မည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဘာမှ မဖြစ်ဘဲ အောင်မြင်နေသော ကျောင်းသား၊ လျှမ်းလျှမ်းတောက် ဆိုင်ကယ်စတန့်သမား၊ ရာထူးတိုးသွားသော အလုပ်သမားလည်း ရှိသည်။ ထို့ကြောင့်ပင် တစ်မျိုးယုံ၍ တစ်မျိုး မယုံဟု ကျနော်ဆိုသည်။

အတိတ်ကောက်ခြင်း၊ နိမိတ်ဖတ်ခြင်းများသည်လည်း ထိုသဘောအတိုင်းပင် ဖြစ်သည်။ ဖြစ်နိုင်ရာချေကို ကြည့်၍ သတိထားနိုင်လျှင် အနည်းနှင့် အများ ကာကွယ်နိုင်သည်။ သက်သာရာ ရနိုင်သည်။ ထိုအတွက်ကြောင့်ပင် ဗေဒင်မေးကြသည်။ ယတြာချေကြသည်။ နျူကလီးယား လက်နက်တွေ ထုတ်ကြသည်။ ငလျှင်ဒဏ်ခံ အဆောက်အဦးတွေ ဆောက်ကြသည်။ ယုံကြည်မှု အလျှောက် လုပ်ပုံကိုင်ပုံတွေ ကွဲပြားကြသော်လည်း ရည်ရွယ်ချက်ကတော့ ဖြစ်လာမည့်အရာကို ကြိုတင် သိလိုခြင်း၊ မသိရသည့်အခါ ခန့်မှန်းခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်လာခဲ့လျှင် သက်သာအောင် ပြင်ဆင်လိုခြင်းသာ ဖြစ်သည်။

နိမိတ်အကြောင်း မပြောခင် ရုပ်ရှင်အညွှန်းလေးတစ်ခု အရင်ပေးချင်ပါသည်။


ဒီရက်ပိုင်းထဲ ကြည့်မိသော ရုပ်ရှင်တွေထဲမှာ ထူးထူးခြားခြား နှစ်သက်မိတာက ၂၀၁၆ ထွက် Ice Age Animation ကားလေး ဖြစ်သည်။ စကားပြောလေးတွေက ကောင်းလှသလို အရုပ်ကလေးတွေကလည်း ချစ်စရာကောင်းသည်။ ရှုခင်းတွေက လှသလို ဇာတ်ကောင်စရိုက်လေးတွေက ပီပြင်လွန်းသည်။ သိပ္ပံပညာ၊ ဗဟုသုတအစစ်အမှန်များနှင့် ဟာသကို ဘက်ညီအောင် တွဲစပ်ထားသည်။ လူငယ်နှင့် လူကြီး အမြင်မတူ အယူအဆမတူမှုလေးတွေကို ချစ်စရာကောင်းအောင် ရိုက်ပြသွားသလို မိဘတို့အတွက် သားသမီးအပေါ်ထားရမည့် မှန်ကန်သည့် အမြင်ကို အတုံးလိုက်အတစ်လိုက် မဟုတ်ဘဲ သေသေသပ်သပ်လေး ပညာပေးသွားသည်။

ဟာသလေးတွေကလည်း ကလိထိုးရယ်ရတာမျိုး မဟုတ်ပါဘဲ ဝါးလုံးကွဲ ရယ်ရသည့်ဟာသမျိုးမှ တခွိခွိကြိတ်ရယ်ရသည့် ဟာသမျိုးထိ ရသ စုံလှသည်။ မျက်တောင်မခတ်တမ်း၊ အာရုံ မလွတ်တမ်း ကြည့်သင့်သည့် ကားလေးပါ။ အကြောင်းက အာရုံလွတ်လိုက်လျှင် ပေးချင်သည့် message လေးတွေ မရလိုက်မှာ စိုးသောကြောင့်။

ပြဿနာက ရုပ်ရှင်ကြည့်ပြီးတော့ စိတ်ထဲမှာ မဆုံးနိုင်အောင်တွေးမိနေတာက ကမ္ဘာပျက်သည့်ကိစ္စ။ အခုနောက်ပိုင်း ရုပ်ရှင်တွေမှာ ကမ္ဘာပျက်သည့် ရုပ်ရှင်တွေ အတော်များလာသည်။

