Sunday, October 21, 2012

ပင်လယ်ပြာနဲ့ဘဲငန်း



ဘဝင်မြင့်နေတဲ့ ဘဲငန်းတစ်ကောင် လမ်းလျှောက်လာရင်း မြင်းတစ်ကောင် မြက်စားနေတာကို တွေ့တယ်။

ဘဲငန်းက မြင်းကို "မင်းရဲ့အစွမ်းအစ ဘယ်လိုရှိသလဲ" လို့ မေးတယ်။

 မြင်းက "ငါမြန်မြန်ပြေးနိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

ဘဲငန်းက လှောင်သလိုလို ပြောင်သလိုလိုနဲ့ ဂျိန်းစ်ဘွန်းပြုံးပြုံးရင်း "ဒါပဲလား…." တဲ့။

 မြင်းက နည်းနည်းတော့ ဘု သွားတယ်။ ဘာသဘောလဲဆိုတဲ့အထာနဲ့ မြက်စားနေရာက မော့ကြည့်လိုက်တယ်။

ဘဲငန်းက ဆက်ပြောတယ်။ "ငါဆို ကုန်းပေါ်မှာလည်း သွားနိုင်တယ်၊ ရေထဲမှာလည်း ကူးနိုင်တယ်၊ လေထဲမှာလည်း ပျံနိုင်တယ်ကွ … " လို့ ဗလာချီ ခွပ်ထည့်လိုက်တယ်။ စိတ်ထဲကလည်း တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကို တော်တော် ကြည်ညိုသွားတယ်။

မြင်းက နည်းနည်းတော့ တင်းသွားတယ်။ ဒါပေမဲ့ ဒီမြင်းက ဂျန်းတဲလ်မန်းမြင်း၊ စိတ်ထဲကတင်းတာကို မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်တယ်။ ပြီးတော့မှ ပြုံးပြုံးလေးနဲ့ ပြောတယ်။


"ဟုတ်ပါပြီ…. ကုန်းရော၊ ရေရော၊ လေရော စွယ်စုံပညာရှင်ကြီးမှန်းတော့ သိပါပြီ။ ဒါပေမဲ့ ကုန်းပေါ်မှာ သွားတော့ နှေးနှေးကွေးကွေး၊ ဘဲသွား သွားတယ်ဆိုတာ သိတယ်မို့လား…. လမ်းသွားတာကိုက ရယ်ချင်စရာ၊ ရေထဲလည်း သွားနိုင်တာတော့ ဟုတ်ပါရဲ့…. ငါးလို ကူးနိုင်တာလည်း မဟုတ်၊ ဖျံလို မြန်တာလည်း မဟုတ်… ယက်ကန်ယက်ကန်နဲ့ တစ်မီတာလောက် ရွေ့ဖို့ မနည်းကန်နေရတာ….၊ နောက်ထပ်… ဘာတဲ့… လေထဲလည်း ပျံနိုင်သေးတယ်… ဟုတ်လား၊…. ငှက်လို မြင့်မြင့်ပျံနိုင်တာလည်း မဟုတ်၊ ဝေးဝေးပျံနိုင်တာလည်း မဟုတ်၊ ဖလပ်…ဖလပ်… တစ်ခါထပျံမှ ၁၀ ပေလောက် ရွေ့တာများ….. ဟီး…ဟီး…"

ဆိုပြီး စပ်ဖြဲဖြဲနဲ့ ပြန်ဆော်ထည့်လိုက်တော့ ဘဲငန်းတော်တော် ဖီးငုတ်ပြီး ရှက်သွားတယ်။ ဘဲမြီးတိုသွားတယ်။ သူများကို အဖြူထည်ကြီး သွားဖြဲမိတာ အတော်နောင်တရသွားတယ်။ စိတ်ထဲကလည်း နာမည်ကြီး မင်းသမီး သတင်းထောက်ကို ပြောသလို "သွားတော့..... နင် ထွက်သွားလိုက်တော့...." လို့ ပြောနေမိတယ်။ မြင်းက ဆက်ပြောပြန်တယ်။

"ကျုပ်က ကုန်းပေါ်မှာပဲ သွားနိုင်ပေမဲ့ ကျုပ်ထက်အပြေးမြန်တဲ့အကောင်မျိုး ရှိတော့ရှိမယ်၊ ရှားလိမ့်မယ်။ ဒါကြောင့် လူတွေက ကျုပ်ကို ဂရုစိုက်ကြ၊ တန်ဖိုးထားကြတာ…… OK! ခုတော့ သွားဦးမယ်ဗျာ… ဘိုင့်…ဘိုင်… " ဆိုပြီး ကြွကြွရွရွလေး ပြေးထွက်သွားတော့တယ်။


