Thursday, May 2, 2013

ကြောင်ဝတ္ထု (၁)



အ ကာလ ညအခါသည် ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သည့် သဘောရှိပေမည်။ နေ့အခါ ပျားပန်းခတ်မျှ လှုပ်ရှားနေသော စင်ကာပူမှ အရောင်စုံစက်ရုပ်လူသားများသည် ညအခါ မိမိတို့အိမ်အတွင်းဝယ် မိသားစုနှင့်အတူ အနားယူနေကြချိန်။ ၂၄ နာရီ ရပ်မရသော အလုပ်ထဲတွင် သင်္ဘောကျင်းအလုပ်လည်း ပါလေ၏။ အခြားလုပ်ငန်းခွင်တွေ နေ့အခါ ဆူညံသည်ဆိုသည်မှာ သင်္ဘောကျင်းအိပ်နေသလောက် ရှိလေရကား ညဘက် လုပ်ငန်းခွင်သည်ပင်လျှင် တူထုသံ၊ ဝရိန်ဆော်သံ၊ ချော်ခေါက်သံများ ဟိုတစ်စ ဒီတစ်စ ကြားနေရလေသည်။ နေ့အခါ ဆိုဖွယ်မရှိအောင် ဆူညံနေမည်ကား မြေကြီးလက်ခတ်မလွဲ။

အမှောင်သည် မကောင်းမှုတို့ ပျော်မွေ့ရာ ဖြစ်သလော။ အမှောင်ကမ္ဘာနှင့် မကောင်းမှု၊ အမှောင်ကမ္ဘာနှင့် အန္တရာယ်သည် တွဲဖက်၍ နေသလော။ အမှောင်ကို ကြောက်သောစိတ်သည် ကမ္ဘာဦးလူသားများမှ စတင်မြစ်ဖျားခံသော မျိုးရိုးလိုက်ခဲ့သည့် အကြောက်တရား ဖြစ်မည်ထင်သည်။ ကမ္ဘာဦးလူသားသည် နေ့အခါ အရာအားလုံးကို သဲသဲကွဲကွဲ မြင်နိုင်သည်ဖြစ်ရာ အန္တရာယ်ကို မြင်မြင်ထင်ထင် ရင်ဆိုင်ကာကွယ်နိုင်ပေမည်။ အလင်းထဲမှ ရန်သူသည် အမှောင်ထဲမှ တိုးတိတ်စွာ ချောင်းမြောင်းနေတတ်သော ရန်သူလောက်တော့ ကြောက်စရာကောင်းမည် မဟုတ်ပေ။ ထို့ကြောင့်ပင် အလင်းရောင်ပေးသော နေမင်းနှင့် မီးသည် ကမ္ဘာဦးလူအတွက်တော့ ကိုးကွယ်ရာ နတ်ဘုရားများပင် ဖြစ်ပေလိမ့်မည်။ 

ထိုမှစ၍ အသိဉာဏ်မြင့်မားကာ သတ္တလောကကို စိုးမိုးချုပ်ကိုင်နိုင်ခဲ့သော လူသားသည် တစ်ချိန်က ကိုးကွယ်ခဲ့သော အလင်းရောင်ကို လူ၏ဉာဏ်စွမ်းဖြင့် စေစားကာ နေရောင်ခြည်မရရှိသည့်အချိန်တွင် နေရောင်ခြည်အစား အသုံးပြုနိုင်ရန် မြောက်များလှသည့် နည်းစနစ်များကို ဖန်တီး၍ လောကကို တိုးတက်စေခဲ့သည်။ ကြောက်စိတ်မှ အစပျိုးသော တိုးတက်မှုများသည် အံ့မခန်းတိုးတက်လာခဲ့သော်လည်း အမှောင်ကြောက်သော မွေးရာပါအကြောက်တရားကတော့ မပျောက်နိုင်ခဲ့။ နည်းပညာအကူအညီများဖြင့် ဖုံးဖိထားသော အကြောက်တရားသည် အမှောင်မှသည် အမှောင်၏ ကိုယ်စားပြုဖြစ်သော အနက်ရောင်ကိုပါ အမင်္ဂလာအဖြစ် သတ်မှတ်ခဲ့ကြသည်မှာ ဤသဘောမကင်းဟု ထင်သည်။


