MLM ဆိုတာ.....
Multi Level Marketing ကို ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်း (Direct Selling Method) လို့လည်း ခေါ်ပါတယ်။ ရောင်းချရာမှာ ကုမ္ပဏီက လစာနဲ့ ခန့်ထားတာ မဟုတ်တဲ့ အရောင်းကိုယ်စားလှယ်တွေကို အသုံးပြုပါတယ်။ အခြေခံအားဖြင့် အရောင်းကိုယ်စားလှယ်တွေဟာ နောက်ထပ် အရောင်းကိုယ်စားလှယ် အသစ်တွေကို ထပ်မံဆွဲဆာင် စည်းရုံးရပါတယ်။ ကိုယ်က ထပ်မံစည်းရုံးလိုက်လို့ ကိုယ့်နာမည်အောက်မှာ ကိုယ်စားလှယ်အသစ်တွေ ထပ်ရလာလေလေ ကိုယ့်မှာလည်း ဝင်ငွေတိုးလေလေပါပဲ။ ကိုယ်အပါအဝင် ကိုယ့်အောက်က ကိုယ်စားလှယ်တွေရဲ့ ရောင်းချရတဲ့ ကုန်ပစ္စည်းပမာဏပေါ် မူတည်ပြီး ကော်မရှင်ခကို အချိုးကျ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အောက်မှာ အရောင်းကိုယ်စားလှယ်တွေ များများရအောင် စည်းရုံးနိုင်လေလေ ဝင်ငွေတိုးလေလေလို့ ယေဘူယျသတ်မှတ်လို့ ရပါတယ်။ ဒါကတော့ သာမာန် MLM စနစ် တစ်ခုရဲ့ အခြေခံသဘောတရားပါ။
ပထမဦးဆုံး MLM စနစ်နဲ့ ရောင်းချခြင်းကို ၁၉၄၅-ခုနှစ်မှာ California Vitamin Company ကနေ စတင်ခဲ့ပါတယ်။ သူ့ရဲ့ marketing စနစ်မှာ ဖြန့်ဖြူးရောင်းချသူ (distributors) တွေဟာ ပုံမှန်ဖေါက်သည် ၂၅ ဦးစီ ရှာရပါတယ်။ အဲဒါဆိုရင် အဲဒီ ၂၅ ဦးကို ပုံမှန်ရောင်းရငွေထဲက ၃ ရာခိုင်နှုန်းကို ကော်မရှင်အဖြစ် ရပါတယ်။ အဲဒီကနေ တစ်ဆင့်တစ်ဆင့်နဲ့ ဆင့်ပွားပြီး ပြုပြင်လာလိုက်ကြတာ ဒီနေ့အချိန်အခါမှာတော့ MLM ဟာ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတဲ့ ဈေးကွက်ထိုးဖေါက်နည်းစနစ်တစ်ခု ဖြစ်နေပါတော့တယ်။
အခွင့်အလမ်းနဲ့ ပြဿနာ
Multi Level Marketing သမားတွေရဲ့ လက်သုံးစကားက မယုံနိုင်လောက်အောင်ကောင်းတဲ့ စီးပွားရေးအခွင့်အလမ်း (Opportunity) တစ်ခု ပြောပြချင်လို့….. ဆိုတာမျိုးပါ။ အိုးမကွာ အိမ်မကွာ အလုပ်မပျက် ကျောင်းမပျက် ပိုက်ဆံရနိုင်တဲ့ နည်းလမ်းမျိုး မလိုချင်ဘူးလား… ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြီးရင် တစ်နေရာရာမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ အဲဒီလောက်ဆို သူတို့လမ်းကြောင်းထဲကို ဆင်းမိဖို့ အတော်လုံလောက်သွားပါပြီ။ အရေးကြီးတဲ့ အဓိကအချက်တွေကို ဖွက်ထားပြီး သိပ်အရေးမပါတဲ့ အချက်တွေကို အဓိကပုံစံမျိုးနဲ့ ပြောပြပါလိမ့်မယ်။ ဒါကိုက သူတို့ရဲ့ မဟာဗျူဟာပါပဲ။
ဒီ Marketing စနစ်ရဲ့ အဓိကပြဿနာ ၄ ခုကို ပြောပြပါ့မယ်။ နံပါတ် (၁) ပြဿနာက ဈေးကွက်ရှာတဲ့ ပုံစံနဲ့ ပတ်သက်တဲ့ ပြဿနာ (Market Saturation)၊ နံပါတ် (၂) က ပိရမစ်ဖွဲ့စည်းပုံ ပြဿနာ (Pyramit Structure)၊ နံပါတ် (၃) က အကျင့်သိက္ခာပိုင်း ပြဿနာ (Morality and Ethics) ပါ။ Accountability လို့ ခေါ်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ဆိုတဲ့ အပိုင်းဟာ ကျင့်ဝတ်သိက္ခာနဲ့ပါ တိုက်ရိုက်ပတ်သက်နေပါတယ်။ နောက်ဆုံးနံပါတ် (၄) အချက်က မိတ်ဆွေဖြစ်မှုကို အသုံးချတဲ့ ပြဿနာပါ။ Relationship Issues လို့ ပြောနိုင်မယ်ထင်ရဲ့။
