
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အပြန်အလှန် အမှီသဟဲ ပြုပြီးနေကြရတာပေမဲ့ တစ်ယောက်ကိုတစ်ယောက် အကောင်းပြောခဲတယ်ဗျ။ ကိုယ်က သူများဆီမှာ ဝန်ထမ်းလုပ်ပြီဆိုကတည်းက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နေရာတိုင်းမှာ မဖြစ်နိုင်တော့ဘူးပေါ့။ လိုက်နာရမဲ့ ဝန်ထမ်းစည်းကမ်းတွေ ရှိမယ်။ ဝန်ထမ်းစည်းကမ်း ဆိုတာမျိုးကလည်း အားလုံးအတွက် ခြုံပြီးထုတ်ရတာမျိုးဆိုတော့ တစ်ခါတစ်ရံ ကိုယ်နဲ့ ကီးမကိုက်တာတွေကလည်း အများကြီးရှိတတ်တာမျိုးကိုး။ အဲဒီအခါကျရင် စည်းကမ်းထုတ်တဲ့ လူကိုပါကြည့်မရတော့တာ။ အဲဒီတော့ စိတ်တိုင်းမကျ ဖြစ်တာတွေရှိလာတာ ဘာဆန်းမလဲလေ။
အလုပ်ရှင်ဆိုတာမျိုးကလည်း စီးပွားတွက် တွက်တတ် မြင်တတ်လို့ အလုပ်ရှင်ဖြစ်လာတာ။ ဒါပေမဲ့ လောဘကြီးတဲ့ အလုပ်ရှင်မျိုး၊ စနစ်မရှိတဲ့ အလုပ်ရှင်မျိုးနဲ့တွေ့ရင် အလုပ်သမားတော့ ဘုရားတရားသာ တ ပေတော့ပဲ။ ပိုဆိုးတာက Rich man, No standard ဆိုတဲ့ ပိုက်ဆံရှိပြီး အဆင့်မရှိတဲ့ အလုပ်ရှင်မျိုး။ အမြန်ဆုံးသာ အလုပ်က ထွက်ပေတော့ပဲ။ စိတ်ပျက်စရာ အကောင်းဆုံး အမျိုးအစားပေါ့ဗျာ။
အခုကျွန်တော် ပြောပြချင်တာက ကျွန်တော့်ဘဝနဲ့ ချီပြီးတော့ကို လေးစားရတဲ့ အလုပ်ရှင်တစ်ယောက်အကြောင်းပါ။ အလုပ်ရှင် Boss ကို ကျွန်တော်တို့ မြန်မာတွေက ချစ်စနိုးနဲ့ ဘောစိလို့ ခေါ်တယ် မဟုတ်လား။ ဒါကြောင့် ချစ်သောဘောစိ လို့ ခေါင်းစဉ်တပ်လိုက်တာ။