Friday, August 26, 2011

ချစ်သောဘောစိ

(ဒီ post ကို AGTI Society အတွက်ရည်စူးပြီး ရေးတာပါ။ AGTI Society မှာတော့ စာသိပ်ရှည်မှာစိုးလို့ နှစ်ပိုင်း ခွဲတင်ပါတယ်။ ကျွန်တော့် “မျှော်လင့်ခြင်းခရီးသည်” Blog မှာတော့ တစ်ဆက်တည်းပဲ တင်လိုက်ပါတယ်။)

အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အပြန်အလှန် အမှီသဟဲ ပြုပြီးနေကြရတာပေမဲ့ တစ်ယောက်ကိုတစ်ယောက် အကောင်းပြောခဲတယ်ဗျ။ ကိုယ်က သူများဆီမှာ ဝန်ထမ်းလုပ်ပြီဆိုကတည်းက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နေရာတိုင်းမှာ မဖြစ်နိုင်တော့ဘူးပေါ့။ လိုက်နာရမဲ့ ဝန်ထမ်းစည်းကမ်းတွေ ရှိမယ်။ ဝန်ထမ်းစည်းကမ်း ဆိုတာမျိုးကလည်း အားလုံးအတွက် ခြုံပြီးထုတ်ရတာမျိုးဆိုတော့ တစ်ခါတစ်ရံ ကိုယ်နဲ့ ကီးမကိုက်တာတွေကလည်း အများကြီးရှိတတ်တာမျိုးကိုး။ အဲဒီအခါကျရင် စည်းကမ်းထုတ်တဲ့ လူကိုပါကြည့်မရတော့တာ။ အဲဒီတော့ စိတ်တိုင်းမကျ ဖြစ်တာတွေရှိလာတာ ဘာဆန်းမလဲလေ။

အလုပ်ရှင်ဆိုတာမျိုးကလည်း စီးပွားတွက် တွက်တတ် မြင်တတ်လို့ အလုပ်ရှင်ဖြစ်လာတာ။ ဒါပေမဲ့ လောဘကြီးတဲ့ အလုပ်ရှင်မျိုး၊ စနစ်မရှိတဲ့ အလုပ်ရှင်မျိုးနဲ့တွေ့ရင် အလုပ်သမားတော့ ဘုရားတရားသာ တ ပေတော့ပဲ။ ပိုဆိုးတာက Rich man, No standard ဆိုတဲ့ ပိုက်ဆံရှိပြီး အဆင့်မရှိတဲ့ အလုပ်ရှင်မျိုး။ အမြန်ဆုံးသာ အလုပ်က ထွက်ပေတော့ပဲ။ စိတ်ပျက်စရာ အကောင်းဆုံး အမျိုးအစားပေါ့ဗျာ။
အခုကျွန်တော် ပြောပြချင်တာက ကျွန်တော့်ဘဝနဲ့ ချီပြီးတော့ကို လေးစားရတဲ့ အလုပ်ရှင်တစ်ယောက်အကြောင်းပါ။ အလုပ်ရှင် Boss ကို ကျွန်တော်တို့ မြန်မာတွေက ချစ်စနိုးနဲ့ ဘောစိလို့ ခေါ်တယ် မဟုတ်လား။ ဒါကြောင့် ချစ်သောဘောစိ လို့ ခေါင်းစဉ်တပ်လိုက်တာ။

သူ့နာမည်ကတော့ ထားလိုက်ပါတော့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာ သူ့ရဲ့ အရည်အချင်းပါ။ ကျွန်တော်တို့ ဝန်ထမ်းအားလုံးက အစ်ကိုတစ်ယောက်ကို ခေါ်သလို ကိုကြီး လို့ပဲ ခေါ်ကြတယ်။ သူက ကျွန်တော့်လို AGTI ကျောင်းဆင်းတစ်ယောက်။ Mechanical နဲ့ ပြီးတယ်။ သူ့အဖေက သမိုင်း ပါမောက္ခတစ်ယောက်ပါ။ သူ့မှာ အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတယ်။ သူတို့ မောင်နှမတွေအားလုံးမှာ သိသိသာသာသတိပြုမိလောက်အောင် ထူးခြားချက်က အင်္ဂလိပ်စာ အရမ်းထူးချွန်ကြတာပါ။ သူနဲ့ ကျွန်တော် စ တွေ့တော့ သူက လူငယ်လုပ်ငန်းရှင်တစ်ယောက်။ အသက် ၃၄ နှစ်ပဲ ရှိသေးတဲ့ Managing Director ပေါ့ဗျာ။

သူနဲ့တွေ့တဲ့အကြောင်း မပြောခင် ကျွန်တော့်အကြောင်း အရင်ပြောပါရစေ။ ကျွန်တော်က ရန်ကုန် Hotel တစ်ခုမှာ Maintenance Engineer နဲ့ လုပ်နေတဲ့အချိန်။ မှတ်မှတ်ရရ လစာ ၈၀၀၀-ကျပ် နဲ့ပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ မိသားစုလက်ရှိ ငှားနေတဲ့ အိမ်က အိမ်လခတိုးတောင်းတော့ တခြားဈေးပေါပေါရမဲ့ ဝန်ထမ်းလိုင်းခန်းမှာ ငှားနေရမဲ့ အခြေရောက်လာတယ်။ အိမ်လခက ၉၀၀၀-ကျပ် ကနေ ၁၂၀၀၀-ကျပ် ဖြစ်သွားတာ။ ကျွန်တော်တို့ မိသားစုက အရင်က ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေလာရာကနေ စီးပွားရေးလုပ်မှားကိုင်မှားတစ်ခုကြောင့် စီးပွားပျက်ပြီး အိမ်ငှားနေရတဲ့ ဘဝရောက်သွားခဲ့တာပါ။

