Thursday, November 29, 2012

ပေါ့ပေါ့ပါးပါး အူကြောင်ကြား

ဆရာလုပ်တဲ့ post မျိုးတွေ ရေးဖို့ ကျွန်တော်စိတ်မဝင်စားပါ။ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရရှိနေတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေ၊ တွေးမိတောမိတာလေးတွေကို ဝေမျှဖို့သာ ရေးတာပါပဲ။ ငါ့စကားနွားရ ဆိုတဲ့ post ကို ရေးတော့ responsibility ဆိုတဲ့ တာဝန်ယူမှုအကြောင်းကို ရေးခဲ့ပါတယ်။ ကိုယ်စကားကိုယ် တာဝန်မယူတဲ့အကျင့်နဲ့ ပါတ်သက်လို့ မြင်သလို ရေးမိတာပါပဲ။ အခုတစ်ခါ ကျွန်တော်တို့ ရွှေပြည်ကြီးက သတင်းထောက်တွေ သမတကြီးဦးသိန်းစိန်ကို ထိုင်ကန်တော့ကြတဲ့ ကိစ္စ facebook မှာ ဖတ်မိပြန်တော့ ဘယ့်နှာကြီးပါလိမ့်လို့ တွေးမိပါတယ်။ facebook ရဲ့ ထုံးစံအတိုင်း ဝေဖန်ကြ၊ ဆဲကြ၊ ပြန်ဖြေရှင်းကြ၊ မှန်တယ်ထင်တဲ့လူနဲ့ မှားတယ်ထင်တဲ့လူတွေ online မှာ ရန်ဖြစ်ကြတာပေါ့ ခင်ဗျာ။ အဲဒီကိစ္စ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း responsibility နဲ့ တစ်ဆက်တည်းဖြစ်တဲ့ role ဆိုတာလေးကို ဆွေးနွေးမိကြပါတယ်။ အဲဒီကနေ ပြောမိကြတာလေးတွေကို မေ့မသွားချင်တာနဲ့ ဒီ post ကို ရေးဖြစ်တာပါပဲ။


Role ဆိုတဲ့ စကားကို မြန်မာလို အနီးစပ်ဆုံး အတိုချုံးပြီး တာဝန်ယူရတဲ့ အဆင့်… လိ့ု ပြောရင် နီးစပ်မယ် ထင်တယ်။ Responsibility ကျတော့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားတွေပေါ့။ အဲဒီတော့ Role and Responsibilities လို့ပြောရင် အဆင့်အလိုက် တာဝန်ယူမှုတွေပဲ။ မန်နေဂျာက မန်နေဂျာတာဝန်ဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ပြီး အရာရှိတွေ၊ အလုပ်သမားတွေက ကိုယ့်ကျရာတာဝန်ကို ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူ အကောင်အထည်ဖေါ်ကြရတာ လုပ်ငန်းတစ်ခုရဲ့ သာမန်သဘာဝတစ်ခုပါ။ ဒါပေမဲ့ အသင်းထဲက ကစားသမားတွေ အကြောင်းအမျိုးမျိုးနဲ့ အထုတ်ခံရလို့ပဲဖြစ်ဖြစ် ကစားပွဲအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဂိုးသမားကိုယ်တိုင် ရှေ့တန်းတက်ကန်ရတဲ့ ဘောလုံးပွဲလို ကိစ္စမျိုးတွေလည်း တခါတရံ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တခါတရံ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးပါ။ မန်နေဂျာကိုယ်တိုင် အလုပ်သမားအလုပ်ကို ဝင်လုပ်ရတာမျိုးတွေပေါ့။ အမြဲတမ်း အဲဒီလို ဖြစ်နေရင်တော့ ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှု စနစ်တွေကို ပြန်ပြီး သုံးသပ်ရတော့မှာပါ။