မှတ်မှတ်ရရ။

၂၀၁၄- ခုနှစ် မေလ ၂၆ ရက်နေ့မှာ The Day After Tomorrow ရုပ်ရှင်ကား ရုံတင်သည်။ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက ဆူနာမီဟု ခေါ်သည့် ဧရာမလှိုင်းလုံးကြီးများ လူနေမြို့ကြီးများအတွင်း ဝင်ရောက်ရိုက်ခတ်သည့် ဇာတ်ဝင်ခန်းဖြစ်သည်။ အထင်ကရ မြို့ကြီးတွေ မိနစ်ပိုင်းအတွင်း ရေအောက် ရောက်သွားသည့် ပြကွက်က ရုပ်ရှင်ကြည့် ပရိတ်သတ်များကို ရင်သပ်ရှုမော ဆွဲဆောင်သွားနိုင်ခဲ့သည်။

နောက် ၇ လ တိတိ ပြည့်သည့် ၂၀၁၄- ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်သည့် Magnitude ၉.၁ မှ ၉.၃ အထိရှိသည့် ဧရာမငလျှင်ကြီးကြောင့် ဆူနာမီလှိုင်းကြီးများကြောင့် နိုင်ငံ ၁၄ နိုင်ငံမှ စုစုပေါင်း လူ ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရသည်။ ဆူနာမီလှိုင်းများ၏ အမြင့်မှာ မီတာ ၃၀ (ပေ ၁၀၀) ထိ ရှိခဲ့သည်။

ထိုဖြစ်ရပ်အပြီးကျမှ ဆူနာမီ ဆိုသော ဂျပန် ဝေါဟာရမှာ တစ်ကမ္ဘာလုံး၌ မကြာခဏ သုံးစွဲရသော စကားလုံးတစ်ခုအဖြစ် တွင်ကျယ်လာတော့သည်။

The Day After Tomorrow ရုပ္ရွင္ကားမွ ဇာတ္ဝင္ခန္းတစ္ခု (2014, May)
2014, December ဆူနာမီ

သူ့နောက်မှာ နာမည်ကြီးတာက ၂၀၀၉- ခုနှစ်မှာ ထွက်ခဲ့တဲ့ 2012 ရုပ်ရှင်။ ဆူမားရီးယန်း ပြက္ခဒိန်ရဲ့ ပဟေဠိနဲ့ ဒဿမမြောက်ဂြိုလ်ကြီးအကြောင်းက ကျနော်ပြောသည့် မယုံချင် မယုံလို့ရသည့် နိမိတ်အမျိုးအစား။ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု၊ နေ မီးတောက်များ၊ ဂလက်ဆီအတွင်း ကမ္ဘာကြီးရဲ့ အရွေ့များကြောင့် ကမ္ဘာကြီးရဲ့ သံလိုက်ဝင်ရိုးစွန်းတွေ ပြောင်းရွေ့ရာမှ ကမ္ဘာ့ဆွဲအားတွေ ကပြောင်းကပြန်ဖြစ်တာတွေက ကျနော်ယုံသည့် ဒုတိယ အမျိုးအစား နိမိတ်။ ဒီရုပ်ရှင်က ဖြစ်နိုင်ရာချေတွေစုပြီး ကမ္ဘာပျက်သည့် ရုပ်ရှင်။ ဟာကွက်တွေ ရှိသော်ငြား ကွန်ပျူတာ အထူးပြုလုပ်ချက်များနှင့် အတော်ကြည့်ကောင်းသည့် ရုပ်ရှင်။ ဤရုပ်ရှင်ကားတွင်လည်း ဆူနာမီလှိုင်းတွေက အဓိက ဇာတ်ဝင်ခန်းတွေ ဖြစ်ခဲ့ပြန်သည်။