ကျွန်တော်တော်တော် စဉ်းစားသွားတယ်။ ဝန်ထမ်းလိုင်းခန်းကို ပြောင်းတာက အကြောင်းမဟုတ်ပေမဲ့ နေရထိုင်ရတဲ့ အခြေအနေပေါ် မူတည်ပြီး မိသားစုရဲ့စိတ်ဓါတ်ကျသွားမှာကို ကျွန်တော်လက်မခံနိုင်။ နောက်ဆုံး ကျွန်တော့် ခေါင်းထဲမှာ ကျန်နေခဲ့တာ ၁၂၀၀၀-ကျပ်။ ဒီ ၁၂၀၀၀ ကို ငါပေးနိုင်ရင် ငါ့မိသားစု ဒီအိမ်က ပြောင်းဖို့မလို။ နောက်တွန်းအားတစ်ခုကတော့ လက်ရှိကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီပိုင်ရှင်တွေက စောစောက ပြောခဲ့သလို Rich man, no standard တွေဗျ။ Hotel ကြီးတစ်ခုလုံး၊ Plaza ကြီးတစ်ခုလုံးရဲ့ ပိုင်ရှင်တွေဖြစ်ပြီး ကြွေးရှင်က အကြွေးလာတောင်းတာကို ရုံးခန်းထဲက ဖိုင်ပုံကြားထဲ ဝင်ပုန်းနေသေးတာ။ အဲဒီလို ကုမ္ပဏီပိုင်ရှင်မျိုး မြင်ဖူးကြလား။ ကျွန်တော်တော့ တကယ်မြင်ဖူးတယ်ဗျို့။

အလုပ်သမားတွေအတွက် Safety ဆိုတာ သူတို့တစ်သက် မကြားဖူးဘူး။
 Hotel ရဲ့ ၁၄ ထပ်မှာ အလုပ်လုပ်စရာရှိလို့ Safety Belt သွားတောင်းတာ နိုင်လွန်ကြိုးနဲ့ ဆင်းလို့ ပြောတဲ့လူစားတွေ။ Maintenance အဖွဲ့မှာ ဘာ Hand Tools မှ မရှိလို့ General Manager ဆီက တရားဝင် စာတင်ပြီး Hand Tools ၂၀၀၀၀-ကျပ်ဖိုး မှာတော့ အဝယ်တော်ကို ၂၀၀၀-ကျပ် ပဲ ပေးပြီး အကုန်ရအောင် ဝယ်ခဲ့ဆိုတဲ့ သူဌေးမျိုးတွေ။ Hotel ရဲ့ ၁၄ ထပ် မှာတပ်ထားတဲ့ Neon ဆိုင်းဘုတ်က မီးချောင်းတွေ နဲ့ Ballast တွေကို တစ်ထွာလောက်ရှိတဲ့ စင်ကလေးပေါ်ကနေ ဘာ Safety Equipment မှ မပါဘဲ တက်ပြင် တက်ဖြုတ် လုပ်ခဲ့ရဘူးပါတယ်။ အောက်မှာ ကားတွေတန်းစီရပ်ထားတာကို အပေါ်စီးဘာအကာအကွယ်မှ မရှိတဲ့နေရာကနေ လေတဟူးဟူးနဲ့ မြင်ရတဲ့ မြင်ကွင်း ခင်ဗျ။

အလုပ်သမားတွေရဲ့ Safety ကိုသာ မကြည့်တာ။ လုပ်ငန်း အရည်အသွေးကို ဂရုစိုက်ချက်ကတော့ …..၆.၆ kV လိုင်းက Fuse တွေ ပြတ်သွားတာကို ဈေးကြီးတယ်၊ မဝယ်နဲ့ဆိုပြီး ၇/.၀၃၆ ဝါယာကြိုးနဲ့ အစားထိုးခိုင်းတဲ့ အလုပ်ရှင်တွေပါဗျ။ ခိုင်းတဲ့လူက မိုက်မဲစွာ ခိုင်းသလို လုပ်တဲ့ ကျွန်တော်တို့ကလည်း မိုက်မဲစွာနဲ့ လုပ်ကြပါတယ်။ မိုက်လို့သာ မိုက်ကြတာ…၊ အားလုံး ဘွဲ့ရ ပညာတတ်၊ GTI ဆင်းတွေ ချည်းပဲ ခင်ဗျ။ သူလုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ တလွဲမာနတွေလည်း ပါတာပေါ့ခင်ဗျာ။ အဲဒီတုန်းက ကံကြီးပြီး မသေလို့သာ အခုဒီစာကို ရေးနေနိုင်တာပါ။ ကျွန်တော်ထင်တယ်။ အကယ်၍များ ကျွန်တော်တို့ အလုပ်လုပ်ရင်း မတော်တဆ သေသွားရင်တောင် တန်ဖိုးထားမှာ မဟုတ်တဲ့အပြင် တော်တော်ရှုပ်တဲ့ကောင်တွေလို့ အပြောခံရဦးမှာ။ ဒီလို အလုပ်ရှင်မျိုးအတွက် ကျွန်တော်တို့ အသေခံ လုပ်ခဲ့ကြတာကို ပြန်တွေးရင်တောင် ရင်နာလို့ မဆုံးဘူးခင်ဗျ။ ဒါနဲ့ပဲ ကျွန်တော် အလုပ်ပြောင်းဖို့ အပြင်းအထန်ကြိုးစားပါတယ်။

တစ်နေ့တော့ ကျွန်တော့်ဆရာတစ်ယောက်ဆီက သူ့အသိကုမ္ပဏီတစ်ခုမှာ လူလိုတယ်လို့ ကြားတာနဲ့ ကျွန်တော် မြေနီကုန်းမှာရှိတဲ့ အဲဒီကုမ္ပဏီကို ရောက်သွားပါတယ်။ သူ့ကို ကုမ္ပဏီပိုင်ရှင်လို့ သိလိုက်ရတော့ ကျွန်တော်နည်းနည်းတော့ အံ့အားသင့်သွားပါတယ်။ ၃၄ နှစ်ပဲရှိသေးတဲ့ လူငယ်လုပ်ငန်းရှင် တစ်ယောက်နဲ့ စကားပြောနေတာပါလားဆိုတဲ့ အသိက တစ်မျိုးအားဖြင့် ကျွန်တော် သဘောကျသွားပါတယ်။ လူငယ် Entrepreneur တွေကို ကျွန်တော်က အရမ်းအားကျလို့ပါ။ ကျွန်တော့် မိဘတွေက ဝန်ထမ်းတွေပါ။ ကျွန်တော်လည်း ဝန်ထမ်းပဲ လုပ်တတ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်ချင်နေတာပါ။ ဝန်ထမ်းမျိုးရိုးကလာတဲ့ ဝန်ထမ်းငယ်တစ်ယောက်အတွက် ဝန်ထမ်းဘဝကိုစွန့်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ သတ္တိ သိပ်လိုပါတယ်။ ကိုယ်ကျင်လည်တဲ့ ဝန်းကျင်ကလည်း ဝန်ထမ်းဝန်းကျင်ကိုး။ ဝန်ထမ်းဆိုတာမျိုးက ကိုယ့်ကိုယ်ကို တစ်ချိန်လုံး ဈေးတက်အောင်လုပ်ပြီး ရောင်းစားနေရတာမျိုး။ ခက်တာက ကျွန်တော်တို့ မြန်မာဝန်ထမ်း အများစု ကိုယ့်ကိုယ်ကို ဘယ်လောက်တန်မှန်း မသိတဲ့ကိစ္စပဲ။ အလုပ်လျှောက်လို့ မျှော်မှန်းလစာ မေးရင် မြန်မာတွေ ဘာဖြေရမှန်းမသိတာ အများစုဗျ။ အဲဒီတော့ အလုပ်ရှင်ပေးသလောက်နဲ့ ကျေနပ်လိုက်ရော။ အဲ….လုပ်ငန်းခွင်ထဲလည်းရောက်ရော တခြားကိုယ်လိုလူတွေနဲ့ ယှဉ်တော့မှ ကိုယ့်လစာ နည်းနေပါတယ်ဆိုပြီး ဟို..ပွစိ ပွစိ၊ ဒီ…ပွစိ ပွစိ နဲ့ ဘေးလူ နားငြီးအောင် လုပ်တော့တာ။


တကယ်လို့သာ ကိုယ်ဟာ ထိုက်တန်တဲ့ လုပ်အားခနဲ့ လုပ်နေရတယ်လို့ ယုံကြည်ရင် အဲဒီအလုပ်မှာ နေပျော်ပါလိမ့်မယ်။ အဲဒီလို ဖြစ်ဖို့ကလည်း တကယ်တော့ ကိုယ်သာ အဓိကပါ။ နောက် အတွေ့အကြုံ ရင့်လာတဲ့အခါ၊ ကိုယ့်တန်ဖိုးတက်လာတာကို ကိုယ့်ဟာကိုယ်နားလည်လာတဲ့အခါ ကျွန်တော်ရေးဖူးတဲ့ ခေါင်းတစ်လုံးကျောခြင်း post ထဲကလိုပဲ ကိုယ်နဲ့ ထိုက်တန်တဲ့ တစ်နေရာကို ရောက်အောင်ကြိုးစားလာ ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကိုယ့်တန်ဖိုးကို နားလည်သူများအတွက်သာ မှန်မှာပါ။ ကိုယ့်ကိုယ်ကို ဘယ်လောက်တန်မှန်းမသိတဲ့ လူတစ်ယောက် ကိုယ့်ရှေ့မှာ ပိတ်နေပြီဆိုရင် သွားပြီပဲ။ ကိုယ့်တက်လမ်းကိုပါ လာထိခိုက်တော့တာ။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ကသူ့လောက်မတော်ပေမဲ့ လက်ရှိပေးထားတာထက်တော့ ပိုရသင့်တယ်။ ဒါပေမဲ့ ရှေ့က ကိုယ့်ဆရာက လျှော့ဈေးနဲ့ ကျေကျေနပ်နပ်ကြီး ကြုံးရုန်းလုပ်နေတော့ ကိုယ်ကဘယ်လိုလုပ် တိုးတောင်းမလဲ။ ကိုယ်ကတိုးတောင်းရင် အလုပ်ရှင်က မင်းက သူ့လောက်တော်လို့လားလို့ ပြောမှာပေါ့။ ကိုယ်က သူ့ကို ကျော်လို့မရ၊ သူမဖြစ်ပဲ ကိုယ်ဖြစ်ဖို့မှ မဖြစ်နိုင်တာကိုး…နော့။