 အခု သတင်းထောက်တွေ ကိစ္စက ကျွန်တော်တို့ အမြင်အရပြောရရင် ကိုယ့် role ကို ကိုယ်နားမလည်ဘူးလို့ ပြောရမှာပါ။ သတင်းထောက် တစ်ယောက်ရဲ့ role ဆိုတာ ဘာပါလဲ။ အကိုးအကားတွေ၊ အထောက်အထားတွေနဲ့ သူများအမှားကို ပုံကြီးမချဲ့ဘဲ အရပ်ပြော၊ အရပ်မြင်လေးနဲ့ ပေါ့ပေါ့ပါးပါး ပြောကြည့်ပါရစေ။ ပြန်ရှင်းထားတဲ့ သတင်းထောက်တစ်ယောက်ရဲ့ အဆိုအရ သတင်းထောက်တွေနဲ့ သမတနဲ့ တွေ့ကြတဲ့အချိန်မှာ သတင်းထောက်တစ်ယောက်က ကဲ…ကဲ ကန်တော့ကြမယ် ဆိုတာနဲ့ အားလုံး ဘုမသိ ဘမသိနဲ့ ရောယောင်ပြီး ကင်မရာတွေချလို့ ကန်တော့လိုက်ကြတာပါတဲ့။ ပြီးတော့ သူပြောတဲ့ သဘောက သမတကြီးလို အသက်အားဖြင့် ကြီးတဲ့လူ၊ ဂုဏ်အားဖြင့် ကြီးတဲ့ လူကြီးတစ်ယောက်ကို ကန်တော့တာ ဘာဖြစ်သလဲဆိုတဲ့ သဘောဗျ။ ဒါကို ဝေဖန်ကြတာကို သူက အပြစ်ပြောတာပါပဲ။

ဟုတ်ပါတယ်…။ ကိုယ့်ဖါသာကိုယ် သမတကြီးကို အရမ်းကြည်ညိုလွန်းလို့ လေးစားလွန်းလို့ သပ်သပ်သွားကန်တော့ရင် ဘာမှ ပြောစရာ မရှိပါဘူး။ ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ဖါသာသူ ကန်တော့တာ သူ့လွတ်လပ်ခွင့်နဲ့ သူ့ကိုယ်ပိုင် လုပ်ပိုင်ခွင့် (personal) ပါ။ ဘာမှ ပြောစရာ မရှိပါ။
အခုဟာက အလုပ်ချိန်၊ အလုပ်လုပ်နေတာပါ။ ဒီလို သတင်းထောက်တွေရေးတဲ့ သတင်းတွေကို ဖတ်နေရတဲ့ ကိုယ်တောင် ငပေါအလုပ်ခံရသလို တွေးမိပါတယ်။ သူတို့ သတင်းတွေကို ဘယ်လို ယုံ ရပါ့မလဲ။ ကြိုက်သလို လျှောက်ရေးနေတဲ့ သဘော၊ ဘက်လိုက်နေတဲ့ သဘောလို့ တွေးစရာတွေ ဖြစ်လာပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိ၊ သူများယောင်ရင် လိုက်ယောင်၊ ကိုယ့် role ကိုယ် နားမလည်၊ ကိုယ့်တာဝန် ကိုယ်မကွဲ၊ ခံစားချက်နဲ့ တာဝန် ဝိရောဓိဖြစ်နေတဲ့ ဒီဇဝေဇဝါ သတင်းထောက်တွေကို စတုတ္ထမဏ္ဍိုင်လို့ ဘယ်လို ပြောရမှန်း မသိပါ။ အခုဟာက ဖါးတဲ့ ခေတ်မကုန်ဘူးလား… ဆိုတဲ့ သံသယတွေပါ ထွက်လာပါတယ်။ ဖါးတာနဲ့ လေးစားတာ မကွဲတာလဲ ဖြစ်နိုင်ပါတယ်။ ကဲ.. ကန်တော့ရအောင် ဆိုတဲ့ သတင်းထောက်က သူ့ဟာသူ ဖါးချင်လို့ ဖြစ်စေ၊ ကျွန်စိတ်မကုန်တာဖြစ်စေ ဖြစ်နိုင်ပေမဲ့ ကျန်တဲ့သတင်းထောက်တွေက အူကြောင်ကြားနဲ့ ကန့်ကွက်သူမရှိ တခဲနက် လိုက်ကန်တော့ကြတာတော့ ရယ်စရာလိုလို၊ စိတ်ကုန်စရာလိုလို ပါပဲ။ တစ်ယောက်လောက်ကများ ဖေါက်ပြီးတော့ သမတကြီးခင်ဗျာ… သမတကြီးကို မလေးစားလို့ မဟုတ်ပါဘူး..။ အခုတော့ တာဝန်ချိန်ဖြစ်နေလို့ သတင်းထောက်တစ်ယောက် အနေနဲ့ မကန်တော့နိုင်တာကို ခွင့်လွှတ်ပါလို့ ယဉ်ယဉ်ကျေးကျေး ငြင်းတဲ့ သတင်းထောက် တစ်ယောက်လောက် ရှိခဲ့မယ်ဆိုရင် ဒီမိုကရေစီမီဒီယာကို မြင်ရပြီလို့သာ မှတ်လိုက်တော့လို့ ကျွန်တော့သူငယ်ချင်းက မှတ်ချက်ချပါတယ်။

