Sunday, May 20, 2012

သရဲတစ်ကောင်ရဲ့ပုံတူ

  ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်တဲ့အခါတိုင်း အဖေနဲ့ အမေက ကျွန်တော့်ကို အအားမထားပါ။ လူဆိုသည်က အားလျှင်ယားသော အမျိုးဖြစ်သည်။ မြန်မာစကား အားအားယားယားဆိုတာ အကြောင်းမဲ့ ပေါ်လာခြင်းတော့ မဟုတ်တန်ရာ။ အလုပ်များသောသူအတွက် အားလပ်ချိန်၊ အနားယူချိန်ဆိုတာ အလွန်လိုအပ်သော ကိစ္စဖြစ်သော်လည်း အမြဲတမ်း အားနေခြင်းကတော့ အနားယူခြင်းနှင့် မဆိုင်ပါ။ အား တာသည် နား တာနှင့် မတူပါ။ အား နေသောသူသည် လူကသာ အား နေသော်လည်း စိတ်ဆိုသည်က တစ်နေရာတည်းမှာ အငြိမ်နေချင်သည့်သဘော မရှိလေရကား ဟိုတွေးဒီတွေး အစုံတွေးလေသည်။ ထိုမှတပါး စိတ်သည် အငြိမ်မနေသည့်သဘောအပြင် မကောင်းမှု၌ မွေ့လျှော်သည့် သဘောပါ ရှိခြင်းကြောင့် အားနေသောသူသည် မကောင်းမှုသို့ ဦးတည်ရန် လမ်းများလေသည်။

မကောင်းမှုသို့ မရောက်သည် ရှိစေဦး..၊ ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားက နာသလို၊ ဒီနားက ကိုက်ခဲလာသလို ပြဿနာမရှိ ပြဿနာ ရှာတတ်ပါသေးသည်။ သူများကို ပြဿနာမရှာရလျှင် ကိုယ့်ဘာသာကိုယ် ပြဿနာရှာခြင်းကား အားနေခြင်း၏ ဒုက္ခဖြစ်လေတော့သည်။ အားယားနေသော စိတ်သည် ဤသို့သော သဘောရှိလေ၏။ ထို့ကြောင့် ကျွန်တော်၏ မိဘများသည် ကျွန်တော့်ကို မည်သည့်အခါမျှ အအား မထားကြကုန်။ ထိုမှ စ၍ ကျွန်တော်သည်လည်း အားနေလျှင် မနေတတ်သော ဆင်းရဲဇာတာ ပါလေတော့သတည်း။ အနည်းဆုံးတော့ သူများတွေ အိပ်စက်အနားယူချိန်၌ မအိပ်ဘဲ ဘလော့ဂ်ရေးနေတတ်လေသည်။ မအားသော်ငြား ရသည့်အချိန်ကို လု၍ ယားလေသည်တကား။


အားခြင်း၊ ယားခြင်း၊ နားခြင်းများကို နားရှုပ်အောင် ပြောပြီးသည်၏ သကာလ ကျွန်တော် လေးတန်းဖြေပြီး နွေရာသီကျောင်းအားရက်တွင် ရခဲ့ဖူးသော ဘဝသင်ခန်းစာတစ်ခုကို ပြောပြချင်ပါသည်။

