အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ပါရမီ
ဒီနေရာမှာ အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ဗီဇပါရမီ ဆိုတာကို ပြောပြပါရစေ။

အဲဒီလိုပါပဲ…. ဘယ်လိုကိစ္စမျိုး အတတ်ပညာမျိုးမဆို အကျင့်နဲ့ပဲ စ ရတာပါ။ အကျင့် ဆိုတာ တကယ်တော့ ကိစ္စတစ်ခုကို ထပ်ကာထပ်ကာ လုပ်ခြင်းပါပဲ။ ဘုရားရှင်လည်း ဘုရားဖြစ်ဖို့ အကျင့်နဲ့ပဲ စ ရတာပါ။ အကျင့်(Habit) ကြာတော့ ဝါသနာဖြစ်လာတယ်။ ဝါသနာ (Hobby) ရင့်တော့ စရိုက်ဖြစ်လာတယ်။ စရိုက် (Character) ဖြစ်သွားရင် အဲဒီအမူအကျင့်က ပျောက်ဖို့သိပ်ခက်သွားပြီ။ ဒါကြောင့် ကျွန်တော့်အလုပ်က မန်နေဂျာပြောတဲ့စကားလေး သတိရမိပါတယ်။ အကျင့်က ပြင်လို့ ရတယ်။ စရိုက်က ပြင်လို့မရဘူးတဲ့ဗျ။ တကယ်တော့ စောစောကပြောခဲ့သလို စရိုက်ဆိုတာ အကျင့်က လာတာပါပဲ။ စရိုက်ရင့်လွန်းမက ရင့်လာတဲ့အခါ ဒီဘဝပြီးလို့ နောက်ဘဝအထိ အဲဒီအကျင့်က ပါလာတော့တယ်။ အဲဒီမှာတင် မွေးရာပါဗီဇတွေ ပါရမီတွေ ဖြစ်လာတော့တာ။ မြတ်စွာဘုရားဆို ဘုရားဖြစ်ဖို့ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ကျင့်တော်မူခဲ့ရတယ်ဆိုတာ ဒါမျိုးပါပဲ။ ဘဝအဆက်ဆက် ဒီအတွက်ပေးဆပ် ကျင့်ကြံခဲ့ရတာမို့ ပါရမီဖြည့်တယ်လို့ ဆိုရတာပါပဲ။ နောက်ဆုံး ပါရမီတော်ရင့်လွန်းမက ရင့်လာတော့ မွေးကတည်းက ထူးခြားမှုတွေ ပါလာတာ ဇာတ်ကြီး (၁၀) ဘွဲ့မှာ အထင်အရှား တွေ့နိုင်ပါသဗျာ။ ဒါကြောင့် အခုမှမွေးတဲ့ ကလေးချင်းတူရင်တောင် အကျင့်စရိုက်အခြေခံချင်း မတူတာ။ တည်ငြိမ်တဲ့ကလေး၊ ဗျောင်းဆန်တဲ့ကလေး၊ ကြောက်တတ်တဲ့ကလေး၊ ရက်ရောတဲ့ကလေး၊ နှမျောတွန့်တိုတဲ့ ကလေး၊ သဘောထားကြီးတဲ့ကလေး၊ မျက်နှာချိုတဲ့ကလေး…… စသဖြင့် အမျိုးမျိုး ကွဲပြားနေရတာပါပဲ။ ကလေးတိုင်း အတူတူပဲ။ ကလေးတိုင်း ချစ်ဖို့ကောင်းတယ်လို့ အရင်က ကျွန်တော်ထင်ခဲ့ဘူးတယ်။ အများစုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မြင်တာနဲ့ ရိုက်ချင်စရာကောင်းတဲ့ ကလေးမျိုးလည်း ရှိသဗျ။ ချစ်မွှေး မပါဘူးလို့ ပြောကြတဲ့ ကလေးမျိုးပေါ့ဗျာ။
လူချင်းတူပေမဲ့ အသက်ရှုချင်း ကွဲတယ်ဆိုတာ တဖြည်းဖြည်းနဲ့မှ ကျွန်တော်သဘောပေါက်လာတာပါ။ သူလည်းလူ၊ ငါလည်းလူ၊ ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာချင်း တူပေမဲ့ အခြေခံမတူတာလေးတွေ ကျွန်တော်တို့ အားလုံးမှာ ရှိနေတာငြင်းလို့ မရတဲ့အချက်ပါ။
တိရိစ္ဆာန်တွေမှာတောင် ဗီဇနဲ့ ဝန်းကျင်ဆိုတာ ရှိနေတာပါပဲ။ ကျွန်တော့် အိမ်မှာ ကြောင်ကလေးတွေ မွေးတုန်းက အိမ်မှာပေါက်တဲ့ ကြောင်ချင်းအတူတူ အကျင့်စရိုက် မတူကြပါဘူး။ သင်ရခက်တဲ့ အကောင်နဲ့ သင်ရလွယ်တဲ့အကောင်၊ အစားစားတာတောင် ဘယ်ကောင်မှ လုမစားဘဲ ဝ ဝ လင်လင် ကျွေးပါရက်နဲ့ အစာခွက်ထဲကနေ ချောင်ထဲဆွဲသွားပြီး ကျီးလန့်စာ စားတဲ့ ကောင်လည်း ရှိတာပဲ။ လူတွေ့ရင် ပြေးကပ်တဲ့ကောင်နဲ့ လူတွေ့တာနဲ့ ကြောက်လန့်ပြီး ပြေးတဲ့ကောင် အမျိုးမျိုးပါပဲ။ တိရိစ္ဆာန်ဖြစ်တာတောင် အစာစားတာ အိင်္န္ဒြေရတဲ့ကောင်က ရတာပါပဲ။ လူနဲ့ ပေါင်းတတ်တဲ့ကောင်ကတော့ များများစားရတာပါပဲ။
မိကောင်း ဖခင်
မိဘ နဲ့ ဆရာဆိုတာ ပုထုဇဉ်တွေမို့ ဖေါက်လွဲဖေါက်ပြန် ရှိတတ်ပါတယ်။ မာတာပိတုတွေ ဖေါက်ပြန်တဲ့ အကြောင်း link လေးတွေ ပေးပြီး အင်တာနက်က သတင်းလေးတွေ နည်းနည်းလောက် အစ ဖေါ်ပါရစေ။ ဖတ်ချင်ရင် လိုင်းတားထားတဲ့ link လေးတွေကို နှိပ်လိုက်ဗျာ။ ဗဟုသုတရသလို အစဉ်အလာအရ လက်ခံထားတဲ့ အသိတွေကိုလည်း စမ်းစစ်ရင်းပေါ့။
သမီးဖြစ်သူကိုလိင်ကျေးကျွန်အဖြစ် မိခင်ကစေခိုင်းမှု…. တဲ့။
ကလေးကို မိုက်ခရိုဝေ့ဖ်ထဲထည့်သတ်တဲ့ အမေ..ဗျ။
သမီးအရင်းကို ကြံစည်တဲ့ အဖေ.. ဗျ။
ကလေးကို ချစ်ပေမဲ့ အယူလွဲတဲ့ မိဘလက်ထဲ ရောက်ပြန်တော့ သံသရာပါမှောက်ပြန်ရော။ သံသရာမှောက်တာ မမှောက်တာ နောက်၊ လောလောဆယ် အဖြစ်ဆိုးတာလေး ဖတ်ကြည့်ပါဦးလားဗျာ။
အယူသီးတဲ့ဖခင်ကြောင့် သေဆုံးသွားရတဲ့ သမီးလေးအကြောင်းပါ။
မိဘနေရာရောက်တဲ့အထိ တော်ရုံတန်ရုံမဟုတ်ဘဲ ကလေးတွေကိုပါရောင်းစားပြီး ကမြင်းကြောထ လျှောက်ဆော့နေတဲ့ မိဘမျိုးတွေလည်း ရှိသေး။ ကလေးများကို ရောင်းစားပြီး ဂိမ်းကစားသည့် တရုတ်စုံတွဲ…တဲ့။ မယုံရင် နှိပ်ကြည့်ဗျာ။
တိရိစ္ဆာန်လည်း ကိုယ့်သားသမီးတော့ ကိုယ်ချစ်တာပဲ… လို့လည်း ဆွဲမပြောပါနဲ့။ ချွင်းချက်တွေ ရှိနေပါတယ်။
