Friday, August 3, 2012

Philadelphia စမ်းသပ်ချက် (အပိုင်း ၇ မှ ၁၂) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အဆက်အသွယ်ဖြတ်ထားသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် အစမှ အဆုံး အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)


Philadelphia စမ်းသပ်ချက် (အပိုင်း ၇)
April 9, 2012

အမေရိကန်ပြည်ထောင်စု တလွှား ကို သွားရောက်ရင်း UFOs နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ပြုလုပ်နေတဲ့ ဒေါက်တာ Jessup ဆီကို အလွှာပေါင်းစုံက လူတွေရဲ့ စာတွေ ရောက်ရှိခဲ့ပါတယ်။ တချို့လူတွေက သူ့လို သိပ္ပံပညာရှင်တွေ ဖြစ်ပြီး၊ ကျန်သူတွေကတော့ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ တချို့လူတွေကတော့ နံရံလေးဘက် ကာရံထားတဲ့ အကျဉ်းစခန်းတွေဆီက ရေးသားထားပုံပေါ်ပါတယ်။
ဒီလိုနဲ့ တနေ့မှာတော့ အရောင်မျိုးစုံနဲ့ ရေးထားတဲ့ စာတစောင်ကို ဒေါက်တာ Jessup လက်ခံရရှိခဲ့ပါတယ်။ စာရေးသူဟာ ဘောပင်ကို ကိုင်ဖို့ တစုံတရာ အခက်အခဲ ရှိနေခဲ့ဟန် တူပါတယ်။
ဒီစာကြောင့် ဒေါက်တာ Jessup ဟာ (၁၉၄၃) ခုနှစ်တုန်းက အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပထမဦးဆုံး အာရုံစိုက်ခဲ့မိဟန် တူပါတယ်။
လက်နှိပ်စက်နဲ့ ပြန်ရိုက်ထားတဲ့ စာရဲ့ မိတ္တူကို အဖိုးရဲ့ ဖိုင်တွေထဲမှာ ကျမဖတ်လိုက်ရပါတယ်။
လက်နှိပ်စက်နဲ့ စာကို ဖတ်ရတာ မင်ရောင်စုံနဲ့ ရေးထားတဲ့ စာကို ဖတ်ရတာလောက်တော့ အနှစ်သာရ ရှိလိမ့်မယ် မထင် ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Carlos Allende ရဲ့ စာကို ဖတ်ရရုံနဲ့တင် ဒေါက်တာ Jessup ဘယ်လို စဉ်းစားပြုမူနေခဲ့မယ် ဆို တာကို ကျမ မြင်ယောင်ကြည့်နေမိပါတယ်။ စာကို အထူးဂရုစိုက်ပြီး ကျမ ဖတ်ခဲ့ပါတယ်။

ဇန်နဝါရီလ (၁၃) ရက်၊ (၁၉၅၆) ခုနှစ်။

ဒေါက်တာ Jessup ခင်ဗျား။

ဒေါက်တာရဲ့ စာအုပ်ကို ကျနော်ဖတ်ပြီးပါပြီ။ ဒေါက်တာဟောပြောပွဲတွေ လုပ်နေတယ်လို့လဲ ကျနော်ကြားသိရပါ တယ်။ ဒေါက်တာက အမေရိကန်ပြည်ထောင်စုဟာ ကြယ်တာရာတွေဆီကို ရော့ကက်ခရီးတွေသွားပြီး ပိုက်ဆံတွေ ဖြုန်း နေမယ့်အစား အိုင်းစတိုင်းရဲ့ Unified Field Theory ကို လေ့လာပြီး၊ anti-gravity စက်ကိရိယာတွေကို တီထွင်သင့် တယ်လို့ ဆိုခဲ့ကြောင်း ပြန်ပြီးကြားရပါတယ်။ အင်မတန်လေးလံတဲ့ အရာဝတ္ထုတွေကို လေထဲကို မတင်နိုင်တဲ့ အားတွေ ရှိတယ်ဆိုတာနဲ့ Incas တွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဒီလိုအားတွေကို အသုံးပြုခဲ့တယ်လို့ ဒေါက်တာ ယုံကြည်ထားကြောင်းကိုလဲ သိရပါတယ်။

ကျနော်ပြောပါမယ် ဒေါက်တာ။

ဒေါက်တာရဲ့ တွေးခေါ်ယူဆချက်တွေအားလုံးမှန်ပါတယ်။ ဒါတွေကို ကျနော့် မျက်လုံးတွေနဲ့ သေချာတွေ့မြင်ခဲ့ဖူးပါတယ်။
ကျနော်တို့ သိထားခဲ့တာက အိုင်းစတိုင်းဟာ သူ့ရဲ့ သီအိုရီကို ပြီးအောင် မဖော်ထုတ်နိုင်ခဲ့ဖူး ဆိုပြီးတော့ပါ။ ဒါက မမှန်ပါ ဘူး။ သူပြီးအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတွေ့ရှိလိုက်ရတာတွေက လူသားတွေအတွက် အင်မတန် ထိတ် လန့်ဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် သူက ဒီသီအိုရီနဲ့ ပတ်သက်ပြီး ဘာစာမှ ဆက်မရေးခဲ့တာပါ။ ရေ တပ်ကလဲ ဒီသီအိုရီကို လက်တွေ့အသုံးချလာကြမှာကို စိုးရိမ်ကြောက်လန့်နေပါတယ်။ ဘာကြောင့်လဲ။ အဖြေကတော့ သူတို့တွေ စမ်းသပ်ခဲ့ဖူးလို့ပါပဲ။ ထွက်ပေါ်လာတဲ့ ရလဒ်တွေက ဘေးအန္တရာယ် အလွန်ကြီးလွန်းလှတာကြောင့်ပါ။
အဲဒီရလဒ်က ဘာလဲဆိုတော့ စစ်သင်္ဘောကြီးတစင်းနဲ့ ရေတပ်သားတွေ ပျောက်ကွယ်သွားမှုပါပဲ။
ဒီစမ်းသပ်ချက်ကို ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလမှာ ပြုလုပ်ခဲ့ပါတယ်။ မီတာတရာ ပတ်လည်ရှိတဲ့ force field နဲ့ စစ် သင်္ဘောကြီးကို ခြံရံထားခဲ့ပါတယ်။ force field ထဲရောက်နေသူတွေဟာ သင်္ဘောပေါ်က လူတွေကို မြင်ရပေမယ့် သင်္ဘောကြီးကိုတော့ မမြင်ရပါတယ်။ လူတွေဟာ ဘာမှမရှိတဲ့ လေဟာနယ်ထဲမှာ လမ်းလျှောက်နေကြပါတယ်။ force field ရဲ့ ပြင်ပ အနီးတဝိုက်က လူတွေကကျတော့ ရေထဲမှာ ပေါ်နေတဲ့ သင်္ဘောအရိပ်ကိုပဲ တွေ့မြင်ရပါတယ်။ အဝေးမှာ ရှိနေသူတွေကတော့ ဘာမှ မမြင်ရပါဘူး။ သင်္ဘောကို ကိုယ်ယောင်ပျောက်နေပါတယ်။

ဆိုးဝါးလှတဲ့ ဖြစ်ရပ်ကတော့ force field ထဲမှာ ရောက်နေတဲ့ ရေတပ်သားတဝက်ကျော်ဟာ စိတ်ဖောက်ပြန်ရူးသွပ်သွား ပါတယ်။ တချို့ကတော့ ကောင်းသလိုလို ဖြစ်နေပေမယ့် သိပ်မကြာခင်မှာပဲ ထူးဆန်းတာတွေ ဖြစ်ပွားလာပါတော့တယ်။ သူတို့တွေ အေးခဲသွားကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားကြပါတယ်။

ဒီလိုဖြစ်သွားခဲ့ရင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူပျောက်သွားတဲ့နေရာကို မှတ်ထားပြီး၊ အရေပြားတခုခု (ဥပမာ- လက်၊ မျက်နှာ) စတာတွေကို မှန်းပြီးကိုင်ကြည့်ရပါတယ်။ ဒီတော့မှပဲ ဒီလူတွေက ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာသလို ဖြစ်ပါတယ်။ အချိန်မီ မရောက်ရင်တော့ မီးခိုးလုံးတွေလို ပေါက်ကွဲလွင့်စင်သွားပြီး ထာဝရ ပျောက်ကွယ်သွားပါတယ်။
၁၃ နှစ်တာ ကာလဖြစ်တဲ့ ခုချိန်မှာတော့ ဒါတွေကို ကြုံခဲ့ရတဲ့ ရေတပ်သားအချို့ပဲ ကျန်ခဲ့ပါတယ်။ အများစုကတော့ ရူး သွပ်နေကြပါတယ်။ တယောက်က သူ့ရဲ့ မိန်းမ၊ ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာပဲ နံရံတွေထဲကို ဖောက်ဝင်ပြီး လမ်းလျှောက်သွားတယ်လို့ ဆိုပါတယ်။ နောက်တော့ သူ့ကို မတွေ့ရတော့ပါဘူး။

တကယ်တော့ Philadelphia စမ်းသပ်ချက်ဟာ အောင်မြင်ခဲ့ပါတယ်။ လူတွေကိုပဲ ဆုံးရှုံးခဲ့ရတာပါ။
Philadelphia မှာထုတ်တဲ့ သတင်းစာထဲက ဒါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြန်ပြီး ဆန်းစစ်ကြည့်စေလိုပါတယ်။ ဘားမှာအရက်သောက်ရင်း  ပျောက်ကွယ်သွားတဲ့ ရေတပ်သားတွေအကြောင်းကိုလဲ သတင်းထောက်တွေက မှတ်တမ်းတင် ထားခဲ့ကြပါတယ်။ ဘားဆိုင်က စားပွဲထိုး အလုပ်သမတွေဟာ သူတို့ မြင်တွေ့လိုက်ရတာနဲ့ ပတ်သက်ပြီး စကားစမဖော် နိုင်လောက်အောင်ကို ထိတ်လန့်ကြောက်ရွံ့သွား ခဲ့ကြပါတော့တယ်။

စောင့်ကြည့်လေ့လာရေးသင်္ဘောဖြစ်တဲ့ SS Andrew Furuseth  သဘောင်္ပေါ်က ရေတပ်သားတွေနဲ့လဲ ပြန်လည်စုံစမ်း လေ့လာကြည့်ပါ။ chief mate က Mowsley ဆိုသူ ဖြစ်ပါတယ်။ ရေတပ်သားတယောက် အမည်ကတော့ Richard Price ဖြစ်ပါတယ်။

(လက်မှတ်ရေးထိုးထား)

Carl M Allen (Z416175)

PS:
(၁) ဒီစမ်းသပ်ချက်ပြီးဆုံးသွားချိန်မှာ ရေတပ်သားတွေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်လို့ ရေတပ်က ကြိုတင်မသိခဲ့ပါ ဘူး။
(၂) force field ကို အသုံးပြုလိုက်ရင် လူတွေ သေဆုံးသွားနိုင်တယ်ဆိုတာကို ရေတပ်က ကြိုတင် မသိခဲ့ပါဘူး။
(၃) ဘာတွေ ဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ယနေ့ချိန်ထိ ရေတပ်က မသိသေးပါဘူး။
(၄) ရေတပ်သားတွေဟာ နံရံတွေကိုတောင် ဖောက်ထွက်ကျော်ဖြတ်သွားပြီး၊ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ရေတပ်က မသိခဲ့ပါဘူး။
အကြောင်းအရာတခုကိုလဲ ကျနော်ဖော်ပြရဦးမယ်။ Philadelphia dock ကနေ ပျောက်ကွယ်သွားတဲ့ စစ်သင်္ဘောကြီးဟာ စက္ကန့်အနည်းငယ်အတွင်းမှာ Norfolk dock မှာ ပြန်ပြီး ပေါ်လာခဲ့ပါတယ်။ ဒီလိုပေါ်ခဲ့တယ်ဆိုတာကို သေချာအတည်ပြုနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားပြီး၊ Philadelphia dock မှာ ပြန်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကိုလဲ သတင်းစာတွေမှာ ပါခဲ့ပေမယ့် ဘယ်သတင်းစာတွေဆိုတာကိုတော့ ကျနော် မမှတ်မိတော့ပါဘူး။
……………………………………………………….
Carlos Allende ရဲ့ စာကို ဖတ်ရတာ အူကြောင်ကြောင်နိုင်လှပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လေလေ၊ ဒီထဲမှာ အမှန်တရားအချို့ ပေါင်းစပ်ပါဝင်နေမယ် ဆိုတာကို ခံစားမိလာလေလေ ဖြစ်လာပါတယ်။

စာရေးသူက Philadelphia စမ်းသပ်ချက်ဟာ anti-gravity နဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်အကြောင်း ပြောခဲ့ပါတယ်။ ဒါက အဖိုးပြောပြတဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ပြီးတော့ invisibility project အကြောင်းလဲ ဖြစ်နေ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တွက်ချက်မှုတွေကို အဖိုးက တွက်ချက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူပြောပြထားတဲ့ ရေတပ်သားတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တာတွေကတော့ ကျမအတွက် အသစ်အဆန်း တွေ ဖြစ်နေပါတယ်။ ဒေါက်တာ Jessup ဆီကို ရောက်ရှိခဲ့တဲ့ ဒီစာကိုသာ ကျမယုံကြည်မယ်ဆိုရင်တော့ ဖြစ်ပွားခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေ က အလွန်ပဲ ကြောက်ဖို့ကောင်းတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါကလဲ စစ်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာ Townsend Brown ရဲ့ တီထွင်မှုတွေက ရေတပ်က လိုက်လံတားဆီးခဲ့တဲ့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။
လူတွေ သေသွားခဲ့တယ်။ လူတွေ ရူးသွပ်သွားခဲ့တယ်။ လူတွေ နံရံတွေဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။ လူတွေ ပျောက် ဆုံးသွားတယ်။ အဆိုးဆုံးကတော့လူတွေ ရေခဲတွေဖြစ်သွားတယ်။ ရေခဲဖြစ်သွားသူတွေက အမြင်အာရုံကနေ ပျောက် ကွယ်သွားပေမယ့် အဲဒီနေရာမှာတင် ရှိနေကြတယ်။ သူတို့တွေကို ပြန်မြင်ရဖို့က သူတို့ ရေခဲပြီးပျောက်နေတဲ့နေရာကို သွားပြီး အရေပြားကို ထိတွေ့နိုင်ဖို့ ကြိုးစားရမယ်။ ဒီလိုမဟုတ်ရင် မီးခိုးတွေနဲ့ ပေါက်ကွဲလွင့်စင်သွားပြီး၊ ထာဝရ ပျောက် ဆုံးသွားတယ်။

နောက်ဆုံးမှာတော့ အဖိုးရဲ့ ညစာက အဆင်သင့်ဖြစ်နေပြီမို့ ဖိုင်ကို ကျမ ပိတ်လိုက်ပါတယ်။ အဖိုးက စားပွဲမှာ ကျမနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး၊ ခက်ရင်းကို ကောက်ကိုင်ပါတယ်။ ကျမလဲ ဒီအတိုင်းလိုက်လုပ်မိပါတယ်။ ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ကျမ စားချင်သောက်ချင်စိတ် မရှိဘူးဖြစ်နေတယ်။

အဖိုးရဲ့ မျက်လုံးတွေက မျက်မှန်ရဲ့ အထက်ကိုကျော်ပြီး ကျမဆီရောက်လာပါတယ်။

“အဖိုးဘာကို ဆိုလိုလဲဆိုတာ သိပြီမဟုတ်လား အဲလစ်။ Philadelphia စမ်းသပ်ချက်ကို စုံစမ်းရုံနဲ့တောင် အန္တရာယ် ရှိ နိုင်တယ် ဆိုတာကိုလေ”

ကျမ ခေါင်းညိတ်လိုက်မိပါတယ်။ ကျမရဲ့ နံဖူးပေါ်မှာ အချိန်အတန်ကြာအထိ လက်ဝါးတွေကို ကပ်ထားလိုက်မိပါတယ်။ အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်မိတယ်။ အဖိုးကို ပြန်ကြည့်မိချိန်မှာတော့ ကျမရဲ့ မျက်နှာက လေးလေးနက်နက် ဖြစ်နေပါလိမ့်မယ်။

“ဒါပေမယ့် ကျမ ဆက်ပြီး ကြိုးစားချင်သေးတယ်။ ဒီနေရာမှာတင် ကျမ ရပ်မထားလိုက်ချင်ဘူး။ အဖိုးလဲ ဒါတွေအ ကြောင်းကို သိချင်နေတယ်ဆိုတာ သေချာပါတယ်။ အဖိုးရဲ့ တွက်ချက်ပေးလိုက်မှုတွေဟာ နောက်ဆုံးမှာ ဘာတွေဖြစ် သွားခဲ့တယ်ဆိုတာ အဖိုးကိုယ်တိုင်တောင် မသိလိုက်ရတာပဲ”

အဖိုးက ခဏငြိမ်ပြီး တွေးတောနေဟန်တူပါတယ်။ ပြီးတော့မှ …

“မင်းဆက်လုပ်မယ်ဆိုရင် specialist information တွေ အတိုင်းအတာတခုအထိ လိုအပ်တယ်လေ။ ဒါတွေကို ဘယ်လို ရအောင်လုပ်မလဲ”

အဖိုးစကားဆုံးတော့ ကျမလဲ အတွေးကမ္ဘာထဲ နစ်မျောသွားပြန်ပါတယ်။

“ကျမရဲ့ ကွန်ပျူတာတွေကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်တဲ့ နည်းလမ်းရှိတယ်။ ဒါကို ကွန်ယက်ချိတ် ဆက်မှု (Network) လို့ ခေါ်တယ်။ တယ်လီဖုန်းလိုင်းတွေကနေ တဆင့် အလုပ်လုပ်တာ”

ကျမပြောနေတာကို ရပ်တန့်လိုက်ပါတယ်။ ပြီးတော့မှ အသံကို နှိမ့်ပြီး

“ကျမကြားတာကတော့ အစိုးရဖိုင်တွေကိုတော့ အဲဒီကနေတဆင့် ဖြတ်ပြီးဖောက်ယူလို့ ရတယ်တဲ့”

အဖိုးက သက်ပြင်းချလိုက်ပါတယ်။

“ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းမသိဘူး မဟုတ်လား။ ပြီးတော့ ဒါက ကောင်းတဲ့ အိုင်ဒီယာလို့တော့ အဖိုး မ ထင်ဘူး။ ဘယ်လို အဆုံးသတ်သွားနိုင်တယ်ဆိုတာ မင်းမသိပါဘူး”

အဖိုးရဲ့ စိတ်တွေက သိချင်စိတ်နဲ့ hornet’s nest ကို မွှေသလို ဖြစ်သွားမှာ စိုးရိမ်စိတ်တို့အကြားမှာ ရောက်နေတယ်လို့ ကျမ ခံစားလိုက်ရပါတယ်။

“ကျမလေ့လာမှာပေါ့။ ကျမတို့ လုပ်နိုင်ပါတယ် အဖိုးရဲ့။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျမတို့ ရှာဖွေကြမယ်လေ”
“မဟုတ်ရင်လဲထောင်နံရံတွေထဲမှာ အဆုံးသွားမယ်”

အဖိုးက ဆက်ပြောပါတယ်။

“မဟုတ်ရင်လဲ အစိုးရအေးဂျင့်တွေက တနေ့နေ့မှာ ရောက်လာလိမ့်မယ်”
“ဘာဂရုစိုက်စရာလဲ။ ဒီ risk ကို ကျမယူမယ်လေ”

အဖိုးက ပန်းကန်ထဲက အစားအစာတွေကို ရွှေ့တွန်းနေပါတယ်။

“သူတို့တွေက နေ့ဘက်မှာ လာကြတာမဟုတ်ဘူး။ နံနက်လေးနာရီလောက်မှာမှ လာတတ်ကြတာ။ ဒီအချိန်က လူတ ယောက်အတွက် အားအနည်းဆုံးဖြစ်နေချိန်လေ”

ဒီအချိန်မှာတော့ အဖိုးက ဒီစုံစမ်းလေ့လာမှုတွေထဲမှာ မပါချင်တော့ဘူးဆိုတာကို ကျမ ရိပ်မိသွားပါတယ်။ ကျမကတော့ အဖိုးကို အတွင်းကျကျ ပါစေချင်ပါတယ်။ ဒါပေမယ့် သူက ဘာဒုက္ခမှ မရောက်ချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြော နေပါတယ်။ ဒါကို ကျမလေးစားရပါတယ်။
ဒါပေမယ့် ကျမစဉ်းစားတာကတော့ အဖိုးနဲ့ မတူပါဘူး။ လူငယ်တယောက်ရဲ့ arrogance ဖြစ်မှုလဲ ဖြစ်ပါလိမ့်မယ်။ ကျမ ဆုံးဖြတ်ပြီးရင် ဘာအရာကမှ ကျမကို တားဆီးနိုင်စွမ်း မရှိပါဘူး။ ပြီးတော့ ကျမက အသက် ဆယ့်ခြောက်နှစ်ရှိပြီလေ။ ဘဝမှာ ကျမ ဘာကို လိုချင်လဲဆိုတာ ကျမ သိတာပေါ့။ Brown, Jessup, Ladenburg, Einstein တို့ လိုချင်ခဲ့တဲ့အရာ တွေနဲ့ အတူတူပါပဲ။ အဲဒါက ဘာလဲဆိုတော့ …
......Knowledge.........

  Philadelphia စမ်းသပ်ချက် (အပိုင်း ၈)
April 10, 2012

နောက်ပိုင်းမှာတော့ Philadelphia စမ်းသပ်ချက်ရဲ့ အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ဖို့ ကျမရဲ့ အာရုံတွေကို နှစ် မြှုပ်ထားလိုက်ပါတယ်။ ဒါကို နည်းလမ်းစုံနဲ့ သုတေသနပြုလေ့လာဖို့အတွက် နှစ်အနည်းငယ်ကြာ အချိန်ပေးခဲ့ရပါတယ်။
ကနဦးအစတုန်းကတော့ အထက်တန်းကျောင်းက ပရောဂျက်သင်ခန်းစာအနေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ သက်သေပြဖို့ ကျမ ဆက်ကြိုးစားခဲ့ပါတယ်။
အသက် (၁၆) နှစ်မှာပဲ ကောလိပ်တခုကို ကျမ တက်ခွင့်ရခဲ့ပါတယ်။ အဲဒီကောလိပ်မှာ ကျမက အသက် အငယ်ဆုံးပါပဲ။ အထက်တန်းမပြီးသေးပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျမသွားဖြေခဲ့တာကြောင့်ပါ။ တခြားအထက်တန်းပြီးသူတွေက ဝင်ခွင့်စာမေးပွဲမှာ ခြောက်ဆယ်ရာခိုင်နှုန်းရဖို့ အသည်းအသန် ကြိုးစားနေကြရချိန်မှာ ကျမကတော့ ၁၀၀ ရာခိုင်နှုန်းနဲ့ အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့် ကောလိပ်မှာ သင်တဲ့ သင်ခန်းစာတွေကလဲ ကျမသိပြီးသားတွေချည်း ဖြစ်နေပြန်ပါတယ်။ ကောလိပ်ကျောင်း မှာ ကျမကို သင်စရာ သင်ရိုးဘာမှ မကျန်တော့ပါဘူး။ ဒါကြောင့် ကျမရဲ့ သုတေသနကို အာရုံစိုက်ဖို့အတွက် ကောလိပ် ကျောင်းကိုလဲ ကျမ ဆက်မတက်တော့ပါဘူး။
သချင်္ာပညာရပ်ဆိုင်ရာ တွက်ချက်မှုတွေနဲ့ ပတ်သက်ရင်တော့ အဖိုးက အကူအညီပေးပါတယ်။ ဒါပေမယ့် တခြားလုပ်ငန်း ဆောင်တာတွေမှာတော့ သူပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ရေတပ်ရဲ့ သုတေသနဖိုင်တွေကို hacking လုပ်ပြီး ကျမ ဝင် မွှေကြည့်ပါတယ်။
Anti-gravity နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ယနေ့ချိန်ထိ သတ်မှတ်ထား ဆဲဆိုတာ ထင်ရှားပါတယ်။ သတင်းအချက်အလက်တွေကို ‘Classified’ codes တွေနဲ့ ထိန်းသိမ်းထားပါတယ်။
ဒါပေမယ့် ဒီကုတ်တွေက ကျမအတွက်တော့ ကစားစရာဖြစ်နေပါတယ်။ hacking နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာလေ လေ၊ ကျမ မဖောက်နိုင်တဲ့ ကုတ်ဆိုတာက ရှားလာလေလေပါပဲ။
ဒီလိုနဲ့ တနေ့မှာတော့ ရေတပ်ရဲ့ နောက်ဆုံးပေါ် သုတေသနတွေကို ကျမ hack လုပ်ကြည့်ပါတယ်။
သိပ်ပြီး အံ့သြဖွယ်ကောင်းတာက တစုံတယောက်ဟာလဲ ကျမလုပ်တဲ့ သုတေသနနဲ့ အလားသဏ္ဍာန်တူ သုတေသနကို လုပ်နေတယ် ဆိုတာပါပဲ။ တစုံတယောက်ဟာ Philadelphia Experiment ကို လေ့လာနေပါတယ်။
ဒီလေ့လာမှုအတွက် နောက်ကွယ်မှာ သန်းနဲ့ချီတဲ့ အစိုးရအသုံးစရိတ်တွေက ပံ့ပိုးပေးထားပါတယ်။ ဒီလို စမ်းသပ်ချက်မျိုးနောက်တခု ထပ်မံလုပ်ဖို့အတွက် ဘတ်ဂျက်တွေကလဲ အဆင်သင့်ရှိနေပါတယ်။
ကျမရဲ့ စိတ်ထဲမှာ သုတေသန ပြိုင်ဘက်တယောက် ပေါ်လာသလို ခံစားရတာကြောင့် ဖိုင်တွေကို ကျမ လောဘတကြီး နဲ့ လိုက်ဖတ်မိပါတယ်။ အဲဒီမှာတင် ကျမတွေ့လိုက်ရတာက လေ့လာမှု တချို့မှာ အမှားတွေ ရှိနေတယ် ဆိုတာပါပဲ။
ကျမရဲ့ သချင်္ာဦးနှောက်က ဘာတွေမှားနေတယ်၊ ဒီလိုတွက်ချက်မှုတွေကနေ ဘယ်လို dead-end street ကို ရောက် သွားနိုင်တယ်ဆိုတာတွေကို သိနေပါတယ်။ ဒီလောက် ပံ့ပိုးမှုတွေ၊ အရင်းအမြစ်တွေ အများကြီး သုံးပြီးမှ အမှားတွေနဲ့ အဆုံးသတ်မှာကို ကြိုသိနေရတာက ကျမအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့် သူတို့ရဲ့ ဖိုင်တွေကို ကျမ hack လုပ်ပြီး ဝင်သွားလိုက်ပါတယ်။ ဘာတွေ မှားနေလဲဆိုတာ ဝင်ပြောလိုက်ပါ တယ်။ ကျမက စိတ်ခံစားမှုနဲ့ အလောတကြီး လုပ်လိုက်မိတာဖြစ်ပါတယ်။ တကယ်တမ်း ကျတော့ ကျမ ဒီလို risk မျိုးကို မယူသင့်ပါဘူး။ ပြီးတော့ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေရဲ့ အဖြေကို ဖြေရှင်းနိုင်သူက ကျမ ကိုယ်တိုင်ပဲ ဖြစ်ချင်တာပါ။
ဒါပေမယ့် နောက်ကျသွားပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရေတပ်ရဲ့ သုတေသန ကွန်ယက်ထဲမှာ တစုံတယောက် ဝင်ရောက်နေပြီဆိုတာ သူတို့ကို alert လုပ်လိုက်သလို ဖြစ်သွားပါတယ်။ အနှေးနဲ့အမြန် ဆိုသလိုပဲ တစုံတရာက ဖြစ်ပွား လာတော့မယ်ဆိုတာ ကျမ ကြိုသိနေခဲ့ပါပြီ။
အဖိုးရဲ့ အဆိုးဝါးဆုံး အိပ်မက်တွေ မှန်ကန်လာပါတော့တယ်။
သူတို့တွေ ကျမဆီ ရောက်လာခဲ့ပါတယ်။


  Philadelphia စမ်းသပ်ချက် (အပိုင်း – ၉)
May 17, 2012

ကျမရဲ့ အတိတ်အကြောင်းကို ပြောနေခဲ့တာ အချိန်တွေ ဘယ်လောက် ကြာသွားပြီလဲ ဆိုတာတောင် ကျမ မသိပါဘူး။ ကျမဘဝ အကြောင်းကို တော်တော်များများ ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မဟုတ်ဘူးဆိုတာကိုတော့ ကျမစိတ် ထဲမှာ သေချာနေပါတယ်။
ကျမ စကားရပ်လိုက်တော့ အချိန် တမိနစ်လောက် တိတ်ဆိတ်သွား ပါတယ်။ ပြီးတော့မှ အေးဂျင့် Kirwan က ကျမရဲ့ ကျောင်းမှတ်တမ်းတွေအားလုံးကို သူတို့ကြည့်ပြီးပြီလို့ ပြောပါတယ်။ ဒါက သူမရဲ့ စတိုင်ပါပဲ။ တိုက်ရိုက်ဆန်လွန်းပြီး၊ ဘတ်စ်ကားအိုကြီးရဲ့ အမြီးတွေလိုပဲ ဒုန်းတိတိနဲ့။ ဒါပေမယ့် ကျမနဲ့ ပတ်သက်ပြီး သူတို့ စုံစမ်းလေ့လာနေတယ် ဆိုတာ ကိုတော့ သူမပြောလိုက်ပါပြီ။
“မင်းက ဆရာ၊ ဆရာမတွေအတွက်တော့ သိပ်ပြီး ဉာဏ်ကောင်းလွန်းနေတယ်”
သူမက ဆက်ပြောပါတယ်။ ဒါက ပထမဆုံးသူပြောလိုက်တဲ့ ဒုန်းတိတိစကားကို အနည်းငယ် ပြန်ပြီး ချောမွေ့သွားစေပါတယ်။
“ဟုတ်ပါတယ်။ ကျမ အသက် (၁၆) နှစ်မှာ ကောလိပ်ကျောင်း ရောက်နေပြီလေ”
ကျမ ဆက်ပြောလိုက်ပါတယ်။
“ဒါဖြင့် မင်းဘာလို့ ကောလိပ်ကျောင်းက ထွက်သွားရပြန်တာလဲ”
အေးဂျင့် Miller က ဆက်မေးလိုက်ပါတယ်။
“ဘာကြောင့်လဲဆိုတော့ အဲဒီကျောင်းသင်ခန်းစာတွေအတွက် ကျမမှာ ပေးစရာ အချိန်မရှိလို့ပဲပေါ့။ သင်ရိုးညွှန်းတန်းထဲ က စာတွေကို ကျမသိပြီးသားလေ။ ကျမလုပ်ချင်တာက ဒါတွေကနေ ဖောက်ထွက် တွန်းလှန်မှု တခုခုပေါ့”
ပြောရင်းနဲ့ ကျမ ရပ်လိုက်ပါတယ်။ ကျမ အသေးစိတ် ဆက်ပြောနေလို့ မဖြစ်သေးဘူးဆိုတာ သတိထားလိုက်မိလို့ပါ။ ပြဿနာက သူတို့ကျမကို ခြေရာခံမိနေပါပြီ။ ရှေ့ဆက်ပြီးဘာတွေ ထပ်ဖြစ်လာမလဲဆိုတာ ကျမ မသိနိုင်သေးပါဘူး။
ကျမ အတန်ကြာ နှုတ်ဆိတ်နေမိပါတယ်။ ဘာဆက်ပြောရမယ်ဆိုတာ မသိလို့ပါ။ ဒီလိုနဲ့ ၅ စက္ကန့်လောက်ကြာတော့ အေးဂျင့် Kirwan က စကားဝိုင်းထဲ ခုန်ဝင်လာပြီး၊ ကျမ ဆက်ပြောစရာ လမ်းစကို ပေးလိုက်ပါတော့တယ်။
“ကွန်ပျူတာ သိပ္ပံလေ။ မင်းစိတ်ဝင်စားတာ ကွန်ပျူတာ သိပ္ပံပဲ”
အမှန်ကတော့ ကွန်ပျူတာတွေကို ကျမ သိပ်ပြီး စိတ်မဝင်စားလှပါဘူး။ ကျမရဲ့ ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် ကွန် ပျူတာတွေကို အသုံးချစရာ တန်ဆာပလာတခုအနေနဲ့ပဲ ကျမ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျမ ကို သူတို့ ခေါ်လာတာဆိုရင်တော့ ကျမမှာ ငြင်းစရာ အကြောင်းမရှိပါဘူး။ တကယ်တော့ သူတို့တွေဟာ ကျမဆင်ခြေ ပေးစရာ အကြောင်းအရာတခုကို ကျမလက်ထဲ လာထည့်ပေးနေတာပါပဲ။
“ဟုတ်ပါတယ်။ ကွန်ပျူတာတွေကို ကျမစိတ်ဝင်စားပါတယ်”
ကျမ လိမ်ညာလိုက်ပါတယ်။ ပြီးတော့ အတန်ငယ်ငြိမ်ပြီး၊ သူတို့ကပဲ ကျမရဲ့ စိတ်ထားနဲ့ လုပ်ရပ်တွေကို သိသွားသလိုလို ဟန်ဆောင် နေလိုက်ပါတယ်။
အဲဒီမှာတင် အေးဂျင့်အမျိုးသမီးဆီက အောင်မြင်မှု အရိပ်အယောင် သန်းနေတဲ့ မျက်လုံးအကြည့်ကို ကျမ ရလိုက်တော့ တာပါပဲ။
“ဒါနဲ့ပဲ မင်းက တခြား ကွန်ပျူတာတွေက လျှို့ဝှက်ချက်တွေကို စခိုးတော့တာပဲပေါ့”
သူမက ထပ်မေးပါတယ်။ ကျမ အသက်ကို ပြင်းပြင်းရှုရင်း စိတ်ထဲက ပြောလိုက်မိပါတယ်။
အိုကေ။ အေးဂျင့် Kirwan ရေ။ ရှင်က ဒီလိုပဲကြားချင်တာဆိုရင်တော့ ကျမလဲ ဒီလိုပဲ ပြောရတော့မှာပေါ့။ အမှန်တရားကို သိရဖို့အတွက်၊ big picture ကြီးကို မြင်ရဖို့အတွက် ရှင့်မှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ခုတော့ ရှင်ကိုယ် တိုင်ပဲ အားလုံးကို ဖြိုချပစ်လိုက်ပြီပဲ
 ဒီလို စိတ်ထဲက ပြောအပြီးမှာ ကွန်ပျူတာကို စိတ်ဝင်တစား ရူးသွပ်နေတဲ့ လူငယ်လေးတယောက်အသွင်ကို ကျမ ဖန်တီး လိုက်ပါတော့တယ်။
“ကျမ ကောလိပ်ကိုရောက်တော့ အားလုံးက Hacker တွေချည်းပဲ။ တခြားကွန်ပျူတာ အသုံးပြုသူတွေရဲ့ ပရိုဂရမ်တွေကို ကျမတို့ ငှားရမ်းသုံးစွဲကြတယ်လေ”
အေးဂျင့် Kirwan က ကျမကို သတိပေး အကြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့
“ငှားရမ်းတယ်ဟုတ်လား။ ခိုးတာကို ဒီလိုပဲ ပြောရသလား”
“အသိပညာဗဟုသုတတွေအားလုံးဟာ အခမဲ့ပဲ ဖြစ်သင့်တယ်။ ဒါက hacker တွေရဲ့ ကျင့်ဝတ်ပဲ”
ကျမ ပြန်ပြောလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ခိုးတာကတော့ ခိုးတာပါပဲ။ တစုံတယောက်က အချိန်တွေ အများကြီးယူပြီး၊ ငွေတွေ အများကြီးနဲ့ ပရိုဂရမ် တွေ တီထွင်ထားကြတယ်။ မင်းက သူတို့ ကွန်ပျူတာစနစ်ထဲဝင်ပြီး ခိုးယူတယ်”
“အိုကေ၊ အိုကေ”
ကျမ လက်မြှောက်ပြလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အငြင်း မပွားချင်လို့ပါ။
“ဒါပေမယ့် မင်းကတော့ နည်းနည်းလေးကွဲပြားတဲ့ တစုံတရာကို ကြိုးစားကြည့်လိုက်တယ်။ ဟုတ်တယ်မဟုတ်လား အဲလစ်”
အေးဂျင့် Miller က စကားဝင် ဖြတ်လိုက်ပါတယ်။ သူက အချိန်အတန်ကြာ ငြိမ်သက်နေခဲ့တာကြောင့် သူရှိနေတယ်ဆို တာတောင် ကျမ မေ့နေခဲ့တာပါ။
ကျမ သက်ပြင်းခပ်သဲ့သဲ့ ချလိုက်ပါတယ်။ အေးဂျင့် Miller ကတော့ ထက်မြက်တဲ့ အေးဂျင့်တယောက်ဆိုတာကို ထပ်ပြီး သက်သေပြ လိုက်ပြန်ပြီ။ ကျမ ဝန်ခံလိုက်သင့်သလား။ ဝန်ခံလိုက်မယ် ဆိုရင် သူတို့ မသိသေးတဲ့ တခြား အကြောင်းအ ရာတွေကိုပါ ဝန်ခံလိုက်သလို ဖြစ်သွားမလား။
စက္ကန့်အနည်းငယ် တုန်းကတော့ ဒီကိစ္စတွေကနေ ကျမ ရှောင်ထွက်နိုင်မယ်လို့ ကျမစိတ်ထဲမှာ ယုံကြည်နေပါတယ်။ ဒါပေမယ့် ခုတော့ သိပ်ပြီး မသေချာတော့ဘူး။ အေးဂျင့် Miller က ကြောင်နဲ့ ကြွက် ကစားနည်းကို ကစားနေပုံပေါ်တယ်။ ကျမ သတိရှိရမယ်လို့ တွေးလိုက်မိပါတယ်။ အနည်းငယ် ကျန်နေသေးတဲ့ အိပ်ငိုက်နေမှုကနေ ကျမ လန့်နိုးသွားပါပြီ။ ထိုင်ခုံပေါ်မှာ ခပ်မတ်မတ် ပြင်ပြီး ထိုင်လိုက်ပါတယ်။
“ကျမကတော့ မထင်ဘူး”
ဒီလိုလဲ ပြောလိုက်ရော အေးဂျင့် Kirwan က ဒုန်းတိတိနဲ့ ဝင်လာပြန်ပါတယ်။
“ရေတပ်ထောက်လှမ်းရေးက ဖိုင်တွေကို မင်းဝင်ပြီး hack ခဲ့တာနဲ့ ပတ်သက်လို့ သဲလွန်စတွေ ရထားတယ်”
“ရေတပ်ထောက်လှမ်းရေးဟုတ်လား။ ရှင်ဆိုလိုတာက ကျမက ရှင်တို့ရဲ့ ဖိုင်တွေကို hack ခဲ့တယ်လို့ ဆိုလိုတာလား”
“မင်းလုပ်ခဲ့တယ်ဆိုတာ တို့သိတယ်”
ပွဲကပြီးသွားပါပြီ။ ကျမ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းနေတယ်ဆိုတာ သူတို့ သိသွားပါပြီ။ ခု သူတို့တွေ ကျမကိုလဲ ရထားပြီးပါပြီ။ ပြီးရင် ကျမရဲ့ တွက်ချက်မှုတွေကို သူတို့တွေ အပိုင်သိမ်းကြပါတော့မယ်။ ကျမရဲ့ တွက်ချက်မှုတွေက သူတို့ လက်ထဲမှာ ရှိနေတာတွေထက် ပိုပြီး အဆင့်မြင့်ပါတယ်။
ကျမ ခေါင်းငိုက်စိုက်ချ လိုက်မိပါတော့တယ်။ ကျမကို လက်ထိပ်မခတ်ခင် အေးဂျင့် Kirwan ရဲ့ ခပ်ကြမ်းကြမ်းအသံနဲ့ အခွင့်အရေးရှင်းပြတာတွေကို ကြားရတော့မယ်လို့ ထင်လိုက်မိပါတယ်။
ဒါပေမယ့် ကျမ အေးဂျင့် Kirwan ကို ပြန်ကြည့်လိုက်မိချိန်အထိ တိတ်ဆိတ်နေတုန်းပါပဲ။ သူက လက်ပိုက်ထားပြီး၊ စိုက် ကြည့်နေပါတယ်။ သူ့ဘေးက အေးဂျင့်ကိုလဲ ကျမ လှမ်းကြည့်လိုက်ပါတယ်။ သူကလဲ ငြိမ်သက်နေပါတယ်။ သူတို့ နှစ် ယောက်လုံးက ကျမဆက်ပြောမယ့် စကားကို စောင့်နေကြပုံနဲ့ ကျမကို ကြည့်နေကြပါတယ်။
အဲဒီမှာတင် ကျမလုပ်ထားတာတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာမှ မသိဘူးဆိုတာကို ကျမ သိလိုက်ပါတော့တယ်။ သူတို့ သိတာက သူတို့ရဲ့ ဖိုင်တွေကို ကျမ hack လုပ်ခဲ့တာကိုပဲ သိတာပါ။ ဘာကြောင့်လဲ ဆိုတာ သူတို့ မသိပါဘူး။ တော် တော်တုံးတဲ့ လူတွေပဲ။ ကျမ စိတ်ထဲက ပြောလိုက်မိပါတယ်။
ဒါပေမယ့် ကျမစိတ်သက်သာရာ ရသွားတာကို မျက်နှာပေါ်မှာ မပေါ်စေပဲ စိတ်ထဲကပဲ ကြိတ်ပြီး ဝမ်းသာနေမိပါတယ်။ ကျမရဲ့ ယုံကြည်ချက်တွေ ပြန်ရှင်သန်လာပါပြီ။ သူတို့ထက် ကျမ ပိုပြီး လိမ္မာပါးနပ်တယ် ဆိုတာကို ရိပ်မိသွားပါပြီ။ နည်း နည်းလေးထပ်ပြီး ကစားဖို့ ကျမဆုံးဖြတ်လိုက်ပါတယ်။ ကျမ ပြောတာကို သူတို့စောင့်စားနေပါတယ်။ ဒါကြောင့် နောက် ဆုံး ကျမ ပြောလိုက်ပါတယ်။
“ကျမ ဒီလိုလုပ်တာက လုပ်လို့ရမလားဆိုတာ သိချင်လို့ပါ”
ပွဲက ခုမှ တကယ်ပြီးသွားတာပါ။ အေးဂျင့် Kirwan လိုချင်တာက ဒါပါပဲ။ ကျမဟာ သူတို့ကွန်ပျူတာစနစ်ကို စိန်ခေါ်ချင် နေတဲ့ ထက်ထက် မြက်မြက် လူငယ်လေး တယောက်အဆင့်ထက် မပိုပါဘူး။ သူမက ခပ်မတ်မတ် နေလိုက်ပြီး ကျမကို လက်ချာရိုက်ပါတော့တယ်။ ကျမဟာ ဖယ်ဒရယ်ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ ဒီလိုကျူးလွန်မှုကြောင့် ကွန်ပျူတာတွေကို သိမ်းဆည်းနိုင်သလို၊ ဒဏ်ငွေအမြောက်အမြားလဲ ရိုက်နိုင်တယ်။ ထောင်လဲကျနိုင်တယ်။ ပြီးတော့ ကျမရဲ့ အဖိုးအတွက် လဲ အရှက်ရစေနိုင်တယ်။
သူမ ဒီလို ပြောနေတဲ့ကာလတလျှောက်မှာ ကြောက်ရွံ့သွားတဲ့ ပုံဖြစ်အောင် ကျမ အတော်ကြီး ကြိုးစားလိုက်ရပါတယ်။ မျက်ရည်တစက်၊ နှစ်စက်တောင် ကျသွားအောင် လုပ်ယူလိုက်နိုင်တယ် ထင်တာပဲ။
“ဒို့လက်ထဲကနေ လွတ်အောင် လုပ်နိုင်လိမ့်မယ်လို့ မင်းဘယ်လိုများ ယုံကြည်ခဲ့တာလဲ” လို့ သူမက ဆိုပါတယ်။
“ကွန်ပျူတာ hackers တွေရဲ့ သဲလွန်စတွေကိုလိုက်ဖို့ ဒို့တွေဆီမှာ နည်းလမ်းစုံ ရှိတယ်”
သူမက ဆက်ပြောပါတယ်။
ပြီးတော့မှ ကျမကို သေချာ စိုက်ကြည့်ပြီး
“ဒီတခါတော့ မင်းကို ပြန်ခွင့်ပြုလိုက်မယ်။ ဒါပေမယ့် ဒီကိစ္စပြီးသေးတာ မဟုတ်ဘူး။ မင်းကို စောင့်ကြည့်နေမယ်။ ဖဒရယ် ဥပဒေကို ထပ်ပြီး ချိုးဖောက်မယ်ဆိုရင် မင်းရဲ့ ခြေထောက် မြေကြီးကို မထိခင်မှာတင် ဒီကို အမြန်ပြန်ရောက်လာလိမ့် မယ်။ မင်းနားလည်လား”
ကျမ သူမကို လှမ်းကြည့်လိုက်ပါတယ်။
“ဟုတ်ကဲ့။ ဒါဆိုကျမ သွားလို့ ရပြီလား”
သူမက ခြေလှမ်းစပြင်လိုက်ပြီး၊ ခေါင်းညိတ်ပြပါတယ်။
“အိမ်ကို ကျမ လမ်းလျှောက်ပြန်ရမလား”
ကျမ ထပ်မေးလိုက်ပါတယ်။
သူမက တံခါးဆီကို လျှောက်သွားနေရာက ခေါင်းပြန်လှည့်ပြီး
“အေးဂျင့် Miller က ကားနဲ့ ပြန်ပို့ပေးလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်”
ကျမက ရိုကျိုးစွာနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ ကျမစိတ်ထဲမှာတော့ အောင်မြင်မှု မီးရှူးမီးပန်းတွေ ထွန်းလင်းနေသလိုပါပဲ။ သူတို့က ကျမကို သတိပေးဖို့ ခေါ်လာခဲ့တာပါ။ တနည်းအားဖြင့် ဆိုရင်တော့ ကျမကို ချောက်လှန့်တာပါ။
ကျမ နာရီကို ကြည့်လိုက်ပါတယ်။ အချိန်က (၇) နာရီ ရှိနေပါပြီ။ ကျမ အိမ်ပြန်ရောက်ချိန်ကျရင်တော့ ကျမအဖိုး အိပ်ယာ က နိုးနေလောက် ပါပြီ။
အိမ်ရှေ့ကိုရောက်ချိန်အထိ ကျမ စိတ်ထဲမှာ အောင်ပွဲအရှိန် တက်နေဆဲပါပဲ။ အိမ်ရှေ့ရောက်တော့ အေးဂျင့် Miller က ကားတံခါးဖွင့် ပေးပါတယ်။ ပြီးတော့
“ဒို့တွေ အိမ်ထဲသွားပြီး၊ မင်းအဖိုးနဲ့ စကားပြောကြရအောင်” လို့ ဆက်ပြောလိုက်ပါတယ်။
တစက္ကန့်အတွင်းမှာတင် ကျမရဲ့ အောင်ပွဲအရှိန်တွေ ပျောက်ကွယ် သွားပါတယ်။
“အဖိုးနဲ့ ဟုတ်လား။ သူက ကျမရဲ့ hacking ကိစ္စကို ဘာမှ မသိဘူး”
“ဒါပေမယ့်Philadelphiaစမ်းသပ်ချက်ကိုတော့ သူသိတယ်လေ။ ဟုတ်တယ် မဟုတ်လား”
သူရဲ့ စကားအဆုံးမှာ ကျမ သူ့မျက်လုံးတွေကို ကြည့်လိုက်မိပါတယ်။ အေးစက်တည်ငြိမ်နေတဲ့ အဲဒီမျက်လုံးတွေက ကျမ ဆီမှာ ရှိတဲ့ ဉာဏ်ရည်လိုမျိုး သူ့ဆီမှာလဲ ရှိနေတယ် ဆိုတာကို ပြသနေမှန်း ကျမ ရိပ်မိသွားပါတယ်။
ဒီလိုနဲ့ပဲ ကျမသူ့ကို အိမ်ထဲ ခေါ်သွားလိုက်ရပါတော့တယ်။


  Philadelphia စမ်းသပ်ချက် (အပိုင်း .. ၁ဝ)
July 24, 2012

အိမ်နောက်ဖေးက ခြံထဲမှာ ထိုင်မိကြတော့ အဖိုးက ကျမတို့အတွက် ကော်ဖီဖျော်ပေးပါတယ်။ ဒီလိုနဲ့ ကော်ဖီသောက်ပြီး ချိန်မှာတော့ ခပ်ပြင်းပြင်း ကော်ဖီပူပူလေးရဲ့ တန်ခိုးနဲ့ ကျမရဲ့ ဦးနှောက်တွေ ပြန်လည် နိုးကြားလာပါတယ်။ အေးဂျင့် Kirwan ကိုတော့ ကျမ အရူးလုပ်ခဲ့ပြီးပါပြီ။ အေးဂျင့် Miller ကိုကော လုပ်နိုင်ပါ့မလား။ သူက အမြဲတမ်းငြိမ်သက် တိတ် ဆိတ်နေတတ်တယ်။ ဒါကြောင့် အရူးလုပ်ဖို့ ပိုခဲယဉ်းပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ထွက်ပေါက်တခုခုတော့ ရှိတန် ကောင်း ပါရဲ့။ သူကျမဆီက ဘာလိုချင်လဲဆိုတာ သေချာမသိခင် ငြိမ်ငြိမ်လေးနေဖို့ ကျမ ဆုံးဖြတ်လိုက်ပါတယ်။
“အခု ကျနော် တာဝန်ချိန် မဟုတ်တော့ပါဘူး။ သူက ဂရုတစိုက်နဲ့ ပြောပါတယ်။ ဒါကြောင့် မင်းဘာတွေပဲပြောပြော off the record ဖြစ်သွားပါပြီ”
“ကျမမှာ ဘာမှ ပြောစရာ မရှိဘူး”
အဖိုးက လက်ကာပြပါတယ်။ ပြီးတော့မှ
“အဲလစ်။ အဖိုးထင်တာကတော့ အေးဂျင့် Miller ဆီမှာ အဖိုးတို့ကို ပြောပြချင်တဲ့ အကြောင်းအရာတချို့ ရှိမယ်ထင် တယ်” အဖိုးရဲ့ စကားကြောင့် အေးဂျင့် Miller က သူ့ဘေးမှာ ထိုင်နေတဲ့ အဖိုးကို လှည့်ကြည့်လိုက်ပါတယ်။
“တာဝန်ချိန်မဟုတ်တဲ့ အချိန်မှာ မင်းကို အေးဂျင့် Miller လို့ပဲ တို့က ခေါ်ရမှာလား” အဖိုးက လှမ်းမေးလိုက်ပါတယ်။
အေးဂျင့် Miller က သက်ပြင်းချရင်း
“Charles လို့ ခေါ်နိုင်ပါတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ Chuck လို့ခေါ်ကြတယ်”
“ရှင့်ရဲ့ ရန်သူတွေကကော ဘယ်လိုခေါ်ကြသလဲ” ကျမ ဝင်ပြီး စွာလိုက်ပါသေးတယ်။
“ရေတပ်ထောက်လှမ်းရေးဖိုင်တွေကို မင်းဝင်ကြည့်နေတာကို စစ်ဆေး တွေ့ရှိပြီးတဲ့နောက် အေးဂျင့် Kirwan ကို ဒီအမှုကိစ္စ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခဲ့ကြတယ်။ ဒါပေမယ့် ကျနော်ကတော့ အနည်းငယ်ပိုပြီး လေ့လာကြည့်ခဲ့မိတယ်။ အဲဒီမှာ hacking လုပ်နေတဲ့ သဏ္ဌာန်ကို သတိထားမိလာတယ်။ မိသားစုနောက်ခံ ရာဇဝင်ကို လေ့လာကြည့်တော့ ပရော်ဖက်ဆာ Hanreid ဆိုတာ ဘယ်သူလဲဆိုတာ သေချာသိ လာတယ်။ ပရော်ဖက်ဆာကြီး ခင်ဗျာ။ ပရော်ဖက်ဆာ ကြီးဟာ လူအများက အထူးလေးစား တန်ဖိုးထားရတဲ့ သိပ္ပံပညာရှင်ကြီး တယောက်ပါပဲ”
အေးဂျင့် Miller က ဒီလိုပြောရင်း အဖိုးကိုလဲ ဦးညွတ်အရိုအသေ ပေးလိုက်ပါတယ်။ အဖိုးက ဘာမှ ပြန်မပြောပါဘူး။ ခေါင်းပဲ အသာညိမ့်ပြပါတယ်။
“ပရော်ဖက်ဆာကြီးရဲ့ မြေးမလေးဟာ အလွန်ပဲ တော်လှပါတယ်”
“သူက တော်တာထက် ပိုပါတယ်။ သူက ထူးချွန်ထက်မြက်လှပါတယ်”
အဖိုးက စကားဖြတ်ရင်း ဝင်ပြောပါတယ်။
ကျမကို လှမ်းကြည့်လိုက်တဲ့ အဖိုးရဲ့ မျက်လုံးတွေက အရောင်တောက် နေပါတယ်။ ဒါပေမယ့် သူ့မျက်ဝန်းတွေထဲမှာ အဓိပ္ပာယ်တမျိုးလဲ ပါနေသလိုပဲ။ အဲဒီအကြည့်ဟာ ကျမကို အထီးကျန်သလို ခံစားမိစေပါတယ်။
“မြေးလေးက အထီးကျန်သမားဆိုတာ အဖိုးသိပါတယ် အဲလစ်။ ဒါပေမယ့် အခုချိန်မှာတော့ မင်းရဲ့ ကျွမ်းကျင်မှုတွေကို တခြားလူတွေနဲ့ ရှယ်ယာလုပ်ဖို့ အချိန်တန်ပြီလို့ တို့ထင်တယ်”
“ကျမ ဘာမှ ပြန်မပြောဖြစ်ပါဘူး”
အဖိုးက ဒီလိုပြောလိုက်တဲ့အတွက် ကျမလန့်သွားပါတယ်။ ဒါပေမယ့် စကားဆုံးအောင် စောင့်နေလိုက်ပါတယ်။
“မြေးလေးကို အဖိုးဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်နေတာ ကြာခဲ့ပြီ။ ဒါကလဲ အေးဂျင့် Miller ပြောချင်နေတဲ့ အကြောင်းအရာပဲ ဖြစ်လိမ့်မယ်လို့ အဖိုးယူဆတယ်”
အဖိုးက စကားကို ခဏရပ်ပြီး လည်ချောင်းရှင်းလိုက်ပါတယ်။
“အဲလစ်။ Philadelphia စမ်းသပ်ချက်ဟာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး စုံစမ်းရင် အန္တရာယ်ရှိတယ်ဆိုတာ အဖိုးအမြဲတမ်းသတိပေးခဲ့တယ် မဟုတ်လား”
ကျမ ခေါင်းညိတ်ပြလိုက်မိပါတယ်။
“ခု နောက်ပိုင်း အဖိုးစဉ်းစားမိလာတယ်။ ဘာကြောင့်အတွင်းကနေ အလုပ်မလုပ်နိုင်ဘူးလဲ ဆိုတာကိုပေါ့။ အစိုးရတွေ အတွက် မြေးလေးကို ဦးနှောက်ရှိသူတွေလိုတယ်။ မြေးလေးလို ဦးနှောက်ရှိသူတွေ အတွက်လဲ ငွေကြေးနဲ့ ပစ္စည်းကိရိ ယာတွေ လိုတယ်လေ”
အေးဂျင့် Miller က သောက်နေတဲ့ ကော်ဖီခွက်ကို ခဏချပြီး မျက်လုံးအစုံကို ခေတ္တမှိတ်ထားလိုက်ပါတယ်။ သူ့ပုံစံက တစုံတရာကို ဆုံးဖြတ်ချက် ချနေပုံပါပဲ။
နောက်ဆုံးတော့ …
“ပရော်ဖက်ဆာ Henried ခင်ဗျာ။ ပရော်ဖက်ဆာကြီးဟာ အလွန်တော်ပါတယ်။ ဒါက ကျနော်အဲလစ်ကို ပြောချင်နေတဲ့ အကြောင်းအရာပါပဲ။ ဒါပေမယ့် တခုပဲ ရှိတာက…….”
အေးဂျင့် Miller က ကို်ကို ခပ်မတ်မတ်ဖြစ်အောင် ပြင်ထိုင်လိုက်ပါတယ်။
“ပရော်ဖက်ဆာကြီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ သစ္စာရှိနိုင်ငံသား တယောက်အဖြစ် တဘဝလုံး နေထိုင်ခဲ့သူ ဖြစ်ပါ တယ်။ ဒါကြောင့် classified information တွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတယ် ဆိုတာ ကျနော်သိပါတယ်”
အေးဂျင့် Miller က ကျမဘက်လှည့်ပြီး ကျမကို သေချာ စိုက်ကြည့်လိုက်မိပါတယ်။
“ဒါပေမယ့် အဲလစ်ကကော ဘယ်လိုလဲ။ မင်းပြောတာက hackers တွေဟာ အသိပညာတွေ အားလုံးကို လွတ်လပ်စွာ ရှယ်ယာလုပ် ရမယ်လို့ ယုံကြည်တယ်ဆို။ တကယ်လို့ တချို့ classified files တွေနဲ့ ပတ်သက်ပြီး မင်းသိရရင် မင်း လျှို့ဝှက်ထားနိုင်ပါ့မလား”
“ဒါကတော့ အခြေအနေပေါ် မူတည်ပါတယ်”
ကျမ သတိထားပြီး အဖြေပေးလိုက်ပါတယ်။
“classified files တွေ ဟုတ်လား။ USS Eldridge နဲ့ ပတ်သက်တဲ့ ဖိုင်တွေကောရှိလား။ မင်းဆိုလိုတာက Philadelphia စမ်းသပ်ချက် ပြုံပင်က မှန်ကန်တယ်လို့ ဆိုတာလား”
“ကျနော် ပြောနိုင်တာကတော့ ပရော်ဖက်ဆာကြီးရဲ့ မြေးဖြစ်သူ လုပ်နေတာတွေဟာ တန်ဖိုးအလွန်ရှိပြီး၊ လက်ရှိမှာ အစိုးရ လုပ်နေတဲ့ သုတေသနတွေမှာ သူပါလာနိုင်မယ့် နည်းလမ်းကို ကျနော် ရှာနိုင်တယ် ဆိုတာပါပဲ”
အဖိုးက ခေါင်းငြိမ့်လိုက်ပါတယ်။
“တို့ အားလုံးစားဖို့ နံနက်စာသွားပြင်လိုက်ဦးမယ်။ အိမ်ထဲမှာ စကားဆက်ပြောကြတာပေါ့”


  Philadelphia စမ်းသပ်ချက် (အပိုင်း .. ၁၁)
August 1, 2012

ကျမတို့တွေ အိမ်ထဲပြန်ဝင်သွားကြပါတယ်။ အဖိုးက နံနက်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတုန်းမှာပဲ အေးဂျင့် Miller က စကားကို ဆက်ပါတယ်။
“Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တချို့ဖိုင်တွေက ထိပ်တန်းလျှို့ဝှက်ဖိုင်တွေ ဖြစ်နေတာကြောင့် ကျနော့်လို အေးဂျင့်တယောက်အနေနဲ့ ဖတ်ရှုခွင့် မရှိပါဘူး။ ဒီလို classified filesတွေကို ဖတ်ခွင့်ရှိတာ သမ္မတနဲ့ သူ့ရဲ့ ထိပ်တန်းအ ကြံပေး ပုဂ္ဂိုလ်တွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် hackers တွေကမှလဲ ဒီဖိုင်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ တချို့ဖိုင် တွေဟာ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ စာတွေလဲ ပါဝင်ပါတယ်။ ဒါတွေကို ကမ္ဘာ့အလုံခြုံဆုံး အခန်းထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အစိုးရအတွက်သာ အလုပ်လာ လုပ်လိုက်ပါ။ ဒါတွေကို တနေ့ကျရင် မင်းကိုယ်တိုင် ဖတ်ရှုလို့ ရလာပါလိမ့်မယ်”
“ဒီဖိုင်တွေကို ကြည့်ခွင့် မရဘူးလို့ မင်းပြောပေမယ့် Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ဒို့ထက်ပိုသိနေတာတွေ တော့ မင်းမှာရှိတယ် မဟုတ်လား”
အဖိုးက လှမ်းမေးလိုက်ပါတယ်။ အဓိကကျတဲ့ အချက်တခုကိုလဲ ထပ်ဖြည့်လိုက်ပါတယ်။
“၁၉၄၃ ခုနှစ်တုန်းက ဘာတွေ ဖြစ်ခဲ့သလဲ”
” ကျနော်ပြောခဲ့သလိုပါပဲ။ ဒီဖိုင်တွေကို ကျနော်ကိုယ်တိုင် မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် ဘာတွေ ဖြစ်ခဲ့သလဲဆို ပြောရမယ် ဆိုရင်တော့ ပရော်ဖက်ဆာကြီး သံသယရှိတဲ့ အတိုင်းပဲ NDRC (Naval Defence Research Committee) က လုပ် ဆောင်ခဲ့ပါတယ်။ အဲလ်ဘတ် အိုင်စတိုင်းရဲ့ Unified Field Theory ကို သေချာမလေ့လာဘဲ အကောင်အထည်ဖော် ဆောင်ခဲ့ကြပါတယ်။ ဘာတွေလွဲမှားသွားခဲ့သလဲ ဆိုတာ နှစ်ပေင်း (၅၀) ကျော်လာတဲ့အထိ ကျနော်တို့တွေ နားမလည် သေးပါဘူး။ ဒါပေမယ့် အဲလစ်တို့လိုလူတွေ အလုပ်လုပ်လာခဲ့မယ် ဆိုရင်တော့ နောက်ထပ်အနှစ် (၅၀) မတိုင်ခင် အဖြေ ထွက်လာနိုင်ပါလိမ့်မယ်”
“တက္ကသိုလ်မှာ မှတ်တမ်းတင်ထားတဲ့ သုတေသနမှတ်တမ်း တွေကိုတော့ ကျမ ဖတ်ရပါတယ်။ ဒါပေမယ့် ဒါတွေက လူ အများသိနိုင်တဲ့ ဗဟုသုတတွေပဲ မဟုတ်လား”
ကျမ က ပြန်မေးလိုက်ပါတယ်။
အေးဂျင့် Miller က ကျမ ကို တချက် ဝင့်ပြီး ကြည့်ပါတယ်။
ပြီးတော့မှ
“နားလည်နိုင်ရင်ပေါ့” လို့ ဆက်ပြောပါတယ်။
“ကျမ နားလည်ပါတယ်။ ပြီးတော့ Philadelphia disaster ကလဲ ဖြစ်နိုင်ချေရှိပါတယ်”
“ဒါဆို တို့ကို ရှင်းပြပေးနိုင်မလား”
သူ မေးနေစဉ်မှာပဲ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥမွှေကြော်တွေပါတဲ့ ပန်းကန်တွေကို အဖိုးက ယူလာတဲ့အတွက် စားပွဲဝိုင်း မှာ စားရင်းသောက်ရင်း စကားဆက်ပြောဖြစ်ကြပါတယ်။
“ဖြစ်နိုင်ချေရှိတာကတော့ Unified Field Theory ဟာ gravity ၊ electricityနဲ့ magnetism တို့ကိုတင် ချိတ်ဆက်တာမ ဟုတ်ဘဲ စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးကို ချိတ်ဆက်နိုင်တာပဲ ဖြစ်တယ်။ Unified Fields ကို နားလည်ရင် အရာ အားလုံးကို နားလည်ပြီလို့ ဆိုနိုင်တယ်”
အေးဂျင့် Millerက ခေါင်းညိတ်ပြပါတယ်။
“electricity နဲ့ magnetism ကို ပြောင်းလဲလိုက်တဲ့အခါ gravity တခုတည်းကိုတင် ပြောင်းလဲနိုင်တာ မဟုတ်ဘူး။ light ၊ space နဲ့ time ကိုပါ ပြောင်းလဲလိုက်နိုင်တယ်”
“ဒါဆိုရင် time travel ဆိုတာ ဖြစ်နိုင်ချေရှိတာပေါ့”
အဖိုးက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
“time travel တင်မကဘဲ space travel လဲ ဖြစ်နိုင်တယ်”
ကျမ က ထောက်ခံ ပြောဆိုလိုက်ပါတယ်။
“အဲဒါဘယ်လိုဖြစ်နိုင်တာလဲ ဆိုတာ ထပ်ပြီး ရှင်းပြပါလား”
အေးဂျင့် Miller က ဆက်မေးပါတယ်။
“ဒီလိုဖြစ်နိုင်တာ anti-gravity က အလင်းရဲ့ မြန်နှုန်းအတိုင်း ခရီးသွားလို့ရအောင် လုပ်ပေးလိုက်တဲ့အတွက်လား”
“မဟုတ်ဘူး။ gravity ကိုသုံးပြီး space ကြီးကို သေးငယ်ကျုံ့ဝင်သွားအောင် လုပ်နိုင်တဲ့ အတွက်ပဲ”
ကျမ ပေးလိုက်တဲ့ အဖြေကို အေးဂျင့် Miller က နားမလည်တဲ့ ပုံစံနဲ့ ပြန်ကြည့်နေပါတယ်။ အဖိုးကလဲ မျက်မှောင်ကျုံ့ပြီး စဉ်းစားနေပါတယ်။
ဒါကြောင့် စာရွက်နဲ့ ဘောပင်ကို ကျမ ကောက်ယူလိုက်ပါတယ်။
စာရွက်ရဲ့ တဘက်မှာ Proxima Centauri ဆိုတဲ့ အမှတ်တခုကို ရေးပြီး၊ တဘက်မှာ ကမ္ဘာမြေကြီးလို့ ရေးလိုက်ပါတယ်။ ပြီးတော့ အဲဒီအမှတ်နှစ်ခုအကြားမှာ မျဉ်းတကြောင်းဆွဲလိုက်ပါတယ်။
“ဒီအမှတ်နှစ်ခုအကြားမှာ အတိုဆုံးအကွာအဝေးက ဘာဖြစ်မလဲ”
“မျဉ်းဖြောင့်တကြောင်းပေါ့”
အေးဂျင့် Miller က အဖြေပေးလိုက်ပါတယ်။
“ဟုတ်ပြီ။ ဒါက ကျမတို့နေတဲ့ ကမ္ဘာမြေကြီး၊ ဒါက ကျမတို့နဲ့ အနီးဆုံး star system ဖြစ်တဲ့ Proxima Centauri ဒီမျဉ်း ကြောင်းက ဒီနှစ်ခုကြားက မျဉ်းဖြောင့်။ အလင်းရဲ့ မြန်နှုန်းအတိုင်း ဒီမျဉ်းတလျှောက် ခရီးသွားမယ်ဆိုရင် တစက္ကန့်ကို ကီလိုမီတာ သုံးသိန်းဆိုတော့ လေးနှစ်အတွင်း ရောက်နိုင်တယ်”
“ဒါပေမယ့် အလင်းရဲ့ မြန်နှုန်းအတိုင်းသွားနိုင်တဲ့ rocket ship တွေမှ မရှိတာပဲ။ လက်ရှိအနေအထားနဲ့ ဆိုရင် အချိန် ဘယ်လောက် ကြာနိုင်မလဲ”
အေးဂျင့် Miller က ဖြတ်ပြီး မေးလိုက်တာကြောင့် ချက်ချင်းပဲ အဖြေထုတ်တွက်ချက်ကြည့်လိုက်ရပါတယ်။
“ဒီလိုဆိုရင်တော့ အေဒီ 28,000 နှောင်းပိုင်းက နှစ်တနှစ်ကျမှပဲ ရောက်မှာပဲ”
“သူ့ဦးနှောက်က ဂဏာန်းတွက်စက်လိုပဲ အရမ်းမြန်တယ်”
အဖိုးက ကျမကို ချီးမွမ်းခန်းဖွင့်လိုက်ပါတယ်။
“ချီးကျူးထိုက်ပါတယ်လေ”
အေးဂျင့် Miller ကလဲ ထပ်ဆင့် ချီးကျူးလိုက်ပါတယ်။
ကျမကတော့ ဘာမှမထူးဆန်းသလိုပဲ ပုံမှန်နေလိုက်ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာမြေကြီးကနေ Proxima Centauri ကို ရောက်နိုင်မယ့် အနီးဆုံးလမ်းကြောင်းတခုတော့ ရှိနေ တာ အမှန်ပဲ”
ပြောရင်းနဲ့ စာရွက်ကို ခေါက်ချိုးချိုးပြလိုက်ပါတယ်။ စာရွက်ကို ခေါက်လိုက်တဲ့အခါ Proxima Centauri နဲ့ ကမ္ဘာမြေကြီး ဆိုတဲ့ စာလုံးတွေက ထပ်တူကျသွားပါတယ်။
“အမှတ်နှစ်ခုကြားက အနီးဆုံးလမ်းကြောင်းဟာ မျဉ်းဖြောင့်တကြောင်း မဟုတ်ဘူး။ အခု စာရွက်ကို ခေါက်လိုက်သလို ပဲ space ကို ခေါက်လိုက်နိုင်ရင် အနီးဆုံး ဖြစ်သွားမှာပဲ”
“ပထမဆုံး ကမ္ဘာမြေကြီးကနေ စရမယ်။ gravity field စဖွင့်ပြီး space ကို ခေါက်ချိုးလိုက်ရမယ်။ ပြီးတဲ့အခါ gravity field ကို ပြန်ပိတ်လိုက်ရင် Proxima Centuari နဲ့ အလင်းနှစ်လေးနှစ်လောက်သာ ဝေးကွာတဲ့ အကွာအဝေးကို ရောက် သွားလိမ့်မယ်”
ကျမစကားဆုံးတော့ အဖိုးက ခေါင်းညိတ်လိုက်ပါတယ်။
အေးဂျင့် Miller က “ဘယ်လိုလုပ်ရမလဲ” လို့ ဆက်မေးပါတယ်။
“အဲလ်ဘတ်အိုင်စတိုင်းက ဒါနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေအမျိုးမျိုးကို ခန့်မှန်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လုပ်နိုင် တဲ့ သုတေသနတချို့ကို အဲဒီတုန်းက လုပ်လို့မရခဲ့ဘူး။ Gravity မှာ Gravity A နဲ့ Gravity B ဆိုပြီး ရှိတာကို သူမသိခဲ့ ဘူး။ Gravity B နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများက လေ့လာသိရှိထားပြီး ဖြစ်တယ်။ ကျမတို့ရဲ့ ခြေထောက် တွေ ကမ္ဘာမြေကြီးပေါ်မှာ ရပ်နိုင်တာ၊ ကမ္ဘာကြီးက နေကို လှည့်ပတ်နေနိုင်တာတွေဟာ ဒီ Gravity B ကြောင့် ဖြစ်တယ်။ ဒါပေမယ့် အရာဝတ္ထုတွေအားလုံးဟာ particles တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဥပမာ ဒီစားပွဲခုံ ဆိုပါတော့။ အက်တမ်တွေ၊ မော်လီကျူးတွေ ကုဋေပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတာပါ။ ဒါတွေအားလုံးကို စုစည်းထားနိုင်တာ Gravity A ကြောင့်ပဲ ဖြစ်တယ်။ ဒါကို ယနေ့ခေတ်မှာ သိပ္ပံပညာရှင်တွေက အထူးတလည် လေ့လာနေကြတယ်။ Gravity A ဟာ space travel ရဲ့ လျှို့ဝှက်ချက်ပဲ။ invisibility ရဲ့ လျှို့ဝှက်ချက်ပဲ။ time travel ရဲ့ လျှို့ဝှက်ချက်လဲ ဖြစ်နိုင်တယ်”
“Invisibility နဲ့ time travel ဟုတ်လား။ ဒါတွေ ဖြစ်နိုင်ချေရှိတယ်လို့ မင်းယုံကြည်သလား”
Agent Miller က ထပ်မေးလိုက်ပါတယ်။
“ဒါတွေ ဖြစ်နိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တော်တော်များများက လက်ခံထားကြပါပြီ”
“ဘယ်လို”
“သိပ္ပံပညာရှင်တွေက အလင်းနဲ့အချိန်အပေါ်မှာ gravity ရဲ့ အကျိုးသက်ရောက်မှုတွေကို တိုင်းတာခဲ့ကြတယ်။ နေက ရံဖန်ရံခါမှာ ကမ္ဘာမြေကြီးနဲ့ တချို့ကြယ်တွေအကြားမှာ ရွေ့လျားနေတတ်တယ်။ ဒီကြယ်တွေက နေရဲ့ နောက်ကွယ်မှာ ရှိနေပေမယ့် ကျမတို့က ဒီကြယ်တွေကို မြင်နိုင်တယ်။ ဘာကြောင့်လဲ။ နေရဲ့ gravity က ကြယ်တွေရဲ့ အလင်းကို ကွေး ညွတ်သွားစေလို့ပဲ။ Gravity ဟာ အလင်းကို ကွေးညွတ်စေနိုင်တယ်။ အလင်းကို လုံလောက်စွာ ကွေးညွတ်ပြီး၊ ကွေး ညွတ်နေတဲ့ အလင်းရဲ့ကြားမှာ တစုံတရာကို ထည့်ထားလိုက်မယ်ဆိုရင် အမြင်အာရုံကနေ ဖုန်းကွယ်ထားလို့ ရတယ်”
“ဒါဆိုရင် တနေ့နေ့မှာ ကိုယ်ပျောက်လူ (invisible man) ဆိုတာတွေက အမှန်တကယ် ဖြစ်လာနိုင်တာပေါ့”
အေးဂျင့် Miller က သူ့ဘာသာသူ ရေရွတ်လိုက်ပါတယ်။
ပြီးတော့မှ ..
“အချိန်ကျတော့ကော” လို့ ဆက်မေးပါတယ်။
“အချိန်ကို တိုင်းတာနိုင်မယ့် ကိရိယာနှစ်ခုကိုယူပြီး တခုကို ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားအားကောင်းတဲ့ ပင်လယ်ပြင်အ မြင့်မှာ ထားလိုက်ပါ။ နောက်တခု ဆွဲငင်အားနည်းနိုင်တဲ့ တောင်ပေါ်အမြင့်မှာ ထားလိုက်ပါ။ အဖြေနှစ်ခု မတူတာ တွေ့ရ ပါလိမ့်မယ်။ Gravity ဟာ lightနဲ့ space ကိုတင် လှည့်စားနိုင်တာ မဟုတ်ဘူး။ အချိန် (time) ကိုလဲ လှည့်စားနိုင်တယ်”
အေးဂျင့် Miller က ခေါင်းကို ခါယမ်းလိုက်ပါတယ်။ သူ့ကို ကြည့်ရတာ အလွန်အမင်း စိတ်လှုပ်ရှားနေသလိုပဲ။ သူ့ကို ကြည့်ရင်း ကျေနပ်စွာနဲ့ ကျမ ပြုံးလိုက်မိပါတယ်။

 
Philadelphia စမ်းသပ်ချက် (အပိုင်း … ၁၂)
 August 20, 2012

 
အေးဂျင့် Miller ဆီမှာ မေးခွန်း နောက်တခု ရှိနေပါသေးတယ်။
“Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုကို ကျနော် စဉ်းစား လို့ မရဘူး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ကို်ယ်ပျောက်လူတွေနဲ့ ပျောက်ကွယ်သွားတဲ့ သင်္ဘောကြီးအကြောင်းပဲ။ ဒီကိစ္စ နှစ်ရပ်အကြားမှာ ဆက်စပ်မှု ရှိနိုင်သလား”
“အဲဒီဆက်စပ်မှုကို ကျမပြောပြီးပြီလေ။ Gravity ပဲပေါ့။ Unified Field Theory ကို မှတ်မိတယ် မဟုတ်လား။ anti-gravity field ကို ဖန်တီးနိုင်ရင် ဒါက time, space နဲ့ light ကို သက်ရောက်မှု ရှိတယ်။ Philadelphia စမ်းသက်ချက် ပြုလုပ်တုန်းက electricity နဲ့ magnet ကို သုံးပြီး gravity ကို ပြောင်းခဲ့ကြတယ်။ ဒါပေမယ့် သူတို့ မသိလိုက်တာက time နဲ့ space ကိုပါ ပြောင်းပစ်ခဲ့မိကြတယ် ဆိုတာပဲ။ သူတို့ဆီမှာကလဲ ယာဉ်တစီးမှာပါတဲ့ steering နဲ့ accelerator pedal လိုမျိုး ထိန်းချုပ်နိုင်တဲ့ ကိရိယာတခုခု ဘာမှမရှိခဲ့ဘူး။ on/ off ခလုတ်ပဲ ရှိခဲ့တာကလား။ ကားတစီးနဲ့ပဲ နှိုင်းယှဉ် ပြီးစဉ်းစားကြည့်လိုက်ပါ။ ခလုတ်တခု နှိပ်လိုက်တာနဲ့တင် ကားက တနာရီကို နှစ်ကီလိုမီတာနဲ့ ရှေ့ကိုသွားနေတာ (ဒါမှမ ဟုတ်) ကီလိုမီတာ ၂ဝဝ နဲ့ ဘေးတိုက်ကြီးသွားနေတာမှာ စတီယာရင်လဲ မရှိ၊ ဘရိတ်လဲ မရှိဆိုရင် ဘယ်လိုလုပ်ကြ မ လဲ”
“သဘောပေါက်ပါပြီ။ ဒါဆို (၁၉၄၃)ခုနှစ်ကာလကို ပြန်သွားကြည့်ရအောင်။ ဒီတုန်းက ဘာဖြစ်ခဲ့တယ်လို့ မင်းထင်သလဲ”
အဖိုးက ကိုယ်ကို ကိုင်းညွတ်ပြီး သူ့ရဲ့ တံတောင်ဆစ်တွေကို စားပွဲပေါ် ထောက်တင်လိုက်ပါတယ်။ တကယ်တမ်းကျ တော့ ကျမကို စိတ်ဝင်စားစေခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီးအကြောင်းကို သူစပြောခဲ့တာပါ။ ဒါပေမယ့် အဖိုး ထက် ကျမ ပိုသိနေပြီဆိုတာ သိသာ ထင်ရှားလာပါတယ်။ ဒါက ကြောက်စရာကောင်းတဲ့ အတွေးပါ။ စိတ်ကိုအတတ်နိုင် ဆုံး တည်ငြိမ်အောင်ထားပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြိုးစားပြောပြလိုက်ပါတယ်။
“NDRC က သိပ္ပံပညာရှင်တွေဟာ USS Eldridge ကို ကြီးမားလှတဲ့ သံလိုက်နဲ့ လျှပ်စစ်ဓာတ်အား coil ကြီးနဲ့ ရစ်ပတ် လိုက်တယ်။ ပြီးတော့ USS Eldridge နဲ့ generator ships နှစ်ခုကို ချိတ်ဆက်လိုက်တယ်။ စတုတ္ထသင်္ဘောက တကီလို မီတာ အကွာကနေ စောင့်ကြည့်လေ့လာ ခဲ့တယ်။ အဲဒီ သင်္ဘောဟာ Carlos Allende အလုပ်လုပ်တဲ့ သင်္ဘောပဲ။ USS Eldridge ပေါ်က လူတွေဟာ electro magnetic field ထဲမှာ ရှိနေတဲ့အတွက် အန္တရာယ်ရှိမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြ တယ်။ ဒါပေမယ့် ဒီယူဆချက် မမှန်ခဲ့ဘူး”
“ရေတပ်က ဒီလူတွေရဲ့ အသက်ကို big risks ယူလိုက်တာပဲ”
အေးဂျင့် Miller က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
“Big risk လား၊ ဟုတ်တယ်။ ဒါပေမယ့် အလုပ်သာ တကယ်ဖြစ်ခဲ့ရင် အကျိုးကျေးဇူးက ပိုပြီး များမှာကိုး။ (၁၉၄၃) ခုနှစ် မှာ force shield နဲ့သာ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ရင် လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်နိုင်ခဲ့မှာပဲ။ တခါတရံ စစ်ပွဲကာလမှာ ဒီလို risk မျိုး ယူကြရတာပဲ”
အဖိုးက ကြားဖြတ်ပြီး ဝင်ပြောလိုက်ပါတယ်။ အဖိုးရဲ့ စကားဆုံးတော့ ကျမ ဆက်ရှင်းပြပါတယ်။
“Unified Field Theory မှန်ကန်ကြောင်းကိုတော့ သက်သေပြနိုင်ခဲ့ကြပါတယ်။ စစ်သင်္ဘောကြီးကို အင်အားကြီးမားလှ တဲ့ force field နဲ့ ဝန်းရံလိုက်တဲ့အခါ gravity field က အလင်းကို ကွေးညွတ်လိုက်ပါတယ်။ ဒီအခါမှာ စောင့်ကြည့်သူ တွေအတွက် သင်္ဘောက ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့် gravity field က တခြားအရာတွေကိုလဲ ဖြစ် စေခဲ့ပါတယ်။ space ကို ခေါက်ချိုးလိုက်သလို ဖြစ်သွားတဲ့အတွက် ကီလိုမီတာ (၆၅ဝ) အကွာမှာ ရှိတဲ့ Virginia state က Norfolk ကိုလဲ သင်္ဘောကြီးက ရောက်သွားပါတယ်။ အချိန်ကိုလဲ ခေါက်ချိုးလိုက်တဲ့အတွက် တချိန်တည်းမှာတင် စစ်သင်္ဘောကြီးကို နှစ်နေရာမှာ တွေ့လိုက်ကြရပါတယ်။ စစ်သင်္ဘောပေါ်က သင်္ဘောသားတွေက ဂြိုလ်သားတွေရဲ့ အာ ကာသယာဉ်ကြီးကို တွေ့လိုက်ရတယ်လို့ ဆိုကြပါတယ်။ ဒါကလဲ ဖြစ်နိုင်ချေရှိပါတယ်။ gravity field က စကြဝဠာကြီးရဲ့ space-time highroad ကို တွန်းတင်လိုက်တဲ့အခါ ဒီလမ်းမကြီးပေါ်က တခြား ခရီးသွားတွေကိုလဲ တွေ့ရမှာပါပဲ။ သင်္ဘောသားတွေက ဂြိုလ်သားတွေကိုတွေ့လို့ တုန်လှုပ်ခြောက်ချားသွားခဲ့သလိုပဲ ဂြိုလ်သားတွေကလဲ ကြီးမားလှတဲ့ စစ်သင်္ဘောကြီး ရုတ်ခြည်းဖြတ်သွားတာကို တွေ့လိုက်ရရင် ဘယ်လိုတွေးကုန်ကြမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါ တယ်”
“သင်္ဘောသားတွေ ဘာဖြစ်သွားသလဲ ဆိုတာကိုကော ရှင်းပြနိုင်မလား။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ရူးသွပ်သွားကြ ပြီး၊ တချို့က ပင်လယ်ထဲ ခုန်ချသွားကြတယ်။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် တချို့ကကျတော့ စမ်းသပ်မှု ကြီးပြီးသွားပြီး နောက်ပိုင်း ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်ဆုံးသွားဘဲ ရှိနေခဲ့ကြတယ်”
“ဒါကတော့ Gravity A နဲ့ သက်ဆိုင်မယ်ထင်ပါတယ်။ Gravity A က ဒီစားပွဲမှာရှိတဲ့ အက်တမ်တွေကို စုစည်းနေအောင် လုပ်ထားသလို၊ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ အက်တမ်တွေကိုလဲ စုစည်းထားပေးတယ်။ သင်္ဘောသားတွေရဲ့ အက်တမ်တွေကို Philadelphia စမ်းသပ်ချက်က ရှုပ်ထွေးသွားစေတဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓာကလဲ တည်ငြိမ်မှု မရှိဘဲ ဖြစ်လာတယ်။ သူ တို့ဟာ နံရံတွေကို ကျမတို့တွေ မြူမှုန်တွေ အကြားမှာ ဖြတ်သန်းသွားသလို ဖြတ်သန်းသွားနိုင်တယ်။ မီးခိုးလုံးအဖြစ် ပျောက်ကွယ်သွားနိုင်သလို တခြား dimension တခုခုထဲကို ရွေ့လျား ပျောက်ကွယ်သွားနိုင်တယ်။ လူတွေက dimensions သုံးခုကိုပဲ မြင်နိုင်တယ်။ အချိန်ကိုကျတော့ စတုတ္ထ dimension တခုအနေနဲ့ တွေ့ကြုံခံစားလို့ရတယ်။ ဒါ ပေမယ့် (၁၉၈ဝ) ခုနှစ်တွေမှာ လုပ်ထားခဲ့တဲ့ super-string theory ဆိုတဲ့ သုတေသနဖိုင်တချို့ကို ကျမ hack လုပ်ထား တယ်။ ဒီသုတေသနအရ dimensions က ဆယ်ခုတောင် ရှိတယ်။ ခြောက်ခုကို ကျမတို့ လူသားတွေက မမြင်နိုင်ဘူး။ ခံစားလို့လဲ မရဘူး”
အဖိုးက ကျမကို ဂုဏ်ယူစွာနဲ့ လှမ်းကြည့်နေပါတယ်။
“ဒါဆို Philadelphia စမ်းသပ်ချက်ဟာ အမှန်တကယ် ဖြစ်ပွားခဲ့တယ်လို့ မင်းသက်သေပြနိုင်ပြီပေါ့”
“ဟင့်အင်း၊ Philadelphia စမ်းသပ်ချက်ဟာ ဖြစ်နိုင်ချေရှိတယ် ဆိုတာနဲ့ ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာကိုပဲ သက်သေ ပြနိုင်ပါတယ်။ မှန်ကန်တဲ့သက်သေ အစစ်အမှန်ကတော့ လျှို့ဝှက်ဖိုင်တခုအနေနဲ့ တနေရာမှာ ရှိနေပါလိမ့်မယ်”
“ဒါက မင်းအပေါ်မှာပဲ မူတည်ပါတယ်။ အဲလစ်။ တယောက်တည်း ဆက်အလုပ်လုပ်ပြီး၊ အထီးကျန်အခြေအနေမှာ တို့လို လူမျိုးတွေက ဝိုင်းလိုက်နေတာကို ခံမလား၊ ဒါမှမဟုတ် ဒီပြဿနာတွေကို အဖြေရှာနေတဲ့ သိပ္ပံပညာရှင်တွေနဲ့ အတူ လက်တွဲမလား ဆိုတာပေါ့”
လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ကို ကစားနေရင်း၊ Proxima Centauri ဆိုတဲ့ စကားလုံးလေးကို ကျမ လှမ်းကြည့်နေမိ ပါတယ်။ တနေ့မှာ ကျမကိုယ်တိုင် ဒီနေရာကို ရောက်ရှိပြီး ထိတွေ့ကိုင်တွယ်လို့ ရနိုင်တဲ့ ကမ္ဘာတခုပေါ့။
“ဒီကမ်းလှမ်းချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်” ကျမ ပြန်ပြောလိုက်ပါတယ်။
“မင်းကို တို့လိုအပ်တယ် အဲလစ်။ မင်းရဲ့ ကျွမ်းကျင်မှုတွေ၊ မဖြစ်မနေ လုပ်တတ်တဲ့ စိတ်တွေနဲ့ တနေ့မှာ ပိတ်ထားတဲ့ တံ ခါးတွေအားလုံးကို မင်းဖွင့်သွားနိုင်မှာပါ”
အေးဂျင့် Miller က အားတက်သရော ပြောလိုက်ပါတယ်။ အဖိုးကလဲ ကျေနပ်စွာနဲ့ ကျမကို လှမ်းကြည့်လိုက်ပါတယ်။
“သူမှန်တယ် ထင်တယ်၊ အဲလစ်။ ဒီထက်ပိုပြီး မင်းလုပ်နိုင်လာလိမ့်မယ်။ ကောင်းကင်ကြီးမှာ အကန့်အသတ်ရှိတယ်”
ကျမ ပြုံးလိုက်ပါတယ်။ Proxima Centauri ဆိုတဲ့ စလုံးလေးတွေကို လက်ညှိုးနဲ့တို့ကြည့်လိုက်ပါတယ်။
“အဖိုးမှားတယ်ဆိုတာ သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီတခါတော့ အဖိုးမှားသွားပြီ။ ကောင်းကင်ကြီးမှာ အကန့်အသတ် မရှိပါဘူး။ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ကန့်သတ်ချက်ဆိုတာ မရှိပါဘူး”
ပြီးပါပြီ။
ဘာသာပြန်သူ … ခင်မမမျိုး (၁၉၊ ဝ၈၊ ၂ဝ၁၂)
(ဇာတ်ကောင်များအကြောင်းနှင့် classified files များအကြောင်းကို နောက်ဆက်တွဲအနေဖြင့် ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ … Terry Deary
စာအုပ်အမည် … The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ် … (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား … လူငယ်စာပေ

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...