ထိုနွေရာသီ ကျောင်းပိတ်ရက်တွင် အမေက ကျွန်တော့်ကို YMCA တွင် ဖွင့်သော နွေရာသီပန်းချီသင်တန်းသို့ ပို့ပါသည်။ ကျွန်တော့်ဆရာကား ယခုနာမည်ကျော် ပန်းချီဆရာမလေး ချောအိသိမ်း၏ အဖေ ဦမောင်မောင်သိမ်း ဖြစ်လေသည်။ ဆရာသည် ပိန်ပိန်ပါးပါးနှင့် လွန်စွာစိတ်ရှည်သော ဆရာဖြစ်သည်။ ကျွန်တော်တို့ကို အလင်းအမှောင်အကြောင်း၊ Perspective ဟု ခေါ်သော အနီးအဝေး မြင်ကွင်းများ အကြောင်း စသော ပန်းချီအခြေခံများကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့သည်။ ကျွန်တော့်ဘဝတွင် ပန်းချီဆွဲခြင်းသည် ဝါသနာအဆင့်၌သာ တစ်နေ၍ စိတ်ဝင်စားပါလျက် ရှေ့ဆက် မလုပ်ဖြစ်ခဲ့သော အလုပ်တစ်ခု ဖြစ်သည်။ ယခုထိလည်း ဤဝါသနာသည် ပျောက်ကွယ်သွားခြင်း မရှိသေး။ အလုပ်တွင် ဖိစီးမှုတွေ များလာသည့်အခါ ခဲခြစ်ပန်းချီလေးများကို ထိုင်ဆွဲနေတတ်သလို သင့်တော်ရာ၌ထိုင်လျက် တိမ်များကို ငေးမောရင်း စိတ်ကူးပန်းချီခြယ်နေတတ်ပါသည်။ တွေ့ရာ စာရွက်နှင့် စိတ်ကူးပေါ်သလို ခြစ်ထားသည့် ပန်းချီလေးများကို ဘယ်သူ့မှ မမြင်အောင် ဖြဲဆုတ်ပစ်လိုက်သည်သာ များပါသည်။ မည်သို့ပင်ဆိုစေ ဤကဲ့သို့ ရေးခြစ်ပြီးသည့်အခါတိုင်း ရင်ထဲ၌ အနည်းနှင့်အများ ပေါ့ပါးသွားမြဲဖြစ်သည်။ ထို့အပြင် ကိုယ်တိုင် မဖန်တီးတတ်သော်လည်း အနုပညာနှင့် ပန်းချီကားများကို ခံစားတတ်၊ နှစ်သက်တတ်ခြင်းသည် ခံစားတတ်၊ နှစ်သက်တတ်၊ မြင်တတ်၊ တွေးတတ်အောင် သင်ကြားပေးခဲ့သော ဆရာ့ကျေးဇူးများပင် ဖြစ်ပါသည်။ 

ထို့ကြောင့်ပင် သူများတွေ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ ကွမ်းကဲ့သို့သော အရာများနှင့် မူးယစ်ကာ ဘဝဒုက္ခများကို အခိုက်အတန့် သက်သာရာ ရှာနေကြချိန်တွင် ကျွန်တော့်မှာ စာအုပ်တွေ၊ ပန်းချီတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ အင်တာနက်၊ ဘလော့ဂ်တွေဖြင့်ပင် ယစ်မူးစရာတွေ လက်မလည်ခဲ့။ ဘဝအမောတွေကို ဤကဲ့သို့သော ယစ်မူးခြင်းများဖြင့် အန္တရာယ်ကင်းစွာ ကျွန်တော်အမောဖြေနိုင်ခဲ့ပါသည်။ ကျွန်တော့်အမောဖြေနည်းများတွင် ပန်းချီဖြင့် ယစ်မူးခြင်းကို ကျွန်တော့်သူငယ်ချင်းအများစု မယစ်မူးတတ်ကြပါ။ ကျွန်တော့်မှာ ပန်းချီနှင့်ပတ်သက်လျှင် မူးဖေါ်မူးဘက် မရှိပါ။ တစ်ယောက်တည်းသာ တိတ်ဆိတ်စွာ မူးပါသည်။ ပန်းချီဆရာ၏ ရင်ထဲသို့ ဝင်ရောက်ခံစားနိုင်သည့်အခါမျိုးတွင် ပန်းချီကားသည် ရုပ်လုံးကြွလာစမြဲ ဖြစ်သည်။ ပန်းချီကားပေါ်မှ တို့ထိထားသမျှ စုတ်ချက်များသည် အဓိပ္ပါယ်တွေ အများကြီးကို ဖေါ်ပြနေတတ်သည်။

