Thursday, February 28, 2013

ပြောရင်း ရောင်းရင်း Marketing (MLM) အပိုင်း (၃)


အပိုင်း (၁) မှာ စကားနဲ့ လက်ဆင့်ကမ်းတာရဲ့ ပြဿနာတချို့ကို ပြောခဲ့ပါတယ်။ အပိုင်း (၂) မှာတော့ MLM ရဲ့ အစ ကနဦးအကြောင်းနဲ့ ဈေးကွက်ရှာပုံ ပြဿနာကို အနည်းအကျဉ်းသဘော တင်ပြခဲ့ပါတယ်။
 အခုလည်း ဒီဈေးကွက်ရှာပုံကိုပဲ နည်းနည်းလောက် ဆက်ပြီး မြင်သလိုပြောကြည့်ပါ့မယ်။ ဒီကိစ္စက အဓိက ပြဿနာထဲမှာ ပါသမို့ အကုန်မရေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ရေးလိုက်တာပါ။

လွဲခြင်း အခြေခံ

လူတစ်ဦးနဲ့ တစ်ဦး စကားလက်ဆင့်ကမ်းတယ် ဆိုရာမှာ အပိုင်း (၁) မှာ ပြောခဲ့သလို နားလည်မှု လွဲမှားနိုင်တဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ လူဆိုတာ စကားတစ်ခုကို လက်ဆင့်ကမ်းရာမှာ ပုံမှန်နားကြားလွဲတာ၊ နားလည်မှုလွဲတာ အပြင် ကြည်ညိုသဒ္ဒါကြောင့်ပဲ ဖြစ်စေ၊ အမုန်းစိတ်အခံ ရှိရင်ဖြစ်စေ၊ လောဘကြောင့် ဖြစ်စေ၊ ဒေါသကြောင့် ဖြစ်စေ၊ နှစ်သက်မှု၊ မနှစ်သက်မှုတွေကြောင့်ဖြစ်စေ လိုရင်လိုသလို မလိုရင်မလိုသလို စကားကို လိုတိုးပိုလျော့ ပြောတတ်တာ ဓမ္မတာပါ။ ဒါတောင် ဘာသာစကား တူမှပါ။ ဘာသာစကားမတူသူဆီက ကြားရတဲ့စကားဆိုရင် ပိုဆိုးပါတယ်။ ကိုယ့်စိတ်ထဲ မရှင်းတဲ့အချက် သူတစ်ပါးကို ပြန်ပြောတဲ့အခါ ကိုယ်ထင်သလို ဆီလျော်အောင် ဘာသာပြန် ပြောတတ်ကြပါသေးတယ်။

MLM player တွေဟာ စီးပွားရေးလုပ်တာဖြစ်လို့ လောဘလေးတွေ ကိုယ်စီရှိနေမယ်ဆိုတာ ဗေဒင်မေးစရာ မလိုတဲ့ ကိစ္စပါ။ သဘာဝလည်း ကျပါတယ်။ ဒီအချက်ဟာ စကားလက်ဆင့်ကမ်းရာမှာ အပိုအလိုလေးတွေနဲ့ ဝေဝေဆာဆာလေး ပြောတတ်ဖို့ အဓိကကျတဲ့ အချက်လို့ ကျွန်တော်မြင်ပါတယ်။ စီးပွားရေးကို စီးပွားရေးလို့ အတိအလင်းမြင်ပြီး ရှင်းရှင်းလင်းလင်း လုပ်ရင်လည်း တစ်မျိုးအားဖြင့် ကောင်းမှာပါ။ ဒါပေမဲ့ MLM သမားတွေရဲ့ စည်းရုံးပုံ မဟာဗျူဟာတွေက အင်မတန် နိုင်ငံရေးဆန်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ကိုယ်သူတို့ လူတွေကို ကူညီနေတာဆိုတဲ့ ပရဟိတဆန်ဆန် စကားလုံးမျိုးကို သူတို့အားလုံးနီးပါး သုံးတတ်ပါတယ်။ ကျွန်တော် တကယ်ကို ရယ်ချင်သလို စိတ်ထဲလည်း မကောင်းသလို ခံစားရပါတယ်။ MLM ကို ပရဟိတအလုပ်အဖြစ် လက်ခံဖို့ဆိုတာ ကျွန်တော့်အတွက် အတော်ကသိကအောက် ဖြစ်ပါတယ်။