သင်္ဘောပေါ်မှ Gauging ထိုးသံ၊ Cutter ဖြတ်သံ၊ ဝရိန်ချော်ခေါက်သံများကြောင့် သင်္ဘောကျင်းအရာရှိငယ်၏ တွေးလက်စအတွေးသည် အရှိန်သေသွားသည်။ စင်ကာပူသင်္ဘောကျင်း၏ ညမြင်ကွင်းသည် မီးရောင်များလင်းထိန်နေသော သင်္ဘောများနှင့် ဆောက်လက်စ သင်္ဘောများမှ တစွန်းတစ မီးရောင်များ၊ လမ်းမီးများဖြင့် ထိန်ထိန်ညီးနေလေသည်။ သင်္ဘောကျင်းတစ်ခွင်တွင် မျောက်တစ်ကောင် မူးလဲလောက်အောင် နေ့အခါလှုပ်လှုပ်ရွရွ သွားလာလုပ်ကိုင်နေကြသော သင်္ဘောကျင်းအလုပ်သမား ပုရွက်ဆိတ်လူသားများသည် ညအခါလသာသာ လမ်းပေါ်တွင် လမ်းလျှောက်သွားသော အလုပ်သမား တစ်ယောက်တစ်လေမှတပါး ပြောင်ရှင်းလျှက် ဝရိန်ဆော်ရာမှ ထွက်ပေါ်လာသော မီးပွားတို့သည်သာ မီးရှုးမီးပန်းများကဲ့သို့ ရံဖန်ရံခါ လင်းကနဲ၊ ဖွားကနဲ လွင့်စင်နေတတ်သည်။ ညတာဝန်ကျသော အလုပ်သမားများသာ ရှိခြင်းကြောင့် နေ့ဘက်နှင့်ယှဉ်လျှင် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်ဟု ဆိုရပေမည်။

သူ့လက်မှ လက်ပတ်နာရီက ည ၁၁ နာရီကို ညွှန်ပြနေသည်။ သူနှင့်အတူ တာဝန်ကျသော ဝန်ထမ်းအသစ်ကို ထမင်းစားတော့ဆိုသည့် သဘောနှင့် မျက်ရိပ်ပြလိုက်သည်။ ညတာဝန်ကျဝန်ထမ်းတွေအတွက် ထမင်းစားချိန်က ည ၁၁ နာရီမှ ၁၂ နာရီအထိဖြစ်သည်။ ညဂျူတီအတွက် ထမင်းစားချိန်ဥသြမဆွဲတာကိုက မင်္ဂလာတစ်ပါးဖြစ်သည်။ နေ့ဂျူတီကျလျှင် အလုပ်ဆင်း/တက် ဥသြဆွဲသံသည် ဒုတိယကမ္ဘာစစ် ကျွဲလေယာဉ်များ ဗုံးလာကျဲလျှင် အချက်ပေးသော ဥသြသံမျိုးနှင့် တူသည်ဟု သူထင်သည်။ လွန်စွာ စိတ်ညစ်ငြူးဖွယ်ရာ အသံဖြစ်သည်။ သို့သော် ဤငှက်ဆိုးထိုးသံ၊ ဗုံးကျဲခါနီးအသံကြီးနှင့် ၁၁ နှစ်ကြာမျှ ယဉ်ပါးကာ အလုပ်လုပ်ခဲ့ပြီး လုပ်သက် ၁၁ နှစ်အတွင်း ဒီတစ်ခါပဲ ညဂျူတီကျခြင်းဖြစ်သည်။ အမြဲဆူပူပွက်လောညံလျှက် အလုပ်ပြီးအောင် အတင်းတွန်းထိုးတတ်သော ဖိအားများနှင့် အခိုက်အတန့်ဝေးနေခြင်းကို သူသဘောကျသည်။ သင်္ဘောကျင်းအင်ဂျင်နီယာ တစ်ယောက်အတွက် နားအေးပါးအေး အလုပ်လုပ်ခွင့် ရခြင်းသည် ရှားရှားပါးပါး နိဗ္ဗာန်ပါပေတကား။

ဒါကလည်း ကံပဲဖြစ်သည်။ အမှန်အားဖြင့် နေ့ဘက်ပုံမှန်အလုပ်ဖိအားများသည် သူ့တာဝန်ဖြစ်သည်။ သူတာဝန်ကျသော သင်္ဘောမှ Mian Switchboard ကို power တင်ပြီး System တချို့ကို run ထားသည်ဖြစ်ရာ ညဘက် Standby စောင့်ဖို့ ဖြစ်လာသည်။ ဖြစ်ချင်တော့ သူ့ဇနီးက ဤအခိုက်အတန့်တွင် အလုပ်ထွက်ထားသည်ဖြစ်၍ အိမ်တွင်အမြဲရှိသည်။ သူ့လုပ်ဖေါ်ကိုင်ဘက် အင်ဂျင်နီယာ၏ ဇနီးသည်မှာမူ နေ့လည်ဘက်အလုပ်သွားရသည်ဖြစ်၍ သူတို့ချင်းညှိနှိုင်းကာ ညဂျူတီကို သူယူလိုုက်ခြင်းဖြစ်သည်။ အကယ်အန္တု ညဂျူတီသမားက ဘာအလုပ်မှ အများကြီးလုပ်လို့ရသည်မဟုတ်။ နေ့သမားကသာ ဖိအားတွေအများကြီးနှင့် တစ်နေကုန်တစ်နေခမ်း နပန်းလုံးပေရော့။ သကောင့်သားခင်မျာ မိန်းမနှင့် ညဘက်လေးအတူနေရဖို့အရေး မြောက်များလှစွာသော တာဝန်များနှင့် ဖိအားများကို ယူလိုက်ရရှာသည်။ စိတ်တော့မကောင်း။ သို့သော် မတတ်နိုင်။ လုပ်ငန်းခွင်ဆိုသည်က အခါခပ်သိမ်း အခွင့်အရေး ညီမျှနိုင်သည်မဟုတ်။ ဒီအမျိုးကောင်းသားလေးက အလုပ်ကို သူ့ယောက္ခမအလုပ်လို သဘောထားပြီး လုပ်တတ်သလို မိန်းမကို ရိုရိုသေသေချစ်သည့် နေရာမှာလည်း ပြိုင်ဘက်ကင်း ဘက်တူသူမရှိ ဖြစ်သည်။

သူ့နှင့်တွဲကာ ညတာဝန်ကျသော ဝန်ထမ်းအသစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သော်ငြား ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ နေရပ်ကို မေးကြည့်တော့ စစ်တကောင်းက။ မြန်မာပြည်နှင့် ကပ်လျှက်နယ်စပ်မှ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ဘင်္ဂလားဟူသည် တွေ့ရခဲပါဘိခြင်း။ ပြီးတော့ ရုပ်ရည်က ကုလားနှင့်မတူ။ မြန်မာရုပ်ပေါက်နေသည်။ မြန်မာလိုတော့ မပြောတတ်။ သူ့အဘိုးအဘွားတွေက မြန်မာပြည်က ကူးလာတာ ဖြစ်နိုင်သည်ဟု ထင်သည်။ သူတို့က စစ်တကောင်းဆိုသော်လည်း တောင်ပေါ်မှာ နေသည့် ဗုဒ္ဓဘာသာလူမျိုးစုတွေ ဖြစ်သည်ဟု ဆိုသည်။ အင်း…နယ်စပ်ဆိုတာကတော့ ဟိုဘက်ဒီဘက် အရောရောအနှောနှော ဖြစ်နိုင်သည်ပဲ။