အဲဒီလို မိဘမျိုးတွေအတွက် ဘုရားနဲ့ တစ်တန်းတည်းထားဖို့ဝေးလို့ ကျေးဇူးရှင်ဆိုတဲ့ စကားလုံးနဲ့တောင် ထိုက်တန်ကြပါရဲ့လားဆိုတာ သေသေချာချာ စဉ်းစားဖို့ ကောင်းပါသဗျာ။ တချို့ဆိုးဆိုးရွားရွား link တွေ ထည့်မပေးတော့ပါဘူး။ ပြန်ပြောဖို့ကို ပါးစပ်ကမထွက်ဘူးဗျ။
ကျွန်တော် မှတ်မိနေတဲ့ မိန်းမတစ်ယောက်ဆို မွေးတာသမီးလေးဗျ။ ဒါပေမဲ့ သူ့သမီးကို သူမချစ်ဘူး.. လို့ ပြောနိုင်တယ်။ ကလေးမျက်နှာကို မကြည့်ချင်တာ။ သူ့အကြောင်းပြချက်က ရိုက်ချင်စရာ။ အဲဒီကလေးကို မွေးတုန်းက အရမ်းနာလို့ ဆိုပဲ။ တကယ်ကို ချစ်တဲ့အက်ရှင် လုံးဝမရှိတာဗျို့။ မိဘတိုင်း ကိုယ့်သားသမီးတော့ ကိုယ်ချစ်တာပဲ ဆိုတဲ့စကားကို ကျွန်တော် သံသယ စဖြစ်တာ အဲဒီမှာပဲ။ အဲဒီတုန်းက ကျွန်တော်က ငယ်သေးတော့ အခုလောက်တော့ မသိပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြားဆို မှတ်မိနေတတ်တာကြောင့်ဗျ။
မျိုးရိုးပိတု ဂရုပြု
မိုက်မိုက်မဲမဲ အဖေများလည်း တွေ့ဘူးပါရဲ့။ ကလေးနဲ့ ဇနီးကို ဖြစ်ချင်ရာဖြစ် ပစ်ထားပြီး သူ့ဟာသူ ပျော်ဖို့ပါးဖို့လောက်ပဲ သိတတ်တဲ့ အဖေမျိုး၊ ကြုံရာနေရာမှာ ကြုံတဲ့မိန်းမနဲ့ ဖြစ်ချင်ရာဖြစ်နေတတ်တဲ့ လူမှုရေးဖေါက်ပြန်တာကို ပေါ့ပေါ့ပါးပါး သဘောထားတဲ့ အဖေမျိုးတွေလည်း ရှိပါ့။ အိမ်ထောင်ရေး ဖေါက်ပြန်တာ၊ ကိုယ်ကျင့်တရား ပျက်တာများ ထမင်းစား ရေသောက်ပဲ။ တွေ့ဖူးသရွေ့ ချရေးပြရရင် ဒီ post လည်း တင်ဖြစ်မှာကို မဟုတ်တော့ဘူး။ လူမှုရေးဖေါက်ပြန်တယ်ဆိုတာ၊ စာရိတ္တပျက်တယ်ဆိုတာ စင်ကာပူမှာမှ မဟုတ်ဘူး…၊ တာဝတိသာမှာ ပျက်လည်း ပျက်တာပဲ။ ကိုယ်တိုင်လည်း ပျက်တယ်။ သားမွေးထားရင် ပိုဆိုးတယ်။ ယောကျင်္ားလေးပဲ ဘာအရှုံးရှိတာမှတ်လို့ ဆိုတဲ့ အဖေတွေ တော်တော်တွေ့ရသလို တချို့အဖေတွေက မဟုတ်တဲ့ကိစ္စကို မြှောက်တောင်ပေးလိုက်သေး။
ကလေးတစ်ယောက်အတွက် အမေဆိုတာ တစ်ယောက်ပဲရှိတာ သိပ်ကို ကျိန်းသေပါတယ်။ ဒါပေမဲ့ အဖေကတော့ တစ်ယောက် မက ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံခြားမှာ အမြွာပူးကလေးနှစ်ယောက်မွေးတာ DNA စစ်တော့မှ အဖေတစ်ယောက်စီ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဖေနာမည် သေချာဖို့ အရေးကြီးတာပါပဲ။
မြန်မာစကားမှာ မိကောင်းဖခင်သားသမီးဆိုတဲ့ စကားလုံးဟာ အင်မတန်အရေးပါ ပါတယ်။ သားသမီးမကောင်း မိဘခေါင်း လို့လည်း ဆိုကြပါတယ်။ မိဘကောင်းမှ သားသမီးကောင်းမယ်ဆိုတဲ့ သဘောပါပဲ။ ကိုယ့်သားသမီး မိကောင်းဖခင် သားသမီးလေးများ ဖြစ်လာဖို့ မိဘများကလည်း မိကောင်းဖကောင်းများ ဖြစ်ဖို့လိုပါတယ်။ မိဘကောင်းတိုင်း သားသမီးကောင်းတယ်လို့ ပုံသေမပြောနိုင်ပေမဲ့ မိဘမကောင်းရင် သားသမီးမကောင်းဖို့တော့ ရာခိုင်နှုန်းများတယ် ထင်တာပါပဲ။
ကံဆိုတာကလည်း ပြောရခက်တယ်ဗျ။ ကြိုပြီး အကုန်သိနေရင်လည်း ကံဆိုတာ ရှိမှာမဟုတ်တော့ဘူး။ သတ္တဝါတွေကို ချယ်လှယ်နေတဲ့ကံဆိုတာ တကယ်တော့လည်း အရင့်အရင်က ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် အခု အကျိုးတရားအနေနဲ့ ဖြစ်လာရတာပဲ မဟုတ်လား။
ဘုရားလက်ထက်ကလည်း ယောကျင်္ားတစ်ယောက်က မိန်းမတစ်ယောက်ကို စွဲလန်းစိတ်နဲ့သေတော့ နွားဖြစ်ပြီး အဲဒီမိန်းမနောက်က လိုက်နေလို့ မိန်းမက ရှက်ပြီး သူများနဲ့ သတ်ခိုင်းတယ်။ နောက်တစ်ဘဝ ပြောင်းသွားတော့လည်း ဒီလိုပဲ လျှောက်လိုက်နေတာ။ မိန်းမကလည်း သတ်ပြန်တာပဲ။ ကျွန်တော်မှတ်မိတာ မမှားဘူးဆိုရင် (၇) ဘဝလောက်ရှိမယ်ဗျ။ နောက်ဆုံး အဲဒီမိန်းမက အိမ်ထောင်တွေဘာတွေကျပြီး သူကအဲဒီမိန်းမဝမ်းထဲမှာ ပဋိသန္ဓေသွားနေပါရော။ မွေးလာတော့ သူ့အမေက သူ့ကို အကြိမ်ကြိမ်သတ်ခဲ့တဲ့ ကိစ္စကို သူက မှတ်မိနေတာကိုး။ မအေကို လုံးဝမကြည့်ဘူး.. တဲ့ဗျ။ သံသရာမှာ ဆွေမျိုး မတော်ခဲ့ဘူးတဲ့သူ မရှိဘူးတဲ့ဗျ။ သံသရာကြွေးပါလာတော့ သားနဲ့အမိ အမုန်းနဲ့ စ လာတာပါပဲ။ မွေးကတည်းက ကိုယ့်ကို မုန်းတဲ့သားကို မွေးမိတဲ့ အမေနေရာက ခံစားကြည့်ဗျာ။ ကံ ဆိုတာ အဲဒီလိုဗျ။ ထုံးစံအတိုင်း အတိအကျ မမှတ်မိတော့ အကြောင်းအရာ အတိုချုပ်နဲ့ လိုရင်းပဲ မှတ်မိသလို ရေးလိုက်တာပါ။
