Friday, September 2, 2016

ရင်ခုန်သံ အင်တာဗျူး




နိဒါန်း


အချိန်က၁၉၉၄။


ဆယ်တန်းမဖြေမီက ဆယ်တန်းအောင်ရင် ဘာလုပ်မယ်ညာလုပ်မယ် စိတ်ကူးလေးတယဉ်ယဉ် လုပ်ခဲ့တဲ့ကျနော် တကယ်၁ဝတန်းအောင်တော့ အမှတ်ဆိုတာကြီးနဲ့ ကန့်သတ်လိုက်သဖြင့် ၁ဝတန်းအောင်ပြီး ဆရာဝန် အင်ဂျင်နီယာ လိုင်းမဝင်သူတို့၏ ထုံးစံအတိုင်း ဘာလုပ်ရမှန်း မသိတော့။

ဖြစ်ပုံကလည်း ဒီလို။


ကျနော့ အကုသိုလ် အကျိုးပေးတစ်ခုက စာမေးပွဲအသံကြားသည်နှင့် ဖျားတတ်နာတတ်သည့်ကိစ္စ။ ငယ်ငယ်ကတည်းက စာမေးပွဲနားနီးရင် (ကြောက်ဖျား) ဖျားနေကျအကျင့်က ၁ဝတန်းအထိမပျောက်။


ဘယ်လောက်ထိဆိုးသလဲဆို အတန်းကျောင်းတက်တဲ့ကိစ္စတင်မဟုတ်။ ၉တန်းဖြေပြီး ကျောင်းပိတ်ရက်မှာ အားကစားအဖြစ် တိုက်ကွမ်ဒိုသင်တန်း သွားတက်သည်။ သူငယ်ချင်းတစ်ယောက်က တိုက်ကွမ်ဒိုခါးစည်းအနက်ဆိုတော့ သင်တန်းမတက်ခင် အကြိုသဘောမျိုး သူ့အိမ်မှာ အရင်လေ့ကျင့်ပေးသေးသည်။ အဲဒီတော ့သင်တန်းမှာ သူများတွေ ကိုရီးယားလို ၁ ကနေ ၁၀ အထိကို မှတ်နေကြရချိန် ကိုယ်တွေက အေးဆေးပေါ့။ ခုန်လိုက် ပေါက်လိုက်ရင် တော်တော်ပေါ့ပေါ့ပါးပါး ဖြစ်နေနှင့်ပြီ။


၂ လလောက် တက်ပြီးတော့ ခါးစည်းအဝါဖြေဖို့အချိန် ရောက်လာသည်။ စာမေးပွဲဖြေမဲ့ရက်တည့်တည့်မှာ ကျနော်ဖျားပါသည်။ စာမေးပွဲနောက်တစ်ကြိမ် မတိုင်မချင်း ခါးစည်းအဖြူနှင့် နောက်တက်သင်တန်းသားသစ်တွေကြားမှာ ဝါရင့်သမ္ဘာရင့် ခါးစည်းဖြူကြီး ဖြစ်နေတော့သည်။


ဒီလိုနဲ့ နောက်တစ်ကြိမ် ခါးစည်းစာမေးပွဲထပ်လုပ်မဲ့အချိန် ရောက်လာပြန်သည်။

ဆရာက စိတ်မချ။

မင်းလာဖြစ်အောင်သာလာခဲ့.... တစ်ချက်နှစ်ချက်ကန်ပြရင်ရပြီ.... တဲ့။ ဆရာကလည်းစိတ်ပူတာ အဲလောက်။ မှတ်မိပါသည်။ ဆရာသက်ရှိန် တဲ့။


ခါးစည်း စာမေးပွဲဖြေမဲ့ရက်။


ဟုတ်ကဲ့။ သေသေချာချာကို ဖျားပြန်ပါတယ်ခင်ဗျာ။ မျက်နှာတွေနီ၊ ကိုယ်တွေပူ။ ရာသီဥတုကလည်း အပြင်မှာမိုးတွေက တအုံးအုံးတဒိုင်းဒိုင်း။ ဒီတစ်ခါတော ့ဆရာ့ကိုအားနာတာကြောင့့် အဖေနဲ့အမေတားတဲ့ကြားက ဖျားနေသော်လည်း အသက်နဲ့ အဝေးကြီးပါဟု အားတင်းကာ မရောက်ရောက်အောင်သွားပြီးဖြေခဲ့သည်။ ကိုယ်တွေပူပြီး ရောက်လာသည့် ကျနော့ကို ဆရာ့ခင်မျာ ကမန်းကတန်းဝတ်စုံလဲခိုင်းပြီး ကသောကမျောဦးစားပေး စစ်ရရှာသည်။


ကိုရီးယားလို တစ်ကနေတစ်ဆယ်ရေခိုင်း၊ နည်းနည်းပါးပါးကန်ပြခိုင်းပြီး အအောင်ပေးလိုက်သည်။ မအောင်လို့လည်းမဖြစ်။ ခါးစည်းအဖြူတွေကြားမှာစီနီယာကြီးကို ဖြစ်နေသကိုး။

အရင်ဘဝက သူများစာမေးပွဲကို ဘယ်လိုတွေ မကောင်းကြံခဲ့မှန်း မသိသော ကျနော်သည် ဆယ်တန်းရောက်တော ့အင်ဂျင်နီယာဘဝကို ရူးသွပ်ခုံမင်သည်မို့ YIT ဝင်ဖို့ကြိုးစားခဲ့ပါသည်။

ကျနော်တို့ခေတ်တုန်းကရူးသွပ်စရာကလည်းများများမရှိဘဲကိုး။


သားလေးကြီးရင်ဘာလုပ်မယ်....

"ဆရာဝန်ကြီးလုပ်မယ်.... (ဒါမှမဟုတ်)

အင်ဂျင်နီယာကြီးလုပ်မယ်.... (ဒါမှမဟုတ်)

စစ်ဗိုလ်ကြီးလုပ်မယ်....."


ဒါပါပဲ။


တခြားရွေးချယ်စရာတွေက ပိုက်ဆံချမ်းသာသူတွေ၊ နိုင်ငံရပ်ခြားနဲ့အဆက်အသွယ်ရှိသူတွေ၊ နားကြီးမျက်စိကြီးတွေအတွက် ရှိကောင်းရှိပါလိမ့်မည်။ ကျနော်တို့လို သာမာန် ဝန်ထမ်းသားသမီးတစ်ယောက်အတွက် မြင်နိုင်စွမ်းက သိပ်အဝေးကြီးမဟုတ်ခဲ့တာ သေချာပါသည်။

ပြောလက်စစကား ပြန်ကောက်ဦးမှပါ။ တော်ကြာ နိုင်ငံရေးတွေပါလာရင် ချော်တောငေါ့ပြီး ခေါင်းစဉ်ပြောင်းနေရဦးမည်။ ဖြစ်ပေါင်းလည်းများလှပြီ။

နောက်ဆုံးတော့ ဘယ်လိုပင်ကြိုးစားကြိုးစား ၁ဝတန်းဖြေခါနီး ထုံးစံမပျက်ဖျားပြန်ပါသည်။ ပိုဆိုးတာက ရိုးရိုးဖျားတာမဟုတ်။ မြောက်ဥက္ကလာတည်းဟူသော အရပ်မှာနေရင်း ငှက်ဖျားမိချေသည်တမုံ့။ ဖျားလိုက်သမှ သတိလစ်သည့် အဆင့်ကိုရောက်သည်။


ငှက်ဖျားပိုး ခေါင်းထဲရောက်ပြီး မာလကီးမယားမီ ဆရာကောင်းနှင့်တွေ့သောကြောင့် ထူထူထောင်ထောင် ပြန်ဖြစ်သော်လည်း ပြင်းထန်သည့် ငှက်ဖျားဆေးဒဏ်ကြောင့် ဖတ်ထားကျက်ထားသမျှစာတွေ မေ့ကုန်ရကား အဖြေလွှာကို ခြစ်ချပြီး နောက်တစ်နှစ်ဆက်နေဖို့ ကြံပါသေးသည်။