သူလည်းထမင်းစားဖို့ သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။ သင်္ဘောပေါ်မှ အဆင်း သူ့ရှေ့မှ အလုပ်သမားတစ်ယောက် အထုတ်အပိုးတွေ မနိုင်မနင်းနှင့် လက်နှစ်ဖက်စလုံး မအားရအောင် သယ်ပိုးပြီး Gangway တလျှောက် တက်လာသည်ကို တွေ့လိုက်သဖြင့် အသာရပ်စောင့်နေလိုက်သည်။ တက်လာသော အလုပ်သမားခင်မျာ သူ့အထုပ်တွေသူ အာရုံစိုက်နေရင်းမှ ခေါင်းမော့အကြည့် သူ့ကိုကြည့်နေသော အရာရှိကိုတွေ့တော့ လက်နှစ်ဖက်မှ အထုပ်တွေကို လက်တစ်ဖက်တည်းနှင့် စုကိုင်ပြီး Gangway လက်ရမ်းကို ကိုင်ဖို့ ကမန်းကတမ်း ကြိုးစားလိုက်သည်ကို သူမြင်ဖြစ်အောင် မြင်လိုက်သေးသည်။ 

သင်္ဘောကျင်း စည်းကမ်းအရ ပစ္စည်းသယ်လျှင် လက်နှစ်ဖက်အပြည့်မသယ်ရ။ လက်တစ်ဖက်က လက်ရမ်းကို ကိုင်တက်ရသည်။ လက်နှစ်ဖက်စလုံး မအားဘဲ Gangway တက်လျှင် မတော်တဆ ခြေချော်ကျပါက သက်သာဖွယ်ရာမမြင်သောကြောင့် ဤစည်းကမ်းကို ထုတ်ထားရခြင်း ဖြစ်သည်။ သို့သော် အစကတည်းက အပျင်းထူပြီး နှစ်ခေါက်မသယ်ချင်၍ မနိုင်မနင်းသယ်လာပြီး ယခုမှ အရာရှိကို မြင်၍ လက်ပြောင်းသယ်ဖို့ ကြိုးစားခြင်းက ပို၍ အန္တရာယ်များလေရကား လက်ကာပြကာ ရပ်ခိုင်းလိုက်သည်။ Gangway တဝက်မှ ထိုအလုပ်သမားဆီ သူဆင်းသွားလိုက်ကာ လက်တစ်ဖက်က အထုတ်ကို လှမ်းယူပြီး အပေါ်သို့ တင်ပေးလိုက်သည်။ ပြီးတော့ နောက်နောင် ဤကဲ့သို့ မလုပ်ဖို့ သတိပေးပြီး သူဆင်းလာခဲ့သည်။ သူ့စိတ်က ဇနီးသည် ထည့်ပေးလိုက်သော ညလယ်စာ ထမင်းဘူးဆီသို့သာ ရောက်နေသည်။ သူ ဆာနေပေပြီ။

အေးစက်နေသော်လည်း ချဉ်ရည်ဟင်းလေးနှင့် စားရတော့ စားလို့ကောင်းလှသည်။ ချဉ်ရည်ဟင်းနှင့် ထမင်းစားရင်း ကျွဲရိုင်းဘူးချဉ်ချဉ်လေး သောက်တော့ အချဉ်ဝမ်းဆက်ဖြစ်သွားသည်ကြောင့် အိပ်ချင်စိတ်တို့ပျောက်ကာ လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ ထမင်းစားပြီးတော့ သောက်ထားသော အအေးဘူးခွံကို လွှင့်ပစ်ဖို့ အမှိုက်ပုံးဆီ သူလျှောက်လာခဲ့သည်။ ဘူးခွံကို လွှင့်ပစ်ပြီး ပြန်အလှည့် ဝပ်ရှော့တစ်ခုရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတုံ့ကနဲ ရပ်လိုက်သည်။ ကြောင်အနက်ကြီး တစ်ကောင်ကားလမ်းပေါ်မှာ အေးအေးလူလူ အိပ်နေသည်။ သူ စိတ်ထဲမှာ အနည်းငယ်ပူသွားသည်။ ဟာ… ဒီကောင်ကြီးတော့ ဒုက္ခပါပဲ… တော်တော်ကြာ Folklift နဲ့ တိုးလို့ တက်ကြိတ်မိတော့မှာပဲ…။ ညဘက်မီးတွေ ထွန်းထားသည်ဆိုသော်လည်း နေ့လည်ခင်း နေရောင်လို လင်းတာတော့ မဟုတ်။ နေ့ဘက်လောက် မများသော်လည်း သင်္ဘောကျင်းလမ်းဆိုသည်မှာ Forklift တွေ ဥဒဟိုမောင်းနှင်နေသော လမ်းတွေဖြစ်သည်။ ညကမှောင်မှောင်မှာ ဒင်းအရောင်ကလည်း မဲမဲနှင့် မတော်လို့ တက်ကြိတ်မိရင် Folklift အသေးနှင့်ဆိုရင် ပလာတာလောက် ကျန်ဦးမည်။ Folklift အကြီးနှင့်တိုးလျှင် ကော်ပြန့်ဖတ်ဖြစ်သွားနိုင်သည်။
သူလမ်းလယ်ခေါင်သို့ လျှောက်သွားလိုက်သည်။ 