ကျွန်တော့်ရဲ့ MLM အပေါ် ဘဝင်မကျခြင်း ကိစ္စတွေမှာ အဲဒီနောက်ဆုံး နှစ်ချက်က အဆိုးဆုံးပါပဲ။ တစ်ချက်ချင်းကို ကျွန်တော်လေ့လာမိသလောက်၊ မြင်မိသလောက် ရှင်းပြပါ့မယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်မဟုတ်ဘဲ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဆွေးနွေးကြရင်း ထွက်လာတဲ့ အမြင်တွေလည်း ဖြစ်ပါတယ်။
(၁) ဈေးကွက်ရှာခြင်း
MLM သမားတွေရဲ့ ပြောနေကျ နောက်တစ်ခုကတော့ သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ MLM စနစ်ဟာ သူများနဲ့မတူ အသစ်ဖြစ်တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့ ဒီစနစ်ကိုသုံးရသလဲလို့ မေးကြည့်ပါ။ ကြော်ငြာစားရိတ်သုံးရင် အပိုကုန်ပြီး စားသုံးသူတွေ အကျိုးမရှိလို့ ကြော်ငြာအတွက် အသုံးပြုမဲ့ ကုန်ကျစားရိတ်ကို အခုလို marketing သမားတွေ အတွက်ဖန်တီးပေးတာ ဖြစ်တဲ့အကြောင်း (များသောအားဖြင့် ဒီအဆင့်ကို တန်းပြောလေ့မရှိပါ)၊ ကြော်ငြာဖိုးမကုန်လို့ ပစ္စည်းအရည်အသွေးကို အလေးထားနိုင်ကြောင်း ပြောပြပါလိမ့်မယ်။ အခြား အကြောင်းပြချက်တွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။
အဲဒီမှာမှ မြန်မာအချင်းချင်းဆိုရင် လူသတင်းလူချင်းဆောင်တဲ့ နည်းလို့တောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနိုင်ပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေဟာ အမျိုးတူအခြားကုန်ပစ္စည်းတွေထက် အံ့သြစရာကောင်းလောက်အောင် အမြဲဈေးကြီးနေတတ်တာကို တွေ့ရပါမယ်။ ဈေးသက်သာတဲ့ ပစ္စည်းအမျိုးအမည်တချို့ ပါကောင်းပါ ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ဖောက်သည်တချို့ကို ဆွဲဆောင်ဖို့ ဖြစ်ပြီး ကျန်တာတွေကတော့ ဈေးကြီးတတ်ပါတယ်။ နောက်ပြောစရာတစ်ခုကတော့ ပစ္စည်းတချို့ဟာ ပုံမှန်နည်းလမ်းတွေနဲ့ ရောင်းချဖို့ ကြိုးစားကြည့်ပြီး မအောင်မြင်တဲ့အခါ ဒီနည်းကို သုံးတတ်ပါသေးတယ်။
ဈေးကွက်ကို နည်းစနစ်အသစ်နဲ့ ထိုးဖေါက်ရောင်းချခြင်းဟာ ကမ္ဘာမှာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်သလို အောင်မြင်သွားတဲ့ နည်းစနစ်အသစ်တွေလည်း ကမ္ဘာ့ဈေးကွက်မှာ အထင်အရှား ရှိပါတယ်။ အင်နဲ့အားနဲ့ ထိုးဖေါက်ပြီး ရောင်းချနိုင်သလို အကျိုးအမြတ်လည်းကြီးတဲ့ marketing စနစ်တွေဟာ လေ့လာရင် လေ့လာနိုင်သလောက် ကျယ်ပြန့်ပါတယ်။ Marketing စနစ်ကောင်းရင် ကောင်းသလောက် ရှယ်ယာရှင်တွေ၊ အလုပ်သမားတွေ၊ ရောင်းချသူတွေနဲ့ စားသုံးသူတွေကို အကျိုးရှိစေပါတယ်။
စနစ်ရဲ့ ပဲ့ကိုင်...
