Sunday, September 9, 2012

အချိန်ခရီးသွားခြင်း


ကြားဖူးနားဝလေးတစ်ခုကို ပုံကြီးနည်းနည်းချဲ့ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အခြားသော အကြောင်းအရာများ၊ ရေးလက်စများ ရှိသော်လည်း ယခုအတောအတွင်း အားလပ်ချိန် ဆင်းရဲနေသောကြောင့် တစ်ခုမှ လက်စမသတ်နိုင်ပါ။ အချို့သော အကြောင်းအရာတို့မှာ အလွတ်သဘောလျှောက်ရေး၍ မရသဖြင့် အထောက်အထားရှာရပါသည်။ စာများများ ဖတ်ရပါသည်။ အေးအေးလူလူ စာထိုင်ဖတ်နိုင်သော ဘဝမဟုတ်သဖြင့် ကြုံသလို ဖတ်ရပါသည်။ အထောက်အထား မရှိပါဘဲ ရေးလိုက်မိ၍ စာဖတ်သူတစ်ယောက်ယောက် အမှတ်မှား အသိမှား ဖြစ်သွားနိုင်သည်ကိုလည်း စိုးရိမ်သဖြင့် post တစ်ခုတင်ဖို့ အတော်အားထုတ်ရပါသည်။

သို့သော် ယခုဤ post သည် ထင်ရာမြင်ရာ ရေးသော post အမျိုးအစား ဖြစ်ခြင်းကြောင့် စကားပလ္လင်ခံနေခြင်း ဖြစ်ကြောင်း၊ ဖတ်မိမှတ်မိသမျှထဲမှ တောင်တစ်စ မြောက်တစ်စ ဆွဲယူဆက်စပ် တွေးတောမိသည်များကို ချရေးမိခြင်းဖြစ်ကြောင်း၊ တချို့သော အကြောင်းအရာများမှာ အထောက်အထားမယ်မယ်ရရ မပြနိုင်သည့်အတွက် မရေမရာအချက်အလက် တချို့အပေါ် မနှစ်သက်ပါက အပြစ်တော်မယူဘဲ ဝေဖန်သုံးသပ်ပေးမည်ဆိုလျှင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။

၁၉၉၉ ခုနှစ်လောက်က City and Guild, London မှ စစ်ဆေးသော Electrical Power Engineering Diploma သင်တန်းကို ရန်ကုန်ရှိ TECH ENGINEERING သင်တန်းကျောင်းတွင် တက်ရောက်ခဲ့စဉ်က ဖြစ်ပါသည်။ တစ်နေ့ သင်တန်းခဏနားချိန်တွင် စကားစမြည် ပြောကြရင်း အိုင်းစတိုင်း၏ Unified Field Theory အကြောင်းကို ဆရာက ဗဟုသုတအဖြစ် ပြောပြပါသည်။ လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့ ဆက်စပ်ပုံကို ရှင်းပြရင်း စကားစပ်မိသွားခြင်း ဖြစ်ပါသည်။ ရူပဗေဒသဘောတရားတွင် လျှပ်စစ်နှင့်သံလိုက်မှာ အခရာဖြစ်ကြောင်း ကြားဖူးကြပါလိမ့်မည်။ လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းသည် အပြန်အလှန်အမှီပြုလျှက် ပြောင်းလဲနေသော သဘောရှိသည်။ လျှပ်စစ်ရှိလျှင် သံလိုက်စက်ကွင်း ကြိမ်းသေပေါက် ရှိပါသည်။ အိုင်းစတိုင်းကမူ လျှပ်စစ်စက်ကွင်း နှင့် သံလိုက်စက်ကွင်းကိုသာမက ကမ္ဘာ့ဆွဲအားစက်ကွင်းကိုပါ ထည့်သွင်းတွက်ချက်ကာ Unified Field Theory ကို ဖေါ်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤစက်ကွင်း ၃ ခု ပူးပေါင်းမှု၏ ရလာဒ်ကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

စမ်းသပ်ပုံ စမ်းသပ်နည်းကား ရေတပ်သားများ ပါဝင်သော စစ်သင်္ဘောကြီး တစ်စီးကို စက်ကွင်း ၃ ခု စုဆုံ သက်ရောက်စေလျက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးရည်ရွယ်ချက်နှင့် စမ်းသပ်ခဲ့သော်ငြား တကယ့်တကယ်တွင် မမျှော်လင့်သော ဖြစ်ရပ်များပါ ဖြစ်ပျက်ခဲ့သည်ဟု ဆိုပါသည်။ ယင်းမှာ သင်္ဘောကြီးတစ်စီးလုံးနှင့်တကွ သင်္ဘောပေါ်ပါ ရေတပ်သားများအားလုံး လူအများ၏ မျက်စေ့အောက်မှ ပျောက်သွားခဲ့ကာ အခြားတစ်နေရာတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းအရာကို ဝတ္ထုကြောင်းလေးနှင့် ဖတ်လိုသူများ မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကို ကျွန်တော့် ဘလော့ဂ်တွင် post နှစ်ခု ခွဲ၍ ကူးယူဖေါ်ပြထားပါသည်။ အမှန်အရှိများနှင့် ဝတ္ထုကြောင်းကို အရေးပိုင်ပိုင်နှင့် ပေါင်းစပ်ထည့်သွင်း ရေးဖွဲ့ထားသည် ဖြစ်ခြင်းကြောင့် စိတ်ဝင်စားဖွယ် ကောင်းသလို ဗဟုသုတလည်း တိုးပွားစေသဖြင့် မဖတ်ရသေးလျှင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေလား။ ထားတော့။ Philadelphia စမ်းသပ်ချက် ကိစ္စကို ခဏရပ်ပါမည်။ Hollywood ရုပ်ရှင်များလို ဟိုတစ်ကွက် ဒီတစ်ကွက် အရင်ပြတာပေါ့ခင်ဗျာ။ ပြီးမှ စုပေါင်းပြီး ထင်ရာမြင်ရာတွေ ပြောပါမည်။

နောက်ထပ် ဖတ်ခဲ့ဖူးသော အကြောင်းအရာ တစ်ခုကို ပြောပြချင်ပါသေးသည်။
အကြားအမြင်ရသော ပုဂ္ဂိုလ်များအကြောင်း ကြားဖူးကြပါလိမ့်မည်။ သူတို့တွေရဲ့စိတ်က အထူးလေ့ကျင့်ထားသဖြင့် စူးစိုက်မှုအားကောင်းကြသည်။ သမာဓိဟု ခေါ်နိုင်ပါလိမ့်မည်။ သမာဓိဆိုသည်က တစ်နေရာတည်းတွင် တစ်စိတ်တည်းဖြင့် စူးစိုက်ထားနိုင်ခြင်း မဟုတ်လော။ ပျံ့လွင့်တတ်သော စိတ်ကို တစ်နေရာတည်းတွင် စူးစိုက်သည့်အကျင့်ရအောင် လုပ်ရတာ မလွယ်ပါ။ အလေ့အကျင့်ရထားသော စိတ်ဖြင့်သာ သမာဓိအားကောင်းကောင်း၊ စူးစိုက်မှုကောင်းကောင်း လုပ်နိုင်ပါလိမ့်မည်။

သို့သော် မည်မျှပင်ခက်သည်ဆိုစေ၊ အလေ့အကျင့်သာ အခရာဖြစ်သည်။ ရေရှည်လုပ်ရသော ကိစ္စမှန်သမျှ ရေရှည်ခံမည့် ဆုံးဖြတ်ချက်များ၊ ရေရှည်ခံမည့် ကြိုးစားအားထုတ်မှုများ ရှိရသည်။ ဤသည်ကို ဇွဲ ဟု ခေါ်ပါသည်။ ဇွဲ နှင့် ကျင့်ပါက စူးစိုက်ခြင်း (ဝါ) သမာဓိအလုပ်သည် သူသူငါငါ ရနိုင်ပါသည်။ ဉာဏ်မလိုဘဲ ဇွဲ ရှိဖို့သာ လိုသော အလုပ်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ၏ သဘောတွင် သမာဓိထူထောင်ခြင်းသည် တရားရှာမည့် ပုဂ္ဂိုလ်အတွက် ကနဦးအဆင့်မျှသာ ဖြစ်သည်။ သွားချင်ရာသွားသော၊ ပျံ့လွင့်တတ်သော၊ မကောင်းမှု၌ မွေ့လျော်တတ်သော စိတ် ကို သတိချွန်းဖြင့်အုပ်၍ သမာဓိတည်အောင် လေ့ကျင့်ပြီးမှ ဝိပဿနာဉာဏ်အမြင်ဖြင့် အဆင့်တက်ကာ နိဗ္ဗာန်မဂ်ဖိုလ်ကို အရအမိယူခြင်းသည် ဗုဒ္ဓဘာသာ၏ သဘောပင်ဖြစ်တော့သည်။ တည်ငြိမ်နေသော စိတ်အပေါ် ဉာဏ်ကို တင်လိုက်ခြင်းပင် ဖြစ်ပါသည်။ စူးစိုက်ခြင်း သို့မဟုတ် သမာဓိကောင်းလာသည့်အခါ စူးစိုက်သောစိတ်၏ သဘာဝအတိုင်း ယခင်က မမြင်ဖူးသည်များကို မြင်လာတော့သည်။

ညအခါ ကောင်းကင်ယံတွင် တစ်လက်လက်တောက်ပနေသော ကြယ်ကလေးများကို ကျွန်တော်တို့ မြင်ကြရသည်။ နေ့အခါ ကြယ်များကို မမြင်ရတော့ပါ။ ကောင်းကင်ယံမှ ကြယ်များ မရှိတော့၍ မဟုတ်။ ကြယ်ကလေးများ၏ အလင်းထက် အဆပေါင်းများစွာ သာ၍လင်းသော နေမင်း၏ အလင်းက ကွယ်ထားသဖြင့် ကျွန်တော်တို့ မမြင်ရတော့ခြင်း ဖြစ်ပါသည်။ သို့သော် အရိပ်ကောင်းကောင်းမှ ကောင်းကင်ကို အချိန်အတန်ကြာ စူးစိုက်၍ ကြည့်ပါက နေမင်း၏အလင်းနောက်မှ ကြယ်များကို မြင်ရပါလိမ့်မည်။ ကြယ်များ၊ နက္ခတ်တာရာများအကြောင်း ပြောလိုရင်း မဟုတ်ပါ။ စူးစိုက်မှု၏ သဘောကိုသာ ပြောလိုရင်း ဖြစ်ပါသည်။

ထိုနည်းတူစွာ လူသတ္တဝါတို့တွင် အရောင်ရှိသည်ဟု ဆိုပါသည်။ ဤအရောင်ကို သာမာန်အားဖြင့် မမြင်ရသော်လည်း သမာဓိအားကောင်းသောစိတ် သို့မဟုတ် ကောင်းမွန်လုံလောက်စွာ လေ့ကျင့်ထားသော စိတ်ပိုင်ရှင်အနေနှင့်မူ ထိုအရောင်ကို မြင်ရသည်ဟု ဆိုပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်ကို မြင်သည်နှင့် ထိုသူ၏နောက်မှ ထွက်နေသော အရောင်သည် ညိုနေသည်၊ ဝါနေသည် စသဖြင့် မြင်ရသော အရောင်ကို ကြည့်၍ ဤသူသည် ကျန်းမာရေးမကောင်း၊ သို့မဟုတ် စိတ်ရှုပ်နေသည်၊ ပျော်ရွှင်နေသည်၊ ဒုက္ခရောက်တော့မည် စသဖြင့် သိနိုင်သည်ဟု ဆိုပါသည်။

ဤသည်ကို သိပ္ပံပညာရှင်တစ်ဦးက စိတ်စွမ်းအင်သမား မြင်သောအရောင်ဆိုသည်မှာ လူမှထွက်သော လှိုင်းတစ်ခု (Wave) ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။ ထို့နောက် ဆက်လက်စူးစမ်းရာ လူ့ဦးနှောက်တွင် လျှပ်စစ်ဓါတ်ရှိနေကြောင်း တွေ့လာရသည်ဟု ဆိုသည်။ ထိုလျှပ်စစ်ဓါတ်သည် ထိုသူ၏ စိတ်ခံစားမှုပေါ် မူတည်၍ ပြောင်းလဲနေကြောင်းလည်း တွေ့ရှိရသည်ဟု ဆိုပါသည်။ လျှပ်စစ်ဓါတ်ရှိပြီဆိုသည်နှင့် သံလိုက်စက်ကွင်းကလည်း ရှိလာပြီဖြစ်သည်။ စိတ်စွမ်းအင်သမား မြင်သည်ဆိုသော အရောင်သည် စိ်တ်ပေါ်မူတည်၍ ပြောင်းလဲနေသော သံလိုက်စက်ကွင်းပင် ဖြစ်သလော။ မည်သို့ပင်ဖြစ်စေ လူ့ဦးနှောက်တွင် လျှပ်စစ်ဓါတ်ရှိကြောင်းကို သိပ္ပံပညာရှင်များ လက်ခံကြတာတော့ သေချာပါသည်။ ထိုလျှပ်စစ်ဓါတ်သည် စိတ်ပေါ်မူတည်၍ ပြောင်းလဲနေကြောင်းကိုလည်း လက်ခံကြပါသည်။

အီလက်ထရွန်းနစ်ပညာရပ်တွင် အခြေခံတစ်ခုမှာ အင်ပလီဖိုင်ယာ (Amplifier) ခေါ် ချဲ့စက်ပင် ဖြစ်သည်။ အရပ်ထဲ၌ အသံချဲ့စက်ဟု လူသိများသော်လည်း အမှန်စင်စစ် Amplifier သည် ချဲ့စက်သာ ဖြစ်သည်။ အသံချဲ့တာကိုမှ Amplifier ဟု ခေါ်သည်မဟုတ်ပါ။ အဝင်မှ အချက်ပြလှိုင်းတစ်ခု သွင်းလိုက်လျှင် အထွက်တွင် ထိုအချက်ပြလှိုင်းနှင့် ပုံစံတူ လှိုင်းတစ်ခုကို ချဲ့ထွင်ကာ ထွက်လာစေခြင်းသည် Amplifier တစ်ခု၏ အလုပ်ပင်ဖြစ်သည်။ အဝင်အချက်ပြလှိုင်းသည် သေးငယ်မည်ဖြစ်သော်လည်း အထွက်မှာမူ ချဲ့စက်စွမ်းရည်ပေါ် မူတည်လျက် ကြီးမားသော အချက်ပြကြီး ထွက်လာခြင်းဟု ယေဘူယျနားလည်အောင် ပြောပါရစေ။ ထို့ကြောင့်ပင် လူကြီးမင်း မိုက်ကိုင်ပြီး ဟဲလိုက်သော သီချင်းသံသည် စပီကာမှ အများသူငါ စိတ်ညစ်လောက်အောင် အကျယ်ကြီး ထွက်လာခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ အီလက်ထရွန်းနစ်ပညာရပ်၏ သဘာဝတွင် မည်မျှသေးငယ်သော အချက်ပြလှိုင်းပင်ဖြစ်စေ၊ ချဲ့ယူ၍ ရသည်ဟု ပြောလိုရင်း ဖြစ်ပါသည်။

ထိုနည်းတူပင်… လူ့ဦးနှောက်မှ ထွက်လာသော အချက်ပြလှိုင်းသည် အမှန်ပင် သေးငယ်လွန်းပါသည်။ သို့သော် ထိုသေးငယ်သော အချက်ပြလှိုင်းကိုပင် ကွန်ပျူတာတစ်လုံးမှ လက်ခံသိရှိနိုင်သော အချက်ပြပမာဏအထိ ရောက်အောင် လုံလောက်သည်အထိချဲ့ယူကာ ကွန်ပျူတာသို့ သွင်းလိုက်သောအခါ လူ့စိတ်အပြောင်းအလဲကို သိရှိနိုင်သော ကွန်ပျူတာ ဖြစ်လာပါတော့သည်။
ထိုကိစ္စနှင့် ပါတ်သက်၍ သတင်းတစ်ပုဒ်အကြောင်း ပြောပြချင်ပါသေးသည်။

ကျွန်တော့်အထင် မမှားဟုဆိုလျှင် ၁၉၉၈- ခုနှစ်လောက်က ဟုထင်သည်။ မြန်မာ့အသံမှ ညစဉ်ထုတ်လွှင့်သော ဂြိုလ်တုသတင်း တစ်ပုဒ်ကို မှတ်မိနေပါသည်။ လူ့စိတ်ဖြင့် ကွန်ပျူတာ Cursor ကို ရွေ့စေခြင်းဖြစ်သည်။ စိတ်စွမ်းအားရှင်များကဲ့သို့ စိတ်ကိုအထူးလေ့ကျင့်ထားပြီး ခိုင်းစေခြင်းကို မဆိုလိုပါ။ သာမာန်လူတစ်ယောက်၏ စိတ်ကို ကွန်ပျူတာသို့ အချက်ပြစနစ်ဖြင့် တွဲဖက်ထည့်သွင်း၍ စာစီစာရိုက်တွင်သုံးသော Cursor လေးကို စိတ်စေစားရာအတိုင်း ရွေ့စေခြင်းဖြစ်သည်။
နီးစပ်ရာ ဗွီဒီယိုဖိုင်လေးတစ်ခုကို You Tube တွင် ပြန်လည် ရှာဖွေရရှိသဖြင့် Link ပေးလိုက်ပါသည်။ 

 https://www.youtube.com/watch?v=TJJPbpHoPWo

ထင်ရာမြင်ရာ ဆက်ပြီး ပြောရမည်ဆိုရင် မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော် ၆ သွယ်မှာ အဆိုပါအရောင် (သို့မဟုတ်) wave ဟု ထင်မိကြောင်းပါ။ ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သောအခါ စကားလုံးအားဖြင့် မဖေါ်ပြနိုင်လောက်အောင် ကြည်လင်သော ဉာဏ်တော်ကြောင့် ရောင်ခြည်တော်များသည် သာမာန်မျက်စိနဲ့ မြင်ရသည်အထိ ပျိုးပျိုးပြက်ပြက် ထွက်လာသည်ဟု ထင်မိပါသည်။


အချို့လူတွေ၏ တီထွင်ဖန်တီးမှုများမှာ အတော်ပင် အံ့အားသင့်စရာ ကောင်းသည့် တီထွင်မှုမျိုးတွေ ဖြစ်သည်။ ကြောက်စရာလည်း ကောင်းသည်။ အရောင်များတွင် အခြေခံအရောင်ဆိုသည်ကို ရှာဖွေတွေ့ရှိပြီးနောက် အနီ၊ အစိမ်းနှင့် အပြာရောင်များကို အသုံးပြုလျှက် အရောင်မျိုးစုံထုတ်နိုင်သော ရောင်စုံရုပ်မြင်သံကြားများ ပေါ်လာခဲ့သည်။ ထိုနည်းတူပင် စပီကာမှ အနံ့ပါထုတ်ဖို့ ကြိုးစားသူက ကြိုးစားသည်။ သူတို့ရည်ရွယ်ချက်မှာ အရောင်နည်းတူ အနံ့ကိုလည်း အခြေခံအနံ့ကို ရှာတွေ့ပါက အနံ့မျိုးစုံကို ဖန်တီးရန်ပင် ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားသည့်အခါ ဥပမာအားဖြင့် စစ်ကားတစ်ကားကြည့်လျှင် ကြည့်နေသူကိုယ်တိုင် တိုက်ပွဲအတွင်း ရောက်သွားသလို သွေးညှီနံ့၊ ယမ်းနံ့များပါ ရလာစေဖို့ ဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသလို အမှန်တကယ်အောင်မြင်သွားလျှင်လည်း အတော်အာရုံနောက်မည့် ကိစ္စဖြစ်သည်။ ရုပ်ရှင်ကြည့်သည့်အခါ သတ်ခန်းဖြတ်ခန်း ဆော်ခန်းနှက်ခန်းများတွင် အနံ့မပါသဖြင့်သာ ကျွန်တော်တို့ ရုပ်ရှင်တစ်ကားကို အရသာရှိရှိ ခံစားနိုင်ခြင်းဖြစ်သည်။ အကယ်၍များ အနံ့ပါရမည်ဆိုပါက…….။ စာရှုသူတော့မသိပါ…။ ကျွန်တော်တော့ ခံစားနိုင်မည်မထင်။ ရုပ်ရှင်ထဲက လေလည်တိုင်းသာ အပြင်မှာ နံရမည်ဆိုလျှင်…. ….. …။ စိတ်ကူးသည်ဆိုသော်ငြား မရှိသေးသည့်အရာတစ်ခုကို ဖန်တီးစိတ်ကူးတတ်ဖို့ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ စိတ်ကူးကောင်းချင်လျှင် သိပ္ပံရုပ်ရှင် များများကြည့်ပါ။ သိပ္ပံဝတ္ထု များများဖတ်ပါဟု ဆိုပါသည်။ မြန်မာစာပေလောကတွင် ကျွန်တော်ဖတ်ဖူးသည့် သိပ္ပံဝတ္ထုဟူ၍ ဆရာမြသန်းတင့်ရေးသည့် မိုးပေါ်သို့ လိမ့်ကျခြင်းနှင့် ဂျူပီတာဖိုက် နှစ်အုပ်သာ ဖတ်ဖူးပါသည်။ အလားတူ သိပ္ပံဝတ္ထုများရှိသေးလျှင် ညွှန်းပေးကြဖို့ အကူအညီတောင်းလိုပါသည်။

ယခုလည်း ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီး စစ်လက်နက်များ အပြိုင်အဆိုင်ထွင်ကြချိန်တွင် အမေရိကန်က Invisible shield ခေါ် ကိုယ်ပျောက်အလွှာတစ်ခုဖြင့် စစ်သုံးယာဉ်များကို ဖုံးအုပ်ကာကွယ်နိုင်ရန် ကြံစည်ရင်း အိုင်းစတိုင်း၏ Unified Field Theory ပေါ်ထွက်လာရခြင်း ဖြစ်သည်။ မပြီးပြတ်သေးသော သီအိုရီတစ်ခုအဖြစ် ကမ္ဘာကို ကြေငြာထားသော်လည်း တကယ်ပြီးပြတ်သည်၊ မပြီးပြတ်သည်ကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များသာ သိနိုင်ပါလိမ့်မည်။ ကျွန်တော်ကတော့ Think-Thank လို အဖွဲ့မျိုးဖွဲ့၍ လမင်းကြီး ကမ္ဘာပေါ်သို့ကျလာလျှင် မည်သို့လုပ်မည်နည်း ဆိုသည့် ကြံကြီးစည်ရာ ကိစ္စမျိုးကိုပင် အကယ်၍များ ဖြစ်လာခဲ့သော်ဟု ကြိုတွေးပြီး ဖြေရှင်းနည်းများကို စဉ်းစားတတ်သော အမေရိကန်လို နိုင်ငံမျိုးက Unified Field Theory ကို မပြီးမပြတ် တန်းလန်းထားလိမ့်မည်ဟု မယုံကြည်ပါ။ ထုတ်မပြောလျှင်သာ ရှိမည်။ ဒီလူတွေက တကယ်လုပ်ချင်လျှင် မဖြစ်ဖြစ်အောင် လုပ်မည့်လူတွေ ဖြစ်သည်။

သို့သော် ကျွန်တော်ပြောချင်သည်က လျှပ်စစ်စက်ကွင်း၊ သံလိုက်စက်ကွင်းနှင့် ကမ္ဘာ့ဆွဲအားစက်ကွင်းတို့ ပေါင်းစပ်၍ အရာဝတ္ထုတစ်ခု သို့မဟုတ် သတ္တဝါတစ်ကောင်ကို တစ်နေရာမှ တစ်နေရာသို့ ရုတ်ချည်းပို့ပစ်နိုင်သည် ဆိုသည့်အချက်နှင့် လူ့ဦးနှောက်၏ လျှပ်စစ်ဓါတ်၊ လျှပ်စစ်ကြောင့်ဖြစ်သည့် သံလိုက်စက်ကွင်း၊ ထိုသံလိုက်စက်ကွင်း၏ ပြောင်းလဲမှုသည် လူ့စိတ်ပေါ် မူတည်ပြောင်းလဲနေခြင်း၊ ကမ္ဘာ့ဆွဲအားသည် လူတစ်ယောက်ပေါ် အမြဲသက်ရောက်လျက်ရှိသော စက်ကွင်းတစ်ခုအဖြစ် ရှိနေခြင်းတို့ ဆက်စပ်မှုကို ပြောလိုခြင်း ဖြစ်ပါသည်။ 

လူတစ်ယောက်သည် အလင်း၏ အလျင်အတိုင်း ခရီးသွားနိုင်မည်ဆိုလျှင် သူ၏ရုပ်ရည်သည် မအိုမင်းနိုင်တော့ ဆိုသည့် သီအိုရီတစ်ခုကိုလည်း ကြားဖူးပါသည်။ Philadelphia စမ်းသပ်ချက်တွင် စက်ကွင်း ၃ ခုပေါင်း၏ အကျိုးရလာဒ်သည် အချိန်ကိုပါ ချုံ့ပစ်လိုက်သည်ဟု ဆိုသည်။ ကျွန်တော်တို့ ကမ္ဘာတွင် UFO (ခေါ်) ပန်းကန်ပြားပျံ (ခေါ်) ဂြိုလ်သားများ၏ အာကာသယာဉ်များကို မကြာခဏတွေ့ရလေ့ရှိကြောင်း ကြားဖူးကြပါလိမ့်မည်။ ပညာရှင်များ၏ တွေ့ရှိချက်များတွင် ကမ္ဘာနှင့်အနီးစပ်ဆုံး သက်ရှိများ ရှိနိုင်သည့် ဂြိုလ်မှာ ကမ္ဘာမှ အလင်းနှစ် ၂၀၀ မျှ ဝေးသည်ဟု ဆိုသည်။ အလင်းအလျင်နှင့် သွားနိုင်သည့် ယာဉ်မျိုးဖြင့် သွားမည်ဆိုလျှင်ပင် နှစ် ၂၀၀ မျှ ကြာမည့်သဘော ဖြစ်သည်။ သို့ဆိုလျှင် UFO များသည် မည်သည့်နည်းနှင့် ကမ္ဘာသို့ခရီးနှင်လာကြသနည်း။

ဖြစ်ရပ်ဆန်းတစ်ချို့ကို ပြောပြပါဦးမည်။ အချိန်ကာလများ အတိအကျ မမှတ်မိတော့သော်လည်း ဖတ်ဖူးမှတ်ဖူးသည်များထဲမှ မမေ့သေးသော ဖြစ်ရပ်များဖြစ်ပါသည်။ ထို့ကြောင့်ပင် အထောက်အထား သက်သေသာဓကများနှင့် ပါတ်သက်၍ အစ ကတည်းက စကားပလ္လင်ခံခဲ့ရခြင်း ဖြစ်ပါသည်။

အီတလီနိုင်ငံ ဘိုလော့နာမြို့တွင် ခရီးသည် ၁၃၇ ယောက်ကို တင်ဆောင်ထားသော မီးရထားတစ်စင်းသည် ပုံမှန်အတိုင်းခုတ်မောင်းလာရင်း ၁၅ မိနစ်သာ ဖြတ်သန်းသွားရသော လှိုဏ်ခေါင်းတစ်ခုအတွင်းသို့အဖြတ်တွင် အပြင်သို့ပြန်ထွက်မလာတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ နောက်ထပ် ၄၂ နှစ်မျှအကြာ ဤရထားကြီးသည် အဆိုပါ လှိုင်ခေါင်းထဲမှ ပြန်ထွက်လာခဲ့သည်။ ရထားပေါ်ပါ လူများအားလုံး ငိုက်မျဉ်းနေသူက ငိုက်မျဉ်းဆဲ၊ သတင်းစာ ဖတ်နေသူက ဖတ်ဆဲပင်။ သူတို့အားလုံး ပုံမှန်ခရီးတစ်ခုကို သွားနေဆဲဟုသာ ထင်ကြသည်။ တကယ်တမ်း သက္ကရာဇ်တွေက ၄၂ နှစ် လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့အားလုံး၏ အရွယ်တွေကလည်း အိုမင်းမသွားဘဲ လွန်ခဲ့သော ၄၂ နှစ်က အတိုင်းပင်။



၁၉၅၅- ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ ၁၉၉၀-ခုနှစ်မှာတော့ ဗင်နီဇွဲလား နိုင်ငံကောင်းကင်ယံမှာ ပြန်ပေါ်လာခဲ့ပါတယ်။ သူလည်း ၃၅ နှစ်ကြာပျောက်ဆုံးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်ပြီး မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးသည်တွေကတော့ ပုံမှန်ခရီးကို သွားခဲ့တာသာ ဖြစ်ပြီး ဘာမှ မသိပါဘူးတဲ့။


ဒုတိယကမ္ဘာစစ်တုန်းကလည်း မြန်မာနိုင်ငံံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့ဖူးပါတယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုလို့ မှတ်ချက်ပြုပေးခဲ့ပါတယ်။သူတို့ကတော့ ကံမကောင်းစွာဘဲ အခုထိ ပေါ်မလာသေးပါဘူး။



နောက်ဖြစ်ရပ်တစ်ခုက ငါးဖမ်းသင်္ဘောလေးတစ်စီး ငါးဖမ်းရင်း မုန်တိုင်းကျလာသဖြင့် ကျွန်းအငူလေးတစ်ခုအောက်တွင် ခဏဝင်ခိုကြသည်။ မုန်တိုင်းစဲသွားတော့ ပြန်ထွက်လာကြသည်။ ကမ်းကိုရောက်တော့ ၂၆ နှစ် ကြာသွားခဲ့ပြီ။ လူတွေက သူတို့ကို မုန်တိုင်းအတွင်း သေဆုံးသွားကြပြီဟု စာရင်းသွင်းထားကြပြီးပြီ ဖြစ်သည်။ ယခု သူတို့ပြန်ရောက်လာတော့ အရာအားလုံး ပြောင်းသွားခဲ့ပြီ။ သူတို့ သားသမီးတွေက သူတို့ထက် အိုမင်းနေခဲ့ကြပြီ ဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲတစ်ခု ကျင်းပနေသည်။ လူ ၃ ယောက်ပါသော ပြိုင်ပွဲဝင် မီးပုံးပျံတစ်စင်းမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ တစ်နေရာရာတွင် ပျက်ကျသေဆုံးသည်ဟု သတ်မှတ်ဖို့ရာလည်း အလောင်းရှာမရ။ မီးပုံးပျံ ပျက်စီးကြောင်း ဘာမျှမတွေ့။ သို့နှင့် သူတို့ကို ပျောက်ဆုံးစာရင်းထဲ သွင်းလိုက်ကြသည်။ ၁၀ နှစ်ကျော် ကြာပြီးနောက် နှစ်စဉ်ကျင်းပမြဲ မီးပုံးပျံပြိုင်ပွဲကို ကျင်းပနေစဉ် ပျောက်ဆုံးသွားသော မီးပုံးပျံသည် အခြားမီးပုံးပျံများအကြား ပြန်ပေါ်လာခဲ့သည်။ အားလုံး အံ့အားသင့်ကြရသည်မှာ သူတို့အရွယ်ပုံပန်းတွေက လွန်ခဲ့သော ၁၀ နှစ်ကျော်ကအတိုင်းပင်။ သူတို့ကို မေးကြည့်တော့ သူတို့မီးပုံးပျံသည် တိမ်တိုက်တစ်ခုအတွင်းသို့ ဝင်သွားခဲ့ပြီး ပြန်ထွက်လာခြင်းဖြစ်သည်။ သူတို့စိတ်ထဲတွင် ပြိုင်ပွဲဝင်နေဆဲ ခဏဟုပင် ထင်နေတုန်းဖြစ်သည်။ ဘေးမှ ပြိုင်ပွဲဝင်မီးပုံးပျံသမားများမှ ခေတ်နောက်ကျနေသော ထိုမီးပုံးပျံကို သတိပြုမိကြသလို သူတို့ကလည်း နံဘေးမှ မီးပုံးပျံများ၏ ထူးခြားခေတ်မီမှုကို သတိပြုမိရာမှ တစ်ခုခု မှားနေမှန်း သိကြခြင်း ဖြစ်သည်။

အထက်ပါဖြစ်ရပ်များသည် အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်မှန်များဟု ဆိုသည်။ အထောက်အထားများ ရှိပါသည်။ ပြဿနာက ကျွန်တော်အကုန် မမှတ်မိတော့ခြင်း ဖြစ်သည်။ Time Slip ခေါ် အချိန်များ ပျောက်ဆုံးသွားခြင်း၊ Time Travel ခေါ် အချိန်ခရီးသွားခြင်းများသည် အကြောင်းရင်းကို ရှင်းမပြနိုင်ကြသော်လည်း တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်အများအပြားက သက်သေအဖြစ် ရှိနေပါသည်။ စိတ်ဝင်စားလျှင် ရှာဖွေကြည့်ကြပါ။ ကျွန်တော်ကတော့ မှတ်မိသလောက်ကို အလွတ်သဘော ရေးခြင်းသာ ဖြစ်လျက် ယုံတာမယုံတာ လူကြီးမင်း၏ သဘောသာ ဖြစ်ပါသည်။
  
ဉာဏ်မမီသော ကျွန်တော်တို့အတွက်တော့ ထူးပေဆန်းပေသည်…. အရူးတွေဖမ်းနေသည်ဟု ဆိုရပေမည်။ အချိန်ခရီးသွားခြင်းနှင့် ပါတ်သက်၍ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ အများအပြား ရှိပါသည်။ သိပ္ပံစာပေရှားပါးသော မြန်မာစာပေလောကနှင့် နည်းပညာအားနည်းသေးသော မြန်မာ့ရုပ်ရှင်လောကတွင်တော့ ဤအကြောင်းအရာများမှာ များစွာခေတ်မစားလှပါ။ မီဒီယာတွင် ခေတ်မစားသော အကြောင်းအရာကို လူတွေစိတ်ဝင်စားမှုနည်းသည်က မထူးဆန်းသော ကိစ္စဖြစ်သည်။

စင်္ကြဝဠာကြီးကို ခေါက်ချိုးချိုး၍ အချိန်ကိုချုံ့ပစ်သော ခရီးသွားနည်းမျိုးအတွက် သီအိုရီအပိုင်းအစများက တကယ်ပင်ရှိပါသည်။ သို့သော် အလုံးစုံပြီးပြည့်စုံသော သီအိုရီမျိုးတော့ မကြားမိသေးပါ။ နိုင်ငံရပ်ခြားမှ စားဝတ်နေရေးမပူမပန်ရသော ပရော်ဖက်ဆာများ၊ ပညာရှင်များကတော့ စမ်းသပ်နေကြမည်မှာ သေချာပါသည်။ ကွမ်တမ်သီအိုရီနှင့် ရူပဗေဒနိုဗယ်ဆုရသော ရစ်ချတ်ဖိုင်းမန်းကတော့ ကော်ဖီဆိုင်တွင် ကော်ဖီသောက်နေစဉ် စားပွဲထိုးပစ်လိုက်သော ပန်းကန်ပြားမှာ လေထဲတွင် နှစ်ခါလည်၍ တစ်ခါလူးသည်ကို ကြည့်နေရင်း သီအိုရီအသစ်တစ်ခုကို ရှာတွေ့ခဲ့သည်ဟု ဆိုပါသည်။ ကျွန်တော်တို့လို ငတုံးများကတော့ လူးရုံမကလို့ ကျကွဲသွားလည်း ဂွမ်း ဆိုသော အသံကြားလျှင် ခေါင်းထောင်ကြည့်ရုံမှလွဲ၍ ဘာမှမသိ။ ထို့ကြောင့်ပင် လူချင်းတူသော်လည်း အသက်ရှုချင်း ကွဲသည်ဟု ဆိုကြခြင်း ဖြစ်ပေမည်။

နောက်ဆုံး ကျွန်တော်ပြောချင်သည်က လူ့စိတ်ပေါ်မူတည်၍ ပြောင်းလဲနေသော လျှပ်စစ်စက်ကွင်း၊ ယင်းကိုအမှီပြု၍ ပြောင်းလဲနေသော သံလိုက်စက်ကွင်းနှင့် လူအပေါ်အမြဲသက်ရောက်နေသော ကမ္ဘာ့ဆွဲအားစက်ကွင်းတို့ အချိုးအစားမျှသွားသည်ရှိသော် လူကိုယ်တိုင်ပင် Anti Gravity ခေါ် ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်၍ မိုးပေါ်သို့ပျံတက်ခြင်း၊ သွားလိုသောနေရာသို့ တစ်မုဟုတ်ချင်း အရောက်သွားနိုင်ခြင်းတို့မှာ သိပ္ပံနည်းကျလည်း ဖြစ်နိုင်စရာ ရှိပါကြောင်း တောက်တီးတောက်တဲ့များ စဉ်းစားမိသည်များကို လိုသလိုကိုးကား၍ အရည်မရ အဖတ်မရ တင်ပြလိုက်ရပေတော့သတည်း။

(သရုပ်ဖေါ် ပုံများကို Google မှ ယူ၍ Video File ကို You Tube မှ ယူသည်။)

6 comments:

  1. နှစ်သက်မိပါတယ်

    ReplyDelete
  2. ကျတော်က အချိန်ခရီးသွားခြင်းကိုလေ့လာနေတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ပါ...အချိန်ခရီးသွားမှု အကြောင်းကို မြန်မာစာ နဲ့ ဖတ်ရတာ ပထမ ဦးဆုံးဖြစ်မိလို့ ဒီပို့ စ် တင်သူကို အရမ်း လေးစားမိပါတယ်...

    ReplyDelete
  3. တန်​ခိုးရှင်​​တွေရှိနိုင်​တာကို သိပ္ပံပညာနဲ့ ရှင်းပြထားတာ​လေး တခု​ပေါ့ခင်​ဗျာ။ ​ကျေးဇူးပါ။

    ReplyDelete
  4. ကျေးဇူးတငိပါတယ် ကျွန်တော် ဆရာနဲ့ အပြင်မှာဆွေးနွေးချင်လို့  khintatthu26@gmail.com
    facebook ကို အတ်ပေးပါလား

    ReplyDelete
  5. ဆရာတော့ မလုပ်ပါနဲ့ဗျာ…. ဘော်ဒါတွေလို လွတ်လွတ်လပ်လပ် ကိုယ်သိတာ ကိုယ်ပြော၊ သူသိတာ ကိုယ်နားထောင် ဆိုတာမျိုးဆို ပိုကောင်းပါတယ်… Facebook မှာ ဒီ email နဲ့ ရှာတာ ဘာကြောင့်မှန်းမသိ ရှာမရလို့ ကျနော့ FB account ကို တင်ပေးလိုက်ပါတယ်… အခုမှ ပြန်ရေးရတာကို နားလည်ပေးပါခင်ဗျား..

    ReplyDelete
  6. https://www.facebook.com/niki.napster

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...