အများအကျိုးတဲ့လား

နောက်လာမဲ့ မျိုးဆက်သစ်တွေကို ပရဟိတဆိုတာ MLM လိုမျိုးလို့ ဥပမာပေး ညွှန်ပြရမယ်ဆိုရင် နားလည်မှုတွေ လွဲကုန်တော့မှာပါပဲ။ ကိုယ်ကျိုးမဖက် အများအတွက် ပရဟိတစစ်စစ် လုပ်နေတဲ့သူတွေရဲ့ မျက်နှာတွေကို ဘယ်လိုကြည့်ပြီး ပြောရမှာပါလဲ။ သူတို့ကိုတော့ ကျွန်တော်အပြစ် မမြင်ရက်ပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ founder တွေက ချထားပေးတဲ့ guide line အတိုင်းသွားရင်း သူတို့ကိုယ်သူတို့ တကယ်ကြီးကို အဲဒီအတိုင်း အများအကျိုးအတွက် လုပ်နေတာ ဆိုတာမျိုး ယုံကြည်နေကြလို့ ပါပဲ။ 

ဒီနေရာမှာ ပရဟိတဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို အငြင်းပွားလိုရင်း မဟုတ်တဲ့အတွက် လူအများနားလည်သလို အများအကျိုးအတွက် ကိုယ်ကျိုးမဖက်လုပ်ခြင်းဆိုတဲ့ ယေဘူယျသတ်မှတ်ချက် တစ်ခုနဲ့ပဲ ပြောချင်တာပါ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ စေတနာထားပြီး လုပ်တယ်ဆိုရင် ရပါပြီ။ လူတွေကို ကူညီနေတာ ဆိုတာမျိုးကြီးကတော့ မြင့်မြတ်လွန်းပါသဗျာ။ MLM သမားတွေရဲ့ ဝေဝေဆာဆာစကားတန်ဆာတွေကို ကိုယ်တုံးလုံးချွတ်လို့ အရင်းချုပ်လိုက်ရင် ကျွန်တော်တို့ ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းဟာ ကောင်းလွန်းလို့ လူတွေမသုံးလိုက်ရ မရှိရလေအောင် ကူညီတဲ့အနေနဲ့ ရောင်းပေးနေတာပါ… ဈေးနှုန်းကတော့ အရည်အသွေး ကောင်းလွန်းလို့ သူများထက် များပါတယ်… ဒါပေမဲ့ လူတွေကို ကူညီတဲ့ အနေနဲ့ တကူးတက ရှင်းပြရောင်းချပေးနေတာပါ.. ဆိုတာမျိုးကို တွေ့ရမှာပါ။ တစ်မျိုးကြီးပဲလို့ မထင်ဘူးလားခင်ဗျား။
 
ခေါင်းဆိုတာ လှည့်လို့ရတယ်

 ဒီနေရာမှာ မှန်လို့သာ လူတွေလက်ခံကြတာပေါ့လို့ စောဒကတက်သူများလည်း တွေ့ဖူးပါရဲ့။ နိုင်ငံရေးနဲ့ မစိမ်းတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ ဝါဒဖြန့်ချီရာမှာ သုံးတဲ့ နည်းလမ်းတွေကို အနည်းနဲ့ အများ ကြားဖူးနားဝ ရှိကြမှာပါ။ နိုင်ငံရေးမှာ ခေါင်းလှည့်တယ်ဆိုတဲ့ ဝေါဟာရက အတော်တွင်ကျယ်ပါတယ်။ သဘောက နဂိုရှိပြီးသား အယူအဆတစ်ခု၊ ဝါဒတစ်ခုကို အစားထိုးတာ၊ ပြောင်းလဲရိုက်သွင်းတာပါ။ မဟုတ်တဲ့၊ မမှန်တဲ့ ဝါဒတစ်ခု၊ အများမနှစ်သက်တဲ့ အယူအဆတစ်ခုကိုလည်း ထပ်ကာထပ်ကာ ပြောခြင်းလို ပုံစံမျိုးစုံနဲ့ ချဉ်းကပ်အယုံသွင်းခြင်းမျိုးကို ဝါဒဖြန့်ချီရေး ယန္တရားမှာ သုံးတတ်ပါတယ်။ ကြာလာရင် လူ ၁ဝဝမှာ ၈၀ ဟာ တို့တာဝန်အရေးသုံးပါးလိုပဲ ကြိုက်ကြိုက်မကြိုက်ကြိုက် ခေါင်းထဲ အလိုလိုစွဲလာတတ်ပါတယ်။ အကြိုက်လိုက်ပြောရင် ပိုဆိုးပါတယ်။ MLM ကတော့ စွဲဖို့ ဘယ်လောက်အထိ လွယ်ကူသလဲဆို အလုပ်မပျက်၊ အကိုင်မပျက်၊ ကျောင်းမပျက်ဘဲ ငွေကိုလွယ်လွယ်ရှာနိုင်တယ် ဆိုတာကို အခြေတည်ထားတာကိုး ဗျ…။ ဘယ်သူ မကြိုက်ဘဲ ရှိပါ့မလဲ… နော့။

ဆရာမင်းသိင်္ခကြုံရတဲ့ အဖြစ်အပျက်ကလေး တစ်ခုလိုပါပဲ။ ဆရာမင်းသိင်္ခရဲ့ စာရေးဟန်ကလည်း သိတော်မူကြတဲ့ အတိုင်းပဲလေ။ တကယ်လိုလို အဟုတ်လိုလို ရေးတတ်ပေတာကိုး။ တစ်နေ့မှာ မိန်းကလေးတစ်ယောက် ဆရာမင်းသိင်္ခဆီ ရောက်လာပြီး ဘာပြောသလဲဆိုတော့ ကျွန်မဟာ ဆရာရေးတဲ့ မနုစာရီမင်းသမီးပါပဲ လို့ ပြောသတဲ့။ ဆရာမင်းသိင်္ခလည်း အတော်အံ့သြသွားပါသတဲ့။ မအံ့သြပဲ နေရောလားဗျာ။ မနုစာရီဆိုတာ တကယ်မှ မရှိတာပဲ။ သူကိုယ်တိုင် စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဇာတ်ကောင်ပဲဟာ။ အဲဒါကို စာဖတ်ရင်း….ဖတ်ရင်း တကယ်အထင်ရောက်ပြီး နောက်ဆုံး မနုစာရီကို ဖန်တီးခဲ့တဲ့ မူလလက်သည် ဆရာမင်းသိင်္ခဆီကိုတောင် အဲဒီလိုကြီး အတည်ပေါက်နဲ့ ရောက်လာဖူးပါတယ်တဲ့။


တစ်ဆက်တည်း ပြောရရင် ဆာအာသာကိုနင်ဒွိုင်း (Sir Arthur Conan Doyle) ရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်းကို အပြင်မှာ တကယ်ရှိတယ်မှတ်ပြီး ရှားလော့ဟုမ်းရဲ့ အိမ်လိပ်စာကို လူတွေက လာလာမေးကြသတဲ့။ ရှားလော့ဟုမ်းဆိုတာ တကယ်မရှိပါဘူး ဆိုတာကို လက်မခံကြပဲ မကျေမနပ်တွေ ဖြစ်ကြလို့ တကယ် ရှားလော့ဟုမ်းရုံးခန်းဖွင့်၊ ရှားလော့ဟုမ်း အပြင်သွားပါတယ်ဆိုပြီး စာရေးမတစ်ယောက်နဲ့ အမှုတွေလက်ခံ မှတ်ထားခဲ့ရဖူးပါသတဲ့။ 

တစ်ခါ ဆရာကြီးရွှေဥဒေါင်းက ရှားလော့ဟုမ်းကို စုံထောက်ကြီးဦးစံရှားဆိုပြီး မြန်မာမှု ပြုပြန်တော့ မြန်မာပြည်ကလူတွေ ဦးစံရှားကို တကယ်ရှိတယ် မှတ်ကြပြန်တာပါပဲ။ အဲဒါကိုမှ ဆရာမင်းသိင်္ခက ဆားပုလင်းနှင်းမောင် ဆိုပြီး ရေးပြန်တော့လည်း အောင်မြင်တာပါပဲ။ တကယ်ထင်ကြတဲ့လူတွေ မနည်းရှိခဲ့ပါတယ်။ ဆိုလိုတာက အပြောကောင်း အရေးကောင်းရင် စိတ်ကူးယဉ်ကိုတောင် တကယ်ထင်တတ်ကြပါတယ်။ ပြီးတော့ အဲဒီ ယုံကြည်သူတွေအားလုံး ပညာမဲ့တွေ၊ စာမဖတ်သူတွေ မဟုတ်ကြပါ။ ယုံလွယ်သူတွေထဲမှာ ပညာတတ်ထက် ပညာမဲ့အရေအတွက်က ပိုများမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပေမဲ့ ပညာတတ်များလည်း ပညာရှိ သတိဖြစ်ခဲတွေ များလှကြောင်း ပြောလိုရင်းပါ။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ရောကိုယ်ပါ ယုံကြည်ပါဝင်ခဲ့ဖူးကြောင်း ရိုးသားစွာ ဝန်ခံအပ်ပါတယ်ခင်ဗျ။
မှန်တယ်ထင်လို့ ပြောတာကို အပြစ်မပြောပေမဲ့ သူတစ်ပါးကို ပြန်ဖြန့်တဲ့အခါ အန္တရာယ်များပါတယ်။ အဲဒါမျိုးကို အရင်က နိုင်ငံရေးမှာရော၊ ဘာသာရေးမှာပါ အတော်တွေ့ရတတ်ပါတယ်။ အခုတော့ ခေတ်မီလာပြီး marketing လောကမှာပါ တွေ့လာရပါပကောဗျ။ 