အင်ဂျင်နီယာတစ်ယောက် ဖြစ်လာသည့်အခါတွင်လည်း ကျွန်တော်သည် ကျောင်းတွင် ပုံဆွဲကောင်းသော ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ အီလက်ထရွန်းနစ် ပညာရပ်ကို လေ့လာသောအခါ ဆားကစ်ပတ်လမ်းများကို ကိုယ်တိုင်ရေးဆွဲ၍ ဒီဇိုင်းလုပ်ရခြင်းကို အဓိက နှစ်သက်ခဲ့သည်။ ရုပ်ရှင်ကြည့်သောအခါ ဇာတ်လမ်းတင်မက အလင်းအမှောင်အနီးအဝေးများကိုပါ ခံစားတတ်ခဲ့သည်။ ကမ္ဘာကျော် ရူပဗေဒ နိုဗယ်ဆုရှင်ဖြစ်သလို ရောင်းတန်းဝင် ပန်းချီဆရာကြီးလည်း ဖြစ်သော ရစ်ချတ်ဖိုင်းမန်းကို အားကျခဲ့သည်။ အနုပညာနှင့် ပတ်သက်သော ခံစားမှုတို့သည် နွေရာသီ ပန်းချီသင်တန်းလေးမှ စခဲ့သည်ဟု ဆိုလျှင် မှားအံ့မထင်။

သင်တန်းပြီးခါနီး နှစ်ပတ်မျှအလိုတွင် ဆရာသည် ကျွန်တော်တို့ကို လူပုံ အခြေခံများ ဆွဲခိုင်းပါသည်။ မျက်လုံး အမျိုးမျိုး၊ နှာခေါင်းပုံစံ အမျိုးမျိုး၊ နှုတ်ခမ်းပုံစံ အမျိုးမျိုး စသဖြင့်ဖြစ်သည်။ ကျွန်တော်တို့အားလုံး တစ်ပတ်နီးပါး လူမျက်နှာ အစိတ်အပိုင်း ပုံစံအမျိုးမျိုးကို ရေးဆွဲရသည်။

တစ်ပတ်လုံးလုံး ရေးဆွဲကြပြီးနောက် တစ်ရက်တွင် ဆရာက ခရေယွန်ပုံဆွဲဆေးတောင့်များ၊ မင် များနှင့် စက္ကူများချပေးပြီး ကျွန်တော်တို့အားလုံး သရဲပုံ ဆွဲရမည်ဟု ခိုင်းပါတော့သည်။

ကျွန်တော်တို့လည်း သရဲပုံကို အပြင်းအထန် ရေးကြသည်ပေါ့။ ချို (ဂျို)တွေထည့်၊ အစွယ်တွေ ထည့်ပြီး၊ လျှာရှည်ရှည်ကြီးများ ထုတ်လျက် အမျိုးမျိုးသော သရဲမော်ဒယ်များကို ဖန်တီးကြပါတော့သည်။ ဟယ်ရီပေါ်တာဇာတ်လမ်းများ  မပေါ်သေးသည့်ခေတ်ဖြစ်ခြင်းကြောင့် ကျွန်တော်တို့ တွေးမိသမျှ သရဲပုံများ ရေးဆွဲပြီး ဆရာ့ကို အပ်ကြရသည်။

ဆရာက အမှတ်ပေးတော့ အားလုံး စိတ်ဝင်တစား ကြည့်ကြသည်။ ဆရာက ပုံတစ်ပုံကို ကြည့်လိုက်သည်။ ပြီးတော့ပြောသည်။  