“ဟေ့ကောင်ကြီး….ထ…ထ…..”

ငကြောင်က သင်္ဘောကျင်းထဲက တရုတ်အလုပ်သမားတွေလို နားလည်ပါရက်နှင့် နားမလည်ချင်ယောင်ဆောင်ပြီး ဝေါ်ပုကျစ်သောက် လုပ်နေသည်။ စင်ကာပူကကြောင်ဆိုတော့ မြန်မာလို နားမလည်တာဖြစ်မည်။

“Hey!!!… wake up lar…”

သူ စင်္ကာပူလေသံနှင့် ပြောသည်။ ငပျင်းက မထ။ ဘင်္ဂလားအလုပ်သမားတွေ စတိုင်ဖမ်းကာ ရူးချင်ယောင်ဆောင်ပြီး ထုံပေပေ၊ ပေကပ်ကပ် ကြောင်တောင်တောင် လုပ်နေသည်။ သို့နှင့် ခေါင်းကိုအသာပုတ်ကာ စ ကြည့်လိုက်သည်။ ကြောင်နက်ကြီးက ခပ်တည်တည်ပင် အိပ်ယာမှမထဘဲ သူ့လက်ကို ခေါင်းနှင့်ခွေ့လိုက်သေးသည်။ သို့နှင့် သူကြောင်နက်ကြီးကို ခါးမှ မ ချီပြီး သူရုံးစိုက်ရာ ကွန်တိန်နာ အနီးသို့ သယ်လာခဲ့သည်။ ဒီတစ်ခုတော့ မြန်မာတွေနှင့် တူသည်။ အကြောက်အလန့်မရှိ အေးအေးဆေးဆေးပင် လိုက်လာသည်။ ပြီးတော့ ကွန်တိန်နာအနီး လှေကားရင်းဘေးဘက်တွင် ချပေးလိုက်တော့ အိုက်တင်မပျက် ဝပ်ကာထိုင်သည်။ မအော်ချင့်အော်ချင် အသံ တိုးတိုးလေး တစ်ချက်အော်သည်။ သူ ညဘက် အခါမဟုတ် ဗိုက်ဆာလျှင်စားဖို့ ဇနီးသည်ဝယ်ပေးထားသော ခေါက်ဆွဲခြောက်တစ်ထုပ်ကို ဖောက်၍ကျွေးလိုက်သည်။ ကြောင်နက်ကြီးလည်း မြန်မာလူမျိုးနှင့် ပေါင်းတော့မှ ပြုတ်စားရသည့် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲ စာကလေးခွေလို စားရသည်ကို ခံတွင်းတွေ့သွားဟန်တူသည်။ တစ်ထုပ်လုံးကုန်အောင်စားပြီး သူ့လက်ကို နှုတ်သီးဖြင့် ပွတ်သီးပွတ်သပ်လုပ်လိုက် ခေါင်းနှင့်ခွေ့လိုက် လုပ်နေလေသည်။ ကြောင်နက်ကြီးဘေးက လှေခါးထစ်ပေါ်မှာ သူထိုင်လိုက်သည်။ သင်္ဘောပေါ် ပြန်မတက်မီ ၄၅ မိနစ်လောက် အချိန်ရနေသေးသည်ပဲ။