ရေကြီး မီးလောင် ပျက်စီးပုံပြီးတော့ နောက်တစ်မျိုးက ကမ္ဘာ့အပြင်မှ ဥက္ကာခဲ  သို့မဟုတ် ဂြိုလ်ကြီးတစ်ခုခု သို့မဟုတ် စကြာဝဠာအရာဝတ္ထု တစ်ခုခုနှင့် တိုက်ခိုက်မိပြီး ပျက်စီးခြင်းကို ဇာတ်လမ်းဖွဲ့ကြသည်။ ၁၉၉၈-ခုနှစ်တွင် ရုံတင်ခဲ့သည့် Armageddon၊ ၂၀၀၉- ခုနှစ်တွင် ထွက်ခဲ့သည့် Meteor လို ကားမျိုးတွေက အလွန်ပြောင်မြောက်သော ဇာတ်လမ်း၊ သေသပ်လှပသော အထူးပြုလုပ်ချက်များနှင့် ကြည့်၍ မရိုးနိုင်သော ဇာတ်ကားကောင်းများ ဖြစ်သည်။


နောက်တစ်မျိုး ကမ္ဘာပျက်ခြင်းပုံစံတစ်မျိုးက Independent Day တို့ War Of The World တို့လို တခြားကမ္ဘာမှ ဂြိုလ်သားများ လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ Holloywood ရုပ်ရှင်များ၏ အားသာချက်က အနာဂတ်ကို မျက်နှာမူသည့် ရုပ်ရှင်များကို တကယ်အရှိ သီအိုရီများ၊ ဖြစ်ရပ်များဖြင့် အခြေခံ၍ ချဲ့ကားရိုက်ခြင်း ဖြစ်သောကြောင့် ရုပ်ရှင်မို့ ပိုပိုကဲကဲ လုပ်ပြ ဖြစ်ပြသည်မှ လွဲလျှင် အမှန်အရှိ အကြောင်းအရာများ ပါဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဖျော်ဖြေရေးတင်မက ဗဟုသုတလည်း ပေး၊ တွေးစရာလည်း ပေးနိုင်သည်။ တချို့ရုပ်ရှင်တွေ၊ ဂိမ်းတွေက လူတွေကို အစမ်းလေ့လာနိုင်အောင် သရုပ်ပြသလို ဖြစ်နေသည်။ တစ်မျိုးအားဖြင့် ကောင်းသော်လည်း တစ်ဖက်က ကြောက်စရာ ကောင်း ကောင်း လာသည်။ ရုပ်ရှင်ထဲကဟာတွေ တကယ်ဖြစ်ဖြစ်လာတာကို မကြာခဏ တွေ့နေရသည်။



နောက်ထပ်လည်း ကပ်ရောဂါများ၊ ဗိုင်းရပ်စ်များကြောင့် ကမ္ဘာပျက်ပုံပျက်နည်းတွေလည်း ရှိသေးသည်။ Resident Evil လို ဇာတ်လမ်းမျိုးတွေ၊ I’m Legend လို ဇာတ်ကားတွေ အများကြီး ရှိသေးသည်။

အကျဉ်းချုပ်ပြီး ပြောရလျှင် သူတို့ဟာတွေက တကယ်လိုလို အဟုတ်လိုလိုတွေက များသည်။ ကမ္ဘာကို ကယ်တင်ဖို့ Iron Man စူပါဟီးရိုးတွေတင်မက Thor လို နတ်ဟီးရိုးတွေကိုပါ Hollywood မှ ထုတ်သည်။ ကမ္ဘာကြီးသည် Hollywood ရုပ်ရှင်များတွင် မကြာခဏ ပျက်စီးရသည်။

အမေရိကန်မှ လေဘာတီရုပ်တုကြီးခင်မျာလည်း မကြာခဏ မီးလောင်လိုက် ရေကြီးလိုက်နှင့် ပျက်စီးရရှာသည်။ အိမ်ဖြူတော်လည်း တဝုန်းဝုန်း တဒိုင်းဒိုင်း မကြာခဏ ပြိုကျသည်။ အမေရိကန် သမ္မတခင်မျာလည်း ငြိမ်ငြိမ် မနေရ။ Terminator က တစ်မျိုး၊ Independent Day က တစ်ပြဿနာ၊ X Men က တစ်ဖုံနှင့် ခဏခဏ ဒုက္ခများသည်။

ခက်တာက Hollywood ရုပ်ရှင်တွေက ရှေ့ပြေးနိမိတ်လို ဖြစ်ဖြစ်နေတတ်တာ ဖြစ်သည်။ သူတို့ ရိုက်ကူးပုံတွေက ကျနော်ယုံကြည်သည့် ဒုတိယအမျိုးအစားနိမိတ်ထဲမှာ အကုန်မဟုတ်သော်လည်း အတော်များများ ပါနေတာ များသည်။ ယနေ့လက်ရှိ ကမ္ဘာရဲ့ သိပ္ပံပညာအခြေအနေကို ကြည့်ကြဦးစို့။

