Tuesday, June 12, 2012

မအောင့်နိုင်၍ ရေးမိသည်....


အငြင်းအခုန်လုပ်ရန် ဝန်လေးလှသော ကျွန်တော်သည် ကျွန်တော့်ဘလော့တွင် ဘာသာရေးနှင့် နိုင်ငံရေးကို တတ်နိုင်သရွေ့ လက်ရှောင်ရေးတတ်ပါသည်။ ဤကိစ္စများနှင့် ပတ်သက်၍ ပြောချင်တာရှိလျှင် facebook တွင် သူများရေးပြီးသားကို share တာ လောက်သာ လုပ်လေ့ရှိပါသည်။ facebook နှင့် blog က သဘာဝချင်း မတူတာတွေရှိသည်။ facebook မှာက ကိုယ်ခံစားမိသမျှ၊ စိတ်ထဲရှိသမျှ၊ အရေးပါပါ မပါပါ ဖြစ်ချင်ရာဖြစ် ရေးနိုင်သည်။ အရည်မရ အဖတ်မရများ တိုတိုထွာထွာ ရေးချင်ရာရေးလို့ ရသည်။ facebook အသုံးပြုသူ အများစုကလည်း စာရှည်၊ စာလေးလျှင် သိပ်ဖတ်ချင်သည် မဟုတ်။ ဓါတ်ပုံကြည့်၊ Comment ရေး၊ Share လုပ်လိုက်၊ like နှိပ်လိုက်လောက် လုပ်သူက အများစုဖြစ်သည်။ ပြီးတော့ facebook account ပိုင်ရှင်၏ ကိုယ်ပိုင် စာမျက်နှာ ဖြစ်သည်။ ဝင်ကြည့်ဖို့ တိုက်တွန်းရန်မလိုသလို မကျေနပ်လျှင် ဝင်မကြည့်နှင့်ပေါ့ဟု ပြောနိုင်သည်။ သူ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ပေကိုး။ သူတစ်ပါး facebook စာမျက်နှာပေါ်တက်ပြီး စော်ကားမော်ကား ပေါက်လွတ်ပဲစား ပြောသူများကို block လုပ်ပစ်လိုက်လို့ ရသည်။ အမှိုက်ရှင်းရတာ လွယ်သည်။

ဘလော့ရဲ့ သဘောက facebook နှင့် မတူ။ ပိုက်ဆံမရသော်ငြား တာဝန်ယူမှု ရှိရသည်။ သူက စာအုပ်ထုတ်သည့်သဘောနှင့် သိပ်ကွာသည်မဟုတ်။ သီးသန့် ကန့်သတ်၍ရသည့် လုပ်ဆောင်ချက်များ ရှိသော်လည်း ဘလော့ရဲ့ သဘောသဘာဝကိုက အများဖတ်နိုင် ကြည့်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဘလော့ရေးဖို့ ဝါသနာပါသော်လည်း အငြင်းအခုန်များကို ရှောင်ရှားဖို့ရာ နိုင်ငံရေးနှင့် ဘာသာရေးကို တတ်နိုင်သမျှ လက်ရှောင်ခြင်းဖြစ်သည်။ ကျွန်တော်ပြောသည့် နိုင်ငံရေးမှာ အတိုက်အခံသဘောကိုသာ ပြောခြင်းဖြစ်လျက် လူမှုနိုင်ငံရေး၏ သဘောသဘာဝကိုတော့ ဘယ်လိုမှ ရှောင်ဖို့မဖြစ်နိုင်ပါ။ လူဆိုသည်က နိုင်ငံရေးနှင့် ကင်း၍ မရ။ စား၊ ဝတ်၊ နေရေးတည်းဟူသော တို့တာဝန်အရေးသုံးပါး စစ်စစ်ကြီး ကိုယ်၌က နိုင်ငံရေးပင်တည်း။ အသို့လျှင် ရှောင်၍ ရအံ့နည်း။

ယခုလောလောဆယ် လက်မရှောင်နိုင်ဘဲ လက်ယားလာသည့် အရေးကိစ္စက ရခိုင်ပြည်နယ်သို့ ဝင်ရောက်နေထိုင်နေသော ဘင်္ဂါလီများ၏ လူပါးဝမှု ဖြစ်သည်။ တွေးလေတွေးလေ ဒေါသဖြစ်ရလေ ဖြစ်သည်။ ဤကိစ္စကို အတိုချုံး၍ မှတ်သားထားချင်သည်။ မေ့သွား၍ မဖြစ်သလို နောင်မျိုးဆက်များကို ပြောပြရာ၌ တတ်နိုင်သမျှ တိကျချင်သည်။ မှတ်ဉာဏ်ဆိုတာက အမြဲစိတ်ချရသည်မဟုတ်။