အေး… မင်းအရောင်ကလည်း မှောင်လို့မည်းလို့။ ဒါပေမဲ့ လူနဲ့ မစိမ်းဘဲ ပေါင်းစားတတ်တော့ ဗိုက်ပြည့်တာပေါ့ကွာ။ စားသာတာပေါ့။ တချို့ကြောင်တွေက မင်းလိုမဟုတ်ဘူးကွ။ ချက်စားတတ်တဲ့ လူတွေဆိုတာ မကြားဖူးတဲ့ စင်ကာပူမှာ နေပြီး အလကားနေကြောက်နေတဲ့ ကြောင်ငပေါတွေ ရှိတယ်ကွ။ တို့နိုင်ငံမှာလို အိမ်မွေးကြောင်ကိုတောင် ခိုးပြီးရိုက်သတ်ချက်စားတတ်တဲ့ လူတွေနဲ့ တွေ့ရင် ဒင်းတို့ဘယ်လိုများ နေမယ်မသိဘူး။ 

လူတွေအများစုက အမည်းရောင်ဆို မကြိုက်ကြဘူးကွ။ မင်းလို ကြောင်အမည်းဆို နိမိတ်မကောင်းဘူးလို့ ယူဆတတ်ကြသေးတယ်။ ရှေးလူကြီးတွေဆီက တစ်ဆင့်တစ်ဆင့် သယ်လာတဲ့ အယူအဆပေါ့ကွာ။ ဟိုတုန်းကလူကြီးတွေ ကြောင်အမဲကို မကြိုက်ရခြင်းအကြောင်းက ငါထင်တာတော့ သူတို့ခေတ်မှာ လျှပ်စစ်မီးကလည်း မရှိသေး၊ ညဘက်ဆို ဆီမီးခွက်လောက်နဲ့ နေရတာဆိုတော့ မှောင်မှောင်မဲမဲထဲမှာ ကြောင်အနက်ကို မမြင်မစမ်း တက်နင်းမိတတ်သမို့ ကြောင်ကုတ်ခံရဖို့ များလို့..လို့ ထင်ပါရဲ့ကွာ။ ငါထင်တာ ပြောတာပါ။ စင်ကာပူကို ရောက်ခါစ ငါ့ Supervisor ဆို ကြောင်အလွန်ကြောက်တဲ့ ပုဂ္ဂိုလ်ကွ။ သူ့ရုံးခန်းထဲက ကွန်ပျူတာမှာ ပြုံးနေတဲ့ ကြောင်တစ်ကောင်ပုံ တင်ထားတာကိုတောင် သူ့မှာ နိမိတ်မကောင်းဘူတွေရော… ဘာတွေရော… ငါ့ကို ပြောလိုက်တာ စုံသွားတာပဲ။ အမှန်ကတော့ သူ့ဟာသူ ကြောက်ချီးပန်းတာပါကွာ။ အလွန်ချစ်စရာကောင်းတဲ့ ပုံ၊ အခုထိ အင်တာနက်မှာ လူတွေသဘောကျလို့ ခဏခဏ download လုပ် လုပ်ခံရတဲ့ ကြောင်ပုံပါကွာ။ ကြောင်ပြုံးတာကတော့ Photoshop ပေါ့ကွာ။

တချို့က ပြောသေး၊ ကြောင်တွေမှာ စိတ်ကောင်းရှိတဲ့ကြောင်က အရောင်အဖြူ၊ အဝါ စသဖြင့် ဖြစ်ပြီးတော့ စိတ်ကောင်းမရှိတဲ့ကြောင်က အမဲရောင်ဆိုပဲ။ သူတို့အလို အတိုင်းဆို မင်းက စိတ်ကောင်းမရှိတဲ့ ကြောင်ကြီးပေါ့…ဟား..ဟား…။ ငါကတော့ အဲဒီလို တောက်တီးတောက်တဲ့ အူကြောင်ကြောင်အယူအဆတွေ မရှိပါဘူးကွာ။ ငါ့အတွက်တော့ မင်းလည်း ချစ်စရာကောင်းတဲ့ သာမာန်ကြောင်တစ်ကောင်ပါပဲ။ မင်းအရောင် မဲတာ ငါကသာတောင် သဘောကျသေးတယ်။ အပေအတေ ခံတာပေါ့ကွာ… မဟုတ်ဘူးလား။ ဒါပေမဲ့ အဖြူပေတော့ မဲသတဲ့… အမဲ ပေတော့ ဖြူသတဲ့ကွ။ ဖြူဖြူမဲမဲ ညစ်ပတ်တာတော့ မကောင်းဘူးပေါ့ကွာ။ အခုပဲကြည့်လေ မင်းက မဲပေမဲ့ ဘာမှ ပေကျံနေတာ မရှိဘဲ မဲပြောင်နေတော့ ငါကောက်ချီလာလို့ ရတာပေါ့။