သို့သော် အစိုးမရသည့် အစိုးရမင်းများ၏ မဆုံးနိုင်သည့် စမ်းသပ်ပညာရေး ကျေးဇူးတော်ကြောင့် စံနစ်သစ်တစ္ဆေက နောက်ကထပ်ကြပ်မကွာ လိုက်လာခြင်းကြောင့် လည်းကောင်း၊ နောင်နှစ်ဖြေလည်း ဖျားချင်ဖျားနေဦးမှာ ဆိုသည့် အတွေ့အကြုံရင့်နေပြီဖြစ်သည့် မာတာမိခင်၏ မှတ်ချက်ကြောင့် လည်းကောင်း အောင်ရင်ပြီးရော လုပ်လိုက်ရတော့သည်။ သို့နှင့် တစ်သက်လုံးကြိုးစားခဲ့သမျှ ၁ဝတန်းတွင် ခြေချော်လက်ချော် ဖြစ်ရုံနှင ့်အားလုံး အဟောသိကံ ဖြစ်သွားပါတော့သည် ခင်ဗျား။

၁ဝတန်းမအောင်မီက အောင်မြင်အောင် လုပ်ရသည့်ဒုက္ခ၊ အောင်ပြန်တော့ ဘာဆက်လုပ်ရမှန်းမသိသည့်ဒုက္ခ။ ရည်မှန်းချက်ပျောက်၊ လမ်းလျှောက်ရင်း လမ်းပျောက်သည့်ဒုက္ခကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော လမ်းပျောက်သည့် ခံစားချက် ဘယ်လောက်ဆိုးသည်ဆိုတာကို သဘောပေါက်သွားသည်။ ရေစုန်မျောတတ်တဲ့စိတ်မျိုးမရှိတော့ ပို၍ပို၍ ခံစားရပါသည်။


တက္ကသိုလ် ဆက်တက်ဖို့တော့ မြန်မာစာမေဂျာက အဝေးသင်တက်ဖို့ ရွေးချယ်လိုက်သည်။ ဇာတ်လမ်းကဆုံးပြီကိုး။ ကျနော်ကိုယ်တိုင်က မြန်မာစာကို စိတ်ဝင်စားသော်လည်း ဒါနဲ့ထမင်းစားဖို့ မဖြစ်နိုင်ဟု ခံစားရပါသည်။ တကယ်တော့ မြန်မာစာသည် ကျနော့ဘဝတလျှောက်လုံးကို တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်အကျိုးပြုခဲ့တာ အခုစာရေးနေတဲ့ အချိန်အထိပါ။ နောက်များကြုံရင် ပြောကြတာပေါ့လေ။ အခုတော့ ဆက်လိုက်ဦးမည်။



ဘာလုပ်ရမှန်းမသိတော ့ထမင်းစားလို့ရသည့် အတတ်တစ်ခုခုသင်ဖို့ အရင်စဉ်းစားရသည်။ ရသည့်ကျောက်တုံးကို အရင်ကောက်၊ နောက် ဒါ့ထက်လှတာတွေ့မှ ရှေ့ကဟာက ပစ်ချချင်ပစ်ချ.... သိမ်းချင်သိမ်းဆိုသည့်မူကို ဆွဲကိုင်လျှက် ကညန က ယဉ်မောင်းသင်တန်းခေါ်တော့ ဝင်လျှောက်လိုက်သည်။ အနည်းဆုံးတော့ ကားမောင်းစားလို့ရမည် ဆိုသည့် စိတ်ကူးပါ။

အခုခေတ်လို ရွေးချယ်စရာတွေ အများကြီးထဲ ဘာရွေးရမှန်းမသိသည့် မျိုးဆက်သစ်တို့ဒုက္ခနှင့် ဘာမှရွေးစရာမရှိသည့် ကျနော်တို့မျိုးဆက်ရဲ့ဒုက္ခ ဘယ်ဒင်းက သာမယ်တော့ ကျနော်မသိ။ ကျနော်ကတော့ချိုလွန်းတာနဲ့ ခါးလွန်းတာအဝင်ဆိုးပုံချင်း အတူတူဟု ထင်ပါသည်။


ယဉ်မောင်းသင်တန်းကိုကြုံသလိုဖြေဆိုအောင်မြင်ပြီးချိန်တွင် ကန်တော်ကြီးဟော်တယ်က ဟော်တယ်သင်တန်းအတွက် သင်တန်းသားသစ်တွေခေါ်တာတွေ့သည်။ ငယ်ငယ်ကတည်းက အစားအသောက်ဝါသနာပါသမို့ Food and Beverage Production (ချက်ကြီး) သင်တန်းကို လျှောက်လိုက်သည်။ သင်တန်းတက်ခွင့်အတွက် အင်တာဗျူ း ဝင်ရမည်တဲ့....။



ကြက်ဥကြော်အင်တာဗျူး


ဘဝမှာပထမဆုံးဝင်ရသည့်အင်တာဗျူ း.....

အင်တာဗျူး ဆိုတော့ မြန်မာလိုဝတ်ရသတဲ့....

တိုက်ပုံနဲ့လာရမတဲ့....


အဲဒီမှာတင်ဒုက္ခနဲ့ လှလှနဲ့ စ တွေ့သည်။

ကျနော်က မြန်မာစာကို ချစ်သော်လည်း ပုဆိုးဝတ်ရင် အောက်စအူပြီး စွန်တောင်ဆွဲသမို့ အိမ်နေရင်းမှအပ စတိုင်ဘောင်းဘီအပွတွေသာ ဝတ်လေ့ရှိသည်ကိုး။ တိုက်ပုံဆိုတာ စိတ်ကူးထဲတောင် မထည့်ဖူးသည့် အကျီမျိုး။


နောက်ဆုံးတော့ အမေက ပုဆိုးအသစ်တစ်ထည် ဝယ်ပေးသည်။ အဖိုးက သူ့တိုက်ပုံကို ငှါးသည်။ ရှပ်အကျႌအဖြူကတော့ သိပ်ပြဿနာမရှိ။ Cook သင်တန်း အင်တာဗျူးဆိုတော့ ဘာတွေလေ့လာရမှန်းလည်း မသိ။ ဒီလိုနဲ့ အင်တာဗျူးနေ့ကို ရောက်လာသည်။


မွေးကတည်းက ဟော်တယ်ဆိုတာ အဖေတို့အမေတို့နဲ့ မင်္ဂလာဆောင် တစ်ခါနှစ်ခါ လိုက်ဖူးတာကလွဲလို့ သေချာရောက်ဖူးတာ မဟုတ်။ မှတ်မှတ်ရရ အငး်ယားလိတ်ဟော်တယ်တော့ တစ်ခေါက်ရောက်ဖူးသည်။ ဒါကလည်း အိမ်နီးချင်း အမကြီးတစ်ယောက်က အင်းယားလိတ်ကဝန်ထမ်းမို့ အတင်းပူဆာပြီး ကပ်လိုက်ကြည့်ရတဲ့ ဘဝ။