  စ စချင်း ဖြစ်တာက ရခိုင်မလေးတစ်ယောက်ကို ဘင်္ဂါလီ ၃ ယောက်က မုဒိန်းကျင့်၊ ပစ္စည်းလု ရုံတင်မဟုတ်ဘဲ လည်ပင်းကို ဓါးနဲ့လှီး၊ တစ်ကိုယ်လုံးကို ဓါးနှင့်မွှန်းကာ သတ်သည့် အမှုမှ စ သည်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် သတ္တဝါတွေကို မည်သို့မည်ပုံ သတ်ရမည်ဟု ပညတ်ထားသော ဘာသာရေးအဆုံးအမ ဟူသည် မရှိကောင်းပါ။ သို့သော် လည်လှီးသတ်သည့် အကျင့်ကို ဘာသာရေး အဆုံးအမထဲ ထည့်ထားသော ဤဘာသာတရားသည် တစ်မျိုးတော့ တစ်မျိုးကြီး ဖြစ်သည်။ ကိုးကွယ်ရာ ဘာသာတရားတစ်ခုအဖြစ် လက်ခံဖို့ရာ ဘဝင်မကျစရာ ဖြစ်နေသည်။ သို့သော် ကိုယ်က သူ့ဘာသာဝင်မဟုတ်၍ ထဲထဲဝင်ဝင် နားမလည်တာကြောင့်လည်း ဖြစ်ပါလိမ့်မည်။ တကယ်ပင် ထိုသို့သတ်ရသည်၊ ဤသို့ သတ်ရသည်ဟု ဆုံးမ ပညတ်ထားသည် ဆိုပါက ဤဘာသာတရား၏ အဆုံးအမကို ကျွန်တော်လည်း ဉာဏ်မမီပါ။ သူတို့ ကျူးလွန်သော ပြစ်မှုများတွင် ကျွန်တော်ဖတ်ဖူးသမျှ လည်လှီးသတ်တာချည်း များနေတာတော့ အမှန်ဖြစ်သည်။ ရခိုင်မလေး အသတ်ခံရသည့် အမှုလည်း မကြာမီပင် တရားခံများကို မိ လာသည်ဟု ကြားရပါသည်။

ထို့နောက် သိပ်မကြာမီပင် အစ္စလာမ်ဘာသာဝင် ၁၀ ယောက်ကို အဝေးပြေး ကားပေါ်မှ ဆွဲချကာ လူ ၂၀၀ (တချို့က ၃၀၀ ဟု ဆိုသည်) ခန့်က ဝိုင်းပြီး အသေရိုက်သတ်သည့် ဖြစ်စဉ်တစ်ခု တန်ပြန် ဖြစ်လာသည်။ ရိုက်သတ်ရုံမက အလောင်းကို ကျင်ငယ်ရည်ဖြင့် ပန်းခြင်းကဲ့သို့ စက်ဆုတ်စရာများကို လုပ်ကြသေးသည်..တဲ့။ မဆိုင်သူ မကပ်နဲ့ဟု အော်သေးသည်…တဲ့။ သူတို့ထဲမှာ ဒေသခံတွေ မပါဘူး..တဲ့။ စကားပြောစက် (Walkie Talkie) တွေ ပါသေးသည်ဟု သတင်းတချို့က ဆိုပြန်သည်။
ဥပဒေအရ အရေးယူရန် အချိန်မရမီပင် ရက်ပိုင်းလေးအတွင်း အခြေအနေတွေ ရှုပ်ထွေးလာသည်။ ရခိုင်ပြည်နယ်သတင်းတွေ ပလူပျံလာသည်။ အားလုံး အာရုံစိုက်လာသည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင် အဓိကရုဏ်း သဘောမျိုး စ ဖြစ်လာသည်။ ရခိုင်နှင့် ရန်ကုန်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင် ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းကာ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ ကြေငြာချက်ထုတ်ကာ ကြိုးစားထိန်းသိမ်းကြသည်။ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ်မှ အထင်ကရ ပုဂ္ဂိုလ်များ ပူးပေါင်းကာ အဓိကရုဏ်းမဖြစ်အောင် ကြိုးစားရာ ခဏမျှ အေးချမ်းသလို ရှိသွားသည်။ လူအတော်များများက တော်ပါသေးရဲ့… အားလုံး ဝိုင်းထိန်းကြလို့.. ဟု သက်ပြင်းချရုံရှိသေးသည်။

 သောကြာနေ့ ဗလီတွင် လူစုပြီး ဘင်္ဂါလီများက ဌာနေ ရခိုင်လူမျိုးများကို စတင် တိုက်ခိုက်ကြသည့် သတင်းတွေ ထွက်လာသည်။ ရွာတွေကို မီးနဲ့ ရှို့သည်။ လူတွေကို သတ်ကြသည်။ ကလေး၊ မိန်းမ၊ သက်ကြီးရွယ်အို မရွေး ရက်စက်စွာ သတ်ဖြတ်ပစ်ကြသည်။ မြို့တွင်း ပေးဝေသည့် ရေကန်ကို အဆိပ်ခပ်သည်။

ရင်နင့်စရာ ကောင်းလှသည့် ဖြစ်ရပ်များ၊ ပုံများ အင်တာနက် သတင်းစာမျက်နှာများနှင့် facebook တွင် ဖတ်၍မကုန်၊ ကြည့်၍ မရဲလောက်အောင် တက်လာကြသည်။

