Tuesday, October 22, 2013

သံသရာစမ်းရေ (အပိုင်း-၁၀)



 သမီးလေးရေ…. အခုဆိုရင် ဖေဖေ့သမီးလေး ၂ နှစ်နဲ့ ၄ လ ဖြစ်လာပြီပေါ့။ အခုအချိန်ထိတော့ ဖေဖေနဲ့ မေမေဟာ အပြင်းအထန်ရုန်းကန် နေကြရဆဲပဲ။ အစကတည်းက ရည်မှန်းချက် ကြီးတဲ့ ဖေဖေဟာ အခုဆို သမီးအတွက်ပါ ရည်မှန်းချက်တွေ အိပ်မက်တွေ မက်နေရပြီလေ။ အဲဒီတော့ အရင်ကထက် ပိုကြိုးစားရတော့မယ်။

သမီးလေးရေ… ဖွားဖွားတို့ ဖိုးဖိုးတို့ဆီက သိရသလောက် သမီးဟာ ပြောစကားနားမထောင်ဘူး ဆိုကွဲ့…။ ရေချိုးမယ်ဆို မချိုးနဲ့လို့ ပြောမှ ချိုးသတဲ့။ စားစေချင်ရင် မစားနဲ့လို့ ပြောမှ စားသတဲ့။ ဖေဖေနဲ့ တူတာလား.. မေမေနဲ့ တူတာလားပဲနော်။ ပြီးတော့ သမီးဟာ အလွန် စ တတ်၊ နောက်တတ်တယ်လို့ သမီးမေမေက ပြောတယ်။ ဒါကတော့ ဖေဖေ၊ မေမေ ၂ ယောက်စလုံးဆီက ရတဲ့ အမွေထင်ပါရဲ့။ သမီးမေမေ မြန်မာပြည်ပြန်လို့ ၂ လအတွင်း သမီးကို ၂ ခါ တီးရသတဲ့။ သမီးက ဖိုးဖိုးကျော်နဲ့ ဖွားဖွားစန်းစန်းကို တယ်နိုင်တယ် ဆိုပဲ… ဟုတ်လား။ မေမေ့ကိုတော့ ချစ်လည်းချစ် ကြောက်လည်းကြောက်တယ်လို့ ပြောကြတယ်။

သမီးလေးရေ…. လိမ်မာတဲ့ သမီးလေးဖြစ်လာဖို့ ဖေဖေတို့မှာ တာဝန်အပြည့်ရှိလေတော့ သမီးလိမ်မာလေး ဖြစ်အောင် ကြိုးစားသွန်သင် ရပေဦးမယ်။ လိမ်မာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သမီးအရွယ်နဲ့ နားလည်အောင် ဘယ်လို ပြောရမယ်ဆိုတာ ဖေဖေစဉ်းစားနေမိတယ်။ ပြောစကားနားထောင်တာဟာ လိမ်မာတာလို့ နားလည်မှု လွဲမှာကို ဖေဖေ စိုးရိမ်တယ်။ အဲဒီလိုဆိုလို့ ပြောစကားနားမထောင်တာဟာ လိမ်မာတာလို့တော့ တလွဲမတွေးလိုက်နဲ့ဦးနော်။ အဲဒီလို message အမှားတွေ သမီးကို ပေးမိမှာတော့ ဖေဖေ စိုးရိမ်တယ်။

ဖေဖေတို့ခေတ်တုန်းက မိဘတွေအများစုက အဲဒီလိုပဲနားလည်ကြတာကလား။ လိမ်မာတဲ့ကလေးဆိုတာ လူကြီးပြောစကား နားထောင်တဲ့ ကလေးလို့ နားလည်ကြတာကိုး။ ဒီလိုနည်းနဲ့ ကိုယ်ပိုင်ဉာဏ်သုံး စဉ်းစားဆုံးဖြတ်တတ်တဲ့ မျိုးဆက်တစ်ခု ပေါ်မလာတော့ဘူးပေါ့။ မျိုးဆက်နဲ့ချီပြီး အတွေးအမြင်မှားတာကိုလည်း မျိုးတုန်းတယ်လို့ ခေါ်တာပါပဲ။