အခု ကန်တော်ကြီးဟော်တယ်မှာ အင်တာဗျူးလာရတော့ အဆောက်အဦးအရှိန်နဲ့ လန့်တာကတစ်ခု၊ ဟော်တယ်ထဲ ရောက်ကတည်းက အဲယားကွန်းက အေး၊ အကုန်လုံးက သပ်ရပ်သန့်ပြန့်နေတာကြီးကြည့်ပြီး ကျွတ်ကျဲနေရတဲ့ကြားထဲ အမေဝယ်ပေးထားတဲ့ပုဆိုးကလည်း အခုမှတံဆိပ်ခွာပြီး ဝတ်လာတာဆိုတော့ ကော်တွေက တောင့်ပြီး ဝတ်လိုက်ရင် အောက်စက ပါမလာ။ ပြီးတော့ အဖိုးရဲ့ ဝါးတီးကုတ်ကြီးကလည်း တစ်မျိုး။ ဝတ်နေကျမဟုတ်တော့ မနေတတ်မထိုင်တတ်။ ကိုယ့်ကိုယ်ကိုကြည့် စိတ်ကအိုက်။ ဟိုနားကယားသလို ဒီနားကနာသလို။ ဗိုက်ဆာသလိုလို ဗိုက်နာသလိုလို ဘာကြီးမှန်းမသိ။ ဪ.... အင်တာဗျူးဒုက္ခ ကြီးမားလှပါဘိခြင်း။


အင်တာဗျူ း မစမီ ကျနော်တို့အားလုံးကို အခန်းတစ်ခုထဲမှာ ထိုင်စောင့်ခိုင်းထားသည်။ အဲယားကွန်း အအေးကြောင့်လား၊ စိတ်လှုပ်ရှားလို့လား မသိ။ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ခြေဖျားလက်ဖျားတွေသာ အေးစက်နေပေမဲ့ နဖူးမှာချွေးတွေစို့နေလျှက်။ စိတ်ငြိမ်အောင် ဘုရားဂုဏ်တော်ကို တတွတ်တွတ်ရွတ်နေရင်း စိတ်သက်သာလိုသက်သာငြား ဘေးကတစ်ယောက်ကို ကြည့်မိသည်။


အလို…. ဒင်းလည်းတိုက်ပုံကြီးနှင့်ပါတကား။ မြင်သမျှ တိုက်ပုံတွေအားလုံး သူတို့အဖိုးဆီက ငှါးလာတာနေမှာဟု အူကြောင်ကြောင် တွေးမိသေးသည်။ သေချာကြည့်မိကာမှ ဒင်းလည်း ပါးစပ်က တတွတ်တွတ်ရွတ်နေတာ တွေ့သည်။ ကိုယ့်လိုပဲ ဘုရားစာရွတ်တယ်မှတ်ပြီး ထပ်ကြည့်တော့မှ လက်ထဲမှာ ခဲတံတစ်ချောင်းကိုင်လျှက် ရှေ့ကစာရွက်ထဲကိုကြည့်လိုက် မျက်နှာကိုမော့ပြီး တတွတ်တွတ်ရွတ်လိုက် လုပ်နေတာကို သတိထားမိသည်။


လားလား.... သူ့ရှေ့ကစာရွက်ထဲမှာ ပါတာက ဘုရားစာမဟုတ်။ Garlic = ကြက်သွန်ဖြူ၊ Spring Onion = ကြက်သွန်မြိတ်..... ဘာညာဘလာဘလာ...


ဟိုက်.... ဂွမ်းပြီ.....


စိတ်သက်သာအောင် ကြည့်မိကာမှ ရင်ထဲမှာအလုံးကြီး ဆို့လာသလို ထင်ရသည်။ ခေါင်းက ပုတ်လောက်ကြီး ကြီးလာသလို အာခေါင်တွေ ခြောက်လာသည်။ အဲဒါတွေ ဘာမှကြည့်မလာမိ။ ကြည့်ရကောင်းမှန်းလည်းမသိ။ တောက်.... ဒူချက်တုန်းချက်.... ကိုယ့့်ကိုယ်ကို ကျိန်ဆဲရုံမှတပါး ဘာမှလုပ်မရတော့။ နောက်ကျ သွားပြီ။


အရေးထဲ ပထမဆုံး အင်တာဗျူးဆိုတော့ အတွေ့အကြုံရှိသော လူကြီးတွေက ဝိုင်းမှာကြတာတွေ ခေါင်းထဲ ရောက်လာသေးသည်။ အင်တာဗျူ း တစ်ခုသွားတော့ လမ်းမှာအမှိုက်တစ်ခု ကျနေတာကိုတွေ့သည်... တဲ့။ အဲဒါကို ကျော်သွားပြီး ထိုင်လိုက်တော့ အင်တာဗျူးသည့်ပုဂ္ဂိုလ်က သူ့ကို အမှိုက်တွေ့ရက်သားနဲ ့ကောက်မပစ်ဘဲဝင်လာသဖြင့် မခန့်လိုက်ဘူး.... တဲ့။ ပြီးတော့ မထိုင်ခိုင်းဘဲ ထိုင်မိသဖြင့် အဟောက်ခံရသည်ဟုလည်း ဆိုသေးသည်။


"မောင်..xxx...xx….."