  မိုက်ရိုင်းလိုက်လေခြင်း၊ စော်ကားလိုက်လေခြင်း။ ရခိုင်မလေး အသတ်ခံရသည့်အမှုသည် ရာဇဝတ်မှုရိုးရိုးဟု ယူဆရပါသည်။ ကုလား ၁၀ ယောက်ကို သတ်သည်ကတော့ အဖွဲ့အစည်း တစ်ခုခုမှ တမင်လုပ်သည့်သဘော၊ အကွက်ဆင်ထားသည့်သဘော၊ အဓိကရုဏ်း  မဖြစ်ဖြစ်အောင် လုပ်သည့် သဘောများ ပါနေသည်ကို ထင်ထင်ရှားရှား တွေ့နေရသည်။ ကုလားတွေ ကားပေါ်ပါလာမည်ကို ကြိုသိနေသလို ဤကိစ္စသည် ခုချက်ချင်း ဒေါသဖြစ်၍ ခုချက်ချင်း ထ သတ်သည့် ပုံ မဟုတ်။ တမင်တကာ အကွက်ချ ကြိုတင်ကြံစည်သည်ဟု ကျွန်တော်ကတော့ ယုံသည်။ ဤဖြစ်စဉ်သည် မတော်တဆ ဖြစ်ခြင်း မဟုတ်။

ဒလန်မွေး၍ သပ်လျိုခြင်း၊ လူမိုက်မွေး၍ ပြဿနာဖန်တီးခြင်းများသည် ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးတွင် သွားလေသူ အစိုးရအဆက်ဆက်၏ မရိုးနိုင်သော လက်သုံးနည်းလမ်းအဖြစ် မြန်မာပြည်သူများ၏ အသည်းထဲတွင် စွဲနေပြီဖြစ်ရာ ယခုလည်း စဉ်းစားစရာတွေ ဖြစ်လာသလို နည်းလမ်းမျိုးစုံဖြင့် စဉ်းစားပြသူတွေလည်း များပြားလှပါသည်။ အမျိုးစုံသော စဉ်းစားနည်းများကို facebook တွင်ပင် စုဆောင်းကြည့်ရှုရန် လုံလောက်ပါသည်။

အသားလွတ်နေရင်း ဒေါ်အောင်ဆန်းစုကြည်ကို စွတ်စွဲပုတ်ခတ်နေသူများကလည်း တစ်မှောင့်ဟု ယူဆစရာဖြစ်သော်ငြား တချို့ စွတ်စွဲချက်တွေက ကြိုတင်ကြံစည် အပုတ်ချသည့် သဘောတွေ ပါနေတာကို တွေ့နေရပြန်ပါသည်။ စုတ်စုတ်ပဲ့ပဲ့ အခြေအမြစ်မရှိသည့် လိုရာဆွဲ သတင်းများ၊ မဟုတ်တမ်းတရားများ၊ ကိုယ့်ဖါသာကို ဆောင်းပါးရေး၊ ကိုယ့်ဖါသာကို နာမည်အမျိုးမျိုးနှင့် Comment များရေး၍ ထောက်ခံတတ်သော Web Site တစ်ခုမှလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုတ်ချသော၊ ဘာသာရေး လူမျိုးရေး ရန်မီးကို ဆွပေးသော ပို့စ်များ တရကြမ်းတင်လာသည်ကို တွေ့ရပါသည်။

ကဗျာလွတ်ဆဲဆိုနေသူများလည်း အင်တာနက်ပေါ်တွင် များသထက် များလာပါသည်။ စစ်တပ်မှ တမင်ဖန်တီးကာ ကယ်တင်ရှင်လုပ်၍ ဆုံရှုံးနေသော ပြည့်သူ့မေတ္တာကို ပဏာလုပ်၍ ယူဖို့ကြိုးစားသည်ဟု ဆိုသူက ဆိုသည်။ တပ်မတော်မှ အာဏာသိမ်းချင်၍ အကွက်ဆင်ခြင်း ဖြစ်သည်ဟု ပြောသူက ပြောသည်။ 

ကျွန်တော်ကတော့ မရိုးသားမှု၊ လှည့်ဖျားမှုတွေ အများကြီး ပါသည်ဟု ၁၀၀% ယုံသည်။ ရခိုင်မလေး၏ အလောင်းကို ဖေါ်ပြသည်အထိ သတင်းတစ်ခုအနေနှင့် ယူဆစရာ ရှိပါသေးသည်။ အသတ်ခံရသော ကုလားများ၏ သတင်းကို ဖေါ်ပြရာ၌ ဘာသာရေး တရားသွားဟောခြင်း ဖြစ်သည်ဟု သတင်း၌ ပါခြင်းသည် တမင်သက်သက် ရေးသည်ဟု ယူချင်က ယူဆနိုင်သည်။ ကောင်းရာကောင်းကြောင်း သွားရင်း ရက်ရက်စက်စက် အသတ်ခံရသည်ဟု ဆိုလိုချင်ပုံရသည်။ ဇာတ်နာအောင် လုပ်သည့်သဘောတွေ ပါနေသည်။ ပြီးနောက် အလောင်းများပေါ်သို့ ကျင်ငယ်ဖြင့်ပန်းခြင်းကဲ့သို့သော လုပ်ရပ်မှာ တမင်သက်သက် အဓိကရုဏ်းဖြစ်အောင် ဆွသော၊ ရန်စသော လုပ်ရပ်များ ဖြစ်သည့်အပြင် လုံးဝ ဂိတ်ဆုံးရောက်အောင် အရောက်ပို့သော အချက်များဖြစ်သည်။ သတ်ဖြတ်ရာ၌လည်း အလောင်းကို လုံးဝ ရုပ်ပျက်ဆင်းပျက် မကြည့်ဝံ့လောက်အောင် ရက်ရက်စက်စက် ဖြစ်အောင် တမင်လုပ်သည်ဟု ယုံကြည်ပါသည်။ သာမာန်ပြည်သူလူထု၏ ဒေါသဖြစ်၍ ထ လုပ်သည့် ပုံမျိုးမဟုတ်။ သတ်ဖြတ်ရာ၌ လက်ယဉ်လွန်းသည်။

အကြံအစည်ရှိရှိ စေခိုင်းမှု တစ်ခုဟု တစ်ထစ်ချ ဆိုချင်သည်။ ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရသော ရခိုင်မလေး၏ ပုံသည် ဗုဒ္ဓဘာသာ များ၏ ရင်ထဲတွင် ကြီးစွာသော ထိခိုက်မှုကို ဖြစ်စေသလို ဦးခါင်းတစ်ခုလုံး ကျေမွအောင်ရိုက်သတ်ခံလိုက်ရသော အစ္စလာမ်ဘာသာဝင်များ၏ ပုံသည်လည်း သူတို့ဘာသာဝင်များကို ထိခိုက်စေမည်မှာ မလွဲ။ အမှန်တကယ်တွင်မူ နှစ်မျိုးစလုံးသော ရုပ်ပုံများသည် လူစိတ်ရှိသော လူမှန်သမျှ၏ ရင်ကို ထိခိုက်စေမည်သာ ဖြစ်သည်။ ဤပုံများကို ကြည့်၍ ဝမ်းသာအားရ ဖြစ်နေသည်ဆိုလျှင် စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။  

ဤနေရာတွင် လူမျိုးရေး ပဋိပက္ခအပြင် ဘာသာရေး ပဋိပက္ခကိုပါ ဆွဲသွင်းလာတော့သည်။ ပြဿနာကို မကြီးကြီးအောင် ဖန်တီးပစ်လိုက်သည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရပါသည်။ နောက်ဆုံး ပွဲသိမ်းတိုက်ကွက် ဖြစ်လေတော့သည်။ သို့ဖြင့် အဓိကရုဏ်း ဖြစ်ကြောင်း လုံးဝ အသိအမှတ်ပြု လက်ခံလိုက်ရပါတော့သည်။ မွတ်စလင်နှင့် ပါတ်သက်လျှင် ဘာသာရေးကို ပါအောင်ဆွဲသွင်းရသည်မှာ သိပ်မခက်ခဲသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုလားလူမျိုးနှင့် ပြဿနာတက်သည် ဆိုသည်နှင့် ဘာသာရေးက ပါလာတော့သည်။ နောက်ဆုံးမတော့ အကြမ်းဖက်မှုများ၊ နှစ်ဦးနှစ်ဘက် သေကျေပျက်စီး ဝမ်းနည်းဖွယ်ရာများနှင့်သာ အဆုံးသတ်ရမြဲဖြစ်သည်။

ယခုကိစ္စတွင် မရိုးသားမှုများက နေရာအနှံ့မှ ထွက်ပေါ်လာနေသည်။ သူတို့လိုချင်သော ပစ်မှတ်က မကြာမတင်မှာပင် ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။ ဤသည်ကား ရိုဟင်ဂျာအမည်ခံထားသော ဘင်္ဂါလီများ၏ မြန်မာနိုင်ငံအပေါ် နယ်မြေကျူးကျော် အပိုင်သိမ်းလိုသော ရည်ရွယ်ချက်ပင် ဖြစ်လေသည်။ လိမ်လိုက်ရမလား ဆောင်းပါးတွင် ကျွန်တော် ရေးခဲ့ဖူးသလိုပင်၊ လူလိမ်နှင့် လူကောင်း ယှဉ်လာလျှင် လူကောင်းများ တပန်းရှုံးသည့် ကိစ္စမှာ လူလိမ်များက လိမ်မည်ဟု အစကတည်းက ရည်ရွယ်ရင်း ရှိသဖြင့် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်မှု ရှိထားသောကြောင့် ဖြစ်ပါသည်။ လူကောင်းကတော့ သဘောရိုးဖြင့် ရိုးရိုးသာမာန်သတိမျိုးသာ ရှိသည်ဖြစ်ရာ လိမ်ပြီဟု သိသည့်အချိန်တွင် အနည်းနှင့် အများ အရေးနိမ့်ပြီး ဖြစ်နေတတ်ပါသည်။

ယခုလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ အဓိကရုဏ်း တကယ်ဖြစ်ပြီဟု သိလိုက်ရသည့်အချိန်တွင် ဘင်္ဂါလီများ၏ လက်ထဲတွင် လက်နက်တွေ ရှိနေသည်ကို အံ့အားသင့်ဖွယ်ရာ သိလိုက်ကြရသည်။ ဖွက်ထားသော လက်နက်များ၊ စာရွက်စာတမ်းများကို သိမ်းဆည်းရမိသည့်အပြင် ဘင်္ဂလားဘက်မှ စက်လှေ ၃ စင်းနှင့် ကူးလာသော လက်နက်ကိုင် ဘင်္ဂါလီတွေကို တားဆီးလိုက်ရသည်။ လက်နက်တွေထဲတွင် RPG လို လက်နက်တွေပါ ပါ လာသည်။ AK 47 လို လက်နက်မျိုးတွေက အများအပြားရှိနေပြီး ဖြစ်သည်။ ပို၍ အံ့အားသင့်စရာ ကောင်းသည်က မြန်မာနိုင်ငံ၏ အာဏာရှင် တော်လှန်ရေးသမိုင်းတွင် ပြည်သူထူထုဘက်မှ တောက်လျောက်အားကိုးခဲ့ရသော နိုင်ငံတကာ သတင်းဌာန အတော်များများ သတင်းမှန်ကို မဖေါ်ပြဘဲ ဘင်္ဂါလီများဘက်မှ ဘက်လိုက်ဖေါ်ပြနေခြင်းဖြစ်သည်။ ဒါကလည်း ထင်ကြေးမြင်ကြေးမဟုတ်။ ထင်ထင်ရှားရှားကြီး ဖြစ်သည်။ လော်ဘီလုပ်ကာ ပင်းထားသည်ဆိုသည့်အချက်က သိသာလွန်းနေသည်။

နောက်ထပ် ချိန်ကိုက်လုပ်ကြံမှု တစ်ခုက ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် စခါနီး ဆဲဆဲ ဖြစ်သည်။ ဘန်ကောက် စီးပွားရေးဖိုရမ်တွင် ရရှိခဲ့သော လူထုခေါင်းဆောင်၏ အောင်မြင်မှုများအတွက် အာရုံစိုက်နေခိုက် နောက်ကျောမှ ဝင်၍ အလစ်အငိုက် တိုက်ခိုက်သည့် သဘောဖြစ်နေသည်။ ပြည်ပ သတင်းဌာနများမှ တစ်ပြိုင်နက်တည်း တစ်သံတည်း ဝိုင်းဝန်း၍ ရိုဟင်ဂျာများကို ထောက်ခံလွှင့်ထုတ်ပေးကာ ဒေါ်စု ဥရောပသို့ ရောက်လာသည့်အခါ သတင်းထောက်များက ရိုဟင်ဂျာကိစ္စများ မေးမြန်းလျက် လူထုခေါင်းဆောင်ကို ကျဉ်းထဲကျပ်ထဲ ပို့မည့် အကြံဖြစ်သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို အကျဉ်းအကြပ် ဖြစ်အောင်ဖန်တီးပြီး သူတို့ကို အသိအမှတ်ပြုသည့် စကားမျိုးထွက်လာလိမ့်မည်ဟု မျှော်လင့်ပုံရသည်။ နိုင်ငံတကာတွင် ကျွန်တော်တို့ခေါင်းဆောင်၏ စကားသည် များစွာ တာသွားလှသည်ဖြစ်ရာ တစ်ကွက်တည်းနှင့် အလဲထိုးခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ကျွန်တော်ကတော့ အရပ်စကားနှင့် ပြောရလျှင် ဒေါ်စုသည် အချဉ်မဟုတ်ဟု ပြောချင်ပါသည်။ ကျွန်တော်တို့ တစ်ထွာတစ်မိုက် ဦးနှောက်နှင့်သာ ဘာပြန်ဖြေရမှန်း မသိလျှင်ရှိမည်။ ဒေါ်အောင်ဆန်းစုကြည်တွင် သင့်လျော်သည့် အဖြေရှိမည်ဟု ယုံကြည်ပါသည်။ အစဉ်အဆက် ရာဇဝင်အရလည်း အချိန်မတန်သေးလျှင် အမေသည် ဘာမှ မပြောသေးဘဲ စောင့်စည်းနေတတ်လျက် ပြောရမည့်အချိန်တွင် ပြောစရာရှိသည်ကို ပြတ်ပြတ်သားသား ပြောခဲ့သည်သာ ဖြစ်သည်။ ဒေါ်စုပြောသမျှ မျက်စိမှိတ် ထောက်ခံနေတာပဲဟု ဆိုသူများလည်း ဆိုကြပါစေ။ သူတို့အမြင်နှင့် သူတို့သာ ဖြစ်သည်။ ကျွန်တော်လည်း လွတ်လပ်စွာ ထောက်ခံသလို သူတို့လည်း လွတ်လပ်စွာ ကွဲလွဲနိုင်သည်။ တစ်ယောက်နှင့် တစ်ယောက် ရန်လုပ်နေဖို့ အကြောင်းမရှိပါ။

နောက်ဘဝင်မကျသည့် ကိစ္စကတော့ ဘုန်းတော်ကြီးများ၊ ကျောင်းသားလူငယ်များကို ရက်စက်စွာ နှိမ်နင်းသတ်ဖြတ်ရက်ခဲ့သော တပ်မတော်သည် ယခုတော့ အရမ်းကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်လွန်းနေသည်ဟု ထင်သည်။ ပြည်သူတစ်ယောက်၏ အမြင်ရိုးရိုးနှင့် ပြောရလျှင် ဘင်္ဂါလီကိစ္စသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို စော်ကားသောကိစ္စ နယ်ချဲ့သောကိစ္စဖြစ်သည်။ လူသတ်မှုသည် မီးပွားသာ ဖြစ်သည်။ ယမ်းတွေ ကြိုစုထားသည်က ဒင်းတို့ဖြစ်သည်။ NGO အမည်ခံ သူတို့လူတွေဆီမှ လက်နက်တွေမိသည်။ အယ်လ်ခိုင်းဒါးနှင့် ပတ်သက်သော စာရွက်စာတမ်း အထောက်အထားတွေ မိသည်။ ဘင်္ဂါလီတွေ ဆင်းရဲကောင်း ဆင်းရဲပါလိမ့်မည်။ သူတို့နောက်က အဖွဲ့အစည်းတွေကတော့ ဆင်းဆင်းရဲရဲ ပေါ့သေးသေးတွေ မဟုတ်တာသေချာလွန်းသည်။ မည်သည့် အချိန်လောက်ကတည်းက ကြိတ်ကြံ နေသည် မသိ။ တစ်ခုပြီး တစ်ခုတော့ အထုတ်တွေ ပြေလာပြီဖြစ်သည်။

ဒီအချိန်တွင် နိုင်ငံတကာအမြင်တွေထက် ကိုယ့်နိုင်ငံကို ကာကွယ်ရတော့မည်ဖြစ်သည်။ အားကိုးရမည့် ပြည်သူ့ရဲနှင့် တပ်မတော််ကြီးသည် တကယ့်အရေးကျမှ မိုးပေါ်ချည်း ထောင်ပစ်နေသည်…တဲ့။ တစ်ခုတော့ ပြောစရာရှိသည်။ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသည့်အတိုင်း ကျွန်တော်တို့ မသိသေးသည့် factor များလည်း ရှိနေနိုင်ပါသေးသည်။ ဘာရယ်ကြောင့်တော့ မသိ။ ထိထိရောက်ရောက် ပစ်ခတ်နှိမ်နင်းမှု မရှိသေးဟု ထင်သည်။ ကျွန်တော်တို့ တပ်မတော်သည် ပြည်ပစစ်ကို တိုက်ဖို့သာ အားနည်းချင်နည်းမည်။ ပြည်တွင်းစစ်တိုက်ရန်နှင့် အဓိကရုဏ်းနှိမ်နင်းရေးအတွက်တော့ အင်အားက ပိုသည့်အပြင် လျှံတောင်နေပါသေးသည်။
 နောက်သတင်းတစ်ခုကတော့ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးအမတ်များ မဲ မရသဖြင့် မဲဆွယ်ရာ၌ ဘင်္ဂါလီများကို ပြည်မကြီးသို့ သွားခွင့်ပေးမည်၊ မှတ်ပုံတင် ထုတ်ပေးမည်၊ ဗလီဆောက်ခွင့် ပေးမည်… စသဖြင့် အာဏာရဖို့ ကိုယ့်တိုင်းပြည် ဖြစ်ချင်ရာဖြစ် ရောင်းစားခဲ့ခြင်းများ၏ အကျိုးဆက်များလည်း ပါနေသည်ဟု ဆိုသည်။ သူတို့အရင် တိုင်းပြည်ရောင်းစားခဲ့သူများကတော့ လ.ဝ.က က ပုဂ္ဂိုလ်များ ဖြစ်သည်။ သိရ ကြားရသလောက်တော့ ဘင်္ဂါလီတစ်ယောက် မှတ်ပုံတင်ရဖို့ သိန်း ၂၀ မှ သိန်း ၃၀ အထိ ပေါက်သည်ဟု ဆိုသည်။ ဤကဲ့သို့ လာဘ်စားမှုများနှင့် ပြည့်နှက်နေသော ကျွန်တော်တို့ နိုင်ငံသည် ဘာသာရေး၊ လူမျိုးရေး မျိုဖို့ ကြိုးစားသူများအတွက် နေရာကောင်းဖြစ်နေသည်။ နိုင်ငံရေး အရ အချင်းချင်း မညီညွတ်ခြင်းကလည်း သူတို့အတွက် အကွက်ကောင်း ဆိုက်နေတော့သည်။ တစ်အိမ်ထောင်လျှင် မိန်းမ ၄ ယောက် ယူပြီး၊ ဘာသာဝင်ဦးရေ တိုးလျှင်ပြီးရော ပေါက်လွတ်ပဲစား ကလေးတွေ မွေးချင်သလို မွေးနေသော ကျူးကျော်အကြမ်းဖက် ဘင်္ဂါလီ မိသားစု တစ်စုလျှင် လူ ၂၀ ပျမ်းမျှ ရှိနေသည်။ ဤသို့သော နည်းနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောတွင် ဘင်္ဂလီဦးရေက ဌာနေ ရခိုင်လူမျိုးများကို ကျော်ပြီး ၉၅% တွေ ၈၅% တွေ ဖြစ်ကုန်သည်။

