Thursday, April 4, 2013

ကြေးအိုး



ဗိုက်ဆာလျှင် ဝါးတီးအကြောင်းရေးဖို့ သတိရသည်။ စင်ကာပူက ပင်နီဆူလာပလာဇာမှာ ကြေးအိုးသောက်တာကို သတိရသည်။ မှန်တဲ့အတိုင်း ပြောရလျှင် ပင်နီဆူလာက ဆိုင်တွေမှာ ရောင်းသောကြေးအိုးတွေကို သိပ်မကြိုက်ပါ။ ကိုယ့်ဖါသာကိုယ် ချက်စားဖို့ ပျင်းလျှင်ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ၊ အရမ်းစားချင်နေ၍ ဖြစ်စေသာ စားတတ်ပါသည်။ အာရုံအနောက်ဆုံးကိစ္စက မုန်ညှင်းစိမ်းအစား တွေ့ကရာ အရွက်တွေ ထည့်သည့်ကိစ္စဖြစ်သည်။

စင်ကာပူက NTUC, Prime, Shop N Save တို့လိုဆိုင်တွေမှာ တခါတရံ မုန်ညှင်းစိမ်းရှာခက်တာကို လက်ခံပါသည်။ သို့သော် စီးပွားဖြစ်ရောင်းချသူအနေနှင့် ရအောင်ရှာနိုင်သင့်သည်ဟု ထင်သည်။ သို့မဟုတ် ဘာအရွက်ထည့်ထည့် စားသုံးသူက သိပ်အရေးမထား၊ စားမှာပဲ၊ ဘာမျှမဖြစ်လောက်ဟု ထင်တာလည်း ဖြစ်နိုင်ပါသည်။ သူများတွေ အရေးထားတာ မထားတာ ကျွန်တော်မသိ၊ ကျွန်တော်ကတော့ ကြေးအိုးစားလျှင် မုန်ညှင်းစိမ်းလေးနှင့်မှ ကြိုက်သည်။ ပေါက်ကရအရွက်တွေထည့်လျှင် တင်းသည်။ပင်နင်ဆူလာက ဆိုင်တွေက တစ်ခါတစ်ရံ ရှမ်းခေါက်ဆွဲမှာစားလျှင် ရှမ်းမုန်ညှင်းချဉ်မပါဘဲ ဂေါ်ဖီချဉ်တွေ ချပေးတာမျိုး လုပ်တတ်သည်။ ရှမ်းခေါက်ဆွဲဖြစ်ပြီး မုန်ညှင်းချဉ် မပါသော ရှမ်းခေါက်ဆွဲသည် အသို့လျှင် ကောင်းနိုင်အံ့နည်း။ ကျွန်တော်အသိတစ်ယောက် နေမကောင်း၍ ဆန်ပြုတ်မှာစားသည်။ မယုံမရှိပါနှင့်…. ထမင်းကို blender ထဲ ထည့်ကြိတ်၍ ရေနှင့်ကျိုကာ ပေးတာမျိုးလည်း ကြုံဖူးပါသည်။

စင်ကာပူရောက် မြန်မာတွေထဲမှာ ဖြစ်သလို စားသော၊ သို့မဟုတ် သိပ်ကွန်ပလိန်းမတက်တတ်သော စားသုံးသူတွေများတာ ဖြစ်နိုင်သော်လည်း ကျွန်တော့လို ကိုယ်တိုင်ချက်ပြုတ်တီးတတ်သော အကောင်ကတော့ အပြင်မှာ ဘာမှမပြောသော်ငြား စိတ်ထဲက ကွန်ပလိန်းတက်ပါသည်။ အချိန်လေးများ ရလို့ကတော့ ဒင်းတို့ဆီမှာ ဈေးကြီးပေးပြီး မဟုတ်မဟတ်အရွက်တွေနှင့် ကြေးအိုးကို မစားပါ။ အိမ်မှာ ချက်ပြီးတီးပါသည်။ ကျွန်တော်ချက်သော ကြေးအိုးလုပ်နည်းကို အောက်မှာ ရေးလိုက်ပါသည်။ ပို၍ စားကောင်းမည့်နည်းများ ရှိပါက မ စ တော်မူကြပါ။ ပါဝင်ပစ္စည်းများ၏ ပမာဏကို မရေးတော့ပါ။ လုပ်နည်းကိုသာ ပြောပြလိုက်ပါသည်။ ကြိုက်သလောက်သာ ချက်တီးကြပေရော့။


