Thursday, June 28, 2012

လမ်း


လမ်း ဆိုသည်ကို ပါဠိဘာသာဖြင့် မဂ် ဟု ခေါ်သည်။ မဂ္ဂင် (၈) ပါးဟူသည့် ဗုဒ္ဓဘာသာဝင်တို့၏ လျှောက်ရမည့် လမ်း (၈) သွယ်ကို ကြားဖူးကြပါလိမ့်မည်။ လမ်း ဆိုသည်မှာ လျှောက်ရမည့်လမ်း၊ လုပ်ရမည့် နည်းလမ်း စသဖြင့် နေ့စဉ်ဘဝထဲတွင် နေရာမျိုးစုံ၊ အသုံးမျိုးစုံဖြင့် မြင်ကြ၊ ကြားကြ၊ ပြောနေကြသည်ပင်။ အဓိကဆိုလိုရင်း အနက်ကတော့ လိုရာရောက်အောင် အသုံးပြုဖို့သာ။ လျှောက်ရမည့်လမ်းဖြစ်စေ၊ ကျင့်သုံးရမည့် နည်းလမ်းဖြစ်စေ လမ်းဆိုသည်နှင့် မှန်ဖို့လိုသည်။ တစ်နည်းအားဖြင့် သမ္မာမဂ္ဂင် ဖြစ်ဖို့ လိုပါလိမ့်မည်။

လျှောက်ရမည့်လမ်းသည် မှန်ကန်သောလမ်း ဖြစ်မှသာ လိုရာခရီးကို ရောက်မည်ဖြစ်သလို ရည်မှန်းချက်တစ်ခုကို အရောက်သွားရာ၌လည်း မှန်ကန်သော နည်းလမ်းကို ကျင့်သုံးဖို့ လိုပါလိမ့်မည်။ ကမ္ဘာ့နိုင်ငံတိုင်း သူ့တို့နည်း သူတို့ဟန်နှင့် ချမ်းသာအောင် လုပ်ကြပါသည်။ သာယာအောင် လုပ်ကြပါသည်။ သို့သော် မဟုတ်မတရားနည်းနှင့် ချမ်းသာအောင် လုပ်သော နိုင်ငံများသည် ငွေကြေးအားဖြင့် ချမ်းသာလာသော်လည်း တိုင်းသူပြည်သားများ၏ အကျင့်စာရိတ္တများ ချွတ်ချုံကျလာခြင်းကို ဘေးထွက်ဆိုးကျိုးအဖြစ် ရလာမည်မှာ မလွဲပါ။

ဥပမာအားဖြင့် တရုတ်နိုင်ငံကို ကြည့်ပါ။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ချမ်းသာသော အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ တစ်ပြိုင်နက်တည်းမှာပင် တရုတ်တို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်လွန်းသော၊ သိက္ခာမဲ့သည့် နိုင်ငံရေး ပေါ်လစီကိုလည်း တရုတ်၏ ကြွယ်ဝချမ်းသာမှုနှင့် အတူ ရိပ်စားမိကြပါသည်။ ဈေးချိုသော တရုတ်နိုင်ငံမှ ထွက်ကုန်များသည် နိုင်ငံတကာသို့ ပျံ့နှံ့နေသည်မှာ ငြင်းစရာမရှိပါ။ ကျွန်တော့်တို့ နိုင်ငံကဲ့သို့ အင်အားသေးသော နိုင်ငံငယ်များမှ ဆင်းရဲသားလူတန်းစားများအကြားတွင် တရုတ်၏ ဈေးပေါပေါပစ္စည်းများကြောင့် ၂၁ ရာစု နည်းပညာများကို ဈေးချိုချိုနှင့် သုံးနိုင်ကြခြင်းကို ကြံဖန်အကောင်းမြင်ပေးနိုင်ပါသည်။ ရေရှည်တွင်မူ ဤအချိုအချောင်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများက ဒုက္ခလှလှ ပေးမည် ဖြစ်ပါသည်။


