လေးသောစာများကို အသာချ၍ ပေါ့ပေါ့ပါးပါး ဝါးတီးများအကြောင်း ကဏ္ဍအသစ်တစ်ခု ဖွင့်လိုက်ပါသည်။ ဝါးတီးသည် လူနှင့်တည့်ပါသည်။ ကန်တော်ကြီးဟော်တယ်တွင် ချက်ကြီး သင်တန်းတက်စဉ်က သင်ကြားခဲ့ဖူး၍ ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်သော စကော့ချ်ကြက်ဥကြော်ကို တင်ဆက်လိုက်ပါသည်။
ပါဝင်သောပစ္စည်းများ (Ingredients)
၁။ ကြိတ်ထားသောဝက်သား ၁ပေါင်ခွဲ
![]() |
စိန်ခလုတ်ဆိုတာ ဒီလိုဟာ.... |
၃။ ခေါက်ထားသော ကြက်ဥ ၁ လုံး
၄။ ဆား၊ ငရုတ်ကောင်း (သကြား၊ အချိုမှုန့်) သင့်ရုံ
၅။ ဂျုံမှုန့် သို့မဟုတ် ကော်မှုန့် ၄ ဇွန်း
၆။ ပေါင်မုန့်အမှုန့် အနည်းငယ်
(ပေါင်မုန့်ကို စိန်ခလုတ်နှင့် တိုက်ချပါက ပေါင်မုန့်အမှုန့် မွမွလေးများ ရပါသည်။)
- ကြိတ်ထားသော ဝက်သားကို ဆား၊ ငရုတ်ကောင်း၊ ဂျုံမှုန့် ဖြင့် နယ်ပါ။ မူရင်းချက်နည်းတွင် မပါသည်က အချိုမှုန့်ဖြစ်သည်။ မြန်မာ့နည်း မြန်မာ့ဟန်၊ မြန်မာ့လျှာဖြင့် ကီးကိုက်လိုပါက အချိုမှုန့်နှင့် သကြား အနည်းငယ်ထည့်၍ နယ်နိုင်ပါသည်။
နယ်ထားသော ဝက်သားကို ၁၂ ပုံ အညီအမျှ ပုံလိုက်ပါ။
မာနေအောင် ပြုတ်ပြီး အခွံခွါထားသော ကြက်ဥတစ်လုံးစီကို ဝက်သားကြိတ်သားဖြင့် မံ၍ လုံးပါ။
ခေါက်ထားသော ကြက်ဥအရည်ထဲသို့ အလုံးလိုက် နှစ်လိုက်ပါ။
ပြီးလျှင် ပေါင်မုန့်အမှုန့်ထဲသို့ လှိမ့်လိုက်ရမည်။ အသားလုံး၏ ဘေးတွင် ပေါင်မုန့်အမှုန့်များ ကပ်ပါလာမည်။
ဆီမကြိုက်လျှင် သို့မဟုတ် ဆီမကုန်ချင်လျှင် ကြက်ဥအသားလုံးများကို ဗန်းထဲသို့ထည့်၍ အသားများ ညိုလာသည်အထိ အပူချိန် ၂၃၀ ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် ၃၀ ကြာအောင် oven ထဲတွင် ထည့်၍ ဖုတ်ပါ။
နောက်တစ်နည်းမှာ ဆီများများ (Deep Fried) ထဲ နှစ်၍ ကြော်လျှင်လည်း ရပါသည်။ ကျက်လာလျှင် ဆီပေါ်သို့ အလုံးလိုက် ပေါ်လာပါလိမ့်မည်။ ဝါးတူအရှည်ဖြင့် လှိမ့်လှိမ့်ပေးခြင်းဖြင့် အကျက်ညီအောင် ကြော်နိုင်ပါသည်။
ပြီးလျှင် oven မှ ထုတ်၍ သို့မဟုတ် ဆီထဲမှ ဆယ်၍ ပေါင်မုန့်လှီးဓါးနှင့် အလုံးတိုင်းကို ထက်ခြမ်း ခြမ်းလိုက်ပါ။ အကြမ်းဖျင်းအားဖြင့် လူတစ်ယောက်စာ တစ်ခြမ်းသာ ဖြစ်ပါသည်။ (ပေါင်မုန့်လှီးဓါးဆိုသည်မှာ လွှသွားလေးများပါသော ဓါးဖြစ်ပါသည်။)
အပြင်ဘက်ဆုံးတွင် နီရဲကြွတ်ရွနေသော ပေါင်မုန့်အမှုန့်လေးများ၊ နောက် ရဲနေသော အသားလွှာ၊ ပြီးလျှင် ဖြူသောကြက်ဥအကာလွှာ၊ နောက်ဆုံးတွင် အဝါရောင် ကြက်ဥအနှစ်ကို အတွင်းဆုံးတွင် တွေ့ရလျက် လှပသော စကော့ချ်ကြက်ဥကြော်ကို သုံးဆောင်နိုင်ပါပြီ။
(ဘီယာနှင့် လိုက်ဖက်သော အစားအသောက်မျိုးဖြစ်ကြောင်း မပြောဘဲ သိနိုင်ပါကြောင်း……)
(စာကြွင်း။ ။ ဒါဖတ်ပြီးရင် ထမင်းစားဖိတ်ပါ…..)
စိန်ခလုတ်ဆိုတာ ဘယ်လိုဟာတုန်းဟု ကွန်ပလိန်းတက်ကြသဖြင့် စိန်ခလုတ်ကို ဘိုလို Veg Grater ဟု ခေါ်ကြောင်းနှင့် နမူနာရုပ်ပုံ ရှာဖွေပေးသော ကိုထွဋ်ကြီးအား ကျေးဇူးတင်ပါကြောင်း........
No comments:
Post a Comment