  ပါဝင်ပစ္စည်းများ


ဝက်အသည်း
မုန်ညှင်းစိမ်း
ဝက်အူချို
ဝက်အူကြမ်း
ဝက်နှလုံး
ဝက်သရက်ရွက်
ဝက်သားကြိတ်သား
ဝက်ဒူးဆစ်ရိုး
ဆန်ကြာဆံ
ငုံးဥ
မုန်ညှင်းစိမ်း
ငရုတ်ဆီ

ချက်နည်း


ပထမဦးဆုံး ဝက်ဒူးဆစ်ရိုးကို ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ အချိုမှုန့်နဲ့ လူး၍ အိုးကြီးကြီးထဲ ရေထည့်၍ပြုတ်ပါ။ အချိုမှုန့်မစားသူတွေအတွက်တော့ စိတ်မကောင်းပါ။ ကြေးအိုးက အချိုမှုန့်လေးပါမှ ပိုမိုက်ပါတယ်။ ဆိုင်မှာစားတဲ့အခါ ကြေးအိုးပြုတ်ရည် ဖြူဖြူရဲ့ အရသာကို ကြေးအိုးကြိုက်သူတိုင်း သိပါလိမ့်မယ်။ အဲဒါ ဝက်ဒူးဆစ်ရိုးပြုတ်ရည်ပါ ခင်ဗျ။ ကျွန်တော်တောင် အရိုးပြုတ်ရည်မှန်း သိပေမဲ့ ဘယ်နားက အရိုးမှန်းမသိခဲ့လို့ ပြုတ်ရည်ဖြူဖြူရဖို့ နို့စိမ်းနည်းနည်းနဲ့ ပြုတ်စားခဲ့ရတာ ရှေ့ပိုင်းတောက်လျှောက်ပါပဲ။ အခုမှ သူငယ်ချင်းတစ်ယောက် ပြောလို့…. ခုတော့ ကျွန်တော်သိပြီ။ မောင်မင်းကြီးသားကို ကျေးဇူးတင်ရပါတယ်။ ဒါပေမဲ့ တခါတရံ ဝက်ဒူးဆစ်ရိုး ဝယ်မရတဲ့အခါ နည်းဟောင်းလေးကို ပြန်သုံးရပါတယ်။ စားလို့တော့ ကောင်းတာပါပဲ။ 

အဲဒီတော့ ဝက်ဒူးဆစ်ရိုးကို အရိုးပြုတ်ရည်ကောင်းကောင်း ရတဲ့အထိ ကြာကြာပြုတ်ပါ။
အရိုးပြုတ်အိုးတည်ထားတုန်း ဝက်သားကြိတ်သားတွေကို ကော်မှုန့်၊ သကြား၊ ဆား၊ အချိုမှုန့်၊ 
ကြက်သွန်ဖြူထောင်းထားတာနဲ့ နယ်ပါ။ ပြီးရင် အသားလုံးလေးတွေ အနေတော်လုံးပါ။ ငုံးဥကို ကျက်အောင် ပြုတ်ပြီး အခွံခွာထားပါ။ မုန်ညှင်းစိမ်းတွေကို ရေစင်စင်ဆေးပြီး ဇကာနဲ့ စစ်ထားပါ။ ကြာဆံကို ရေစိမ်ထားပါ။ ကြာဆံဝယ်ရင် အချောင်းသေးသေးကလေးနဲ့ ကြာဆံပျော့ပျော့လေးတွေ မဝယ်မိစေနဲ့။ ဘယ်လိုမှ စားမကောင်းတဲ့ လူမမာစာလေးတွေ။ ရုပ်ကိုက ကြာဆံနဲ့ ဥပတိရုပ်တူပေမဲ့ မြူစွမ်လိုဟာလေးတွေ။ ပြီးရင် အိုးထဲမှာ ကျိုးကြေစုတ်ပြတ်ပြီး စားလို့လုံးဝ မကောင်းဖြစ်ကုန်ရော။ ကြာဆံကို ရေမစိမ်ပဲ ဒီအတိုင်းပစ်ထည့်လို့ ရပေမဲ့ ကြာဆံကို အထုပ်ထဲကထုတ်ရင် ကျိုးကြေ စင်ထွက်ကုန်ပြီး မီးဖိုချောင်ထဲမှာ ပွကုန်တတ်လို့။