နောက်တစ်ခုကလည်း ကျွန်တော်တို့တွေရဲ့ ရင်ထဲကို ငယ်စဉ်ကတည်းက ရိုက်သွင်းခံထားရတဲ့ အကြောက်တရား ဆူး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သတင်းထောက်ဆိုတာ သူ့အာရုံထဲမှာ ပြည်သူတွေ သိသင့်တာသိရဖို့ အမှန်တရားတစုံတရာကို တင်ပြနိုင်ဖို့ကိုသာ စူးစိုက်ရမှာ ဖြစ်ပါတယ်။ အမေးခံရမဲ့သူရဲ့ အရှိန်အဝါကို ကြောက်တဲ့စိတ်၊ သိမ်ငယ်စိတ်က ခံနေပြီဆိုရင် ဒီသတင်းထောက်ရဲ့ responsibility ဟာ မစခင်ကတည်းက (failed) ရှုံးနေပါပြီ။ သတင်းသမားဆိုတာ ဘက်မလိုက်ရဘူး လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ နားလည်သလို ပြောရရင် အနည်းနဲ့အများ ဘက်ဆိုတာတော့ ရှိတတ်တာပါပဲ။ ဒါပေမဲ့ တတ်နိုင်သမျှ အလယ်မှာ ရပ်နိုင်အောင်တော့ ကြိုးစားရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပါ။ အရင်တစ်ခါ သမတအိုဘားမားက အာဆီယံအစည်းအဝေးသွားရင်း လေယာဉ်ပေါ်ကနေ ဖုန်းဆက်တော့ ဒေါ်စုက အိုဘားမားရဲ့ ခွေးကလေး ဘို ရော နေကောင်းရဲ့လားလို့ နှုတ်ဆက်ပါသတဲ့။ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်ခုရဲ့ သမတတစ်ယောက်က သူ့ဆီကို ဖုန်းဆက်လာတဲ့အပေါ်မှာ ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်တာပါပဲ။ တစ်ဘက်သားကို လေးစားမှုရှိတာနဲ့ အရှိန်အဝါလွှမ်းမိုးခံရပြီး သိမ်ငယ်စိတ်နဲ့ တုန့်ပြန်တာ မတူပါဘူး။ အခု အိုဘားမား မြန်မာပြည်လာတော့လည်း ဒေါ်စုနဲ့ စကားပြောပုံ၊ ဦးသိန်းစိန်နဲ့ စကားပြောပုံတွေကို ယှဉ်ကြည့်ပါ။

 ဒေါ်စုလို အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာကို ဘေးဖယ်လိုက်ပါဦး။ ပြောနေရတဲ့ ပုံစံနဲ့ သက်တောင့်သက်သာ ရှိပုံချင်းမှာကို အကွာကြီး ကွာနေတာပါ။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးဆိုတဲ့ စာအုပ်ကိုရေးတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို ကြည့်ပြီး သတ္တိတွေ၊ ပေါ့ပါးမှုတွေ နဲ့ ပျော်ရွှင်မှုတွေ ကူးစက်လာသလိုပါပဲ။ အဲဒီလိုပါပဲ…. ရလာဒ်တစုံတရာ ထွက်လာရေးနဲ့ အမှားအယွင်း မရှိရေးကိုသာ အာရုံစိုက်နေရတဲ့ ကျွန်တော်တို့ သမတကြီးကို ကြည့်ရတာလည်း ကိုယ်ပါစိတ်မသက်မသာနဲ့ ကျဉ်းကျပ်လာသလို ခံစားရပါတယ်။ ဒေါ်စုကတော့ မစ်စ်ကလင်တန်ကို မေ့ပြီး ထွက်သွားရာကနေ နောက်ပြန်လှည့် ပြေးလာပြီး ကြိုဆိုပုံလေးကအစ ပေါ့ပေါ့ပါးပါးပါပဲ။ အမေရိကန် သမတရော နိုင်ငံခြားရေး ဝန်ကြီးရော ကျွန်တော်တို့ လူထုခေါင်းဆောင်နဲ့ တွေ့ရတာ တာဝန်အရဆိုတာထက် ပိုပြီးနွေးထွေးနေတာကို ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံကို နောက်ကြောင်းပြန်မရအောင် ထောက်သွားတဲ့ ဒေါက်တစ်ခုအဖြစ် ဒီခရီးစဉ်ကို မြင်ရပါတယ်။