တကယ်တော့ မိဘတွေဆိုတာလည်း မှားတတ်ကြတယ်။ ဆရာတွေ ဆိုတာလည်း မှားတတ်တာပဲ။ လူဆိုတာကိုက အမှားတွေ လုပ်တတ်တဲ့ သတ္တဝါမျိုးကွဲ့။ ဒါပေမဲ့ ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေ တို့က အခုချိန်မှာ သမီးထက်တော့ လောကကြီးအကြောင်းကို နားလည်ကြတာမို့ အများအားဖြင့်တော့ သမီးထက်ပိုပြီး တွေးတတ် စဉ်းစားတတ် လုပ်တတ်ကြမှာပေါ့။ ဒါပေမဲ့ ဒါဟာ အတိုင်းအတာတစ်ခု၊ သမီးလေးအရွယ်မရောက်မီသာ ဟုတ်ချင်ဟုတ်မှာ ဖြစ်ပြီး သမီးမှာ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင် အတွေးအခေါ် ရှိလာတဲ့ တစ်နေ့ကျရင် သမီးက ပိုပြီး ဖေဖေတို့ထက် တော်မှာပေါ့။ တတ်မှာပေါ့။ အဲဒီအခါကျရင် ဖေဖေတို့က သမီးပြောတာတွေကို နားထောင်ကြမှာပေါ့။ သမီးလေး အခက်အခဲတွေ့ရင် အကြံဉာဏ်လိုရင် ပေးကြမှာပေါ့။ ပြောချင်တာက အသက်အရွယ် ကြီးတဲ့သူ၊ အတွေ့အကြုံ ရင့်ကျက်သူတွေရဲ့ စကားဟာ အများအားဖြင့်တော့ မှန်နိုင်တယ်လို့ ဆိုနိုင်ပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူး ဆိုတာကို သမီးလေးနားလည်အောင် ဖေဖေ သင်ပေးဖို့ စကားလုံးရှာလိုက်ဦးမယ်နော်။

ဖေဖေ့သမီးလေး….. ကလေးတွေ အများစုကတော့ သမီးအရွယ်မှာ ဖြူရင်ဖြူ မဖြူရင် မဲ၊ လုပ်မယ် မလုပ်ဘူး၊ စားမယ် မစားဘူးလောက်ပဲ သိကြတာပါပဲ။ သမီးကို ဖေဖေက ကိုယ့်သမီးမို့ သူများကလေးထက် ပိုတတ်တယ် ထင်တာဖြစ်မှာစိုးလို့ သူများကလေးတွေကိုလည်း ဖေဖေ ဂရုစိုက်ကြည့်တယ်။ ဒါပေမဲ့ ဖေဖေ့သမီးဟာ နည်းနည်းလေး ပိုနေသလားလို့တော့ ဖေဖေ သံသယရှိတာ အမှန်ပဲ။


သမီးလေး ဖေဖေတို့ စင်ကာပူကို လာလည်တော့ ၂ နှစ်တောင် မပြည့်သေးဘူးရယ်။ ကလေးတွေဟာ များသောအားဖြင့် တွေ့သမျှ အကုန်လိုချင်တတ်ကြတာပဲ။ ဖေဖေ့သမီးကတော့ ကြိုက်တယ် မကြိုက်ဘူး ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်တတ်တာကို ဖေဖေ အံ့သြသွားတယ်။ ဖေဖေ သမီးကို ဖိနပ်ဝယ်ပေးတော့ တခြားကလေးတွေ ကြိုက်တဲ့ ကွိ…ကွိ… မြည်တဲ့ ဖိနပ်လေးတွေကို သမီးမကြိုက်ဘူး။ စီးကြည့်လို့ ကွိ… ဆို မြည်တာနဲ့ ချွတ်ပစ်လိုက်တော့တာပဲ။ မီးလေးတွေ လင်းတာလည်း သမီးမကြိုက်ခဲ့ဘူး။ နောက်ဆုံး နောက်ပိတ်ဇစ်နဲ့ ပန်းရောင်ဖိနပ်လေးကျတော့မှ သမီး စိတ်တိုင်းကျသွားတယ်။ ဖိနပ်လှလှလေးတွေ အများကြီးထဲက ကြိုက်တာ တစ်ခုကိုပဲ ရွေးယူသွားတဲ့ သမီးလေးကို ဖေဖေဖြင့် အံ့ရော။