ဝက်ကလီစာတွေကို အနေတော်လေးတွေ လှီးပါ။ အသည်းနဲ့ သရက်ရွက်ကို လှီးပြီး သပ်သပ်ဖယ်ထားပါ။ ဝက်ကလီစာဆိုတိုင်း ကောင်းမယ်ထင်ပြီး စွတ်ရွတ်မထည့်ရပါ။ အူမကြီးလိုဟာမျိုး သွားထည့်မိရင် တစ်အိုးလုံး ပစ်ရပြီသာ မှတ်လိုက်တော့။ ဘာကြောင့်လည်းဆိုတော့ အူမကြီးက ထုံးရည်ကြည်လို ဟာမျိုးနဲ့ အသားကုန်ဆေးမှ အနံ့နည်းနည်း သက်သာပါတယ်။ ဒါတောင် တခြားအမွှေးအကြိုင်တွေ ထည့်မှ ဒင်းက အနံ့ပျောက်တာ။ ဝက်သားတုတ်ထိုးစားတဲ့အခါ အူပိတ်ဆိုတာ အူမကြီးထဲ အူမကြီးတွေ ထပ်ထိုးထည့်ထားလို့ အရစ်အရစ် အခွေအခွေနဲ့ အူပိတ်ဖြစ်တာ ခင်ဗျ။ ဒါပေမဲ့ ဝက်သားတုတ်ထိုးက အမွှေးအကြိုင်တွေ အများကြီးထည့်ထားတော့ အနံ့ပျောက်တယ်။ ကြေးအိုးက အဲဒီလို လျှောက်ထည့်လို့ မရဘူးဗျ။ အဲဒါကြောင့် အနံ့သိပ်ပြင်းတဲ့ ကလီစာတွေ မထည့်တာကောင်းတယ်။

နောက်တစ်ဆင့် လှီးထားတဲ့ ကလီစာတွေကို ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ အချိုမှုန့်၊ ရှာလကာရည်နဲ့ နယ်ပါ။ အသည်းနဲ့ သရက်ရွက်ကိုလည်း သပ်သပ်တစ်ပန်းကန် ခွဲထည့်ထားပြီး နယ်ပါ။ ဇဝေဇဝါ မဖြစ်ပါနဲ့။ ဘာကြောင့် အဲဒီနှစ်ခုကို သပ်သပ်ခွဲရသလဲဆိုတော့ သူ့ကို နောက်မှ ထည့်ရမှာမို့ပါ။ အဲဒီဟာတွေက တခြားကလီစာတွေနဲ့ အကုန်တူတူသွားထည့်ပြီး ပြုတ်လိုက်ရင် မာပြီးအနံ့ပြောင်းသွားလို့ပါဗျ။ အဲဒီတော့ အဲဒီနှစ်ခုကလွဲလို့ ဝက်သားလုံးတွေနဲ့ ကလီစာတွေအားလုံး အရိုးပြုတ်ရည်ထဲ ထည့်ပြုတ်ပါ။ ဆိုင်မှာ ဆိုရင်တော့ အရိုးပြုတ်ရည်ကို အိုးကြီးတစ်အိုးနဲ့ အမြဲတည်ထားပြီး လိုသလောက် ခပ်ထည့်တာပေါ့လေ။ ကိုယ်ကတော့ အိမ်မှာ စားတာဆိုတော့ နောက်ဆုံး စားခါနီးမှ အရိုးကြီးကို ဖယ်ထုတ်လိုက်ပေါ့နော့။
အူချိုနူးပြီး အနေတော်ဖြစ်လာပြီဆိုရင် ကျန်တာတွေလည်း နူးပြီလို့မှတ်ပေါ့ဗျာ။ ဆား၊ သကြား၊ အချိုမှုန့်ကို နှစ်သက်သလို ချိန်ဆထည့်ပေါ့။ အူချိုနူးပြီဆိုရင် အသည်းနဲ့ သရက်ရွက် လှီးနယ်ထားတာကို ထည့်ပါ။ ကြာဆံထည့်ပါ။ နောက်ဆုံး ငုံးဥပြုတ်၊ ငရုတ်ကောင်းမှုန့်နဲ့ မုန်ညှင်းရွက်စိမ်းတွေ ပစ်ထည့်ပြီး ၁၀ စက္ကန့်လောက်ကြာရင် ပန်းကန်ထဲထည့်လို့ သုံးဆောင်နိုင်ပါပြီခင်ဗျ။ ကြိုက်တတ်ရင် ပန်းကန်ထဲမှာ ကြက်ဥလေးခွဲထည့်ထားပြီး အပေါ်က ကြေးအိုးပြုတ်ပူပူကို ထည့်လိုက်ရင် ပိုပြီးစားကောင်းတာပေါ့ခင်ဗျာ။