အမေရိကန်က သူ့အကျိုးစီးပွားအရ လာတယ်ဆိုတာလည်း မှန်တာပါပဲ။ သူ့နိုင်ငံအတွက်မပါဘဲ ကိုယ့်ကို စေတနာသက်သက် လာကူညီစရာ ဘာအကြောင်းမှ မှမရှိတာ။ သမတက ခင်လွန်းလို့ ဆိုပြီး အဖြူထည်ကြီး ဘာအကျိုးစီးပွားမှ မကြည့်ဘဲ သူ့ပြည်သူတွေရဲ့ ပိုက်ဆံကို ဗလာချီဖြုန်းတီးနေလို့တော့ ရမလားဗျာ။ အဓိပ္ပါယ်မှ မရှိတာ။ အဓိက က သူ့ဘက်ကိုယ့်ဘက် ရှိဖို့ပါပဲ။ နှစ်ဦးနှစ်ဘက် အကျိုးရှိဖို့ လိုတာပေါ့ဗျာ။ တရုတ်လိုမျိုး အချောင်နှိုက်ဖို့လောက် စဉ်းစားမနေရင် ပြီးတာပါပဲ။ တရုတ်ကတော့ သိတော်မူတဲ့ အတိုင်းပါပဲ….၊ တန်ဖိုးရှိတဲ့ဟာတွေ ရသလောက်ယူ၊ သူ့သဘာဝပါတ်ဝန်းကျင် သူဖျက်ဆီးလို့ ကုန်မှန်းသိတော့ ကျန်တဲ့နိုင်ငံတွေကိုပါ သူ့အကျိုးစီးပွားအတွက် အားမနာ လျှာမကျိုး လိုက်ဖျက်၊ သူ့ဆီက ပြန်ရတော့ အရည်အသွေး မမှီတဲ့ ပစ္စည်းတွေ၊ ဆေးအတု၊ နို့အတု၊ ကြက်ဥအတု၊ ဂေါ်ဖီအတု၊ စားသုံးဆီအတု… တွေ။ သိပ်မဆိုးဘူးလို့ မှတ်ချက်ချစရာ တရုတ်ပိတ်စတွေပဲ ရှိပါတယ်။ ဆင်းရဲသားတွေအတွက် ဘာပဲဖြစ်ဖြစ် အဝတ်အစားလေးတွေ ပေါပေါပဲပဲနဲ့ ရတာပေါ့လေ။

ကျွန်တော်တို့နိုင်ငံ သယံဇာတပေါများတာကို ယိုးမယ်ဖွဲ့နေသူများကို စဉ်းစားမိတာလေး တစ်ခု ပြောကြည့်ပါ့မယ်။

အမေရိကန်ရဲ့ အကျိုးအမြတ်ဟာ တရုတ်ရဲ့ ရှုထောင့်နဲ့ မတူနိုင်ပါဘူး။ မြန်မာပြည်ရဲ့ သယံဇာတဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့လို နိုင်ငံတွေအတွက် မက်လောက်စရာ ဖြစ်ကောင်း ဖြစ်မှာပါ။ နည်းပညာတစ်ခု ရောင်းစားရင်၊ တိုက်လေယာဉ်တစ်စီး ရောင်းစားရင် သန်းချီရနေတဲ့ အမေရိကန်လို နိုင်ငံအတွက် မြန်မာပြည်ရဲ့ သယံဇာတဟာ စာဖွဲ့လောက်စရာ မရှိနိုင်ပါဘူး။ ဖြစ်နိုင်တဲ့ အကျိုးအမြတ်ကတော့ မဟာဗျူဟာကျခြင်းနဲ့ နိုင်ငံရေးအရ အကျိုးအမြတ် အမျိုးအစားတွေ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် မှန်တယ်လို့ မပြောသလို ငြင်းဖို့ ခုန်ဖို့လည်း မရည်ရွယ်ပါဘူး။ မဟုတ်ဘူးထင်ရင် ထားလိုက်ပါ။

တရုတ်နှင့် ဦးပိုင်တို့ လက်စာမိထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