Jurong Point က Kiddy Palace ထဲမှာ သမီးလေး လိုချင်တာတွေများပြီး ဗျာများနေတာကို မြင်တော့ ဖေဖေ စိတ်ထဲ မကောင်းဘူး။ ပြီးတော့ ဖေဖေတို့ ဘာမှ မဝယ်ဘဲ ပြန်ထွက်လာတော့လည်း သမီးဟာ ငိုဟယ် ရီဟယ် ဘာမှ မလုပ်ဘဲ အေးအေးဆေးဆေး ထွက်လိုက်လာခဲ့တယ်။ သမီးရဲ့ နားလည် သိတတ်မှုက ဖေဖေထင်ထားတာထက် ပိုနေတာကို သတိထားမိခဲ့တယ်။

 သမီးရဲ့ ဖွားဖွားကို ဖေဖေ မှာထားတာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပညာသင်ဖို့ အစပြုချိန်ကို သမီးရဲ့ အရွယ်နဲ့ မဆုံးဖြတ်ဘဲ သမီးရဲ့ တုန့်ပြန်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ဖို့ပေါ့။ ဖေဖေ ဘာကြောင့်
ဒီလို ပြောသလဲဆိုတော့ သမီးတို့မျိုးဆက်တွေက ဖေဖေတို့တုန်းကထက် ပိုတတ်၊ ပိုလည်ကြလို့ပဲ။ ဒါပေမဲ့ ဖေဖေရဲ့ သဘောက ကလေးဆိုတာ ဆော့ရမယ်။ ငါ့သမီးလေးကို လွတ်လွတ်လပ်လပ် ဆော့စေချင်တယ်။ ဒါမှ သမီးလေး ကျန်းမာ သန်စွမ်းမှာ။ iPad, iPhone တွေ ဖေဖေ ဝယ်မပေးတာလည်း ဒါကြောင့်ပဲ။ သမီး မဆော့တော့မှာ စိုးလို့။ iPad ထဲက Game တွေဆော့တာထက် မြေကြီးပေါ်မှာ ပြေးလွှားဆော့ကစားတာက သမီးအတွက် ပိုပြီးကောင်းမယ်ဆိုတာကို ဖေဖေက သေသေချာချာ သိတယ်လေ။ iPad တွေ၊ iPhone တွေ သမီး မသုံးတတ်မှာ၊ မဆော့တတ်မှာ ဖေဖေ ဘယ်တုန်းကမှ စိတ်မပူပါဘူး။ ဖေဖေ့သမီးက ထုံထုံထိုင်းထိုင်းကလေးမျိုးမှ မဟုတ်တာ။ သမီးရဲ့ ဖေဖေကလည်း ကွန်ပျူတာကို နားလည်တတ်ကျွမ်းတဲ့ ဖေဖေပဲဟာ…နော်။ သမီးက ဖေဖေ့ထက်တောင် တတ်ဦးမှာ… မဟုတ်ဘူးလား။