မည်သို့ပင်ဖြစ်စေ… ဤအဓိကရုဏ်းပြီး၍ ပြန်လည်နေရာချထားပေးလျှင်သော်မှ ယခုလို အဖြစ်ဆိုးမျိုးနှင့် ကြုံထားရသော ရခိုင်လူမျိုးများသည် သူတို့၏ နေရာဟောင်းတွင် နေချင်စိတ်ရှိကြပါဦးမည်လော။ သူသူကိုယ်ကိုယ်ပင်၊ နောက်ကျောမလုံသည့် အရပ်၌ ဖြစ်နိုင်လျှင် နေချင်တော့မည်မဟုတ်။ ဤဖြစ်ရပ်ဆိုးများက အရိပ်လို အမြဲလိုက်ပါ ခြောက်လှန့်နေတာ့မည် မုချ။ ယခု တစ်ခါတည်းလည်း မဟုတ်။ အရင်ကလည်း ကြုံပြီးသား ဖြစ်သည်။ နှစ်ခါ ဆိုသည်က လွန်လွန်းပြီ ဖြစ်သည်။ ထိုသို့ ဌာနေရခိုင်လူမျိုးများ မူရင်း နေရာတွင် မနေကြတော့ဘူးဆိုပါက ဘင်္ဂါလီများက အကြိုက်တွေ့ကာ ဝင်ရောက်နေရာယူကြတော့မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း ရခိုင်လူမျိုးလည်းပျောက်၊ ဗုဒ္ဓဘာသာလည်း ပျောက်ကုန်လိမ့်မည်။ ထိုမှ တစ်ဆင့် မြန်မာပြည် တစ်ပြည်လုံး ပျောက်မည့် အရေးဖြစ်လေရာ ကျွန်တော်တို့အားလုံး ငြိမ်မနေသင့်ဘဲ တတ်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်းကြဖို့ လိုသည်ဟု ယုံကြည်ပါသည်။ ဤအကြမ်းဖက်သမားများ၏ လုပ်နည်းလုပ်ဟန်မှာ အခြေခံအားဖြင့် သိပ်များများရှိသည်မဟုတ်။ စစ်တိုက်လျှင်တိုက်၊ တိုက်၍ မရလျှင် တဖြည်းဖြည်း လူနှင့်မျိုဖို့   ကြိုးစားတော့သည်သာ။ အရှက်အမဲ့ဆုံး၊ အဆိုးရွားဆုံးနှင့် ကမ်းအကုန်ဆုံးသော မိုက်ရိုင်းချက်မှာ ရခိုင်ပြည်နယ်ကို သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တောင်းဆိုခြင်းဖြစ်သည်။ ရွံလိုက်သည် ဖြစ်ခြင်း။

CNN ကတော့ သတင်းမှန်များ လွှင့်ထုတ်ပေးသည်ကို တွေ့ရပါသည်။ ထို့အပြင် ဒင်းတို့အတွက် မှန်ကန်သော အသုံးအနှုံးမှာ၊ ရခိုင်စကားမှ ရွေ့လျောလာသော ရိုဟင်ဂျာမဟုတ်ပါ။ အကြမ်းဖက် ဘင်္ဂါလီသာ သူတို့နှင့် သင့်လျော်သည့် အခေါ်အဝေါ်ဖြစ်သည်။ ယနေ့ ကမ္ဘာတွင် သူတို့ုပြဿနာမှာ သေးသေးမဟုတ်။ နိုင်ငံငယ်များသာမက နိုင်ငံကြီးများပါ ရင်ဆိုင်နေရသော ပြဿနာဖြစ်သည်။ သြစတြေးလျ ဝန်ကြီးချုပ်မှ ပြောရာတွင် မွတ်စလင်ရှီးယား ဥပဒေဖြင့် နေချင်သူများ နိုင်ငံထဲမှ ထွက်သွားပါ ဟုဆိုသည်။ သြစတြေးလျတွင် နေလျှင် သြစတြေးလျဥပဒေကို လိုက်နာရမည်သာ။ သူတို့ကို သူတို့ ဘာထင်နေသည်မသိ။ ပြင်သစ်သမ္မတ ဆာကိုဇီ လက်ထက်တွင်လည်း မွတ်စလင် အမျိုးသမီးများ ခေါင်းမြီးခြုံ အလုံပိတ် မျက်လုံးသာ ဖေါ်၍ ဝတ်ခြင်းကို ဥပဒေထုတ်၍ တားဆီးခဲ့သည်။ လူ လူချင်း ဆက်ဆံရာ၌ မျက်နှာမြင်ရဖို့ လိုသည်။ မျက်နှာ မမြင်ရဘဲ မည်သို့ ယုံကြည်ရမည်နည်း။ ထို့ပြင် ယခုလို အကြမ်းဖက်ခြိမ်းချောက်မှုတွေ များပြားနေသော ခေတ်တွင် ခေါင်းမြီးခြုံထဲမှ သူသည် အကြမ်းဖက်သမားလား.. ဘာလား မသိနိုင်။ လုံခြုံရေးအတွက် မျက်နှာကို မြင်ရဖို့ အရေးကြီးသည်ဟု ဆိုပါသည်။ ဤ အဖြစ်အပျက်များက ဥရောပတွင်လည်း မွတ်စလင်အကြမ်းဖက်များ၏ ပြဿနာ နက်နက်ရှိုင်းရှိုင်း ရှိနေသည်ကို ပြနေသည်။


 