ကြောင်နက်ကြီးက ထောက်ခံသည့်အလား ပေါင်တစ်ချောင်းထောင်၍ သူ့ဗိုက်ပေါ်၍ အမွှေးများကို သူကဖာသာသူ လျှာဖြင့်လျက်ရင်း သန့်ရှင်းနေလေသည်။ ကြောင်တစ်ကောင်၏ ဘဝ သုံးပုံတစ်ပုံမှာ သူ့အမွှေးသူ သန့်ရှင်းခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိသည်ဟု ကြားဖူးသည်။ ဟုတ်မဟုတ်တော့ မသိ။

ငါတွေ့ဖူးတဲ့ အပျိုကြီးတစ်ယောက်ဆို သူ့မှာ ကြောင်အဝါကျားလေးတစ်ကောင် ရှိသကွ။ ကြောင်ကလေးက ကြောင်မလေးဆိုတော့ လာပြီးပိုးတဲ့ ပန်းတဲ့ ကြောင်ထီးတွေ ရှိတာပေါ့ကွာ။ လာပတ်တဲ့ကြောင်ထီးက မင်းလို ကြောင်မည်းကြီးတွေဘာတွေဆိုရင် သူက သဘောမတူဘူးကွ။ အဲဒီတော့ အပျိုကြီးက ဘာလုပ်တယ်ထင်သလဲ။ သူ့ကြောင်မလေးကို ကြက်ဖမ်းတဲ့ ခြင်းကြားကြီးနဲ့ အုပ်ထားတတ်သကွ။ ကြောင်မလေးက ခြင်းထဲကတညောင်ညောင်အော်… အပြင်က ကြောင်ထီးကတညောင်ညောင်အော်…. ချစ်ခြင်းကို မခွဲပါသီချင်းကို ကြောင်ဗားရှင်းနဲ့ပေါ့ကွာ…..။ လာပတ်တဲ့ကြောင်က အဝါရောင်ကလေး၊ အဖြူရောင်ကလေးဆိုရင်တော့ သူက လွှတ်ပေးသကွ။ သူသဘောတူတယ်ပေါ့လေ။ ဒီအပျိုကြီးနှယ် သူ့ဟာသူဂျီးထူပြီး ယောကျင်္ားမရတာ မမှတ်သေးဘူး။ ကြောင်ကိုုပါ လိုက် ပိတ်ပင်နေတော့ နောင်ဘဝလည်း အပျိုကြီးပဲ ဖြစ်ဦးမယ် ထင်ပါရဲ့ကွာ…ဟီး…ဟီး။ နောက်ဆုံးတော့ သူ့ကြောင်မက သားပေါက်ပါလေရော။ ဘာရောင်ဖြစ်မယ် ထင်လို့တုန်း….။ ပေါက်လာတဲ့ ကြောင်ကလေး သုံးကောင်မှာ မင်းလို ကြောင်အမဲကလေး တစ်ကောင်ပါလို့ဆိုပြီး အပျိုကြီး ဆွေ့ဆွေ့ကို ခုန်နေရောဟေ့…။ သူဒီလောက် ဂရုစိုက်နေရင်းက ဒီလို ဖြစ်ရတယ်ပေါ့ကွာ….. ဟား…ဟား…။