ဒါပေမဲ့ အဲဒါတွေကို မမြင်ရအောင်၊ မရိပ်မိအောင် ဒါမှမဟုတ် သိပ်အရေးမကြီးဘူးလို့ ထင်ရအောင် လုပ်တဲ့ မဟာဗျူဟာတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ မရိုးရအောင် ရှိပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်သူရဲ့ သဘာဝအရ ကိုယ့်ကုန်ပစ္စည်းရဲ့ အားသာချက်ကို လူသိများအောင် လုပ်မယ်… အားနည်းချက်ကို သတိမပြုမိအောင် လုပ်မယ် ဆိုတာ သဘာဝကျတဲ့ ကိစ္စပါ။ ခြောက်ပစ်ကင်း သဲလဲစင်တဲ့ ပြည့်စုံမှုမျိုးကတော့ လူပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ်… ဘယ်ဟာမှ မရှိနိုင်ပါဘူး။ အကျိုးနဲ့ အပြစ် ဘယ်ဒင်းက သာတယ် ဆိုတာကို ဆုံးဖြတ်ပြီး လက်ခံနိုင်ရင် ပြီးတာပါပဲ။ ဒါပေမဲ့ အဲဒီ အကျိုးအပြစ်ကို တွက်ချက်တဲ့ နေရာမှာ လူတစ်ဦးနဲ့ တစ်ဦး အယူအဆ မတူညီနိုင်ပါဘူး။
အဲဒီလိုပြောရင် ဘယ်စနစ်ကရော ပြီးပြည့်စုံနေလို့လဲ… သေချာနေလို့လဲ…. စီးပွားရေးလုပ်ရင် မသေချာ မရေရာတာတွေနဲ့ ရှောင်လို့မှ မရဘဲ…. လို့ စာဖတ်ရင်း စိတ်ထဲမှာ ကြိတ်ပြီး စောဒကတက်နေတဲ့ ဆရာတွေကို တစ်ခုလေးတော့ ပြောချင်ပါတယ်။
စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ်ရဖို့ပဲ အရေးကြီးတယ်…. ဆိုတဲ့ ခံယူချက်မျိုးရှိရင် ဆက်ဖတ်ဖို့ မလိုသလို ခေါင်းစားခံစရာ မလိုတော့ပါဘူး။ အပြစ်ပြောတာ မဟုတ်ပေမဲ့ ကျင့်ဝတ်နဲ့ တာဝန်ခံမှု ဆိုတာကို စဉ်းစားသင့်တယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ချက်က ငွေကြေးအကျိုးအမြတ်တစ်ခုတည်း မကြည့်ဘဲ ဘာတွေ ပြန်ပြီး ပေးဆပ်လိုက်ရတယ် ဆိုတာကို နည်းနည်းဖြစ်ဖြစ် တွေးကြည့်သင့်တယ် ထင်လို့ပါခင်ဗျား....
(အပိုင်း (၃) မှာ ဈေးကွက်ရှာမှု ပြဿနာနမူနာ တချို့နဲ့ အတွေ့အကြုံတစ်ခုတစ်လေကို ဝေမျှဖို့ စိတ်ကူးထားပါတယ်။ ဒီလထဲမှာ လုပ်စရာတွေ များနေလို့ အဆက်မပြတ်ရုံလေး ရေးလိုက်ရပါကြောင်း....)
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment