Sunday, August 14, 2011

ဟဲဟဲ..ဟီးဟီး..ဟားဟား…..

ကလေးဘဝကတည်းက ငိုတဲ့ကိစ္စပြီးရင် ဒုတိယမြောက် အလိုလိုတတ်တာ (ရီ)ရယ်တဲ့ကိစ္စပဲ။ ကလေးတွေ အိပ်နေရင်း အလိုလိုပြုံးနေတတ်တယ်။ သူငယ်နတ် ဖမ်းစားတယ် ခေါ်တာပေါ့။ တစ်ခုခုကို သဘောကျရင်၊ တစ်ခုခုကို လှောင်ချင်ပြောင်ချင်ရင် လူတွေ(ရီ)ရယ်ကြပါတယ်။ ဟင်း…ဟင်း…ဟင်း….လို့ မြည်တယ်။ တချို့က လောကဝတ်အရ (ရီ)ရယ်တယ်။ စိတ်ညစ်တဲ့လူလည်း (ရီ)ရယ်တာပဲ။ မချိသွားဖြဲလို့ ခေါ်တယ်။ ကြောက်လို့ (ရီ)ရယ်တဲ့လူလည်း ရှိတယ်။ တချို့ ဘာမှန်းမသိဘဲ သူများ(ရီ)ရယ်လို့ လိုက်(ရီ) ရယ်တာ။ (တော်ပြီဗျာ… ညောင်းတယ်။ ကျွန်တော် “ရယ်” လို့ပဲ စာလုံးပေါင်းအမှန်အတိုင်း ရေးမယ်။ အားလုံး “ရီ”လို့ ဖတ်ကြဗျာ..နော်။)
သူများကို ကြောက်အောင် ခြောက်ချင်ရင်လည်း ရယ် သေးတယ်။ သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီး ရယ်သလို ဝူး…ထွား…ဟား…ဟား… ပေါ့ဗျာ။ ကြားဖူးလား….အဲလေ….ဖတ်ဖူးလား။ မဖတ်ဖူးသေးတဲ့မျိုးဆက်သစ်တွေကို ဖတ်ဖူးတဲ့ မျိုးဆက်ဟောင်းကြီးတွေက ပြောပြပေါ့ဗျာ။ သူများဒုက္ခရောက်တာကို ရယ်တဲ့လူတွေလည်း ရှိတယ်။ အားရလွန်းရင် အံကြိတ်ပြီး ဟီး..ဟီး..ဟီး.. နဲ့ အသံထွက်အောင်ကို ရယ်တာ။ ရှက်ရင်လည်း ရယ်သဗျ။ သေချာတာကတော့ ရယ်ရင်ပါးစပ်ပြဲတယ်။ သိပ်ရယ်လွန်းရင် တချို့သေးပါထွက်သတဲ့။ ဘာပဲဖြစ်ဖြစ် ရယ်တာ အသက်ရှည်တယ်တဲ့ဗျ။


ရယ်တာကို ဋီကာချဲ့လိုက်တာ စိတ်ရှုပ်သွားသလားမိတ်ဆွေ။ ရှုပ်ချင်ရှုပ် မရှုပ်ချင်နေ။ အမှန်ကတော့ တမင်ရှုပ်အောင်ရေးတာ။ ရှုပ်တယ်ဆိုပြီး ဆက်မဖတ်တော့မှာစိုးလို့ ဒီလောက်နဲ့ ရပ်လိုက်မယ်။

ပြောချင်တာက အသက်ရှည်အောင် ရယ်တာကိုပြောချင်တာ။ ရယ်တိုင်းအသက်ရှည်တယ် မထင်နဲ့။ ရယ်ရင်း သေသွားတဲ့လူတွေရှိတယ်။ အူတက်တယ် ခေါ်တာပေါ့။ တကယ်တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သဘာဝအတိုင်းရယ်မှ အသက်ရှည်တာပါ။ လူဆိုတာ အသက်ကြီးလေ အရယ်အပြုံးနည်းလေပဲ။ ရာထူးကြီးကြီးယူထားရရင် ပိုဆိုးသေး။ နိုင်ငံခြားမှာလို ရယ်တာကို သင်တန်းဖွင့်ရတယ်ဆိုတာကတော့ သိပ်ပုံမလာပါဘူးဗျာ။ တမင်လုပ်ယူပြီး အတင်းကလိထိုးရယ်ခိုင်းရတဲ့ ကိစ္စက ဘယ့်နှယ်ဟာကြီးမှန်း မသိပါဘူး။ ကျွန်တော့်အထင် ဒါနောက်ဆုံးပေါ် ကိုယ့်ကိုယ်ကို နှိပ်စက်နည်းထင်ပါရဲ့ဗျာ။ သင်တန်းကြေးပေးပြီး တကူးတက သွားရယ်ကြတာကိုက ဟာသပဲ။ ရယ်ရတယ်။
ကင်းခြေများတစ်ကောင် သူ့ဟာသူ သွားနေတာအကောင်း။ ပိုးနှံကောင်နဲ့ တွေ့တော့ ပိုးနှံကောင်ကမေးတယ်။ လမ်းသွားတဲ့အခါ ဘယ်ခြေထောက် စ လှမ်းသလဲ..တဲ့။ ကင်းခြေများခင်မျာ စဉ်းစားလိုက်တာ ကျင်းထဲကျွံကျပါရောတဲ့ဗျ။ ရယ်တဲ့ကိစ္စလည်း ဒီအတိုင်းပဲ။ ဘယ်လိုရယ်မလဲ စဉ်းစားနေရင် မရယ်ရတော့ဘူးဗျို့။

သူများနိုင်ငံက ရယ်စရာသင်တန်းကို သိပ်တော့မလှောင်ရဲဘူးဗျ။ ကျွန်တော့်မှာ ဦးလေးတစ်ယောက်ရှိတယ်။ အရမ်းကြိုးစားတယ်။ သူ့ဘဝတက်လမ်းကို အမြဲ အာရုံစိုက်နေတတ်တယ်။ အစိုးရဝန်ထမ်းဘဝမှာကို တော်တော်အောင်မြင်တာ။ ချမ်းသာတယ်။ ဒါပေမဲ့ မရယ်တတ်ရှာဘူးဗျ။ ကျွန်တော် ၅ တန်းကျောင်းသား လောက်တုန်းက သူကမေးတယ်။ သား…မင်းက စကားပြောရင် ရယ်စရာ မောစရာနဲ့ ပြောတတ်တယ်။ အဲဒီလို ပြောတတ်အောင် ဘယ်လိုလုပ်ရသလဲ..တဲ့။ ကဲ… စာရှုသူများ ဖြေကြည့်ကြပါ။ ဘယ်လောက် ဂွ ကျတဲ့ မေးခွန်းလဲဗျာ။ ရယ်စရာ လိုလို၊ စိတ်ညစ်စရာ လိုလို။ ဒါပေမဲ့ ရယ်စရာ မဟုတ်ဘူးဗျ။ သူ့တက်လမ်း၊ သူ့အကျိုးစီးပွားကို အာရုံစိုက်လွန်းလို့၊ မရယ်တာကြာလို့ မရယ်တတ်တော့တာ။

အဲဒီတုန်းက ကျွန်တော်ကလည်း ကလေးဆိုတော့ ကလေးအတွေးနဲ့ တတ်စွမ်းသ၍ အကြံပေးခဲ့ပါတယ်။ ကာတွန်းဖတ်ပေါ့ လို့ ကျွန်တော်ပြောခဲ့တယ်။ ဘာကာတွန်းတွေ ဖတ်ရမလဲ…တဲ့။ သမိန်ပေါသွပ်..တို့၊ ပြာလောင်..တို့.. ပေါ့ဗျာ။ ကျွန်တော် ရယ်ရတဲ့ ကာတွန်းတွေ ပြောခဲ့တယ်။ သူဘာလုပ်တယ် ထင်ပါသလဲ။ အဲဒီ ကာတွန်းတွေကို ဝယ်လာပါတယ်။ ပြီးတော့ အလွတ်ကျက်ပါတယ်။ လူတွေနဲ့ စကားပြောတဲ့အခါ ပြန်ပြောပြီး ရယ်ပါတယ်။ ဘယ်သူမှ မရယ်ရလည်း သူ့ဟာသူတော့ ရယ်ရတယ်ပေါ့ဗျာ။
ဒါပေမဲ့ နှစ်တွေတော်တော်များများ သူနဲ့ကွဲကွာနေခဲ့ပြီး ပြန်တွေ့တော့ သူရယ်တတ်နေခဲ့ပါပြီ။ ကုမ္ပဏီပိုင်ရှင်တစ်ယောက်လည်း ဖြစ်နေခဲ့ပါပြီ။ စကားဝိုင်းဖွဲ့ကြရင် ဦးဆောင်ပြီး ရယ်မောပြောဆိုနေတတ်နေပါပြီ။ ကျွန်တော်က သာ အကြောင်းသိမို့ ပြုံးမိတာပါ။ ကျန်တဲ့လူတွေ သူပြောတာကို ရယ်ကြရပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ သူပျော်ရွှင်ပြုံးရယ်နေတာကို မြင်ရတာ တကယ့်ကို မင်္ဂလာရှိပါတယ်ဗျာ။ ကျွန်တော်လည်း ပျော်ပါတယ်။ သာဓု…သာဓု…ကောင်းလေစွတကား။

