ငု
ရိုးသားတဲ့ ငုဝါ။
တစ်ပင်လုံးဖြာ
ဆင်ထုံးရှာ၊ ထိန်ဝေလွင်သနဲ့
အိန္ဒြေရှင် ပန်းဆွဲ။
ခုလိုနွေ ခါသမယမှာဖြင့်
သူ့ကိုလေ စာမသသော်လည်း၊
ဒါနတမျှော်မျှော်နဲ့
အလှုတော် သူ့အလှကိုနော်ကွယ်
ခင်းပြလျက်ပဲ။ ။
အင်္ဂလိပ်စာမှာ and နဲ့ vs က အဓိပ္ပါယ်အတူတူလို ထင်ရပေမဲ့ vs က ယှဉ်ပြိုင်တဲ့ သဘောပိုဆောင်တယ်လို့ ကြားဖူးတယ်။ ကျွန်တော့်စိတ်ထဲမှာ နှစ်စဉ်ဖြစ်နေကျ နှိုင်းယှဉ်မှုလေးတစ်ခု ရှိလို့ ဒီ post ရဲ့ ခေါင်းစဉ်ကို vs နဲ့သုံးလိုက်တယ်။
ဟုတ်တယ်။ ပိတောက်နဲ့ ငုဝါဟာ တစ်ရာသီထဲမှာ ပွင့်တဲ့ ပန်းချင်းအတူတူပဲ။ အရောင်ကလည်း ဝါဝါထိန်ထိန်လေးတွေ။ ဒါပေမဲ့ ပိတောက်ကို လူတွေက တန်ဖိုးထားသလောက် ငုဝါကို တန်ဖိုးထားတဲ့လူ နည်းလှတယ်။ ငုဝါရဲ့ အလှကို သတိပြုမိသူ နည်းလှတယ်။ အကြောင်းကတော့ အရင်က ပိတောက်ဆိုတာ တစ်နှစ်တွင် တစ်လှပေပ၊ တစ်လမှာ တစ်ရက်တည်း.... လို့ ဆိုရအောင် သစ္စာရှိရှိပွင့်ခဲ့တာဆိုတော့ တန်ဖိုးထားကြတယ်ပေါ့လေ။ သစ္စာတရားရဲ့ ပြယုဂ်အဖြစ်လည်း တင်စားခဲ့ကြဖူးတယ်။ ပွင့်တော့လည်း ဟိုးအမြင့်မှာ။ အရွက်အခက်တွေကြားက ပိတောက်လေ။ ပြီးတော့ ပွင့်ရင် သင်္ကြန်ရက်ထဲ ပွင့်တာကိုး။ ဒီတော့ သင်္ကြန်ရဲ့ အမှတ်အသားတစ်ခုအဖြစ်လည်း တန်ဖိုးထားရတာပေါ့။ အခုတော့ ပိတောက်လည်း Global warming နဲ့ တွေ့ပြီး ဇာတ်ပျက်သွားလို့ ပိတောက်သစ္စာက ဟာသတွေ ဖြစ်ကုန်ပြီကော…။
တစ်နှစ်မှာ တစ်ရက်တည်းမဟုတ်တော့ဘဲ ပွင့်ချင်သလိုတွေပွင့်၊ သင်္ကြန်ပြီး နောက်တစ်လလောက်မှ ပွင့်တဲ့ပိတောက်က ရှိသေး။ သင်္ကြန်မိုးခင်မျာလည်း ရာသီဥတုတွေ ဖေါက်ပြန်ပြီး စိတ်လိုရင် ရွာလိုက်၊ စိတ်မလိုရင် မရွာလိုက်၊ ရွာပြန်တော့ တော်ရုံမဟုတ်ဘဲ ပိုးစိုးပက်စက်တွေ ဖြစ်လိုဖြစ်…. ဖြစ်ချင်တိုင်း ဖြစ်နေတော့တာ။ ဒါပေမဲ့ အများအားဖြင့်တော့ ပိတောက်ဟာ တန်ခူးလထဲမှာ ပွင့်ဆဲပါ။ ကျွန်တော်မှတ်မိတဲ့ အချို့နှစ်တွေမှာဆို သိကြားမင်းအပျင်းထူလို့ထင့်။ သင်္ကြန်အမှီ သင်္ကြန်မိုးက ရွာတော်မမူလေတော့ မီးသတ်ကားနဲ့ ပိတောက်ပင်တွေပေါ် ရေလိုက်ဖြန်းတာ တွေ့ဖူးတယ်။ နိုင်ငံခြားမှာလို Dry ice တွေ တိမ်ပေါ်ကို ကြဲချပြီး မိုးအတုလုပ်တာမျိုးတော့ မြန်မာက သနားသေး…။ သိကြားမင်းကို မစောင့်နိုင်ဘဲ မြန်မာ့နည်း မြန်မာ့ဟန် မိုးအတု မီးသတ်ပိုက်နဲ့ ဖြန်းလိုက်တာ နောက်တစ်နေ့ မနက်ကျတော့ ပိတောက်ဖူးတွေ အကုန်ကြွေကျပြီး လမ်းပေါ်မှာကို ဖွေးနေတာ မှတ်မိပါသေးရဲ့…။
လူတွေက ဟိုးပိတောက်ပင်မြင့်မြင့်ကြီးရဲ့ အရွက်စိမ်းစိမ်းအုပ်အုပ်တွေကြားက ပိတောက်ပန်းလေးတွေကို ကြိုးစားပြီး ခူးနေကြချိန်၊ ကောင်လေးတွေက ကောင်မလေးတွေကို ပိတောက်လက်ဆောင်ပေးလို့ မိန်းကလေးတွေရဲ့ ခေါင်းပေါ်မှာ ပိတောက်ပန်းလေးတွေနဲ့ ဝေဆာလှပနေချိန်၊ မြတ်စွာဘုရားရှင်ကို ရှားရှားပါးပါးရတဲ့ ပိတောက်ပန်းနဲ့ ကပ်လှုပူဇော်ကြချိန်မှာ ပင်လုံးကျွတ် အရွက်မမြင်ရလောက်အောင် ဝါထိန်နေအောင် ပွင့်တဲ့ ငုဝါကတော့ ဘယ်သူမှ တန်ဖိုးမထားလည်း သူ့အလှနဲ့ လောကကို သာယာစေမြဲ။ ပိတောက်က မာနကြီးတယ်။ ငုဝါက ရိုးသားတယ်။ ကျွန်တော်ရဲ့ ငုဝါပွင့်တွေနဲ့ ပတ်သက်တဲ့ ခံစားမှုကတော့ အဲဒီအတိုင်းပါပဲ။ ကျွန်တော်ငုဝါပွင့်လေးတွေကို ချစ်တယ်။ ငုဝါပင်တွေကြားထဲက ငုဝါပွင့်ကြွေတွေနဲ့ ဝါထိန်နေတဲ့ လမ်းပေါ် ဖြတ်လျှောက်ရတာကို ကြိုက်တယ်။ ပိတောက်ကတော့ ချစ်မဲ့သူတွေ ပေါပါတယ်။ ချစ်သူနည်းတဲ့ ငုဝါဘက်မှာ ကျွန်တော်ရပ်လိုက်တယ်။
ပိတောက်ဟာ ရှားသမို့ တန်ဖိုးထားကြသလို ငုဝါကိုတော့ ရက်ရောလွန်းလို့၊ ပေါများလွန်းလို့ လူတွေတန်ဖိုးမထားကြတာများလား။ အနံ့လည်း မရှိရှာလို့ ထင်ပါရဲ့။ ပြီးတော့ မိန်းကလေးတွေရဲ့ ပန်းကြိုက်ပုံနဲ့ ယောကျင်္ားလေးတွေရဲ့ ပန်းကြိုက်ပုံ မတူဘူးထင်တယ်။ မိန်းကလေးတွေက ပန်းတစ်ပွင့်ကို သူတို့ခေါင်းပေါ် တင်လိုက်ရမှ လှတယ်ထင်တာ။ အနံ့မွှေးမှ သဘောကျတာ။ ယောကျင်္ားလေးတွေကတော့ ပန်းတစ်ပွင့်ကို ဖူးလာတာ၊ ပွင့်လာတာကစလို့ ကြွေသွားသည်အထိ အပင်ပေါ်မှာ သဘာဝအတိုင်း လှနေတာကို ကြိုက်တယ်။ ကျွန်တော်ကိုယ်တိုင် ပန်းပင်လေးတွေ ပျိုးထောင်ခဲ့ဖူးလို့ ဒီခံစားမှုကိုတော့ သိတယ်။