 ပညာတွေသင်။ Certificate တွေ တစ်ခုပြီးတစ်ခု ရအောင်လုပ်။ Experience တွေကလည်း ယူလို့မပြီးနိုင်။ ပြီးရင် CV လေးကိုင်ပြီး ဟိုကုမ္ပဏီ ဒီကုမ္ပဏီ ပြေးလွှားပြီး ကိုယ့်ကို ခိုင်းပါမဲ့အရေး Strategy တွေ အမျိုးမျိုးနဲ့ မရိုးရအောင် လိုက်လျှောက်ရတာ ဝန်ထမ်းဘဝပါ။ ဒီကြားထဲ အစိုးရမင်းများရဲ့ အခွန်တော်တွေကလည်း ဝန်ထမ်းကို ဆော်ပလော်တီးတဲ့နှုန်းက အားလုံးထဲမှာ အမြင့်ဆုံးခင်ဗျ။ သခင်ဖြစ်အောင် မကြိုးစားလို့ ဒါဏ်ရိုက်နေသလား မှတ်ရပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား အင်တာဗျူးတယ်ဆိုတာ စားပွဲလေးတစ်လုံးပဲခြားပြီး စကားပြောနေပေမဲ့ အခြေအနေချင်း အရမ်းကိုကွာတဲ့ လူနှစ်ယောက် တွေ့ကြတဲ့ပွဲပါ။ (ကုမ္ပဏီက သိပ်ကြီးပြီး အင်တာဗျူးမဲ့ လူကလည်း HR တို့ မန်နေဂျာတို့လို ဝန်ထမ်း အချင်းချင်း ဗျူးကြဗျဲကြတာကတော့ တစ်မျိုးပေါ့ဗျာ။)

 သူ့ကုမ္ပဏီက အကြီးကြီးမဟုတ်ပါ။ ကျွန်တော်နဲ့ သူနဲ့ ဗျူးကြဗျဲကြတာလေးတွေ နည်းနည်းလောက် ပြောပြပါရစေ။

မင်းငါ့ ကုမ္ပဏီမှာ ဘယ်လောက်ကြာကြာ လုပ်မှာလဲ..တဲ့။
ကျွန်တော်က
အတိုင်းအတာတစ်ခုအထိ အခွင့်အလမ်း ရှိသရွှေ့ တက်လမ်းရှိသရွှေ့တော့ နေမှာပါ..လို့ပြန်ပြောလိုက်တယ်။
အဲဒီမှာ သူပြောတဲ့စကားက
ဘယ်သူမှလည်း ငါ့ကုမ္ပဏီမှာ သေတဲ့အထိ မလုပ်နိုင်ပါဘူး..တဲ့။ အဲဒီလို လုပ်မဲ့လူဆိုရင်လည်း ငါက မခန့်ဘူး..တဲ့။ အဲဒီလောက် အသုံးမကျတဲ့ လူမျိုး ငါ့ဆီမှာ မထားဘူး…လို့ ပြောပါတယ်။
 ပြီးတော့ ဆက်ပြောတာက…
လူဆိုတာ ရေကြည်ရာ မြက်နုရာ သွားကြမှာပဲ…တဲ့။ ငါ့ရေထက်ကြည်လို့ ငါ့မြက်ထက်နုလို့ ငါ့ဆီက ထွက်သွားတာ ထွက်သွားသူရဲ့ အပြစ်မဟုတ်ဘူး၊ လိုက်မကြည်နိုင် လိုက်မနုနိုင်တဲ့ ငါ့အပြစ်ပဲ….လို့ ပြောပါတယ်။
ဒါဟာ သဘောထားပြည့်ဝတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေရုံမကဘဲ ဝန်ထမ်းပေါ်မှာထားတဲ့ သူ့စေတနာကိုပါ မြင်ရစေတဲ့ စကားပါ။