ကျွန်တော်ဆိုလိုတာက အကုန်လုံးကို တစ်ထစ်ချမှတ်ထားလို့ မရတာတွေ ရှိတယ်ဆိုတာနဲ့ ကံရဲ့ ဆန်းကျယ်ပုံလေးပါ။ ပြီးတော့ ပုထုဇဉ်တွေသာဖြစ်တဲ့ ကျွန်တော့်လို မိဘတွေအနေနဲ့ ကိုယ့်ရဲ့ Role နဲ့ Responsibilities ကို ကိုယ်နားလည်ဖို့ပါ။ သားသမီးအနေနဲ့ကလည်း တချို့ကိစ္စတွေမှာ မိဘမို့လို့ မစော်ကားရတာဆိုတာထက် မစော်ကားသင့်လို့ မစော်ကားရတာဆိုတဲ့ အကျိုးအကြောင်းနဲ့ ဉာဏ်နဲ့တွဲပြီး နားလည်တာမျိုးဖြစ်စေချင်လို့ပါပဲ။ အခုနောက်ပိုင်း “ ကျွန်မ သားက သမီးက သိပ်ဆိုးတာ”…. ဆိုတာမျိုးတွေ ခဏခဏကြားရတတ်သလို မိဘမပီသတဲ့ မိဘတွေ၊ သားသမီးကို ငရဲပေးတဲ့ မိဘမျိုးတွေ တွေ့နေရလွန်းလို့ပါ။ မိဘအနေနဲ့ ကိုယ့်သားသမီးကို ဒုက္ခမပေးမိဖို့၊ ငရဲမပေးမိဖို့လညိး အရေးကြီးလှပါတယ်။
အရမ်းကောင်းတဲ့ မိဘမေတ္တာဘွဲ့ ဇာတ်ကားလေးပါ။ ဒါပေမဲ့ အဲဒီတုန်းက ကြည့်နေရင်း ပေါ်မိတဲ့ အတွေးလေးတစ်ခု ပြောပါရစေ။
ဒီဇာတ်လမ်းထဲက အမေဟာ မိခင်စိတ် အပြည့်ရှိတဲ့ အမေဆိုတာ သံသယရှိစရာ မရှိပါ။ ဒါပေမဲ့ မကောင်းမြစ်တား ကောင်းရာညွှန်လတ် မဖြစ်တာကြောင့် နည်းနည်းပေါ့သလို ခံစားရတယ်ခင်ဗျ။ သားသမီးတွေကို ချစ်ပေမဲ့ ဆိုဆုံးမမှု အားနည်းလှတာ (အမှန်ကတော့ လုံးလုံးကို မဆုံးမတာ) ကို တွေ့ရပါတယ်။ သားသမီးတွေ မသိတတ်တာကိုပဲ အပြစ်မြင်နေလို့ မဖြစ်ဘူး ထင်ပါတယ်။ သိတတ်အောင် သင်ကြားပြသဖို့ လိုပါတယ်။ တချို့ကိစ္စတွေမှာ လူတွေက ပြောတတ်ကြသေးတယ်။ “ဒီလောက်ကတော့ ပြောစရာမလိုဘူး၊ သိရမှာပေါ့….” တဲ့။ လောကကြီးမှာ မပြောဘဲ မသိတဲ့လူတွေ အများကြီးခင်ဗျ။ သိသင့်တာတော့ ဟုတ်ပါရဲ့။ သိမှ မသိတာ ဆိုတော့ ဘာလုပ်ကြမလဲ။ မသိရကောင်းလားလို့ အပြစ်တွေထိုင်ပြောနေလည်း သိလာမှာ မဟုတ်ပါ။ မသိရင် သိအောင်ပြောပြတာသာလျှင် ပြဿနာရဲ့ အဖြေဖြစ်ပါတယ်။ မိဘကောင်းတစ်ယောက်ရဲ့ တာဝန်ဟာ အနစ်နာခံချစ်နေရုံနဲ့ မပြီးပါ။ အမှန်အမှား ပိုင်းခြားနိုင်အောင် သွန်သင်ဆုံးမဖို့ လိုပါတယ်။
အမေ့ခြေရာ ရုပ်ရှင်ကားမှာ အဲဒါလေးတွေပါ ထည့်ပြနိုင်ရင် ပိုကောင်းမှာပါပဲ။ အမေက ဆုံးမပေမဲ့ သားနဲ့ အမေ နားလည်မှုကဝေး၊ လူကြီးလူငယ် ကွဲပြားတဲ့ အတွေးအခေါ် ခံယူချက်လေးတွေနဲ့ သဘာဝကျကျလေး ရိုက်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ အခုတော့ အမေက တစ်ဘက်သတ် အနစ်နာခံ၊ သားသမီးတွေက လုံးလုံးလျားလျား မသိတတ် ဆိုတာကြီးက သိပ်မနိပ်ပါဘူးဗျာ။ တကယ့်တကယ်မှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာမျိုးဗျ။ လုံးလုံးလျားလျားကြီး ကောင်းတာ ဆိုးတာဆိုတာ မြန်မာရုပ်ရှင်တွေမှာသာ အတွေ့ရများတာ။ နိုင်ငံခြား ဒရာမာတွေမှာ ဇာတ်ကောင်တွေ အားလုံးနေရာရသလို အားလုံးကလည်း အကောင်းအဆိုးတွဲနေတာဗျ။ အပြင်လောကမှာ တကယ်ရှိတဲ့ စရိုက်မျိုးတွေကို ဖန်တီးထားတော့ ကြည့်ရတဲ့ပရိတ်သတ်စိတ်ထဲမှာ ဟိုဘက်လူရှုထောင့်ကကြည့်လည်းမှန်၊ ဒီဘက်လူရှုထောင့်ကကြည့်လည်းမှန်နေလေတော့ ဝေခွဲမရဖြစ်ပြီး ဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ စိတ်ဝင်စားတော့တာကိုးဗျ။ မိဘဘက်ကချည်းတွေးပြီး ဇာတ်အတင်းနာခိုင်းတာတော့ ခပ်ရိုးရိုးနဲ့ တစ်မျိုးကြီးပါဗျာ။
IT မိဘ မလွယ်လှ…..
တစ်ခုပဲရှိတယ်။ ငါ့သားသမီးကို ငါအကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်…၊ မြေတောင်မြှောက်ပေးမယ်၊ အမြင့််ဆုံးရောက်အောင်တင်မယ်ဆိုတဲ့ စိတ်နဲ့ မှန်တယ်လို့ ထင်တဲ့အတိုင်း ယုံကြည်တဲ့အတိုင်း အကောင်းဆုံးလုပ်တဲ့ မိဘဖြစ်ဖို့တော့ လိုပါတယ်။ ပေးတဲ့လမ်းကြောင်းနဲ့ သွန်သင်ဆုံးမမှု မှန်တယ်မှားတယ်က တစ်ကိစ္စ။ ပုထုဇဉ်မိဘတစ်ယောက် အနေနဲ့ ဘယ်ဟာကိုတော့ အမှန်ဆုံးလို့ တစ်ထစ်ချပြောဖို့တော့ ခက်သားပဲလေ။ ခေတ်တွေ ကာလတွေ ကလည်း အပြောင်းအလဲ အရမ်းမြန်လေတော့ လူကြီးလူငယ် ပဋိပက္ခက IT ခေတ်မှာ ပိုကြမ်းတယ်ဗျ။
ကျွန်တော့်ဦးလေးတစ်ယောက်က ပြောတယ်။ အခုခေတ်က မိမဆုံးမ ဖ မဆုံးမ ခေတ်မဟုတ်ဘူး။ မိ မနိုင် ဖ မနိုင် ခေတ်….တဲ့။ ဆုံးမတယ်… မနိုင်တာ… လို့ ဆိုပါတယ်။ အခုခေတ်မှာ ပြဿနာက အဲဒါပါပဲ။ လူငယ်တွေက IT နဲ့ ရင်းနှီးပြီး လူကြီးအများစုက ကွန်ပျူတာ အင်တာနက်ကို လိုက်မမီသလို ဖြစ်နေတာက အဓိက ကွာဟမှုပါပဲ။ ဆုံးမတဲ့ ပုံစံ၊ ဆုံးမတဲ့စကား ခေတ်မီဖို့၊ လူငယ်တွေ နားထဲဝင်အောင်ပြောဖို့ အခုခေတ်က သိပ်မလွယ်လှပါ။ သူတို့ဟာသူတို့ facebook မှာသာ မပြီးနိုင်မစီးနိုင် အရည်မရ အဖတ်မရ ပွားချင်ပွားနေတာ၊ လူကြီးက တစ်ခုခုပြောဆို ဆုံးမရင် နားငြီးတတ်လိုက်တာ သူတို့အပြင်မရှိဘူးဗျို့။