အဲဒါကြောင့် ပုံမှန်ဆိုရင်တော့ သမီးအသက် ၄ နှစ်မှ ဖေဖေက စာ စ သင်စေချင်တာ။ ဒါပေမဲ့ သမီးရဲ့ ဉာဏ်ရည်နဲ့ တုန့်ပြန်ပုံပေါ် မူတည်ဆုံးဖြတ်ဖို့ သမီးဖွားဖွားကို ဖေဖေ ပြောခဲ့တယ်။
ဒါပေမဲ့ သမီးက ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ပညာလိုလားတဲ့သဘော၊ စာ သင်ချင်တဲ့သဘောတွေ
စ တွေ့နေရပြီဆိုတော့ ဖေဖေ အံ့အားသင့်သွားတယ်။ သမီးရဲ့ တုန့်ပြန်ပုံတွေဟာ အရွယ်နဲ့ မလိုက်တဲ့သဘောလေးတွေ ဖေဖေ ကြားနေရတယ်။ သမီးရဲ့ ဖွားဖွားစန်းစန်းကလည်း ခေသူတော့ မဟုတ်ဘူးနော့။ iPhone တစ်လုံးနဲ့ သမီးပုံလေးတွေကို ဖြတ်ညှပ်ကပ်လေးတွေ လုပ်ပြီး ပို့ပေးတတ်တယ်။ facebook ကနေ ပုံလေးတွေ တင်ပေးတတ်တယ်။ သမီးလေး သွားလာလှုပ်ရှားနေတာတွေကို ဗွီဒီယိုလေးတွေ ရိုက်ပြီး Tango ကနေ ပို့ပေးတတ်တယ်။ ပြီးရင် နောက်ခံစကားပြောနဲ့ သမီးရဲ့ အသက်နဲ့ ဗွီဒီယိုရိုက်ချိန်ကို ပြောတတ်သေးတယ်။ သမီးဖွားဖွားက IT ဖွားဖွား သမီးရဲ့။ ခေတ်မီတယ်။ သမီးဖွားဖွားကျေးဇူးနဲ့ သမီးအနားမှာ ဖေဖေ မနေရပေမဲ့ သမီးရဲ့ ပြောင်းလဲမှုတွေကို အမြဲမပြတ် မြင်နေရတယ်။ ဟိုးတုန်းက ကွန်ပျူတာတွေ အင်တာနက်တွေမရှိခင်တုန်းကဆို ဒီလို အခွင့်အရေးမျိုး ဘယ်ရလိမ့်မလဲ။ အခုတော့ သမီးတို့ခေတ်မှာ နည်းပညာတွေက တယ်တိုးတက်တာကိုး။

ပြီးတော့ သမီးလေးက အက အခုန်ကလည်း ဝါသနာပါပုံပဲ။ သီချင်းကလည်း ဆိုချင်သေးတယ်။ မေမေက သီချင်းဆိုရင် သမီးက က သတဲ့။ မေမေက သီချင်းဆိုပြီး သိပ်ရင် မေမေသီချင်းမေ့ရင် သမီးက မေမေ့ရင်ခွင်ထဲကနေ ထောက်ပေးသေးတာ။ တော်တော်လည်တဲ့ သမီး။ ဒါပေမဲ့ သမီးလေး က တာ မြင်တော့ ဖေဖေတောင် လန့်တယ် သမီးရယ်။ ငါ့သမီးက အကျီလက်တစ်ဖက်ကို ဘေးလျောချပြီး ဆိုနေတာကိုး။ ပြီးတော့ အောင်မယ်… ရှိတ်နေလိုက်တာ လူကြီးကျနေတာပဲ။ ဖေဖေ သိလိုက်တယ်။ ငါ့သမီးတော့ MTV တစ်ခုခုကို ကြည့်ပြီး အတုခိုးနေပြီ ဆိုတာကို။ ဒါဟာ မီဒီယာခေတ်ရဲ့ ပြဿနာ အကင်းလေးပဲ ရှိသေးတယ်။ ဒီသမီးနဲ့တော့ မလွယ်ဘူးဆိုတာကိုလည်း သိလိုက်တယ်။


သမီးတို့ခေတ်က ဒါပဲ သမီးရဲ့။ အတုခိုး မှားစရာတွေက နေရာတကာ တစ်ပုံတစ်ပင်။ ရှောင်လို့ မလွတ်နိုင်ဘူး။ ဖေဖေတို့ ငယ်ငယ်ကလို အမြင်ကို ကန့်သတ်ဖို့၊ အကြားကို ကန့်သတ်ဖို့ မဖြစ်နိုင်လောက်အောင် ခဲယဉ်းတယ်။ ဒီတော့ ဗရမ်းဗတာဝင်လာမဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ သမီးရဲ့ အသိတရားကို အချိန်တိုတိုနဲ့ လေ့ကျင့်နိုင်မဲ့နည်းတွေ ဖေဖေ ရှာရတော့တာပေါ့။ ပြီးတော့ တစ်ချိန်တည်းမှာပဲ အဲဒီတလစပ် ပစ်ခတ်နေမဲ့ ဒေတာတွေကို တတ်နိုင်သမျှ နှေးအောင်လုပ်ဖို့ နည်းလမ်းရှာရတယ်။

ဘာကြောင့်လည်းဆိုတော့ သမီးရဲ့ ဦးနှောက်ကလေး ကောင်းကောင်းမဖွံ့ဖြိုးခင်၊ အဆင်သင့် မဖြစ်သေးခင် ဝင်လာမဲ့ ဒေတာတွေရန်က မသေးဘူးဆိုတာ ဖေဖေ ကောင်းကောင်း သိနေလို့ပဲ။ နည်းပညာကို အရမ်းကာရော အထင်ကြီးတဲ့ မိဘတွေ၊ နည်းပညာရဲ့ အကျိုးအပြစ်ကို သေသေချာချာ နားမလည်တဲ့ မိဘတွေ၊ နည်းပညာကို လျှော့တွက်တဲ့ မိဘတွေ အများကြီးကို ဖေဖေမြင်ဖူးတယ် သမီးရဲ့။
ဖေဖေဆိုလိုတာက သူတို့မှားတယ်… ဖေဖေပဲ မှန်တယ်လို့ ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ အများအားဖြင့်တော့ ဖေဖေထင်တာ မမှားဘူးဆိုရင် အဲဒီအချက်ကို ဂရုမစိုက်တဲ့ မိဘတွေ များတယ်လို့ ထင်တယ်။ ဖေဖေကတော့ ဒီအချက်ဟာ အလွန်ကို အရေးကြီးတယ်လို့ ယုံကြည်တယ်။ ဥပမာအားဖြင့် iPhone, iPad တွေ ဆိုပါတော့။ ဖေဖေတို့ ငယ်ငယ်က ဒါတွေ မရှိဘူး။ သိချင်တာတစ်ခုကို စာတွေ အများကြီးဖတ်ပြီး ရှာရတယ်။ အခုတော့ သိချင်ရင် မှန်လေးကို တို့လိုက်ရုံပဲ။ ဒါဟာ နည်းပညာရဲ့ ကောင်းကွက်တွေပေါ့။ ဒါပေမဲ့ အဲဒီထဲကပဲ မကောင်းတာတွေလည်း နည်းမျိုးစုံနဲ့ ထွက်နေတာကို လျှော့တွက်လို့ မဖြစ်ဘူး သမီးရေ။

စင်ကာပူက အရုပ်ဆိုင်တွေကိုသွားရင် အရုပ်တွေမှာ ရေးထားတဲ့ အသက်ကန့်သတ်ချက်တွေ ရှိတယ်။ ၃ နှစ်အထက်သာ၊ ၆ နှစ် အထက်သာ။ စ သဖြင့်ပေါ့။ ဒါတွေဟာ အလကားရေးထားတာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် အကန့်အသတ်မထားရင် သူတို့အရုပ်တွေ ပိုရောင်းရမှာပေါ့။ ဒါပေမဲ့ ဘာကြောင့် ဒီလိုစည်းကမ်းတွေ၊ သတိပေးချက်တွေ ထုတ်ထားရသလဲဆိုတော့ တကယ် မသင့်တော်လို့ပေါ့ သမီးရယ်။ အဲဒီတော့ ဒီ iPhone, iPad တွေဟာ သမီးတို့အရွယ် ကလေးတွေနဲ့ သင့်တော်ရဲ့လားဆိုတာ အလေးအနက် စဉ်းစားရမဲ့ ကိစ္စပေါ့ သမီးရယ်။ မိဘတွေကတော့ သူတို့အသက်တွေကြီးမှ ဒီလိုပစ္စည်းမျိုးတွေ ပေါ်လာတာဆိုတော့ ကိုယ့်တုန်းက သုံးခွင့်မရခဲ့တဲ့ ပစ္စည်းတွေကို ကိုယ့်သားသမီးတွေ သုံးတတ်စွဲတတ်တာကို သဘောကျကြတာပေါ့လေ။ ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေက ပိုဆိုးတော့မပေါ့။ ဒါကတော့ မိဘမေတ္တာပေကိုး။ ဖေဖေကတော့ IT ကို ဘာမှမသိဘဲ အထင်ကြီးနေတဲ့ ဖေဖေ မဟုတ်သလို အကျိုးနဲ့ အပြစ်ကို သေသေချာချာ သိအောင် လေ့လာထားတဲ့ ဖေဖေလေ သမီးရဲ့။