အပွင့်ပွင့်တဲ့၊ လှတဲ့၊ မွှေးတဲ့ ပန်းလေးတွေ စိုက်ရတာ ရန်များတယ်။ လိုချင်တဲ့လူ၊ ခူးချင် ဆိတ်ချင်၊ ဖျက်ဆီးချင်သူတွေ များလှတယ်။ တောင်းလို့ မပေးရင် အလစ်မှာ ခိုးတယ်။ ကျွန်တော့်ပန်းပင်လေးတွေ ကျိုးကျေကုန်ရင် ကျွန်တော်မကြည့်ရက်ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ ရွက်လှပင်တွေ ပြောင်းစိုက်ခဲ့ဖူးတယ်။ ကျွန်တော်ငုဝါကို သဘောကျခြင်းဟာ ဒါလည်း အကြောင်းတရားတစ်ခု ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ မပန်ဘူး… မယုယဘူး။ သူကတော့ အချိန်တန်ရင် လောကကို အလှဆင်နေတာပါပဲ။ လူတွေမှာလည်း မေတ္တာ၊ ဂရုဏာ၊ မုဒိတာဆိုတဲ့ လောကကို အလှဆင်အေးချမ်းစေတဲ့ တရားလက်ကိုင်ရှိသူတွေဟာ ဘယ်သူတွေ တန်ဖိုးထားထား၊ မထားထား၊ အသိအမှတ်ပြုပြု မပြုပြု ငုဝါတွေလို လှနေတာပါပဲ။ ဘယ်သူတရားပျက်ပျက် မပျက်ပျက် ကိုယ်မပျက်အောင် ကြိုးစား ထိန်းသိမ်းကြတာပါပဲ။
တစ်ကိုယ်လုံး အလုံပိတ် ခေါင်းမြီးခြုံထားတဲ့ ကုလားမတစ်ယောက်ဟာ သူ့လူမျိုုး သူ့ဘာသာ သူ့အယူအဆနဲ့တော့ မှန်ချင်မှန်မှာပေါ့။ အများနဲ့ သဟဇာတ မဖြစ်တာတော့ အမှန်ပဲ။ လူလူချင်း ဆက်ဆံရင် မျက်နှာကို မမြင်ရဘဲ ဘယ်လိုယုံကြည်ရမလဲ။ အခုလို အကြမ်းဖက်မှုတွေ ဒင်းကြမ်းဖြစ်ပြီး အားလုံးရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခံနေရတဲ့ အချိန်မှာ ခေါင်းမြီးခြုံထဲကလူဟာ အကြမ်းဖက်သမား မဖြစ်နိုင်ဘူးလား။ ဒါဆိုရင် ဒါကို လူ့အဖွဲ့အစည်းနဲ့ သဟဇာတမဖြစ်တဲ့ အစွန်းရောက်မှု တစ်မျိုးလို့ ပြောရင် ရနိုင်မလား။
အနောက်နိုင်ငံကလို အရမ်းဖေါ်အရမ်းချွတ်တော့လည်း မဟုတ်သေးဘူးထင်ရဲ့။ ဟောင်ကောင်ရုပ်ရှင် တစ်ကားကြည့်ရင်း မှတ်မိနေတဲ့ စကားလေးတွေရှိတယ်။ ရုပ်ရှင်က မုဒိန်းမှုတွေ အများကြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင် တစ်ယောက်ကို ဖမ်းတဲ့ကား။ ဖမ်းမိပြီး သူ့ကိုစစ်တော့ သူက ပြောတယ်။ ကောင်မလေးတွေက အရမ်းဖေါ်ကြလို့ သူက လုပ်တာ…၊ သူ့မှာ အပြစ်မရှိဘူး…တဲ့။ စကားလုံးအတိအကျ မမှတ်မိတော့ပေမဲ့ သူပြောတာက ကျားကတော့ အသားမြင်ရင် စားမှာပဲ…ပေါ့.... ဆိုတဲ့ သဘောပဲ။ ပြီးခဲ့တဲ့နှစ်က Youtube မှာ ပြန့်ခဲ့တဲ့ အစ္စလာမ်ဘာသာရေးဆရာတစ်ယောက်ရဲ့ အင်တာဗျူးထဲက စကားလုံး အတိုင်းပါပဲ။ ပြီးတော့ ဒီရဲအရာရှိက သူ့ကို ခြေရာခံလိုက်တဲ့ နေရာမှာ သူ့စိတ်ခံစားမှုအတိုင်း လိုက်ခံစားပြီးတော့ လိုက်ခဲ့တာ။ အမှုဖြစ်တဲ့ နေရာကို ကြည့်ပြီး မုဒိန်းသမားနေရာမှာ သူသာဆိုရင် ဆိုတာမျိုး ခံစားပြီး သူဘာလုပ်တယ်၊ ဘာလုပ်မယ်ဆိုတာကို နီးနီးစပ်စပ်ကို ခန့်မှန်းပြီး လိုက်ဖမ်းခဲ့တာ။ မုဒိန်းသမားကလည်း ဒီအရာရှိကို သိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ်ချင်း ပြိုင်ကြရတာကလား။
အမှုစစ်တော့ အဲဒီရဲအရာရှိကို မုဒိန်းသမားပြောတဲ့ နောက်စကားတစ်ခွန်းက မင်းလည်း ငါ့လို ခံစားချက်မျိုးရှိတယ်ဆိုတာ ငါသိတယ်…. မင်းလည်း မုဒိန်းကျင့်ရတာကို ကြိုက်မှာပဲ… မင်းငါ့ကို ကိုယ်ချင်းစာသင့်တယ်… တဲ့။ အဲဒီမှာ အမှုစစ်တဲ့ ရဲအရာရှိရဲ့ စကားက မှတ်သားလောက်တယ်။
ကျားက တိရိစ္ဆာန်ကွ…. ငါတို့က လူတွေ။ အသိတရားရှိရမယ်။ ထိန်းသိမ်းနိုင်ရမယ်။ သူ့ဟာသူ ဖေါ်ဖေါ်ချွတ်ချွတ် မင်းအလုပ်မဟုတ်ဘူး။ ဖေါ်တာချွတ်တာ သူ့အလုပ်၊ ထိန်းသိမ်းစောင့်စည်းရမှာ ငါတို့ ယောကျင်္ားတွေအလုပ်။ မင်းပြောသလိုပဲ။ ငါ့မှာလည်း မင်းလို စိတ်မိုက်စိတ်ရိုင်းတွေ ရှိတယ်ဆိုတာ ငါဝန်ခံတယ်။ ဒါပေမဲ့ ငါ့အသိတရားနဲ့ငါ ထိန်းသိမ်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တို့ဟာ အသိဉာဏ်ရှိတဲ့ လူသားတွေမို့လို့ပဲ။ မင်းကတော့ မင်းရဲ့စိတ်ရိုင်းတွေကို မထိန်းသိမ်းတဲ့အပြင် စိတ်ရိုင်းဝင်တဲ့အတိုင်း လိုက်လုပ်နေတာ။ မင်းနဲ့ငါနဲ့ ကွာတာက ထိန်းသိမ်းရမယ်ဆိုတဲ့ အသိတရားရှိခြင်းနဲ့ မရှိခြင်း…. ဒါလေးပဲ..တဲ့။ လူဆိုတာကတော့ အမျိုးမျိုးရှိမှာပဲ။ ကိုယ့်အပြစ်ကို ကိုယ်မမြင်ဘဲ သူတစ်ပါးအပေါ် အပြစ်ပုံချတဲ့မင်းကို……… ဆိုပြီးတော့ နားရင်းပိတ်တီးထည့်လိုက်တာ အခုထိ မျက်စိထဲ မြင်တုန်းပါ။ အဲဒီရုပ်ရှင်က NC ဆိုတော့ မိသားစုကြည့်လို့တော့ မသင့်ဘူးပေါ့။ ဒါပေမဲ့ ပြောသွားတဲ့ စကားတွေက မှတ်သားစရာ အပြည့်မို့ ခုထိမှတ်မိနေပါတယ်။ အင်္ဂလိပ်စာတန်းထိုးလေးရဲ့ ကျေးဇူးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ်လေ ပုထုဇဉ်တိုင်း အနည်းနဲ့ အများ အစွန်းရောက်တတ်ကြပေမဲ့ အစွန်းရောက်ခြင်းရဲ့ အန္တရာယ်ကို သတိပြုမိသူတွေအတွက် အစွန်းမရောက်အောင် သတိထားရမယ်ဆိုတဲ့ အသိရှိနိုင်တာပေါ့။ ဒါဆိုရင် ရုပ်ပျက်ဆင်းပျက် အစွန်းရောက်တာမျိုးတော့ ရှောင်နိုင်တာပေါ့ခင်ဗျာ။ ပြီးတော့ ထိန်းသိမ်းတတ်တဲ့ အကျင့်လေးလည်း ရှိနိုင်တာပေါ့။ ခေါင်းမြီးခြုံပြီး မျက်လုံးလေးပဲ ဖေါ်ထားတာကို အစွန်းရောက်တယ်လို့ ဆိုနိုင်သလို အရမ်းကြီး ဖေါ်ချွတ်တာဟာလည်း အစွန်းပဲပေါ့။ နောက်ပြီး မိန်းမတစ်ယောက်ဆွဲဆောင်နိုင်စွမ်းကို ပညာနဲ့ ချစ်စရာကောင်းတာနဲ့ ထက်မြက်တာနဲ့ … စသဖြင့်ပေါ့… ဖေါ်ပြနိုင်တဲ့နည်းတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ ဘာကြောင့်များ ဒီလက်နက်ကိုပဲ ထုတ်သုံးဖို့ ကြိုးစားနေကြတယ် မပြောတတ်ပါဘူး။ ဆရာမ ဂျူးရဲ့ မတော်တရော်ဆိုတဲ့ ဝတ္ထုတိုလေးကို သတိရမိတယ်။ ပြချင်တာ မိန်းမသဘာဝများလားလို့ သမီးတစ်ယောက်အဖေဖြစ်တဲ့ ကျွန်တော်မရဲတရဲလေး တွေးမိပါတယ်။
ပိတောက်နဲ့ ငုဝါကို နှိုင်းယှဉ်ပြီး အတွေးအမျှင်တန်းနေမိတာကို အဆက်ဖြတ်လို့ နောက်ဘိတ်ဆုံးလေး တွေးမိတာကတော့ ဗြဟ္မစိုရ်တရားတွေ ငုဝါလို လှပဝင်းထိန်နေပြီး ပိတောက်လို တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ များလာရင် ကောင်းလေစွလို့….
ငုဝါပန်းဆွဲဝါဝါလေးတွေကတော့ သင်္ကြန်မတိုင်မီ ခုကတည်းက လှနေကြပြီကော……
မကြာမီ ပွင့်လာတော့မဲ့ ပိတောက်ဖူးလေးတွေလည်း စိမ်းလို့နေပြီပဲ…..
လောကကြီးဟာ နေရာတိုင်းမှာ အလှတွေ ရှိနေတာပါပဲ….
သြော်…. တစ်နှစ်ကူးပေဦးတော့မယ်………..
(သရုပ်ဖေါ်ပုံများကို Google မှ ယူပါတယ်။ ကဗျာလေးကို poems blog မှ ယူပါတယ်။ ကဗျာလေးကို ကူးယူခွင့်ပေးတဲ့ htunhtun(gitameit) ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောပါရစေ။)
No comments:
Post a Comment