အင်တာဗျူ း စပြီ။ ဝန်ထမ်းအမကြီးတစ်ယောက်က တစ်ယောက်စီနာမည်ခေါ်ပြီး အင်တာဗျူးခန်းထဲ လွှတ်သည်။ တစ်ယောက်ဝင်သွားချိန်မှာ ကျန်တဲ့သူတွေက ဒီဘက်ခန်းမှာ ငြိမ်သက်လျက် စောင့်နေကြရသည်။ ပြန်ထွက်လာတဲ့သူက စောင့်နေခန်းထဲ ပြန်မဝင်ဘဲ အခန်းရှေ့ကဖြတ်လျက် တန်းပြန်သည်ကို အခန်းထဲမှ အားလုံးက ဖျတ်ကနဲ မြင်လိုက်ရသော သူ့မျက်နှာကို ကိုယ့်ရည်းစားမျက်နှာလို ဝိုင်းပြီး အဓိပ္ပါယ်ဖေါ်ကြသည်။


ထွက်လာတဲ့သူက ရှုံ့တွပြီးထွက်လာရင် တိတ်တိတ်လေး ရင်မောရသည်။ ပြုံးရွှင်ပြီး ထွက်လာပြန်တော့ သူက အကုန်ပြင်ဆင်လာခဲ့လို ့နေမှာပေါ့ဟု အနှုတ်တွေး တွေးကာ သက်ပြင်းချရပြန်သည်။ ပြီးတော့ ဆိုင်ရာပိုင်ရာ အဝင်အထွက်လေးတွေကလည်း ထုံးစံမပျက်ရှိသည်ဟု ကြားထားပြန်တော့ ကြားသမျှ တွေးသမျှ မောစရာတွေချည်း။


"........."


ဝန်ထမ်းအမကြီး၏ ကျနော့နာမည်ကို မတိုးမကျယ် ခေါ်လိုက်သံက ခေါင်းကိုမိုးကြိုးပစ်လိုက်သလို။

ထိုင်ခုံမှ ထ၊ အမှတ်သတိမပျက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းပြီး တစ်ဖက်ခန်းကို လျှောက်သွားလိုက်သည်။ လမ်းမှာအမှိုက်တွေ ဘာတွေ တွေ့မလား ကြည့်သည်။ တွေ့ရင် ပစ်မှ။ တော်ကြာအမှိုက်မပစ်လို့ မရွေးရင် ဒုက္ခ။ အခန်းထဲကိုဝင်တော့ လူကြီး ၅ ယောက် ရုပ်တည်ကြီးတွေနှင့် ထိုင်နေတာကိုတွေ့သည်။ သူတို့ စားပွဲရှေ့မှာထိုင်ခုံတစ်လုံး။ ထိုင်ခွင့်တောင်းဖို့ သတိထားနေရင်းက မေ့ပြီးထိုင်ချလိုက်သည်။ အားလုံးက မရယ်မပြုံး ကြည့်နေကြသည်။ အရေးထဲပုဆိုးအသစ်က ထောင်ထောင် ထောင်ထောင်နှင့် ထိန်းရခက် သိမ်းရခက်။ ဟိုနားကိုဖိရင် ဒီနားကထောင်။ ဒီနားကိုဖိရင် ဟိုနားကထောင်သည်။ ကောင်းလိုက်ပါဘိ။ စိတ်ညစ်ဖို့။

တစ်ယောက်က စ မေးသည်။

“ကဲ… မင်းအကြောင်းလေး ပြောပြပါဦးကွ…”

ကျနော်က Myself စာစီစာကုံး တစ်ပုဒ်ကို အလွတ်ကျက်ထားသလို ပြောသည်။

“မင်း ကြက်ဥ ကြော်တတ်သလား….”