တကယ်တော့ ဒါတွေက ဖော်မြူလာတော့ မရှိပါဘူး။ ဘယ်သူမှ မှားတယ်မှန်တယ်ရယ်လည်း မဟုတ်ပါဘူး။ ဒါက ကလေးတစ်ဦးချင်းစီရဲ့ ဉာဏ်ရည်၊ ဗီဇ နဲ့ တုန့်ပြန်ပုံတွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ။ ပြီးတော့ မှားတယ် မှန်တယ်က အခု ချက်ချင်းသိတဲ့ ကိစ္စ မဟုတ်တာလည်း ပါတယ်။ ကိုယ့်သားသမီးရဲ့ နောင်ရေးပေါ် သက်ရောက်စေမဲ့ ကိစ္စမှန်သရွေ့ကို အလောင်းအစားတော့ မလုပ်ဝ့ံပါဘူး သမီးရေ။ အဲဒီတော့ ဘယ်သူတွေ ဘာပြောပြော ဖေဖေ့သမီးလေးကို လူ့လောကအတွက် အဆိပ်အတောက်မဖြစ်တဲ့ သမီးကောင်းလေး ဖြစ်ဖို့ အခုချိန်က စ လို့ သတိထားရတာပါကွဲ့။ သမီးရဲ့ ငယ်ဘဝဝန်းကျင်ဟာ သမီးပေါ် အကြီးအကျယ် သက်ရောက်စေတယ်ဆိုတာကို အပိုင်သိတဲ့ ဖေဖေဟာ သမီးလေးရဲ့ ဝန်းကျင်ဖြစ်တဲ့ အရာမှန်သမျှကို သတိထားပါတယ် သမီးရေ။

 ဖေဖေနဲ့ မေမေဟာလည်း သမီးရဲ့ ဝန်းကျင်ပေါ့။ ဖိုးဖိုးနဲ့ ဖွားဖွားဟာလည်း သမီးရဲ့ ဝန်ကျင်ပေါ့။ အိမ်က TV ကြီးကလည်း သမီးရဲ့ ဝန်းကျင်ပေါ့။ အိမ်ရှေ့အိမ်က ရှောင်ဟူလေးလည်း သမီးရဲ့ ဝန်ကျင်ပေါ့။ မေမေရဲ့ ကွန်ပျူတာလည်း သမီးလေးရဲ့ ဝန်းကျင်ထဲမှာ ပါတာပေါ့။ ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းတွေလည်း သမီးလေးရဲ့ ဝန်းကျင်ပါပဲ။ အိမ်က ဘုရားစင်က ဘုရားရှင်ရဲ့ ပုံတော်၊ ပန်း၊ ရေချမ်း၊ လျှပ်စစ်မီးတွေနဲ့ သပ္ပါယ်နေတဲ့ ဘုရားစင်ဟာလည်း သမီးရဲ့ ဝန်းကျင်ပေါ့။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့။

သမီးလေးကို ရပြီးတဲ့နောက် ဖေဖေ့မှာ တွန်းအားတွေ ပိုများလာတယ်။ သမီးလေးရဲ့ အသက်အရွယ်က ဖေဖေ့အတွက် တွန်းအားတွေပေါ့။ သမီးလေး ကျောင်းနေဖို့ အချိန်ရောက်လာရင် အဆင်ပြေဖို့၊ သမီးလေး အရွယ်ရောက်လာရင် အဆင်ပြေဖို့… အချိန်မီအောင် ကြိုးစားရ ပြင်ဆင်ရတာပေါ့။ သားသမီး တစ်ယောက်ကို ပျိုးထောင်တယ်ဆိုတာ ဘယ်လွယ်ပါ့မလဲ သမီးရယ်။ သမီးရဲ့ ဖေဖေဟာ သမီးနဲ့ အတူနေခွင့်မရသေးပေမဲ့ သမီးလေးကို အမြဲတမ်း သတိရနေသလို သမီးလေးရဲ့ အဓိက ဝန်းကျင်ကြီးဖြစ်တဲ့ သမီးရဲ့ မေမေကိုလည်း တွန်းတင်ရသေးတယ်။ သမီးရဲ့ မေမေကလည်း ကြိုးစားရှာပါတယ်။ ခင်မျာလည်း ဖေဖေနဲ့ အကြောင်းပါပြီးကတည်းက တက်လိုက်ရတဲ့ကျောင်း၊ လုပ်လိုက်ရတဲ့ အလုပ်။ သမီးကို မှန်မှန်ကန်ကန် ထိန်းကျောင်းဖို့ဆိုတာ ဖေဖေတစ်ယောက်တည်းနဲ့ မပြီးဘူး သမီးလေးရဲ့။ သမီးရဲ့ မေမေ အယူအဆမှန်ဖို့ အရမ်းအရေးကြီးတာလေ။ ဖေဖေက အလုပ်ရှုပ်တော့ သမီးနားမှာ နေချိန်နည်းတယ်။ သမီးမေမေက အလုပ်ရှုပ်ပေမဲ့ ဖေဖေ့ထက် ပိုပြီး သမီးနားမှာ နေခွင့်ရမဲ့သူကိုး။

သမီးလေးရေ…. သမီးလေးတို့ ခေတ်မှာ အတုခိုးမှားစရာတွေ ပေါများပေမဲ့ သမီးအတွက် စံပြပုဂ္ဂိုလ်ထူးတစ်ယောက် ထွန်းထွန်းတောက်တောက် ပေါ်ထွက်နေတာကတော့ ဖေဖေ့အတွက် ဝမ်းသာစရာပါပဲ။ နို့မို့ရင် သမီးအတွက် စံပြ Role Model ကို ဘယ်သူ့ လက်ညှိးထိုးပြရမယ် မသိဘူး။ သူကတော့ TV မှာတွေ့ရင် သမီးလေးခေါ်နေကျ ဖွားဖွားဒေါ်စုပေါ့ သမီးရယ်။ သူဟာ ငါ့သမီး ဘဝအတွက် ပေတံပေါ့။ သမီးရဲ့ အသိဉာဏ်၊ ပညာ၊ တွေးခေါ်နိုင်မှုတွေအတွက် စံပြပေါ့ သမီးရေ။
ကဲ…. ငါ့သမီးလေးကို လွမ်းလို့ ရေးတဲ့စာ တော်တော်တောင် များသွားပြီ။ ဖေဖေ့ရင်ထဲမှာ သမီးအတွက် ပြောချင်တာတွေက အများကြီး ရှိသေးတယ်။

ငါ့သမီးလေး ချော်လဲတာမြင်ရင်တောင် ဖေဖေ့ရင်ထဲမှာ စစ်စစ်စစ်စစ်နဲ့ နေအောင် နာတယ်သမီးရေ။ ဖေဖေ ပိုပြောတာ မဟုတ်ဘူး။ အဲဒီတော့ သမီးရဲ့ ဘဝတလျှောက်လုံး အနာတရနည်းနည်းနဲ့ လောကကြီးအကြောင်းကို သင်ယူခွင့်ရနိုင်ဖို့ ဖေဖေ ပြင်ဆင်နေတဲ့ထဲမှာ မျှော်လင့်ခြင်းခရီးသည်ဟာလည်း အချက်တစ်ချက်ပေါ့။ သမီးလေး စာတွေ အများကြီး ဖတ်နိုင်လာတဲ့အခါ သမီးဘဝတစ်လျှောက်လုံးမှာ ဖေဖေ့ရဲ့ ဘလော့ဂ်လေးက အလင်းရောင်လေး တစ်စုံတစ်ရာ ပေးနိုင်ကောင်းရဲ့လို့ မျှော်လင့်ရင်း…….

သမီးလေးကို ချစ်တဲ့…..
ဖေဖေ

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...