ကျွန်တော်ကတော့ အဲဒီကတည်းက သူ့ကုမ္ပဏီမှာ လုပ်ဖို့စိတ်ဝင်စားနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဒီတစ်ခါတော့ အလုပ်ရှင်ပေးသလောက်နဲ့ မလုပ်နိုင်တော့ဘူး။ ကျွန်တော့်တန်ရာတန်ကြေးကို ရအောင်တောင်းမှဖြစ်မယ်။
လစာကိစ္စပြောကြတော့ သူက ဘယ်သူ့ကိုမဆို စ ဝင်လာလာခြင်း လုပ်ငန်းသင်ရဦးမှာမို့ ၈၀၀၀-ကျပ် ပဲ ပေးနိုင်မယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း ၁၅၀၀၀-ကျပ် မှာ ပေပြီးရပ်ပါတယ်။ ကျွန်တော်က ပြောတယ်။ ကျွန်တော်သင်ထားကြားထားရတာတွေ၊ သင်တန်းတွေနဲ့သာ မျှော်မှန်းလစာကို တွက်ရရင် သိန်းချီသွားလိမ့်မယ်..။ အခုဟာက လက်ရှိပေါက်ဈေးနဲ့ ကျွန်တော့်ကို ကျွန်တော် ဒီလောက်တန်တယ်လို့ ဆုံးဖြတ်ထားတာ…..လို့ ပြောလိုက်တယ်။ အစ်ကိုလည်း မပေးနိုင်ရင် မပေးနဲ့။ ကျွန်တော်လည်း မလုပ်ဘူး….ဆိုပြီး ပြန်လာခဲ့တယ်။ နောက်တစ်နေ့မှာပဲ သူကျွန်တော့်ကို ပြန်ပြီး ဖုန်းခေါ်ပါတယ်။ အဲဒီညနေ သူ့ဆီကို ထပ်ရောက်တော့ အပြင်မှာ အလုပ်သွားလုပ်ရာက ပြန်လာလာခြင်း Boiler Suit အဖြူကြီးနဲ့ အင်တာဗျူးတန်းဝင်ပါတယ်။ 


သူ့အကြံပေးတစ်ယောက်ကိုပါ ခေါ်ထားပြီး Safety နဲ့ ပါတ်သက်လို့ နည်းနည်းထပ်မေးပြီး ကျွန်တော့်ကို လစာ ၁၄၀၀၀-ကျပ်နဲ့ ခန့်လိုက်ပါတယ်။ ၁၀၀၀ ကိုတော့ အစမ်းခန့် ၃ လ အတွင်း အလုပ်လုပ်တာကို ကြည့်ပြီး ပေးပါ့မယ်…လို့ သဘောတူပါတယ်။ တကယ်လည်း တစ်လပြည့်တဲ့နေ့မှာပဲ သူပေးခဲ့ပါတယ်။ အင်တာဗျူးပြီးတော့ ညမိုးချုပ်နေပါပြီ။ ကဲလာ…မင်းလည်းဆာနေတော့မယ်…ငါတို့လည်းဆာပြီ…ဆိုပြီး သူ့အင်ဂျင်နီယာအဖွဲ့ကိုပါခေါ်ပြီး မြေနီကုန်းက စားသောက်ဆိုင်တစ်ခုကို ခေါ်သွား၊ ညနေစာ ကျွေးပြီးမှ ပြန်လွှတ်လိုက်ပါတယ်။ ဒီအကြောင်းဟာ အဲဒီမှာအတူတူလုပ်ခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ ပြန်တွေ့တိုင်း အမှတ်တရ ပြောစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အင်တာဗျူးသွားတာ ဘီယာဆိုင်ပါရောက်သွားတယ်.. ဆိုပြီးတော့ပေါ့။

ကျွန်တော့် ဘော့စ်နဲ့ ပါတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရတွေ အတော်ရှိပါတယ်။ တစ်ခါက ကျွန်တော်နဲ့ သူနဲ့ အပြင်မှာ အလုပ်သွားလုပ်နေတုန်း General Manager က ဖုန်းဆက်ပါတယ်။ ကျွန်တော်က Power board တစ်ခု တပ်ဆင်ရာမှာ Board အဟောင်းရှိရဲ့သားနဲ့ အသစ်ကို သုံးသွားတယ်လို့ လှမ်းပြောတာပါ။ သူက ဖုန်းကို ကိုင်ထားရင်း ဘာဖြစ်လို့ အသစ်ကို သုံးရတာလဲလို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က Board အဟောင်းမှာ အပေါက်တွေအများကြီးဖြစ်နေပြီး မသုံးသင့်ဘူးလို့ ရှင်းပြပါတယ်။ သူတစ်ဘက်ကို ပြန်ပြောတဲ့စကားက...
 
Technician က မသုံးသင့်လို့ မသုံးတာကို ကျွန်တော်တို့က ဘာမှပြောလို့ မရဘူး…တဲ့။

တကယ်လည်း သူဟာ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ဝင်ရောက်စွက်ဖက်တာ လုံးဝမရှိခဲ့ပါ။ ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာရယ်၊ ဘာတွေလိုအပ်တယ် ဆိုတာမျိုးပဲ သူမေးလေ့ရှိပါတယ်။ ပညာရှင်ပေါ်မှာ လေးစားမှုရှိတဲ့ သဘောပါ။ သူ့ဘက်ကယုံကြည်မှု ပေးထားသလို ကျွန်တော်တို့ကလည်း တန်ဖိုးထားရပါတယ်။ ကျွန်တော်တို့ Asst.Engineer တွေ၊ Service Engineer တွေအားလုံး မကောင်း ကောင်းကြောင်း ကြိုးစားလုပ်ကြသူတွေ ချည်းပါပဲ။