ဟွန်း… သရဲပုံ ဆွဲပါဆို လူပုံတွေပဲ ဆွဲထားတယ်… ဟူ၏။ နောက်တစ်ပုံကို ကြည့်သည်။ ဟွန်း… လာပြန်ပြီ နောက်တစ်ယောက်၊ ဒါလည်း လူပုံပဲ….။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဆွဲထားသော ပုံများကို သေချာပြန်ကြည့်ကြရာ ကျွန်တော်တို့မှာ မျက်လုံးကို ပြူးခြင်း၊ နှာခေါင်းကို ရှည်ခြင်း၊ ပါးစပ်ကို ပြဲခြင်း၊ လျှာကိုရှည်ခြင်း၊ အစွယ်ထုတ်ထားခြင်းများသာ ဖြစ်လျက် လူမျက်နှာ အခြေခံများကို ပုံပြောင်းထားကြခြင်းသာ ဖြစ်လေ၏။  

ဆရာက ရှင်းပြသည်။

သရဲဆိုတာ မင်းတို့လည်း မမြင်ဖူးဘူး… ငါလည်း မမြင်ဖူးဘူး….. သရဲမှာ မျက်လုံးလည်း ပါချင်မှ ပါမယ်၊ နားရွက်လည်း ရှိချင်မှ ရှိမယ်၊ နားရွက် တစ်ဖက်ထဲလည်း ဖြစ်ချင်ဖြစ်မယ်….. ဘာမှ မပါဘဲ ဗြောင်ကြီးလည်း ဖြစ်ချင်ဖြစ်မယ်…. ဒါကြောင့် သရဲပုံဆိုတာ ဆွဲချင်သလို ဆွဲလို့ရတယ်…. မှန်တယ်မှားတယ် မရှိနိုင်ဘူး…. ဒါပေမဲ့ မင်းတို့ဆွဲထားတာအားလုံးက လူမျက်နှာ အခြေခံထဲက မထွက်နိုင်ကြဘူး… ဟူ၏။ ဤသို့နည်းနှင့် ကျွန်တော်တို့သင်တန်းသားအားလုံး၏ သရဲပုံများမှာ လူပုံများချည်း ဖြစ်နေသည် ဟူသတတ်။

တကယ်တော့ ဆရာသည် ကျွန်တော်တို့အားလုံးကို ဖန်တီးခြင်းနှင့် ဖေါက်ထွက်ခြင်း အခြေခံကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ စိတ်ကူးဆိုတာ ဖြစ်ချင်သလို ဖြစ်လို့ရသောအရာ ဖြစ်သော်ငြား ကျွန်တော်အပါအဝင် အများစုသော သူများမှာ ကျွန်တော်တို့ သိပြီးသား၊ ရှိပြီးသားများထဲမှ မထွက်နိုင်ကြ။ ထူးထူးခြားခြား မတွေးတတ်ကြ။ မရှိသေးသည့်အရာကို တွေးရသည်မှာ တကယ်ပင်ခက်ခဲပါသည်။ တွေးတာများ တွေးချင်သလို တွေးလို့ရတာပဲဟု ပြောချင်သူများ မယုံလျှင် တွေးကြည့်ပါ။ ထိုအတွေးများ၊ စိတ်ကူးယဉ်များကို ကွင်းဆက်မိမိ အဓိပ္ပါယ်ရှိရှိ လက်တွေ့ဘဝထဲသို့ ရောက်အောင် အားထုတ်ရသည်မှာ အခက်ဆုံး ဖြစ်သည်။ သို့သော် ကျွန်တော်တို့နှင့် မတူသော၊….. စိတ်ကူးကို တကယ်ဖြစ်အောင် ကြိုးစားသော လူနည်းစုကြောင့်သာ ယနေ့ ကမ္ဘာ့အရှေ့နှင့်အနောက် အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်သည်။ အရုပ်တွေ မြင်ရသည်။ လေထဲက ဒေတာတွေကို ဖမ်းယူကာ အရုပ်တွေ အသံတွေ ဖြစ်အောင် ဖန်တီးနိုင်ကြသည်။ သတင်းတွေ ပို့နိုင်ကြသည်။ ဝေးဝေးမှ ကြားလိုလျှင် အော်ပြောမှ ရမည်ဟူသော  လောဂျစ်မျိုးနှင့် သွားကြပါမူ ကျွန်တော်တို့အားလုံး ယခုထိ ကျောက်ခေတ်သာသာမှာသာ ရှိခြိမ့်မည်။ ကမ္ဘာ့အရှေ့နှင့် အနောက် အော်ပြောလျှင်ရမည့် လော်စပီကာကြီး ထွင်ရမည့်သဘော ဖြစ်သည်။


အများစုသောသူများမှာတော့ ခေါက်ရိုးကျိုးနေသော စဉ်းစားပုံ စဉ်းစားနည်းများ၊ သိပြီးသား ဒေတာများ၊ အတွေ့အကြုံ အဟောင်းများကိုသာ ဖက်တွယ်ရင်း သက်တမ်းကုန်သွားသူတွေသာ များကြပါသည်။ နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် လိုက်နာရန် စည်းကမ်းများ ရှိကြပါသည်။ သို့သော် တခါတရံ စည်းကမ်းများသည် ဖန်တီးခြင်း (Creativity) ကို သတ်ပစ်တတ်ပါသည်။ စည်းနှင့် ကမ်းနှင့် နေသည်မှာ ပုံမှန်အားဖြင့် ကောင်းသော်လည်း လိုအပ်သည်ထက် များလာလျှင် ဖန်တီးနိုင်စွမ်း သေဆုံးသွားပါသည်။ ဘောင်ခတ်ထားသော စိတ်တစ်ခုနှင့် အသစ်မဖန်တီးနိုင်ပါ။ စည်းကမ်းများသည် မလုပ်ရသည်များကိုသာ တားမြစ်နိုင်၍ လုပ်ရမည့်ကိစ္စများကို လုပ်ဖြစ်အောင် မတိုက်တွန်းနိုင်ပါ။ တားမြစ်ထားသည်များ များလာသောအခါ ဖေါက်ထွက်ဖို့ မေ့သွားပါတော့သည်။

 စည်းကမ်းရှိရာ၌ နာမည်ကြီးသော စင်ကာပူနိုင်ငံသားများသည် တီထွင်ဖန်တီးမှု အားနည်းသွားသောကြောင့် ယခင်ဝန်ကြီးချုပ်ဂိုချုပ်တောင်က တီထွင်ဖန်တီးခြင်းကို သင်ယူလို့ ရသလား…. ကျွန်တော်တို့ စမ်းကြည့်မလို့ဟု ဆိုတာ ပညာရေးတွင် ပြောင်းလဲမှု များစွာ လုပ်ခဲ့သည်။ သို့သော် တင်းကြပ်သော စည်းကမ်းများအောက်က စင်ကာပူရီယန်များ၏ တီထွင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းမှာ သိသိသာသာ တက်လာသည်ဟု ကျွန်တော်မထင်ပါ။ သူတို့ထက်စာလျှင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မပြည့်မစုံနှင့် ကြီးပြင်းလာရသော မြန်မာတွေက ပို၍တီထွင်ဉာဏ်ရှိသည်ဟု ကျွန်တော်ထင်သည်။ လိုအပ်ချက်မရှိလျှင်လည်း တီထွင်မှုဆိုတာ မရှိနိုင်ပဲကိုး။

နိုင်ငံတကာ၌ ကျောင်းသားလူငယ်များကို အနည်းနှင့်အများဆိုသလို တင်းကြပ်သော စည်းကမ်းများမှ လျော့ပေးထားလေ့ရှိပါသည်။ အထူးသဖြင့် တက္ကသိုလ်အဆင့်ရောက်လာသော ကျောင်းသားများကို ဦးစားပေး အခွင့်အရေးပေးထားလေ့ ရှိပါသည်။ အတန်းငယ်များတွင် တင်းကြပ်ခဲ့သမျှ စည်းကမ်းများကို တက္ကသိုလ် ရောက်သည်နှင့် လျှော့ချပေးလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ လူကြီးစာရင်းဝင်လာပြီဖြစ်၍ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်လာကြပြီ ဖြစ်ခြင်းကြောင့် ဖြစ်သလို ကျောင်းသားလူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖေါ်မည့်သူများ ဖြစ်ခြင်းကြောင့် အတွေးအခေါ် ခေါက်ရိုးကျိုးခြင်းမှ ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ် တွေးသောလုပ်သော အတွေ့အကြုံရှိဖို့ လိုခြင်းကြောင့်လည်း ဖြစ်ပါသည်။

ထို့ကြောင့်ပင် ကျောင်းသားအခွင့်အရေး ဟူ၍ စကားလုံးသီးသန့် ရှိခြင်းဖြစ်ပါသည်။ ကျောင်းသားအခွင့်အရေးကို ရဖူးသော ကျောင်းသားမျိုးဆက်များတွင်သာ ကျောင်းသားစိတ်ဓါတ်ဟု ဆိုအပ်သော မဟုတ်မခံစိတ်၊ မတရားတာမြင်လျှင် လက်ပိုက်ကြည့်မနေတတ်သောစိတ်၊ ကိုယ်ကျိုးစွန့်စိတ်များ တွေ့ရနိုင်ပါသည်။ အစဉ်အလာစည်းကမ်းများ ဘောင်များမှ ယာယီအားဖြင့် ဖြစ်စေ ဖေါက်ထွက်၍ လွတ်လပ်စွာ တွေးဖူးလုပ်ဖူးသော အတွေ့အကြုံသည် ကျောင်းသားဘဝတွင်သာ ရနိုင်သော အတွေ့အကြုံဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ခေတ်ပြောင်းတော်လှန်ရေးအများစုသည် ကျောင်းများတွင် အခြေခံခြင်းဖြစ်သည်။ ဤသို့အားဖြင့် အာဏာရှင်နှင့် ကျောင်းသားသည် ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြလေတော့သတည်း။

ကျွန်တော်တို့နိုင်ငံတွင်လည်း ၁၉၈၈ နောက်ပိုင်း ကျောင်းသားအခွင့်အရေးများ ပ်ိတ်ပင်ခံလာရသည်နှင့်အမျှ နောက်ပိုင်းကျောင်းသား မျိုးဆက်များတွင် ရဲရင့်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ဖေါက်ထွက်တွေးခြင်း၊ မတရားသည်ကို ငုံ့မခံသော စိတ်ဓါတ်များ ချို့တဲ့လာလျှက် နိုင်ငံရေး၊ လူမှုရေး ဗဟုသုတများ အပေါ် စိတ်မဝင်စားတော့ဘဲ ကိုယ်အဆင်ပြေဖို့သာ ကြည့်ကာ ဂွင် စကားသာ ပြောတတ်၍ ဖြတ်လမ်းနည်းဖြင့် သူဋ္ဌေးဖြစ်ချင်နေကြသော စကားများတွင်တွင် ပြောလာကြသည်မှာ မျိုးဆက်နှင့်ချီ၍ ဆုတ်ယုတ်သွားသော ပြယုတ်များသာ ဖြစ်တော့သည်။