ပေးတာနဲ့ ရတာ၊ တန်ရာတန်ကြေး ဖြစ်ဖို့ လိုပါတယ်။ မလိုအပ်ဘဲ ဈေးကြီးပေးရတာမျိုး မဖြစ်ဖို့လိုသလို အလကား လိုချင်တဲ့စိတ်၊ အချောင်လိုချင်တဲ့ စိတ်ဓါတ်တွေလည်း ဖျောက်ဖို့ လိုပြီထင်တာပါပဲ။ အလကား မပေးရင် ရန်လုပ်ချင်တာကလည်း ကျွန်စိတ်ပါပဲ။ အခုပဲ အချောင်သမားတိုင်းပြည်က မြန်မာနိုင်ငံကို သူတို့ဆီက ယူသွားလို့ မရဘူးတွေ… ဘာတွေ သွေးရူးသွေးတန်းနဲ့ သတင်းစာမှာ လျှောက်ရေးနေတာ တွေ့ရမှာပါ။ စော်စော်ကားကား…၊ မြန်မာပြည်များ သူ့အမေလင်တွေက ပေးထားတဲ့ အမွေဆိုင်အိမ်များ မှတ်နေသလား မသိပါဘူး။ တော်တော် ချဉ်စရာကောင်းတဲ့ ဟာတွေ။ မနာလိုတာကို တိုးတိုးတိတ်တိတ် အထာလေးနဲ့ ဟန်မပျက် နေတာမဟုတ်ဘူး။ မအောင့်နိုင် မအီးနိုင် ထုတ်ပြောတော့ ပြောစရာကြီးတွေ ဖြစ်ကုန်တာပေါ့။ အိုက်တင်လေးနဲ့ မကြည်တဲ့ထဲမှာ စင်ကာပူ ပါ ပါတယ်။

ပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းတွေဟာ သမိုင်းစဉ်တလျှောက် ကျွန်တော်တို့အပေါ် သိပ်မကောင်းခဲ့တာ အမှန်ပါ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ သူတို့အကျိုးစီးပွားအတွက် လိုအပ်ရင် ရေနစ်ရာ ဝါးကူထိုးခဲ့တာချည်းပါပဲ။ အပြစ်တော့ သိပ်မပြောချင်ပါဘူး။ သူတို့က သူတို့နိုင်ငံ သူတို့အကျိုးစီးပွားပဲ ကြည့်တာ… မှန်တော့လည်း မှန်တာပါပဲ။ တက်လာတဲ့ အစိုးရနဲ့ သင့်အောင်ပေါင်းပြီး ရသ၍ ကြိတ်တာပါပဲ။ ဒါပေမဲ့ နောက်အစိုးရတက်လာရင် ဒီလို အချောင်ရချင်မှ ရတော့မှာဆိုပြီး ကျွန်တော်တို့ ပြည်သူတွေကို ပိုပြီးနှိပ်စက်နိုင်အောင် အစိုးရကို အထောက်အပံ့တွေပေး၊ နို်င်ငံတကာမှာ ပြည်သူကို အသားကုန်ဗျင်းနေတဲ့ သူတွေဘက်ကနေ မတရားသဖြင့် အကာအကွယ်တွေပေးတဲ့ နေရာမှာတော့ တရုတ်ဟာ ရုပ်အပျက်ဆုံး၊ အိန္ဒြေမရဆုံး အိမ်နီးချင်းပါ။ တော်တော် ကြောက်စရာ ကောင်းပါတယ်။ ကျန်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ရသရွေ့ ကြိတ်ကြပေမဲ့ ရုပ်ပျက်ဆင်းပျက် မဖြစ်အောင်တော့ နည်းနည်းဖြစ်ဖြစ် ထိန်းကြပါသေးတယ်။

နောက်ပြီး အဝေးကစ်နဲ့ လှီးတာကတော့ သာရာစားတဲ့ ရုရှားပါ။ မြောက်ကိုရီးယားကတော့ ကျွန်တော်တို့ဆီက ပုဂ္ဂိုလ်ကြီးများကိုယ်တိုင် သွားရောက်ခစားပြီး ပုလင်းတူချင်း ဘူးဆို့ကြ၊ ချဉ်ဖတ်ချင်း ပေါင်းကြတဲ့ ကိစ္စပါ။ သူ့ဟာသူ နံနေတဲ့ ချဉ်ဖတ်ကို တကူးတက သွားပေါင်းတာဗျ။ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ ချဉ်ဖတ်ဖြစ်မလဲ…. ကျွန်တော်တို့ ကျေးဇူးရှင်များက သွားရောက် ပူးပေါင်းတော့တာပါပဲ။ ဒီလိုနည်းနဲ့ ပတ်စ်ပို့ အနီရောင်လေးဟာ ဘယ်သွားသွား မျက်နှာငယ်ရရှာတာပါပဲ။ Eleven Media ရဲ့ CEO ဆရာသန်းထွဋ်အောင်ရဲ့ ဖခင်ကြီး စကားအတိုင်းပြောရရင် စစ်တပ်က အုပ်ချုပ်ရေးမှာ ဝင်ပါကတည်းက ငါတို့ မျက်နှာငယ်ရတာပါပဲကွာ ဆိုတာလေးကို ကြားယောင်မိပါတယ်။ ရွှေထီးဆောင်းတဲ့ အကြောင်းတွေ ပြောပြီး လေကျယ်ကျယ်တွေကြားချင်ရင်တော့ မြန်မာ့အသံတို့ MRTV တို့မှာ နားထောင်ကြ၊ ကြည့်ကြပေါ့ခင်ဗျာ။