ထိုင်းနိုင်ငံသို့ ရိုဟင်ဂျာများ ရေမျောကမ်းတင် ရောက်လာသည့်အခါ မည်သည့်နိုင်ငံကမှ လက်မခံသည့်အဆုံး ရေထဲပြန်မျှော ပစ်သည်။ နိုင်ငံတကာမှ ဝိုင်းပြောတော့ ထိုင်းကာကွယ်ရေးမှ ပြောသည့်စကားက ရှင်းသည်။ အခု ဝိုင်းပြောသည့်နိုင်ငံများမှ လက်ခံချင်သည့် နိုင်ငံရှိပါက သူကိုယ်တိုင် သင်္ဘောနှင့် လာပို့ပေးပါ့မည်ဟု ပြောလိုက်ရာ အားလုံး ပါးစပ်ပိတ်ကုန်သည်။ ဘယ်သူမှ လက်မခံချင်တာက လူသားချင်းမစာနာ၍ မဟုတ်။ အကျင့်ကိုက မကောင်းသောကြောင့် ဖြစ်သည်။ အခြေအနေ မပေးလျှင် မျက်နှာငယ်လေးနှင့် နေမည်။ ထမင်းဝလာသည်နှင့် ကယ်တင်သူကို ဒုက္ခပေး၊ ညှင်းဆဲမည့် သူတွေကိုတော့ ရေမျောဒုက္ခသည်မကလို့၊ ဘာဖြစ်နေနေ ဘယ်သူမျှ လက်ခံချင်မည်မဟုတ်။

ယခုကိစ္စတွင် ရာခိုင်နှုန်းမည်မျှသည် လိမ်ညာအကွက်ဆင်ခြင်း၊ လှည့်ဖျားခြင်းများ ဖြစ်လျက် ရာခိုင်နှုန်းမည်မျှသည် တိုက်ဆိုင်မှု ဖြစ်လိမ့်မည် ဆိုသည်ကို ဖန်တီးသူများသာ သိပေလိမ့်မည်။

ဤဖြစ်ရပ်ဆိုးကြီး ပြီးဆုံးသွားလျှင် အပြစ်ရှိသူများ၊ အသားထဲက လောက်များကို ထိရောက်စွာ ဖယ်ရှားလျက် လူဝင်မှုကြီးကြပ်ရေးဥပဒေကို တင်းကြပ်စွာ ပြဌာန်းကာ ဥပဒေအတွင်းမှ ထိထိရောက်ရောက် ဖယ်ရှားမောင်းထုတ်ပစ်ခြင်းသည်သာ ဒီမိုကရေစီနိုင်ငံဟူသော ဂုဏ်ပုဒ်နှင့် ညီလာမည်ဖြစ်သလို အေးချမ်းစွာနေလိုသော ပြည်သူများကို လက်နက်အားကိုး လူအားကိုးဖြင့် အနိုင်ကျင့်စော်ကားသူများလက်မှ ဘဝအာမခံပေးနိုင်မည်ဖြစ်သည်။ နဂို ရှိရင်းစွဲ မွတ်စလင်ဘာသာဝင် မြန်မာနိုင်ငံသားများနှင့် ဘင်္ဂါလီ အကြမ်းဖက် မွတ်စလင်များကို ခွဲခြားမြင်တတ်ဖို့တော့ လိုပါလိမ့်မည်။ ယခု လောလောဆယ်တွင်တော့ လူလိုနားမလည်၊ ဥပဒေဖြင့် ပြော၍ မရသူများကို ထိရောက်စွာ ဆုံးမဖို့ရာ….

တပ်မတော်ရေ….တည့်တည့်သာ ပစ်လိုက်ပါတော့ ဟ…. ဟု သာမာန်ပြည်သူတစ်ယောက်၏ ရင်ထဲက ဆန္ဒကိုသာ ရိုးရိုး ပြောလိုက်ချင်ပါတော့သည်။

(လက်လေးနည်းနည်း ဝင်ပါရစေ… ခေါင်းလေးနည်းနည်း ဝင်ပါရစေ…..နှင့် နောက်ဆုံး တဲရှင်ကို ကန်ထုတ်ကာ တဲကို အပိုင်စီးသော ကုလားအုပ်နှင့် ယခု ဘင်္ဂါလီများ အမျိုးတော်လေရော့သလား..ဟု စဉ်းစားရင်း…… ဘာသာရေး၊ လူမျိုးရေးနှင့် ပါတ်သက်သော ပို့စ် တင်ရခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပါစေသတည်း။ စိတ်မချမ်းသာစွာဖြင့် မခံစားနိုင်၍ ရေးရသော ပို့စ်တစ်ခုပါပေ…မွတ်စလင်...မွတ်စလင်နှင့် နာမည်တပ်တပ်ပြီး ရေးရတာကိုတော့ ခွင့်လွှတ်စေချင်ပါသည်။)

(သရုပ်ဖေါ်ပုံများကို facebook မှ ယူသည်။)

1 comment:

  1. အစ်ကိုကစာရေးတာကောင်းတော့ အထောင်းလွတ်တယ်..။ ကျွန်တော့်ဘလော့မှာ အစ်ကို့လို လူတွေရဲ့စရိုက်သဘာဝကို စောကြောမိတာလေးရေးလိုက်တာ သူငယ်ချင်းအကြောင်းပါသွားလို့ သူ့အတင်းမတုတ်ပါနဲ့ အောက်တန်းမကျပါနဲ့လို့ ၀င်ကွန်းမင့်ရေးသွားလို့ ပြန်ဖြုတ်ပေးလိုက်ရတယ်..။ စာအရေးအသားကောင်းတာလေ..။

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...