တစ်လက်စတည်း ကြေးအိုးဆီချက်လုပ်နည်းလေးပါ ဝေမျှလိုက်ပါမယ်။ အိမ်တွေမှာ ဘာ ဆီ စားကြလည်းတော့ မသိဘူး။ ကျွန်တော်က နေကြာဆီစားပါတယ်။ အဲဒီနေကြာဆီကို နှမ်းဆီနဲ့ ရောပြီး အပူပေးပါ။ ဆီငွေ့ထွက်လာပြီဆိုရင် ရပါပြီ။ ပြီးရင် လက်ဖက်ထဲထည့်စားတဲ့ ကြက်သွန်ဖြူကြော်ကို အမှုန့်ဖြစ်အောင် ထောင်းထားပါ။ ကြေးအိုးပြုတ်ကို အရည်တွေချန် အဖတ်တွေဆယ်ပြီး ပန်းကန်ထဲထည့်ပေါ့ဗျာ။ ပြီးရင် စောစောက ဆီပူပူလေးကို တစ်ပန်းကန် ၃ ဇွန်းလောက် ခပ်ထည့်ပြီး တူလေးနှစ်ချောင်းနဲ့ မွှေပါ။ ကျန်းမာရေးကို ခဏမေ့လို့ အချိုမှုန့်လေး ဆားလေး နည်းနည်းလောက် ထပ်စွက်လိုက်ရင် ပိုပြီး ရှယ်ပါတယ်ခင်ည။ ပြီးရင် အပေါ်ကနေ ကြက်သွန်ဖြူကြော် အမှုန့်တွေ ဖြူးပြီး တီးနိုင်ပါတယ်ခင်ဗျ။ ကြေးအိုးပြုတ်ရည်ကို သောက်ရင်း ဆီချက်နံ့မွှေးတေးတေး၊ နှမ်းဆီဆိမ့်တိမ့်တိမ့် အရသာ ရောစွက်ထားတဲ့ ကြေးအိုးဆီချက်ကို သုံးဆောင်တော် မူနိုင်ပါတယ်ဗျား။

အချိုဓါတ်ပါတဲ့ ငရုတ်ဆီကောင်းကောင်းလေးထဲ ငရုတ်သီးစိမ်းလေး ထည့်ပြီး တွဲဖက်စားဖို့မမေ့နဲ့ပေါ့ဗျာ…နော့။ ကြေးအိုးကို ကြက်သားနဲ့ လုပ်လို့ မရဘူးလားဆိုတဲ့ ဟိုဟာမစား ဒီဟာမစားသမားတွေအတွက်တော့ ဆောရီးပါခင်ဗျ။ လုပ်ရင်တော့ ရတာပေါ့။ ဒါပေမဲ့ ကြေးအိုးဆိုတဲ့ အစားအသောက်ဟာ ဝက်သားပဲ ကောင်းပါတယ်ဆိုတဲ့အကြောင်းလေး ပြောရင်း စားပြီးရင် ရေနွေးကြမ်းလေးသောက်၊ သွားကြားလေး ထိုးကြပေါ့ခင်ဗျား…..။ ဘယ်နေ့ချက်စားမယ် ဆိုတာလေး အကြောင်းကြားပါ……

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...