တရုတ်ရုပ်ရှင်

မြန်မာရုပ်ရှင်









ဟောလိဝုဒ်ရုပ်ရှင်

















မဆီမဆိုင် စပ်မိလို့ ပြောရမယ်ဆိုရင် တခါတရံ ရုပ်ရှင်တွေက နိုင်ငံတွေရဲ့ သဘောကို ထင်ဟပ်တတ်တယ်ဗျ။ တရုတ်ကားတွေကို ကြည့်ရင် ရာဇဝင်ကားတွေ၊ လွန်လေပြီးသော အတိတ်ကို မှီးတဲ့ကားတွေ များသဗျ။ မြန်မာကားတွေကို ကြည့်ရင် အတိတ်က ရွှေထီးဆောင်းတာကို ရိုက်ချင်ရိုက်၊ အဲဒီလိုမှ မဟုတ်ရင် ဟာသတွေသာ များတာပါပဲ။ ဘာကို ပြနေသလဲဆိုတော့ အတိတ်က ရွှေထီးဆောင်းခဲ့တာပေါ်မှာ သာယာဂုဏ်ယူနေတဲ့ သဘောကို တရုတ်ကားမှာ မြင်ရသလို မြန်မာကားတွေမှာတော့ အဲဒီသဘောအပြင် ပျော်ရွှင်မှု ငတ်မွတ်နေတဲ့သဘော၊ လွတ်လပ်မှု ပျောက်ဆုံးနေတဲ့ သဘောကို တွေ့ရပါတယ်။ အဲဒါတွေအပြင် အခုအာဏာရှင်စနစ်ထက် ရှေးကျတဲ့ ရေမြေ့သနင်း ပဒေသရာဇ်အာဏာရှင်စနစ်ကို သဘောတွေ့နေတဲ့ သဘောကိုပါ တွေးကြည့်နိုင်ပါတယ်။ မြန်မာတွေ လက်ဖက်ရည်ဆိုင် ထိုင်ပုံကို ကြည့်ပါ။ ဆိုင်အတွင်းထဲနဲ့ ဆိုင်အပြင်နဲ့ ယှဉ်ရင် ဆိုင်အပြင်မှာ လွတ်လွတ်လပ်လပ် ခုံပုလေးနဲ့ ထိုင်ရတာကို ပိုပြီးသဘောတွေ့တာကို တွေ့ရမှာပါ။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်က ဟောလိဝုဒ်ရုပ်ရှင်တွေပါ။ အမျိုးမျိုးအစားစားသော ရုပ်ရှင်များကို ထုတ်လုပ်သော်ငြား အနာဂတ်ကို ရိုက်ကူးသော ရုပ်ရှင်အမျိုးအစားတွေ အများစုဖြစ်နေတာကို သတိပြုကြည့်ပါ။ ကျွန်တော်တို့က အတိတ်အမူးမပြေသေးချိန်မှာ အနောက်နိုင်ငံတွေက အနာဂတ်ကို ရှေးရှုနေခဲ့တယ်လို့ ရှုထောင့်လေးတစ်ခုနဲ့ ပြောကြည့်တာပါ။ အနာဂတ်ကို မမြင်ရတဲ့နေရာမှာတော့ အတိတ်အကြောင်းကိုပဲ ပြောတတ်ကြသတဲ့....ဗျ။ ဆရာကိုတာရဲ့ စာအုပ်တွေ ဖတ်ရာက မှတ်မိနေတဲ့ စာကြောင်းလေးတွေပါ။ အတိတ်သမိုင်းဟာ သင်ခန်းစာတွေ ပေးနိုင်တဲ့အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ အနာဂတ်ဟာ ပိုပြီးကြီးကျယ်သင့်တယ် မဟုတ်လား။