ယခုနှစ်အတွင်း ဧပြီလတွင် မိတ်ဆက်ပြသသည့် တရုတ်ပြည်ထုတ် စက်ရုပ်မိန်းကလေးသည် ထွက်ပြီးသမျှ စက်ရုပ်များထဲတွင် လူနှင့်အတူဆုံးဖြစ်သည်။ လူနှင့်တူသော စက်ရုပ်များကို အမျိုးမျိုးထွင်ခဲ့ကြသည့်ကိစ္စတွေ ကမ္ဘာမှာ အများအပြား ရှိပါသည်။ အထူးသဖြင့် ဂျပန်သည် လူတူစက်ရုပ် နည်းပညာတွင် နာမည်ကြီးလှသည်။ ယခင်ကတည်းက အိမ်ဖေါ်စက်ရုပ်၊ ဘောလုံးသမားစက်ရုပ်၊ အကသမားစက်ရုပ်….. စသဖြင့် စက်ရုပ်ပေါင်း များစွာကို ထွင်ခဲ့ကြသည်။ ယခုနောက်ပိုင်း လူတူစက်ရုပ်တွေ များလာသည်။ အထူးသဖြင့် အိမ်ရှင်မ စက်ရုပ်တွေ။ ကျနော်ကတော့ မကြောက်တဲ့အပြင် လန့်တောင် လန့်သေးဟု ဆိုရမည်။ အိမ်ရှင်မစက်ရုပ်နှင့် အတူအိပ်နေချိန်... ကိုယ်က အိပ်နေတဲ့အချိန် ဒါကြီးက အိပ်မှာ မဟုတ်။ စက်ရုပ်ဆိုတဲ့နောက်တော့ အလေးချိန်ကလည်း ကိုယ့်ထက်စီးမှာ သေချာသည်။ မတော်လို့ စက်ချို့ယွင်းပြီး လည်ပင်းထညှစ်မှ Terminator 3 ထက် ဆိုးသွားမည်။ Made In China စက်ရုပ်ဆို သာလို့တောင် ကြောက်ပါသေးသည်။

တရုတ်နိုင်ငံလုပ် စက်ရုပ် (2016, April)



Terminator 3 ရုပ်ရှင် (2003)
Universal Soldier ထဲကလို လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းကတော့ အတော်ကြာနေပြီလို့တောင် ပြောလို့ရသည်။ လူတိုင်းနီးပါး အပြင်ထွက်လျှင် အကျီင်္အိတ်ထဲမှာ မိုဘိုင်းဖုန်းတွေ၊ နားမှာ နားကြပ်တွေ၊ Bluetooth တွေ၊ ကျောပိုးအိတ်ထဲမှာ Laptop၊ လက်ထဲမှာ Tablet နှင့် လူတစ်ကိုယ်လုံး ဝါယာကြိုးတွေ၊ ဘတ္တရီတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ တပ်ဆင်ကာ ခရီးသွားနေကြသည် မဟုတ်ပါလား။ တကယ်တော့ ကျနော်တို့အားလုံး စက်တစ်ပိုင်း လူတစ်ပိုင်း Universal Soldier တွေပါပဲ။ Digital အသုံးအဆောင်တွေနဲ့ ကင်းတဲ့လူဆိုတာ တောရော မြို့ပါ အတော်ရှားသွားပြီ မဟုတ်ပါလား။

