Friday, July 24, 2015

ပုဏ္ဏက တိုက်သည် ဆိုရာဝယ် (၁)


ဘိုဘိုဟန်ရဲ့ ပီကေသီချင်းတွေ ရေးပေးတဲ့ တေးရေး ပုဏ္ဏက ကို ပြောချင်တာမဟုတ်။ အခုပြောမဲ့ ပုဏ္ဏက က လိုင်းတစ်မျိုး။ အခြားဘီလူးတွေက ဒါမျိုးတွေနဲ့ နာမည် မပျက်ဘူးဗျ။ ပုဏ္ဏကဘီလူးဆိုတာ ဘုရားအလောင်းတော်ရဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ထဲက ဝိဓူရဇာတ်မှာ နဂါးမချောချောလေးကို ဖွန်ကြောင်ချင်တာနဲ့ အလောင်းတော် ဝိဓူရအမတ်ကြီးကို မြင်းနောက်မှာတင်ပြီး မသေသေအောင် လုပ်ကြံခဲ့တဲ့ ဘီလူးဗျ။

တကယ်တော့ နဂါးမကြီးက Clear Instruction မပေးလို့ သူလည်း သူထင်ရာလုပ်တယ် ထင်တာပါပဲ။

ဝိဓူရကို ခေါ်ပေးဆိုလည်း ပြီးတဲ့ဟာကို ဝိဓူရရဲ့ နှလုံးသားကို စားချင်ပါတယ်ဆိုတော့ ဘီလူးကလည်း ခပ်ပိန်းပိန်း.... နားမလည် ပါးမလည်နဲ့ ကသမ်းကရမ်းတွေ လုပ်လိုက်တာ ဘုရားအလောင်းခင်မျာ ကံကောင်းလို့ မသေတယ်။ နောက်ဆုံးတော့ နဂါးမလေးလည်း ဘီလူးနဲ့ ညားပြီး အဖတ်တော့ တင်တာပေါ့လေ။ နဂါးမကလည်း မျိုးမစောင့်ဘူး… အဟုတ်။

သူတို့ လင်မယားက ဘာလေးမွေးလည်းတော့ ဇာတ်တော်ထဲမှာ မပါတော့ မသိဘူး။ ဒီမှာတော့ ထစ်ကနဲရှိ ပုဏ္ဏက… ပုဏ္ဏက… နဲ့။ ဘီလူးထဲမှာ ဒီဘီလူးကတော့ အတော်နာမည်ပျက်နဲ့ လူသိပေမဲ့ ဝိဓူရရဲ့ တရားကို နာဖူးတဲ့ ဘီလူးဆိုတော့ ပုဏ္ဏက ကိုယ်တိုင်က ဒီလောက် ဆိုးတော့မယ် မထင်ပါဘူး။ ခုဟာတွေက ဘာဘီလူးတွေလည်းတော့ မသိ။ ကြမ်းတာတော့ အမှန်။


ဒီစာကို မယုံရင် မဖတ်နဲ့လို့တော့ အစကတည်းက စကားပလ္လင်ခံရပေလိမ့်မယ်။ ဘာကြောင့်တုန်းဆိုတော့ နီးစပ်ရာ ပတ်သက်ရာထဲက ကြုံဖူးကြားဖူးတာလေးတွေကို ဗဟုသုတနည်းနည်းစွက်လို့ ဖတ်ကောင်းအောင် ပြန်ရေးတာမို့လို့ပါ။ အစွဲ နဲ့ တစ်စီးရီးထဲလို့ ပြောလို့ရပေမဲ့ အစွဲအလန်းကြောင့်ချည်း မဟုတ်ဘဲ နောက်ထပ်တစ်မျိုးလေး ပါနေတာကြောင့် ပေါ့။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီရက်ထဲ အစွဲအလန်းတွေ၊ ဒေါသတွေ၊ မာနတွေနဲ့ သေဆုံးသွားရတဲ့ အာဏာရှင်လက်ကိုင်တုတ် ဝန်ကြီးတစ်ယောက်အကြောင်း စဉ်းစားမိရာက အဲဒီ ထူးထူးဆန်းဆန်းတွေကို အာရုံကျနေလို့ မှတ်မိတာလေးတွေနဲ့ အမျိုးထဲက ကြုံဖူးတာလေးတွေ ဝေငှတာပါပဲ။


ပုဏ္ဏက တိုက်တယ် ဆိုတာကို အင်္ဂလိပ်လို Poltergeist လို့ ခေါ်ပါတယ်။ အမှန်တော့ ဂျာမန်ဝေါဟာရပါ။ ဆူညံတဲ့ ဝိညာဉ်များလို့ အဓိပ္ပါယ်ရပါသတဲ့။ ပုဏ္ဏကတိုက်တဲ့ ဖြစ်စဉ်တွေအားလုံးဟာ ထူးထူးဆန်းဆန်း ကြောက်စရာတွေ ဖြစ်ရပ်ဆန်းတွေပါပဲ။ သရဲတစ္ဆေ အဆက်မပြတ် ဝင်ရောက်ပူးကပ်တာက စလို့ အိမ်ကို ကျောက်တုံးနဲ့ ဘယ်ကမှန်းမသိ ပစ်တာမျိုးတွေ၊ အိမ်ထောင်ပရိဘောကတွေ လေထဲလွင့်ပျံပြီး နံရံတွေနဲ့ တိုက်မိပျက်စီးတာတွေ၊ ဘယ်သူမှ မရှိဘဲ ဆူဆူညံညံအသံ ကြားရတာမျိုးတွေ၊ ဘယ်ကမှန်းမသိ မီးတောက်တွေ ထွက်လာတာ၊ ရေတွေ ပန်းထွက်တာ၊ ပစ္စည်းတွေ မျက်စိအောက်တင် ပျောက်သွားတာ၊ နံရံတွေ မှန်တွေပေါ်မှာ အလိုအလျှောက် စာတွေပေါ်လာတာ၊ ဘာမှ မရှိဘဲ ပေါက်ကွဲသံကြားရတာမျိုးတွေ စတဲ့ ထူးထူးဆန်းဆန်းတင်မက ကြမ်းကြမ်းတမ်းတမ်းထိ ပါဝင်တဲ့ ကိစ္စမျိုးတွေကို သာမာန်သရဲခြောက်တာထက် ထူးခြားလို့ ပုဏ္ဏကတိုက်တယ် လို့ ဆိုတာပါပဲ။

ပုဏ္ဏက တိုက်တဲ့ကိစ္စတွေကို လေ့လာကြည့်ရင် အစောဆုံးအနေနဲ့ အေဒီ ၅၃၀ လောက်ကတည်းကလို့ ဆိုပါတယ်။ နောက်တစ်ခါ ထူးထူးဆန်းဆန်း ကျောက်ခဲတွေ မိုးရွာသလို ရွာကျတာ၊ တစ်ယောက်ယောက်က ပစ်လိုက်သလို ခဲ(ဂဲ)လုံးတွေ ဘယ်ကမှန်းမသိ ထွက်လာတာမျိုးတွေက နောက်တစ်မျိုးပါ။ ဖြစ်ရပ်တချို့ကို ပြောပြပါ့မယ်။

၁၉၀၁- ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့မှာ Ohio ပြည်နယ်က Harrisonville ရွာကလေးမှာ ကျောက်တုံးတွေ ကောင်းကင်ကနေ မိုးရွာသလို ရွာကျခဲ့ပါတယ်။ ၁၉၀၃ခုနှစ် စုမတြာကျွန်းမှာလည်း W.G Grottendieck ဆိုသူဟာ သန်းခေါင်ကျော် ၁ နာရီလောက်အချိန်ကြီး အိပ်မောကျနေတုန်း သူ့အခန်းထဲကို အနက်ရောင် ကျောက်ခဲလေးတွေ ကျလာတဲ့အတွက် သူလန့်နိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောက်ခဲလေးတွေဟာ ထိကိုင်လိုက်တဲ့အခါ ပူပူနွေးနွေးလေးဘဲ ရှိနေပြီး တံခါးတွေ ပိတ်ထားတဲ့ကြားက ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ကျောက်တုံးတွေဟာ ခပ်ဖြေးဖြေးလေး ကျလာတာကို သူ့မျက်စိနဲ့ မြင်လိုက်ရတယ်လို့ ဆိုပါတယ်။

၁၉၁၃- ခုနှစ်မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ Marcinelle က အိမ်တစ်အိမ်ဟာ ၄ ရက်ဆက်တိုက်  ကျောက်ခဲနဲ့ အပစ်ခံရတဲ့အတွက် ရဲတွေဟာ ၄င်းအိမ်ဘေးဝန်းကျင်ကနေ ကင်းပုန်းဝပ်ပြီး စောင့်ကြပ်နေခဲ့ကြပေမဲ့ ကျောက်ခဲတွေကျလာတာကိုသာ မြင်တွေ့ရပြီး ပစ်တဲ့သူကို လုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။ ၄ရက်အတွင်း ကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေဟာ အလုံးရေ ၃၀၀ လောက်ထိ ရှိခဲ့ပါတယ်။ ၁၉၂၁- ခုနှစ် မှာ ပြင်သစ်နိုင်ငံ Aedeche က စိုက်ပျိုးရေးခြံကြီးတစ်ခုမှာလည်း ၄လ လောက် ကြာအောင် ခြံထဲကို ကျောက်တုံးတွေ ကျနေခဲ့ပါတယ်။

၁၉၄၃- ခု နှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် Oakland က Mrs Irene Fellow တို့မိသားစုနေထိုင်ရာ အိမ်ကို နှစ်ပတ်တိတိ ကျောက်ခဲတွေနဲ့ ပစ်ခံရတဲ့အတွက် ရဲစခန်းက လာရောက် စစ်ဆေးကြည့်ရှုတဲ့ အချိန်မှာ နံရံတွေ၊ ပြတင်းပေါက်တွေမှာ ကျောက်ခဲ ထိမှန်ခံထားရတဲ့ အရာတွေ၊ ခြံဝင်းထဲမှာလည်း အပြင်က ရောက်လာတဲ့ ကျောက်ခဲတွေကို တွေ့ရပေမဲ့ ဘယ်နေရာက ပစ်လိုက်တဲ့ ကျောက်ခဲတွေမှန်း စုံစမ်းလို့ မရခဲ့ပါဘူး။ ၁၉၆၃- ခုနှစ် မတ်လ ၂၄ရက်နေ့က နယူဇီလန်နိုင်ငံ၊ ဝယ်လ်လင်တန်က အိမ်တစ်အိမ်မှာ ၇ နာရီလောက်ကြာအောင် ကျောက်ခဲတွေတင်မက အကြွေစေ့တွေပါ ကျခဲ့ပါတယ်။ နောက်ထပ် နှစ်ညတိတိ ဖြစ်ပြီးတဲ့နောက် သူ့ဟာသူ ရပ်သွားပါတယ်။


  မိုးပေါ်က ငါးတွေကျလာတာ၊ ဖါးတွေ ကျလာတာ၊ ပဲစေ့တွေ ကျလာတာမျိုးလည်း မှတ်တမ်းမှတ်ရာတွေနဲ့ကို ရှိပါတယ်။ ဒါပေမဲ့ ကောင်းကင်က ကျလာတဲ့ကိစ္စတွေနဲ့ ပါတ်သက်လို့တော့ ဖြေရှင်းချက်ရှိပါတယ်။ အဲဒါကတော့ တိုနေဒိုးလို့ ခေါ်တဲ့ လေဆင်နှာမောင်း တွေပါပဲ။ လေဆင်နှာမောင်းကို ကုန်းပေါ်မှာ တိုက်ခတ်ရင် လေဆင်နှာမောင်း၊ ရေထဲမှာတိုက်ခတ်ပြီး ရေတွေပါ စုပ်ယူဆွဲတင်သွားရင် ရေဆင်နှာမောင်း၊ ကုန်းပေါ်မှာ တိုက်ခတ်ပေမဲ့ မီးလောင်နေတဲ့ အရာတွေကိုပါ ဆွဲယူစုပ်တင်တဲ့အခါ မီးတွေပါ ပါလာပြီး မီးဆင်နှာမောင်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ကြပါတယ်။

တိုနေဒိုးတွေဟာ ရှိသမျှအရာအားလုံးကို သိမ်းကြုံးဆွဲတင်သွားပြီးနောက် တစ်နေရာအရောက် အားပျော့ပျက်ပြယ်သွားတဲ့အခါ ပါလာသမျှအရာအားလုံးဟာ မိုးရွာသလို ကျလာတော့တာပါပဲ။ ရေဆင်နှာမောင်းတစ်ခုဟာ ရေတွေတင်မက ငါးတွေပါ ဆွဲယူစုပ်တင်သွားပြီး ကုန်းတွင်းပိုင်းမှာ ပျက်ပြယ်သွားတဲ့အခါ ငါးတွေ ကောင်းကင်က ကျလာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျောက်ခဲတွေ ကျလာတာလည်း ဒီသဘောလို့ ပြောနိုင်ပါတယ်။


ဒါပေမဲ့ အပေါ်က ကျတာမဟုတ်ဘဲ ဘေးက ပစ်တာကျတော့ ထူးဆန်းပါတယ်။

အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်မှာ ၁၉၈၃-  ခုနှစ်ကလည်း Berkbigler မိသားစုဟာ အိမ်အသစ်တစ်အိမ်ကို ပြောင်းရွေ့လာခဲ့ပြီး နောက်မှာ အဲဒီအိမ်ကို ညနေ ၅နာရီခွဲကနေ ည ရနာရီအတွင်းမှာ ကျောက်ခဲတွေနဲ့ အကြိမ်ပေါင်းများစွာ ပေါက်တာ ခံကြရပါတယ်။ တာဝန်ရှိသူများ အဲဒီအိမ်ကို ရောက်လာတဲ့အခါ မှာတော့ သူတို့ကိုယ်တိုင် ကျောက်ခဲနဲ့ ပေါက်တာ ခံကြရပါတယ်။ ကျောက်ခဲတွေဟာ  အလွန်တရာမှ ကျဉ်းမြောင်းလှတဲ့ ကားဂိုဒေါင်ကြားထဲကနေ ဖြတ်သန်းပြီး ကားပြတင်းဆီ ရောက်လာ တာဟာ မယုံ နိုင်စရာ  ကောင်းလှတယ် လို့လည်း ရဲတွေက ဆိုပါသေးတယ်။

၁၉၇၃- ခုနှစ်မှာ နယူးယောက်က တံငါသည်နှစ်ယောက်နောက်ကို ကျောက်ခဲလေးတွေနဲ့ သူတို့ ဘယ်နေရာကိုသွားသွား အနောက်ကနေ ပစ်ပေါက်တာကို ခံခဲ့ကြရပါတယ်။ သူတို့နှစ်ဦးဟာ ငါးမျှားရာကနေ အိမ်ကို အပြန်မှာ ခုလို ကျောက်တုံးတွေနဲ့ ပစ်ခံရတာဖြစ်ပြီး ဘားတစ်ခု မှာ အရက်သောက်ဖို့ ပြန်ထွွက်လာကြချိန်မှာ ကျောက်တုံးတွေနဲ့ ထပ်ပြီးပေါက်ခံရပြန်ပါတယ်။ ပစ်တဲ့ တရားခံ၊ အထောက်အထားများကို ရှာမတွေ့ခဲ့ပါဘူး။


မြန်မာပြည်မှာတော့ နာမည်ကြီး ပုဏ္ဏကတိုက်တဲ့ ဖြစ်စဉ် ၂ ခုကို ကျနော် မှတ်မိပါတယ်။ တစ်ခုက မြေနီကုန်းက TV ဆိုင်မှာဖြစ်ပြီး နောက်တစ်ခုက သာကေတက အိမ်တစ်အိမ်မှာ ဖြစ်ပါတယ်။ ကျနော် အမှတ်မမှားရင် အဲဒီ ၂ ခုဟာ တစ်ခုနဲ့ တစ်ခု နှစ်တွေ သိပ်မကွာဘဲ ဖြစ်ခဲ့တာပါ။ သာကေတကိစ္စကိုတော့ အင်တာနက်မှာ ပြန်ရှာလို့မရသလို ကျနော်ကိုယ်တိုင်လည်း သေသေချာချာ မသိတဲ့အတွက် မတင်ပြနိုင်တော့ပါဘူး။ မြေနီကုန်းကိစ္စကတော့ ရှားရှားပါးပါး http://www.pyustate.com/ မှာ ရှာတွေ့ခဲ့တဲ့အတွက် အရသာပျက်မှာစိုးလို့ မူရင်းရေးသူကို ကျေးဇူးတင်စွာနဲ့ သူရေးတဲ့အတိုင်း ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။
 
၁၉၉၇ ခုနှစ်လား၊ ၁၉၉၈ ခုနှစ်လား သိပ်တော့ မသေချာတော့ပါ၊ ၁၉၉၇ ခုနှစ် ဖြစ်ဖို့ များပါတယ်။ ရန်ကုန်၊ စမ်းချောင်း မြေနီကုန်း မီးပွိုင့် လမ်းဆုံက တီဗွီအရောင်းဆိုင်တစ်ခုမှာ ပုဏ္ဍက တိုက်တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို လူ အတော်များများ မှတ်မိကြ၊ သိကြမှာပါ။


ရန်ကုန်မြို့ထဲက လူတွေ မြေနီကုန်း မီးပွိုင့်က အဲဒီ ပုဏ္ဍက တိုက်တယ်ဆိုတဲ့ တီဗွီအရောင်းဆိုင်ကို လာကြည့်တာ ဘယ်လောက်တောင် များသလဲ ဆိုရင် လမ်းနံဘေးမှာ စျေးသည်တွေတောင် စည်ပင်ရဲက မနည်း မောင်းထုတ်ရပါတယ်။ ရပ်ကွက်ထဲက ငယ်သူငယ်ချင်းတွေနဲ့ အဲဒီနားကို သုံး၊ လေးခေါက်နီးပါး သွား စပ်စုခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ အခေါက်တွေတုန်းကတော့ ပိတ်ထားတဲ့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ ထုပြီး အခန်းထဲက ပုဏ္ဍက သရဲကို လှမ်းအော်ပြီး စ’လိုက်၊ ထွက်ပြေးလိုက်နဲ့ပျော်စရာပါ။ နောက် အခေါက်တွေကြတော့ လုံထိန်းရဲတွေ ချထားလို့ အဲဒီ တီဗွီအရောင်းဆိုင်နံဘေးကို ကပ်လို့ မရတော့ပါဘူး။


ပထမတော့ ရိုးရိုးသရဲပါ၊ နောက်တော့ ၈၈ တုန်းက သေဆုံးခဲ့သူတွေရဲ့ ၀ိညာဉ်တွေ ခြောက်လန့်တယ်ဆိုတဲ့ အသံတွေပါ ရောထွက်လာတော့ စစ်အစိုးရလည်း စစ်တပ်ကို နေ့ရော ညပါ အစောင့်ချထားရတဲ့ VIP ပုဏ္ဍက သရဲ ဖြစ်လာပါတယ်။ ကျနော့် သူငယ်ချင်းတချို့က အဲဒီအနားတဝိုက်မှာ နေထိုင်လို့ သူတို့ဆီမှ တဆင့် သတင်းတချို့ ကြားရပါတယ်။ တီဗွီအရောင်းဆိုင်ရဲ့ ဆက်ဆံရေးကြောင့် ပြဿနာ ဖြစ်ပွားခဲ့တယ်လို့ ပြောကြပါတယ်။


တနေ့တော့ တီဗွီဆိုင်ကို ဘိုးတော်လိုလို၊ ရသေ့လိုလို ပုဂ္ဂိုလ်တစ်ဦး တီဗွီ လာဝယ်ပါတယ်။ ဆိုင်အနေနဲ့ လာဝယ်သူကို ဘောင်ချာပေးပါတယ်။ တစုံတရာ ပျက်စီးမှု၊ ချို့ယွင်းမှု ဖြစ်ခဲ့ရင် အဲဒီစျေးဝယ်ဘောင်ချာနဲ့ အမြန်ဆုံး လာပြန်ပို့ပေးဖို့၊ ဆိုင်အနေနဲ့လည်း ပြင်ပေးတာတို့၊ အသစ်နဲ့ လဲပေးတာတို့ လုပ်ပေးမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ နောက် တစ်လလောက် အကြာမှာ အဲဒီ စျေးဝယ်တဲ့ ပုဂ္ဂိုလ်ဆိုင်ကို ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ တီဗွီတစ်လုံးကို သယ်လာပါတယ်။ ဒီဆိုင်မှာ ဝယ်ထားတာဖြစ်ကြောင်း၊ ကြည့်ရူရာမှာ တီဗွီပေါ်မှာ အစင်းစင်း လိုင်းကြောင်းတွေနဲ့ ကြည့်မကောင်းကြောင်းပြောပါတယ်။ ဒါနဲ့ ဆိုင်က ဝန်ထမ်းဖြစ်သူက ဘောင်ချာပြဖို့ပြောတော့ သူ့ထံမှာ ဘောင်ချာ မရှိတော့ကြောင်း၊ ပျောက်ဆုံးသွားပြီးဖြစ်ကြောင်း ပြောပါတယ်။ တီဗွီဆိုင်က ဝန်ထမ်းလည်း ဆိုင်စည်းကမ်းအရ ဘောင်ချာမပါတဲ့ ပစ္စည်းကို တာဝန်မယူနိုင်ကြောင်း ပြောပါတယ်။ အဲလိုပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “မင်းတို့ဆိုင် ငါ့အကြောင်း၊ ကောင်းကောင်း သိစေရမယ်” လို့ ကြိမ်းဝါးပြီး ပြန်သွားပါတယ်။


အဲဒီနောက်တော့ ဇာတ်လမ်း စ’ပါတော့တယ်။ နေ့ခင်းဖက်ဆိုင်ထဲမှာ စျေးဝယ်သူရော၊ ဆိုင်ကလူတွေရော အစုံအလင်ရှိနေချိန်မှာ နောက်ခန်းထဲမှာ ရှိတဲ့ ရေခဲသေတ္တာဟာ အလိုအလျှောက် ပွင့်သွားပြီး အထဲက အမောပြေသောက်တဲ့အအေး ပုလင်းတွေ လေထဲမှာ လွင့်ပြီး ပြစ်ပေါက်သလို ဖြစ်လာပါတယ်။ ပထမ စ’ဖြစ်တဲ့ ရက်က သိပ်မဆိုးသေးပါဘူး၊ ဒါနဲ့ထုံးစံအတိုင်း ဘာသာရေးအရ အမျှအတန်း ပေးဝေတာတွေလုပ်ကြပါတယ်။ အဲဒီနောက်တော့ ပိုကြမ်းလာပါတယ်။

ညဖက်မှာ စောင့်အိပ်ရတဲ့ အစောင့်လည်း ညဖက်ကြီး အခန်းထဲကနေ ထွက်ပြေးရတဲ့အထိ ဖြစ်လာပါတယ်။ ဒါနဲ့ သတင်းကို ဖုံးဖုံးဖိဖိ လုပ်ကြပါတယ်။ ဆိုင်ကို ခဏပိတ်ပြီး ထားလိုက်ပါတယ်။ အခန်းထဲမှာ နေ့ရော ညပါ တဝုန်းဝုန်း ဖြစ်သံတွေကို အရှေ့က ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတဲ့လူတောင် ကြားရတဲ့အထိ ဖြစ်လာတော့ သတင်းက ထိန်းထားလို့မရတော့ပါဘူး၊ ဒါနဲ့ တမြို့လုံး ပွဲကြည့်သလို လာကြည့်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နောက် နှစ်လလောက် အကြာမှာပြဿနာ ပြေလည်သွားတယ်လို့ သိရပါတယ်။ ဘယ်လို ပြေလည်သွားသလဲလို့ မေးကြည့်တော့ တစ်ယောက် တမျိုးစီ ပြောကြပါတယ်။

အများစု ပြောသံကတော့ အခန်းကို ပြန်ပြီး သန့်ရှင်းရေးလုပ်တော့ ဖယောင်းတိုင် အတိုအစတွေ အများကြီး တွေ့ရတယ်လို့ ပြောပါတယ်။ အဲဒီ ဖယောင်းတိုင်တွေရဲ့ အပေါ်မှာ အင်းကွက် ပုံစံ ရေးခြစ်ထားတယ်လို့ ပြောကြပါတယ်။

တချို့ပြောပုံကတော့ အဲဒီ တီဗွီအရောင်းဆိုင်ကို အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားအချို့က ပြန်ဝယ်ချင်တာကို ကြည်ကြည်ဖြူဖြူ ပြန်မရောင်းတာကြောင့် အောက်လမ်းဆရာတချို့နဲ့ ပေါင်းပြီး အဲဒီလို ပုဏ္ဍက တိုက်အောင် စီရင်တာ ဖြစ်နိုင်ကြောင်း ပြောကြတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီဆိုင်ရဲ့ အခြေအနေဆိုးကို ပြေလည်အောင် ဖြေရှင်းပေးသူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ယနေ့အထိ မသိသေးပါ။

အဲဒါကတော့ မြေနီကုန်း ပုဏ္ဏက ဇာတ်လမ်းပါ။

နောက်တစ်ယောက်ကတော့ သာကေတကပါပဲ။ ကိုကျော်ကြီး ဆိုပါတော့။ သူက လူသတ်မှုလား၊ လူရိုက်မှုလား မမှတ်မိတော့ပါဘူး။ ထောင်ကျဖူးပါတယ်။ အဲဒီမှာတင် ထောင်ထဲမှာ လူစုံနဲ့တွေ့ပြီး ထောင်ကျဆရာတစ်ယောက်က သူ့ကျောပေါ်မှာ ဘီလူးရုပ်ကြီးတစ်ခု ထိုးပေးလိုက်ပါတယ်။ ကြောက်စရာကောင်းတဲ့ ဘီလူးရုပ်ပါ။ အရက်တော့ တစ်သက်လုံး မသောက်ပါဘူးလို့ သစ္စာဆိုခဲ့ရသတဲ့ဗျ။ တခါတော့ သာကေတတံတားဟောင်းနားမှာ သူငယ်ချင်းတွေနဲ့ ထိုင်စကားပြောနေတုန်း တံတားပေါ်က အမူးသမား ၄ ယောက်ဆဲဆိုသွားတဲ့ အသံလည်းကြားရော ကိုကျော်ကြီးဟာ မျက်လုံးကြီးနီလာပြီး တောက်တစ်ချက်ခေါက်လို့ ရုတ်တရက် ခုန်ထလိုက်တာ သူ့သူငယ်ချင်းတွေပါ လန့်သွားပါတယ်။ ခုန်လိုက်တာ ၅ ပေလောက် မြင့်သွားတယ် ဆိုတာကိုးခင်ဗျ။ ပြီးတော့ အမူးသမား ၄ ယောက်ကို နောက်ကနေလိုက်ပြီး တီးထည့်လိုက်တာ အကုန်စုတ်ပြတ်ပြီး မှောက်ကုန်ရော။ လက်လွန်ကုန်မှာစိုးလို့ ဝင်ဆွဲတဲ့သူတွေလည်း အလဲအကွဲပဲတဲ့။ ပုဏ္ဏက ဝင်တယ်ပြောတာပဲ။ အေးပေါ့လေ…. အဲဒါကြောင့်လည်း အရက်မသောက်ခိုင်းတာ နေမှာပေါ့။ ဘီလူးစိတ်ပေါက်ရတဲ့ထဲ အရက်ပါမူးရင် ပြီးကုန်ကြမှာပေါ့ဗျာ။

အရမ်းကြီးတော့ မသိချင်နဲ့ဗျာ။ ကျနော်လည်း အဲဒီတုန်းက ငချွတ်ပဲ ရှိသေးတာ။

အဟမ်း…. ပြောချင်တာက ရောက်တော့ရောက်ပြီ။ ဒါပေမဲ့ စာရေးတာလည်း တစ်ခါဖတ်စာလေးတွေပဲ ကောင်းပါတယ်။ သိပ်များရင် ဖတ်ရတဲ့သူလည်း ပျင်းမယ်။
ကဲ…. နောက်မှ ဆက်ကြသေးတာပေါ့….



ရည်ညွှန်း။


(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...