Sunday, July 22, 2012

Facebook မရှိတဲ့ ကမ္ဘာ

ကွန်ပျူတာဆိုတဲ့ ပစ္စည်းက တော်တော်ခက်တယ်ဗျ။ သူက ရည်းစားထားတာနှင့် အလားသဏ္ဌာန် တူတယ်။ တူပုံက ဒီလို။

ရည်းစားဆိုတာ မရှိတုန်းက တစ်ယောက်တည်း ကိုယ့်ဖာသာကိုယ် အဆင်ပြေပြေပါပဲ။ ရည်းစားရှိလာတော့ စိတ်တိုင်းတွေကျပြီး OK နေပြန်ပါရော။ ဒါပေမဲ့ ရည်းစားနဲ့ ပြတ်လည်းသွားရော….. သွားရော…။ အရင်က ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းနေတာ အကောင်း။ ရည်းစားရှိပြီး ပြတ်သွားတော့မှ လမ်းသွားရင်လည်း လက်က ဘယ်နားထားရမှန်း မသိ။ ခါတိုင်းလို ဆွဲသွားစရာ၊ ကိုင်ထားစရာက မရှိ (လက်ကို ပြောတာ..)။ ပြဿနာက အဲဒီမှာ စတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကိုယ့်ခြေမကြီးပဲ ကိုယ်ကုန်းကိုက်ရတော့မလိုလို….။ ဟတ်ကော့ကြီးဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ။

ကွန်ပျူတာ ဆိုသဟာလည်း ဒီလိုပဲဟ။ ကွန်ပျူတာမရှိဘဲ နေတုန်းကလည်း ဘာမှမဖြစ်ပါဘူး။ နေ နေတာပဲ။ အဲဒီ ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ပေါင်းလိုက်တော့ ပိုဆိုး..။ အခုတော့ အရင်တုန်းက ကွန်ပျူတာ နဲ့ အင်တာနက် မရှိဘဲ ငါဘယ်လို နေခဲ့ပါလိမ့်လို့ မနည်းပြန်စဉ်းစားနေရတယ်။ အင်တာနက်မရှိဘဲ ကွန်ပျူတာချည်းပဲတောင် အကျင့်က တော်တော်ပျက်တယ်။ စာလေးနည်းနည်းပါးပါး ရေးရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ ဆရာဦးအောင်သင်းက ပြောဖူးတယ်။ လူတစ်ယောက် လက်ရေးမလှဘူးဆိုတာ သူ့မူလတန်းဆရာမ ညံ့လို့...တဲ့။ ကွန်ပျူတာထဲမှာဆို စာလုံးတွေက ပိုလည်းလှတယ်။ လက်ရေးမလှလည်း အကြောင်းမဟုတ်ဘူး။ ဆရာမလည်း အပြောလွတ်တာပေါ့..…. ကွန်ပျူတာထဲမှာ Font တွေလည်း ပြောင်းလို့ရတယ်။ အရောင်တွေလည်း ပြောင်းလို့ရတယ်။ စာရင်းလေး နည်းနည်းပါးပါး ပေါင်းနှုတ်မြှောက်စား လုပ်ရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ Excel နဲ့ဆို အရမ်းလွယ်မယ်နော်။

ကွန်ပျူတာ ဘယ်လောက်ကောင်းကောင်း စက်က စက်၊ လူက လူပဲ..တဲ့။ စက်ကို လူလုပ်တာ..တဲ့။ ကွန်ပျူတာစနစ်နဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ၃ နှစ်သား ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကိုတောင် မမှီပါဘူး..တဲ့။ ၃ နှစ်သား ကလေးကို စားပွဲပေါ်တင်ထားပြီး၊ တစ်နေရာကနေ မြှူကြည့်ပါ..တဲ့။ တရွေ့ရွေ့နဲ့ လာပြီး စားပွဲပေါ်က အောက်ကို ပြုတ်ကျသွားတဲ့အခါ ငိုမှာပဲ…တဲ့။ ပြီးရင် စားပွဲပေါ်ပြန်တင်၊ ပြန်ခေါ်ကြည့်ရင် ဆင်းလာမှာ မဟုတ်တော့ဘူး...တဲ့။ ကွန်ပျူတာစနစ်နဲ့ လုပ်ထားတဲ့ စက်ရုပ်ကို ၆ ထပ်တိုက်ပေါ်က ခုန်ချလို့ အမိန့်ပေးရင် ခုန်ချသွားမှာ..တဲ့။ အောက်ရောက်လို့ တစ်စစီပြုတ်သွားလည်း ပြန်တပ်၊ ပြန်ခုန်ချခိုင်းရင် ပြန်ခုန်ချဦးမှာပဲ…တဲ့။

၂၀၀၀-ခုနှစ်လောက်တုန်းက KMD သင်တန်းတစ်ခုမှာ ဦးသောင်းတင်ပြောသွားတဲ့ အထဲက မှတ်မိနေတာလေးပါ။ အခု စက်ရုပ်တွေကတော့ ပရိုဂရမ်တွေ အရမ်းကောင်းပြီး အသိဉာဏ်ပိုရှိလာတယ်လို့တော့ ပြောနိုင်ပေမဲ့ ပရိုဂရမ်ဆိုတာကလည်း ဖြစ်နိုင်ရာချေတွေကို လူက တွေးတောပြီး ရေးသွင်းထားရတာပဲ မဟုတ်လား။
မှတ်ဉာဏ်တုလို့ ခေါ်တဲ့ ပရိုဆက်ဆာ (Processor) တွေရဲ့ အမြန်နှုန်းတွေကလည်း အချိန်တိုအတွင်း ကြောက်ခမန်းလိလိ တိုးတက်လာခဲ့တာကလား။ နောင်ဆို Rate of Thought လို့ခေါ်တဲ့ အတွေးရဲ့ လျှင်မြန်ခြင်းမျိုးနဲ့တောင် သွားဦးမှာဆိုပဲ။ ဒါကတော့ ကြွားတာနေမှာပါဗျာ။ အတွေးရဲ့ အလျှင်ကို ဘယ်စက်မှ လိုက်မှီမယ်မထင်ပါဘူး။ မိန်းမတွေရဲ့ အတွေးဆို ပိုဆိုးသေး။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ ခဏလေးအတွင်းမှာကို တဖျတ်ဖျတ်ပြောင်းနေတာ။ ဘယ်လောက်ကောင်းတဲ့ ကွန်ပျူတာဖြစ်ဖြစ် မိန်းမစိတ်၊ မိန်းမအတွေးကိုတော့ မမှီစေရဘူးဗျာ။ လောင်းရဲရင် လောင်းလိုက်ချင်သေး။

စက်ပစ္စည်းတကာ့ စက်ပစ္စည်းတွေထဲမှာ ကွန်ပျူတာဆိုတဲ့ အကောင် ပေါ်ပြူလာဖြစ်ရခြင်းအကြောင်းက နတ်တွေတောင် မလိုက်နိုင်တဲ့ လူ့အလို တော်တော်များများကို သူက ဖြည့်စွမ်းပေးနိုင်သကိုး။ ဟိုးအရင်က ကွန်ပျူတာကို ဇိမ်ခံပစ္စည်းလို့ အထင်မှားခဲ့ကြဖူးပါတယ်။ တီဗွီတို့ အောက်စက်တို့လို ထင်လို့ပေါ့ဗျာ။ တီဗွီနဲ့ လက်နှိပ်စက်ပေါင်းထားတဲ့ဟာကြီးလို့ ထင်သကိုး။ ကွန်ပျူတာ ဝယ်နိုင်တဲ့သူတွေကလည်း သူဋ္ဌေးတွေ၊ ဆရာကြီးတွေပေါ့ဗျာ။ ကွန်ပျူတာဝယ်မယ်ဆိုရင် အိမ်မှာ အဲယားကွန်းခန်း အရင်ဆောက်ရသေးတာ။ ကွန်ပျူတာက အဲယားကွန်းနဲ့မှ နေတာတဲ့။ အခန်းထဲမှာ ကော်ဇောခင်း၊ ကွန်ပျူတာခန်းထဲကို ဖိနပ်ချွတ်ပြီးမှ ဝင်ရတာ။ ဒါတောင် အင်တာနက် မပေါ်သေးတဲ့ ခေတ်နော်။ သူ့ချည်းပဲတောင် အဲဒီလောက် ဘုန်းကြီးတဲ့ စက်ခင်ဗျ။ လူသာ ပန်ကာ နပ်မမှန်ရင်ရှိမယ်၊ ဒင်းကို အဲယားကွန်းနဲ့ ထားရတာဗျ။ အခုတော့လည်း…….. လုပ်ချင်သလို လုပ်နေကြတော့တာပါပဲ။


အဲဒီနောက်တော့ အင်တာနက်ဆိုသဟာကြီးက ပေါ်လာပြန်ရော။ ကွန်ပျူတာတွေကလည်း အရွယ်စုံ ဆိုဒ်စုံ။ ကွန်ပြူတာဘိုးအေကြီး၊ ကွန်ပျူတာအဖေကြီး၊ ကွန်ပျူတာ သားလေး၊ ကွန်ပျူတာ မြေးလေး၊ ကွန်ပျူတာ ဘုစုခရုလေး၊ ကွန်ပျူတာ ပိစိညှောင့်တောက် စသဖြင့် ကွန်ပျူတာမိသားစုလို့ ပြောရလောက်အောင် ဆိုဒ်မျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်လာကြပါရောဗျ။ ကွန်ပျူတာဈေးတွေလည်း ကျသထက်ကျလာတော့ လူတိုင်းလိုလို ကွန်ပျူတာတွေနဲ့ ခေတ်မှီလာကြတော့တာပေါ့။  

ဘီလ်ဂိတ်စ်က ပြောဖူးတယ်။ နောင်ကျရင် လူတစ်ယောက်ကို ကွန်ပျူတာတစ်လုံး ဖြစ်စေရမတဲ့။ အဲဒီတုန်းက IBM က မဖြစ်နိုင်ဘူးလို့ ပျက်ရယ်ပြု မှတ်ချက်ချခဲ့ဖူးပါတယ်။ အခုတော့ လူတစ်ယောက်တည်းကိုပဲ အိမ်မှာ သုံးဖို့ Desktop၊ ရုံးမှာသုံးဖို့ Laptop၊ လမ်းသွားရင်းသုံးဖို့ Smart Phone၊ Smart Phone က မျက်နှာပြင်သေးတော့ သုံးရတာအားမရပြန်လို့ Tablet ၊ အဲဒါအပြင် ဧည့်ခန်းထဲမှာ Smart TV ခေါ်တဲ့ အင်တာနက် TV၊ အလှထောင်ထားတဲ့ Digital Photo Frame ဆိုတာလည်း ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေထဲက လိုအပ်သလောက် ဖြတ်ထုတ်ထားတဲ့ ကွန်ပျူတာတွေပဲ မဟုတ်လားဗျာ။ လက်မှာ ပတ်တဲ့ နာရီနေရာမှာတောင် iPod Nano က နေရာယူလာနေပြီကော။  ပိုက်ဆံရှိရင် ရှိသလောက်၊ ဝါသနာပါရင် ပါသလောက် အမျိုးမျိုးအပြားပြားသော ကွန်ပျူတာများကို သုံးနေလိုက်ကြတာ လူတစ်ယောက်ကို ကွန်ပျူတာ ဘယ်နှစ်လုံး သုံးနေမှန်းတောင် အတော်ပြောရခက်ပါတယ်။ ၁၀ စုနှစ် တစ်ခုအတွင်းလေးမှာတင် လူစင်စစ်ကနေ စက်ရုပ်တစ်ပိုင်းလူသားတွေ ဖြစ်သွားကြတော့တာပါပဲ။

ဘာကြောင့်များ ကွန်ပျူတာတွေ ဒီလောက် လိုနေကြပါလိမ့်။ ဘာတွေများ သုံးနေကြပါလိမ့်။
ကွန်ပျူတာဗဟုသုတမရှိသူဟာ ရှေ့လျှောက်ရပ်တည်ဖို့ တော်တော်ခဲယဉ်းမဲ့ သဘောရှိပါတယ်။ ကလေးကစားစရာတွေကမှအစ ကွန်ပျူတာနဲ့ မကင်းတော့။ iPhone နဲ့ ထိန်းရတဲ့ ကစားစရာတွေ အလျှိုလျှိုပေါ်လာလိုက်တာ ကိုယ်တောင်လိုက်မမှီဘူး။ အိမ်လုံခြုံရေးစနစ်တွေဆိုလည်း အဆင့်တွေက မြင့်သလားမမေးနဲ့။ အင်တာနက်ကတစ်ဆင့် ကြည့်လို့ရတဲ့ ကင်မရာ၊ အင်တာနက်က တစ်ဆင့် ခိုင်းလို့ရတဲ့ ထမင်းပေါင်းအိုး၊ ဖုန်စုပ်စက်….. အို… စုံလို့ဗျ။ လိုက်လို့ကို မမှီနိုင်တာ။ အင်တာနက်ကြီး ကျယ်ပြန့်လာသည်နှင့်အမျှ ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုက လူမှုရေးကွန်ယက် (Social Network) တွေ ခေတ်စားလာပါတယ်။

အလုပ်ထဲမှာ အလုပ် လုပ်နေရင်း facebook ကို minimize လုပ်ထား၊ မကြာခဏ ဘာများထူးသလဲလို့ တက်တက်ကြည့်၊ နေ့လည်စာ စားရင်း တိန်… ဆို facebook notification အသံကြား၊ ဖုန်းကိုထုတ်ကြည့်၊ တစ်ယောက်တည်း ရယ်လိုက်မောလိုက်၊ မျက်မှောင်ကြုတ်လိုက်၊ တောက်ခေါက်လိုက်၊ အလုပ်ကအပြန် ကားပေါ်မှာ Tablet ကိုထုတ်၊ facebook ကိုကြည့်၊ ကွန်မန့်လေး ဝင်ပေးလိုက်၊ Like လေး လုပ်လိုက်၊ ကားပေါ်ကဆင်း အိမ်ကိုရောက်၊ ခြေအိတ်မချွတ်ရသေးခင် ကွန်ပျူတာကို အရင်ဖွင့်၊ facebook က သတင်းပလင်းတွေ တစ်ချက်ကြည့်၊…….. တောက်… ဒီအရူးကတော့ လုပ်ချလိုက်ပြန်ပြီ…. တရုတ်သတင်းစာမှာ ပါသတဲ့…၊ တို့ဆီက အရူးတစ်ကောင် မီဒီယာရှေ့သွားပြီး ကိုယ့်စကားကိုယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ… တို့ခေါင်းဆောင်ကို မနာလိုလိုက်တာလည်း ပြာလို့…. အရည်အချင်းက ပေါချာချာနဲ့ မတန်မရာ…. ကိုယ့်သမ္မတကို သိက္ခာချတဲ့ အမတ်၊ သူ့မရှိတဲ့သိက္ခာ ရစရာမရှိ ဖြစ်သွားတာကို နားမလည်ဘူး.... ကိုယ့်အဆင့်အတန်းကိုယ်ပြ… တော်တော်အရှက်နည်းတဲ့ ငတိ…. ရွံစရာကောင်းလိုက်တဲ့ စိတ်ဓါတ်… ထွီ…… (စိတ်ထဲက ထွေးလိုက်တဲ့ တံတွေး…. တကယ်ထွေးမိရင် ကိုယ့်အခန်းထဲ ကိုယ့်ဘာသာကိုယ် သန့်ရှင်းရေးလုပ်ရမှာ…. ဒီက ထွေးလိုက်လို့ အပြင်မှာ ဒီငတိမျက်ခွက် တကယ်သွားမှန်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ…. အဲဒီလိုသာ ရကြေးဆိုလည်း ကိုယ့်အရင်ထွေးမဲ့လူတွေ အများကြီးနေမှာ…. သူလည်း မျက်နှာသစ်စရာတောင် လိုမှာဟုတ်ဘူး…ဟီး..)

အဲဒါကတော့ Facebook က ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေဖတ်ပြီးရင် ရေရွတ်နေကျ မန္တန်နမူနာတွေပေါ့…

မန္တန်ရွတ်ပြီးမှ ရေမိုးချိုး၊ ထမင်းစား၊ စားရင်းလည်း မျက်လုံးက facebook ကမခွာနိုင်။ အိပ်ခါနီးတော့ ကွန်ပျူတာကို ပိတ်လိုက်တယ်။ ခဏနေတော့ ဖုန်းမှာ facebook notification တစ်ခု ဝင်လာတဲ့အကြောင်း မီးလင်းလာတယ်။ ဖုန်းကို ဖွင့်လိုက်တယ်။ facebook ထဲ ပြန်ရောက်သွားတယ်။
သတင်းခေတ်ဆိုတဲ့အတိုင်း များလိုက်တဲ့သတင်းတွေ။ ပထမတော့ သတင်း Web Site တွေက သတင်းတွေ ရတယ်ဆိုရင်ပဲ အတော်ဟုတ်နေပြီ။ မနေ့က သတင်း ဒီနေ့ လာမပြောနဲ့။ အောက်သွားပြီ။ နောက်တော့ သတင်းတွေက facebook ကနေလာတယ်။ စောစောကသတင်း တော်တော်ကြာနေ အောက်သွားပြီ။ သတင်းသင်္ခါရက ကြောက်စရာကောင်းလောက်အောင် မြန်တယ်။ စကားဝိုင်းမှာ အောက်နေတဲ့ သတင်းတစ်ခု သွားပြောမိလို့ အခန့်မသင့်ရင် အလှောင်ခံရသေးတာ။ အဲဒီတော့ update သတင်းတွေကို အလွယ်တကူ အမြဲရနေတာက facebook မဟုတ်လား။ ဒီတော့လည်း တစ်ကမ္ဘာလုံး facebook ကမ္ဘာကြီးဖြစ်လာတာ မဆန်း။ ဒီလိုနဲ့ပဲ facebook ကို အခြေခံလို့ သတင်းတွေ ဖြန့်ကြ၊ ဆက်သွယ်ကြနဲ့ အာရပ်နွေဦးတော်လှန်ရေး ဖြစ်တယ်။ အာဏာရှင်တွေ ကျဆုံးကုန်တယ်။ တရားကျစရာတွေ ဆက်တိုက် ဖြစ်လာတယ်။ အာရပ်ကမ္ဘာရဲ့ အပြောင်းအလဲတွေက တစ်ကမ္ဘာလုံးပေါ်မှာ သက်ရောက်တယ်။

လူတွေရဲ့ ဆက်သွယ်ရေး၊ ပေါင်းသင်းဆက်ဆံရေးတွေလည်း ပြောင်းကုန်တယ်။ တကယ်အပြင်မှာ မမြင်ဖူးပေမဲ့ facebook နဲ့ ခင်ကြတယ်။ Actual ထက် Virtual ဆက်ဆံရေးတွေက နေရာယူလာတယ်။ အလုပ်ပြီး အလုပ်နဲ့ မွန်းကြပ်နေသူတွေ၊ အထီးကျန်ခံစားမှု ရှိနေသူတွေအတွက် social network တွေက ဖြေဆေးဖြစ်လာတယ်။ facebook ကနေ ကျူကြတယ်။ ဇာတ်လမ်းတွေ ဖြစ်ကြတယ်။ လူတစ်ဦးနဲ့ တစ်ဦး အဆက်အသွယ် လွယ်လင့်တကူ လုပ်နိုင်လာပါတယ်။ ဆက်သွယ်ရေးဆိုတာ လူ့အဖွဲ့အစည်းအတွက် အသက်သွေးကြောလို အရေးကြီးလှတာမို့ Social Network တွေ ကျယ်ပြန့်လာတာ ဝမ်းသာစရာပါ။

ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို လိုအပ်တာထက်ပိုပြီး သုံးနေပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာပါတော့တယ်။ တစ်နေ့တစ်နေ့ facebook ရှေ့မှာပဲ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးနေသူတွေ များသထက်များလာပါတယ်။ ဘော်ဒါတစ်ယောက်ကတော့ အိမ်ရှင်မက သူ့ကိုဂရုမစိုက်ဘဲ facebook ကို ဂရုစိုက်နေလို့ဆိုပြီး ကွန်ပျူတာကြီး ရိုက်ခွဲပါ့မယ် တကဲကဲ လုပ်နေလေရဲ့။ ရုပ်ဝတ္ထုတွေနောက်ကိုလိုက်ရင်း လူတွေဟာ စက်ရုပ်ပိုဆန်လာကြတယ်။ အလုပ်ပြီး အလုပ် လုပ်နေရလို့ မိသားစုအတွက်အချိန်တွေ နည်းလာရတဲ့ကြားထဲ မရှိမဲ့ရှိမဲ့ မိသားစုနွေးနွေးထွေးထွေးအချိန်လေးတွေကို facebook က ကူပြီးဖဲ့ပါတယ်။ ဟိုအရင်တုန်းက တစ်နေကုန် အလုပ်သွား၊ ကျောင်းတက်နဲ့ သွားလာလှုပ်ရှားနေရတဲ့ မိသားစုဝင်တွေအတွက် ညနေစာထမင်းဝိုင်းလေးတွေဟာ မောသမျှဖြေဖို့၊ မိသားစုတွေ အချင်းချင်း၊ သားသမီးနဲ့ မိဘ နားလည်မှုတွေ နွေးထွေးမှုတွေ ပြဖို့၊ ရဖို့ တန်ဖိုးရှိတဲ့ အချိန်လေးတွေပေါ့။ 

အခုတော့ တစ်နေကုန် အပြင်မှာ ကျင်လည်ပြီး ပြန်လာကြတော့လည်း လက်ထဲမှာ iPhone၊ iPad ကိုယ်စီနဲ့ နားကြပ်လေးတွေ ကိုယ်စီ၊ ကိုယ့်ဖျော်ဖြေရေးနဲ့ကိုယ်၊ နားထဲမှာ သီချင်း၊ မျက်လုံးက လက်ထဲက ကွန်ပျူတာလေးရဲ့ မျက်နှာပြင်ပေါ်က facebook ပေါ်မှာ၊ Game ပေါ်မှာ၊ တကယ်အစစ်အမှန်ရှိနေတဲ့ ပတ်ဝန်းကျင်ကြီးက သူတို့နဲ့ ဘာမှ မဆိုင်သယောင်။ ထမင်းဝိုင်းမှာလည်း အတူထိုင်တာတွေ နည်းလာတယ်။ အမေ့လက်ရာ ထမင်း၊ ဟင်းတွေ ဘာတွေ ဘာခံစားချက်မှ သိပ်မရှိကြတော့။ စားပြီးသောက်ပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ဝင်၊ ကိုယ့်ကွန်ပျူတာနဲ့ ကိုယ်၊ ကိုယ့် facebook နဲ့ ကိုယ်….။ သြော်…. ခေတ်တွေ ပြောင်းသွားခဲ့ပြီကော။

လူသားတွေရဲ့ စိတ်ဓါတ်တွေလည်း ဒီဂျစ်တယ်ရေစီးနဲ့အတူ စက်ရုပ်နှလုံးသားတွေ များလာခဲ့တော့တယ်။ မိတ်ဆွေဆိုတာ အင်တာနက်မှာ၊ ရန်သူတွေလည်း အဲဒီထဲမှာ။ ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေလည်း ဒီ device တွေ ထဲမှာဆိုတော့ ဒီ ကွန်ပျူတာကြီးကြီးငယ်ငယ်တွေက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတော့တာ။ ဖုန်းတစ်လုံး ပျောက်သွားတယ်ဆိုတာ အရင်ကလို ဖုန်းတန်ဖိုးတစ်ခုတည်း ဆုံးရှုံးသွားတာမဟုတ်တော့။ ကိုယ့်ရဲ့ အချက်အလက်တွေပါ ပါသွားတာမို့ အန္တရာယ် အတော်များတဲ့ ကိစ္စ။ တန်ဖိုးက သတ်မှတ်လို့ မရတော့။ တစ်အိမ်တည်းနေတဲ့ မိသားစုဝင်ချင်း email ပို့သူက ပို့တယ်။ facebook နဲ့ ပွားသူက ပွားတယ်။ အလုပ်ထဲမှာလည်း ဟိုဘက်စားပွဲနဲ့ ဒီဘက်စားပွဲ email တွေနဲ့ ပစ်ကြခတ်ကြတယ်။ Cyber war ကြီးကို ဖြစ်လို့။ ကြာတော့ ဘယ်လောက်သာယာတဲ့ Ringtone သံဖြစ်ဖြစ် ဖုန်းသံကြားရင် Stress ဖြစ်တယ်။ ဖုန်းထဲက ဝက်အူလှည့်တွေ၊ ပလာယာတွေ ထွက်လာတယ်လို့ ထင်မိတယ်။ ကိုယ့်ကို ကြပ်မဲ့ဟာတွေလေ။ Outlook ဖွင့်ရင် ခေါင်းငုံ့ပြီး ဖွင့်ရတယ်။ ကျည်ဆံတွေ ပလူပျံပြီး ထွက်လာသလိုပဲ။ စစ်ပွဲတစ်ခုထဲ ရောက်နေသလိုကို ထင်မိတယ်ဗျ။ အဲဒီအသံတွေ မကြားရရင်၊ အဲဒီ email တွေ မမြင်ရရင် မင်္ဂလာတစ်ပါးပဲ။ တစ်ရက်တစ်လေ အိမ်မှာ ဖုန်းမေ့ကျန်ခဲ့ရင် စိတ်တွေကို ချမ်းသာနေတာပဲ။ ဘာသံမှ မကြားရလေ ကောင်းလေပဲ။

Matrix ရုပ်ရှင်ထဲကလို လူတွေအားလုံး ကွန်ပျူတာပရိုဂရမ်တွေကို သူတို့ရဲ့ တကယ့်ဘဝလို့ ထင်နေကြတော့တာ။ 0 တွေ 1 တွေနဲ့ ဖွဲ့စည်းထားတဲ့ ပရိုဂရမ်တွေထဲမှာ သူတို့ဟာ သူတို့ကိုယ်သူတို့ နာမည်ကြီး မင်းသား မင်းသမီးတွေလည်း ဖြစ်နိုင်ကြတယ်။ ပစ်ချင်ပစ်၊ ခတ်ချင်ခတ်၊ ရမ်းကားချင်တိုင်း ရမ်းကားနိုင်တယ်။ မိတ်ဆွေတွေ ထောင်ချီပြီး ရှိနိုင်ကြတယ်။ ကိုယ့်ကို အရေးတယူ ဂရုစိုက်မဲ့သူတွေ ပရိုဂရမ်ထဲမှာ ရှိတယ်။ Thank you ဆိုတဲ့ စကားလုံးကို ပရိုဂရမ်ထဲမှာ အသေရိုက်ထည့်ထားလို့ရတယ်။ Thank you တွေ ရင်ထဲက မလာတော့ဘဲ ပရိုဂရမ်ထဲက လာတယ်။ နှစ်သိမ့်စကားတွေ၊ အားပေးစကားတွေ ပရိုဂရမ်ထဲကလာတယ်။ iPhone ထဲက  Siri ဆိုတဲ့ ပရိုဂရမ်နဲ့ စကားစမြည်ပြောလို့ရတယ်။

ကျွန်တော်စဉ်းစားရင်း လေပူတစ်ခုကို မှုတ်ထုတ်လိုက်မိတယ်။ လက်ထဲက iPhone ကို ပိတ်လိုက်တယ်။ တစ်နေ့တစ်နေ့ ဒီပရိုဂရမ်တွေနဲ့ နေရတာ ဘဝဆိုတာ ဘာမှန်းတောင်စဉ်းစားချိန်မရတော့ဘူး။ တော်ပြီ။ facebook ကို ပိတ်ပစ်မယ်။ ဒါဆိုရင် အကုသိုလ်လည်း အတော်နည်းမယ်။ မျက်လုံးလည်း အနားရမယ်။ ဒီလောက်တောင်ရှိလှတဲ့ ကွန်ပျူတာမသုံးဘဲကို နေဦးမယ်။ အလုပ်ကအပြန် ဖယ်ရီပေါ်ကနေ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ အား… လှလိုက်တဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ ဒီနားမှာ အရင်က ကွင်းပြင်ကြီးပဲ ရှိတာပါ… ဘယ်အချိန်က ဒီအဆောက်အဦးကြီး ဆောက်လိုက်ပါလိမ့်…။ ကားက တရိပ်ရိပ်ပြေးလွှားနေဆဲ။ စင်ကာပူရဲ့ ညနေခင်းဟာ အနီရောင်သန်းပြီး လှနေတယ်။ ကမ္ဘာအသစ်တစ်ခုကို ရောက်လာသလိုမျိုး ပတ်ဝန်းကျင်ကို အငန်းမရ ကြည့်နေမိတယ်။ အရောင်စုံ စက်ရုပ်တွေလမ်းလျှောက်နေတာကို မြင်ရတယ်။ ကြည့်နေရင်း စိတ်ထဲမှာ နည်းနည်းမသင်္ကာသလို ဖြစ်သွားတယ်။ ဟုတ်တယ်။ နာရီဝက်ဆို အိမ်ကို ပြန်ရောက်ရတော့မှာ။ အခု ၄၅ မိနစ်နီးပါး ရှိနေပြီ။ အိမ်ကို ပြန်မရောက်သေး။ ဖယ်ရီနံပါတ် မှားစီးမိပြီထင်တယ်။ ကားပေါ်အတက်မှာ facebook က သတင်းတစ်ပုဒ်ကို ဖတ်ရင်း၊ နားထဲမှာ သီချင်းတစ်ပုဒ်ကို နားထောင်ရင်း တက်လာခဲ့မိတာကို မှတ်မိတယ်။ ဖယ်ရီမှားစီးမိတာ သေချာပြီ။ ငါအခု ဘယ်ရောက်နေပါလိမ့်။

GPS ဖွင့်ပြီး ဘယ်ရောက်နေတယ်ဆိုတာ ရှာမှပဲ…… ဘောင်းဘီအိတ်ထဲက ဖုန်းကို လက်က အလိုအလျှောက် ရောက်သွားတယ်......... 

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

1 comment:

  1. ☼☼☼အလုပ်ထဲမှာ အလုပ် လုပ်နေရင်း facebook ကို minimize လုပ်ထား၊ မကြာခဏ ဘာများထူးသလဲလို့ တက်တက်ကြည့်၊ နေ့လည်စာ စားရင်း တိန်… ဆို facebook notification အသံကြား၊ ဖုန်းကိုထုတ်ကြည့်၊ တစ်ယောက်တည်း ရယ်လိုက်မောလိုက်၊ မျက်မှောင်ကြုတ်လိုက်၊ တောက်ခေါက်လိုက်၊ အလုပ်ကအပြန် ကားပေါ်မှာ Tablet ကိုထုတ်၊ facebook ကိုကြည့်၊ ကွန်မန့်လေး ဝင်ပေးလိုက်၊ Like လေး လုပ်လိုက်၊ ☼☼☼

    တို့ ဘဝ အစစ်တွေ ...:p



    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...