“ဟုတ်ကဲ့…”

“ဒါဆို ပါးစပ်နဲ့ပဲ ကြော်ပြကွာ…”

တကယ်တော့ ဘယ်လို ကြော်ရမယ် ဆိုတာကို ပြန်မေးဖို့ သင့်သည်။ ဟတ်ဘွိုင်လား၊ ခေါက်ကြော်လား၊ မွှေကြော်လား… စသဖြင့်။

ဒါပေမဲ့ ထူပူနေသောခေါင်းကြောင့် အဲဒါတွေ ဘာမှ မထွက်။ ကြော်ဆိုတာနဲ့ ကြော်တော့တာပါပဲ။

“ကြက်ဥ ၅ လုံးကို ဖောက်ပြီး ဇလုံထဲထည့်ပြီးခေါက်…. ကြက်သွန်နီကို အကွင်းတွေ လှီးပြီးထည့်… ဝက်ပေါင်ခြောက်နဲ့ မှိုနဲ့ လှီးပြီးထည့်… နွားနို့နည်းနည်း ဆားနည်းနည်း ထည့်ခေါက်… (ဟိုတယ်မှာ အချိုမှုန့် မသုံးဘူးဟု ကြားဖူးသဖြင့် အချိုမှုန့်ကို ထည့်မပြောရဲ)… ပြီးရင် ဒယ်အိုးထဲ ဆီထည့်… ဆီပူလာရင် ထည့်ကြော်… တစ်ဖက်ညိုလာပြီဆို တစ်ဖက်လှန်… နှစ်ဖက်လုံး ညိုလာပြီဆို ပန်းကန်ပြားထဲထည့်… ပြီးရင် စားလို့ ရပါပြီ..” ဟု ပြောလိုက်သည်။ သို့သော် စိုးရွံ့စိတ်ကြောင့် ပြောတာက အသက်မပါ။

“အေးအေး… ရပါပြီ… သွားလို့ရပြီ…” ဆိုတော့ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ အားလုံးက မရယ်မပြုံး။

ဒီလိုနည်းနဲ့ ကျနော့ဘဝရဲ့ ပထမဆုံးသော အင်တာဗျူးကို အိုးနင်းခွက်နင်း ပြီးဆုံးသွားခဲ့သည်။

ထင်ထားသည့်အတိုင်း အောင်စာရင်းမှာ ကျနော် မပါသော်လည်း ၁၀ တန်းအောင် ဆိုသည့်အချက်ကြောင့် နောက်အပတ်စဉ်အတွက် စာရင်းထဲတွင် ကျနော်ပါ ပါသည်။ ဒါကလည်း ကန်တော်ကြီးဟော်တယ်မှ အငြိမ်းစားယူခဲ့သော ကျနော့ အဖိုး၏ မိတ်ဆွေ ဘဘကြီး တစ်ယောက် အကူအညီဖြင့် သိခွင့်ရခြင်းပါ။ သူ့သားကလည်း ကန်တော်ကြီး ဟော်တယ်တွင် Cook ဖြင့် အလုပ်လုပ်နေသော ကျနော်တို့ တစ်ရပ်ကွက်တည်းသားချင်း။ သူတို့ သားအဖကျေးဇူးဖြင့် ထို သင်တန်းအပတ်စဉ်တွင် တက်ခွင့်မရသော်လည်း နောက်သင်တန်းအပတ်စဉ်တွင် တက်ရောက်ခွင့် ရခဲ့သည် တမုံ့။

(သရုပ်ဖော်ပုံ တချို့ကို Google နှင့် တချို့ကို ကိုယ်တိုင်ရိုက်ကူးသော ပုံများသုံးထားပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...