တကယ်ယုံသွားပြီဆိုရင် အယူအစွဲဆိုတာ အတော်ချွတ်ရ ခက်တာမျိုးဗျ။ အသက်အသေခံပြီးတော့ကို ဖက်တွယ်ထားတော့တာ။ 

 

 လွှမ်းမိုးတဲ့ ဝန်းကျင်


MLM တွေ ဖန်တီးထားတဲ့ ဝန်းကျင်အကြောင်းလေး ပြောပါရစေဦး။ MLM  အဖွဲ့အစည်းတွေဟာ Celebrities တွေ၊ အရာရှိတွေ၊ လူငယ်တွေ၊ ငွေကြေးချမ်းသာသူတွေကို အထူးအာရုံစိုက် အချိန်ပေးပြီး စည်းရုံးတတ်ပါတယ်။ ဒါလည်း အဆန်းတကြယ်တော့ မဟုတ်သလို သူ့လုပ်ငန်းသဘာဝအရ လိုလည်းလိုအပ်ပါတယ်။ ဘာကြောင့်လည်းဆို အဲဒီလူတွေမှာ နောက်လိုက်နောက်ပါတွေ များတတ်သလို သူတို့အသိုင်းအဝန်းထဲမှာ အတိုင်းအတာတစ်ခုစီ စည်းရုံးနိုင်ကြသူတွေ မဟုတ်လား။ အထင်ကြီးလောက်တဲ့ ဝန်းကျင်မျိုး၊ ပညာတတ်တွေ၊ နာမည်ကြီးတွေ၊ ပိုက်ဆံချမ်းသာသူတွေနဲ့ ဖွဲ့စည်းပြထားရင် အားကျအထင်ကြီးကြတာ မဆန်းသလို အဲဒီသူတွေ လုပ်တဲ့အလုပ်၊ လက်ခံတဲ့အရာဆို ကောင်းတယ်ချည်း ထင်သူတွေလည်း မရှားပါဘူး။ Celebrities လို လူမျိုးတွေရဲ့ ရွေးချယ်မှုဟာ သာမာန်လူတစ်ယောက်ရဲ့ ရွေးချယ်မှုထက်တော့ လူအများပေါ်မှာ လွှမ်းမိုးစေမှာ မလွဲပါဘူး။ တကယ်တော့ ကောင်းခြင်းဆိုးခြင်းဆိုတာ လက်ခံသူပေါ် မူတည်နေတာတွေက အများသားကလား။ ပညာတတ်တိုင်း၊ နာမည်ကြီးတိုင်း၊ ပိုက်ဆံချမ်းသာတိုင်း ဝေဖန်ပိုင်းခြား စဉ်းစားတတ်တဲ့ ဉာဏ်မျိုး ရှိလိမ့်မယ်လို့ မပြောနိုင်သလို စဉ်းစားတတ်တိုင်းလည်း အမြဲမှန်နေတာမှ မဟုတ်ဘဲလေ။ စဉ်းစဉ်းစားစား လုပ်ရင်းနဲ့ကို မှားတာတွေက အများကြီး မဟုတ်လား။ လောကကြီးမှာ အမှန်နဲ့ အမှားကို အဲဒီလောက် လွယ်လွယ်ကလေး ခွဲခြားလို့သာရရင် ဘယ်သူမှ မှားကြတော့မှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အများစုသော လူတွေကတော့ သူတို့နှစ်သက်တဲ့လူ၊ အားကျတဲ့လူက ကောင်းတယ် လို့ပြောရင် သိပ်စဉ်းစားမနေတော့ပဲ လက်ခံလိုက်ကြတာ များပါတယ်လို့ ပြောရင် လွန်မလားနော်။

