ကျွန်နော် ခပ်ငယ်ငယ်၊ ၉ တန်း ၁ဝတန်းလောက် ထင်ပါရဲ့။ Mr. Guitar ဆိုင် ရန်ကုန်မှာ စ ဖွင့်ပါတယ်။ ကော်ဖီ ၂၄ မျိုးနဲ့ စ ဖွင့်တယ်လို့တော့ မှတ်မိတယ်။ အဲဒီတုန်းက မြန်မာတစ်ပြည်လုံးမှာ လက်ဖက်ရည်ဆိုင်တွေသာ မှိုလိုပေါက်နေတာ။ ကော်ဖီဆိုင်ရယ်လို့တော့ မကြားဖူးသေးတဲ့အချိန်။ အဆိုတော်နေမျိုးဆေးရဲ့ နေပါရစေသီချင်းက ခေတ်စားနေတုန်း။ ကိုနေမျိုးဆေးက Mr. Guitar ကို စ ဖွင့်တယ်ဆိုတော့ စိတ်ဝင်စားတာပေါ့။ သူ့သီချင်းကို ကြိုက်တာလည်းပါ၊ ကော်ဖီဆိုတာ ကော်ဖီမှုန့်ရယ်၊ သကြားရယ်၊ နို့ဆီရယ် ရောပြီး ရေနွေးနဲ့ ဖျော်တာလောက် သိတဲ့အချိန်ဆိုတော့ ကော်ဖီ ၂၄မျိုးဆိုတာ ဘယ့်နှယ့်ဟာပါလိမ့်ပေါ့။
ကိုယ့်အိမ်စီးပွားရေးနဲ့ သူ့ကော်ဖီဆိုင်လည်း မကပ်နိုုင်ပါဘူးဗျာ။ စဉ်းစားကြည့်လေ၊ သာမာန် လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ်လောက်ပဲ ရှိတဲ့အချိန် သူ့ဆိုင်က ကော်ဖီတွေက ၂၅ဝကျပ်တွေ ၁ဝဝဝကျပ်တွေဗျ။ မဂ္ဂဇင်းတစ်ခုမှာ Mr. Guitar နဲ့ အင်တာဗျူးထားတာလေး မှတ်မိပါရဲ့။ မှတ်မိသလောက်လေး ပြန်ပြောပါ့မယ်။