ဒါကြောင့် ရယ်တာကို ပိုက်ဆံပေးပြီး သင်တန်းတက်ကြတာ ဖြစ်မှာပါပဲ။ ဈေးကွက် Demand ရှိလို့ အဲဒီသင်တန်းမျိုး ဖွင့်ပြီးစီးပွားဖြစ်တာ နေမှာပေါ့ဗျ..နော်။ ကျွန်တော့်ဦးလေးလို လူတွေ တက်ကြတယ်ထင်တယ်။ ဒါပေမဲ့ အဲဒါ အသက်ရှည်မဲ့ ရယ်နည်းလားတော့ မသေချာပါဘူးဗျာ။

ကျွန်တော် Facebook မှာ သတိထားမိတာ တစ်ချက်က ကျွန်တော်တို့ မျိုးဆက်တွေ စာဖတ်အားနည်းလာပြီး ဓါတ်ပုံကြည့်ဖို့နဲ့ Comment ဖတ်တာလောက် လုပ်နေကြတာဗျ။ စာနည်းနည်းများရင်လည်း သူတို့မဖတ်ချင်တော့ဘူး။ ဒါပေမဲ့ ဟာသရေးရင်တော့ ဖတ်ကြပါတယ်။ ရယ်စရာ ငတ်ကြတာလား…၊ မွန်းကြပ်လွန်းတဲ့ ဝန်းကျင်နဲ့ လူနေမှုစရိုက်တွေကြောင့် နည်းနည်းရယ်ရ မနည်းဘူးဟု ရယ်စရာကို တောင့်တကြတာလား မသိ။ သေချာတာတော့ မြန်မာဗွီဒီယိုတွေကြည့်လည်း ဟာသကားတွေ သာရောင်းကောင်းတယ်ဗျ။ စာအုပ်လည်း ထိုနည်းလည်းကောင်း၊ Online Post တွေလည်း ထိုနည်းလည်းကောင်းပါပဲ။

ကျွန်တော့် အယူအဆကတော့ အမှားမကင်းသော ပုထုဇနောများတွင် မြင်တတ်လျှင် ပျော်စရာ၊ ရယ်မောစရာတွေ အများကြီးရှိတာပါပဲ။ ဘဝ၏ အဆီအငေါ်မတည့်မှုတွေဟာ ဟာသတွေပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဟာသဇာတ်ကောင်တွေပါပဲ။ တစ်ခါတစ်ရံ သူများကို ရယ်လိုက်၊ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ရယ်လိုက်ပါပဲ။

တစ်ခုပဲ ပြောစရာရှိပါတယ်။

သူတစ်ပါးအမှားကို နားလည်ခွင့်လွှတ်နိုင်သော၊ ကိုယ့်အမှားကိုလည်း နားလည်ခွင့်လွှတ် ဟာသ အဖြစ်ပြောင်းလဲနိုင်စွမ်း ရှိသူများသာ ပေါ့ပေါ့ပါးပါး ရယ်မောခြင်းရဲ့ အကျိုးကျေးဇူးကို ရနိုင်မည် ဖြစ်ပါသည်ခင်ဗျား။ ခွင့်လွှတ်နားလည်တတ်ခြင်း၊ အကောင်းမြင်တတ်ခြင်းနဲ့ ပျော်ပျော်နေတတ်ခြင်း သာ အသက်ပါသော၊ သဘာဝကျသော၊ အသက်ရှည်သော ရယ်မောခြင်းများကို ဖန်တီးနိုင်ပါလိမ့်မည်။

နောက် post မှာ ရယ်စရာလေးတွေ တင်ပေးလိုက်ပါ့မယ်။ ကြားဘူးနားဝ ဖတ်ဖူးမှတ်ဖူး ကူးယူဖေါ်ပြတာမဟုတ်…အရှင်လတ်လတ်ကိုယ်တွေ့ Own Tune ဟာသလေးတွေ တင်ပေးစရာရှိပါတယ်။ အခုတော့ ဟဲ….ဟဲ…။ တစ်ခါတစ်ရံ တန်းလန်းထားတာလည်း ရယ်ရတာပဲ..။

(ဓါတ်ပုံများကို Google မှ ယူသည်။)

1 comment:

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...