ကျောင်းသားများကို ကျောင်းသားအခွင့်အရေးဟူ၍ သီးသန့်ပေးရခြင်းမှာ လွတ်လပ်ခွင့်တချို့ ဖန်တီးပေးခြင်းအားဖြင့် အတွေးအခေါ် အဖွံ့ဖြိုးဆုံးအရွယ်၊ အမှန်တရားကို အဖြူထည်ခံစား၍ အသေခံ မြတ်နိုးတတ်သော အရွယ်တွင် နိုင်ငံအတွက်၊ လူသားများအတွက် တိုးတက်ရာ တိုးတက်ကြောင်း၊ လမ်းဟောင်းများမှ ပို၍ကောင်းသော လမ်းသစ်များကို ရှာဖွေဖေါက်ထွက်ပါစေကြောင်း အားပေးအားမြောက်ပြုခြင်းသာ ဖြစ်သည်ကို နားမလည်နိုင်သောသူများက ကျောင်းသားလည်း လူပဲ… ဘာလို့ ဦးစားပေး၊ အခွင့်အရေးပေးရမှာလဲ….. ဟု ခပ်ပိန်းပိန်း ပြောကြခြင်းကို နားကြားပြင်းကပ်သောအားဖြင့် ဤစာကို ရေးပါသည်။

ထိုသို့သော လူအများစုမှာ သေသာသွားရော၊ လွတ်လွတ်လပ်လပ် တစ်သက်တစ်ခါ မတွေးဖူးသောသူများ ဖြစ်သည်။ စည်းကမ်းဆိုသည်မှ များလေကောင်းလေဟု ထင်နေသော နောက်ပြန်ဆွဲများ ဖြစ်သည်။ လိမ်မာတယ်ဆိုတာ ပြောသမျှခေါင်းငြိမ့်၍ ခိုင်းသမျှလုပ်ခြင်းဟုသာ မြင်နေသရွေ့ တီထွင်ခြင်း၊ ဖန်ဆင်းခြင်းများသည် ကျွန်တော်တို့ မျိုးဆက်များနှင့် ဝေးနေဦးမည်သာ ဖြစ်သည်။ တီထွင်ဖန်ဆင်းခြင်းနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းသည် တခါတရံ ဆက်စပ်နေတတ်သည်ကိုတော့ သတိထားရပါမည်။ သို့သော် ဖန်တီးမှုတစ်ခ၊ု ဖေါက်ထွက်မှုတစ်ခု၊ တော်လှန်မှုတစ်ခုအတွက် ပေးဆပ်မှု အနည်းနှင့်အများ ရှိတတ်ခြင်းသည် ဓမ္မတာဖြစ်သည်။ အမှားအယွင်းမရှိဘဲနှင့် အောင်မြင်သွားသော တီထွင်မှုဟူသည် မရှိပါခင်ဗျား။

*******************************************************
ထိုစဉ်တုန်းကတော့ ငယ်သေးသည့်အလျောက် သင်ခန်းစာတစ်ခုအနေနှင့် နားမလည်ခဲ့ပါ။

ဘဝမှာ အခွင့်အရေး ရခဲ့ဦးမည်ဆိုလျှင်တော့ သရဲပုံများ ရေးချင်ပါသေးသည်။

ဆရာဦးမောင်မောင်သိမ်းသာ သင်ပေးနိုင်ဦးမည်ဆိုလျှင် ကျွန်တော့်သမီးလေးကိုလည်း ဆရာ့ဆီပို့၍ သရဲပုံတွေ အရေးခိုင်းစေချင်ပါသေးသည်။

မိတ်ဆွေတို့ရော....... သရဲပုံလေးတွေ ရေးကြည့်ကြဖို့ တိုက်တွန်းပါရစေလား။ လူမျက်နှာ အခြေခံတွေကိုတော့ မေ့ထားဖို့ လိုပါလိမ့်မည်။

(ဆရာ့ကျေးဇူးကို ဤစာစုငယ်ဖြင့် ကန်တော့အပ်ပါသည်။ သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

2 comments:

  1. စာဖတ်ပြီး...အတွေးနယ်ချဲ့နေပါသည်....စာရေးသူ၏ ရယ်ရွယ်ရင်းကို လေ့လောဖတ်မှတ်သွားပါသည်....။

    ReplyDelete
  2. I have received your message . Thanks a lot for idea. "Think next way".

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...