ကျွန်တော်တို့ နိုင်ငံမှာ တောက်လျှောက်ကျင့်သုံးခဲ့တဲ့ ပါမစ်ရောင်းစားတဲ့ စီးပွားရေး၊ နီးစပ်ရာ အခွင့်အရေးပေးတဲ့ ခရိုနီစီးပွားရေးတွေကနေ တာဝန်ယူမှုဆိုတာကို နားမလည်တဲ့ အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေပါတယ်။ တစ်ဆက်တည်းမှာပဲ အလွဲလွဲအမှားမှား စီမံခန့်ခွဲမှုတွေကြောင့် သယံဇာတ ဖင်ခုထိုင်၊ တို့တတွေမှာ ယားကျိယားကျိ… ဖြစ်ပြီး သယံဇာတကျိန်စာ ဆိုတဲ့ အာဖရိက စကားလုံးတစ်ခုဟာ မြန်မာပြည်အတွက်ပါ အကျုံးဝင်သွားတော့တာပေါ့ ခင်ဗျာ။ အနည်းငယ်မျှသော မိသားစုတွေအတွက် တစ်တိုင်းပြည်လုံး ရှိရှိသမျှ ရောင်းစားတဲ့နောက်တော့ ဒီမိသားစုတွေမှ မချမ်းသာရင် ဘယ်သူတွေများ ချမ်းသာဦးမှာလဲဗျာ။ 

ထားပါတော့။ အဲဒီလို ပဒေသရာဇ်ဆန်ဆန် အာဏာရှင်စနစ်နဲ့ နေလာခဲ့တဲ့ ကျွန်တော်အပါအဝင် မြန်မာပြည်သားများခင်မျာ အကြောက်တရားက ရင်ထဲအသည်းထဲ အမြစ်တွယ်နေတာ ဘာဆန်းမလဲခင်ဗျာ။ ပညာရေးဘက်မှာလည်း အကြောက်တရား ကြီးစိုးနေတဲ့ ဆရာ ဆရာမများဆီက အကြောက်တရားတွေ ကျောင်းသားတွေဆီကို ရောက်တာပေါ့။ အိမ်မှာလည်း ကြောက်ခြင်းနဲ့ အသားကျနေတဲ့ မိဘများဆီက သိမ်ငယ်ခြင်းနဲ့ ကြောက်ခြင်းအမွေကို သားသမီးတွေ ရကြတာပေါ့။ ကျွန်တော်တို့ အပါအဝင် ကြောက်မျိုးဆက်တွေထဲက အမျိုးမျိုးသော လုပ်သားအင်အားစုတွေထဲမှာလည်း အကြောက်တရားတွေနဲ့ ဆိုတာကို နားလည်ခံစားပေးနိုင်ပါရဲ့။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တော့ ကျွန်တော်တို့ မြန်မာတွေဟာ လေးစားတတ်တာနဲ့ အလုပ်ကြိုးစားတဲ့ နေရာမှာ အတော်နာမည်ရပေမဲ့ လူတောမတိုး၊ အသံမထွက်တဲ့ နေရာမှာလည်း နာမည်ကြီးပါပဲ။ 

ကိုယ့်နိုင်ငံမှာ ကိုယ်နေပေမဲ့ ကြောက်ရွံ့မှုတွေနဲ့ နေခဲ့ရတာကလား။ ဘာမှမဟုတ်တဲ့ ကားစပါယ်ရာလို၊ ရဝတရုံး စာရေးလိုဟာတွေကို ရိုရိုသေသေ ဆက်ဆံခဲ့ရတဲ့ အလေ့အကျင့်ကြောင့် နိုင်ငံခြားရောက်တဲ့အခါ တွေ့သရွေ့လူကို အရိုအသေပေးဆက်ဆံ နေတဲ့နောက်တော့ မြန်မာတွေ တစ်ဖက်သားကို လေးစားတတ်တာ နာမည်ကြီးပြီပေါ့ခင်ဗျာ။ ဒါပေမဲ့ မြန်မာအချင်းချင်းဆိုရင်တော့ နည်းနည်းလေးမှ သည်းမခံတတ်တာ၊ သေးသေးတင်မခံတတ်တာတော့ နိုင်ငံခြားသားတွေ သိမယ်မထင်ပါဘူး။ ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေ၊ ခန်းခန်းနားနား အဆောက်အဦးတွေ၊ ယူနီဖေါင်းဝတ်တွေနဲ့ တွေ့တဲ့အခါ အများစုသော မြန်မာများခင်မျာ ရင်ထဲက အကြောက်တရားနဲ့ သိမ်ငယ်စိတ်တွေ ခေါင်းပြူလာတော့တာပါပဲ။

အရပ်စကားနဲ့ ပြောရင် ရှိန်တယ်ပေါ့ဗျာ။ ကိုယ်က သူများကို ကြောက်ရ ရှိန်ရလေတော့ ကိုယ့်ကိုလည်း ကြောက်စေချင် ရှိန်စေချင်တဲ့ သူငယ်နာက ပြန်ပေါ်လာပြန်တာပါပဲ။ တစ်အိမ်လုံးက ငါ့ကိုနိုင်၊ ငါက ကြက်မကြီးကို နိုင် ဆိုတာမျိုးပေါ့ ဗျာ။ အဆင့်ဆင့် ကြီးနိုင်ငယ်ညှင်း၊ အထက်ဖါး အောက်ဖိတွေ ဖြစ်လာတော့တာပါပဲ။ ကိုယ့်ကို နိုင်တဲ့လူတွေများလေတော့ ကိုယ်ကနိုင်ရပြီဆိုလည်း လွှတ်ကြဲတော့တာ။ ဒီလိုနည်းနဲ့ အာဏာရှင်စိတ် တစ်ပတ်လည်ပါတယ်။ အာဏာရှင်စိတ်ရဲ့ အရင်းအမြစ်ဟာ ကြောက်စိတ်ပါ။ တရားသဘောနဲ့ ပြောရင်တော့ ဒေါသ ပါပဲ။ ဒေါသစိတ်ဆိုတာ စိတ်ဆိုးတာကိုမှ ပြောတာ မဟုတ်ပါဘူး။ ဒေါသ မကင်းရင် ကြောက်စိတ် ရှိတာပါပဲ။ ဒေါသ ကင်းသွားတာနဲ့ ကြောက်စိတ်လည်း ကင်းတာပါပဲ။

အဲဒီမျိုးဆက်က ထွက်လာတဲ့ လူတွေ သတင်းထောက်ဖြစ်လာတော့ အင်တာဗျူးရမဲ့ သမတကြီးကို မြင်တာနဲ့ ကုန်းကန်တော့ တော့တာပေါ့ခင်ဗျာ….. (ဟီး…ဟီး…)

ဒါအပြစ်ပြောတာ မဟုတ်ပါဘူး။ ဆက်စပ်ပြီး နားလည်မိသလိုလေး ရေးတာပါ။ မှားတာ အကြောင်း မဟုတ်ပေမဲ့ မှားမှန်းတော့ သိရပါမယ်။ မှားတော့ ဘာဖြစ်သလဲ… ဆိုတော့ ခွင့်လွှတ်ရမှာ ပေါ့ဗျာ။ ပြီးရင် နောက်မမှားအောင် သတိထားရမှာပေါ့။ ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားမျိုးတွေမှ မဟုတ်တာပဲ။ လူဆိုတာ အမှားမကင်းတာ သဘာဝမို့ တတ်နိုင်သရွေ့ သူတစ်ပါးအမှားကိုလည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားရသလို ကိုယ့်အမှားကိုလည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားရပါတယ်။ ကိုယ့်အမှားကို ခွင့်မလွှတ်နိုင်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံကြတာပေါ့ဗျာ။ ခွင့်လွတ်တဲ့ နည်းတွေထဲမှာ အပေါ့ပါးဆုံးက အမှားကို ဟာသဖြစ်အောင် လုပ်တာပါပဲ။ သူများမှားတော့လည်း ဟဲ…ဟဲ… ကိုယ်မှားတော့လည်း ဟီး….ဟီး… ပေါ့ဗျာ။ ခွင့်မလွှတ်နိုင်လောက်အောင် မှားတော့လည်း ဆန္ဒပြသင့်ပြ၊ တော်လှန်သင့်တော်လှန်၊ ဆော်သင့်ဆော်၊ နှက်သင့်နှက်ကြတာပေါ့ ခင်ဗျာ။ ကျွန်တော်တို့လည်း online ကနေ ဟိုမြှောက်ပေး၊ ဒီမြှောက်ပေး၊ ဟိုလူ့အပြစ်ပြော၊ ဒီလူ့ အပြစ်ပြော ပြောကြမှာပေါ့ ခင်ဗျာ။ ကိုယ်မှားတာကျ ကိုယ်ပေါင်ကိုယ်လှန်ထောင်းတာ ဆိုတော့ သက်သက်သာသာပေါ့။

အခုလည်း Role & Responsibilities အကြောင်းလေး ပြောရင်း ထိုင်ကန်တော့သော သတင်းထောက်ဆရာများကိုလည်း အပြစ်ပြောတာမဟုတ်ဘဲ မြင်သလို ပြောကြည့်ခြင်းမျှသာ ဖြစ်ကြောင်းနဲ့ ပေါ့ပေါ့ပါးပါး အူကြောင်ကြားများ အကြောင်း ဤတွင်ပြီးပါတယ်။ 

ထုံးစံအတိုင်း ပြောချင်ရာတွေ ပြောပြီးပြီဆိုတော့ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်တော်မူကြပါရန် တောင်းပန်အပ်ပါတယ်ဗျ။ 


(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

1 comment:

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...