အဲဒီတော့ မာတာတွေ ပိတုတွေ ခင်မျာလည်း မြင်တဲ့ထဲက အကောင်းဆုံးဆိုတာကိုပဲ ပြသပေးနိုင်ပါလိမ့်မယ်။ ဒါဆိုရင် မိဘပီသတဲ့ မိဘပါပဲ။ အဲဒီမိဘမျိုးကို စော်ကားမိရင် အပြစ်ကြီးမှာ အသေအချာပါပဲ။ နောက်တစ်ခုက သားသမီးနဲ့ မိဘမှာ ယေဘူယျအနေနဲ့ကတော့ အချိုးမပြေတာချင်း၊ အပြစ်လုပ်တာချင်းတူရင် သားသမီးက ပိုပြီးအပြစ်ရှိပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ မိဘက မွေးကျေးဇူး၊ ကျွေးကျေးဇူးတွေ ရှိလို့ပါပဲ။ မွေးထားရင်တော့ ကျွေးရမှာပေါ့…၊ မကျွေးလို့ ရမလားလို့ စောဒက မတက်ပါနဲ့။ မွေးရာပါ အခွင့်အရေးလို့ ထင်ရင် ဟိုးအပေါ်မှာပေးထားတဲ့ link လေးတွေကို ပြန်နှိပ်လိုက်ပါ။ မိဘတိုင်း သားသမီးကို ချစ်ရမှာပဲ…၊ စောင့်ရှောက်ရမှာပဲ…၊ ဘာမှ ကျေးဇူးတင်စရာ မလိုဘူးလို့ ထင်ရင် ထပ်ထပ်ပြီး ဖတ်ကြည့်လိုက်ပါ။ မိဘက ပိုက်ဆံလုံလုံလောက်လောက် မထောက်ပံ့လို့ဆိုပြီး ကိုယ့်မိဘကို တရားစွဲတဲ့ စင်ကာပူက ငနာလေးလည်း ဒီစာမျိုးတွေ ဖတ်သင့်တယ်ဗျ။
အဲဒီတော့ ကိုယ့်မှာ မိဘပီသတဲ့ မိဘမျိုး ရ ထားတယ်ဆိုရင် တန်ဖိုးနားလည်ဖို့ လိုပါတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘမျိုးဆီမှာ ဝင်စားရတာ ကံအလွန်ကောင်းတယ်လို့ မှတ်ပါ။ အဲဒီမှာမှ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်အောင် မှန်မှန်ကန်ကန် ဆုံးမသွန်သင်တတ်တဲ့ မိဘမျိုးဖြစ်ဦးမယ် ဆိုရင်တော့ ဒီကလေးရဲ့ကံဟာ အထွေအထူး ပြောစရာကို မလိုတော့ပါ။ အဲဒီမှာမှ သားသမီးအပေါ် နားလည်တတ်ပြီး ခေတ်အမြင် ဗဟုသုတရှိတဲ့မိဘ၊ ခေတ်နဲ့အညီ နားဝင်အောင် ဆုံးမတတ်တဲ့ မိဘ ဆိုရင် အတိုင်းထက် အလွန်ပါပဲ။ ပြောချင်တာတွေ ရှိသေးပေမဲ့ အသေးစိတ်တွေ လျှောက်ပြောရင် ဆုံးမှာ မဟုတ်တာရယ်၊ စာရေးရတာ အကန့်အသတ်တွေ ရှိတာရယ်ကြောင့် ဒီလောက်နဲ့ပဲ ဒီကိစ္စရပ်ခွင့်ပြုပါ။
အဓိပ္ပါယ်ပေါက်လွဲခဲ့ရင် စောစောကပြောခဲ့တဲ့ အကန့်အသတ်တွေကြောင့်လို့ နားလည်ပေးပါ ခင်ဗျား။
(ခေတ်ကာလမိဘဖြစ်ရတာ ခေါင်းစားတဲ့ အကြောင်းလေး နောက်မှ ဆက်ပါဦးမယ်။ အမှားပါရင် ခွှင့်လွှတ်ပါရန် အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။)
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment