Monday, October 15, 2012

Red Bull



အလုပ်ဖယ်ရီပေါ်မှ လေးကန်သော ခြေလှမ်းများနှင့် ဆင်းလာခဲ့သည်။ မြန်မာပြည်မှာတုန်းက မနက် ၈ နာရီလောက် ထ ဖို့ကိုပင် စောသေးသည်ဟုဆိုကာ အီ နေတတ်သော ကျွန်တော်သည် စင်ကာပူရောက်၍ အလုပ် စ ဝင်တော့ မနက် ၅း၃၀ ဖယ်ရီပေါ် အရောက်တက်ရသည့်အခါ တော်တော်စိတ်လေပါသည်။ ရး၃၀ မှ စ သော အလုပ်ကို ၅း၃၀ ကတည်းက ဖယ်ရီပေါ် အရောက်တက်ရသည်။ ၆းဝ၀ ထိုးလျှင် အလုပ်ထဲ ရောက်နေကြပြီ။ သို့သော် အလုပ် စ ဖို့ တစ်နာရီခွဲမျှ လိုသေးရကား ကြုံသလို ရသမျှ အိပ်တတ်အောင် လေ့ကျင့်ထားခြင်းသည်သာ ကျွန်တော်တို့အတွက် လုပ်သင့်သော အလုပ်ဖြစ်သည်။ အလုပ်နှင့် အဆောင်ကို မိနစ် ၂၀ ကျော်မျှသာ မောင်းရသော ခရီးစဉ်အတွက် အစောကြီး ထ ခိုင်းသော စင်ကာပူ အလုပ်ရှင်များသည် အတော်အမြင်ကတ်စရာ ကောင်းလှသည်။ စင်ကာပူမှာ အလုပ် လုပ်လာတာ ၁၀ နှစ်သာ ကျော်လာသည်၊ မနက်စောစောထဖို့ အကျင့်ဖြစ်မလာ…။

အဓိက ပြဿနာမှာ ညဘက် အိပ်ချိန်နောက်ကျခြင်းကြောင့် ဖြစ်သည်။ စောစောအိပ်၊ စောစောထခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ကျွန်တော်လည်း သိပါသည်။ သို့သော် မနက် ၅း၃၀ လောက်က ထပြီး အလုပ်သွားဖို့ ပြင်ဆင်ကာ၊ ပုံမှန်အားဖြင့် ညနေ ရး၃၀၊ တခါတရံ ၁၀ နာရီလောက်မှ အိမ်ပြန်ရောက်သော စင်ကာပူတွင် လူစင်စစ်မှ ပုရွက်ဆိတ်လို ကျင့်နေရသော ကျွန်တော်တို့လို ဝန်ထမ်းများမှာ ကိုယ်ပိုင်အချိန်၊ မိသားစုအချိန်ရယ်လို့ မယ်မယ်ရရမရှိလေရကား ကိုယ်စိတ်ဝင်စားရာလေး ဖတ်ဖို့ရှုဖို့၊ ကိုယ့်မိသားစုနှင့် စကားစမြည်ပြောဖို့ အချိန်မှာ အိပ်ချိန်မှသာ ဖဲ့ယူနိုင်ပေသည်တကား။ ထို့ကြောင့် အမြဲလို အိပ်ယာဝင် နောက်ကျသော ကျွန်တော့်မှာ မနက်တိုင်း အိပ်ယာမှ ကြိုးစားပမ်းစား ထ ရသည်ချည်း ဖြစ်သည်။ ဖုန်းထဲမှ မနက်ခင်း နှိုးစက်သံကို အမျိုးမျိုးပြောင်းရသည်။ ယခင်က ကျွန်တော်အလွန် နှစ်သက်သော Once in a life time သီချင်းကို နှိုးစက်သံအဖြစ် ပေးထားလိုက်ရာ နောက်ပိုင်း Once in a life time သီချင်းကို မကြားချင်လောက်အောင် ဖြစ်သွားသည်။ အကြောင်းကား ဤသီချင်းကိုကြားတိုင်း အလုပ်သွားခါနီး အိပ်ချင်မူးတူးထရသော ဖီလင်ကြီးက ဖြစ်ဖြစ်လာသောကြောင့် ဖြစ်လေသည်။ စိတ်နာတယ်…အဟုတ်..။



  ယနေ့လည်း ထုံးစံအတိုင်း အိပ်ချင်မူးတူးနှင့် ဖယ်ရီပေါ်မှ ဆင်းကာ သင်္ဘောကျင်းထဲ ဝင်လာခဲ့သည်။ အချိန်မှတ်စက်ရှေ့မှာ ဝန်ထမ်းကတ်ကို ပြလိုက်သည်။ ဘာသံမှ မမြည်၍ နည်းနည်းတော့ အိပ်ချင်ပြေသွားသည်။ အမှန်ဆို တီ ကနဲ အသံ ကြားရမည်ဖြစ်သည်။ နည်းနည်း မသင်္ကာဖြစ်သွားပြီး လက်ထဲက ဝန်ထမ်းကဒ်ကို သေသေချာချာ ကြည့်မိတော့မှ ဝန်ထမ်းကဒ်မဟုတ်ဘဲ ကားစီးတဲ့ EZ Link ကြီး ဖြစ်နေသည်။ အိပ်ချင်မူးတူးစိတ်သည် ဤသို့လျှင် ပေါက်ကရများ လုပ်လေ့ရှိပါသည်။ အိပ်ချင်နေသော စိတ်ကို ဘရိတ်အုပ်၍ ဝန်ထမ်းကတ်ကိုထုတ်ပြီး ပြရသည်။ တီ ကနဲ အသံကြားရမှ နေသာထိုင်သာ ရှိသွားသည်။ မြည်မှ ဖြစ်မည်။ တော်တော်ကြာ ကဒ်ဖြတ်ဖို့ မေ့သွားလို့ဆိုပြီး စာတစ်တန်ပေတစ်တန် အကြောင်းကြားခံရလျှင် အလုပ်အပိုတွေ ရှုပ်ဦးမည်။

အချိန်မှတ်စက်ရှေ့မှ ထွက်လာပြီး အအေးဘူးတွေ ရောင်းတဲ့စက်ရှေ့မှာ ရပ်လိုက်သည်။ ရှိသမျှ စက်တွေအားလုံးမှာ တခြားအအေးဘူးတွေ အားလုံး အဆင်သင့်ရှိနေသော်လည်း Red Bull အကန့်တွေ အားလုံးမှာ ကုန်နေကြောင်း မီးအနီလေးတွေ လင်းနေသည်ကို တွေ့ရသည်။ တကယ့်တကယ်တော့ တခြားအအေးဘူး အကန့်တွေထက် Red Bull အကန့်တွေက အများကြီးများပါသည်။ စက်တစ်လုံးမှာ တခြားအအေးဘူးတွေ တစ်ကန့်၊ နှစ်ကန့်လောက်သာ နေရာယူထားချိန်တွင် Red Bull က ၅ ကန့်မှ ၁၀ ကန့် လောက်အထိ နေရာယူထားမြဲ ဖြစ်သည်။ ဒါတောင် အကုန် ကုန်သည်။ စိတ်ထဲမှ မကျေမနပ် ရေရွတ်ရင်း အချိန်မှတ်စက်ရှေ့မှ ပြန်ဖြတ်ကာ အလုပ်ဝင်းအပြင်တွင် ကပ်လျက်ရှိသော ကင်တင်းထဲသို့ ပြန်ဝင်ခဲ့သည်။ အအေးရောင်းသော တရုတ်မကြီးဆီမှ Red Bull တစ်လုံး သွားပြန်ဝယ်လာရသည်။ အမြဲလိုလို အိပ်ရေးမဝ တတ်သော ကျွန်တော်နှင့် Red Bull သည် လက်တွဲဖေါ် မိတ်ဆွေဖြစ်နေတော့သည်သာ။

အလုပ်ကိစ္စနှင့်ဖြစ်စေ၊ အခြားအကြောင်းနှင့် ဖြစ်စေ၊ အခြားအခြားသော လုပ်ငန်းခွင်များသို့ ရောက်သောအခါ၌လည်း ကျွန်တော်သတိထားမိသည်မှာ အအေးဘူးတွေ တံဆိပ်အမျိုးမျိုး ရှိသည့်အနက် ထူးထူးခြားခြား Red Bull တွေ အလွန်ရောင်းကောင်းခြင်း ဖြစ်သည်။ Red Bull သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ကျွန်တော်အပါအဝင် လူအတော်များများ သိထားကြသည်။ အနှီ ကျန်းမာရေးကို ထိခိုက်စေနိုင်သော Red Bull သည် အားလုံးထဲတွင် ရောင်းအကောင်းဆုံး ဖြစ်နေသည်ကတော့ အသေအချာပင် ဖြစ်သည်။ အချို့မိတ်ဆွေများက ကျွန်တော့်လက်ထဲမှာ Red Bull ကိုင်ထားတာမြင်လျှင် သိပ်မသောက်ဖို့ သတိပေးကြသည်။ အချို့ကတော့ လုံးဝ မသောက်ဖို့ တူးတူးခါးခါး ပြောကြသည်။ ဘာကြောင့်လဲ ဟုမေးလျှင် မကောင်းဘူးဟုသာ ပြောကြသည်။ ဘာမကောင်းမှန်း ရေရေရာရာ မပြောကြ။ စေတနာကို မထေမဲ့မြင် လုပ်ခြင်းမဟုတ်ရပါ။

ကျွန်တော်လည်း ကျွန်တော့်ကို ကျွန်တော် ပြန်လည်စမ်းစစ်မိသည်။ ငါဘာကြောင့် ဒီအအေးဘူးကို ကြိုက်ပါလိမ့်… ဟူ၍။ အဖြေကား ချိုချိုချဉ်ချဉ်နှင့် သင်းပျံ့သော အနံ့အရသာကိုလည်း ကျွန်တော်ကြိုက်သည်။ သောက်ပြီးလျှင် အိပ်ချင်နေသော စိတ်တို့ လွှင့်ပျောက်ပြီး လန်းလန်းဆန်းဆန်း ဖြစ်ကာ အလုပ်လုပ်လို့ ကောင်းခြင်းလည်း ပါသည်။ Red Bull မကောင်းကြောင်းတွေ အများကြီးကြားရတဲ့ကြားက ကြိုက်နေတော့သည်။ ဒီလိုနှင့် အသက်ကလေးရလာတော့ စင်ကာပူလုပ်သက် ၁၀ နှစ်လောက်အတွင်း တစ်နေ့တစ်လုံးလောက် သောက်မိနေသော Red Bull ၏ အန္တရာယ်အတိမ်အနက်ကို ဆန်းစစ်ကြည့်ဖို့ စိတ်ဝင်စားလာသလို Red Bull ကြိုက်သော သူငယ်ချင်းများ အတွက်လည်း Red Bull အကြောင်း ဟိုပြောဒီပြော၊ ပြောသံကြား၊ ဆိုသံကြား၊ နားစွန်နားဖျား ကြားရခြင်းထက် တတ်နိုင်သမျှ တိတိကျကျ သိစေရသော် ကောင်းလေစွဟု သဘောရသဖြင့် Red Bull အကြောင်း လက်လှမ်းမှီသမျှ ဖတ်ရှုရသမျှ ဝေငှလိုက်ရပါသတည်း။

  ကျွန်တော်တို့ မြန်မာနိုင်ငံကို ၁၉၉၀- ခုနှစ် ဝန်းကျင်များက ပထမဆုံး စတင်မိတ်ဆက်ခဲ့သည့် အားဖြည့်အချိုရည်မှာ Lipo Viten ဖြစ်ပါသည်။ ပုလင်းငယ်များနှင့်လာ၍ အလုပ်သမားများ၊ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ၊ အရက်သမားများ အကြား အတော်ပင် ရေပန်းစားခဲ့ပါသည်။ ဆင်းရဲသားရပ်ကွက်များမှ ဘုံဆိုင်များတွင်ပင် အရက်သောက်သူက လစ်ပိုတစ်ဖုံး၊ နှစ်ဖုံး စသဖြင့် မှာသည်ကို ကြားဖူးပါသည်။ လစ်ပိုပုလင်း အဖုံးနှင့် ချင်တွယ်ကာ အရက်အတွင်း ရောထည့်ပေးရခြင်း ဖြစ်ပါသည်။

အားဖြည့်အချိုရည်နှင့် အရက်ကို ရောသောက်ခြင်းသည် ကျန်းမာရေးအတွက် အတော်ပင် မကောင်းသည့် ကိစ္စဖြစ်ပါသည်။ နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်ဟု ဆိုပါသည်။ သို့သော် ဤအလေ့အထက မြန်မာနိုင်ငံရှိ အရက်ဝိုင်း အတော်များများတွင် ရှိနေဆဲ။

မြန်မာပြည်လုပ် Lipo လည်း ရှိပါသေးသည်။ ဘိလပ်ရည်ပုလင်းနှင့် ရောင်းချ၍ Lipo Viten ၏ အန့ံအရသာကို အတုအပလုပ်ထားသည်မှအပ ထိုအချိန်က မြန်မာပြည်ထုတ်ပစ္စည်းများ၏ ထုံးစံအတိုင်း ဘာတွေပါမှန်းလည်း မသိရပါ။ အနည်တွေ ပါလာတာတော့ ကြုံဖူးပါသည်။ အချိုရည်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရသည့်ကြားထဲ ကျွန်တော်တို့နိုင်ငံမှ ထုတ်လုပ်သော အချိုရည်များမှာ အန္တရာယ်ကို ပိုမိုဆိုးရွားစေပါသည်။ ကျွန်တော့် အတွေ့အကြုံတစ်ခုကို ပြောပြပါမည်။
၁၉၉၆-ခုနှစ် က Beer Garden တစ်ခု ဖွင့်ဖို့ ကျွန်တော် ကြံစည်ခဲ့ပါသည်။ Beer Garden ဖွင့်ရန် အရက်လိုင်စင်လျှောက်ခြင်း၊ အအေးပုလင်းကဒ်များမှာခြင်း အတွက်  စုံစမ်းရပါသည်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ နားလည်သည်မှာ အချိုရည်ပုလင်းရောင်းသည့် ကိုယ်စားလှယ် သို့မဟုတ် စက်ရုံကို ကျသင့်သည့် ပိုက်ဆံရှင်းပြီး မှာရုံသာဖြစ်ပါသည်။ ရောင်းသူမှ ပုံမှန်ပို့ပေးရန် တာဝန်ယူရုံသာ ဖြစ်ပါသည်။
တကယ်မှာသည့်အခါ ပုလင်းအတွင်းမှ အချိုရည်ကိုသာ ရောင်းပါသည်ဟု ဆိုသည်။ ကျွန်တော် နားရှုပ်သွားသဖြင့် သေသေချာချာ မေးတော့မှ အချိုရည်ပုလင်းကို စက်ရုံမှ ထပ်မထုတ်နိုင်ပါ…. ထို့ကြောင့် ယခုလက်ရှိ ဈေးကွက်အတွင်း လည်ပတ်နေသော အချိုရည်ပုလင်းများကိုသာ ပြန်သုံးနေရခြင်း ဖြစ်သတတ်။

 ဖန်နီခွက် (ခေါ်) ပုလင်းအဖုံးလည်း ပြန်သုံးတွေချည်းပါပဲ။ ပုလင်းအလွတ်ကို ဘော်တယ်ဆိုင်ကဲ့သို့သော နေရာများတွင် အရင်ရှာဝယ်ရပါသည်။ ရရှိသော ပုလင်းအလွတ် အရေအတွက်အတိုင်းသာ အချိုရည်ကို မှာယူနိုင်ပါသည်။ ကျွန်တော်မှတ်မိသလောက် ပုလင်းအခွံတစ်လုံးလျှင် ထိုစဉ်က ၂၀ ကျပ် ပေးရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ဆီမှ Star Cola, Marindar စသည့် အချိုရည်ပုလင်းများမှာ ဈေးကွက်အတွင်း စတင်ဖြန့်ချီစဉ်ကသာ လှပတောက်ပြောင်သော ပုလင်းလေးများ ဖြစ်လျက် ကြာလာသည့်အခါ အစင်းရာအခြစ်ရာများအပြင် နှုတ်ခမ်းပဲ့နေသော ပုလင်းများဖြစ်လာကြပါသည်။ ပုလင်းအဖုံးများမှာလည်း သံချေးတက်နေသော အဖုံးများပါ ပါလာသည်ကို မျက်မြင်တွေ့ဖူးပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင်း စားသုံးသူများအတွက် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဟူသည် အဘယ်နည်း။

Red Bull ဟူသည် နွားနီဟု ဘာသာပြန်နိုင်သော်ငြား ဘာရယ်ကြောင့် ဘယ်သူက စ တယ်မသိ…၊ ကျွန်တော်တို့ မြန်မာတွေက ကျွဲရိုင်းဟုသာ သိကြပါသည်။ အနှီ Red Bull ခေါ် ကျွဲရိုင်းအချိုရည်ကို ၁၉၈၇-ခုနှစ်တွင် Austrian Red Bull GmbH မှ အားဖြည့်အချိုရည် (Energy Drink) အနေဖြင့် စတင်ထုတ်လုပ်ခဲ့ပါသည်။ အစောဆုံး အားဖြည့်အချိုရည် တီထွင်သူအဖြစ် နာမည်ကြီးသော ထိုင်းလူမျိုး Chaleo Yoovidhya က ဖန်တီး၍ သြစတြေးလျန်းလူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Dietrich Mateschitz က တာဝန်ယူ ထုတ်လုပ်ရောင်းချခဲ့သည်။ ယနေ့တွင်မူ Red Bull သည် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး Energy Drink အဖြစ် နှစ်စဉ် အချိုရည်ဘူးပေါင်း ၄.၅ ဘီလီယံအထိ ရောင်းချနေရပြီ ဖြစ်သည်။

Chaleo Yoovidhya

 

T.C. Pharmaceuticals ဆေးဝါးလုပ်ငန်းကို တည်ထောင်သူ ဘီလီယံနာသူဋ္ဌေး ထိုင်းလူမျိုး Chaleo Yoovidhya သည် ၁၉၇၀-ခုနှစ်တွင် ထိုင်းအမည်အားဖြင့် Krathing Daeng ဟု ခေါ်သော Red Bull အချိုရည်၏ ဖေါ်မြူလာကို ကိုယ်တိုင်ဖန်တီးရရှိခဲ့သည်။ အစတွင် ထိုင်းနိုင်ငံ၌သာ ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး ကားသမားများနှင့် အလုပ်သမားများအကြားတွင် ရေပန်းစားခဲ့သည်။ ၁၉၈၄-ခုနှစ်တွင် ကမ္ဘာသိတံဆိပ်တစ်ခုအဖြစ်သို့ ရောက်အောင် သြစတြေးလျား လုပ်ငန်းရှင် Dietrich Mateschitz နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ ၁၉၈၇-ခုနှစ်တွင် သူတို့နှစ်ဦးပူးပေါင်း၍ တစ်ဦးလျှင် ဒေါ်လာ ငါးသိန်းစီ ထည့်ဝင်ကာ Red Bull GmbH ကို တည်ထောင်ခဲ့သည်။ ဤသည်ကား Red Bull ၏ စီးပွားရေး ပုံပြင်အစ ကနဦးအကြောင်းဖြစ်သည်။

ပုံမှန်အားဖြင့် Red Bull တွင် ရေ, Caffeine, Taurine, Glucuronolactone, Sucrose, Glucose နှင့် ဗီတာမင် B တို့ ပါဝင်သည်။ သကြားမပါသော Red Bull ကိုလည်း ထုတ်လုပ်ရောင်းချပြီး သကြား (sugar sucrose နှင့် glucose) အစား Acesulfame K နှင့် Aspartame တို့ကို အချိုအရသာအတွက် အစားထိုးသုံးစွဲထားလေသည်။ 

Red Bull တွင် ပါဝင်သော ဓါတ်များကို တစ်ခုစီ ဆွဲထုတ်စဉ်းစားမည်ဆိုလျှင် အာရုံကြောများကို ရွှင်လန်းစေသော ကဖင်း (caffeine) သည် အဓိကဇာတ်လိုက်ဖြစ်သည်။ လူတစ်ဦးအတွက် တစ်နေ့လျှင် ၄၀၀ မီလီဂရမ်ထက် မကျော်လျှင် ကဖင်းသည် နှလုံးအတွက် အန္တရာယ်မဖြစ်နိုင်ဟု သိပ္ပံပညာရှင်များက သတ်မှတ်ပါသည်။ ပုံမှန် Red Bull ၂၅၀ မီလီဂရမ် သံဘူးတစ်ဘူးတွင် ကဖင်းဓါတ် ၈၀ မီလီဂရမ်သာ ပါဝင်ရာ ကော်ဖီတစ်ခွက်တွင် ပါသော ကဖင်းပမာဏနှင့် အတူတူပင် ဖြစ်လေသည်။ သို့သော် ကဖင်းဓါတ်အနည်းအများမှာ ဖြန့်ဖြူးသော နိုင်ငံ၏ ဥပဒေပေါ်တွင်လည်း မူတည်နေသည်။ သက်ဆိုင်ရာ နိုင်ငံ၏ အစားအသောက် နှင့် ဆေးဝါးဥပဒေအရ ကဖင်းဓါတ်မည်မျှအထိ ပါဝင်ခွင့် ပြုသည်ဆိုသည့် အပေါ်တွင် လိုက်နာထုတ်လုပ်ရသည်ဖြစ်ရာ Red Bull တွင် ပါဝင်သော ကဖင်းအနည်းအများမှာ နိုင်ငံပေါ်မူတည်၍ ကွဲပြားနိုင်လေသည်။

နိုင်ငံအလိုက် ထုတ်သော Red Bull များအနက် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော မူလလက်ဟောင်း Original Red Bull မှာ သံဘူးအပေါ်တွင် လည်ရစ်ကလေး ၃ ရစ်နှင့် Red Bull ပင် ဖြစ်ပါသည်။ တစ်နေ့လျှင် လူကြီးတစ်ဦး အများဆုံး သောက်သုံးနိုင်သော ပမာဏမှာ ၂ ဘူးသာလျှင် ဖြစ်ပါသည်။ သို့သော် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များကတော့ အလုပ်သမားများကို မညှာမတာ ရက်ရက်စက်စက် ခိုင်းလေ့ရှိကြရာ ခိုင်းကောင်းစေရန် Red Bull ကို ကဒ်လိုက်ချပေးထား၍ ကြိုက်သလောက် သောက်စေပါသည်။ အလုပ်သမားများ၏ ရေရှည်ကျန်းမာရေးကို ခေါင်းထဲမထည့်သည့် သဘောပင်ဖြစ်သည်။ အလုပ်ကြမ်းသမား အများစုမှာ လက်တစ်လော ပြဿနာများကိုသာ ခေါင်းထဲထည့်နိုင်ကြသည်ဖြစ်ရာ သံဘူးဘေးတွင် ရေးထားသော သတိပေးချက်များကို ဖတ်ကြည့်ရကောင်းမှန်း သိသူပင် အတော်ရှားပေလိမ့်မည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အရမ်းပင်ပန်းလွန်းလျှင် Red Bull ကို ရေနွေးနှင့် ရောစပ်သောက်ပါက ပြန်လည်လန်းဆန်းရန် အလွန်မြန်သည်ဟု ဆိုပါသည်။

သေချာတာတစ်ခုကတော့ Red Bull သောက်ပြီး ဆေးသွားစစ်လျှင် သွေးအတွင်း၌ အချိုဓါတ်ပမာဏ တက်နေတတ်လျက် သွေးခုန်နှုန်း မြန်နေတတ်ပါသည်။ သင့်တော်ရုံထက် ပိုမိုသောက်သုံးမိလျှင် ဆီးချိုဖြစ်ဖို့ ရာခိုင်နှုန်း များပါသည်။ အချို့ကမူ သတိမေ့လျော့ခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းနှင့် အာရုံကြောပြဿနာများ တက်စေသည်ဟု စွပ်စွဲကြသော်လည်း ကျွန်တော်လက်လှမ်းမှီသလောက်တော့ အထောက်အထား တိတိကျကျ မရှိပါ။ 

ဤဆောင်းပါးကို ရေးနေရင်း ရှာဖွေတွေ့ရှိသော ဈေးကွက်ဂျာနယ်မှ သောက်စရာအချိုရည်လား ကြောက်စရာအချိုရည်လား ဆောင်းပါးပါ အချက်အလက်အချို့ကို ကောက်နှုတ်တင်ပြလိုပါသည်။

Red Bull ကဲ့သို့ အားဖြည့် အချိုရည်တို့သည် စိတ်အလိုပြည့်မှုနှင့် မှတ်ဉာဏ် ဆိုင်ရာ စွမ်းဆောင်နိုင်မှုကို တိုးတက် စေသည်ဟု သုတေသနအချို့က ဆိုသည်။ ကဖင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများ ခံနိုင်ရည်ပိုရှိလာတတ်သောကြောင့် တက်ကြွကာ အလုပ်ကို ပိုမိုအာရုံစူးစိုက် နိုင်သော်လည်း စိတ်ဆတ်၊ စိတ်ဆိုးလွယ်မှုတို့ ဖြစ်တတ်ပါသည်။ ညနေဘက် သောက်မိလျှင် အိပ်မပျော်ဘဲ မျက်စိကြောင်နေတတ်သည်။ ကဖင်း နှင့် ဂလူးကို့တို့ကြောင့် မှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာတတ်ကာ မောပန်းနေသူတို့ကို အမောပြေစေသည်။
ကဖင်းသည် သွေးအ တွင်း ရောက်ရှိ လာသော သကြားလွန် ကဲမှုကို လျှော့ချရန်အတွက် ရေကို စွန့်ထုတ်လေ့ရှိရာ ခန္ဓာကိုယ်တွင် ရေ ဓာတ်လျော့ကျသွားတတ်သည်။ ခန္ဓာကိုယ်တွင် ရေဓါတ် ၁ ရာခိုင်နှုန်းလျော့ နည်းသွားပါက စွမ်းဆောင်ရည်သည် ၁ဝ ရာခိုင်နှုန်း ကျဆင်းသွားသည် ဟုဆိုသည်။

အဆိုပါဆောင်းပါးပါ အချက်အလက်တချို့နှင့် ကျွန်တော့်ဆောင်းပါးပါ အချက်အလက်တချို့ အနည်းငယ်ကွဲပြားရခြင်းမှာ မှီငြမ်းသော Source နှင့် မတူသောကြောင့် ဖြစ်ပါလိမ့်မည်။ Red Bull သာမက၊ အခြားသော အချိုရည်များသည်လည်း ကျန်းမာရေးအတွက် မကောင်းပါ။ အချိုရည်ဘူးများ သောက်သုံးခြင်းကြောင့် အဝလွန်သည့် ပြဿနာမှာ ကမ္ဘာ့နိုင်ငံအတော်များများတွင် လက်ငင်းကြုံတွေ့နေရသော ပြဿနာဖြစ်သည်။ အချိုရည်သောက်သုံးခြင်း တစ်ခုတည်းကြောင့် မဟုတ်သော်လည်း အချိုရည်ဘူးများသည် အဝလွန်ခြင်း၏ အကြောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။ နယူးယောက်မြို့တော်ဝန်ကတော့ အဝလွန်မှုကို တိုက်ဖျက်ရန်အတွက် ပျော်ပွဲစားခန်း၊ ရုပ်ရှင်ရုံများနှင့် ဖျော်ရည်အရောင်းဆိုင်ကြီးများတွင် အချိုရည်ဘူးများ ရောင်းချခြင်းကို တားမြစ်ရန် စီစဉ်နေသည်။
အချုပ်ဆိုရသော် အချိုရည်မှန်သမျှ တန်ရုံသောက်လို့လည်း ဆေးတော့မဖြစ်နိုင်၊ လွန်လျှင် ဘေးဖြစ်ဖို့သာလျှင် ဖြစ်၍ ရှောင်နိုင်လျှင် ကောင်းပါသည်။ မရှောင်နိုင်လျှင်သော်မှ အလွန်အကျွံသောက်သုံးလျှင် ဘယ်ဟာမှ မကောင်းပါ။ အရှင်းမသောက်ဘဲ နေနိုင်သူများအတွက်တော့ ဆိုဖွယ်ရာမရှိပါ။ မနေနိုင်သော ကျွန်တော့်လိုလူများအတွက်တော့ အန္တရာယ်ကို တွက်ချက်စဉ်းစားထားခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။ အရက်သောက်သကဲ့သို့ပင် ဖြစ်သည်။ အရက်ကို ဆေးဖြစ်ဝါးဖြစ် အနည်းအကျဉ်း သင့်ရုံသောက်သုံးလျှင် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။ အလွန်အကျွံ သောက်သုံးလျှင်တော့ ဆိုးကျိုးများက အထွေအထူး မပြောလိုတော့ပါ။

Red Bull အကြောင်းရေးရင်း ချော်တောငေါ့သွားမည်စိုး၍ အရက်အကြောင်း၊ ကွမ်း အကြောင်း၊ ငါး အကြောင်း၊ ဆေးလိပ်အကြောင်း၊ ဟမ်း ဟုခေါ်သော ငုံထားရသည့် စားဆေးများအကြောင်း၊ အချိုမှုန့်အကြောင်း နောက်များမှ ရေးပါမည်။ ငါး အကြောင်း မကြားဖူးသူများ နားရှုပ်မည်စိုး၍ အကျဉ်းချုပ်၍ ပြောပြရသည်ရှိသော် သင်္ဘောသားလောကနှင့် သင်္ဘောကျင်း လောကတွင် ခေတ်စားလှသော ငါး ဟူသည်ကား ကိုမိုက်သာဇင်ကဲ့သို့ ချောင်းဆိုးပျောက်ဆေးရည်ပင် ဖြစ်ပါသည်။ ချောင်းဆိုးလျှင် တစ်ဇွန်းမျှ သောက်ရသော ချောင်းဆိုးပျောက်ဆေးရည်ကို တစ်ခါတည်း ဘူးလိုက်သောက်လျှင် မူးယစ်ဆေးဝါး ဖြစ်သွားပါသည်။ အချို့လူတွေက အလွန်ရယ်ရသည်။ ဆေးလိပ်သောက်သည်။ အရက် သောက်သည်။ ငါး ချသည်။ သို့သော် ကျန်းမာရေးအတွက် အချိုမှုန့်မစား၊ Red Bull မသောက်ဟု ဆိုသည်။ ရယ်ရပါသည်။

Red Bull နှင့် အချိုမှုန့်ထက် အန္တရာယ်များလှသော အဆိပ်အတောက်များကို အပြင်းအထန်သောက်စား မူးယစ်နေသူအတွက် အချိုရည်၊ အချိုမှုန့် အန္တရာယ်သည် အဘယ်မှာလျှင် မှုလောက်စရာ ဖြစ်နိုင်အံ့နည်း။ အရက်ကိုတော့ မထိမခံ။ ဆေးလိပ်ကိုတော့ အထိမခံ။ ငါး ကိုတော့ အထိမခံ။ တော်ရုံသောက်လျှင် ကောင်းပါသည်ဟု ဆင်ခြေအမျိုးမျိုးပေးကာ သောက်သုံးနေကြသော်လည်း ဘာမဟုတ်သည့် ကိစ္စမှာ ဆတ်ဆတ်ထိမခံ ဇီဇာကြောင်နေသူတွေ အများကြီး တွေ့ဖူးပါသည်။ မယောင်ရာ ဆီလူးသူတွေ ဟုသာ ဆိုချင်တော့သည်။ ကျွန်တော်သိသလောက် အတော်များများကတော့ အကျိုးအပြစ် သေချာစွာ သိ၍မဟုတ်ဘဲ အချိုမှုန့်မစားလျှင် ခေတ်မီသည်ဟု ထင်သူက ထင်သည်။ သူများက မကောင်းဘူး ဆိုရုံနှင့် ချက်ချင်းလဲသေမည့်အလား လွှတ်ကြောက်သူက ကြောက်သည်။ 

ကျွန်တော်ဆိုလိုသည်မှာ Red Bull ကောင်းသည်။ အချိုမှုန့်ကောင်းသည်ဟု ရှေ့နေလိုက်နေခြင်း မဟုတ်ဘဲ တတ်နိုင်သ၍ သေသေချာချာလေး သိအောင် ကြိုးစားသင့်သည်ဟု အထွန့်တက်လိုရင်း ဖြစ်ပါသည်။ ပညာရှင်များလောက် မသိနိုင်သော်လည်း နည်းနည်းတော့ သိသင့်ပါသည်။ Red Bull မနှစ်သက်သူ၊ အချိုမှုန့် မနှစ်သက်သူများကို အပြစ်ဆိုခြင်းလည်း မဟုတ်ရပါ။ သူတို့အတွက် ဤစာသည် အကျိုးမဲ့အချိန်ကုန်သော စာတစ်ပုဒ်သာ ဖြစ်ပါလိမ့်မည်။ မကြိုက်သည့်နောက်တော့ ဘာမှလည်း သိစရာ မလိုတော့ပါ။

အိမ်း…. ဖတ်ရမှတ်ရသလောက်တော့ Red Bull တင်မက အချိုရည်တွေအားလုံးနီးပါး မကောင်းဘူးဆိုတာတော့ သေချာသလောက်ရှိပေပြီ။ သို့သော် တချို့သောသူတွေ ပြောသလောက်ကြီးတော့ ကြောက်စရာမလိုဟု သဘောရပါသည်။ ဘာပဲဖြစ်ဖြစ်…. မြန်မာလူမျိုးကွ… တုန်းကနဲ လဲမသေရင် စားတာပဲ။ ဖြည်းဖြည်းချင်း အစာအဆိပ်သင့်တာတွေ၊ ရေရှည်မှာ ဘာဖြစ်နိုင်တာတွေ လာမပြောနဲ့… မယ်လမင်းနို့မှုန့်တွေ လွှင့်ပစ်စရာမလို၊ ဖျက်ဆီးစရာမလို…. ဈေးလျော့ရောင်းတော့ အားရပါးရ ဝယ်သောက်ကြတာ မြန်မာတဲ့ကွ။ ကြက်တုတ်ကွေး၊ ဝက်တုတ်ကွေး၊ ကွေးချင်တဲ့အကောင်ကွေး…. ဈေးလျော့ရောင်းရင် ရတာပဲ။ ဝယ်စားတာပဲ။ မစားရတာ ကြာပြီဖြစ်တဲ့ကြက်သား ဝက်သား၊ ဒီကောင်တွေ တုတ်ကွေး ကွေးတော့မှပဲ ဈေးကျပြီး ဝယ်စားနိုင်တာ။ သေကာမှ သေရော…. စားမှာပဲ…. စားမှာပဲ။ အစားအသောက်တွေ ရက်လွန်ကုန်သလား၊ မပူပါနဲ့…. ရက်စွဲပြောင်းကပ်ရင် ရတာပဲ။

လောလောဆယ် အလုပ်လုပ်ရင်လန်းနေဖို့ လိုတယ်… အိပ်ချင်မူးတူးနဲ့ အလုပ်လုပ်ရင် Accident ဖြစ်ပြီး ခဏလေးအတွင်း အတောင်ပံလေးနဲ့ ဘဝပြောင်းသွားနိုင်တယ်… အဲဒါထက်စာရင်…
Red Bull လေး သောက်ရတာ မဆိုးပါဘူး….. ပြောရင်းနဲ့တောင် သောက်ချင်လာပြီ…..
…………ဂလု….


(အချိုမှုန့်အကြောင်း ရေးမည်ကြံကာမှ ကိုယ့်ထက်လေ့လာနိုင်ပြီး အရေးအသားကောင်းကောင်းနှင့် ထင်ပြထားသော အချိုမှုန့်အကြောင်း စာတစ်ပုဒ်ကို အမှတ်မထင် ဖတ်ရှုရသဖြင့် link ပေးလိုက်ပါသည်။ ကျန်းမာရေး ဗဟုသုတ တိုးပွားကြပါစေသတည်း။)

နောက်ဆက်တွဲ ဖတ်စရာ။   ။ အချိုမှုန့် (MSG) အကြောင်း

မှီငြမ်း။  ။ (၁) သောက်စရာ အချိုရည်လား ကြောက်စရာအချိုရည်လား
            (၂) Red Bull wikipedia
            (၃) Red Bull ingredient


(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။) 

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...