နေ့စဉ် လုပ်ငန်းခွင်မှာလည်း ဝန်ချီစက်တွေ၊ ကွန်ပျူတာတွေ၊ ဒေတာ တွေနှင့် နပန်းလုံးနေကြရသည်။ ဒီခေတ်က ကွန်ပျူတာအခြေခံမရှိလျှင် TV ဖွင့်ဖို့တောင် ခက်လှသည်။ တကယ်တော့ ဒါတွေက စက်တစ်ပိုင်း လူတစ်ပိုင်း ကျနော်တို့ရဲ့ ဘဝပါ။ စက်တွေက ကျနော်တို့ရဲ့ အစိ်တ်အပိုင်းတွေ ဖြစ်လာနေပြီ။ အရင်လို ဟမ်းဖုန်းပျောက်လို့ ဖုန်းပဲ ဆုံးရှုံးတာ မဟုတ်တော့။ Smart ဖုန်းထဲက ကိုယ်နဲ့ ပတ်သက်တဲ့ ဒေတာတွေက ဖုန်းထက် ပိုတန်ဖိုးရှိသည်။ ဒါကြောင့်ပင် ဖုန်းကို မျက်စေ့အောက်က အပျောက်မခံနိုင်။ ဖုန်းက ကျနော်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသည်။ သူမရှိရင် လက်ကျိုး မျက်စိကန်း နားထိုင်းသွားသလို ခံစားနေရတာ ဒီခေတ် မော်ဒန်လူသားတွေရဲ့ ကင်ဆာပါပဲ။

စက်တပိုင်း၊ လူတပိုင်းများ
ဒီအဆင့်ထိ ပြဿနာမရှိသေး။

စက်တွေရဲ့ စွမ်းဆောင်ရည်က လူထက်သာလာရသည့်ကြားထဲ Artificial Intelligent ဟုခေါ်သော စက်ဦးနှောက်အတုတွေရဲ့ စွမ်းရည်က တစ်စထက်တစ်စ တိုးတက်လို့ လာနေသည်။ လူက ခိုင်းစေသမျှ လိုက်လုပ်သော အဆင့်ကိုကျော်၍ စက်တွေက ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိလာသည့်အခါ စိုးရိမ်စရာတွေ ဖြစ်လာသည်။

Virus ရုပ်ရှင်ထဲကလို စက်က စက်ကို ပြန်ဖန်တီးသည့်အဆင့် ရောက်လာလျှင်….
Terminator ထဲကလို စက်တွေနဲ့ လူတွေ ဆော်ကြ နှက်ကြသည့်ခေတ် ရောက်လာလျှင်….
နည်းပညာတိုးတက်မှု ဆိုသည်က တားဆီး၍ မရစကောင်း။

စက်က စက်ကို ပြန်ဖန်တီးသည်ဆိုလို့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတစ်ပုဒ် (ဟုထင်သည်) ပြောပြချင်သည်။

သိပ္ပံပညာရှင်တစ်ယောက် သတ္တုရှာသည့် စက်ရုပ်များကို ထွင်သည်။ စွမ်းအင်ကို နေရောင်ခြည်မှ ယူသည်။ စက်ရုပ်ရဲ့ အလုပ်လုပ်ပုံက သတ္တုကို သူ့ဘာသာသူ ရှာသည်။ ရသည့် သတ္တုနှင့် နောက်ထပ် စက်ရုပ်တစ်ရုပ်ကို သူ့ဖာသာ ဖန်တီးနိုင်သည်။ ရည်ရွယ်ချက်က ကမ္ဘာ့မြေအောက် သတ္တုသိုက်တွေကို ရှာဖို့။ ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်းတွင် စက်ရုပ်ကို တပြည့်တစ်ယောက်နှင့်အတူ စမ်းသပ်ကြသည်။ နေရောင်အောက်တွင် စက်ရုပ်သည် စတင်အသက်ဝင်လာသည်။ ပြီးသည်နှင့် သတ္တုရှာသော အလုပ်ကို အလိုအလျှောက် စတင်သည်။

ကျွန်းပေါ်မှ သတ္တုများကို တူးဖေါ်ပြီး ရသည့်သတ္တုနှင့် နောက်ထပ် သတ္တုရှာ စက်ရုပ်တွေကို စက်ရုပ်က သူ့ဖါသာ ဖန်တီးသည်။ တဖြည်းဖြည်း ကျွန်းပေါ်မှာ သတ္တုရှာစက်ရုပ်တွေ များသထက် များလာသည်။ နောက်ဆုံး ကျွန်းပေါ်က သတ္တုတွေ ကုန်သွားချိန်မှာ ရပ်ဖို့ ပရိုဂရမ် မထည့်ထားမိသောကြောင့် စက်ရုပ်တွေက သတ္တုရှိသည့်နေရာကို အတင်းလိုက်ရှာသည့်အခါ တပြည့်ကျော်ရဲ့ လက်က ချွတ်မရသော လက်စွပ်အတွက် စက်ရုပ်တွေက လက်ကို ခုတ်ဖြတ်ယူသွားသည်။ တပြည့်ဖြစ်သူ အော်ဟစ်နေတုန်း သိပ္ပံပညာရှင်ကြီးကိုယ်တိုင် ပါးစပ်ထဲက စိုက်ထားသော စတီးသွားတစ်ချောင်းအတွက် အသက်ပေးလိုက်ရသော ဝတ္ထုလေး ဖြစ်သည်။ စိတ်ကူးယဉ်ဝတ္ထု ဖြစ်သော်လည်း တွေးစရာ ကောင်းသော ဝတ္ထုတစ်ပုဒ်ပါ။

အာကာသမှ တစ်စုံတစ်ခုနှင့် ကမ္ဘာကြီး တိုက်မိသော ဖြစ်စဉ်မျိုးကလည်း မဖြစ်ဘူး ပြောမရသည့်ကိစ္စမှန်း သိလာကြပြီ။ တကယ်တော့ စကြာဝဠာအနန္တထဲမှာ ကမ္ဘာရဲ့ ရပ်တည်မှုက တကယ့်ကို ပြောပလောက်သည့် အခြေအနေမှာ မရှိ။ ကမ္ဘာပင် စိတ်မချရသည့်နောက်တော့ ကျနော့တို့ လူသားတွေရဲ့ ရပ်တည်မှုက ဆိုဖွယ်ရာ မရှိတော့။ သိပ္ပံမျက်စိ အားကောင်းလာလေလေ ကြောက်စရာတွေ တိုးတိုးလာလေလေ၊ ကျနော်တို့လည်း မလုံခြုံမှုကို ခံစားရလေလေ ဖြစ်နေသည်။ ဒီကြားထဲ လူသား Clone ပွားသည့်ကိစ္စကလည်း တချို့နိုင်ငံတွေမှာ ဥပဒေထုတ်တားမြစ်ရသည့် အဆင့်ရောက်လာသည်။
ထားတော့။

ဒီလောက်ဆို ကျနော်ပြောချင်သည့် ကမ္ဘာပျက်နိမိတ်တွေကို စဉ်းစားမိလောက်ပြီ ထင်သည်။ ဘုရားဟောအရ ကမ္ဘာပျက်နိမိတ်တွေက နှစ်တစ်သိန်း ကြိုပြီး ပေါ်ပါသတဲ့။ ဘယ်တုန်းကတည်းက စ ပေါ်တယ်တော့ မသိ။ ကျနော် သတိထားမိတာက Rock ဂီတ ခေတ်စားလာပြီးတဲ့နောက် အရိုးခေါင်းရုပ်တွေ နေရာတကာ ဖြစ်လာသည်။ မော်ဒယ်ခေတ်မှာ အနက်ရောင်ဖက်ရှင်တွေက ကြည့်ကောင်းလာသည်။


တကယ်တော့ အရိုးခေါင်းတို့ အနက်ရောင်တို့ဆိုတာ ခေတ်အဆက်ဆက် အ မင်္ဂလာဟု အယူရှိကြတာ လူမျိုးအတော်များများပါပဲ။ သို့သော် တဖြည်းဖြည်းနှင့် အရိုးခေါင်းသည် ဖက်ရှင် ဖြစ်လာသည်။ အဆင်တန်ဆာ ဖြစ်လာသည်။ အရိုးခေါင်းပုံကို ဒီဇိုင်းအမျိုးမျိုးနှင့် အသုံးအဆောင် အမျိုးမျိုးမှာ ထည့်သွင်းလာကြသည်။ ကျနော် ယခုကိုင်ထားသော ကွန်ပျူတာ Mouse ပင်လျှင် Game Mouse ဟု ခေါ်သော ဒီဇိုင်းခပ်မိုက်မိုက် Mouse ဖြစ်လျှက် နောက်ဖက်တွင် အရိုးခေါင်းပုံက ပြောင်းနေသော LED မီးရောင်နှင့် ပဏာစားလှသည်။

အ မင်္ဂလာများဟု အယူရှိသော အရာများသည် လူအများမျက်စိထဲတွင် လှ လာသည်။ ကြည့်ကောင်းလာသည်။ ကျနော်ကတော့ ကျနော်ခပ်ငယ်ငယ် အဲဒါတွေ ခေတ်စားကတည်းက ကောင်းတဲ့နိမိတ်လို့ မထင်။ လူတွေ အသေအပျောက်များမဲ့ အချိန်တစ်ခုကို ရောက်လာတော့မည်ဟု ထင်နေခဲ့သည်။

လူတွေ ဘယ်က စတယ်တို့၊ စကြဝဠာကြီးရဲ့ အစ တို့အကြောင်းကို ဘုရားရှင်က မဟောပါ။ တချို့ အကြောင်းအရာတွေက ဟိန္ဒူကျမ်းတွေနှင့် ရောထွေးနေကြခြင်းသာ ဖြစ်သည်။ တချို့ကိစ္စတွေကို ဘုရား မဟောခြင်းက မသိ၍ မဟုတ်။ သဗ္ဗညုတဉာဏ်ရှင်သည် အကုန်အစင် သိမြင်တော် မူမည်မှာ အဘိဓမ္မာအခြေခံလောက် လေ့လာဖူးလျှင် ခန့်မှန်းမိပါလိမ့်မည်။

အဓိက အချက်မှာ သတ္တဝါတွေရဲ့ သက်တမ်းက စကြာဝဠာထဲတွင် အလွန်တိုတောင်းလှသည်ဖြစ်ရာ ဘဲဥအစရှာခြင်းနှင့် အချိန်မကုန်စေလိုခြင်း ဖြစ်တန်ရာသည်။

ကျနော်တို့ ကျောင်းသားဘဝက ပညာရဲ့ အကြောင်း ဘယ်လိုပြောပြော နားမလည်။ ကိုယ့်ကိုယ်ကိုသာ သိသလို ထင်နေသည်။ စာမေးပွဲတွေသည် ဧရာမ အခက်အခဲကြီးတွေ။ တကယ်တမ်း ကျောင်းပြီး၍ လုပ်ငန်းခွင်ထဲရောက် ဘဝကို တကယ်ရုန်းတော့မှ ပညာရဲ့ ကွာခြားမှုကို လက်တွေ့ခံစားရတော့သည်။ ကြုံလာရသည့် အခက်အခဲတွေကလည်း ကျောင်းသားဘဝနှင့် ဘာမှ မဆိုင်အောင် ဖြစ်လာသည်။

အဲဒီတော့မှ လုပ်ခဲ့ဖူးသမျှ ဖြတ်သန်းခဲ့သမျှတွင် ကျောင်းသားဘဝသည် အသက်သာဆုံး ဖြစ်မှန်း သိလာသည်။ ဒီ ဘာမဟုတ်တဲ့ စာမေးပွဲလေးကို ဖြစ်မြောက်အောင် မဖြေခဲ့ဘဲ အချိန်ဖြုန်းခဲ့သဖြင့် ပြန်ပေးဆပ်ရသည်က များလှသည်။ ခုမှ ပြန်လုပ်ချင်လို့လည်း မရတော့။ လွယ်လွယ်ကူကူ ဖြောင့်ဖြောင့်တန်းတန်း အချိန်တိုတိုနှင့် ခရီးရောက်အောင် သွားနိုင်ပါလျှက်နှင့် အောင်လက်မှတ်လေး ကွာရုံနှင့် အဝေးကြီးတွေ ပတ်သွားရသည်။ နောက်က လိုက်ပြီး ဖါထေးပေးဆပ်ရတာတွေက များလှသည်။ ဟိုတုန်းကသာ ဒီလို အသိမျိုးနဲ့ ဒီလိုကြိုးစားခဲ့ရင် ခုဆို ဘာဖြစ်နေပြီဆိုသည့် အတွေးတွေက တစ်ခါတစ်ခါ ခေါင်းကို လာလာဆောင့်သည်။

ဒါကြောင့်လည်း နောက်တက်လာမည့် ညီတွေ ညီမတွေ ကလေးတွေကို ပညာကို ကြိုးစားသင်ဖို့ ပြောမိသည်။ သူတို့တွေ ဂိမ်းတွေ၊ Facebook တွေနှင့် အချိန်ဖြုန်းနေလျှင် စိတ်ထဲက မချင့်မရဲ ဖြစ်မိသည်။ ကြည့်ပါဦး။ အချိန်တွေ ဖြုန်းနေပြန်ပြီ။ ငါ့လို ဒုက္ခရောက်တော့မှာပဲ ဟု တွေးသည်။ သူတို့ ဆင်ခြေတွေကို ကြားလျှင်လည်း သူတို့ ဘာကိုတွေးပြီး ဘာကို ဆင်ခြေပေးနေမှန်း သိနေသည်။ ပြီးလျှင် ဘာဖြစ်တော့မည်ကိုလည်း ခန့်မှန်းနေမိသည်။ တစ်ဆက်တည်း ငါ့တုန်းကလည်း လူကြီးတွေ ဒီလို ပြောခဲ့ကြတာပဲဆိုတာကို သတိရသည်။ ငါ့တုန်းက နားလည်သလိုလိုနဲ့ နားမလည်ခဲ့သလို ဒီကလေးတွေလည်း နားလည်မှာ မဟုတ်ပါဘူးဟု စိတ်ထဲက နားလည်နေသည်။

ငါဒီလိုတွေ ကျော်လွှားခဲ့သလို သူတို့ ကျော်နိုင်ပါ့မလားဟု စိုးရိမ်သည်။
တကယ်တော့ သူတို့ရဲ့ နိမိတ်တွေကို ကျနော် အတိတ်ကောက်နေခြင်းသာ။ ဖြစ်နိုင်ရာချေတွေကို မြင်နေသည်ကိုး။

အခု အသက်ကလေး ရလာတော့ ဘုရားလည်း ဒီလိုပဲ နေမှာဟု ကိုယ်ချင်းစာစိတ်နဲ့ တွေးမိသည်။ ဗုဒ္ဓက အကုန်သိနေလေတော့ ငါတို့ အချိန်ဖြုန်းနေတာကို ဘေးကနေ မဟာကရုဏာတော်နဲ့ စိုးရိမ်တော် မူရှာမယ်။ ဒါကြောင့် အချိန်ရှိတုန်း လိုရင်းကို လုပ်ဖို့ ဝိပဿနာတရားတွေ၊ အလုပ်တရားတွေ၊ လိုက်နာကျင့်ကြံရမဲ့ လက်တွေ့တရားတွေကိုသာ ရတဲ့ အချိန်လေးအတွင်း ဖိဟောခဲ့တာကိုးဟု တွေးမိပြီး ကြည်ညိုရသည်။ ကိုယ်တွေက ဘာမဟုတ်တာတွေနဲ့ ဆင်ခြေပေး အချိန်ဖြုန်းလို့ကောင်းတုန်း။

မြတ်ဗုဒ္ဓက ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့ အဓိက ဟောကြားသည်။ ဝိပဿ     နာရဲ့ အနှစ်သဘောကိုက ပစ္စုပ္ပန် ခဏိကကို ရှုခြင်း။ နိဗ္ဗာန်သည် အတိတ်မဟုတ်။ အနာဂတ်မဟုတ်။ အကျိုးဖြစ်စေနိုင်သော အကြောင်းကို မဖန်တီးခြင်း အားဖြင့်သာ ကံ ကို ရပ်နိုင်သည်... သံသရာကို ရပ်နိုင်သည် မဟုတ်လော။

ကျနော်တို့ ဗုဒ္ဓဘာသာ နာမည်ခံ အများစုကတော့ အနာဂတ်ကို ကြောင့်ကြသည့် နေရာမှာ ဒီဘဝတင်မဟုတ် နောက်ဘဝထိပါ အာရုံ ပိုထားသည်။ အဓိက ထက် ဘာမဟုတ်တာတွေနှင့် အချိန်ဖြုန်းသည်။ တကယ်အာရုံထားရမည့် ပစ္စုပ္ပန်ကိုတော့ မေ့ထားတာပါပဲ။ စိတ်သည် အတိတ်နှင့် အနာဂတ်တွင်သာ ပျော်မွေ့သည်ကိုး။ နည်းနည်းပါးပါး တရားအားထုတ်ဖူးလျှင် သဘောပေါက်ပါလိမ့်မည်။

တချို့ နိမိတ်တွေက အကြောင်းအကျိုး အဆက်အစပ်ရှိသည်။

ထို့ကြောင့် ကျနော် ယုံသည်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။

(သရုပ်ဖော်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...