ငါ့မှာလည်း အရင်က ကြောင်မကြီးတစ်ကောင် ရှိခဲ့ဖူးသကွ။ ကြောင်တွေမှာ ဓါတ်ပုံမစားတဲ့ ကိုယ်နေဟန်ထားမျိုး မရှိဘူးတဲ့ကွ။ အဲဒီစကားက အမှန်ပဲ။ ငါ့ကြောင်မကြီး ဘယ်လိုနေနေ ငါ့မျက်စိထဲမှာ အင်မတန်လှတာကွ။ ပြောရမယ်ဆိုရင်တော့ မင်းနဲ့တော့ တကယ့်ဆန့်ကျင်ဘက်ပဲ။ အဲဒီလို ပြောလို့ မင်းကို မလှဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ မင်းကလည်း မင်းအလှနဲ့ မင်းပေါ့။ ငါ့ကြောင်မကြီးကတော့ တစ်ကိုယ်လုံး အဖြူစွတ်စွတ်ရယ်။ မနက်ခင်းနေရောင်အောက်မှာ ခြံထဲကမြက်ခင်းစိမ်းစိမ်းပေါ်မှာ နေဆာလှုံပြီး ထိုင်နေရင် ဝါဂွမ်းပုံကြီး ချထားသလိုပဲ။ သူ့ကိုယ်ပေါ်က အမွှေးဖြူဖြူလေးတွေရဲ့ ထိပ်ဖျားလေးတွေမှာ ရွှေရောင်လေးတွေ လက်နေသလား ထင်ရတယ်ကွ။
အံမယ်….. အပေါ့အပါးသွားရင် သူကရှက်တတ်သေးတယ်ကွ။ တကယ့်မမြင်ကွယ်ရာ ခြံထဲက မြက်ပင်ရှည်ရှည်တို့၊ ခြုံဖုတ်တို့ထဲမှာ ဘေးဘီကို ကြည့်ပြီးမှ သွားတာဟေ့။ ငါက သူ့ကို စ ချင်တော့ သူအဲဒီလို သွားနေတုန်းကျမှ ဘေးနားခပ်လှမ်းလှမ်းကနေ ဟဲ့… ဘာလုပ်နေတာလဲ… ဆိုပြီး လှမ်းအော် လိုက်ရင် မအီမလည် ဖြစ်သွားတဲ့ မျက်နှာက တကယ်ရယ်ရတယ်ကွ.. သိလား။

 ကြောင်တစ်ကောင်ရဲ့ မျက်နှာမှာလည်း ကြည့်တတ်တဲ့လူအတွက် ခံစားချက်ဆိုတာ မြင်ရတာပါပဲကွာ။ လူတွေလို ငိုစားရယ်စား မရှိပေမဲ့ ငါထင်တာတော့ မျက်လုံးကွ။ တိရိစ္ဆာန်မှာလည်း မျက်လုံးက ရန်လိုမှု၊ မနာလိုမှု၊ နှစ်သက်မှု၊ ကြောက်ရွံ့မှုတွေကို တွေ့နိုင်တာပါပဲကွာ။ ပြီးတော့ ငါ့ကြောင်မကြီးက 
သားပေါက်ရင် ဖေါ်မြူလာနဲ့ ပေါက်တာကွ။ ပထမမွေးတာ တစ်ကောင်တည်း။ နောက်တစ်ခါ မွေးရင် နှစ်ကောင်။ နောက်တစ်ခါမွေးရင် တစ်ကောင်။ နောက်တစ်ခါမွေးရင် နှစ်ကောင်။ အဲဒီလိုမျိုး sequence နဲ့ သွားတာ။ တစ်ကောင်တည်းမွေးရင် သူ့လိုပဲ အဖြူစွတ်စွတ်။ နှစ်ကောင်ဆိုရင် တစ်ကောင်က စွတ်စွတ်ဖြူ၊ နောက်တစ်ကောင်က အနက်ကွက်ကလေးနဲ့။ အဲဒါ သူ့ဖေါ်မြူလာပဲ။

ဟာ….ကဲ… ပြောရင်းဆိုရင်း ဖေါ်မြူလာကထက် အရေးကြီးတာ ဆယ့်နှစ်နာရီက ထိုးပဟ…. ငါသင်္ဘောပေါ် ပြန်တက်လိုက်ဦးမယ်…။ နောက်နေ့ မင်းနဲ့ တွေ့ရင် ဆက်ကြတာပေါ့ကွာ..နော်....

(သရုပ်ဖေါ်ပုံများကို Google  မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...