ပိုဆိုးတာက အပြောအဟောကောင်းတဲ့လူတစ်ယောက်၊ လူအများရဲ့ ယုံကြည်မှုကို ရတဲ့ လူတစ်ယောက် အယူလွဲပြီဆိုရင် သူ့အပြော၊ သူ့အဟောကို နှစ်သက်သူတွေပါ အယူမှားဖို့ သေချာသလောက် ရှိပါတယ်။ လူရဲ့ သဘောကလည်း အပြောကောင်းတဲ့လူနဲ့ ရုပ်ချောတဲ့လူ ပြောတာချင်း ယှဉ်ရင် အပြောကောင်းတဲ့လူဘက်ကို ပါတတ်တာ သဘာဝပေကိုး။ ရုပ်ရည်ကလည်း တင့်တယ်၊ အပြောအဟောကလည်း ကောင်း ဆိုရင်တော့ ဒီလူရဲ့ စွမ်းရည်ဟာ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

အပြောအဟောကောင်းခြင်းဟာ နောက်ဆုံးအဆင့် ဘာသာအယူဝါဒ အသစ်တစ်ခု ဖြစ်လာစေတဲ့အထိ တတ်နိုင်ပါတယ်။ ဒါကြောင့် နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်စေ၊ ငွေကြေးချမ်းသာသူ ဖြစ်စေ၊ အာဏာရှိသူဖြစ်စေ အဓိက ကတော့ အယူအဆမှန်ဖို့၊ စိတ်ကောင်းရှိဖို့ အရေးကြီးတာပါပဲ။ ဒါကြောင့် ရှင်ဇနက္ကာဘိဝံသဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိဖို့ ပထမလို့ ဟောတော်မူတာပါ။ 
 
 
လာမထိနဲ့ မီးပွင့်သွားမယ်


 စီးပွားရေး လုပ်ရာမှာ ဒါမှမဟုတ် ပစ္စည်းတစ်ခု ရောင်းချရမှာ သာမာန်အားဖြင့် ကြိုက်ရောင်း ကြိုက်ဝယ်ပါပဲ။ ကြိုက်အောင် ပြောမယ်၊ ရောင်းမယ်…. ကြိုက်ရင်ဝယ်မယ်… မကြိုက်ရင် မဝယ်ဘူးပေါ့။ ဒါ ပုံမှန်ပါပဲ။ ဒါပေမဲ့ MLM player တွေရဲ့ sensitivity ကတော့ အရမ်းကို ထိလွယ်ရှလွယ်လို့ ပြောရမှာပါ။ သာမာန်အရောင်းသမားတွေလို မဟုတ်ဘဲ သူတို့ စနစ်ကို တစ်ခုခု ပြောရင် ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်ကြပါတယ်။ နိုင်ငံရေးပါတီတွေလိုပဲ MLM အချင်းချင်းမှာတောင် တခြား MLM တွေထက် သူတို့စနစ်က ဘယ်လိုသာကြောင်း၊ သူတို့ကို ဘယ်လောက်ထိ လေ့ကျင့်ပေးထားတာဖြစ်ကြောင်း...... စသဖြင့်... စသဖြင့် စုံနေအောင် ကြားရပါမယ်။ အယူဝါဒတစ်ခု၊ ယုံကြည်မှု တစ်ခုလို ဖြစ်အောင် ရိုက်ထည့်တဲ့ နည်းတွေကို MLM Founder တွေက သုံးပါတယ်။ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး ရှိသေးပေမဲ့ ဈေးကွက်ရှာပုံ ပြဿနာနဲ့ ပတ်သက်လို့ ဒီလောက်နဲ့ ရပ်ပါမယ်။ တွေ့သရွေ့သာ ရေးရရင် ဆုံးမှာကို မဟုတ်တော့ပါ။

 မရပ်ခင် နောက်ဆုံးတစ်ခုလေး အရစ်ရှည်ချင်တာက MLM သမားတွေကို သူတို့ product ရဲ့ မကောင်းတဲ့အချက်က ဘာလဲလို့ မေးကြည့်ပါ။ လောကကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာ ဘယ်ဟာမှ မရှိကြောင်းပါခင်ဗျား။ သိပ်ပြီး ချောမွေ့ပြေပြစ် အပြစ်ကင်းတယ်ဆိုတဲ့ အရာတိုင်းဟာ မသင်္ကာစရာ ကောင်းကြောင်း ကျွန်တော့်ရဲ့ ဘဝပေးအသိတစ်ခုကို ဝေမျှလိုက်ပါတယ်။

အပိုင်း (၄) ကျရင် မှတ်မှတ်ရရ အတွေ့အကြုံ တချို့ကို ပြောပြပါ့မယ်....

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...