Friday, August 3, 2012

Philadelphia စမ်းသပ်ချက် (အပိုင်း ၁ မှ ၆) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ယခုတလော အလုပ်တာဝန်များ များပြားလွန်းသောကြောင့် post အသစ်မရေးနိုင်သေးခင် ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဗဟုသုတအဖြစ် ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် facebook တွင် share ၍ မရသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် ယခုအထိ ရရှိသမျှ အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)


Philadelphia စမ်းသပ်ချက် (အပိုင်း -၁)

December 29, 2011

နိဒါန်း
စကြဝဠာကြီးဟာ ကျမတို့ တွေးထင် ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မက ပါဘူး။ ကျမတို့ တွေးထင်နိုင်တာထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြဝဠာ ကြီးဆီမှာ အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေ အများအ ပြား ပြည့်နှက်နေပါတယ်။
ဒါပေမယ့် ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျ အောင် မတူညီနေပါဘူး။
စကြဝဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေတိုင်းဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြ ဝဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သ လဲ။ ဘယ်လို မွေးဖွားလာခဲ့သလဲ။ အဲဒီလို မမွေးဖွားမီက ဘာတွေရှိခဲ့သလဲ။ ဒီပုစ္ဆာတွေရဲ့ အဖြေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ပဟေဠိတွေပဲ ဖြစ်ပါတယ်။ ဒီပဟေဠိတွေနဲ့ ပတ်သက်ပြီး လူသားတွေဆီမှာ အတွေးအခေါ် တွေများစွာ ပေါ်ပေါက်လာကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုအတွေးအခေါ်တွေကို သက်သေပြနိုင်ဖို့ ကြိုးစားကြ ပါတယ်။ တခါတရံကျတော့လဲ ပဟေဠိတချို့ကို အဖြေရှာလို့ ရသွားတတ်ပါ တယ်။

ဒါပေမယ့် တချို့အဖြေတွေကို လူတိုင်းသိခွင့်မရကြပါဘူး။ အဖြေတချို့ကို လူအချို့နဲ့ နေရာအချို့ကပဲ သိထားကြပါ တယ်။ ဒီလိုသိထားသူတွေက အဖြေတွေကို ပြင်ပကမ္ဘာက သိခွင့်မရှိအောင် ဖုံးဖိထားတတ်ကြ ပါတယ်။ ဒါတွေဟာ လျှို့ ဝှက်ချက်တွေ ပါပဲ။
အချို့လျှို့ဝှက်ချက်တွေဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့အတွက် အစိုးရတွေက သတင်းမပေါက်ကြားအောင် ဖုံးဖိ ထားကြပါတယ်။ ဒီသတင်းတွေကိုသာ လူအများကြားမှာ ဖော်ထုတ်လိုက်ရင် လူတွေ ထိတ်လန့်သွားမယ်လို့ တွေးဆမိ ကြလို့ပါ။ ကမ္ဘာကြီးပေါ်ကို အခြားကမ္ဘာက ဂြိုလ်သားတွေ အမှန်တကယ် လာရောက် လည်ပတ် ခဲ့ဖူးပါသလား။ ကမ္ဘာ ပေါ်မှာရှိတဲ့ သက်ရှိသတ္တဝါတွေအားလုံးကို ဖျက်ဆီးပစ်နိုင်အောင် စွမ်းအားရှိတဲ့ လက်နက်ဆန်းတွေ ကမ္ဘာပေါ်မှာ တီ ထွင်ပြီးသွားပြီလား။ သိပ္ပံပညာရှင်တွေဟာ လူအများကြားမှာ ချပြလို့ မဖြစ်နိုင်လောက်အောင် (သို့မဟုတ်) ထုတ်ဖော် ပြောပြလို့ ရှက်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ စမ်းသပ်ချက်တွေကို ပြုလုပ်ခဲ့ဖူးပါသလား။

ဒီလိုလျှို့ဝှက်ချက်တွေဟာ ပေါက်ကြားသွားရင် အလွယ်တကူ ပျံ့နှံ့သွားတာကြောင့် အာဏာပိုင်တွေက သတင်းအနံ့မ ထွက်အောင် လိုက်လံဖုံးဖိလေ့ ရှိတတ်ကြပါတယ်။ လိမ်ညာထားတဲ့ ဇာတ်လမ်းတွေနဲ့ တချို့ကိစ္စတွေဟာ မဖြစ်ပွားခဲ့သ ယောင် ဖန်တီးလေ့ရှိတတ်ကြပါတယ်။ သက်သေအထောက်အထားတွေကို ဖျက်ဆီးလေ့ ရှိတတ်ကြပါတယ်။ တကယ် လို့ သက်သေအထောက်အထားတွေဟာ လူပုဂ္ဂိုလ်တွေရဲ့ မှတ်ဉာဏ်တွေမှာ ကျန်နေခဲ့ရင်ရော၊ ဒါတွေကို ဖျက်ဆီးလို့ ရမလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ဖျက်ဆီးလို့ရပါတယ်။ သမိုင်းအဆက်ဆက်မှာ အစိုးရများစွာဟာ လူပုဂ္ဂိုလ် သက်သေတွေကို အစဖျောက်ပြီး လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းလေ့ ရှိကြပါတယ်။

အမှန်တရားတွေကို ဒီလိုနည်းလမ်းပေါင်းများစွာ အသုံးပြုပြီး ဖုံးဖိထားနိုင်ပေမယ့်၊ ရံဖန်ရံခါမှာတော့လဲ တချို့ဇာတ်လမ်း၊ ဇာတ်ကွက်လေးတွေက ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလိုနဲ့ ထွက်ပေါ်လာတတ်ပါသေးတယ်။ ဥပမာ- လူသာမန်တွေရဲ့ အမြင် ကနေ လုံးဝပျောက်ကွယ်သွားတဲ့ စစ်သင်္ဘောကြီး စတဲ့ ပုံပြင်လေးတွေလိုမျိုးပါ။ သက်ဆိုင်ရာ အစိုးရကတော့ ဒီလိုအ ဖြစ်အပျက်မျိုး လုံးဝ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်လေးတွေကတော့ ကျန်ရစ်နေဆဲပါပဲ။
တချို့ပုံပြင်လေးတွေကို သိရတဲ့အခါ ဒါမျိုးတကယ်ဖြစ်ခဲ့တာ ဟုတ်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိ သွားနိုင်ပါ တယ်။ စစ်သင်္ဘောကြီးတစင်းလုံးဟာ လေထဲကို ပျောက်ကွယ်သွားနိုင်ပါ့မလား။ ဒီလိုဆန်းကျယ်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက် ပြီး အမှန်တရားတွေ ရှိနေခဲ့သလား။ ဒီဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့တဲ့ Philadelphia စမ်းသပ်ချက် ဆိုတာ တကယ်ရှိခဲ့ဖူးပါ သလား။
အမှန်တရားကတော့ တနေရာမှာ ရှိနေပါလိမ့်မယ်။ သက်သေအထောက်အထားတွေဟာလဲ လူတချို့သာ ဖတ်ခွင့်ရှိတဲ့ ဖိုင်တွေထဲက စာရွက်တွေပေါ်မှာ ရှိနေပါလိမ့်မယ်။ ဒီလို ဖိုင်တွေမှာ ရှိနေတတ်တဲ့ အမှတ်တံဆိပ်ကတော့ …



“မင်းနာမည်ကကော”

“Alice Henreid”

ကျမ ရုတ်တရက် ဖြေလိုက်မိပြီးမှ နှုတ်ခမ်းကို ဖိကိုက်လိုက်မိပါတယ်။
သူ့ဆက်ဆံရေးက အရမ်းချောမွေ့တာကြောင့် ကျမ ရှောင်ရှားခေါင်းမာဖို့ အခွင့်အလမ်း မရခဲ့ပါဘူး။
အဲဒီအချိန်မှာပဲ ကျမ သိသွားပါပြီ။ သူဟာ ကျမကို စကားပြောလာအောင် လုပ်နိုင်တော့မယ့် လူတယောက် ဆိုတာကိုပါ။

“မင်းအကြောင်း နည်းနည်းပြောပြပါလား၊ Alice”

သူက ပြောပြီး၊ ကုလားထိုင်နောက်မှီမှာ မှီထိုင်လိုက်ပါတယ်။ သူ့မျက်နှာအမူအရာက အမှန်တကယ် စိတ်ဝင်တစားဖြစ် နေတဲ့ အမူအရာမျိုး ဖြစ်ပါတယ်။
ဒီအချိန်မတိုင်မီအထိ ကျမရဲ့ ဘဝတလျှောက်လုံးမှာ အထီးကျန်သလို ခံစားနေခဲ့ရပါတယ်။ ကျမဟာ အမြဲတမ်း outsider ဖြစ်ခဲ့သူပါ။ ကျမရဲ့ အတိတ်နဲ့ ပတ်သက်ပြီး ကျမရဲ့ အဖိုးကလွဲရင် ဘယ်သူကမှ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။
အခုတော့ ကျမဟာ အလေးထားစိတ်ဝင်စားခံရသူ ဖြစ်နေပါပြီ။ ကျမရဲ့ အကြောင်းတွေကို ထိုင်ပြောဖို့ မေးမြန်းခံနေရပါ ပြီ။ ကျမရဲ့ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရပါတယ်။ ကျမ နည်းနည်းပဲ ပြောပါမယ်။ အနည်းငယ်ပဲ ပြောပါမယ်။ ဒီလို တွေးလိုက်ပြီး ကျမ စကားစပြောပါလိုက်ပါတယ်။

“ကျမဟာ သချင်္ာပညာရှင် တယောက်ပါ”

Philadelphia စမ်းသပ်ချက် (အပိုင်း -၂)

February 6, 2012

“ကျမဟာ သချင်္ာ ပညာရှင် တယောက်ပါ”

ကျမ ဒီလိုဆိုလိုက်ချိန်မှာ အေးဂျင့် Miller က ခေါင်းညိိတ်ပြပါတယ်။ ပြီးတော့မှ
 “ဒီထက်နည်းနည်းပိုပြီး နောက်ကြောင်း ပြန်ပေးပါလား။ ဒီနေ့ မင်းရောက်နေတဲ့ အခြေအနေဆီကို ဘယ်လိုဖြတ်သန်း ရောက်ရှိခဲ့လဲ ဆိုတာကိုပေါ့။ သချင်္ာပညာရပ်ကို ဘယ်အချိန်မှာ စပြီး စိတ်ဝင်စားခဲ့သလဲ။ ဘာကြောင့် မင်းအဖိုး ပရော် ဖက်ဆာ Henreid ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရသလဲ ဆိုတာတွေပေါ့”

“ကျမ အမေကလဲ သချင်္ာပညာရှင် တယောက်ပါပဲ။ ကျမထင်တာတော့ သူ့အဖေ၊ ကျမ အဖိုးဆီက အမွေဆက်ခံခဲ့ တာ နေမှာပေါ့။ ကျမရဲ့ အဖိုးက သချင်္ာပညာရပ်ကို အလွန်စွဲလန်း မြတ်နိုးပါတယ်။ မေမေကလဲ ငယ်စဉ်ကလေးဘဝ ကတည်းက အတော်လေးကို ထူးချွန်ထက်မြက်ခဲ့တယ်။ အနာဂတ်တက်လမ်းတွေ အများကြီးနဲ့ပေါ့”
 ပြောရင်းနဲ့ ကျမ သက်ပြင်းမောချလိုက်မိပါတယ်။
တကယ်တမ်းကျတော့ မေမေ့ဘဝမှာ ပြင်ဆင်မျှော်မှန်းထားခဲ့တဲ့အတိုင်း သတ်သတ်မှတ်မှတ် မဖြစ်လာခဲ့တာကို သတိသွားရမိလို့ပါ။

“ဘာတွေမှားယွင်းသွားလို့လဲ”
 အေးဂျင့် Miller က ကျမရဲ့ သက်ပြင်းမောကို သတိထားမိသွားတယ်ထင်ပါရဲ့။ စကားဆက်ထောက် ပေးလိုက်ပါတယ်။

“ဘယ်သူ သိနိုင်မှာတဲ့လဲ။ မေမေပြန်ပြောပြတာကတော့ အဲဒီအချိန်တုန်းက သချင်္ာပညာရပ်ကမ္ဘာမှာ အမျိုးသမီးတ ယောက်အနေနဲ့ ခြေလှမ်းချရတာ သိပ်ခက်တာပဲတဲ့။ အမျိုးသားတွေက သူပြောတာတွေကို လေးလေးနက်နက် မထား ကြဘူးတဲ့။ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ သူရှိနေတာကို အသိအမှတ်မပြုသလို ပြုမူနေခဲ့ကြတယ်ဆိုပဲ။ မေမေ က အကြံပြုချက်တွေ ပေးပြီးရင် လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက ဂရုမစိုက်ကြဘူး။ နောက်မိနစ်နှစ်ဆယ်အကြာမှာ အမျိုးသားတယောက်က မေမေ့အကြံပြုချက်နဲ့ သဏ္ဌာန်တူတဲ့ အတွေးအမြင်တခုကို ချပြပါလေရော။ အဲဒီအခါကျရင် တော့ တခြားလူတွေက ကျေနပ်အားရ ထောက်ခံကြတယ်တဲ့။ ဒါကတော့ မေမေ့ ပြောပြချက်တွေပေါ့။ ဒါပေမယ့် ဖြစ်နိုင် ချေရှိတာကလဲ မေမေ့မှာ အောင်မြင်မှုကို ရယူနိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေနဲ့ ခိုင်မာသော ဆုံးဖြတ်ချက်တွေ မရှိလို့ လဲ နေမှာပေါ့”

အေးဂျင့် Kirwan က သက်မချရင်း
 “ဒါတွေက ခုချိန်ထိလဲ ဖြစ်နေဆဲပါ။ အထူးသဖြင့် အစိုးရအေဂျင်စီတွေမှာပေါ့” လို့ တိုးတိုးလေး ဝင်ပြောပါတယ်။

“ဒီလို ကိစ္စတွေက မေမေ့ကိုတော့ အတော်ပဲ စိတ်အနှောင့်အယှက် ပေးခဲ့တယ်။ နောက်ဆုံးတော့ မေမေက ဆပ်ကပ်လို့ သူအမည်ပေးထားတဲ့ ကောလိပ်ပညာရေး အသိုင်းအဝိုင်းကို စွန့်ခွာပြီး၊ စက်ပြင်ဆရာ ဖေဖေ့ကို လက်ထပ်ခဲ့တယ်”

“ဒီလိုနဲ့ မင်းမွေးလာတာပေါ့” အေးဂျင့် Miller က စကားဝင်ထောက်ပါတယ်။

“ဟုတ်ပါတယ်။ ဒါပေမယ့် ကျမရဲ့ မိဘတွေက ကျမကို သိပ်စိတ်မဝင်စားပါဘူး။ သူတို့က အသက်ငယ်သေးတယ်လေ။ သူတို့ဘဝမှာ ကျမက အနှောင့်အယှက်လို ဖြစ်နေတယ်။ ဒီလိုနဲ့ ကျမအသက် သုံးလေးနှစ် အရွယ်မှာ အိမ်ကို အဖိုးအ လည်ရောက်လာခဲ့တယ်။ ကျမ ကစားနေတာတွေကို ကြည့်ပြီး အဖိုးက တခုခုကို သတိထားမိသွားမိတယ်ဆိုပဲ။ ကျမဆီ မှာ ထက်မြက်တဲ့ သချင်္ာဦးနှောက်ရှိတယ်လို့ အသိအမှတ်ပြုမိခဲ့တာကြောင့် ကျမကို သူခေါ်သွားပြီး၊ ပညာ သင်ပေးမယ် ဆိုပြီး မိဘတွေဆီမှာ တောင်းသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမသိပါတယ်။ တကယ်တော့ လွတ်လွတ်လပ်လပ်၊ အ နှောင်အဖွဲ့ကင်းကင်း နေချင်တဲ့ ကျမရဲ့ မိဘတွေဆီကနေ ကျမကို ခေါ်ထုတ်သွားတာပါပဲ။ သူတို့ကလဲ ကျမကို သူတို့ နားမှာ ဆက်ထားဖို့ အဖိုးနဲ့ အတိုက်အခံ မပြုကြပါဘူး”
 ပြောလက်စ စကားကို ကျမ ဖြတ်လိုက်ပါတယ်။ 

ကျမရဲ့ စကားလုံးတွေက ခါးသီးမှုတွေနဲ့ ရောထွေးနေတယ်ဆိုတာ ကျမသိပါတယ်။ ဒါပေမယ့် ကျမ ဂရုမစိုက်ပါဘူးလေ။ တကယ်တမ်းကျတော့ အဖိုးဟာ ကျမဘဝရဲ့ အကောင်းဆုံး တွေကို ဆောင်ကျဉ်းပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ တချို့ကလေးတွေမှာ စက်ဘီးဘယ်လို စီးရမယ်ဆိုတာ သင်ပေးတဲ့ အဖိုးတွေ၊ ဒါမှမဟုတ် အတိတ်ဘဝ ဇာတ်ကြောင်းပုံပြင်လေးတွေကို ပြန်ပြောပြပေးတဲ့ အဖိုးတွေ ရှိတတ်ကြပါတယ်။
ကျမရဲ့ အဖိုးကတော့ ဒီလို မဟုတ်ပါဘူး။ အဖိုးက အလွန်နက်နဲ ရှုပ်ထွေးတဲ့ သချင်္ာပညာရပ်ဆိုင်ရာ ပုစ္ဆာတွေကို ဘယ် လိုဖြေရှင်းရမလဲ ဆိုတာကို ပြပေးခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သိပ္ပံစမ်းသပ်ချက်တွေ အကြောင်းကို ပြော ပြခဲ့ပါတယ်။ တချို့စမ်းသပ်ချက်တွေ အကြောင်းကို လူအများကို သူပြောပြလို့ မရပါဘူး။ သူတို့က မယုံကြဘူးလေ။ ဒါနဲ့ သူလဲ ဘယ်သူ့ကိုမှ မပြောပြတော့ပဲ ကျမကိုပဲ ဆက်ပြောပြတယ်။ ကျမရဲ့ ငယ်ရွယ်နုနယ်တဲ့ စိတ်တွေကို ကမ္ဘာသစ် တခုဆီ ရောက်သွားအောင် သူလမ်းပြပေးခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူပြောပြတာတွေကို ကျမ ယုံပါတယ်။ သူက ကျမရဲ့ အဖိုးဖြစ်လို့ မဟုတ်ဘူး။ ကျမက ဘာမှမသိ သေးတဲ့ ကလေးဖြစ်လို့လဲ မဟုတ်ဘူး။ သူပြောတာတွေကို ယုံကြည်တာက ကျမဆီမှာလဲ သူ့လို သချင်္ာဦးနှောက် ရှိနေ လို့ပါပဲ။ သူပြောတာတွေက ဖြစ်နိုင်ချေတွေ ရှိပါတယ်။ ဒီလိုနဲ့ တစတစနဲ့ ကျမ ကြီးပြင်းလာတော့ သချင်္ာနဲ့ ရူပဗေဒ ပညာ ရပ်ကမ္ဘာထဲမှာပဲ ကိုယ့်ကိုယ်ကို မြှုပ်နှံထားလိုက်ပါတယ်။
ဒါကြောင့်လဲ Philadelphia Experiment အကြောင်းက ကျမရဲ့ အတွေးထဲကို ရောက်လာခဲ့တာပါ။ အဖိုးပြောပြတဲ့ ပုံပြင် တွေထဲမှာ စစ်သင်္ဘောကြီးတစင်း ပျောက်သွားတဲ့ အကြောင်း ပါပါတယ်။ နစ်မြှုပ်သွားတာ၊ ဒါမှမဟုတ် မုန်တိုင်းကျပြီး ချိန်မှာ ပျောက်ဆုံးသွားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်သင်္ဘောကြီးက ပါးလွှာတဲ့ လေထုထဲမှာ ပျောက်ကွယ်သွား တာပါ။ ပြီးတော့ ချက်ချင်းပဲ အခြားတနေရာမှာ ပြန်ပေါ်လာခဲ့တယ်လေ။

ဘယ်အချိန်တုန်းက ဒီပုံပြင်ကို ကျမကို အဖိုးပြောပြခဲ့လဲ ဆိုတာတော့ သေချာ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီတုန်းက ကျမရဲ့ အသက် (၁၃)နှစ် ဝန်းကျင်လောက်မှာပါ။ အဖိုးကတော့ ဒါဟာ အရေးပါတဲ့ စမ်းသပ်ချက်တခုရဲ့ တစိတ်တဒေသ လို့ ဆိုပါတယ်။ ဒီစမ်းသပ်ချက်မှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကိုလဲ ရှင်းပြခဲ့ပါတယ်။

ကျမအသက် (၁၄) နှစ်လောက် ရောက်တော့ ဒီစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြန်တွေးမိရင်း ဖြစ်နိုင်ချေရှိမရှိကို တွက် ချက်လာမိပါတယ်။
ဒီလိုနဲ့ တညနေမှာ ကျောင်းကနေ အိမ်ကို ပြန်ရောက်တော့ အဖိုးကို ကျမရဲ့ သချင်္ာသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ကူ ညီပေးဖို့ အကူအညီ တောင်းလိုက်ပါတယ်။ ကျောင်းမှာ သချင်္ာဘာသာရပ်ဆိုင်ရာ ပရောဂျက်တခု လုပ်စရာ ရှိပါတယ်။ ဒီပရောဂျက်အတွက် အဆင်မြင့် သချင်္ာသီအိုရီတခုကို လေ့လာမယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြောပြတော့ အဖိုးက ကျမကို ကြည့်ပြီး
 “ ပြီးရင် ဘာဆက်လုပ်မလို့လဲ၊ အဲလစ်” လို့ မေးပါတယ်။

“PhiladelphiaExperiment နဲ့ အိုင်းစတိုင်းရဲ့ Unified Field Theory ကို ဆက်လေ့လာမယ်”
 ကျမ ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။

“အချက်နှစ်ချက်ကို ကျမ သက်ပြေပြမယ်။ တခုကတော့ PhiladelphiaExperiment ဟာ တကယ်ရှိခဲ့တယ် ဆိုတာနဲ့ နောက်တခုကတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဆိုတာ သီအိုရီအဆင့်ထက် ကျော်လွန်ခဲ့တယ် ဆိုတာပဲ”

ကျမ ဒီလို ပြောလိုက်တော့ အဖိုးက ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ ခေါင်းကို ကုတ်လိုက်ပါတယ်။ အရောင်ကင်းမဲ့နေခဲ့တဲ့ သူ့ရဲ့ မျက်လုံးပြာလေးက အရောင်တောက်လာပါတယ်။ ဒါပေမယ့် သူက ကျမထင်ထားခဲ့သလို ကျမ ကို မရယ်မောပါ ဘူး။

“လူတွေက အိုင်းစတိုင်းဟာ Unified Field Theory နဲ့ ပတ်သက်တဲ့ လေ့လာချက်တွေ မပြီးဆုံးခဲ့ဘူးလို့ပဲ ယုံကြည်ထား ခဲ့ကြတယ်”

သူက ဆက်ပြောပါတယ်။
 “ဒါပေမယ့် ပြီးဆုံးခဲ့တယ်လို့ အဖိုးယုံကြည်နေတယ် မဟုတ်လား။(၁၉၄၃) ခုနှစ်တုန်းက အိုင်းစတိုင်းကို အဖိုး ဆုံတွေ့ခဲ့ တာကို ပြန်ပြောပြပါလား”

အဖိုးကို ကျမရဲ့ လေ့လာချက်တွေထဲမှာ ပါဝင်ကူညီလာအောင် ကျမ အားပေးချင်တဲ့အတွက် နောက်ကြောင်းတွေ ပြန် ပြောဖြစ်အောင် တွန်းအားပေးလိုက်မိပါတယ်။
အဖိုးက ခြေထောက်တွေကို ဆန့်လိုက်ပါတယ်။ ခါးကို မတ်မတ်ထားလိုက်ပေမယ့် သူ့ပခုံးတွေကတော့ ထိုင်နေတဲ့ ရှေး ဟောင်းကုလားထိုင်မှာ နစ်ဝင်နေပါတယ်။ ကျမတို့နှစ်ယောက် အိမ်နောက်ဖေးကို ထွက်လာပြီး၊ ကြမ်းရှရှ မြက်ခင်းပေါ် ကနေ ပျောက်ကွယ်လုနီးနီး လိမ္မော်ရောင် နေဝန်းနီကြီးကို ကြည့်နေမိခဲ့ကြပါတယ်။ နောက်တော့ အဖိုးက Philadelphia Experimentအကြောင်းကို ပြန်ပြောပြပါတယ်။ ဒီတခါမှာတော့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်လာပါတယ်။

“ဒီတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်ပေါ့။ အဖိုးက ရေတပ်သုတေသန ကော်မတီမှာ အငယ်တန်း သိပ္ပံပညာရှင် အဖြစ် အမှုထမ်းခဲ့တယ်”

“လျှို့ဝှက် လက်နက်ပစ္စည်းတွေ တီထွင်တာလား”
 ကျမက စကားထောက်ပေးလိုက်ပါတယ်။

သူက မျက်မှောင်ကျုံ့လိုက်ပြီး
 “ဒီထက် ပိုတာပေါ့။ စစ်ပွဲကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ အတွေးအမြင်သစ်တွေကို လက်တွေ့တီထွင် အကောင်အ ထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဥပမာအားဖြင့် ဆိုရရင် မင်းက မင်းရဲ့ ရန်သူကို သတ်ချင်တယ် ဆိုပါတော့။ လုပ်ရမှာက သွေးထွက်ပြီး သေဆုံးသွားအောင် မင်းရန်သူရဲ့ ခန္ဓာကိုယ်မှာ အပေါက်ဖြစ်သွားစေရမယ်လေ။ ကျောက်ခေတ်လူသား တွေက ဒါကို ဓားတွေ၊ လှံတွေနဲ့ ပြုလုပ်ခဲ့ကြတယ်။ ဒို့ခေတ်ရောက်လာတော့ ကျည်ဆံတွေနဲ့ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခြေခံအတွေးအခေါ်ကတော့ အတူတူပဲ မဟုတ်လား။ ဓားလှံနဲ့ ကျည်ဆံတွေဟာ တူညီနဲ့ သက်ရောက်မှု ရှိစေတဲ့ အ လားသဏ္ဌာန်တူ လက်နက်ပစ္စည်းတွေလို့ ဆိုနိုင်တယ်။

နောက်တော့ ပထမကမ္ဘာစစ်မှာ ရန်သူတွေက အဆိပ်ဓာတ်ငွေ့တွေကို စသုံးလာကြတယ်။ ဒါကကျတော့ ရန်သူကို သွေး ထွက်ပြီး သေဆုံးစေတာ မဟုတ်ဘူး။ အသက်ရှူကျပ်ပြီး သေဆုံးစေတာ ဖြစ်တယ်။ ဒါဟာ လက်နက်အသစ်ပဲ။ နောက် တော့ ဒုတိယကမ္ဘာစစ်မှာ မြို့ကြီးတွေမှာရှိတဲ့ ပြည်သူလူထုတွေအပေါ် ဗုံးတွေကြဲခဲ့ကြတယ်။ဒါကကျတော့ terror ဆိုတဲ့ လက်နက်သစ်ပဲ။ ဒီလိုပဲ ရေဒါစနစ်ဟာလဲ လက်နက်အသစ်တမျိုးလို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ ရေငုပ်သင်္ဘောတွေ ဆိုပါစို့။ စစ်သင်္ဘောတွေကို မြှုပ်ပစ်တဲ့ ရေငုပ်သဘောင်္ဆိုတာက စစ်လက်နက်သမိုင်းမှာ အသစ်အဆန်း မဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့ရေး သင်္ဘောတွေကို ဖျက်ဆီးမြှုပ်ပစ်တဲ့ ရေငုပ်သင်္ဘောဆိုရင်တော့ ဒါက စစ်လက်နက်သစ်တမျိုး ဖြစ်သွားပြီ။ ဒီအတွေးအခေါ်ကို စဉ်းစားလို့ရပြီလား”

“နားလည်ပါပြီ။ လေထီးတွေကလဲ လက်နက်အသစ်တွေပဲလို့ ဆိုနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ စစ်သားတွေကို ရန်သူ့ နောက်ကျောမှာ သွားချပြီး၊ behind the enemy lines ကနေ တိုက်ပွဲဝင်ခိုင်းလို့ ရတယ်လေ”
 ကျမရဲ့ စကားကို အဖိုးက ပြုံးပြီး လက်ခံလိုက်ပါတယ်။

“သိပ်ဟုတ်တာပေါ့။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ လက်နက်အသစ်အဆန်း အိုင်ဒီယာတချို့ကိုဆို ရင် မင်းယုံတောင် ယုံမယ်မထင်ဘူး။ သိပ္ပံပညာရှင်တယောက်က ရန်သူရဲ့ သင်္ဘောဆိပ်တွေကိုfrozen sawdust တွေ ဖြန်းပက်ဖို့ကိုတောင် အကြံပေးဖူးတယ်”

“ဒါတွေက အိုင်စတိုင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ”
 ကျမက စကားဖြတ်ပြီး မေးလိုက်ပါတယ်။

“အိုင်းစတိုင်းက ဂျာမဏီမှာ မွေးတာဖြစ်ပေမယ့် သူက ဟစ်တလာနဲ့ နာဇီပါတီကို မုန်းတီးခဲ့တယ်။ အစွန်းရောက် အမျိုး သားရေးဝါဒကို သူမကြိုက်ဘူးလေ။ သူက အစွန်းရောက် အမျိုးသားရေးဝါဒဆိုတာ မွေးကင်းစ ကလေး ဖျားနာမှု၊ တ နည်းဆိုရင် measles of the human race လို့ ဆိုခဲ့တယ်။ သူဟာ ကြီးကျယ်မြင့်မြတ်သူ တယောက်ပဲ”
 အဖိုးစကားပြောနေစဉ်မှာ သူ့မျက်လုံးတွေကတော့ အိုင်းစတိုင်းကို ပြန်ပြီး သတိရလွမ်းဆွတ်နေသလိုပါပဲ။

“ဒါဆို သူက အမေရိကားကို လာခဲ့သလား”

“ဟုတ်တယ်။ သူအမေရိကားကို ကူညီဖို့ လာခဲ့တယ်။ သူဟာ သချင်္ာပညာရှင်တယောက်သာ ဖြစ်တယ်။ လက်နက်ပစ္စည်း တီထွင်သူ မဟုတ်ဘူး။ သူ့ဆီမှာ သီအိုရီတွေ အများကြီး ရှှိတယ်။ ဒါတွေကို အဖိုးတို့က လက်တွေ့အသုံးချနိုင်အောင် ကြိုးပမ်းကြရတယ်”

“အဲဒီမှာ အဖိုး နဲ့ သူနဲ့ ဆုံခဲ့တာပေါ့”

“ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်တုန်းက အဖိုးက အငယ်တန်း ပညာရှင်တယောက်ပဲ ရှိသေးတာ ဆိုတော့ ထိပ်တန်း လျှို့ဝှက် စီမံချက်တွေ အားလုံးကိုတော့ မသိဘူး။ အဖိုးရဲ့ ဘဝက မင်းရဲ့ အိတ်ဆောင်ဂဏာန်းပေါင်းစက်လေးလို ဘဝ ပေါ့။ ဂဏာန်းပေါင်းစက်လေးလိုပဲ အဖိုးကလဲ အဖြေမှန်တွေကို တွက်ပေးနိုင်တယ်လေ။ ဒါပေမယ့် ဘာကြောင့် ဒီအဖြေ တွေ လိုအပ်လဲ ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် အိုင်းစတိုင်းရဲ့ Unified Field Theory ကို အဖိုးသိသလို၊ သူလာ တွေ့ခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုလဲ အဖိုးသိနေတဲ့အတွက် ဆက်စပ်ကြည့်လိုက်တော့ ရုပ်လုံးက ပေါ်လာတယ်။ သူတို့ တွေက defensive weapon တခုကို တီထွင်ဖို့ ကြိုးပမ်းခဲ့ကြတယ်လေ။ Star Trek ထဲက စတားသင်္ဘောကိုမှတ်မိလား”
 အဖိုးက မေးတော့ ကျမ ခေါင်းညိတ်ပြလိုက်ပါတယ်။

“ဒီသဘောင်္က Invisible shield နဲ့ သူ့ဘာသာသူ ကာကွယ်ထားတယ်လေ။ force field တခုခုပေါ့”
“ဒါပဲပေါ့။ တွေးကြည့်စမ်းပါ။ သံချပ်ကာကားတွေ၊စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေကို invisible shield နဲ့ ကာကွယ်ပြီး စစ်မြေပြင်ကို ပို့နိုင်တယ်ဆိုပါစို့။ ကိုယ့်ဘက်မှာ ဘယ်လို အထိအခိုက်မှ မရှိပဲ ရန်သူရဲ့ အသည်းနှလုံးထဲအထိ ဝင်ပြီး ချေ မှုန်းနိုင်မယ် မဟုတ်လား။ ဒီလိုသာဆိုရင် စစ်ပွဲဟာ တပတ်အတွင်း ပြီးသွားနိုင်တယ်လေ”

“ဒါပေမယ့် ဘယ်သူကမှ ဒီလို invisible shield ကို မတီထွင်ခဲ့ဖူးပါဘူး။ ဒါတွေက သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲ မှာပဲ ရှိပါတယ်”
 ကျမက ဒီလို ပြန်ငြင်းတော့ အဖိုးက ကျမကို စေ့စေ့စပ်စပ် ကြည့်ပြီး၊ စကားတိုးတိုးလေး ပြောလိုက်ပါတယ်။

“သိပ်ပြီး မသေချာပါနဲ့ အဲလစ်ရယ်”
သူက ညင်သာစွာ ပြုံးလိုက်ပါတယ်။ ပြီးတော့

“မသေချာစမ်းပါနဲ့”



Philadelphiaစမ်းသပ်ချက် (အပိုင်း- ၃)
March 6, 2012

 ကျွန်မကို အဖိုးက ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို အမြဲတမ်း ပေးလေ့ရှိပါတယ်။ ကျွန်မရဲ့ ပရောဂျက်ကို အကောင်း ဆုံး စတင်နိုင်ဖို့ ဘာတွေ လုပ်သင့်တယ်ဆိုတာ သူက ရှင်းပြပေးပါတယ်။
“အဲလစ်။ မင်းသတိထားဖို့က မင်းရဲ့ အထက်တန်းကျောင်းက ဆရာတွေဟာ သချင်္ာနဲ့ ပတ်သက်လာရင် မင်းလောက် အ ဆင့်မြင့်မြင့် မသင်ထားဖူးဘူး ဆိုတာပဲ။ မင်းရဲ့ ပရောဂျက်ကို ရှင်းလင်းတင်ပြတဲ့အခါ ကလေးတွေကို ရှင်းပြသလို သီအို ရီသဘောတရားတွေကိုပါ ရှင်းပြဖို့ လိုလိမ့်မယ်။ အိုင်းစတိုင်းရဲ့ Unified Field Theory ကနေ စပြီး ရှင်းပြဖို့ လိုလိမ့်မယ်”

“ဘယ်ကနေ စရမလဲ”
ကျွန်မ ချက်ချင်း ပြန်မေးလိုက်ပါတယ်။ ကျွန်မရဲ့ ပရောဂျက်ထဲမှာ အဖိုး ပါဝင်ပတ်သက် လာတာကိုလဲ အရမ်းဝမ်းသာ မိပါတယ်။

“လျှပ်စစ်ဓာတ်အားထွက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိတယ်မဟုတ်လား” အဖိုးက မေးပါတယ်။

လျှပ်စစ်ဓာတ်အားထွက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မသေချာ သိပါတယ်။ မူလတန်း ကျောင်းမှာတုန်းက တ ခြားကလေးတွေက အရုပ်ကားလေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ ဆော့နေချိန်မှာ ကျွန်မကတော့ အီလက်ထရစ် မော်တာတပ် ဆင်ထားတဲ့ ထရပ်ကားလေးတွေကို ဆောက်လုပ်နေခဲ့ပါပြီ။ ကျွန်မ ခြောက်နှစ်သမီးမှာ အဖိုးက electrical assembly kit ကို လက်ဆောင်ပေးပါတယ်။ တပတ်အတွင်းမှာတင် ကျွန်မ ကျွမ်းကျင်သွားခဲ့ပါတယ်။
ကျောင်းမှာတုန်းက တခြားကလေးတွေက ကျွန်မကို အနည်းငယ် ထူးခြားတယ်လို့ ထင်မြင်ကြတာကို ကျွန်မသိပါတယ်။ ဒါပေမယ့်လဲ ကျွန်မ တီထွင်ထားတဲ့ gadgets လေးတွေကိုတော့ သူတို့ ကြိုက်ကြပါတယ်။ တချို့ဆရာ၊ ဆရာမတွေနဲ့ တော့ ကျွန်မမှာ ပြဿနာ ရှိပါတယ်။

တခါတုန်းက Miss Markham ဆိုတဲ့ ဆရာမက ကျွန်မကို မေးပါတယ်။
 “ကစားခန်း ထဲမှာ အရုပ်မတွေနဲ့ ကစားနေရတာ မင်းအတွက် ပိုပြီးပျော်စရာ မကောင်းနိုင်ဘူးလား အဲလစ်” တဲ့။

အဲဒီအချိန်မှာ ကျွန်မ ပထမဆုံး အရွဲ့စတိုက်ဖူးတာ ထင်ပါရဲ့။
“ကျွန်မကို ပြောနေတာလား” လို့ ပြန်မေးလိုက်ပါတယ်။ ဒီအချိန်ကစပြီး ကျွန်မနဲ့ အဲဒီဆရာမနဲ့ သိပ်ပြီး အဆင်မပြေခဲ့ပါဘူး။

ဒီတော့ ခြုံပြောရရင် ကျွန်မ လျှပ်စစ်ဓာတ်အား အကြောင်းကို ကောင်းကောင်းသိပါတယ်။
၀ါယာကြိုးခွေ၊ လျှပ်စစ်ဓာတ်အားနဲ့ သံလိုက်စွမ်းအင်တွေအကြောင်းကို အဖိုးကို ကျွန်မ ပြန်ပြောပြလိုက်ပါတယ်။

အဖိုးက စိတ်ရှည်စွာနဲ့ နားထောင်ပြီး
“လျှပ်စစ်ဓာတ်အားနဲ့ သံလိုက်စွမ်းအင်တွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်။ တခုကို ပြောင်းလဲရင် နောက်တခုကိုလဲ ပြောင်းလဲနိုင်တယ်။ ဒါဟာ Unified Fields ပ ဲ” လို့ မှတ်ချက်ပေးပါတယ်။

“ဒါပေမယ့် ဒါဟာ အိုင်းစတိုင်းရဲ့ Unified Fields Theory မဟုတ်ဘူး မဟုတ်လား” အဖိုးက ခေါင်းခါပြပါတယ်။

“အိုင်းစတိုင်းရဲ့ Unified Fields Theory က နောက်ထပ်တခုကို ဖြည့်ထားတယ်။ Gravity (ကမ္ဘာမြေဆွဲငင်အား) လေ။ မင်းဒါကို သိတယ် မဟုတ်လား”
Gravity နဲ့ ပတ်သက်ပြီး ပထမဆုံးသင်ခန်းစာကို ကျွန်မ မှတ်မိပါသေးတယ်။

ကျွန်မ ခုနစ်နှစ်သမီးလောက်တုန်းက ခြံနောက်မှာ ဘောလုံးပုတ်တမ်းကစားနေတုန်း အဖိုးက ကျွန်မရဲ့ ဘောလုံးကို လာယူပြီး၊ သေချာကြည့်ဖို့ ပြောပါတယ်။ အဖိုးက လက်ထဲကနေ ဘောလုံးကို လွှတ်ချလိုက်ပါတယ်။ ဘောလုံးက အတန်ကြာ bouncing ဖြစ်နေပြီးမှ မြေကြီးပေါ် ကို ကျသွားပါတယ်။ ဒါက ဘာကြောင့်ဖြစ်လဲဆိုတာ သိလားလို့ အဖိုးကမေးပါတယ်။

ကျွန်မက “ကားတစီးမှာ ဓာတ်ဆီကုန်သွားတဲ့အခါ ရပ်သွားသလိုပဲ ဘောလုံးလဲ bouncing မဖြစ်တော့ပဲ ရပ်သွားတာ” လို့ ပြောပါတယ်။

အဖိုးက ခေါင်းခါပြီး
“မဟုတ်ဘူး။ ဒါကို Gravity က လုပ်တာ။ Gravity ဆိုတာ မမြင်နိုင်တဲ့ အားတခုပဲ။ အရာအားလုံးကို ဆွဲချနိုင်တဲ့ အင်မ တန်ကြီးမားသော လက်ကြီးလို့ ထင်မြင်ယူဆထားနိုင်တယ်” လို့ ဆိုပါတယ်။
ဒီဥပမာကြီးကတော့ ကြောက်စရာကောင်းပါတယ်။ မမြင်နိုင်တဲ့ လက်ကြီးက ကျွန်မကို ဆွဲချနေတဲ့ဆိုတဲ့ အတွေးက နောက်တပတ်လောက်အထိ ကျွန်မကို ချောက်လှန့်နေခဲ့ပါတယ်။

အဖိုးက ဘောလုံးကို အသုံးပြုပြီး ကမ္ဘာကြီးပေါ်မှာ လူတွေ နေထိုင်လို့ ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပါတယ်။ ဒီ နောက်ပိုင်းမှာ အိပ်ယာပေါ်မှာ လဲလျောင်းပြီး၊ လေထဲမှာ ပျံဝဲနိုင်ဖို့ အချိန်ပေါင်းများစွာ ကျွန်မကြိုးစားကြည့်ခဲ့ပါတယ်။ ကျွန်မ သေချာကြိုးစားရင် gravity ကို ကျွန်မ အနိုင်ရပြီး၊ ကမ္ဘာအနှံ့ ပျံဝဲနိုင်မယ်လို့ ကျွန်မ ထင်နေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ လေထဲမှာ ပျံဝဲဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ gravity ကို ကျွန်မ ရဲ့ ရန်သူလို့ ခံစားလာမိပါတယ်။ အဖိုးကို ပြောပြတော့ “မင်းမှန်ပါတယ်" လို့ အဖြေပေးပါတယ်။

“အချိန်တော်တော်များများမှာတော့ Gravity ဟာ တို့တတွေရဲ့ မိတ်ဆွေပဲ။ ဒါပေမယ့် သူဟာ တို့တတွေရဲ့ ရန်သူလဲ ဖြစ် နေတယ်လို့ ဆိုနိုင်တယ်။ ကမ္ဘာမြေကြီးကနေ ထွက်ခွာပြီး၊ ကြယ်တွေဆီကို သွားလို့ မရအောင် သူက လုပ်ထားတယ် လေ”
“အဖိုးက ကြယ်တွေဆီကို သွားကြည့်ချင်လို့လား”
“စူးစမ်းလေ့လာချင်စိတ် အနည်းငယ်ရှိတဲ့ ဘယ်လူသားမဆို ကမ္ဘာ့အပြင်ဘက်မှာ ဘာတွေ ရှိလဲဆိုတာ သိချင်ကြတာပဲ။ တခြားဂြိုလ်တွေအကြောင်း၊ တခြားလူသားတွေအကြောင်းကိုပေါ့”
ဒီအကြောင်းတွေ ပြောကြတဲ့ ခုနစ်နှစ်သမီးအရွယ်ကစပြီး တနေ့မှာတော့ ကြယ်တွေဆီကို ရောက်အောင်သွားချင်တယ် လို့ ကျွန်မစဉ်းစားမိပါတယ်။

ဒီလိုနဲ့ အသက်အနည်းငယ်ရလာတော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း အဖိုးက အိုင်းစတိုင်း သီ အိုရီကို ရှင်းပြလာခဲ့ပါပြီ။ နောက်ပိုင်းမှာ အိုင်းစတိုင်းသီအိုရီနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ကျွန်မတို့ ဆွေးနွေးခဲ့ကြ ပါတယ်။ ခု ကျွန်မရဲ့ ကျောင်းပရောဂျက်စလာပြန်တော့လဲ ဒီလို ရှုပ်ထွေးနက်နဲတဲ့ သဘောတရားတွေကို စာသင်ခန်းနဲ့ ဆရာတွေကို ဘယ်လို ရှင်းလင်းတင်ပြသင့်တယ်ဆိုတာ အဖိုးက သင်ကြားပေးပါတယ်။ သဘောတရားတွေအားလုံးကို ရှင်းလင်းလွယ်ကူအောင် အဖိုးက ပြုလုပ်ပေးခဲ့ပါတယ်။

“အိုင်းစတိုင်းက ကမ္ဘာမြေဆွဲငင်အားဟာ လျှပ်စစ်ဓာတ်အား၊ သံလိုက်စွမ်းအင်တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုခဲ့တယ်။ ဒီ fieldsသုံးခုလုံးက ဆက်စပ်နေတယ်။ unified ဖြစ်နေတယ်။ ဒါက ဘာကို ဆိုလိုချင်တာလဲ”
အဖိုးကို ခေါင်းညိတ်ပြပြီး နေဝင်တာကို ကျွန်မ ကြည့်လိုက်မိပါတယ်။ မကြာခင်ဆိုရင် ခရမ်းရောင် ကောင်းကင်မှာ ကြယ် လေးတွေ ပေါ်လာတော့မှာပါ။
“လျှပ်စစ်ဓာတ်အား ပြောင်းလဲမှုတွေ ဖြစ်တဲ့အခါတိုင်းမှာ သံလိုက်စွမ်းအင်အပြောင်းအလဲတွေလဲ ဖြစ်တယ်။ ဒီအခါမှာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုလဲ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်။ တခုကို သက်ရောက်မှု မရှိစေပဲ တခုကို ပြောင်းလဲ လို့ မရနိုင်ဘူး။ တို့တတွေက လျှပ်စစ်ဓာတ်အားကို ပြောင်းလဲနိုင်တယ်။ ဒါဆိုရင် ကမ္ဘာ့ဆွဲငင်အားကိုလဲ ထိန်းချုပ်နိုင်ရမှာ ပေါ့”
“ဒါဆို ဘာကြောင့် ဘယ်သူမှ မလုပ်ကြသေးတာလဲ”
“ဘယ်သူမှ မလုပ်သေးဘူးလို့ ဘယ်သူပြောလဲ”
ကျွန်မရဲ့ အမေးကို အဖိုးက လေးလေးနက်နက် ပြန်မေးလိုက်ပါတယ်။

“ဒါဆို စစ်အတွင်းတုန်းက ဒါတွေကို အိုင်းစတိုင်း လုပ်ခဲ့တာလား”
“ဒါပဲပေါ့။ သူက Naval Defence Research Committee မှာ တခြားဂျာမန် ပရော်ဖက်ဆာ တယောက်ကိုတွေ့ဖို့ လာခဲ့ တယ်။ အဲဒီ ဂျာမန် ပရော်ဖက်ဆာ နာမည်က Ladenburg တဲ့။ နာဇီတွေကို မုန်းတီးလို့ အမေရိကန်ကိုကူဖို့ လာခဲ့သူ တ ယောက်ပဲ။ သူက မိုင်းနဲ့ တော်ပီဒိုတွေမှာ တကယ့်ကျွမ်းကျင်ပညာရှင်တယောက်ပဲ။Ladenburg ဟာ ဂျာမန်မိုင်းတွေနဲ့ U-boat တော်ပီဒိုတွေရဲ့ အန္တရာယ်တွေကနေ အမေရိကန် သင်္ဘောတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာ ဖွေခဲ့တယ်ဆိုတာ အားလုံးသိခဲ့ကြတယ်။ တကယ်လို့များ အိုင်းစတိုင်းရဲ့ Unified Force Field ကသာ သင်္ဘောကြီးကို ဝန်းရံထားခဲ့မယ် ဆိုရင်”
ကျွန်မစဉ်းစားကြည့်လိုက်မိပါတယ်။
“ကြီးမားတဲ့ သံလိုက်စွမ်းအင်နဲ့ များပြားတဲ့ လျှပ်စစ်ဓာတ်အားတွေသာ ရှိမယ်ဆိုရင် anti-gravity ကို ဖန်တီးကောင်းဖန် တီးနိုင်လိမ့်မယ်”
အဖိုးရဲ့ စကားအဆုံးမှာ တင်းနစ်ဘောလုံးကို ကောက်ပြီး၊ ပုတ်လိုက်မိပါတယ်။

“ဒီဘောလုံးကို ကမ္ဘာမြေဆွဲငင်အားက ကြမ်းပြင်ပေါ်ကို ဆွဲငင်သလိုပဲ၊ တော်ပီဒိုကိုလဲ သင်္ဘောက ဆွဲငင်တယ်ဆိုပါစို့။ ကြမ်းပြင်ကို anti-gravity နဲ့ ကာကွယ်ထားနိုင်မယ်ဆိုရင် ဘောလုံးဟာ ကြမ်းပြင်ကို မထိခင် ပြန်ကန်ပြီး ခုန်တက်လာ နိုင်တယ်။ ဒီလိုပဲ တော်ပီဒိုကလဲ သင်္ဘောကို မထိဘဲ ပြန်ကန်ထွက်သွားနိုင်တယ်”
“အမှန်ပဲ”
ကျွန်မရဲ့ စကားကို အဖိုးက ထောက်ခံပါတယ်။
“ဒါပေမယ့် သူတို့တွေ တကယ်ပဲ သင်္ဘောနဲ့ စမ်းသပ်ခဲ့ကြတာလား။ စမ်းသပ်ခဲ့ရင်လဲ ဒီစမ်းသပ်ချက်ဟာ အောင်မြင်ခဲ့မှာ မဟုတ်ဘူး။ အောင်မြင်ခဲ့ရင် ဒီလို Force Field မျိုးကို ဒီကနေ့ သုံးနေကြလိမ့်မယ်”
“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လုံးဝ မအောင်မြင်ခဲ့တာတော့လဲ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သူတို့ မျှော်မှန်းသလို မဖြစ်ခဲ့ တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့ မျှော်မှန်းခဲ့တာထက် ပိုသွားခဲ့တာလဲ ဖြစ်နိုင်တယ်”
“ဆက်ပြောပါ”
ကျွန်မ တိုက်တွန်းလိုက်မိတယ်။

“တကယ်လို့ သူတို့တွေက anti-gravity စမ်းသပ်ချက်လုပ်ချင်ပြီဆိုပါစို့။ သင်္ဘောကြီးနဲ့ risk မယူခင်မှာပထမဆုံး model နဲ့ စမ်းကြည့်ကြမှာ သေချာတယ်”
“ဒါက သဘာဝကျတယ်”
ကျွန်မထောက်ခံလိုက်ပါတယ်။
“အဖိုးထင်တာကတော့ သူတို့တွေ model နဲ့ စမ်းသပ်ချိန်မှာ force field ရဲ့ တခြားသက်ရောက်မှုတွေကိုလဲ တွေ့ခဲ့ကြ ပုံပေါ်တယ်။ anti-gravity တခုတည်းတင်မကပဲ စစ်ပွဲမှာအသုံးပြုရင် ပါ၀ါအလွန်ကြီးမယ့် အရာတခုကိုပေါ့”
“Invisibility ကို ဆိုလိုတာလား။ ဒါဆို စစ်သဘောင်္အစစ်ကြီး ပျောက်ကွယ်သွားတယ်လို့ အဖိုးပြောခဲ့တာဟာ သေသေ ချာချာ၊ လေးလေးနက်နက် ပြောတာပေါ့”
“ဒီကိစ္စကြီးဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒီလိုဖြစ်လာဖို့ အတွက် အဖိုးကိုယ်တိုင်လဲ အစအဆုံး မသိဘဲ တထောင့်တနေရာကနေ ပါဝင်ကူညီခဲ့ရတယ်”

Philadelphia စမ်းသပ်ချက် (အပိုင်း ၄)
March 13, 2012

တဖြည်းဖြည်းနဲ့ နေမင်းကြီးက ပျောက်ကွယ် သွားပါပြီ။ ဒါပေမယ့် ကောင်းကင်မှာတော့ အလင်းရောင် ဖျော့ဖျော့လေး ရှိနေပါသေးတယ်။ လေပြေလေးကလဲ ညင်ညင်သာသာလေး တိုက်ခတ်နေဆဲပါ။ ကျွန်မတို့ မြေးအဖိုးနှစ်ယောက်က တော့ စကားကောင်းနေခဲ့ကြပါတယ်။
“အဲဒီနေ့က နံနက် (၈) နာရီလောက် အချိန်မှာ အဖိုးရဲ့ ရုံးခန်းထဲကနေ တယ်လီဖုန်းနဲ့ ကွန်ပြူတာကို ဆက်သွယ်နေခဲ့တယ်”
“(၁၉၄၃) ခုနှစ်မှာ ကွန်ပြူတာ ရှိနေပြီလား”
အဖိုးရဲ့ စကားအဆုံးမှာ ကျွန်မ လှမ်းမေးလိုက်ပါတယ်။

“ကွန်ပြူတာဆိုတာ ရှုပ်ထွေးနက်နဲတဲ့ သချင်္ာပုစ္ဆာတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ လေ့ကျင့် သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေကို ပြောတဲ့ စကားဝှက်ပါ။ မင်းရဲ့ အခန်းထဲမှာ ရှိနေတဲ့ တီဗွီဖန်သားပြင်တပ်ထားတဲ့ ပလပ်စတစ် သေတ္တာကို ဆိုလိုတာ မဟုတ်ဘူး။ ဒါက ထားပါတော့။ ဒီလို ကွန်ပြူတာနဲ့ စကားပြောနေတုန်း အဖိုးရဲ့ ဘော့စ် Dr. Anstrom က ကော်ရီဒါပြတင်းပေါက်ကနေ စကားပြောချင်တယ်လို့ လှမ်းပြီး အချက်ပြပါတယ်။ သူပြောတာ က ကော်မတီခန်းထဲမှာ အစည်းအဝေးရှိနေပြီး၊ သူတို့မှာလဲ ကွန်ပြူတာ တခုလိုနေတယ်တဲ့။ ဒီဌာနတခုလုံးမှာ အဖိုးက အတော်ဆုံးဖြစ်တာရယ်၊ ဘာမှပြန်မပြောပဲ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတတ်တယ်လို့ ယုံကြည်တာရယ်ကြောင့် အဖိုးကို ကွန်ပြူတာအနေနဲ့ အလုပ်လုပ်ခိုင်းတာ”
“အဖိုးက ဘာတွေကို တွက်ချက်ရတာလဲ”
ကျွန်မ စိတ်အားထက်သန်စွာ မေးလိုက်ပါတယ်။

အဖိုးက အားလျော့နေတဲ့ လက်ကလေးကို အသာဝှေ့ယမ်းရင်း
“ခဏလေး၊ ခဏလေး။ အဖိုးပြောပြမယ်လေ။ ပထမဆုံးနဲ့ အရေးကြီးဆုံးက အဖိုးတွက်ချက်ရမယ့် ကိန်းဂဏန်းတွေပဲ။ ဒါတွေကို တွန့်လိမ်ကောက်ကွေးနေတဲ့ လက်ရေးတွေနဲ့ ရေးထားတယ်။ ဒီလို လက်ရေးမျိုးနဲ့ လူတယောက်ကိုပဲ အဖိုးတွေ့ခဲ့ဖူးတယ်။ အဲဒါက Albert Einstein ပဲ”
“ကော်မတီထဲမှာ Dr. Einstein ကိုယ်တိုင် ရှိမနေတာ အဖိုးသိတယ်။ ဒါပေမယ့် ကော်မတီ အစည်းအဝေးမှာ စဉ်းစားဖို့ ဒါတွေကို ရေးပေးထားတာ ဖြစ်လိမ့်မယ်။ စိတ်ဝင်စားဖို့ ကောင်းတာက Unified Field Theory တခုတည်းနဲ့ ဆက်စပ်တဲ့ တွက်ချက်မှုတွေ မဟုတ်ပဲ သင်္ဘောကို ဝန်းရံပေးထားနိုင်တဲ့ force field နဲ့ ပတ်သက်တဲ့ တွက်ချက်မှုတွေပဲ။ ဒါပေမယ့် ဒီ force field က တော်ပီဒိုတွေကိုတင် ပြန်ကန်ထုတ်နိုင်တာ မဟုတ်ပဲ အလင်းကိုပါ deflect လုပ်ပစ်လိုက်နိုင်တယ်”

“အလင်းကို ကွေးညွတ်လို့ မရနိုင်ပါဘူး”

ဒီလို ကျွန်မက ပြောတော့ အဖိုးက ဘာမှမပြောပါဘူး။ကျွန်မကို အဲဒီနေရာမှာပဲ ဆက်နေဖို့ အချက်ပြပြီး၊ အိမ်ထဲကို ခဏ ပြန်ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ အဖိုးလက်ထဲမှာ ဖန်ခွက်လေးတခုပါလာပါတယ်။ဖန်ခွက်ထဲမှာ ရေအပြည့်ထည့် ထားပြီး ပိုက်လေးလဲ တပ်ထားပါတယ်။
အဖိုးက ဖန်ခွက်လေးကို မြှောက်ကိုင်လိုက်ပြီး ဘာမြင်လဲ လို့ မေးပါတယ်။
ကျွန်မက အသိဉာဏ်မဲ့စွာနဲ့ ရေဖန်ခွက်ထဲက ပိုက်လေးကို မြင်တယ်လို့ ပြောလိုက်ပါတယ်။
“ဒါဆိုရင် အဲဒီပိုက်လေးရဲ့ ပုံသဏ္ဌာန်ကကော” လို့ အဖိုးက ဆက်မေးပါတယ်။
ဒီတော့မှပဲ ကျွန်မ သက်ပြင်းချလိုက်မိပါတယ်။ အဖိုးဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်မ သဘောပေါက်သွားပါပြီ။

ပိုက် လေးက ဖြောင့်တန်းနေပေမယ့် ရေထဲရောက်သွားတဲ့အခါ ကောက်ကွေးနေသလို သဏ္ဌာန်ထွက်နေပါတယ်။ အဖိုးက ပြောပြတော့ …
“အမှန်ပဲ အဲလစ်။ ပိုက်လေးက ဖြောင့်တန်းနေပေမယ့် လွှတ်ထုတ်လိုက်တဲ့ အလင်းတန်းတွေကို ရေက ကောက်ကွေးပစ် လိုက်တာပဲ။ တကယ်လို့ force field က gravity ကို twist လုပ်နိုင်တယ်ဆိုရင်၊ အလင်းတန်းတွေကိုလဲ twist လုပ်နိုင် မှာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ ရေဖန်ခွက်တခုကတောင် အလင်းကို twist လုပ်နိုင်တယ် မဟုတ်လား”
“ဒါဆို သင်္ဘောကြီးက တကယ်ပျောက်သွားတာ မဟုတ်ဘူးပေါ့။ ရှိနေရဲ့သားနဲ့ မမြင်ရတာပေါ့။ ပင်လယ်ကိုတော့ မြင်နေ ရမယ်။ သင်္ဘောတကယ် ရှိနေမယ့်နေရာကိုတော့ မတွေ့နိုင်ဘူး။ ဒီလိုဆို သင်္ဘောကို ဘယ်နေရာမှာ တွေ့နိုင်မှာလဲ”
အဖိုးက ပခုံးကို တွန့်လိုက်ပါတယ်။

“တနေရာရာမှာပေါ့။ ခန့်မှန်းကြည့်တာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တော်ပီဒိုတရာလောက်ကို ပစ်လိုက်ရင်တောင် သင်္ဘောကို မထိနိုင်တော့ဘူးလေ။ ဘာကြောင့်လဲဆို မြင်ရတဲ့နေရာမှာ တကယ့်သင်္ဘောကမှ ရှိမနေတာပဲ။ တီဗွီဖန်သား ပြင်ပေါ်က ပုံရိပ်တွေလိုပဲပေါ့။ တီဗွီပေါ်မှာပေါ်တဲ့ အဖိုးရဲ့ ပုံကို သေနတ်နဲ့ပစ်လဲ အဖိုးရဲ့ ကိုယ်ပေါ်မှာ အရာတောင် ထင် မှာမှ မဟုတ်တာ။ တီဗွီတသန်းကို ကျည်ဆံတသန်းနဲ့ ပစ်လဲ ဘာမှ ထူးမှာ မဟုတ်ဘူးလေ”
“အံသြဖွယ်ရာပဲ။ ဒါဟာ လက်နက်အသစ်အဆန်းပဲပေါ့။ ဒါပေမယ့် အလုပ်တကယ်ဖြစ်ခဲ့ရဲ့လား”
“ဒါက ဒေါ်လာတသန်းတန်တဲ့ မေးခွန်းပဲ”
အဖိုးကပြောပြီး၊ လက်နှစ်ဘက်ကို အကျယ်ကြီး ဆန့်တန်းလိုက်ပါတယ်။
ကျွန်မက အဖိုးရဲ့ လက်ကို မှတ်စုစာအုပ်နဲ့ လှမ်းရိုက်ပြီး
“အဖိုးဒီလိုနဲ့ ကျွန်မကို ထားခဲ့လို့ မရဘူးနော်” လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ်။
“ဒီဇာတ်လမ်းမှာ ဇာတ်သိမ်းခန်းတော့ ရှိရမှာပေါ့။ ကျွန်မထင်ထားတာက သင်္ဘောကြီး ပျောက်ကွယ်သွားတယ်လို့ပဲ ထင် ထားတာ”
“ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး သတင်းအစအနတချို့ ပေါက်ကြားမလာခင် အချိန်အထိတော့ ဒီလိုပဲ ထင်ထားခဲ့တာပဲ။ ဒါပေမယ့် ပေါက်ကြားလာချိန်မှာတော့ အဖိုးလဲ စိတ်ဝင်တစားနဲ့ သတင်းအစနောက် လိုက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ Naval Defence Research Committee မှာ အဖိုးလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်နေတာကြောင့်ပဲ”
“ဒါဆိုရင် အဖိုးရဲ့ တွက်ချက်မှုတွေကနေ ဘာတွေ ဆက်ဖြစ်သွားလဲဆိုတာ အဖိုးတကယ် မသိခဲ့ရဘူးပေါ့”
ကျွန်မ ဆက်မေးလိုက်မိပါတယ်။

“အဖိုးရဲ့ တွက်ချက်မှုတွေကို Dr. Anstrom ကို ပြန်ပေးလိုက်တယ်။ သူက ကျေးဇူးတင်စကားတောင် ပြောမသွားပါဘူး။ အစည်းအဝေးခန်းထဲကို ပြန်ဝင်သွားပြီး၊ အခန်းတံခါးကို ပိတ်လိုက်တယ်။ ဒီကတည်းက ဘာမှ ဆက်ပြီး မကြားရတော့ ဘူး”
“ဘယ်သူကမှ ဘာမှ ဆက်မပြောဘူးလား။ ကျွန်မသာဆိုရင် စစ်ကြီးပြီးသွားလို့ ဒီကိစ္စက လျှို့ဝှက် မဟုတ်တော့ချိန်မှာ သတင်းနဲ့ စာနယ်ဇင်းတွေကို ပြောပြမှာပဲ”
အဖိုးက ကုလားထိုင်မှာ ထိုင်ချလိုက်ပြန်ပါတယ်။ ကောင်းကင်ပေါ်က ကြယ်တွေကို စိုက်ကြည့်နေရင်း “မပြောဘူး” လို့ တိုးတိုးလေး ဖြေလိုက်ပါတယ်။ သူ့အသံက လျှို့ဝှက်နက်နဲမှုတွေ ပြည့်နှက်နေတဲ့ ပျော့တော့တော့ အသံလေးနဲ့ပါ။
ဒီလို အသံလေးနဲ့ အဖိုးစကားပြောတာကို ကျွန်မတခါမှ မကြားဖူးပါဘူး။
“ပျောက်ဆုံးသွားတဲ့ စစ်သင်္ဘောကြီးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြောသူတချို့တော့ ရှိခဲ့ဖူးပါတယ်။ စကားမစပ် အဲဒီစစ်သင်္ဘောကြီး နာမည်က USS Eldridge တဲ့။

 နောက်ပြီး ဒီပရောဂျက်နာမည်ကတော့Philadelphiaစမ်းသပ်ချက် ပေါ့”
“ဒါဆို အဖိုးကော ဘာလို့ မပြောတာလဲ။ သတင်းစာတွေက အဖိုးကို ပိုက်ဆံပေးမှာပေါ့”
အဖိုးက သက်ပြင်းချလိုက်ပါတယ်။
“ဘာကြောင့်လဲဆိုတော့Philadelphiaစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး စပြောခဲ့တဲ့လူက ထူးခြားဆန်းကြယ်စွာ သေဆုံးခဲ့လို့ပေါ့”
“သူအသတ်ခံလိုက်ရတာလား”
ကျွန်မ မေးခွန်းမေးရင်း အသက်ပြင်းပြင်းရှုလိုက်မိပါတယ်။ စိတ်ထဲမှာတော့ ပန်းခြံထဲက နံရံတွေရဲ့ အရိပ်တွေကြားထဲမှာ အရိပ်တွေ ထပ်ရှိနေသလားလို့ စဉ်းစားလိုက်မိတယ်။
ကျွန်မရဲ့ မေးခွန်းကို အဖိုးက တိုက်ရိုက်မဖြေပါဘူး။
“Albert Einstein ဟာ တကယ်ထူးချွန်ထက်မြက်တဲ့ လူတယောက်ပါ။ တခါက သူပြောဖူးတယ်။ အောင်မြင်မှုဆိုတာ ညီမျှခြင်းတခုပဲတဲ့။ တကယ့်လို့ A ဟာ အောင်မြင်မှုဖြစ်ပြီး A= x+ y+ z ဆိုပါစို့။ x ဆိုတာက အလုပ်ဖြစ်ပြီး၊ y ဆိုတာက အနားယူတာ၊ ကစားတာပေါ့။ z ဆိုတာကတော့ ပါးစပ်ကို ပိတ်ထားတာပဲ”
သူက ကျွန်မကို လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့ ဆက်ပြောတယ်။

“တချို့လူတွေက ဘဝမှာ မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ z မရှိဘူးလေ။ ဘယ်လိုအချိန်မျိုးမှာ ပါးစပ်ကို ပိတ်ထားသင့်သလဲဆိုတာ သူတို့ မသိကြဘူး”
“အခုလို နှစ်ပေါင်းငါးဆယ်ကြာပြီးချိန်ကျမှPhiladelphiaExperiment အကြောင်း ပြောတာကိုကော ဘယ်သူတွေက မပြောစေချင်ကြတာလဲ”
“ဥပဒေစိုးမိုးရေးလုပ်နေသူတွေတော့ မဟုတ်ဘူး။ FBI မဖြစ်နိုင်ဘူး။ ဒါပေမယ့် စပိုင်တွေကတော့ ပြောစေချင်မှာ မဟုတ်ဘူး။ မသိနိုင်ဘူးလေ”
“ဘာကြောင့်လဲ”
“အဖိုးထင်တာကတော့ ဖြစ်နိုင်ချေနှစ်မျိုးရှိတယ်”
အဖိုးက ညင်သာစွာ ပြောပါတယ်။
“ပထမ တမျိုးက ဒီကိစ္စတွေဟာ ကြောက်မက်ဖွယ်ကောင်းလိုက်အောင် မှားယွင်းသွားခဲ့ပြီး၊ သိပ္ပံပညာရှင်တွေက ရေတပ် သားတွေကို သတ်လိုက်တယ်ဆိုတဲ့ ဖြစ်ရပ်ကို လူတွေ မသိအောင် အစိုးရက ဖုံးကွယ်ချင်လို့ ပဲ”
“နောက်ထပ်ဖြစ်နိုင်ချေကကော”
“ဒီစမ်းသပ်ချက်ဟာ အောင်မြင်လုနီးနီးဖြစ်ခဲ့တာမို့ လျှို့ဝှက်ထားချင်လို့ပဲ။ ခုချိန်မှာ သိပ္ပံပညာရှင် တယောက်ယောက်ဟာ invisibility ၊ ဒါမှ မဟုတ် anti-gravity နဲ့ ပတ်သက်ပြီး တစုံတရာ လုပ်နေခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ ရန်သူတွေကို ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မသိစေချင်လို့ နေမှာပေါ့”
အဖိုးက သက်ပြင်းချလိုက်ပါတယ်။
“ဒါနဲ့ ပတ်သက်တဲ့ ပရောဂျက်လုပ်ဖို့ အိုင်ဒီယာကို မေ့ပစ်လိုက်စမ်းပါ”
အဖိုးက ရုတ်ခြည်းပြောလိုက်ပါတယ်။
ဒါပေမယ့် ကျွန်မက လွယ်လွယ်နဲ့ အရှုံးမပေးချင်ပါဘူး။
“အဖိုးပြောတဲ့ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီးဆိုတာကို အဖိုးကိုယ်တိုင် မြင်ခဲ့ဖူးလား”
“မမြင်ဖူးဘူး။ အဖိုးက ချက်ချင်းအဖြေပေးပါတယ်”
“နောက်မှ ဒါနဲ့ပတ်သက်တဲ့ ပုံပြင်တွေ ထွက်လာတာ။ သက်သေတွေပြောတာကေတော့ USS Eldridge ကြီးက ပျောက် သွားပေမယ့် ရေပြင်မှာ သူ့အရိပ်ကြီးပေါ်နေခဲ့တယ်တဲ့။ ဒါကိုလဲ နားလည်ပေးလို့ ရပါတယ်။ တခြား ဆန်းကြယ်တဲ့ ကော လဟလတွေလဲ ရှိသေးတယ်”
“ကောလဟလတွေလား”
“ဒီထက် မပိုနိုင်ပါဘူး။ ထူးခြားတဲ့ ဖြစ်ရပ်ဆန်းတွေပါ။ အဖိုးတောင် ဒါတွေကို ယုံလား၊ မယုံဘူးလားဆိုတာ ကိုယ့်ဘာ သာကိုယ် မသေချာဘူး”
ဆက်မပြောခင်မှာ အဖိုးက ခေတ္တငြိမ်သက်နေပါတယ်။

“သူတို့ဆိုလိုတာကတော့ USS Eldridge သင်္ဘောကြီးကPhiladelphiaသင်္ဘောကျင်းက ပျောက်ကွယ်သွားပြီး၊ သိပ်မ ကြာခင်မှာပဲVirginia,Norfolkက ဆိပ်ကမ်းမှာ ပြန်ပေါ်လာတယ်တဲ့။ ကီလိုမီတာရာပေါင်းများစွာကို မျက်စိတမှိတ် အ တွင်းမှာ ခရီးသွားခဲ့တယ် ဆိုတဲ့ သဘောပေါ့”
“ဒါဆိုရင်Philadelphiaစမ်းသပ်ချက်ဆိုတာ anti-gravity ဖြစ်နိုင်သလို၊ invisibility ဖြစ်နိုင်သလို၊ teleportation matter လဲ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား။ ဘာကောကျန်သေးလဲ”
“တခြားမှတ်တမ်းတွေလဲ ရှိသေးတယ်”
အဖိုးက ဖြည်းဖြည်းချင်း ဆက်ပြောပါတယ်။
“Force field က သာမန် time-space continuum ကို ဖောက်ထွက်နိုင်ခဲ့တယ်တဲ့။ ဒါကြောင့် စက္ကန့်အနည်းငယ်အတွင်း မှာ နှစ်နေရာမှာ ပေါ်လာခဲ့တာပဲ။ ဒါဟာ စကြဝဠာထဲကို ဖြတ်သန်းသွားလာ နိုင်ဖို့အတွက် gateway လဲ ဖြစ်တယ်။ တချို့ဆိုကြတာကတော့ ရေတပ်သားတွေဟာ ကမ္ဘာမြေကို ဝင်လာတဲ့ ဂြိုလ်သားခရီးသည်တွေနဲ့လဲ တွေ့ဆုံခဲ့ကြတယ် ဆိုပဲ”
ကျွန်မ မယုံနိုင်စွာနဲ့ ကိုယ့်မျက်လုံးကိုယ် ပြန်ပွတ်လိုက်မိပါတယ်။
“အလွန်သေးငယ်တဲ့ အစိမ်းရောင်လူလေးတွေလား”
“မဟုတ်သေးပါဘူး။ အညိုရောင်လူလေးတွေလား။ အဟုတ်ပဲလား”
ကောင်းကင်ပေါ်က ကြယ်လေးတွေကို ကျွန်မ စိုက်ကြည့်လိုက်မိပါတယ်။
“Anti-gravity အတွေးအခေါ်တွေက ဆက်ပြီး စူးစမ်းလေ့လာသင့်တဲ့ အကြောင်းအရာတွေပါ။ အလင်းရောင်ကိုလဲ ကောက်ကွေးအောင် လုပ်လို့ ရနိုင်တယ်။ ကျန်တာတွေကတော့ အဖြူ၊အမဲ ရုပ်ရှင်ထဲကလိုပဲ ရိုးရိုးရှင်းရှင်းလေးတွေပါ။ ဒီ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းနိုင်ဖို့ လူတယောက်ဟာ အသတ်ခံခဲ့ရသတဲ့လား။ ဒါဆို သတ်ခံရသူက ဘယ်သူလဲ အ ဖိုး။ ဘယ်သူကPhiladelphiaစမ်းသပ်ချက်အကြောင်းကို ပြောလိုက်တာလဲ”
အဖိုးက လှည့်ပြီး အိမ်ထဲဝင်သွားပါတယ်။

“ဒါက နောက်ထပ် ဇာတ်လမ်းတခုပဲ၊ အဲလစ်။ နောက်ထပ်အချိန်တခုအတွက် နောက်ဇာတ်လမ်းတပုဒ်ပေါ့။ ခုတော့ ညစာစားချိန်ရောက်ပြီ”


  Philadelphia စမ်းသပ်ချက် (အပိုင်း -၅)

April 7, 2012

 အဖိုးနဲ့ စကားပြောပြီးတဲ့ အဲဒီ့ညက ကျမ အလွန်အလုပ်ရှုပ်ခဲ့ပါတယ်။ (၁၉၄၃) ခုနှစ်တုန်းက အဖိုးဖြေရှင်းခဲ့ တဲ့ ပုစ္ဆာတွေကို ကျမ ပြန်ပြီး တွက်ချက်ကြည့်နေရတာကြောင့်ပါ။ ကွန်ပျူတာရဲ့ အကူအညီကြောင့် နာရီဝက် အတွင်းမှာပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီတုန်းက ကျမ အသုံးပြုခဲ့တဲ့ ကွန်ပျူတာက IBM 286 အမျိုးအစားပါ။ ဒီနေ့ခေတ် ကွန်ပျူတာတွေနဲ့ယှဉ်လိုက်ရင်တော့ donkey cart လို့ ထင်စရာဖြစ်ပေမယ့် ဒီကွန်ပျူတာကလဲ တွက်ချက်မှုတွေအတွက် အတော်အကျိုးကျေးဇူး ရှိစေပါတယ်။ (၁၉၄၃) ခုနှစ်တုန်းကတော့ အဖိုးရဲ့ ဦးနှောက် တွေက ကွန်ပျူတာတွေလိုပဲ အလုပ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ကျမရဲ့ တွက်ချက်မှုတွေကနေ ပေါ်ထွက်လာတဲ့ အဖြေကတော့ force field ဟာ အလင်းတန်းတွေကို ကွေး ညွတ်စေနိုင်တယ် ဆိုတာပါပဲ။Philadelphiaစမ်းသပ်ချက်နဲ့ပတ်သက်တဲ့ အရာတွေအားလုံးကို ပြည့်ပြည့်စုံစုံ ပြောပြဖို့အတွက် အဖိုးကို ကျမ ထပ်ပြီးတိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဖိုးကတော့ ငြင်းဆန်ခဲ့ပါတယ်။ အိမ် က cellar ထဲမှာ သိမ်းထားတဲ့ ဖိုင်ဟောင်းတွေနဲ့ သတင်းစာဖြတ်ပိုင်းတွေကို ပြန်ရှာပြီး လေ့လာရဦးမယ်လို့ ဆိုပါတယ်။
IBM 286

ကျမ ကျောင်းသွားနေတုန်းမှာ လေ့လာထားပြီး၊ ပြည့်ပြည့်စုံစုံပြောပြမယ်လို့ ကတိပေးပါတယ်။
နောက်တနေ့ ကျောင်းမှာ စာသင်နေရပေမယ့် ကျမရဲ့ စိတ်က အိမ်ကိုပဲ ရောက်နေပါတယ်။ အဖိုးနဲ့ စကားပြော ခွင့်ကိုပဲ စောင့်ဆိုင်းနေမိပါတယ်။ နောက်ဆုံး ကျောင်းလွှတ်ချိန်မှာတော့ အိမ်ကို ဒုန်းဆိုင်းပြီး ပြေးလာမိခဲ့ပါ တော့တယ်။ ကျောင်းလွယ်အိတ်ကို လမ်းကြောင်းမှာ ချထားပြီး၊ မီးဖိုထဲကို အပြေးအလွှားလာခဲ့မိပါတယ်။

အဖိုး က ကျမအတွက် နွားနို့တခွက်နဲ့ မြေပဲထောပတ်သုတ် ပေါင်မုန့်ကိုလုပ်ထားပြီး အသင့်စောင့်နေပါတယ်။ စက္ကန့် သုံးဆယ်အတွင်းမှာ နွားနို့ကို အတင်းမော့ချသောက်လိုက်တာကြောင့် သီးမတတ်ဖြစ်သွားပါသေးတယ်။
အဖိုးက ကျမ ဖြစ်နေပုံကို မျက်မှောင်ကျုံ့ပြီး ကြည့်တာကြောင့် ကျမ အရှိန်လျှော့လိုက်ရပါတယ်။ ပေါင်မုန့်ကို ကုန်အောင်စားပြီး၊ ပေါင်မုန့်ပန်းကန်နဲ့ နွားနို့ခွက်ကို သွားဆေးလိုက်ပါတယ်။ ပြီးတော့မှ စားပွဲမှာ ပြန်ဝင်ထိုင် လိုက်ပါတယ်။
“ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား”
အဖိုးက အေးဆေးစွာ မေးပါတယ်။
“အတူတူပါပဲ”
ကျမက စိတ်မရှည်စွာ ပြန်ဖြေလိုက်ပါတယ်။
“ဒါတော်တော်ဆိုးတာပဲ”
အဖိုးက မှတ်ချက်ပေးပါတယ်။
ကျမဆက်ပြီး မစောင့်နိုင်တော့ပါဘူး။ ကိုယ်ကို ရှေ့နည်းနည်းကိုင်းလိုက်ပါတယ်။
“ကျမကို ဘာတွေ ပြစရာရှိလဲ အဖိုး”
စိတ်အားထက်သန်စွာနဲ့ မေးလိုက်မိပါတယ်။
အဖိုးက စားပွဲထိပ်ပိုင်းမှာ စုပုံထားတဲ့ ဖိုင်းတွေကို လက်ညှိုးထိုးပြပါတယ်။ ဖိုင်တခုချင်းစီရဲ့ ရှေ့စာမျက်နှာမှာ အဖိုးက အမည်တွေကို လက်ရေးသေးသေးလေးတွေနဲ့ သပ်သပ်ရပ်ရပ် ရေးထားပါတယ်။
“Electromagnetic fields ကို သုတေသန လုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေအကြောင်း စုစည်းထားတဲ့ ဖိုင်တွေ ပဲ”

အဖိုးက ဖိုင်တခုကို ကောင်ကိုင်လိုက်ပါတယ်။
“ဥပမာ Townsend Brown တို့လို လူတွေပေါ့”

ဒီဖိုင်ထဲမှာ လေးနက်သော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားတဲ့ ခပ်ပိန်ပိန် လူတယောက်ရဲ့ ဓာတ်ပုံကို တွေ့ရပါ တယ်။ ဖိုင်ပါ အချက်အလက်တွေအရ သူ့ကို (၁၉၀၅) ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီးနောက်ပိုင်း သူ တက်ခဲ့တဲ့ကောလိပ်ကျောင်းတွေနဲ့ အလုပ်အကိုင်တွေအကြောင်းကို ဖိုင်ထဲမှာ ဖော်ပြထားပါတယ်။ နောက်ဆုံး (၁၉၃၀) ခုနှစ်မှာ Naval Research Laboratory မှာ လုပ်ခဲ့တဲ့အချက်ပါ ပါဝင်ပါတယ်။
“အဲဒီမှာ အဖိုးလဲ အလုပ်လုပ်ခဲ့တယ် မဟုတ်လား”
ကျမက မေးလိုက်တော့ အဖိုးက ခေါင်းညိတ်ပြပါတယ်။

“မစ္စတာဘရောင်းက အဖိုးထက်ပိုပြီး အသက်ကြီးတယ်။ ပြီးတော့ သူက တခြားဌာနတခုမှာ အလုပ်လုပ်တယ်။ သူက အေးအေးဆေးဆေး နေတတ်တဲ့ လူတယောက်ပဲ။ သူ့ရဲ့ စမ်းသပ်ချက်တွေနဲ့ ပတ်သက်ပြီး အဖိုးတို့တွေ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ သူအထူးစိတ်ဝင်စားတာက gravity အကြောင်းပဲ။ အဲဒီမှာ အဖိုးရှိ နေတုန်းက သူဟာ Gravitor ဆိုတာနဲ့ အလုပ်များနေခဲ့တယ်။ ဒါက electromagnetic force fields၊ gravity တွေနဲ့ ပတ်သက်ပြီးအိုင်းစတိုင်းရဲ့ သီအိုရီမှန်တယ်ဆိုတာကို သက်သေပြထားပုံပေါ်ပါတယ်။ ဒီသုတေသနမှာ အသုံးပြုဖို့ ဒေါ်လာသန်း (၅၀) ရထားခဲ့တယ်။ အစိုးရက သူ့ကို နောက်ကနေ ထောက်ကူပေးထားခဲ့တယ်။ ဒါ ပေမယ့် တစုံတရာ ပြောင်းလဲသွားခဲ့ပြီး၊ မှားယွင်းမှုတွေ ဖြစ်သွားတယ်”
“ဒီကိစ္စက Philadelphia စမ်းသပ်ချက်နဲ့ သက်ဆိုင်နေသလား။ USS Eldridge နဲ့ ပတ်သက်ပြီး သူက တာဝန်ရှိ ခဲ့သူလား”
ကျမက စိတ်အားထက်သန်စွာ မေးလိုက်ပါတယ်။

အဖိုးက ခေါင်းခါလိုက်ပါတယ်။
“ဘာမှ သေချာပြောလို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ (၁၉၄၃) ခုနှစ်၊ ဒီဇင်ဘာလမှာ မစ္စတာဘရောင်းဟာ စိတ်ဖရိုဖရဲဖြစ်ပြီး၊ အလုပ်ကနေ အနားယူသွားခဲ့လို့ပဲ”
“ဒါဆိုရင် သူဟာ Philadelphia စမ်းသပ်ချက်နဲ့ သက်ဆိုင်နေပါတယ်လို့ သက်သေပြလို့ မရတော့ဘူးပေါ့”
ကျမက စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ ပြောလိုက်မိပါတယ်။
အဖိုးက လက်ရေးနဲ့ မှတ်တမ်းတချို့ကို ဆွဲထုတ်လိုက်ပါတယ်။
“စစ်ပြီးကာလမှ သူဘာတွေ ဆက်လုပ်နေခဲ့တယ်ဆိုတာကို အဖိုးလိုက်ပြီး စုံစမ်းနေခဲ့တယ်။ သူက anti-gravity device တခုကို တီထွင်လာခဲ့တယ်။ ဒါက ကစားစရာ တခုလိုပါပဲ။ လျှပ်စစ်အားသွင်းလိုက်ရင် အဲဒီ သေးငယ်တဲ့ ငွေရောင် disc လေးက လေထဲကို မြောက်တက်သွားပြီး၊ စက်ဝိုင်းသဏ္ဍာန် ပျံဝဲနေတတ်တယ်။ ဒီအယူအဆတွေဟာ လေကြောင်းခရီးစဉ်နဲ့ စကြဝဠာ ခရီးစဉ်တွေအတွက်တော့ အထောက်အကူ ဖြစ်စေမ လားပဲ။ ဒါပေမယ့် ဒီတီထွင်မှုတွေ ဆက်ပြီး ပြုလုပ်ဖို့အတွက် သူ့ဆီမှာ ဘဏ္ဍာရေးအရ ကူညီထောက်ပံ့မှုတွေ မရခဲ့ဘူး”

 
biefeld_brown_effect - dielectricthq

  “ဘာကြောင့် သူ့အိုင်ဒီယာတွေကို လူတွေက မလိုချင်ကြတာလဲ။ ဘာကြောင့်လဲ။ ဒီလိုအိုင်ဒီယာတွေကို သူတို့ လက်ထဲ ရောက်လာအောင် လူတွေက ဘာလို့ မလုပ်ကြတာလဲ”
ကျမ အံ့သြတကြီးနဲ့ မေးလိုက်မိပါတယ်။

“တကယ်တော့ တချို့လူတွေက ဒီအိုင်ဒီယာတွေကို လိုချင်ကြပါတယ်။ ပြဿနာက ဒါတွေကို တစုံတရာက လိုက်လံနှောင့်ယှက်နေခဲ့တာပါ။ ကုမ္ပဏီတခုက သူ့ရဲ့ အိုင်ဒီယာတွေကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် သိပ်မ ကြာခင်မှာပဲ ဒီကုမ္ပဏီကို တခြားကုမ္ပဏီတခုက လက်ဝါးကြီးအုပ်ရယူသွားခဲ့တယ်။ သူအလုပ်ပြုတ် သွားပြန် တယ်။ နောက်တော့ မီလျံနာတယောက်က သူ့ကို အကူအညီပေးပြန်တယ်။ အဲဒီ မီလျံနာက လေယာဉ်ပျက် ကျပြီး သေသွားခဲ့တယ်။ မှတ်တမ်းတွေထဲမှာတော့ မတော်တဆမှုလို့ သေချာရေးထားတယ်။ သူအလုပ်ပြုတ် သွားပြန်တယ်”
မှတ်တမ်းတွေကို ကျမကိုယ်တိုင် ကောက်ယူပြီး ဆက်ဖတ်ကြည့်လိုက်ပါတယ်။
၁၉၅၈ ခုနှစ်မှာ သူ့ကိုယ်ပိုင်ကုမ္ပဏီကို ထောင်ဖို့ လုံလောက်တဲ့ပိုက်ဆံတွေ သူရှိလာခဲ့တယ်။ ဒါပေမယ့် သူတီ ထွင်ထားတဲ့ models တွေကို flying machines အဖြစ် ပုံပြောင်းပေးနိုင်မယ့် လူတွေကို သူမတွေ့ခဲ့ဘူး။
Brown ၏ Anti-Gravity ကိရိယာကို စမ်းသပ်နေစဉ်

 ကျမ စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်မိပါတယ်။
အဖိုးက ကျမကိုကြည့်ရင်း မေးပါတယ်။
“အဲဒါ ဘာကြောင့်လို့မင်းထင်သလဲ”
ကျမ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိပါတယ်။
“အချက်သုံးချက်ကို စဉ်းစားမိတယ်။ ပထမတချက်ကတော့ သူက အင်မတန် ကံဆိုးသူတယောက်မို့ပဲ။ တချို့ လူတွေက အဲလိုပဲ။ ဘာလုပ်လုပ်၊ ဒီလို အံချော်မှုတွေနဲ့ပဲ ကြုံကြရတယ်။ ဒုတိယတချက်ကတော့ လူတွေက Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တာတွေ ကြားထားပြီး၊ နောက်တခါ ဒီလိုမျိုးတွေ ထပ်ဖြစ်လာမှာကို ကြောက်ရွံ့လို့ပဲ”
“နောက်ဆုံးတချက်ကကော”
အဖိုးက ခပ်ဖျော့ဖျော့လေး ပြုံးပြီး မေးလိုက်ပါတယ်။
“နောက်ဆုံးတချက်ကတော့ ပါ၀ါရှိသူတွေ၊ အစိုးရလဲ ဖြစ်နိုင်ပါတယ်။ သူတို့က မစ္စတာ ဘရောင်းကို မအောင် မြင်စေချင်တဲ့အတွက် သူ့ကို ထောက်ကူပေးမယ့်သူတွေကို ခြိမ်းခြောက်ထားလို့ပဲ”
“ကောင်းတယ်”
အဖိုးက ဆက်ပြောလိုက်ပါတယ်။
“ဒါတွေက အဖိုး သုံးသပ်ချက်တွေနဲ့ တထပ်တည်းပဲ”
“နောက်ပိုင်းမှာ မစ္စတာဘရောင်း ဘာဖြစ်သွားလဲ”
ကျမက ဆက်မေးလိုက်ပါတယ်။
“သူက အလုပ်ကနေ အနားယူထားပေမယ့် သူ့အိပ်မက်ဖြစ်တဲ့ anti-gravity တီထွင်မှုတွေကို ရောင်းချဖို့ ဆက် ပြီး ကြိုးပမ်းနေခဲ့တယ်။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ပေါ့”
ကျမ အတန်ကြာ တွေးနေမိပါတယ်။

Townsend Brown



(Townsend Brown ၏ နာမည်အပြည့်အစုံမှာ Thomas Townsend Brown ဖြစ်သည်။ ၁၉၀၅-ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မွေးဖွားပြီး ၁၉၈၅-ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင်သေဆုံးခဲ့သည်။ Brown သည် လျှပ်စစ်စက်ကွင်းနှင့် ကမ္ဘာ့ဆွဲအားတို့၏ ဆက်စပ်ပုံကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယုံကြည်ရသည်။သူ၏ ရှာဖွေတွေ့ရှိချက်ကို အစပိုင်းတွင် Biefeld-Brown effect ဟု ခေါ်ပြီး နောက်ပိုင်းတွင် Electrogravitics ဟု ခေါ်သည်။ သူတီထွင်ထားသော Anti-Gravity ကိရိယာအကြောင်းကို အောက်ပါ link တွင် ကြည့်နိုင်ပါသည်။
https://www.youtube.com/watch?v=njZy64BeQNo   ။     ။  မျှော်လင့်ခြင်း ခရီးသည်)
 
“ဒုတိယကမ္ဘာစစ်တွင်းကာလမှာ အိုင်းစတိုင်း အမေရိကန်ရေတပ်အတွက် အလုပ်လုပ်ခဲ့တယ်။ သူ့ဆီမှာ anti-gravity သီအိုရီတခုကို ဖော်ထုတ်ထားနိုင်ခဲ့တယ်။ သူက electromagnetic fields မှာ ကျွမ်းကျင်တဲ့ ပရော် ဖက်ဆာ Ladenburg နဲ့ အတူတွဲပြီး အလုပ်လုပ်ခဲ့တယ်။ Townsend Brown က ဒီဌာနမှာပဲ anti-gravity နဲ့ ပတ်သက်ပြီး အလုပ်လုပ်ခဲ့တယ်။ မော်ဒယ်တွေကို စမ်းသပ်ခဲ့ကြတယ်။ သူတို့ စမ်းသပ်ချက်တွေကို အဖိုးက တွက်ချက်ပေးခဲ့ရတယ်။ (၁၉၄၃) အကုန်ကာလအထိ အားလုံး အဆင်ပြေနေခဲ့တယ်။ ပြီးတော့ တစုံတရာ ဖြစ် ပွားသွားခဲ့တယ်။ ဒါက ဆိုးရွားတာကြောင့် အစိုးရက သုတေသနကို ရပ်ဆိုင်းလိုက်ရတယ်။ ဘယ်သူ့ကိုမှ ဒါနဲ့ ပတ်သက်ပြီး ဆက်လက်စမ်းသပ်မှုတွေ မလုပ်နိုင်အောင် ပိတ်ပင်လာခဲ့တယ်။ ဒါက ဘာလဲ။ အဖိုး”
အဖိုးက ဖိုင်တဖိုင်ကို ကျမလက်ထဲ ထည့်လိုက်ပါတယ်။
“ဖတ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်ကြည့်ပါ။ ဒီဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတယ်။ စစ် ကြီးပြီးလို့ ၁၅နှစ် အကြာမှာမှ ဒီဇာတ်လမ်း ပေါ်ထွက်လာခဲ့တယ်။ ယုံကြည်မလား၊ မယုံကြည်ဘူးလား ဆိုတာ တော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြည့်ပေါ့”
အဖိုးက Jessup လို့ အမည်ပေးထားတဲ့ ဖိုင်တဖိုင်ကို ကျမဆီ ပေးထားခဲ့ပြီး၊ ညစာအတွက် စတင်ပြင်ဆင်နေ ပါတော့တယ်။

ကျမ ဖိုင်ကို ဖွင့်လိုက်ပါတယ်။ အဲဒီမှာတင် ပထမဆုံးအနေနဲ့ USS Eldridge ဇာတ်လမ်း ပြည့်ပြည့်စုံစုံကို ကျမ စဖတ်လိုက်ရတာပါပဲ။
 
Philadelphia စမ်းသပ်ချက် (အပိုင်း – ၆)
April 8, 2012

ဒေါက်တာ Jessup ဆိုတာ Philadelphia စမ်းသပ်ချက်နဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ပုဂ္ဂိုလ်တဦးပါ။ သချင်္ာပညာရှင်နဲ့ အာကာသပညာရှင်တယောက်ဖြစ်ပြီး နောက်ဆုံးမှာတော့ တောင်အမေရိက တောတွေကြားထဲမှာ လှည့်လည်သွားလာနေသူတဦး ဖြစ်လာခဲ့ပါတယ်။
သူဒီလို လုပ်နေရင်းနဲ့ ရှေးဟောင်း Inca အဆောက်အဦတွေကို စိတ်ဝင်တစား ဖြစ်လာခဲ့တယ်။ သူစဉ်းစားမိလာတာက ဒီလောက်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို လူသားတွေနဲ့ llamas တွေက ရွှေ့ပြောင်း သယ်ယူနိုင်စွမ်း မရှိနိုင်ဘူး ဆို တာပါပဲ။ သူတို့တွေဆီမှာ anti-gravity device တမျိုးမျိုးရဲ့ အကူအညီ ရခဲ့လိမ့်မယ်လို့ သူသုံးသပ်မိသွားခဲ့ပါတယ်။

Anti-gravity device

ဒါဟာ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်လာတဲ့ ကွင်းဆက်တခုဖြစ်ပေမယ့် ကွင်းဆက်က သိပ်မထင်ရှားသေးဘူး။ ပြီးတော့ သူနဲ့ ရေတပ်နဲ့ဆိုတာကလဲ အဆက်အစပ်က ရှိတာ မဟုတ်ဘူး။ ဒေါက်တာ Jessup ရဲ့ အိုင်ဒီယာကတော့ ရိုး ရှင်းပါတယ်။ ဒီစက်ယန္တရားတွေကို ရှေးဟောင်းအာကာသ ပညာရှင်တွေက အာကာသယာဉ်တွေကနေတဆင့် ထိန်းချုပ် အသုံးပြုခဲ့သလား ဆိုတာပါပဲ။

ဒီဇာတ်လမ်းကို ဖတ်နေရင်း ကျမရဲ့ စိတ်ထဲမှာတော့ နောက်ထပ်ကွင်းဆက်တခုကို ထပ်တွေ့သွားပြန်ပါတယ်။ အဖိုးက ပြောခဲ့ဖူးတဲ့ ပုံပြင်တပုဒ်ဖြစ်တဲ့ USS Eldridge ဟာ time-space အတားအဆီးတွေကို ကျော်လွှားသွားပြီး၊ ဂြိုလ်သားတွေ နဲ့ပါ ဆုံခဲ့တယ်ဆိုတာကိုပါပဲ။
ဒီလိုနဲ့ပဲ ဒေါက်တာ Jessup ဟာ အာကာသယာဉ်တွေ ဆင်းသက်ရာမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ craters တွေအ ကြောင်း အပတ်တကုတ် လိုက်လံစုံစမ်းလေ့လာပါတော့တယ်။ အဲဒီမှာတင် သူ့ဆီမှာ သုံးစွဲစရာ ငွေကြေးမရှိတော့တာ ကြောင့် အမေရိကန်ပြည်ထောင်စုကို ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ တောတွင်းလေ့လာရေး ခရီးစဉ်တွေက တခြားသူဝါသနာ ပါတဲ့ UFOs တွေအကြောင်းနဲ့ ဆက်စပ်သွားပါတယ်။ (၁၉၄၀)၊ (၁၉၅၀) ကာလတွေမှာ ဒါနဲ့ ပတ်သက်ပြီး လူတွေက တော်တော်လေးကို စိတ်ဝင်စားနေကြတဲ့ ကာလလဲဖြစ်ပါတယ်။ ဒါကြောင့် သူက The Case For the UFO ဆိုတဲ့ စာ အုပ်ကို ရေးသားထုတ်ဝေပြီး ပိုက်ဆံရှာခဲ့ပါတယ်။ ဒါက best-seller စာရင်းမှာတော့ မပါခဲ့ဘူး။ ဒါပေမယ့် Ufologists တွေအကြားမှာတော့ အတော်ကို ခေတ်စားခဲ့ပါတယ်။ ဒေါက်တာ Jessup အတွက် သုံးစွဲစရာ ငွေကြေးအနည်းငယ် ရှိ လာတာကြောင့် အမေရိကန်ပြည်ထောင်စုတခွင်ကို လှည့်လည်ပြီး သူတွေ့ရှိထားတဲ့ သီအိုရီတွေကို ဟောပြောခွင့် ရလာ ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ သူသေဆုံးသွားပါတယ်။
ဒေါက်တာ Jessup နဲ့ ပတ်သက်ပြီး Naval Defence Research Committee က တစုံတရာ စိတ်ဝင်စားခဲ့ပုံ ပေါ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့လှုပ်ရှားမှုတွေကို နောက်ယောက်ခံပြီး မှတ်တမ်းတင်ထားမှုတွေ ရှိခဲ့လို့ပါပဲ။ သူသေဆုံးခဲ့တာနဲ့ ပတ် သက်ပြီး ရေတပ်က မှတ်တမ်းတင်ထားမှုတွေနဲ့ စတိတ်မင့်တွေကိုလဲ အဖိုးပေးတဲ့ ဖိုင်ထဲမှာ တွေ့ရှိရပါတယ်။
မှတ်တမ်းတွေအရတော့ ဒေါက်တာ Jessup ဟာ သေဆုံးချိန်မှာ စိတ်ဓာတ်အလွန်ကျနေခဲ့တယ်။ အိမ်ထောင်ရေး ပြိုကွဲ သွားပြီးနောက်ပိုင်း သူဟာ မတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ လမ်းသွယ်လေးတခုထဲကို သူ့ ကားက မောင်းဝင်သွားခဲ့တယ်။ ပြီးတော့သူက အိတ်ဇောပိုက်ထဲကို ပိုက်တခုသွင်းပြီး၊ အဲဒီပိုက်ကို သူ့ကားထဲကို သွင်း ထားခဲ့တယ်။ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို အသုံးပြုပြီး သူ့ဘာသာသူ သတ်သေသွားခဲ့တယ်လို့ မှတ်တမ်းထဲမှာ ဆိုထား ပါတယ်။

ဒီမှတ်တမ်းကို ဖတ်ရချိန်မှာ ကျမလည်ပင်းနောက်နားက ဆံပင်မွှေးလေးတွေ အနည်းငယ် ထောင်လာသလို ခံစားလိုက်ရ ပါတယ်။ တစုံတရာတော့ ဒီနေရာမှာ လွဲနေပါတယ်။ ဒေါက်တာ Jessup ရဲ့ စိတ်ကျရောဂါကို မှတ်တမ်းထဲမှာ ဘာလို့ အ ဓိကထားပြီး ဖော်ပြထားခဲ့သလဲ။ ကျမ သံသယဝင်လာမိပါတယ်။ စိတ်ကျရောဂါကို အဓိကထားပြီး ဖော်ပြခြင်းအားဖြင့် သူ ဟာ မိမိကိုယ်ကို သတ်သေခဲ့တယ်ဆိုတာကို လူအများ လက်ခံလာစေခဲ့တာလား။

ဒါဟာ မိမိကိုယ်ကို သတ်သေခဲ့တာ မဟုတ်ဘူးဆိုရင် (ပြီးတော့လဲ သူ့ကားထဲကို အိတ်ဇောပိုက်နဲ့ ဆက်ထားတဲ့ ပိုက်ကို မတော်တဆ ထိုးသွင်းခဲ့တာ မဟုတ်ဘူး ဆိုရင်) တခုပဲ ကျန်ပါတော့တယ်။ ဒါက လူသတ်မှုပါပဲ။ အဖိုးက ပြောခဲ့ဖူးတယ်။ သေဆုံးသူတွေဟာ ပုံပြင်တွေ မပြောနိုင်တော့ဘူးတဲ့။

“ဒီဖိုင်နဲ့ ပတ်သက်ပြီး ဘယ်လို သဘောရလဲ”

အဖိုးက ကျမကို မေးပါတယ်။
အဖိုးကို ကျမ လှမ်းကြည့်လိုက်မိတယ်။

“သူသေဆုံးမှုမှာ သံသယဖြစ်ဖွယ်တွေ မတွေ့ရဘူးလား”

“ဖြစ်နိုင်တာကတော့Philadelphiaစမ်းသပ်ချက်နဲ့ ပတ်သက်ဆက်နွယ်သူ အများအပြား သေဆုံးခဲ့ပုံပေါ်တယ်။ နည်း လမ်းနှစ်ခုနဲ့။ force field က မသတ်ရင် နောက်ပိုင်းမှာ နောက်ကွယ်တစုံတရာက သတ်လိုက်တာပဲ။ ကျမက သိပ်ပြီး သံသယကြီးလွန်းတာလဲ ဖြစ်နိုင်ပါတယ်”

“ဒေါက်တာ Jessup နဲ့ Philadelphia စမ်းသပ်ချက် အကြားမှာတော့ ဆက်နွယ်မှုတွေ မတွေ့ရဘူး။ ဘယ်လိုပြောရမလဲ။ သူက anti-gravity ကို စိတ်ဝင်စားတယ်။ ဂြိုလ်သားကိစ္စတွေမှာ လျှို့ဝှက်ချက်တချို့ ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါ ပေမယ့် (၁၉၄၃) ခုနှစ်မှာတော့ Philadelphia အနီးတဝိုက်မှာ သူရှိမနေခဲ့ဘူး”

“ဟုတ်တယ်”

အဖိုးက ကျမပြောတာကို လက်ခံပါတယ်။ ပြီးတော့မှ

“ဒါပေမယ့် Carlos Allende ဆိုတဲ့ လူတယောက်ကတော့ ရှိနေခဲ့တယ်လေ။ ဒီလူက ဒေါက်တာ Jessup ရဲ့ စာအုပ်တွေ ကို ဖတ်ခဲ့တယ်။ ပြီးတော့ ဒေါက်တာ Jessupဟာ သူ့အတွေ့အကြုံတွေကို ပြောပြဖို့ အသင့်တော်ဆုံးလူပဲလို့ သူဆုံးဖြတ်ခဲ့ တယ်”

“ဘယ်သူလဲ။ Carlos Allende ဆိုတာ”

အဖိုးက ဖိုင်တခုကို ခေါင်းညိတ်ညွှန်ပြလိုက်ပါတယ်။

“ဖတ်ပြီး ရှာကြည့်လေ”

ဒါနဲ့ပဲ ကျမလဲ ဆက်ဖတ်ကြည့်ရပါတော့တယ်။ ကျမဖတ်ကြည့်လိုက်ချိန်မှာ သိရတာတွေကတော့ ဒီလိုပါ။

 
ဘာသာပြန်သူ- ခင်မမမျိုး
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်အမျိုးအစား- လူငယ်စာပေ 

(သရုပ်ဖေါ်ပုံများကို Google မှ ကူးယူဖေါ်ပြပါသည်။) 


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...