ဒီနေရာမှာ Leader (ခေါင်းဆောင်) ဆိုတာနဲ့ Manager (မန်နေဂျာ) ရဲ့ ကွာခြားမှုကို ပြောပြချင်ပါတယ်။
 

“Leader is a original. Manager is a copy.”…တဲ့ဗျ။ ဒီနေရာမှာ ခေါင်းဆောင်နဲ့ မန်နေဂျာဆိုတာ ရာထူးတွေကို မဆိုလိုပါဘူး။ သဘောသဘာဝကို ပြောချင်တာပါ။ ကွာခြားမှု အကျဉ်းချုပ်လေး တင်ပြပါရစေ။ မန်နေဂျာဟာ စီမံခန့်ခွဲသူသာ ဖြစ်ပါသတဲ့။ ခေါင်းဆောင်ကတော့ ဆန်းသစ်တီထွင် နည်းလမ်းဆင်တတ်ပါသတဲ့။ မန်နေဂျာကတော့ အခြေတစ်ခုကို ထိန်းသိမ်းပါသတဲ့။ ခေါင်းဆောင်ကတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စွမ်းရှိသတဲ့။ မန်နေဂျာက အရှိအတိုင်းသာ နေသတဲ့။ ခေါင်းဆောင်ကတော့ အမြဲမပြတ် စူးစမ်းနေတာတဲ့။ မန်နေဂျာက ဖွဲ့စည်းပုံနဲ့ နည်းစနစ်ပေါ်မှာသာ အခြေခံ စဉ်းစားပြီးတော့ သူ့လူတွေ သူခိုင်းသလို လုပ်ရဲ့လားဆိုတဲ့ သံသယတစ်ခုနဲ့ ကြည့်တတ်ပါတယ်။ ခေါင်းဆောင်ရဲ့ သဘာဝကတော့ သူ့လူတွေအကြောင်းကို အမြဲစိတ်ဝင်စားနေတတ်သလို ယုံကြည်မှုလည်းရှိပါတယ်။


မန်နေဂျာက သူတာဝန်ယူထားတဲ့လုပ်ငန်း အောင်မြင်ရေးနဲ့ ရေတိုကိုသာ ကြည့်တတ်ပေမဲ့ ခေါင်းဆောင်ရဲ့ သဘာဝကတော့ ရေရှည်ကို လှမ်းမျှော်စဉ်းစားနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်ခင်ဗျ။ မန်နေဂျာက ဘယ်လိုဖြစ်တယ် (how) နဲ့ ဘယ်တော့ဆိုတဲ့ (when) ကိုသာ စိတ်ဝင်စားပါတယ်တဲ့။ ခေါင်းဆောင်ကတော့ ဘာဖြစ်တယ်ဆိုတဲ့ (what) နဲ့ ဘာကြောင့်ဆိုတဲ့ (why) ဇာစ်မြစ်ကို ပိုပြီးစိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ မန်နေဂျာရဲ့ အကြည့်ဟာ အောက်ခြေကိုသာ အာရုံစိုက်တတ်ပြီး ခေါင်းဆောင်ရဲ့ စဉ်းစားပုံက ဟိုးမိုးကုတ်စက်ဝိုင်းထိ အဆုံးမြင်တတ်တာမျိုးတဲ့။ မန်နေဂျာက အတုယူတတ်၊ အတွေ့အကြုံပေါ်သာ အခြေခံတတ်ပေမဲ့ ခေါင်းဆောင်ကတော့ အသစ်အသစ်သော အရာတွေကို စိမ်ခေါ်တတ်၊ ဖန်တီးတတ်သတဲ့။ မန်နေဂျာဟာ စစ်သားကောင်းတစ်ယောက်နဲ့ ပိုတူပြီး ခေါင်းဆောင်ကတော့ သူ့ကိုယ်သူ ပိုင်တယ်လို့ ဆိုပါတယ်ခင်ဗျာ။ စစ်သားဆိုတာမျိုးက ကိုယ့်ကိုယ်နဲ့ သူများစိတ် အလုပ်လုပ်ရတာမျိုး မဟုတ်လား။ တကယ်တော့ အဲဒီအရည်အချင်းနှစ်ခုစလုံး အရေးကြီးတာချည်းပါပဲ။

ကျွန်တော့် ဘော့စ်ကတော့ ခေါင်းဆောင်တစ်ယောက် အရည်အချင်းရော မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်းမျိုးပါ ရှိပါတယ်။ သူပြောဖူးတာတစ်ခုက မင်းတာဝန်က မင်းတတ်နိုင်သရွေ့ အကောင်းဆုံး ကြိုးစားလုပ်ခဲ့ဖို့ပဲ…မင်းသာ အစွမ်းရှိသလောက် အကောင်းဆုံး လုပ်ခဲ့မယ်ဆိုရင် မအောင်မြင်သည့်တိုင် လိပ်ပြာသန့်နိုင်လိမ့်မယ်။ မင်းအကောင်းဆုံး ကြိုးစားပါလျက်နဲ့ ဆုံးရှုံးသွားလို့၊ နောက်ဆုံးငါ့ ကုမ္ပဏီပါ ဖျက်ပစ်လိုက်ရလည်း အကြောင်းမဟုတ်ဘူး…တဲ့။ တကယ်ပါပဲ။

ကုမ္ပဏီကို ရောက်လို့ တစ်လအကြာမှာ ကျွန်တော့်ကို တာဝန်တစ်ခုပေးခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော် မလုပ်ဖူးလို့ အောင်မြင်မယ် မအောင်မြင်ဘူး …အာမ မခံနိုင်ဘူး….လို့ ပြောတော့ စောစောကစကားကို သူပြောခဲ့တာပါ။ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအလုပ်ကိစ္စနဲ့ ကျွန်တော် British Council ကို သွားကာနီး သူမှာလိုက်တဲ့ စကားကို ကျွန်တော့်တစ်သက် ဘယ်တော့မှ မမေ့တဲ့အပြင် ခုထိ လုပ်ဖေါ်ကိုင်ဘက်တွေကို မကြာခဏပြန်ပြောမိပါတယ်။ “မင်းကိုယ်မင်း အခုအချိန်က စ လို့ ငါလို့ သဘောထား၊ ဒါ မင်း ကုမ္ပဏီလို့ သဘောထားပြီး အကောင်းဆုံးသာ လုပ်ခဲ့ပေတော့….”လို့ ပြောလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော် Fail ဖြစ်သွားပါတယ်။ ကျွန်တော်မမြင်တတ် မတွေးတတ်လို့၊ ကျွန်တော်ညံ့လို့ဆိုပြီး ခံစားခဲ့ရတာ အခုထိပါပဲ။ ကျွန်တော့်ကို တာဝန်ပေးလို့ဆိုပြီး GM က အပြစ်ပြောတော့ ကျွန်တော့ဘက်က ရပ်ခဲ့ပါတယ်။ ကျွန်တော် အချိုးမပြေခဲ့တာတွေ၊ အမှားအယွင်းတွေ တော်တော်များခဲ့ပါတယ်။

အဲဒီတုန်းက ငယ်လည်းငယ်သေးတဲ့ ကျနော်ဟာ သူ့အပေါ် ဘော့စ်တစ်ယောက် အနေနဲ့ရော၊ ထူးချွန်တဲ့ လူငယ်တစ်ယောက် အနေနဲ့ရော၊ ပုဂ္ဂိုလ်ရေးအရ လေးစားမှုတွေပါ ပေါင်းပြီး သူ့အကျိုးစီးပွား တစ်စုံတစ်ရာ ထိခိုက်မယ်ထင်ရင် ကာချင်ပြောချင်ဇောနဲ့ ဇွတ်လုပ်ခဲ့တာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ခဲ့တာတွေ မနည်းလှပါ။ ရှေ့မှာ Rich man, No standard တွေနဲ့ တွေ့ခဲ့ဖူးတော့ တန်ဖိုးထားတာလည်း ပါတာပေါ့ဗျာ။ နည်းနည်းအစွန်းရောက်ခဲ့တယ် ဆိုတာတော့ ဝန်ခံပါတယ်။ ဖါးတယ်ယားတယ် အထင်ခံရတာပေါ့ဗျာ။ ကျနော်ကလည်း ဘယ်သူ ဘာထင်ထင် ဆိုတာမျိုးကို လုပ်ခဲ့တာပါ။ သို့သော် သူ ခွင့်လွှတ်နားလည်ပေးခဲ့ပါတယ်။ သူ့ ခွင့်လွှတ်နားလည်မှုတွေဟာ အခုထိရှင်သန်ဆဲပါ။ ကျနော် အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါ ကျနော်နဲ့ အတူအလုပ်လုပ်ရသည့် ဝန်ထမ်းငယ်တွေ ကျွန်တော့်ဆီကရတဲ့ နားလည်ခွင့်လွှတ်နိုင်ခြင်းတွေဟာ သူ့ဆီမှ ကူးစက်လာသော အေးချမ်းတဲ့ Management ပုံစံတစ်ခုသာ ဖြစ်ပါတော့တယ်။

မြန်မာပြည်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ထုံးစံအတိုင်း စင်္ကာပူကို ထွက်ဖို့လုပ်တော့ ကုမ္ပဏီကို ကျနော်နောက်ဆုံးအချိန်ကျမှ အသိပေးခဲ့ပါတယ်။ တစ်လနို့တစ် ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ရှိတော့ တစ်လကြိုပြောခဲ့တာပါ။ အဲဒီတော့လည်း သူပြောတဲ့စကားက မင်းစောစောကသာပြောရင် ငါကတောင် ကူညီရဦးမှာ…တဲ့။ အခုလည်း ငါကူညီနိုင်တာရှိရင် ကူညီပေးမယ်လို့ ပြောပြီး ပျဉ်းမနား သကြားစက်ကို အလုပ်ကိစ္စသွားတော့ ကျွန်တော့်ကို အချိန်ပိုကြေးပေးပြီး တကူးတက ခေါ်သွားပါတယ်။ အလုပ်က ကျွန်တော့်ကိစ္စ မပါ ပါဘူး။ စင်ကာပူရောက်လို့ Machine အကြီးတွေတွေ့ရင် စိမ်းမနေအောင်လို့ ဆိုပါတယ်။

တကယ်လည်း စင်ကာပူကိုရောက်တော့ ရှေ့ပိုင်း တခြားကုမ္ပဏီတွေမှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေထက် သူ့ကုမ္ပဏီမှာ (၈)လ လောက် လုပ်ခဲ့တဲ့အတွေ့အကြုံက အကျိုးပေးတာပါပဲ။ ကျွန်တော်ရောက်ပြီး (၆)နှစ် နီးပါးလောက် ကြာတော့ သူပါ စင်ကာပူကို ရောက်လာပါတယ်။ ကုမ္ပဏီကို သူ့အစ်ကိုဆီမှာအပ်ခဲ့ပြီး စင်ကာပူကို ရောက်လာတာပါ။ ဘယ်သူ့ဆီမှာမှ မကြားဖူးတဲ့ အချိန်တို အတွင်း သူ PR ရပါတယ်။ ကျွန်တော်နဲ့ သူနဲ့ မရှေးမနှောင်း PR ရကြတာပါ။ အခုလည်း သူကတော့ လေ့လာမြဲ၊ ကြိုးစားမြဲ၊ တက်ကြွမြဲ၊အသစ်အသစ်သော အခွင့်အလမ်းတွေကို ဖန်တီးနေဆဲပါပဲ။ လုပ်ငန်းအတွေ့အကြုံချင်း ယှဉ်လျှင်တော့ သူက လုပ်ငန်းရှင် အတွေ့အကြုံဖြစ်လျှက် ကျွန်တော်တို့က အလုပ်သမား အတွေ့အကြုံ ဖြစ်နေခြင်းက သိသာသော ကွာဟမှုပါပဲ။

(၆)နှစ်လောက် ဝေးကွာသွားခဲ့တဲ့ အလုပ်ရှင်တစ်ယောက်နဲ့ အလုပ်သမားတစ်ယောက်ဟာ ခုထိ (၁၀) နှစ်ကျော် စွဲစွဲမြဲမြဲ ခင်မင်နေကြဆဲပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါ။ အဲဒီအချိန်တုန်းက သူ့ဆီမှာ အတူတူလုပ်ခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ အတော်များများ စင်ကာပူကို ရောက်နေကြတာပါ။ အဲဒီလူတွေ အားလုံးလည်း သူနဲ့ အခုထိ အဆက်အသွယ်မပြတ်ကြပါ။ ရံဖန်ရံခါဆိုသလို ဆုံတွေ့ဖြစ်ကြပါတယ်။
တွေ့တဲ့အခါတိုင်းလည်း သူ့ဆီက စိတ်ဓါတ်ခွန်အားတွေ ရ စမြဲ။ သူအကူအညီပေးနိုင်တဲ့ ကိစ္စမှန်သရွေ့ ထိထိရောက်ရောက် ကူညီဆဲ။ ကျွန်တော်လည်း အတုံ့အလှည့် ကူညီခွင့်ရလျှင် ကူညီချင်ပါသည်။ သို့သော် ကျွန်တော့် အကူအညီသူ့အတွက် မလိုနိုင်ပါ။ သူကလည်း ကူညီမှုကို လက်ဆင့်ကမ်းရန်သာ မှာပါသည်။ အခုလည်း သူ့ဆီကရသည့် စိတ်ခွန်အားတချို့ကို ကျွန်တော်နှင့် ခံစားချက်တူသူများရှိလျှင် ရကြပါစေကြောင်း မျှဝေသောအားဖြင့် ဤစာကို ရေးပါသည်။ သူ့ကျေးဇူးတွေ ကျွန်တော့်အပေါ် များလှသည်။

ကျွန်တော်လေးစားသော ကျွန်တော်၏ ချစ်သောဘော့စ်သည် ယခု AGTI Society တွင် အဖွဲ့ဝင် တစ်ယောက်အဖြစ် ရှိနေပါသည်။ ရင်ထဲမှာ လေးစားဆဲ၊ ကျွန်တော့်အတွက် Role Model တစ်ဦးအဖြစ် ရှိနေဆဲ…….

3 comments:

  1. ကိုသက်ရဲ့ ဘောစိကို မြင်ဖူးတွေ့ဖူးထားအောင် မိတ်ဆက်ပေးထားပါဦး။

    ReplyDelete
  2. အေးချမ်းမှူတွေ ကူးလာတယ်..။ အေးချမ်းတဲ့ management ကိုရလာတယ်ဆိုတဲ့ စကားက တကယ်မှန်ပါတယ်..။ မစံပယ်မှာလည်း သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ ညီမလေးပါ..။ နှစ်နှစ်လောက်ငယ်ပါတယ်..။ ဘယ်သူနဲ့နေနေ လျှော့ခ်မရှိတဲ့..၊ ရိုးသားတဲ့..၊ ဖြူစင်တဲ့.. တကယ်စိတ်ထားအေးချမ်းပြီး တော်တဲ့တစ်ယောက်ပါ..။ မစံပယ်လည်း အဲဒီညီမလေးဆီကနေ အေးချမ်းတဲ့စိတ်ထားလေးတွေ ကူးယူလာခဲ့ပါတယ်..။ သဘာဝကိုက အေးချမ်းတာပါ..။ သူနဲ့ခင်ခဲ့ရတာ တကယ်ကိုချမ်းမြေ့ရပါတယ်..။

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...