နိဒါန်း
ဒီစာကို ဖတ်ရင်းနဲ့ ဆန့်ကျင်တဲ့ အတွေးတွေ၊ ချေပတဲ့အတွေးတွေ ဝင်လာမဲ့ သူငယ်ချင်းတွေ ရှိကြမယ်ဆိုတာ သိနေပေမဲ့ ဘယ်လိုပဲတွေးတွေး တွေးကြည့်စေချင်လို့ကို တမင်ရေးလိုက်တာပါ။ ကျွန်တော့်အယူအဆ မှန်ပါတယ်လို့ မပြောသလို၊ စကားအနိုင်ရဖို့ ငြင်းဖို့ခုန်ဖို့ အစဆွဲတာ မဟုတ်ပါ။ အတွေ့အကြုံနဲ့ တွေးမိသမျှကို share တာပါပဲ။ တစ်ခုပြောချင်တာက စိတ်အနှောက်အယှက် ဖြစ်စေလိုတဲ့ ဆန္ဒမရှိပါကြောင်းနဲ့ မနှစ်သက်ပါက အပြစ်တော်မယူဘဲ ခွင့်လွှတ်နားလည် မေ့ပျောက်ပါစေကြောင်း နိဒါန်းသွယ်လိုက်ပါရစေလား။
ငယ်ငယ်ကတည်းက လုပ်ငန်းရှင်အိပ်မက် မက်လေ့ရှိတဲ့ ကျွန်တော်ဟာ အခုထိတော့ ဝန်ထမ်းဘဝမှာပဲ ရှိနေပါသေးတယ်။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဗွီဒီယိုကားတွေထဲမှာ မောင် ဇာတ်ကားထဲက အကယ်ဒမီမင်းသား ရန်အောင် ရဲ့ လူငယ်လုပ်ငန်းရှင်ဟန် သရုပ်ဆောင်ပုံကို မျက်လုံးထဲက မထွက်ခဲ့။ အသက်ကြီးကြီး လုပ်ငန်းရှင်တွေထက် လူငယ်လုပ်ငန်းရှင်တွေကို ပိုပြီး အားကျတတ်တဲ့ ကျွန်တော်။ လုပ်ငန်းရှင် ရိုးရိုးထက် စွန့်ဦးတီထွင်သမားတွေအကြောင်း ရေးထားတဲ့စာအုပ်တွေကို ပိုပြီးသဘောကျတတ်တဲ့ ကျွန်တော်ဟာ ဘဝပေးအခြေအနေအရ ဝန်ထမ်းဘဝမှာ ကျင်လည်ရပေမဲ့ အခြေအနေပေးတိုင်း အခွင့်အရေးရတိုင်း လွတ်မြောက်ရေးအတွက် ကြိုးစားတတ်ပါတယ်။ အတွေ့အကြုံတချို့ ရခဲ့ပေမဲ့ အခုထိတော့ ဝန်ထမ်းဘဝက မလွတ်မြောက်သေးပါ။
အပြတ်ရုန်းနိုင်လောက်တဲ့ အားမျိုး၊ သတ္တိမျိုး မရသေးဘူးလို့ ဆိုနိုင်ပါရဲ့။ မျှော်လင့်ချက်ကတော့ ရှင်သန်နေဆဲ။ ငါမဖြစ်ရင်တောင် ငါ့သားသမီး ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ပါ။
ဝန်ထမ်းမျိုးဆက်ကို ဖြတ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က အားမလျော့တဲ့အပြင် အသက်အရွယ်ရလာသည်နှင့်အမျှ ပိုပြီးပြင်းထန်လာခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ညီမဝမ်းကွဲလေး တစ်ယောက်လို မိဘကလည်း ကုမ္ပဏီပိုင်ရှင်၊ သူ့ကိုလည်း အဲဒီလမ်းကြောင်းပေါ် တင်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ သူက ဝန်ထမ်းပဲလုပ်ချင်တယ်။ သူ့အဖေတွေ အမေတွေလို လုပ်ငန်းနဲ့ ခေါင်းမစားချင်။ အချိန်တန် လစာရမဲ့ အလုပ်ကိုပဲ စိတ်ဝင်စားရှာတယ်။ မှားတယ်လို့လည်း မဆိုသာ။ သူမှ မပျော်ပိုက်ပေတာပဲ။ အဓိက က စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။ အဲဒီတော့ ကျွန်တော့်သမီးလည်း အဲဒီလို မဖြစ်ဘူးလို့ မပြောနိုင်။ ဖြစ်တော့လည်း ဘာတတ်နိုင်မှာတုန်းလေ။
ထားပါတော့။ ဝန်ထမ်းဘဝကနေ အပြတ်မရုန်းနိုင်သေးခင် စီးပွားရေးနဲ့ ပတ်သက်လို့ ဆည်းပူးခဲ့ရတဲ့ အတွေ့အကြုံလေးတွေထဲက Multi-Level Marketing အကြောင်း ဝေမျှချင်တာလေး ရှိလာလို့ ဒီစာကို ရေးပါတယ်။
အရင်ဆုံး ပုံပြင်တစ်ပုဒ် ပြောပြပါရစေ….။ နားဆင်ကြည့်ပါ…. အဲလေ…. ဖတ်ကြည့်ပါဦး။
လယ်သမားက ဆုတောင်းလိုက်တယ်။
"အိမ်ကောင်းကောင်း တစ်လုံး ရပါစေ……."
ချက်ချင်းပဲ အိမ်ကောင်းကောင်းတစ်လုံး ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့သူဌေးက အိမ်နှစ်လုံး ရသွားတယ်။
ရေတွင်းကောင်းကောင်း တစ်ခုကို ဆုတောင်းလိုက်ပြန်တယ်။
သူ့သူဌေးက ရေတွင်း နှစ်တွင်း ရသွားတယ်။ (အတော် တင်းစရာ ကောင်းနေပြီ။)
"ဇနီးချောချောတစ်ယောက် ရပါစေ……."
သူက တစ်ယောက်ပဲ ရတယ်။ သူဌေးက နှစ်ယောက် ရသွားပြန်တယ်။ (ဒီတစ်ခါတော့ သူလုံးဝ သည်းမခံနိုင်တော့ဘူး။….. ဟုတ်တယ်…. လုံးဝပဲ……. ဒီကိစ္စက အဆိုးဆုံးပဲ….)
သူ ဆုမတောင်းရဲတော့ဘူး။
သူစဉ်းစားတယ်။ သူ့ရဲ့ လောဘကြီးတဲ့ သူဌေးကလည်း သူဘာဆုတောင််းမလဲဘဲ ထိုင်စောင့်နေတော့တာ။ နောက်ဆုံးတော့ သူ ဆုတစ်ခု တောင်းလိုက်တယ်။
"ငါ့မျက်လုံးတစ်လုံး ကန်းရပါလို၏……"
တစ်ချိန်တည်းမှာပဲ သူဌေးမင်းလည်း စုံလုံးကန်းသွားတော့တာပေါ့။ တုန်လှုပ်ချောက်ခြားနေတဲ့ သူဌေးဟာ မမြင်မစမ်းနဲ့ ရေတွင်းထဲ လိမ့်ကျပြီး သေဆုံးသွားတော့တယ်………။
ဒီပုံပြင်လေးကို မှတ်ထားလိုက်ပါ။ နောက်မှ ဆိုလိုရင်းလေးကို ရှင်းပြပါ့မယ်။ အခုတော့ နောက်ထပ် စမ်းသပ်ချက်လေးတစ်ခုအကြောင်း ပြောပြပါရစေဦး…….။
ဆရာက ကျောင်းသားတွေကို ပေးချင်တဲ့သင်ခန်းစာက ဆင့်ကဲဆင့်ကဲ ပြောတဲ့စကားဆိုတာ တဖြည်းဖြည်းနဲ့ အဓိပ္ပါယ်ပြောင်းသွားတတ်တဲ့ သဘောလေးပါ။ ကောလဟာလဆိုတာရဲ့ သဘောကလည်း ဒီအတိုင်းပါပဲ။
နှုတ်နဲ့ လက်ဆင့်ကမ်းရာမှာ ချွင်းချက်အနေနဲ့ ဗုဒ္ဓဘာသာကို ဘုန်းဘုန်းတွေက အဲဒီလို ဖြစ်မှာစိုးလို့ တိတိကျကျ၊ ပုဒ်ဖြတ်တွေကမှအစ ပြတ်ပြတ်သားသား ရွတ်ဆိုနှုတ်ငုံဆောင် လက်ဆင့်ကမ်းခဲ့ရတာပါ။ ဘုရားဟောတွေရဲ့ မူရင်းဘာသာဖြစ်တဲ့ ပါဠိဘာသာရဲ့ သဒ္ဒါထူးခြားမှုကြောင့်လည်း ပါ ပါတယ်။ ပါဠိသဒ္ဒါရဲ့ ထူးခြားချက်ကြောင့် တရားတော်တွေကို နိုင်ငံမျိုးစုံ၊ လူမျိုးပေါင်းစုံရဲ့ ဘာသာစကားမျိုးစုံနဲ့ ရေးသားနိုင်သလို ရွတ်ဆိုတဲ့အခါမှာလည်း ဘာသာစကားဝဲတာမျိုး အင်မတန်နည်းပါးပြီး ဘယ်နိုင်ငံက ဘုန်းဘုန်းတွေ၊ ဗုဒ္ဓဘာသာဝင်တွေမဆို တစ်သံတည်းနီးပါး ထွက်လာကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓံသရဏံဂစ္ဆာမိဟာ ဘယ်လူမျိုးကဆိုဆို တစ်သံတည်းနီးပါး ထွက်ပါတယ်။ ဒါတောင် ဓမ္မပဒလိုဟာမျိုးမှာ အဋ္ဌကထာဆရာတွေရဲ့ ပါဠိဘာသာပြန် ကွန့်ချက်တွေကြောင့် အပိုဆာဒါး အတိဿယဝုတ္တိလေးတွေ ပါလာတာကို တွေ့ရမှာပါ။
အဲဒီလိုကလွဲရင် လူတစ်ဦးနဲ့တစ်ဦး စကားနဲ့ လက်ဆင့်ကမ်းတဲ့အခါ အဓိပ္ပါယ်ပေါက်လွဲတာတွေ၊ နားကြားလွဲတာတွေ စသဖြင့် ပြဿနာအများကြီး ရှိနိုင်တယ်ဆိုတာလေးကို ထောက်ပြချင်တာပါ။
စမ်းသပ်ချက် (၂)
နောက်ထပ် အတွေ့အကြုံလေးတစ်ခုကို ပြောပါရစေဦး။ Management သင်တန်းတစ်ခု သွားတက်တုန်းကပါ။ သင်တန်းသား ၅ ယောက်လောက်ကို စားပွဲတစ်လုံးစီနဲ့ ထိုင်နေကြတာပေါ့။ စုစုပေါင်း စားပွဲ ၄ ဝိုင်းပါ။ ဆရာက မေးပါတယ်။ မင်းတို့တစ်ဖွဲ့စီထဲက ပန်းချီလေးဘာလေး နည်းနည်းပါးပါး ဆွဲတတ်တဲ့သူ တစ်ဖွဲ့ကို တစ်ယောက်စီ ရွေးလိုက်ပါ…. တဲ့။ ကျွန်တော့်အဖွဲ့ထဲက ရွေးလိုက်တာ ကျွန်တော့်ကိုပေါ့။ ကျန်တဲ့အဖွဲ့တွေလည်း ကျွန်တော်တို့လိုပါပဲ... တစ်ဖွဲ့ကို တစ်ယောက်စီ ပေါ့။
ပြီးတော့ အရွေးခံရတဲ့သူကလွဲရင် အားလုံး သက်ဆိုင်ရာ စားပွဲဝိုင်းထဲကထွက်လို့ စားပွဲနဲ့ မလှမ်းမကမ်းမှာ ရပ်ကြရပါတယ်။ ပြီးတော့ ဆရာက စားပွဲတွေနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေကြတဲ့ အဖွဲ့ ၄ ဖွဲ့ ကို စာရွက်တစ်ရွက်စီ ပေးပါတယ်။ အဲဒီစာရွက်တွေကို စားပွဲမှာ ပုံဆွဲစက္ကူတစ်ရွက်၊ ခဲတံတစ်ချောင်းနဲ့ ထိုင်နေတဲ့သူကို မပြရပါဘူး။ ပြီးမှ အဲဒီစာရွက်ထဲမှာ ပါတဲ့ပုံကို ပါးစပ်နဲ့ လှမ်းပြောပြီး ပုံဆွဲမဲ့လူကို ဆွဲခိုင်းရပါတယ်။ ပြောတဲ့အခါ ဘာပုံရယ်လို့ တိုက်ရိုက်မပြောခိုင်းဘဲ စတုဂံပုံ၊ စက်ဝိုင်းပုံ၊ မျဉ်းကြောင်း စသဖြင့်သာ ပြောခိုင်းပါတယ်။ စာရွက်ထဲက ပုံက ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။
အဲဒါကို ဘယ်အဖွဲ့က အရင်ပြီးသလဲဆိုတာ ပြိုင်ရပါတယ်။ နောက်ဆုံးကျရင် စာရွက်ထဲကပုံနဲ့ တိုက်စစ်တဲ့အခါ အနီးစပ်ဆုံး တူရမှာပါ့။ အပြိုင်အဆိုင် ပြောပြီး ဆွဲခိုင်းလိုက်ကြတာ ကြွက်ကြွက်ကို ဆူလို့ပါပဲ။ ပါးစပ်ကလည်းပြောရင်း လက်ဟန်ခြေဟန် မျိုးစုံ၊ မျက်နှာ အမူအယာမျိုးစုံလည်း ပြရင်းပေါ့။ ပျော်စရာ အတော်ကောင်းပါတယ်။ အဲဒီမှာ သိလိုက်ရတာက လူတစ်ယောက်ကို ကိုယ်တစ်ခုခု ပြောပြီဆိုရင် ကိုယ့်စိတ်ထဲမှာ သူသိလောက်ပြီ၊ သူသဘောပေါက်သွားပြီလို့ ထင်ပေမဲ့ တကယ်တမ်းမှာ သူရလိုက်တာက တလွဲဖြစ်နေတာမျိုးတွေပါ။ ဆိုပါစို့…။ အောက်က ပုံကို ဆွဲခိုင်းပါတယ်။ ပုံကို မြင်နေရတဲ့လူကတော့ လွယ်လွယ်လေးလို့ တွေးမှာပဲ။
စ ပါပြီ။ တစ်ယောက်က ကျွန်တော့်ကို လှမ်းပြောတယ်။
"စက်ဝိုင်းပုံ ဆွဲလိုက်....... "
စက်ဝိုင်းက ဘယ်အရွယ်လဲ? ဘယ်နားမှာ ဆွဲရမှာလဲ?
ထောင့်မှန်စတုဂံပုံလို့ ပြောတယ်။
အလျားဘယ်လောက်၊ အနံဘယ်လောက်လဲ?
V shape လေးတွေ လို့ ပြောတယ်။
ဘယ်နှစ်ခုလဲ ? ပုံရဲ့ ဘယ်နားမှာလဲ?
စသဖြင့်.... စသဖြင့်..... မေးခွန်းတွေ.... မေးခွန်းတွေ.....
မယုံမရှိပါနဲ့…. အဲဒီပုံကလေးတစ်ပုံဖြစ်ဖို့ နာရီဝက်နီးပါး အော်ကြဟစ်ကြပြီးမှ ရတာပါ။
ဆိုလိုတာ ကိုယ့်ဟာကိုယ်တော့ ရှင်းနေတာပဲ။ ဒါပေမဲ့ ကိုယ်ပြောတာကို တစ်ဖက်က ဘယ်လိုနားလည်သွားတယ် ဆိုတာ အဖြေထွက်လာမှ သိတော့တာ။ အဲဒီတော့မှ ဟိုလူ့အပြစ်ပြော၊ ဒီလူ့အပြစ်ပြော ပြောနေလို့ မရပါဘူး။ ပြောတဲ့အခါ တိတိကျကျ ပြောဖို့လိုတယ်။ ဒီလောက်တော့ ပြောစရာမလိုပါဘူး…. သူ့ဟာသူ သိမှာပေါ့… လို့ လျော့တွက်လို့ မရဘူးဆိုတာလေးကို သင်တာပါပဲ။ ကိုယ်ပြောတာ ဘယ်လောက်ထိ ထိထိရောက်ရောက် ရှိတယ်။ တစ်ဖက်က ဘယ်လို နားလည်သွားတယ်ဆိုတာကို ပြန်လည်စစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့် Two Ways Communication ဆိုတာကို အရေးကြီးတယ်လို့ ပြောကြရတာပါ။ ပြောသူနဲ့ နားထောင်သူ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆို ဆွေးနွေးတဲ့ စနစ်ပေါ့။
လက်တွေ့ အကောင်အထည်ဖေါ်ရတာ ပါးစပ်ပြောလောက် မလွယ်ပါဘူး ဆိုတာလေးကို လက်တွေ့ ဥပမာလေးနဲ့ နဖူးတွေ့ ဒူးတွေ့ ပြလိုက်တာပါပဲ။ ဒီလို ပုံလွယ်လွယ်လေးကိုတောင် ဒီလောက် ပါးစပ်ပွအောင် ပြောရတာ (ပြောရတာမှ အသံတွေဘာတွေကို ကျယ်လာတော့တာ…)၊ Project ကြီးတွေ အကောင်အထည်ဖေါ်တာ ဘယ်လောက်ခက်ခဲမလဲ၊ ဘယ်လောက်ပြောရမလဲ….. (Generally) ယေဘူယျတွေ ပြောပြီး တလွဲတွေ အကောင်အထည်ပေါ်လာတော့မှ အောက်လက်ငယ်သားတွေအပေါ် ပုံချ၊ လွှဲချလုပ်တတ်တဲ့ ပုဂ္ဂိုလ်တွေ သတိထားစရာပေါ့လေ။ တစ်ခါတစ်လေ မရည်ရွယ်ဘဲ ဒီအထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါတတ်ကြောင်း ဝန်ခံအပ်ပါတယ်ခင်ဗျ။
တကယ်နားလည် သဘောပေါက်အောင် ပြောရတယ်ဆိုတာ မလွယ်ဘူးဆိုတာလေးကို ရိပ်စားမိလောက်ပြီ ထင်ပါတယ်။ စကားပြောကောင်းတယ်ဆိုတာ သူတစ်ပါးကို နားလည်အောင် ပြောတတ်တာ၊ လက်ခံအောင် ပြောနိုင်တာ။ ဒီလို အရည်အချင်းဆိုတာ လူတိုင်းမှာ မရှိနိုင်ပါ။ သူများကို နားလည်အောင် ပြောဖို့ဆိုတာ ကိုယ်တိုင်က အရင်ကျကျနန နားလည်ဖို့ လိုတယ်။ ကိုယ်နားလည်တာတောင် ကိုယ်နားလည်တာကိုပဲ သူတစ်ပါးနားလည်အောင် ပြောတတ်ဖို့က အရည်အချင်း နောက်တစ်ခုဖြစ်သွားပြီ။ ကိုယ်ပြောမဲ့လူ ဒါမှမဟုတ် လူအတန်းအစားရဲ့ အခြေအနေ၊ အဆင့်အတန်းကို ချိန်ဆပြီး ပြောတတ်ရတာမျိုး။ ခပ်နိမ့်နိမ့်တွေကို ပြောတဲ့အခါ အရမ်းအမြင့်ကြီးတွေ သွားလွှတ်လို့ မရသလို အမြင့်သမားတွေကို ခပ်နိမ့်နိမ့် အခြေခံတွေနဲ့ ကလေးတွေပြောသလို သွားပြောရင် ကိုယ့်ရည်ရွယ်ချက် မပေါက်နိုင်တဲ့အပြင် အထင်သေးပါ ခံရနိုင်ပါတယ်။ ဒါက ပြောတဲ့လူရဲ့ အရည်အချင်းကို ချုံ့ပြောတာ။ ကျန်တာတွေ ဇာချဲ့ရင် ချဲ့သလောက် အများကြီး ရှိဦးမှာ…။
နောက်တစ်ခုက စကားတစ်ခုကို နားထောင်တဲ့လူ ၁၀ ယောက်ရှိရင် နားလည်လက်ခံပုံ ၁၀ မျိုး ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယူပုံချင်း၊ ရပုံချင်း၊ မြင်ပုံချင်း မတူကြပါ။ တစ်အူတုံ့ဆင်း ညီအစ်ကို၊ မောင်နှမတွေတောင် တစ်မိဘတည်းရဲ့ ဆုံးမမှုအောက်မှာ ကြီးပြင်းလာတာချင်း အတူတူ စရိုက်မတူကြဘူးဆိုတာ ဒီသဘောပါပဲ။ ဒေါ်ခင်ကြည်ဆိုတဲ့ မိခင်တစ်ဦးတည်းရဲ့ ဆိုဆုံးမမှုအောက်မှာတောင် တစ်ဦးက အောင်ဆန်းဦး၊ တစ်ဦးက အောင်ဆန်းစုကြည်ဆိုတဲ့ မတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေနဲ့ မောင်နှမ ၂ ယောက် ဖြစ်လာသေးတာပဲဗျာ။
လူတစ်ဦးနဲ့ တစ်ဦး မတူညီတဲ့ စကားပြောဟန်တွေ၊ မတူညီတဲ့ နားလည်မှုတွေ၊ မတူညီတဲ့ အယူအဆတွေ၊ မတူညီတဲ့ ယုံကြည်မှုတွေ၊ မတူညီတဲ့ အခြေခံတွေနဲ့မို့ လူတစ်ဦးနဲ့ တစ်ဦး ဆင့်ပွားပြီး ပြောရတဲ့ Multi-Level Marketing စနစ်ဟာ ကျွန်တော့်မျက်စိထဲမှာ အဆင့်တိုင်းအတွက် သံသယရှိချင်စရာတွေချည်းပါပဲ။ သူတို့ရဲ့ ဆင့်ပွားနည်းကို ပိရမစ်လေးတွေစုပြီး ပိရမစ်ကြီးတွေ ဖြစ်လာတယ်လို့ ပြောရင် အဲဒီ ပိရမစ်တွေရဲ့ joint တွေ ဆက်စပ်နေတဲ့ အဆက်တွေအားလုံးဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိတဲ့နေရာတွေပါပဲ လို့ ပြောပါရစေ။
ပိုဆိုးတာက ဒီမားကက်တင်းရဲ့ သဘောက ပထမဆုံး ကျနော်ပြောခဲ့တဲ့ ပုံပြင်ထဲကလိုပဲ ကိုယ်ကြိုးစားတဲ့အပေါ်မှာ အလိုလိုနေရင်း အော်တိုရတဲ့သူတွေ အဆင့်ဆင့်က ခေါင်းပုံဖြတ်နေတဲ့ကိစ္စပါပဲ။ ကိုယ်က သူများပေါ်ကနေ ခေါင်းပုံဖြတ်နေတဲ့ တစ်ချိန်တည်းမှာပဲ သူများကလည်း ကိုယ့်အပေါ်က ခွထိုင်ပြီး ကိုယ့်ကို ဖြတ်နေတာပါပဲ။ အဆင့်ဆင့် ခေါင်းပုံဖြတ်ပွဲကြီး ကျင်းပပြီး ပြုံးပျော်ကြည်နူး လက်သီးလက်မောင်းတန်း အိပ်မက်လှလှ မက်နေသူတွေကို ပြပါဆိုရင် MLM member တွေကိုပဲ ပြရပါလိမ့်မယ်။ ဒီစံနစ်မှာ တကယ်တမ်း အလိုလိုနေရင်း ဆပွားတိုးတက်နေတာကတော့ System maker ပဲ ဖြစ်ပါလိမ့်မယ်။
အပိုင်း (၂) မှာ ဖတ်မိတာလေးတွေ၊ စဉ်းစားမိတာလေးတွေ ပြောပြပါဦးမယ်ဗျ…….
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
Ko Thet ,nice your blog for visit & read
ReplyDeleteကိုသက်ရေ။တင်ပြပုံလေးကောင်းတယ်ဗျာ။ကိုယ်ကသူများနားလည်အောင်ပြောတတ်ဖို့ကိုnoticeဖြစ်မိတယ်။
ReplyDeleteSo so so good !.
ReplyDeleteနောက်တစ်ခုက မြန်မာပြည်မှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် သန်း ၆၀ ရှိတယ်ထားပါတော့ သူတို့ပြောတဲ့ အတိုင်းဆို သန်း ၆၀ မြောက်က လူက ဘယ်သူ့ကို Marketing လုပ်မလဲ သိချငတယ်
ReplyDelete