********************************
 

ပြီးခဲ့တဲ့ လ က သင်္ဘောတစ်စီးနဲ့ တာဝန်အရ တောင်တရုတ်ပင်လယ်ထဲ လိုက်သွားရတယ်။ သင်္ဘောက Pipe Laying Vessel လို့ ခေါ်တဲ့ ပင်လယ်ထဲမှာ ရေနံပိုက်လိုင်းတွေ ချတဲ့ သင်္ဘောအမျိုးအစား။ အရွယ်ကလည်း အကြီးကြီးပါ။ နာမည်က PLV CASTORONE တဲ့။ အရင်တုန်းကလည်း မကြာခဏဆိုသလို လုပ်ငန်းသဘောအရ ပင်လယ်ထဲလိုက်သွားဖူးပါတယ်။ ဒါပေမဲ့ အခုလို လုံးလုံးလျားလျား ပင်လယ်ကြီးထဲတော့ မဟုတ်ဘူးပေါ့။ အရင်က သွားတယ်ဆိုတာ တစ်ဘက်မှာ ဆုံးစမမြင်တဲ့ ရေပြင်ကြီး၊ သင်္ဘောရဲ့ တစ်ဖက်ကို ကြည့်လိုက်ရင်တော့ ကျွန်းလေးတွေနဲ့ စင်ကာပူ ဒါမှမဟုတ် မလေးရှား၊ အင်ဒိုနီးရှား တစ်ခုခုတော့ မြင်နေရသေးတယ်။ အခု ဒီတစ်ခေါက်ကတော့ တောင်တရုတ်ပင်လယ်ထဲ၊ တကယ့်ကို ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲထိ သွားရတာပါ။ ပင်လယ်ထဲမှာ တစ်လနီးနီး နေခဲ့ရတယ်။ သင်္ဘောသားဘဝ အမြည်းလေးပေါ့။

ကျွန်တော့် ဦးလေးတွေ အတော်များများက သင်္ဘောသားတွေပါ။ အဖေလည်း သင်္ဘောလိုက်ဖူးတာပဲ။ ဦးလေးတွေက ကျွန်တော့်ကို သင်္ဘောလိုက်မလားလို့မေးရင် နေပါ… သင်္ဘောသားဆိုတာ ပြေးစရာ မြေမရှိလို့ ရေထဲနေတာ၊ သင်္ဘောသားဆိုတာ ထင်းဆိုက်လို့တောင် ရတာမဟုတ်ဘူး….. ဆိုပြီး ဦးလေးတွေကို ကျီစယ်တတ်ပါတယ်။ အဲဒီလို သင်္ဘောမလိုက်ချင်လို့ ကုန်းပေါ်နေတာတောင် ခုတော့ မလွှဲသာ မရှောင်သာ ရေထဲရောက်ရပြန်ပါတယ်။

ကျွန်တော့်အဖေ သင်္ဘောလိုက်စဉ်တုန်းကပေါ့ဗျာ။ အဖေက သင်္ဘောသားအသစ်ဆိုတော့ အတွေ့အကြုံကလည်း မရှိ၊ ဘာမှလည်း မသိ။ နောက်ပြီး အဖေတို့ခေတ်က နိုင်ငံခြားသွား အလုပ်လုပ်တယ်ဆိုတာ အဆင်ပြေသလို ကြုံသလို လုပ်ကြရတာကလား။ မလေးရှားက သံစက်ရုံမှာ သံပြားကြီးတွေ မ ရ၊ စက်ထဲ ထည့်ရ။ အဖေ့ လုပ်ငန်းခွင်က ဓါတ်ပုံတွေ ဘာတွေ ပို့လိုက်တဲ့အခါ အမေတော့ ခေါင်းကိုက်တာပါပဲ။ နောက်တော့ သင်္ဘောသားဘဝနဲ့ တစ်နှစ်လောက် ကြာတယ်။ သင်္ဘောကလည်း Fishing carrier လို့ ခေါ်တဲ့ ငါးဖမ်းသင်္ဘောလေးတွေဆီက ငါးတွေ လိုက်သယ်တဲ့ သင်္ဘော။