တရုတ်ပြည်၏ ချမ်းသာမှုနှင့် ထပ်တူ ဆိုးရွားစုတ်ပြတ်လာသည့် တရုတ်တို့၏ ကိုယ်ကျင့်တရားကိုလည်း အသိအမှတ်မပြု၍ မရနိုင်ပါ။ အချိန်တစ်ခု ကြာလာပြီးသည်၏ နောက်ဝယ် တရုတ်ပစ္စည်းများ၏ အရည်အသွေး ညံ့ဖျင်းမှုက ကမ္ဘာကျော်လာသည်။ ကိုယ်ချင်းစာစိတ်ကင်းမဲ့သော အကုသိုလ်ထုတ်ကုန်များဖြစ်သည့် စားသုံးဆီအတု၊ ဆေးဝါးအတု၊ နို့မှုန့်အတု၊ ဂေါ်ဖီအတု၊ ကြက်ဥအတု….. စသဖြင့် မြောက်များလှစွာသော တရုတ်ပြည်ထုတ်အတုများ၏ အကြောင်းက မီဒီယာနှင့် facebook ကြောင့် ကမ္ဘာအရပ်ရပ်မှ မကြားချင်အဆုံး ဖြစ်လာရသည်။ အချိန်တစ်ခုအတွင်း၊ မျိုးဆက်တစ်ခုအတွင်းတွင် နည်းပညာအခက်အခဲနှင့် ဆက်သွယ်ရေး မဖွံ့ဖြိုးသေးသဖြင့် တရုတ်ပစ္စည်းများ ကမ္ဘာအနှံ့ ပျံ့နှံ့ဖြန့်ဖြူးနိုင်ခဲ့ကြသော်လည်း လူသားတွေအတွက် ဆက်သွယ်ရေးနည်းပညာ၊ သတင်းနည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ တရုတ်ပြည်၏ သီလမဲ့မှု၊ ဘယ်သူသေသေ လုပ်တတ်မှုများက တရစပ် ထွက်ပေါ်လာခဲ့သည်။ ယနေ့ တရုတ်ပြည်၏ ရင်ဆိုင်ရမည့် ပြဿနာမှာ သီလနှင့် သိက္ခာ ပြဿနာအမျိုးအစားတွေ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် တရုတ်ပြည်ကြီး ကြီးပွားချမ်းသာနေသည်မှာ ငြင်းမရသော်လည်း တရုတ်ပြည်၏ စီးပွားရှာပုံကို အားကျအတုယူမည့် နိုင်ငံတွေ သိပ်ရှိလိမ့်မည် မထင်ပါ။ ကြီးပွားတာ၊ ချမ်းသာတာ မှန်သော်လည်း နည်းမှန်လမ်းမှန် ကြီးပွားလာခြင်း၊ ချမ်းသာလာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ လေးစားစရာ၊ အားကျစရာ နည်းနည်းမှ မကောင်းတာတော့ အမှန်ဖြစ်သည်။ မည်သူမှ အားကျလိမ့်မည်မဟုတ်ဟု ယတိပြတ် ရေးချင်ပါသည်။ သို့သော် လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်သလို နိုင်ငံခေါင်းဆောင် များတွင်လည်း တရုတ်ကို အတုခိုးအဖေခေါ်နေသူများ ရှိနေနိုင်၍ ဖြစ်ပါသည်။ လူတိုင်း အမှန်တရားကို နှစ်ခြိုက်လိမ့်မည်ဟု ကျွန်တော် အာမ မခံရဲပါ။
ဥပမာအနေနှင့် ပြောရမည်ဆိုလျှင် အောက်ခြေကို ကောင်းကောင်းမွန်မွန် ခိုင်ခိုင်မာမာ ဖြစ်အောင် မလုပ်ဘဲ အထက်သို့သာ တစ်ဆင့်ပြီးတစ်ဆင့် တိုး၍တိုး၍ တည်ဆောက်သွားသော အိမ်ကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ဖြစ်ကတတ်ဆန်းတည်ဆောက်ထားသော အိမ်သည် အထက်သို့ရောက်လေ အန္တရာယ်များလေ၊ ပြိုကျဖို့ အခွင့်အရေးများလေ ဖြစ်လာမည်မှာ သေချာသလောက် ရှိပါသည်။ အကျင့်ပျက်များ၊ ပေစုတ်စုတ်သီလကြောင် စီးပွားရေးသမားအများစုနှင့် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏စီးပွားရေးသည် ယနေ့ပင် တန့်နေကြောင်း မြင်လာရပြီဖြစ်သည်။ စည်းမရှိ ကမ်းမရှိ ကြုံသလိုလုပ်၍ တဟုန်ထိုးတက်လာသော စီးပွားရေးသည် စားသုံးသူလောကတွင် အချိန်တန်အကြောင်းသိလာကြလျှင် ပြန်လည်ကျဆုံးရမည်မှာ သေချာပါသည်။ ပျက်စီးယိုယွင်းနေသော လူများ၏ စိတ်ဓါတ်များကို အပြောင်းအလဲမလုပ်နိုင်လျှင် စီးပွားရေးသင်္ခါရတရားသည် မလွဲမသွေ မြန်မြန်ဆန်ဆန် ရောက်လာပေလိမ့်မည်။

ကျွန်တော်တို့ လူတွေလည်း ဤအတိုင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံသားတွေ၊ ခရိုနီတွေ၊ ဘုန်းတန်ခိုး ကြီးလာသည်နှင့်အမျှ စီးပွားရှာလျှင် သမ္မာအာဇီဝ မဖြစ်နိုင် ဆိုသော အယူအဆကို တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်မျိုး၊ ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ မသိမသာတစ်မျိုး ကျွန်တော်တို့ လူအများစု၏ စိတ်ထဲတွင် လက်ခံပြီးသား ဖြစ်နေတတ်ကြပါသည်။ သမ္မာအာဇီဝ ဆိုသော စကားကို စီးပွားရေးလောကနှင့် လုံးဝ မသက်ဆိုင်သယောင်၊ လှောင်စရာ ပြောင်စရာစကားလုံး တစ်ခုလို ဖြစ်လာကြခြင်း ကောင်းသည့် လက္ခဏာဟု ကျွန်တော်မထင်ပါ။

အကြောင်းမှာ ဖြတ်သန်းလာကြရသော ခေတ်အခြေအနေများနှင့် အဓိက ဆိုင်ပါလိမ့်မည်။ ကျွန်တော်တို့ ငယ်ငယ်က ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဟု မှတ်သားခဲ့ရပါသည်။ ပြီးတော့ ကိုယ့်အပြစ်ကို ဝန်ခံခြင်းသည် လေးစားစရာ ရိုးဂုဏ်တစ်ခု အဖြစ် နားလည်ခဲ့ပါသည်။ လူတိုင်း အမှားနှင့် မကင်း။ ထို့ကြောင့် တတ်နိုင်သ၍ သူတစ်ပါး အမှားကို ခွင့်လွှတ်တတ်ဖို့၊ မိမိအမှားကို ဝန်ခံတတ်ဖို့ သင်ယူခဲ့ကြရပါသည်။ သူတစ်ပါးအမှားမှ သင်ခန်းစာ ယူတတ်သူသည် လူလိမ္မာဖြစ်သည်။ ဤကိစ္စများ၊ အကျင့်များမှာ Inner Wisdom ဟု ခေါ်သော ကိုယ့်ကိုယ်ကို ကြည့်တတ်အောင် လေ့ကျင့်ရသည့် ကျင့်စဉ်ကောင်းများ ဖြစ်ပါသည်။ ကိုယ့်အတွင်းသဘောကို ကိုယ်နားလည်သူသည် လူတိုင်းကို နားလည်နိုင်လာမည်သာ ဖြစ်သည်။ နားလည်မှု ပေးနိုင်လာသည်နှင့်အမျှ အေးချမ်းမှုက ကပ်ပါလာမည်သာ ဖြစ်သည်။ လူတိုင်း တိုးတက်ကြီးပွားအောင် ကြိုးစားကြရမည်မှာ ဘာမှငြင်းစရာ မလိုသည့်ကိစ္စများ ဖြစ်ပါသည်။ သို့သော် တင်းတိမ်ရောင့်ရဲတတ်ဖို့နှင့် မတရားမလုပ်ဖို့ အရေးကြီးပါသည်။

လူမိုက်များကတော့ အချည်းနှီး အကျိုးမဲ့ အတင်းစကား ဆိုခြင်းဖြင့်သာ ပြဿနာများကို အဆုံးသတ်လေ့ရှိပါသည်။ ဤကိစ္စများတွင် အငြင်းပွားစရာများ ပါလာပါသည်။ အကြောင်းမှာ ကျွန်တော်တို့သည် မိမိတို့လူမျိုး၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကို လေးလေးနက်နက် နားလည်အောင် မကြိုးစားခြင်း၏ နောက်ဆက်တွဲများ ဖြစ်ပါလိမ့်မည်။ တင်းတိမ်ရောင့်ရဲခြင်းကို ရှိသမျှနှင့် ကျေနပ်ခြင်းဟု အပေါ်ယံကြောနားလည်သူတွေ များနေခြင်းက ငပျင်းများအတွက် ဆင်ခြေဖြစ်နေပါလိမ့်မည်။ ကြိုးစားအားထုတ်မှု မရှိသူများက သူတို့ကို သူတို့ တင်းတိမ်ရောင့်ရဲ နေသယောင် ဆင်ခြေပေးခြင်းနှင့် ကြိုးစားသူများက တင်းတိမ်ရောင့်ရဲခြင်းကို ကြီးပွားခြင်း၏ ရန်သူသဖွယ် ပြောဆိုနေခြင်းမှာ တင်းတိမ်ရောင့်ရဲမှု၏ သဘောကို နားမလည်သည့် သဘောချင်း အတူတူပင်ဖြစ်ပါသည်။ ကြိုးစားအားထုတ်မှု မရှိခြင်းနှင့် တင်းတိမ်ရောင့်ရဲခြင်းသည် ဘာမှမဆိုင်ပါ။ တင်းတိမ်ရောင့်ရဲခြင်း၏ ပင်ကိုယ်သဘောမှာ မရသင့် မရထိုက်သည်ကို မက်မောမှု မရှိခြင်းနှင့် ရသင့် ရထိုက်သည်ကို အရယူခြင်း ဖြစ်ပါလိမ့်မည်။ တင်းတိမ်ရောင့်ရဲခြင်းအကြောင်းကို လိပ်ပတ်လည်အောင် ရှင်းပြမည်ဆိုပါက post တစ်ခု၊ စာတစ်ပိုဒ်မျှနှင့် မရနိုင်ပါ။

ကျွန်တော်တွေ့ဖူးသော လူကြီးတစ်ယောက်ဆိုလျှင် ငါ မကြီးပွားတာ ဘာသာရေးလိုက်စားသောကြောင့်ဟု အတည်ကြီးနှင့် မိန့်ပါသည်။ ဘုရားစကားနားထောင်မိ၍ သူဆင်းရဲရသည်ဟု ဆိုလိုဟန်ရှိသည်။ လွဲမှားသော စီမံခန့်ခွဲမှုများအောက်က မတရားသောနည်းဖြင့် ကြီးပွားလာသူများ များလာခြင်း၏ အကျိုးဆက်များ ဖြစ်ပါလိမ့်မည်။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံရတာက ကြာသည်။ ခွင် (ဂွင်) နင်းပြီး ရိုက်စားလုပ်လိုက်တာက မြန်မြန်ကြီးပွားသည်ဟူသော ဥပမာမှားများက မြန်မာပြည်တွင် များလှသည်ကိုး။

နောက်သလို ဖြစ်နေသော ဤစကားကို သူ့စိတ်ထဲတွင် အမှန်ဟု ယုံယုံကြည်ကြည် ပြောနေပုံ ပေါ်ပါသည်။ အသက်အရွယ်အားဖြင့် လည်းကောင်း၊ အခြေအနေအားဖြင့်လည်းကောင်း၊ ပြောပြ၍ ရနိုင်မည့်ပုံ မရှိသဖြင့် ဘာမှ မပြောခဲ့ပါ။ ပြောလျှင်လည်း ငြင်းဖို့ ခုန်ဖို့သာ ဖြစ်လျက် အကျိုးရှိမည်မဟုတ်ပါ။ ခက်သည်က ဤကဲ့သို့သော ကြောင်တောင်တောင် အယူအဆများကို အင်တာနက်တွင် မကြာခဏ တွေ့လာရခြင်း ဖြစ်သည်။ ဆရာကြီးလေသံနှင့် မြန်မာပြည်ကြီး တိုးတက်လိုလျှင် ဗုဒ္ဓဘာသာကို ဖယ်ပစ်ရမည်ဟူသော အန္တရာယ်များလှသည့် စကားမျိုးကို ထုတ်ဖေါ်တင်ပြလာသော လူ့ငနွားမျိုးများကိုပင် တွေ့ဖူးပါသည်။

တစ်ယူသန်ခြင်းနှင့် ဘဝင်မြင့်ခြင်းသည် ကာယကံရှင်ကိုယ်တိုင် သိနိုင်ခဲသည့် ကိစ္စများ ဖြစ်ပါသည်။
တစ်ယူသန်ခြင်းနှင့် အယူအဆခိုင်မာခြင်းသည် ပါးပါးလေးနှင့် ခြားလှသော စကားလုံးများ ဖြစ်သည်။ ဘဝင်မြင့်ခြင်းနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားများမှာ အသိဉာဏ်အတိမ်အနက် အမျိုးမျိုး ရှိကြသလို အယူအဆကလည်း အမျိုးမျိုးဖြစ်လေရကား အတော်ပြောရခက်သည့် ကိစ္စများ ဖြစ်ပါသည်။
စင်ကာပူရီယန်များနှင့် မြန်မာတွေ၏ အများစုတူနေသော ဘုံခြားနားမှု တချို့ကို ကြည့်လျှင် စင်ကာပူရီယန်များသည် သူတစ်ပါးကို အနှောက်အယှက် မဖြစ်လျှင်၊ ကိုယ်မှန်သည်ဆိုလျှင် နောက်ဆုတ်စရာမလို ဟူသောအခြေခံပေါ်တွင် မူတည်၍ သွားလာလှုပ်ရှားကြသည်။ ပြဿနာဖြစ်လျှင် ဘောင်ထဲက ရှင်းနိုင်သည်။ ဘယ်သူ့မှ ကြောက်စရာမလို။

ဤအချက်မှာ မှန်သည်၊ ကောင်းသည်ဟု ဆိုနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအနေနှင့် နည်းနည်းလေးမှ အနာမခံနိုင်သော၊ ထစ်ကနဲရှိ ကွန်ပလိန်းများသော၊ အလုပ်လုပ်ဖို့ထက် အခွင့်အရေးနှင့် ကိုယ့်ဖို့ကိုယ့်တွက်သာ ကြည့်တတ်သော၊ သူတစ်ပါးအမှားကို ခွင့်မလွတ်တတ်သော လူ့အဖွဲ့အစည်းကြီး ဖြစ်နေတော့သည်။ အနောက်တိုင်းမကျ၊ အရှေ့တိုင်းမကျ စ လုံးတွေ သူတစ်ပါးအမှားကို နားမလည်၊ ခွင့်မလွှတ်တတ်ခြင်းနှင့် အကြောင်းမဲ့ ကြီးကျယ်ခြင်းများကို You Tube တွင် နမူနာ သာဓကများစွာ ကြည့်နိုင်သည်။ MRT ပေါ်က ထိုင်ခုံတစ်နေရာအတွက်နှင့် ခွန်းကြီးခွန်းငယ် ဖြစ်ကြသည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ မသန်မစွမ်းများအတွက် ဦးစားပေးသတ်မှတ်ထားသော ခုံကို ခပ်တည်တည်နှင့် မသိသားဆိုးရွားစွာ ထိုင်နေသူများနှင့် ဤခုံသည် သူ့အတွက် ရကို ရ ရမည့် အခွင့်အရေးဟု လုံးဝယူဆထားသူ စီနီယာစီတီစင်ခေါ် မပြည့်ဝသည့် အဘိုးကြီးအဘွားကြီးများ၏ တိုက်ပွဲသည် စင်ကာပူတွင် တွေ့နေကျ၊ မြင်နေကျ မရိုးနိုင်သည့် စရိုက်မြင်ကွင်းများ ဖြစ်သည်။
 
သူတစ်ပါးအမှားကို ခွင့်မလွှတ်တတ်ခြင်းနှင့်အတူ ပါလာသည်က ကိုယ့်အမှားကို သူတစ်ပါးပေါ် လွှဲချအခွင့်အရေးယူတတ်ခြင်းပင် ဖြစ်သည်။ အမှန်တကယ် ဖြစ်သင့်သည်က သက်ကြီးရွယ်အိုမှ မဟုတ်ပါ…၊ ကိုယ့်ထက် လိုအပ်သည်ဟု ယူဆလျှင် နေရာပေးရမည်သာ ဖြစ်သည်။ ဦးစားပေးထိုင်ခုံ၌ ထိုင်နေသူသည် လူငယ်ဖြစ်သော်လည်း ကျန်းမာရေးမကောင်းချိန် ဖြစ်ကောင်းဖြစ်နေနိုင်သည်ကို နားလည်တတ်ဖို့ လိုသလို နေရာပေးပါကလည်း ကျေးဇူးတင်ကြောင်း ပြောခြင်းဖြင့် မေတ္တာတရားရှေ့ထား စိတ်ချမ်းသာရမည့်အစား နှစ်ဦးနှစ်ဘက် နှလုံးသွင်းပုံ နည်းလမ်းမဟုတ်သောကြောင့် မကြာခင်ထသွားရမည့် ခေတ္တခဏနေရာလေးတစ်ခုအတွက် စကားများကြ၊ ရန်ဖြစ်ကြခြင်းဖြစ်သည်။ ရှက်စရာကိစ္စကို ရှက်စရာဟု မမြင်ကြခြင်းကတော့ မိဘအဆုံးအမ၊ ဘာသာရေး အဆုံးအမ နည်းပါးခြင်းကို ပြပါသည်။ တရားမဲ့လွန်းရာ ရောက်ပါသည်။

စင်ကာပူ မပြည့်အိုးများအကြောင်း ပြောပြီးသည်၌ ကိုယ်ပေါင်ကိုယ်လှန်ထောင်း ပါဦးမည်။ ကျွန်တော်တို့ မြန်မာတွေရဲ့ ပြဿနာကတော့ တစ်မျိုးဖြစ်သည်။ ရဝတရုံး သွား ထောက်ခံစာတောင်းရ၊ အပြောအဆိုခံရ၊ ကိုယ့်အိမ်ကိုယ်နေရင်း ညဉ့်နက်သန်းခေါင် ဧည့်စာရင်းစစ် ပြဿနာအရှာခံရ၊ ကားစီးသွားလျှင် စပါယ်ယာက ဟောက်တာခံရ၊ ရုံးပြင်ကန္နားသွားလျှင် အစိုးရမင်းများ၏ အဟောက်အဟိန်းကိုခံရ၊ ဆေးရုံဆေးခန်းသွားလျှင် ဆရာဝန် နာ့စ်မများ၏ အကြိမ်းအမောင်းကို ခံရနှင့် ကိုယ့်နိုင်ငံထဲတွင် နေရင်း မွေးကတည်းက လူ့အခွင့်အရေး၊ လူ့တန်ဖိုးကို မရဖူးကြရှာသော လူမျိုးကို မြန်မာဟု ခေါ်ပါသည်။ ဒီမိုကရေစီဘိုးအေနိုင်ငံများနှင့် မယှဉ်နိုင်သော်ငြား ကိုယ့်နိုင်ငံထက်စာလျှင် လူ့အခွင့်အရေး ပိုရှိသော စင်ကာပူသို့ ရောက်လာသောအခါ အခွင့်အရေးအကြောင်း အခြေခံပညာ မကျေသော ကျွန်တော်တို့ မြန်မာတွေခင်မျာ သူတစ်ပါးအခွင့်အရေးကို လေးစားရမှန်းမသိ၊ ကိုယ့်အခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်းမသိ၊ ဘယ်ဟာက သူများအခွင့်အရေး ဘယ်ဟာက ကိုယ့်အခွင့်အရေး ဆိုသည်ကိုလည်း မကွဲပြားရှာ။

စင်ကာပူရီယန်များ ကွန်ပလိန်းများခြင်းကို မြန်မာလူမျိုးတိုင်း သိပါသည်။ များသောအားဖြင့်လည်း ဤအကျင့်ကို မြန်မာများ မကြိုက်ကြပါ။ သို့သော် သူတို့က ဒီလိုလုပ်ရင် ငါတို့လည်း ဒီလိုလုပ်မယ် ဟု အိုးပဲ့ကို စလောင်းပဲ့နှင့် အုပ်ကြရင်း သူတို့မကြိုက်သော စင်ကာပူရီယန်များ၏ အကျင့်များကို သူတို့ကိုယ်တိုင် ကျင့်သုံးရင်း ကိုယ်ကိုယ်တိုင် စ လုံး နရီထဲ မျောပါသွားတော့သည်သာ။
သူတစ်ပါးအမှားကို ခွင့်မလွှတ်တတ်တော့။ သေးသေးတင်မခံ၊ ဆတ်ဆတ်ထိမခံ ကွန်ပလိန်းတွေ တက်ကြသည်။ ကိုယ်က မှားနေသည့်တိုင် customer right ကို အလွဲသုံးလျက် ဇွတ်ဖိပြောသည်။ အမှန်တကယ် ကိုယ်က မှားနေတာ သေချာပါက ဆက်လုပ်ရမည့် အလုပ်မှာ အတတ်နိုင်ဆုံး ပြေလည်အောင် ပြောရုံသာ။ မြန်မာလိုတော့ အသနားခံသည်ပေါ့။ ဝန်ဆောင်မှု ပေးသည့်ဘက်က ရေရှည်ကို ကြည့်၍ customer ကို ဦးစားပေးကာ လိုက်လျောသည့် ကိစ္စများ ရှိနိုင်ပါသည်။ သို့သော် ဒါသည် ရသင့်ရထိုက်သည့် အခွင့်အရေးမဟုတ်ဘဲ နားလည်မှု၊ လိုက်လျောမှုဆိုသည်ကို ပြတ်ပြတ်သားသား မြင်တတ်ဖို့ လိုပါသည်။

 နောက်ဆက်တွဲအဖြစ် ကိုယ်ကိုယ်ကို အလွန်အကျူး အထင်ကြီး ×င်ခေါင်းကျယ်သည့် အကျင့်ပါ ပါလာတော့သည်။ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းသည် သူတစ်ပါးကို အထင်သေးခြင်း ဖြစ်လေရကား မြန်မာအချင်းချင်း အထင်သေးသော၊ အိမ်က ကလေး မြန်မာလို မပြောတတ်ခြင်းကို ဂုဏ်ယူနေသော မြန်မာလူမျိုးများ များလာတာ မဆန်း။ စ လုံးကို အထင်ကြီး၍ စ လုံးကို လိုက်တုသော်ငြား ကိုယ့်သားသမီးကျတော့ မြန်မာစိတ်ရှိ၍ မိဘကို ပြန်သိတတ်စေချင်ပြန်ကြပါရောဗျ။ မိဘကို ပြုစုလုပ်ကျွေး၊ ကျေးဇူးဆပ်တာမျိုးက စင်ကာပူမှာ အတော်ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်သည်။ စင်ကာပူလူနေမှုစရိုက်အတိုင်းသွား၍ မြန်မာ့ယဉ်ကျေးမှုအတိုင်း ရှိစေချင်သည်က အတော်အဆီအငေါ် မတည့်သည့်ကိစ္စဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံခြားမှာ နေသော်ငြား မြန်မာလို သြချလောက်အောင် ကျွမ်းကျင်သော၊ ကိုယ့်ထမီကိုယ်ချုပ်ဝတ်သော၊ ဘယ်ဘက်ကစမ်းစမ်း ထူးချွန်သော အာဇာနည်အမျိုးသမီးမျိုးကား တစ်ခေတ်တစ်ယောက် ပေါ်ဖို့မလွယ်သည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ဒေါ်ခင်ကြည်ကလည်း တကယ့်အာဇာနည်မိခင် ဖြစ်သည်။ နိုင်ငံခြားမှာနေသော်ငြား ဖြစ်နိုင်လျှင် ဒေါ်စုလို ဖြစ်စေချင်သော မိဘများရှိနိုင်ပါသည်။ သို့သော် မိဘကိုယ်တိုင်က ဒေါ်ခင်ကြည်လို စိတ်မျိုး ရှိဖို့လိုသည်ပေါ့။ ဒေါ်စုဖြစ်မလာဘဲ အောင်ဆန်းဦး ဖြစ်သွားသူတွေက အများစုဖြစ်သည်။
ကျွန်တော်ကတော့ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရုံ၊ ပိုက်ဆံရှာတတ်ရုံနှင့် မပြီးဟု ထင်သည်။ စိတ်ဓါတ်နှင့် ကျင့်ဝတ်နီတိကို ဖိဖိစီးစီး သင်ကြားဖို့ လိုသည်ဟု သဘောရပါသည်။ မြန်မာတွေ မြန်မာစာ အားနည်းလာတာကတော့ facebook နှင့် Web site များမှ သောက်သောက်လဲ မှားနေသော စာလုံးပေါင်း အမှားများကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ဒေါ်စုကို အင်္ဂလိပ်တဝက် မြန်မာတဝက် မေးခွန်းထုတ်သော လူငယ်လေးကို ဒေါ်စု ဆုံးမသော ဗွီဒီယိုလေးကို ကြည့်ဖူးသူများ များပါလိမ့်မည်။ မိဘများ ရှက်တတ်လျှင် လဲသေဖို့ ကောင်းပါသည်။

သူတို့လို မနေ့တစ်နေ့ကမှ နိုင်ငံခြား ရောက်သည်မဟုတ်။ ငယ်စဉ်ကတည်းက နေလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာစာ အပြောအဆိုသာမက အရေးအသားကျွမ်းကျင်မှုကိုပါ ကြည့်မြင်တတ်စေချင်လှသည်။  
မြန်မာ့ယဉ်ကျေးမှုနှင့် ကျင့်ဝတ်အကြောင်း၊ သမ္မာအာဇီဝအကြောင်း ပြောမည်ဆိုလျှင် ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်ဖို့လိုကြောင်း သဘောပေါက်ပါသည်။ ကျွန်တော်တို့ လူမျိုးက စေတနာအလျှောက် ပြောလျှင်တောင် ပြောသူက ဘယ်အဆင့်လည်းဟု ကြည့်တတ်သောကြောင့် ဖြစ်ပါသည်။ လောလောဆယ်တော့ သိပ်အများကြီး မပြောနိုင်သေးပါ။

ကြိုးစားဆဲ ဖြစ်ပါသည်။ နည်းမှန်လမ်းမှန်နှင့် လိပ်ပြာသန့်စွာ အောင်မြင်ချင်ပါသည် ခင်ဗျား။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...