အဖေတို့သင်္ဘော ကမ်းကခွါခွါခြင်းပဲ Anchor (ကျောက်ဆူး) နှုတ်တော့ ကျောက်ကြိုးက ရွံ့တွေနဲ့ ကပ်နေလို့ တြိဂံပုံ ညပ်နေပြီး ဆွဲလို့မရတော့ အဖေ့ကို သွားလုပ်ခိုင်းပါတယ်။ လုပ်ရမှာက တူရွင်းတို့ သံချောင်းတို့နဲ့ ရိုက်ချ၊ ထုချ လုပ်ရမှာပေါ့ဗျာ။ ဒါပေမဲ့ အဖေက လူသစ်ဆိုတော့ ရုတ်တရက် ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဒီကြားထဲ သင်္ဘောသား ပါးစပ်ဆိုတာ မြန်မာပြည်က ကားသမားပါးစပ်လိုပဲ (ကားသမားတွေကို စော်ကားတယ် မထင်ပါနဲ့။ ကျွန်တော်တို့ မိသားစု လိုင်းကားတစ်စီး ထောင်ဖူးလို့ ကားသမားပါးစပ် ဆိုတာကို သေချာသိပါသဗျ။ မယုံရင် လေ့လာကြည့်ပါ။) အင်မတန်ကြမ်းတဲ့ ပါးစပ်တွေ။ အယုတ္တ အနတ္တ အကုန်ထွက်တဲ့ လူတွေက အများစုဗျ။ အဖေတို့ သင်္ဘောက ဘိုဇင်ကလည်း နောက်ကနေ ဆဲဆိုကြိမ်းမောင်းနေတော့ သင်္ဘောသားအသစ်ဖြစ်တဲ့ ကျွန်တော့်အဖေလည်း ဘာလုပ်ရမှန်းမသိဘဲ ယောင်နနနဲ့ အဲဒီကျောက်ကြိုးကို လက်နဲ့ ကိုင်ကြည့်လိုက်တဲ့ အချိန်မှာပဲ ကျောက်ကြိုးက ပြေသွားပါတယ်။

 ပြေသွားတာနဲ့ တစ်ပြိုင်နက်တည်း ကျောက်ကြိုးကွင်းထဲ ရောက်နေတဲ့ အဖေ့ လက်သူကြွယ်ကိုပါ ချိုးပစ်လိုက်ပါတော့တယ်။ အဖေ လက်သူကြွယ်ကျိုးသွားတာကို ကပ္ပတိန်ကို သွားပြတော့ လှည့်တောင် မကြည့်ပါဘူးတဲ့။ ဒီလိုနဲ့ပဲ ကျွန်တော့်အဖေဟာ ပင်လယ်ထဲကို သင်္ဘောနဲ့ တစ်လကျော် ပါသွားခဲ့ပါတယ်။ တွဲလောင်းကျနေတဲ့ လက်သူကြွယ်နဲ့ အအေးခန်း အနှုတ် ၃၀ ဒီဂရီထဲမှာ ငါးတွေကို ပစ်ခဲ့ရ၊ စီခဲ့ရပါတယ်။ နောက်တော့ သင်္ဘော ဘန်ကောက်ကို ပြန်ကပ်တော့မှ အေးဂျင့်က သိပြီး ဆေးရုံလိုက်ပို့၊ ဆေးကုပေးခဲ့လို့ အဖေ့လက်သူကြွယ် ပြန်ဆက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဖေ့လက်သူကြွယ်လေးဟာ ကျွန်တော်တို့ လက်ချောင်းလေးတွေလို ဖြောင့်လို့မရတော့ပါဘူး။ အခုထိ သေရာပါ ကောက်ကောက်ကလေး ဖြစ်နေပါတော့တယ်။

********************************


ပင်လယ်ပြာပြာလို့ ပြောပေမဲ့ ရေတိမ်ပိုင်းမှာတော့ ပင်လယ်ဟာ မပြာပါဘူး။ အစိမ်းရောင် ရင့်ရင့်ပါပဲ။ နောက်တော့ ပင်လယ်ထဲကို ရောက်လာသည်နှင့်အမျှ ပင်လယ်ဟာ ပြာလာတော့တာပါပဲ။ တကယ့်ရေနက်ပိုင်းတွေ ရောက်တဲ့အခါ ပင်လယ်ရေဟာ မဲနယ်ဆိုးထားသလိုကို ပြာနေတော့တာပါ။ သင်္ဘောဘေး ပါတ်ဝန်းကျင် ဘယ်ကိုကြည့်ကြည့် မျက်စိတဆုံး ရေပြင်ကြီးပဲ မြင်ရပါတယ်။ မျက်စိတဆုံး ရေပြင်ကြီးရဲ့ အနားသတ်လိုင်းကတော့ မိုးကုတ်စက်ဝိုင်းပဲပေါ့။ တောင်တရုတ်ပင်လယ်ရဲ့ နေဝင်ချိန်ဆည်းဆာအလှကတော့ ပန်းချီလေးဘာလေး နည်းနည်းပါးပါး ခံစားတတ်တဲ့ ကျွန်တော့်အတွက်တော့ အမှတ်တရပါပဲ။ သိပ်လှတဲ့ တိမ်ပန်းချီနဲ့ ရေပြင်ဟာ အရမ်းကို လိုက်ဖက်တယ်ဗျ.. သိလား။ ပင်လယ်ထဲက လှိုင်းတွေဟာ သေသေချာချာ ကြည့်ရင် လှိုင်းကြီးတွေအပေါ်မှာ လှိုင်းကလေးတွေ ဆင့်နေတာဗျ။ တစ်ခါတစ်ရံ မျောလာတတ်တဲ့ လှိုင်းတွေကြားက အမှိုက်စလေးတစ်စ ဟာလည်း လိုက်ကြည့်ချင်စရာ မြင်ကွင်းတစ်ခု ဖြစ်ချင်ဖြစ်နေတာ။

အလွမ်းဓါတ်ခံ ရှိသူတွေအတွက်တော့ လွမ်းချင်စရာကြီးပါပဲ။ ပင်လယ်ကြီးထဲကို ကြာကြာစိုက်ကြည့်ရင် စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်။

အဲဒါကြောင့် သင်္ဘောသားတွေ ရေကြောင် ကြောင်တယ်ဆိုတာ ဟုတ်လောက်တယ်ဗျ။ တစ်နေ့တစ်နေ့ သင်္ဘောပေါ်မှာ အလုပ်လုပ်လိုက်၊ ထမင်းစားချိန် သွားစားလိုက်၊ အိပ်ချိန်ရောက်ရင် အိပ်လိုက်နဲ့ သင်္ဘောသားဘဝဆိုတာ တကယ်မနိပ်ပါဘူးဗျာ။ ဒါတောင် ကျွန်တော်တို့ သင်္ဘောကြီးတွေက ကျွန်တော်တို့ အပါအဝင် သင်္ဘောသားတွေ အားလုံးကို ဟိုတယ်ဆားဗစ်မျိုး ပေးထားသေးတာမို့ ဒီလောက်တော်သေးတာ။ သင်္ဘောသား ၇၀၀ လောက်ပါတဲ့ သင်္ဘောမျိုးလည်း ဖြစ်ပြန်၊ သင်္ဘောကလည်း ကြီးတော့ တော်ရုံတန်ရုံ လှိုင်းလောက်နဲ့တော့ ဘယ်လိုမှ နေတာမဟုတ်ဘူး။ သင်္ဘောသွားနေမှန်းကို မသိရတာ။ အဖေလိုက်ခဲ့တဲ့ သင်္ဘောမျိုးဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ မှန်းကြည့်နိုင်ပါရဲ့။ အဖေ့လက်ကို ချိုးပစ်ခဲ့တဲ့ Anchor Winch မျိုးကို အခုတော့ အဖေ့သားက ပြင်တယ်၊ ဆင်တယ်၊ မောင်းတယ်ပေါ့ဗျာ။ အဖေကြုံခဲ့တဲ့ ကျောက်ကြိုးထက် အများကြီး ကြီးမားတဲ့ ကျောက်ဆူးကြီး ဖြစ်ပေမဲ့၊ ကျောက်ကြိုး ဆွဲတင်တဲ့အခါ ရွံ့တွေကို အလိုအလျောက် ရေဆေးချတဲ့ စနစ်မျိုးတွေ တပ်ထားတော့ အဖေ့သင်္ဘောသာ ဒီလိုစနစ်မျိုးရှိရင် ငါ့အဖေလက် အခုလို ဖြစ်မှာ မဟုတ်ဘူးလို့ တွေးမိပါသေးတယ်။ အဖေတို့ သင်္ဘောတွေမှာတော့ ကျွန်တော်တို့လို Safety တွေ ဘာတွေ သိပ်စနစ်တကျ ရှိခဲ့မဲ့ပုံ မပေါ်ပါဘူးဗျာ။ ဒါကြောင့်လည်း မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတာ နေမှာပါပဲ။

တစ်နေ့တစ်နေ့ ဒီဝန်းကျင်လေးထဲမှာနေ၊ ဒီလူတွေနဲ့ပဲ စကားပြော၊ ဒီအလုပ်တွေပဲ နေ့တိုင်းလုပ်၊ ဒီအစားတွေပဲ နေ့တိုင်းစား……. ဒါကြောင့်လည်း သင်္ဘောသားတွေကို လစာကောင်းကောင်း ပေးတာနေမှာပါပဲ။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ အားလုံးကို ဆုံးရှုံးခံထားရတဲ့အပြင်၊ ထောင်ကျတာကမှ အိမ်က မိသားစု ထောင်ဝင်စာ လာတွေ့နိုင်သေးတယ်။ သင်္ဘောသားဘဝက တကယ်မနိပ်ပါ။ ဒါတောင် အခုခေတ်သင်္ဘောတွေက အင်တာနက်နဲ့ ဖုန်းနဲ့ ဆိုတော့ Home Sick လို့ ခေါ်တဲ့ အိမ်ကိုလွမ်းတဲ့ ဝေဒနာအထိုက်အလျောက်တော့ သက်သာကောင်းပါရဲ့။ ပြီးတော့ အရင်တုန်းက သင်္ဘောသားဆိုတာ ယောကျင်္ားတွေချည်း လုပ်ရတာဗျ။ အလုပ်အမျိုးအစားတွေကလည်း ကြမ်းသကိုး။ အခုတော့ ဒီသင်္ဘောကြီးတွေမှာဆို အမျိုးသမီး Crew တွေပါ ပါ ပါတယ်။ ပညာရှင်တွေ အနေနဲ့ပေါ့။ လောကကြီးမှာကလည်း ယောကျင်္ားနဲ့ မိန်းမ အကြာကြီးမမြင်ရရင် ဒါလည်း စိတ္တဇတစ်မျိုးရယ်။ ဘာတွေညာတွေ အသာထား၊ မြင်နေရရင် နည်းနည်းတော်သေးတယ် ပြောရမှာပဲ။ ကျွန်တော်တို့ ဒီသင်္ဘောမှာဆို သင်္ဘောသားတွေအားလုံး နှစ်လလုပ်၊ တစ်လနား။ ရုပ်ရှင်ရုံ၊ အင်တာနက်၊ အားကစားလေ့ကျင့်ရုံ စသဖြင့် အခြေခံလိုအပ်ချက်အားလုံး ပြည့်ပြည့်စုံစုံ ပေးထားတော့ တော်တော်ကောင်းပါတယ်လို့ ပြောရမယ်။

ထူးခြားမှုတစ်ခုအနေနဲ့ တွေ့ခဲ့တာတစ်ခုကတော့ မီးလုံးနီနီပြာပြာ တချို့ကို မှောင်မိုက်နေတဲ့ ပင်လယ်ပြင်ရဲ့ ကောင်းကင်မှာ ၂ ည ဆက်တိုက် တွေ့ခဲ့ရတာပါပဲ။ ကျွန်တော်တစ်ယောက်တည်း တွေ့တာမဟုတ်ပါဘူး။ ကျွန်တော်လုပ်ဖေါ်ကိုင်ဘက်တွေပါ အားလုံးတွေ့ကြရတာပါ။ အဲဒီနေ့က ည ၁၀ နာရီဝန်းကျင်လောက် သင်္ဘောအရှေ့ဘက် ကျောက်ကြိုး (Anchor Winch) နားမှာ ကြိုးချည်တဲ့တိုင်ပေါ် ထိုင်နေရင်း အဖေါ်တစ်ယောက်နဲ့ စကားပြောနေတုန်းပါ။ ကျွန်တော်က မှောင်မိုက်နေတဲ့ သင်္ဘောရှေ့ ပင်လယ်ပြင်ကို မျက်နှာမူထားပါတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်မှာ လေယာဉ်တစ်စီး မီးထိုးလိုက်သလို လင်းသွားတဲ့ အလင်းရောင် နှစ်ခုကို လင်းကနဲ တွေ့လိုက်ပါတယ်။ သင်္ဘောရှေ့ အပေါ်ဘက် မီတာ ၁၀၀ လောက်လို့ ထင်ရပါတယ်။

အဲဒါနဲ့ ကျွန်တော်က ငါမြင်တာ မမှားဘူးဆိုရင် အဲဒီနားမှာ မီး ၂ လုံး လင်းသွားတယ်ကွ…. လို့ဆိုတော့ ကျွန်တော်နဲ့ စကားပြောနေတဲ့ Electrician လေးက သင်္ဘောတစ်စီးစီးက မီးနေမှာပေါ့..တဲ့။ မဟုတ်ဘူး…. ပင်လယ်မျက်နှာပြင် ကပ်ရက်မဟုတ်ဘူး…. ကောင်းကင်ပေါ်က လင်းတာ…. ဆိုတော့ မျက်စိမှားတာ နေပါလိမ့်မယ် ဆိုပြီး မယုံဘူးဗျ။ ကျန်တဲ့ အနားမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်အဖွဲ့က လူတွေပါ ရောက်လာပြီး ပြောနေတုန်းမှာပဲ စောစောက ပေါ်တဲ့အနားကပဲ ထင်ထင်ရှားရှားကြီးကို ထပ်လင်းပါတယ်။ သင်္ဘောတစ်စီးစီးက မီးကျည်ပစ်တာလားလို့ တစ်ယောက်တစ်ပေါက် ပြောနေတုန်းမှာပဲ အလင်းရောင်ဟာ ဟိုနေရာကပေါ်လိုက်၊ ဒီနေရာက ပေါ်လိုက်နဲ့ လျှောက်ပြေးနေပါတော့တယ်။ တစ်ချက်တစ်ချက်ကျရင် LED မီးပြေးလို အတန်းလိုက်ပါ ပေါ်ပါတယ်။ ကျွန်တော့်မိတ်ဆွေ အင်ဂျင်နီယာတစ်ယောက်က ဖုန်းနဲ့ ဗွီဒိယိုရိုက်ယူဖို့ ကြိုးစားပါတယ်။ ညဘက်ကြီးလည်း ဖြစ်ပြန်၊ အလင်းရောင် လုံးဝမရှိတဲ့ အမှောင်ထဲမှာ လင်းကနဲ လက်ကနဲ လျှောက်ပြေးနေတဲ့ အလင်းရောင်ကို Auto Focus ဖုန်းကင်မရာခင်မျာ ကြည်လင်တဲ့ ပုံရိပ်ရအောင် မဖမ်းနိုင်လိုက် ရှာပါဘူး။

တချို့က ကြားဖူးနားဝရှိတဲ့ ပင်လယ်မီးစုန်းနေမှာပေါ့…တဲ့။ တချို့ကတော့ ပန်းကန်ပြားပျံ..တဲ့။ ကျွန်တော်တော့ မထင်တတ်ပါ။ ၂ ညဆက်တိုက် မြင်ခဲ့ကြရတဲ့ အလင်းရောင်အကြောင်း အမှတ်တရလေးပါ။

************************************

ဟိုးတုန်းက သင်္ဘောတွေမှာတော့ ဓူဝံကြယ်နဲ့ သံလိုက်အိမ်မြှောင်လောက် သုံးပြီး ပင်လယ်ထဲ သွားကြလာကြရတာကလား။ ဆက်သွယ်ရေးဆိုလည်း ဒေါက်..ဒေါက်…ဒါ..ဒါ…ဒီ…ဒီ.. နဲ့ မော့စ်ကုတ်တွေသုံးပြီး ဆက်သွယ်ကြရတာ။ သင်္ဘောရဲ့ လားရာကိုလည်း ရစ်ဘီးအကြီးကြီးတွေ ခြေကန်ဆွဲပြီး လှည့်ရ၊ ပတ်ရတာဆိုတော့ တယ်မလွယ်တဲ့ သင်္ဘောသားဘဝတွေပေါ့။ အဲဒါကြောင့် သင်္ဘောသားဆိုရင် စိတ်ကြမ်းကိုယ်ကြမ်းကြီးတွေအဖြစ် သရုပ်ဖေါ်ကြတာနေမှာပါပဲ။

အခုကျွန်တော်တို့ သင်္ဘောတွေမှာတော့၊ ရေဒါနဲ့၊ Gyro နဲ့၊ အဆင့်မြင့် Navigation (လမ်းညွှန်စနစ်တွေ)၊ ဂြိုလ်တုနဲ့ ဆက်သွယ်ထိန်းကျောင်းတဲ့ စနစ်တွေ၊ GMDSS လို အဆင့်မြင့် ဆက်သွယ်ရေး စနစ်တွေ အသုံးပြုပြီး မောင်းနှင်ရတာဖြစ်လို့ အရင်တုန်းက အခက်အခဲမျိုးတွေဟာ အခုတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ။ သင်္ဘောရဲ့ DP (Dynamic Positioning System) ကို အသုံးပြုပြီး သင်္ဘောကို လိုချင်တဲ့ အနေအထားမှာ ငြိမ်နေအောင် အလိုအလျောက် ထိန်းညှိထားနိုင်တယ်။ ရောက်နေတဲ့ နေရာကနေ သွားချင်တဲ့နေရာကို မျဉ်းဆွဲပြီး Auto Pilot System နဲ့ သွားခိုင်းလိုက်ရင် သင်္ဘောက ရေဒါမှာ ပေါ်လောက်တဲ့ အမှိုက်ပုံ ခပ်ကြီးကြီးဆိုရင်တောင် အလိုအလျောက် ရှောင်ကွင်းပြီး သွားချင်တဲ့အရပ်ကို ဘေးမသီရန်မခဘဲ အလိုအလျောက်သွားပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေ၊ မျိုးဆက်တွေကို လက်ဆင့်ကမ်းခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရဲ့ အသီးအပွင့်တွေပါပဲ။ လူနဲ့ တိရစ္ဆာန်ရဲ့ အဓိကကျတဲ့ ကွာဟမှုက အတွေ့အကြုံ လက်ဆင့်ကမ်းတဲ့ နေရာမှာ လူတွေက ပိုသာတဲ့ အချက်ပါပဲ။

*****************************

ပင်လယ်ပြင်ဟာ ကြည့်လိုက်ရင် အဆုံးအစ မဲ့ ရေပြင်ကျယ်ကြီးပါပဲ။ ဘာအမှတ်အသား၊ ဘာလမ်းညွှန်မှလည်း မရှိပါဘူး။ နားမလည်သူအတွက် ဒီရေပြင်ကျယ်ကြီးကို ဖြတ်ပြီး လိုရာရောက်အောင်သွားဖို့ ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲလေ။ နားလည်တဲ့သူနဲ့ လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းကိရိယာတွေ ပါတဲ့သင်္ဘော အတွက်တော့ ပင်လယ်ကြီးထဲမှာ လမ်းကြောင်းတွေကို မြင်နေရမှာပါပဲ။ အမှားအယွင်း နည်းစွာနဲ့ လိုရာရောက်မှာပါပဲ။

**********************************
လူ့ဘဝဆိုတာလည်း ပင်လယ်လိုပါပဲ။ လှပတဲ့ ဆည်းဆာချိန်တွေ ရှိတယ်။ ကမ်းကို မြင်ရတဲ့ အခါရှိသလို မျှော်လင့်ချက်တွေ၊ ရလာဒ်ကောင်းတွေ မြင်ရတဲ့အခါ အားသစ်မာန်သစ်တွေ ရတဲ့အခါတွေ ရှိတယ်။ ညမှောင်မှောင် ပင်လယ်ပြင်လို ဘာကိုမှ မမြင်ရတဲ့ အခါတွေရှိတယ်။
လင်းကနဲ လက်ကနဲ ထူးခြားတဲ့ မျှော်လင့်ချက်တွေ၊ အခွင့်အရေးတွေ ပေါ်တတ်တယ်။ အခွင့်အရေးလို့ ထင်ရတဲ့ ထောင်ချောက်တွေလည်း ရှိတယ်။ ပေါ်လာတဲ့ အခွင့်အရေးတွေဆိုတာလည်း အကြာကြီး ပေါ်တာမဟုတ်ဘူး။ သတိနဲ့ ဆွဲနိုင်မှ။ ပညာနဲ့ ကြည့်တတ်မှ။ အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်မှ။ ပညာနဲ့ အတွေ့အကြုံလက်နက်တွေက ဘဝရဲ့ Navigation တွေပဲ။ ဒါတွေကိုသုံးပြီး လမ်းမှန်ကို မှန်းဆရတယ်။

ကျွန်တော်ကတော့ ဘဝတစ်လျောက်လုံးမှာ အကြိမ်ပေါင်းများစွာ လမ်းတွေ မှားခဲ့ဖူးတယ်။ အခုလည်း မှားနေတုန်းပဲ။ မတူတဲ့ အမှားတွေက မတူတဲ့ သင်ခန်းစာတွေကို ရနေတုန်းပဲ။ သင်္ဘောသားဘဝကို မကြိုက်တဲ့ ကျွန်တော်ဟာ ဘဝကိုတော့ သင်္ဘောသားလိုပဲ ဖြတ်သန်းခဲ့တယ်။ ကိုယ်တိုင် ကပ္ပတိန်ပဲ။ ဒါပေမဲ့ အတွေ့အကြုံနည်းတဲ့ ကပ္ပတိန်၊ ကိရိယာတွေကို မှန်မှန်ကန်ကန် မသုံးတတ်တဲ့ ကပ္ပတိန်တစ်ယောက် လိုပဲ လိုရာမရောက်ဘဲ ဆုံးရှုံးမှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေ အများကြီး ရခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ကျွန်တော် ရေကြောင် ကြောင်နေတဲ့ သင်္ဘောသားတစ်ယောက်လို့လည်း သံသယရှိပြန်တယ်။ ဒုက္ခရောက်နိုင်တယ်၊ မအောင်မြင်နိုင်ဘူး… လို့ သိသိကြီးနဲ့ ရူးရူးသွပ်သွပ် လုပ်ခဲ့တဲ့ အခါတွေလည်း မနည်းပါဘူး။

ကျွန်တော့်ဆီမှာ အကြံဉာဏ်လာတောင်းသူတွေ အများကြီးကို အကြံကောင်းတွေ အများကြီးပေးနိုင်ခဲ့ပေမဲ့ ကိုယ်ကိုယ်တိုင်အတွက်တော့ အမှားတွေကြားမှာ သံသရာလည်နေဆဲပဲ။ သူတို့ကို ပေးတဲ့ အကြံဉာဏ်တွေဟာ ကျွန်တော့်ရဲ့ အမှားတွေကို ရင်းပြီး ထွက်လာရတာ ဆိုတာကို သိသူကလည်း ကျွန်တော်တစ်ယောက်ပဲ ရှိတာလေ။ ပြီးတော့ မသေချာတဲ့ လမ်း၊ မမြင်ရတဲ့ လမ်းသစ်ကိုမှ ထွင်းဖေါက်ပြီး လျှောက်ချင်တဲ့ စိတ်ကလည်း ငယ်တုန်းကတော့ မာန်တစ်ခုပဲ။ မှားသွားတာကို ကြောက်ရွံ့ပြီး မလုပ်ရဲတော့တဲ့ လူစားမျိုးထဲမှာ ကျွန်တော်မပါခဲ့ဘူး။ အဲဒါကြောင့်ပဲ မတူညီတဲ့ အတွေ့အကြုံတွေ ကျွန်တော့်မှာ ရှိခဲ့တာ။ အချို့လူတွေရဲ့ ဘဝကို ဖြတ်သန်းပုံက ရိုးရိုးရှင်းရှင်းရယ်။ အောင်လည်း အောင်မြင်ကြတယ်။ လမ်းသစ်နဲ့ စွန့်စားမှုအသစ်ကို ရူးသွပ်တဲ့ ကျွန်တော်ကတော့ သေချာတဲ့လမ်းထက် မသေမချာတွေကို ပိုပြီး စိတ်ဝင်စားခဲ့တာ။
သိပြီးသားတွေ အများကြီးကို အသုံးချဖို့ထက် မသိသေးတဲ့ အသစ်အဆန်းကိုမှ စမ်းသပ်ချင်တဲ့ စိတ်ကြောင့် ဘဲငန်းတစ်ကောင် ဖြစ်နေခဲ့ပြီး ဘာတစ်ခုမှ ထိထိရောက်ရောက် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာ။

ဒါပေမဲ့ အခုတော့ စ ပြီး ကြောက်တတ်လာပြီ။ တွေဝေစ ပြုလာပြီ။ ဘဝရဲ့ အချိန်တွေက နည်းသထက်နည်းလာခဲ့ပြီ။ ကျွန်တော့်ရဲ့ လက်တည့်စမ်း စွန့်စားမှုတွေ၊ ရူးသွပ်မှုတွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရတာ အရင်လို အဖေနဲ့ အမေရယ်၊ ကျွန်တော်ရယ်ပဲ မဟုတ်တော့။ အရင်တုန်းက အဖေနဲ့ အမေက အရွယ်ငယ်သေးတယ်။ ဒုက္ခခံနိုင်သေးတယ်။ အခုတော့ အဖေနဲ့ အမေလည်း အသက်က ရလာပြီ။ ဇနီးနဲ့ သမီးလည်း ရှိလာပြီ။
ကျွန်တော့်ရဲ့ ဘဲငန်းဘဝ နိတ္ထိတံပြီး မြင်းတစ်ကောင်လို ပြေးဖို့လုပ်ရတော့မယ်။
ကျွန်တော်ရှာတဲ့ ပြဿနာအတွက် ကျွန်တော်ခံနိုင်ပေမဲ့ ကျွန်တော့်နောက်က မိသားစုတွေ ခံစားရတာ ကျွန်တော်မကြည့်ရက်တော့။ သမီးမှာ ကျွန်တော့်လို စိတ်မျိုး ပါလာရင် နားလည် ပေးနိုင်ဖို့ ကျွန်တော့်စိတ်ကို ပြင်ဆင်ထားမိတယ်။

ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ရုန်းကန်ကူးခပ်နေတဲ့ ဘဲငန်းတစ်ကောင်ကို မြင်နေရတယ်။ ကျွန်တော် အလိုလိုနေရင်း မောလာတယ်……….



(Google မှ ပုံများနှင့် ကျွန်တော်ကိုယ်တိုင် ရိုက်ကူးထားသော ပုံအချို့ကို သုံးပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...